လူသတ်မှု၊ လုယက်မှု
Vol. 19 Ch. 261
ကောင်းကင်မြစ်ပြည်နယ်နှင့် ကျောက်နဂါးပြည်နယ်စပ်ရှိ ကုန်းပြင်မြင့်၏အပေါ်ဘက်တွင် သက်တံရောင်တိမ်တိုက်များ မျောလွင့်ကာဖြင့် ရှိနေသည်။
အဖြူရောင်အလင်းများ ထွက်ပေါ်နေသည့် ဟင်းလင်းပြင်တံခါးပေါက်တစ်ခုသည် တဖြည်းဖြည်းချင်း မှေးမှိန်လာကာ အချိန်မရွေး ပြိုလဲကျတော့မတတ်ပင် ဖြစ်သည်။
ဒုစရိုက်ခုနစ်ပါးခန်းမ၏ ခေါင်းဆောင်ဖြစ်သူ ရှုထုံနှင့် လက်ထောက်ခေါင်းဆောင် ရှုယုံနန်တို့သည် လက်နောက်ပစ်ကာဖြင့် ရပ်နေကြသည်။
သူတို့၏နောက်တွင် ခန်းမ၏ အစွမ်းအထက်ဆုံးသော ဂိုဏ်းသား ၂၀ ရှိနေသည်။
ဒုစရိုက်ခုနစ်ပါးခန်းမသည် တာရင်ကုန်းပြင်မြင့်၏ အလယ်အလတ်အဆင့်ရှိ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ရှုထုံသည် အစွမ်းထက် ဂိုဏ်းသားများကို ဦးဆောင်ကာဖြင့် လွန်ခဲ့သည့် နှစ်ရက်ခန့်တွင် ထူးဆန်းသည့် သဘာဝဖြစ်စဉ်များ မြင်တွေ့ရသည်ဟု တင်ပြလာသည်ကြောင့် ရောက်ရှိနေခြင်းဖြစ်သည်။
ထိုသဘာဝဖြစ်ရပ်များသည် ကုန်းမြေကြီးတစ်ခုလုံးကိုပင် လှုပ်ခါသွားစေနိုင်သော ထူးဆန်းသည့် ရတနာများ ထွက်ပေါ်လာခြင်းကို ညွှန်ပြနေလေသည်။ အကယ်၍ ဒုစရိုက်ခုနစ်ပါးခန်းမသည် ထိုထူးဆန်းရတနာများအား အပိုင်သိမ်းနိုင်မည်ဆိုလျှင် ဤဒေသ၏ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာနိုင်ပေလိမ့်မည်။
သို့သော်လည်း တံခါးပေါက်အား ဖြတ်ကျော်နိုင်စွမ်းမရှိသဖြင့် ရတနာများ ရရှိလာမည့် သူများကိုသာ ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ကြိုနေကြခြင်းဖြစ်သည်။
ထိုအချိန်မှာပင် ဟင်းလင်းပြင်တံခါးပေါက်သည် အလင်းရောင်တောက်ပလာပြီး ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနင့် အဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။
ထိုအဖိုးအိုသည် ဒုစရိုက်ခုနစ်ပါးခန်းမအဖွဲ့အား စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် မည်သည့်စကားမျှ မဆိုဘဲ အဝေးသို့ ပျံသန်းသွားလေသည်။ နှစ်ပေါင်းသောင်းနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သူ ဖြစ်သည့်အတွက် ဤလူငယ်များနှင့် စကားပြောဆိုလိုစိတ်မရှိချေ။
“အစ်ကိုကြီးရေ.. အဲဒီမှာ ကျင့်ကြံခြင်းအခြေခံကို အာရုံခံလို့မရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနေတုန်းပဲ။ ကြည့်ရတာကတော့ အဲဒီ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတိုင်းက ရင်ဆိုင်ဖို့မလွယ်ဘူးနဲ့တူတယ်။” ရှုယုံနန်သည် နဖူးထက်ရှိ ချွေးအေးများကို သုတ်ဖယ်လိုက်ပြီးနောက် စိတ်ပူပန်စွာဖြင့် ပြောလေသည်။
ရှုယုံနန်နှင့် ရှုထုံတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းကနဦးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးမှာ ကိုးပြည်ထောင်နိုင်ငံတော်တွင် အတော်လေး အစွမ်းထက်ကြသူများဖြစ်သည်ဟု ယူဆနိုင်သော်လည်း ဟင်းလင်းပြင်တံခါးပေါက်၏ အပြင်ဘက်တွင် စောင့်မျှော်နေသည့် တစ်လျှောက်လုံးတွင် မှန်းဆလို့မရနိုင်သည့် ကျင့်ကြံခြင်းအခြေခံများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအစွမ်းထက်ပုဂ္ဂိုလ်ကြီးများသည် အလွန်အမင်း မောက်မာကြပြီး သူတို့အား တစ်စက္ကန့်ပင်ပြည့်အောင် မကြည့်ဘဲနှင့် ထွက်ခွာသွားကြလေသည်။
ထိုလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသူတိုင်းမှာ အလွန်အမင်း အစွမ်းထက်သူများ ဖြစ်ကြသည့်အတွက် သွားမရှုပ်သင့်ဟု ခံစားနေမိသည်။
ရှုထုံသည်လည်း အနည်းငယ် ရှုပ်ထွေးနေမိသည်။ သို့သော်လည်း ခေတ္တမျှ ကြာပြီးသည့်နောက်တွင် သူ၏မျက်နှာပေါ်၌ ဆုံးဖြတ်ချက်တစ်ခု ထင်ဟပ်လာသည်။ “ဒီနေရာမှာ မတ်တတ်ရပ်ပြီး ရှုခင်းကြည့်တာ ဘာမှားနေလို့လဲကွာ။ ဒီနေရာက ငါတို့ ဒုစရိုက်ခုနစ်ပါးခန်းမနဲ့ သက်ဆိုင်တယ်လေ။ ငါတို့ပိုင်တဲ့မြေကို ငါတို့လှည့်ပတ်ကြည့်တာ ဘယ်ကောင်က လာတားနိုင်မှာလဲ။ ငါတို့ထက် အားနည်းတဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ရမယ်ဆိုရင် သတ်ဖြတ်ပစ်လိုက်မယ်။ ငါတို့ထက် အင်အားကြီးတဲ့သူတွေ ဆိုရင်တော့ ရှုခင်းကြည့်ဟန်ဆောင်ကြမယ်။”
ရှုထံသည် သူ၏စိတ်ကို ပြင်ဆင်ထားပြီး ဆိုသည့်အကြောင်း ရှုယုံနန် သိသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ရန်မှတပါး အခြားမရှိတော့ချေ။
ဘုန်း
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် ဟင်းလင်းပြင်တံခါးပေါက်မှ အနက်ရောင်အုတ်ခဲတစ်လုံး ပျံသန်းထွက်ပေါ်လာသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မျောက်တစ်ကောင်၊ ခွေးတစ်ကောင်တို့နှင့်အတူ ထိုအုတ်ခဲပေါ်တွင် မတ်တတ်ရပ်ကာဖြင့် ရှိနေကြသည်။
သူတို့ထွက်ခွာလာပြီး မကြာမီတွင် ဟင်းလင်းပြင်တံခါးပေါက်သည် ပြိုကျသွားပြီးနောက် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ဒါက နောက်ဆုံးအဖွဲ့ပဲ။” ရှုယုံနန်နှင့် ရှုထုံတို့နှစ်ဦးစလုံး သတိအနေအထားဖြင့် ရှိလိုက်ကြသည်။
“စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်၊ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့် ခွေးတစ်ကောင်၊ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့် မျောက်တစ်ကောင်တဲ့လား။ သောက်ရမ်း အားနည်းလွန်းတယ်။” ရှုယုံနန် ကနဦး တွေးထင်ခဲ့သည်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် အနည်းဆုံး ပါရှိမည်ဟူ၍ပင်။ ရှုယုံနန်မှာ ထိုအဖွဲ့အားကြည့်ကာ တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာလေသည်။
ရှုထုံ၏မျက်နှာတွင် ရက်စက်သည့်အပြုံးတစ်ခု ပေါ်လာသည်။ “ကြည့်ရတာတော့ နတ်ဘုရားတွေက ဒုစရိုက်ခုနစ်ပါးခန်းမကို ကြည့်မနေနိုင်တော့ဘူးနဲ့ ထင်ပါတယ်။ အားလုံးပဲ ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်ကို အသက်သွင်းကြမယ်။ ဒီနေရာမှာပဲ သတ်ပစ်လိုက်ကြတာပေါ့။”
အန်လင်းတို့မှာ ဟင်းလင်းပြင်တံခါးပေါက်မှ ထွက်ပေါ်လာစည်မှာပင် နေရောင်ခြည်အား ထိတွေ့ခွင့်ပင် မရရှိလိုက်ဘဲနှင့် ရုတ်တရက်ဆိုသလို ကြီးမားလှသည့် မန္တန်အစီအရင်တစ်ခုအတွင်းသို့ ကျရောက်သွားရလေသည်။
အစီအရင်အတွင်း၌ လေထဲတွင် ပျံဝဲနေသည့် ဓားပျံများစွာ၊ ကောင်းကင်နှင့်မြေပြင်အား ရစ်ပတ်နေသည့် နွယ်ပင်များ၊ လေထဲတွင် တွဲလျားကျနေသည့် ရေခဲဆူးချွန်များနှင့် ဟိန်းအော်နေသည့် မီးနဂါးတို့ ထွက်ပေါ်လာလေသည်။ ထို့အပြင် သဲနှင့်ကျောက်တုံးများ လွင့်ပျံလျက်ရှိပြီး ဓားသွားများသည်လည်း ကောင်းကင်မှပစ်ခတ်နေသည့် လျှပ်စီးကြောင်းများသဖွယ် ရှိနေသည်။
အနက်ရောင်ခြုံထည်များနှင့် ကျင့်ကြံသူများ ဝင်္ကပါအတွင်း၌ ပေါ်လာကြသည်။
ရှုထုံသည် သူ၏လက်နှစ်ဖက်ကို ယှက်သန်းကာဖြင့် ဦးညွှတ်လိုက်ပြီး အူလှိုက်သည်းလှိုက် ရယ်မောလေသည်။ “နှုတ်ဆက်ပါတယ်နော်။ ငါကတော့ ဒုစရိုက်ခုနစ်ပါးခန်းမရဲ့ ခေါင်းဆောင် ရှုထုံပါ။ ငါက မင်းတို့အားလုံး လျှို့ဝှက်နယ်မြေကနေ ရတနာတွေ ရရှိလာကြတာကို ဂုဏ်ပြုလိုတဲ့အတွက် ဒီနေရာကို ရောက်ရှိနေရတာပါ။ အခုတော့ ရတနာတွေ လွှဲပြောင်းပေးနိုင်မလားလို့ မေးပါရစေ။”
အန်လင်းနှုတ်ခမ်းများ မဲ့သွားသည်။ ဖာ့ခ် ဒီကောင်တွေက ဟင်းလင်းပြင်တံခါးပေါက်အပြင်မှာ ဓားပြတိုက်ဖို့ စောင့်နေကြတာပဲ။
အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။ “မပေးဘူး ဆိုရင်ရော”
ရှုယုံနန် အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။ “အဲဒါဆိုရင်လည်း မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိဘဲ သေဆုံးခွင့်ပေးရမှာပေါ့။ အဲလိုမဟုတ်ရင်တော့ ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်က မင်းတို့ကို သေဆုံးတဲ့အထိ ညှင်းပမ်းလိမ့်မယ်။”
“အိုး.. လူသတ်ပြီး လုယက်မယ်ပေါ့။”
အန်လင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ရှည်လျားစွာ ကျင့်ကြံပြီးသည့်နောက်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ခွင့်ရခဲ့လေပြီ။
ထိုအခိုက်အတံ့တွင် တပိုင်သည်လည်း စကားပြောလာသည်။ “အစ်ကိုကြီးအန်ရေ.. ဒုစရိုက်ခုနစ်ပါးခန်းမ ဆိုတာ ကျောက်နဂါးပြည်နယ်မှာရှိတဲ့ အလယ်အလတ်ဂိုဏ်းတစ်ခုပဲ။ မဟာနတ်ဆိုးဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုပေါ့။ အဲဒီကောင်တွေက အမြဲတမ်း လူသတ်မှုတွေ လုယက်မှုတွေ ကျူးလွန်ကြတဲ့။ သူတို့က အရမ်းကို လျှို့လျှို့ဝှက်ဝှက် လုပ်ကြလို့ ဘယ်လိုမှ ဖမ်းမရဘူး။”
တပိုင်၏ ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ကျောက်နဂါးပြည်နယ်တွင် တည်ရှိခြင်းဖြစ်သည်ကြောင့် ပြည်နယ်အတွင်းရှိ ဂိုဏ်းများနှင့် ပတ်သက်၍ အတော်လေး သိရှိနေခြင်းဖြစ်သည်။
“ဟဟ ဒီခွေးက ဗဟုသုတ နည်းနည်းပါးပါး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒါပေမဲ့လည်း မင်းအဲဒါတွေ သိနေတော့ကော ဘာဖြစ်လဲ။ အခု ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်ထဲ ရောက်နေပြီလေ။ အညံ့ခံလိုက်စမ်း။ မြန်မြန်ဆန်ဆန် သေဆုံးခွင့်ပေးမယ်။” ရှုထုံသည် ကြွစောင်းစောင်းဟန်ဖြင့် ပြောသည်။
ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်မှာ အလွန်အ်င်း အစွမ်းထက်လှသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကိုပါ သတ်ဖြတ်နိုင်စွမ်းရှိသည်။ သူတို့ထံတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးမျှပင် မရှိလေရာ ရှင်သန်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
စုရှောင်လန်၏မျက်နှာတွင် တမ်းတလွမ်းမောမှုများ ပေါ်လာကာ မန္တန်အစီအရင်အား လှည့်ပတ်ကြည့်လိုက်သည်။ “ဒီမြင်ကွင်းက ရှန့်ယင် ချုံခိုက်တိုက်ခိုက်ခံရတုန်းကနဲ့ အရမ်းတူတာပဲ။ ငါ့ရဲ့ ကိုယ်ရံတော်တပ်မှူးလေးကလည်း ဒီနေရာမှာ တောက်တောက်ပပ ထွက်ပေါ်လာမယ်ထင်တယ်။”
စုရှောင်လန်၏စကားများကြောင့် အန်လင်းနှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာလေသည်။ ရှေ့သို့ ခြေလှမ်းလိုက်ပြီးနောက် “စိုးရိမ်မနေနဲ့ ရှောင်လန်။ နင်တိုက်ခိုက်ဖို့ မလိုဘူး။ ငါတို့ရဲ့ ရန်သူတွေအားလုံးကို သုတ်သင်ပစ်ပေးမယ်။”
စုရှောင်လန်သည် သူမ၏အရှေ့တွင်ရှိနေသည့် အမျိုးသားလေးအား ကြည့်ကာ နှလုံးသားထဲ၌ နွေးထွေးမှုတို့ ခံစားလာရသည်။
သူမ၏ ကိုယ်ရံတော်တပ်မှူးလေးသည် တောက်ပသည့် သံချပ်ကာများ ဝတ်ဆင်ထားခြင်းမရှိဘဲနှင့် ထွက်ပေါ်လာလေပြီ။
“ဒုစရိုက်ခုနစ်ပါးခန်းမက မိစ္ဆာဂိုဏ်းတစ်ခုပဲ။ နောက်ဆုတ်ဖို့မလိုဘူး။”
“သူတို့တွေက လူသတ်လုယက်တာမျိုးကို အမြဲတမ်း ကျူးလွန်ကြတယ်။ အဲဒီတော့ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲမှာ အတော်လေး စုဆောင်းမိမှာ အမှန်ပဲ။ မင်းတို့ တိုက်ခိုက်ရရှိတဲ့ သိုလှောင်လက်စွပ်တွေကို အပိုင်ယူလို့ရတယ်။ ငါကန့်ကွက်မှာ မဟုတ်ဘူး။” အန်လင်းသည် နှုတ်ခမ်းသပ်လိုက်ပြီး အကြည့်များ စူးရှနေလေသည်။
ရှောင်ချိုးနှင့် တပိုင်တို့သည် ဒုစရိုက်ခုနစ်ပါးခန်းမမှ ကျင့်ကြံသူများကို ကြည့်လိုက်ကြပြီး သူတို့၏အရှေ့တွင် အရသာရှိသည့် စားသောက်ပွဲကြီး တည်ခင်းထားသလိုပင်။
သောက်ကျိုးနည်း ကံတရားကြောင့် သူတို့သည် ဆောင်းနဂါးသင်္ချိုင်းတွင် မည်သည့်ရတနာမှ မရရှိခဲ့ကြချေ။ ထို့ကြောင့် ဤအခိုက်အတံ့အား လက်မလွှတ်နိုင်ပေ။
နတ်ဘုရားများသည် သူတို့အား သနားဂရုဏာဖြစ်မိသည်ကြောင့် ဤရာဇဝတ်ကောင် ကျင့်ကြံသူတစ်အုပ်အား သူတို့ရှေ့သို့ ပေးပို့လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
“ဟီးဟီးဟီး”
သူတို့သုံးဦးသည် စဉ်းလဲစွာ ရယ်မောလိုက်ကြသည်။
စုရှောင်လန်မှာ သူမ၏မျက်ခုံးများအား ပွတ်ကာဖြင့် ရင်ဘတ်ထဲ၌ တင်းကြပ်လာလေသည်။
သူမ၏ အောင်ပွဲခံမှုမှာ အလွန်စောသွားပုံပင်။ အန်လင်းသည် သူမ၏ စိတ်ကူးထဲရှိ တလက်လက်တောက်ပနေသော သံချပ်ကာဝတ် ကိုယ်ရံတော်တပ်မှူးလေးနှင့် မကိုက်ညီချေ။
ရှုယုံနန်သည် အန်လင်းတို့အား ကြည့်လိုက်ပြီးနောက် ကျောရိုးတစ်လျှောက် အေးစက်မှုများ စီးဆင်းလာလေသည်။ “အစ်ကိုကြီးရေ.. ကျွန်တော်က မုဆိုးကနေ သားကောင်ဖြစ်သွားတယ်လို့ ဘာလို့များ ခံစားနေမိတာလဲ။”
ရှုထုံမှာလည်း သူတို့သုံးဦး၏ စက်ဆုပ်ဖွယ်ရာ အမူအရာများကြောင့် နှလုံးသားလေး တသိမ့်သိမ့်တုန်လာလေသည်။ သို့သော်လည်း ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်အား အသက်သွင်းထားဆဲဖြစ်ကာ သူ၏မျက်လုံးထဲတွင် ရက်စက်မှုအပြည့်နှင့်ဖြစ်သည်။ “စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အမှိုက်တစ်ထွေးက ဘာတွေများ လုပ်နိုင်မှာတုန်းကွာ။ သူတို့က လွတ်မြောက်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြတာပြရှိတာ။ ငါတို့ရဲ့ မန္တန်အစီအရင်ကိုသုံးပြီး သူတို့ကို ကြိတ်ချေပစ်မယ်။”
ရှုထုံ၏ အကြင်နာကင်းမဲ့သည် အော်ဟစ်သံနောက်တွင် ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်သည်လည်း လှုပ်ရှားလာလေပြီ။
ပြင်းထန်သည့်စွမ်းအင်များ ထွက်ပေါ်လာကာ အန်လင်းတို့အား ကြီးမားသည့်စွမ်းအားဖြင့် ဖိနှိပ်လိုက်လေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာတွင် အန်လင်း၏မျက်လုံးများသည် နှင်းကဲ့သို့ဖြူလာပြီး သူ၏ လောကထွင်းအပ်အား လေထုတစ်နေရာသို့ တောက်ထုတ်လိုက်သည်။
အန်လင်းသည် သူ၏စွမ်းအင်လှိုင်းကိုသာ အသုံးပြုမည်ဆိုပါက မန္တန်အစီအရင် ပျက်ဆီးသွားခြင်း မရှိခင်မှာပင် သူတို့အားလုံး တိုက်ခိုက်ခံလိုက်ရပေလိမ့်မည်။ သို့သော်လည်း လောကထွင်းအပ်မှာ အင်မော်တယ်လက်နက်တစ်ခုဖြစ်ပြီး ဖျက်ဆီး၍မရနိုင်ပေ။ ထို့ကြောင့် ပြဿနာမရှိချေ။ လောကထွင်းအပ်သည် ရဲရဲတောက်နေသည့် အလင်းတန်းအသွင်ဖြင့် လေထုအား ဖြတ်သန်းသွားလေသည်။ လေဓားသွားမုန်တိုင်းအား ထိုးဖြတ်ကျော်ပြီး မီးနဂါးခန္ဓာကိုယ်အား ထိုးဖောက်ကာ လေထုတစ်နေရာအား ထိုးစိုက်လိုက်သည်။
ရှုယုံနန်နှင့် ရှုထုံတို့၏ တုန်လှုပ်နေသည့် အကြည့်များအောက်တွင် ဒုစရိုက်ခုနစ်ပါးမန္တန်အစီအရင်သည် ဆူနာမီဒဏ်ခံလိုက်ရသည့် သဲနန်းတော်သဖွယ် ပြိုလဲသွားလေသည်။
“သွားကြစို့”
အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် ဆာလောင်နေသည့် ဝံပုလွေများသဖွယ် ဒုစရိုက်ခုနစ်ပါးနန်းတော်မှ ကျင့်ကြံသူများအား ဖမ်းဆီးကာ သူတို့အားလုံး၏ စိတ်ထဲတွင် မည်သည့်အခါတွင်မျှ မေ့ဖျောက်မရနိုင်တော့မည့် အိပ်မက်ဆိုးများအား ပေးလေတော့သည်။
***