အခန်း (၅၆)
Vol. 6 Ch. 56
အခန်း ၅၆
“ဟူး... အသက်ရှင်နေသေးတာပဲ ဟဟား!”
ဂျယ်ဂန်း သက်ပြင်းချလိုက်သည်။
သူ တကယ်ကို ပင်ပန်းနွမ်းနယ်ပြီး သေလုနီးပါး ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ဆုဂန်းဝိုရဲ့ မတ်ခွက်နဲ့ ရေနွေးသောက်လိုက်ပြီးမှပဲ အင်အားတွေ ပြန်ပြည့်လာသလို ခံစားရတော့သည်။
“အခုဆို ‘အသက်ရှူသံ’ က အခန်း ၁၅၀ ရှိသွားပြီ။ ခဏလောက် နားပြီးရင် အခန်း ၁၇၅ အထိ ရောက်အောင် နောက်ထပ် ၂၅ ခန်းလောက် ထပ်ရေးရမယ်။”
ဂျယ်ဂန်း အိပ်ရာပေါ်တွင် လှဲချလိုက်ရာ ရီခါက သူ့အပေါ်သို့ ခုန်တက်လာပြီး မျက်နှာကိုလျှာဖြင့် လာယက်လိုက်သည်။
“အမှုဆောင်ဆီ ဖုန်းဆက်ပြီး တစ်နေ့ကို ၅ ခန်းနှုန်း တင်မယ်လို့ ပြောရမယ်။”
သူ ရီခါကို အသာအယာ ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ သူ့အတွက် ဒီအရာတွေက အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ပြင်ဆင်ထားတာတွေကုန်သွားတောင် ဆုဂန်းဝိုရဲ့ မှတ်စုစာအုပ်ကြောင့် သူ့ စာရေးနှုန်းက အလွန်မြန်နေဆဲဖြစ်ပြီး တစ်နေ့ကို ၅ ခန်း တင်ရန်လည်း အခက်အခဲ မရှိပေ။
“အခန်း ၄၀၀ လောက်မှာ ဇာတ်သိမ်းလိုက်မယ်။ စာအုပ်နဲ့ဆိုရင် ၁၅ အုပ်စာလောက်ပေါ့။ အဲဒါဆို အဆင်ပြေတယ် မဟုတ်လား? အမှုဆောင်လည်း သဘောကျမှာပါ။”
တီ... တီ!
“အာ... အမှုဆောင်လား?”
ဂျယ်ဂန်း ဖုန်းကို ယူကြည့်လိုက်ရာ မက်ဆေ့ခ်ျတစ်ခု ဝင်နေ၏။ သို့သော် တဲဝမ်ဆီက မဟုတ်ဘဲ ကန်မင်းဟို ဆိုသည့် နာမည်က စခရင်ပေါ်တွင် ပေါ်လာသည်။
“ကန်မင်းဟို? ဪ... စာရေးဆရာကန်!”
စာရေးဆရာများ တွေ့ဆုံပွဲမှာ သူနဲ့ ဘေးချင်းကပ် ထိုင်ခဲ့ဖူးတဲ့ စာရေးဆရာကို ပြန်သတိရလိုက်သည်။ သူ့ကို မနှိမ့်ချပဲ ကောင်းကောင်းမွန်မွန်နဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့သူတစ်ဦးကို ပထမဆုံး မြင်ယောင်မိ၏။
“ဘာကိစ္စပါလိမ့်?”
ထိုပွဲတုန်းက မင်းဟို အပါအဝင် အခြားစာရေးဆရာအချို့နှင့် ဖုန်းနံပါတ်ချင်း လဲခဲ့ကြသော်လည်း ယခုတိုင် အဆက်အသွယ် မရှိခဲ့ကြပါ။ ဂျယ်ဂန်း စူးစမ်းလိုစိတ်ဖြင့် မက်ဆေ့ခ်ျကို ဖွင့်ဖတ်လိုက်သည်။
- မင်္ဂလာပါ စာရေးဆရာဟာ၊ ကျွန်တော် ကန်မင်းဟိုပါ။ ဆရာ့ရဲ့ဝတ္ထုအသစ် ‘အသက်ရှူသံ’ က နံပါတ် ၁ ရတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို စွဲစွဲလန်းလန်း ဖတ်နေမိပါတယ်။ ဆရာ့ရဲ့ ရေးသားပုံတွေကနေ ကျွန်တော် အများကြီး လေ့လာနေရပါတယ်။ ဒီထက်မက ပိုကောင်းတဲ့ စာတွေ ဆက်ရေးနိုင်ပါစေဗျာ။
မက်ဆေ့ခ်ျလေးက မင်းဟို၏ စရိုက်အတိုင်း တကယ့်ကို ယဉ်ကျေးလှသည်။ ဂျယ်ဂန်းက ပြုံးလျက် ပြန်စာပို့လိုက်၏။
- ဟုတ်ကဲ့ စာရေးဆရာကန်၊ ဆက်သွယ်ပေးတာ ကျေးဇူးတင်ပါတယ်။ ခင်ဗျား သဘောကျတယ်ဆိုလို့ ဝမ်းသာရပါတယ်။ နေကောင်းတယ် မဟုတ်လား?
စာရေးခြင်းအကြောင်းကို တိုက်ရိုက်မမေးဘဲ သာမန်နှုတ်ဆက်စကားသာ သူ မေးလိုက်သည်။ စာရေးဆရာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်း မတူကြပေ။ အခြားတစ်ဘက်မှလူက အကြောင်းအရာတစ်ခုခုကြောင့် စာရေးရခက်ခဲနေသည်မျိုး ဖြစ်နိုင်သည် မဟုတ်ပါလား။
မင်းဟိုဆီမှ ချက်ချင်း ပြန်စာဝင်လာသည်။
- ကျွန်တော် အဆင်ပြေပါတယ်။ အခြား စာရေးဆရာ သူငယ်ချင်းအချို့နဲ့ အတူတူ စာရေးဖို့ ရုံးခန်းလေးတစ်ခု ဖွင့်ထားတယ်။ အခု ဖန်တစီဝတ္ထုတစ်ပုဒ် ရေးနေတာ၊ ဒါပေမဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ လူကြိုက်များတဲ့ ဝတ္ထုတွေရဲ့ရေစီးကြောင်းအတိုင်း လိုက်ရေးဖို့ ကြိုးစားနေမိတာကြောင့်လား မသိဘူး၊ အဲဒီမှာတင် တစ်ဝက်လောက်နဲ့ ရပ်နေတာ ခြောက်လလောက် ရှိပြီ။
မင်းဟို၏ စိတ်မကောင်းဖြစ်နေမည့် မျက်နှာကို သူ မြင်ယောင်မိသည်။ စာရေးရတာ အဆင်မပြေသည့်အခါ မည်မျှ စိတ်ညစ်ရသည်ကို ဂျယ်ဂန်း ကြုံဖူးခဲ့သော အတွေ့အကြုံများကြောင့် ကောင်းကောင်းသိနေသည်။ မင်းဟိုသည်လည်း နေ့တိုင်း စိတ်ဖိစီးမှုတွေ ခံစားနေရပေလိမ့်မည်မဟုတ်လား။
ဂျယ်ဂန်း တစ်ခုခု ကူညီပေးချင်စိတ် ပေါ်လာသည်။
- ဒါဆိုရင် အဲဒီဇာတ်လမ်းကို ကျွန်တော့်ဆီ အီးမေးလ်နဲ့ ပို့ပေးနိုင်မလား?
- ဗျာ? တကယ်လား? စာရေးဆရာ,ဟာ လည်း အလုပ်ရှုပ်နေမှာ မဟုတ်လား။ ဆရာစီစစ်ပေးမယ်ဆိုရင် ဒါကကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။
- ရပါတယ်။ ကျွန်တော် မြန်မြန်ပဲ ပြန်ဖတ်ပေးပါ့မယ်။
- ဟုတ်ကဲ့ပါ ဆရာ။ ကောင်းမွန်တဲ့ အကြံပြုချက်တွေ ပေးမယ်လို့ မျှော်လင့်နေပါတယ်ဗျာ။
ဂျယ်ဂန်းသည် ခေါက်ဆွဲပြုတ်ရန် အပြင်သို့ ထွက်လာခဲ့သည်။ ဘာမှမစားရသေးသဖြင့် သူ တကယ်ကို ဗိုက်ဆာနေပြီဖြစ်သည်။ ခေါက်ဆွဲပြုတ်ပြီး စားရန်ပြင်လိုက်စဉ်မှာပင် မင်းဟိုဆီမှ မက်ဆေ့ခ်ျ ထပ်ဝင်လာ၏။
- ပို့လိုက်ပါပြီခင်ဗျာ။ စောင့်နေပါ့မယ်။ ကျေးဇူးပါ။
ဂျယ်ဂန်း သူ၏ ဖုန်းကို ယူလိုက်သည်။
မင်းဟိုရဲ့ ဖန်တစီမူကြမ်းက အီးမေး၏ ပထမစာမျက်နှာမှာတင် ပေါ်နေပါတယ်။
‘ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသော ဘုရင်’
“ဟင်း... ခေါင်းစဉ်ကတော့...”
ဂျယ်ဂန်း ဖိုင်ကို ကလစ်နှိပ်လိုက်သည်။ စာလုံးရေ ၁၃,၀၀၀ ခန့်ရှိပြီး စာအုပ်တစ်အုပ်စာအတွက် အဆင်ပြေသော ပမာဏပင်။ သူသည် စာကို ပိုပြီးမြန်မြန်ဖတ်နိုင်ရန် ဆုဂန်းဝို၏ မျက်မှန်ကို ယူတပ်လိုက်သည်။
“အင်း... ဒါကလည်း ပေါင်းစပ်ခြင်း အမျိုးအစားပဲလား။”
ဇာတ်ကောင်မှာ သူ၏ ဖန်တစီကမ္ဘာတွင် အလွန်အစွမ်းထက်သော ဘုရင်တစ်ပါးဖြစ်သည်။ သို့သော် သူရဲကောင်းတစ်ယောက်က သူ့ကို ကျိန်စာတိုက်လိုက်ရာမှ သူ၏ကမ္ဘာမှ ထွက်ခွာခဲ့ရပြီး ခေတ်သစ်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
‘ဒါက စာရေးဆရာကန် ရေးခဲ့ဖူးတဲ့ ရှေ့ကစီးရီးတွေနဲ့ အသွားအလာ အတူတူပဲ မဟုတ်လား? အင်း...’
ဂျယ်ဂန်း အမြန်ဖတ်လိုက်သည်။ ဖတ်နေရင်းနှင့်ပင် သူ၏မျက်မှောင်များ စုကြုံလာရ၏။
‘ဒါက တကယ့် ပြဿနာပဲ!’
ဇာတ်အိမ် မှာတော့ ဘာပြဿနာမှ မရှိပေ။ ရိုးရိုးရှင်းရှင်းနှင့် အန္တရာယ်ကင်းသော ဇာတ်လမ်းမျိုးပင်။ ဒါပေမဲ့ ပြဿနာက...
ပျင်းစရာ ကောင်းလွန်းနေခြင်းပင်။
ဖတ်ရင်းနှင့် အိပ်ပျော်သွားနိုင်လောက်အောင် ပျင်းဖို့ကောင်းနေသည်။ မလိုလားအပ်သော အသေးစိတ်ဖော်ပြချက်တွေ များလွန်းနေပြီး ဇာတ်လမ်းက လက်တွေ့မဆန်လှပေ။ စာအုပ်ဆက်ဖတ်ချင်စိတ်ကို လုံးဝမနှိုးဆော်နိုင်ချေ။
တကယ်လို့သာ ဒါက မင်းဟိုရဲ့ လက်ရာမဟုတ်ခဲ့ရင် သူ လွှင့်ပစ်လိုက်တာ ကြာပြီဖြစ်သည်။
“အာ... ခေါက်ဆွဲ...!”
သူ လုံးဝမေ့သွားခဲ့ခြင်း ဖြစ်သည်။ ဂျယ်ဂန်း ခေါက်ဆွဲကို အမြန် စားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ခေါက်ဆွဲကအေးစက်မသွားသေးပါ။
“အင်း... ဒါကို ဘယ်လို ပြင်ပေးရမလဲ။”
သူသည် ကွန်ပျူတာပေါ်တွင် ပြန်စာကို ဂရုတစိုက် ရေးလိုက်သည်။ ရေးနေရင်းနှင့်လည်း စကားလုံးတွေက အရမ်းတိုက်ရိုက်ဆန်နေမလားဟု သူ စိုးရိမ်နေမိ၏။
ချီးကျူးစကားဆိုသည်မှာ လုံးဝမပါသလောက်ပင်။ ၉၀ ရာခိုင်နှုန်းမှာ အားနည်းချက်တွေကို ဝေဖန်ထောက်ပြထားခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သည်များကိုသာ ရေးထားခြင်း ဖြစ်သည်။
ဂျယ်ဂန်းက ဘေးက ရီခါကို လှည့်မေးလိုက်သည်။
“ရီခါ... ဒီအတိုင်း ပို့လိုက်ရင် အဆင်ပြေပါ့မလား။ စာရေးဆရာကန်က စိတ်ဓာတ်ကျပြီး စာဆက်မရေးနိုင်ဘဲ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”
ရီခါကတော့ သူ့ကို ငြိမ်ပြီး ကြည့်နေသည်။
သူ သက်ပြင်းတစ်ချက်ချပြီး စခရင်ရှေ့သို့ ပြန်လှည့်လိုက်သည်။
“ဟုတ်တယ်... တိုက်ရိုက်ပြောပြလိုက်တာကမှ သူ့အတွက် ယဉ်ကျေးရာ ရောက်လိမ့်မယ်။ ဒါက အကောင်းဆုံးနည်းပဲ။”
နောက်တစ်နေ့။
ဂျယ်ဂန်းသည် ရေနွေးဖြင့် ရေချိုးပြီးနောက် ထမင်းအိုး တည်လိုက်သည်။ ဟင်းဘာချက်ရမလဲ စဉ်းစားနေစဉ်မှာပင် မင်းဟိုဆီမှ မက်ဆေ့ခ်ျ ရောက်လာ၏။
- အသေးစိတ် အကြံပေးချက်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်စာရေးဆရာဟာ။ ဆရာ့ရဲ့ ထောက်ပြချက်တွေကို ပြင်ဆင်ဖို့ ကျွန်တော် တစ်ညလုံး မအိပ်ဘဲ ကြိုးစားထားပါတယ်။ အားနာပေမဲ့ နောက်တစ်ခေါက်လောက် ထပ်ဖတ်ပေးလို့ ရမလားဟင်။ ပြီးတော့ အဆင်ပြေမယ်ဆိုရင် တစ်ရက်လောက် နေ့လယ်စာ ကျွေးချင်ပါသေးတယ်ခင်ဗျာ။
ဂျယ်ဂန်း ပြုံးလိုက်မိသည်။ သူကတော့ မင်းဟို စိတ်ဓာတ်ကျသွားမလားလို့ စိုးရိမ်နေခဲ့တာ၊ တကယ်တော့ သူအပိုတွေစိုးရိမ်နေမိတာပဲ။ ကော်ဖီသောက်ရင်း မင်းဟို ပို့ပေးသည့် မူကြမ်းသစ်ကို ဖတ်ကြည့်လိုက်သည်။
သူ တကယ်ကို အံ့သြသွားရ၏။ သူပေးခဲ့သည့် အကြံပြုချက်အားလုံးကို တစ်ညတည်းနှင့် အပီအပြင် ပြင်ဆင်ထားသည့်အပြင် ဇာတ်လမ်းကလည်း သိသိသာသာ ပိုကောင်းလာသောကြောင့် ဖြစ်သည်။
“စာရေးဆရာကန်က အကဲခတ် တော်သားပဲ။ အကြံပေးရုံလေးနဲ့ ဒီလောက်အထိ ပြင်နိုင်ဖို့ဆိုတာ မလွယ်ဘူး။”
ဒီအဆင့်ဖြင့်ဆိုလျှင် ဈေးကွက်ထဲတွင် ရုန်းကန်နိုင်လောက်ပြီဟု သူ ယူဆလိုက်သည်။ အားနည်းချက် အနည်းငယ် ရှိနေသေးသော်လည်း မနေ့ကနှင့်ယှဉ်လျှင်တော့ အများကြီး တိုးတက်လာပြီ ဖြစ်သည်။
သို့သော်... ဂျယ်ဂန်း တစ်ခုကို စိုးရိမ်နေသေးသည်။ ဒါက ပထမစာအုပ်ပဲ ရှိသေးခြင်း ဖြစ်၏။ ဒုတိယစာအုပ်၊ တတိယစာအုပ်တွေမှာ ဘာဆက်ဖြစ်မလဲ သူ မသိနိုင်ချေ။
‘စာရေးဆရာကန်က သူ့ရဲ့ အရင်စီးရီးတုန်းကလည်း တတိယစာအုပ်မှာတင် ဇာတ်လမ်းက ပျက်သွားတာ။’
စာရေးဆရာတွေ တွေ့ဆုံပွဲတုန်းကတော့ သူက ကောင်းပါတယ်လို့ ယဉ်ကျေးပျူငှာစွာ ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ မဟုတ်ခဲ့ပါ။ တတိယစာအုပ်မှာတင် ဇာတ်လမ်းကောင်းလေးက ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
‘သူ့ကို တစ်ယောက်ယောက်က ကူညီလမ်းပြပေးရင် ကောင်းမှာပဲ။’
စဉ်းစားကြည့်ရင်း သူ တစ်ခုခုလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ဂျယ်ဂန်းသည် ဖုန်းကို ထုတ်ကာ တိုက်ရိုက် ခေါ်လိုက်၏။ မက်ဆေ့ခ်ျထက် ဖုန်းပြောခြင်းက ပို၍ အဆင်ပြေမည် မဟုတ်ပါလား။
“ဟယ်လို? စာရေးဆရာဟာလား? ဟုတ်ကဲ့၊ မင်္ဂလာပါဗျာ။”
“ဖုန်းပြောဖို့ အဆင်ပြေရဲ့လား?”
“ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျ။”
“ကျွန်တော် ဖုန်းဆက်လိုက်လို့ အံ့သြသွားလား။ တခြားတော့ မဟုတ်ပါဘူး၊ ခင်ဗျားရဲ့ စာတွေက မနေ့ကထက် အများကြီး ပိုကောင်းလာလို့ပါ။ တကယ်ပြောတာပါ။”
“တကယ်လား? ကျွန်တော်ကိုယ်တိုင်တော့ မသိသာပေမဲ့ စာရေးဆရာက အဲလိုပြောတယ်ဆိုရင်တော့...”
“ကျွန်တော် မဟုတ်တာကို လျှောက်ပြောလေ့မရှိပါဘူး။ ဒါနဲ့ စာရေးဆရာ၊ ဒီဇာတ်လမ်းကို စာချုပ်ချုပ်ပြီးပြီလား?”
“မချုပ်ရသေးပါဘူး။ အခပေးစနစ်နဲ့ပဲ တင်ဖို့ စဉ်းစားထားတယ်။ အခမဲ့ အခန်းအချို့ တင်ပြီးမှ ကုမ္ပဏီတစ်ခုခုက ဆက်သွယ်လာမလား စောင့်ကြည့်ချင်လို့ပါ။”
ဂျယ်ဂန်း သူပြောချင်သည့် အချက်ကို စဉ်းစားလိုက်သည်။ သူသည် ရယ်မောခြင်းစာပေကုမ္ပဏီတွင် ရှိနေသော တစ်ဦးတည်းသော စာရေးဆရာဖြစ်ကြောင်းကို တွေးမိသွား၏။ အဖြေကတော့ ရှင်းပါသည်။
စာရေးဆရာ ကန်မင်းဟိုသည် လမ်းညွှန်မှု လိုအပ်နေသည်။ အယ်ဒီတာ တဲဝမ်တွင်လည်း စာရေးဆရာ လိုအပ်နေသည်။
သူကူညီနေမှတော့ အဆုံးထိ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ မင်းဟိုသည်လည်း ဒီကျေးဇူးကို မေ့လိမ့်မည် မဟုတ်ပေ။ တစ်နေ့နေ့တွင် သူကိုယ်တိုင်လည်း အကူအညီ လိုအပ်လာနိုင်သည် မဟုတ်ပါလား။
“နေ့လယ်စာ ကျွေးမယ်လို့ ပြောထားတယ် မဟုတ်လား။ ဒီနေ့ပဲ လာစားလို့အဆင်ပြေမလား?”
“ဗျာ? ဒီနေ့လား?” မင်းဟို၏ အသံမှာ အံ့သြသွားပုံရသည်။ “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်! ဘယ်မှာ တွေ့ကြမလဲ? ကျွန်တော်ကတော့ ဆရာဟာကြိုက်တဲ့နေရာ ဘယ်နောရာဖြစ်ဖြစ် ရပါတယ်။”
ဂျယ်ဂန်းက ရီခါကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ခင်ဗျားရဲ့ ရုံးခန်းက ဂူရို ဘူတာနားမှာ ဆိုတာ မှတ်မိပါတယ်။ ကျွန်တော့်မှာ ကြောင်လေး တစ်ကောင်ရှိလို့ သူ့ကိုပါ ခေါ်ပြီး ခင်ဗျားတို့ ရုံးခန်းဆီ လာခဲ့ရင် အဆင်ပြေမလား?”
“ဗျာ? ကျွန်တော့်ရုံးခန်းကိုလား? တ... တကယ်လား? အနှောင့်အယှက် မဖြစ်ဘူးဆိုရင်တော့...”
“အနှောင့်အယှက် မဖြစ်ပါဘူး။”
“ဟုတ်ကဲ့၊ ရပါတယ်။ ဒီက စာရေးဆရာတွေ အကုန်လုံးက တိရစ္ဆာန် ချစ်ကြတာချည်းပဲ။ အခုလည်း ကျွန်တော် တစ်ယောက်တည်းပဲ ရှိတာပါ။”
“ဒါဆိုရင် လိပ်စာလေး ပို့ပေးပါ။ ခဏနေရင် ကျွန်တော် ရောက်လာခဲ့ပါ့မယ်။”
“ဟုတ်ကဲ့ စာရေးဆရာ။ ဒါဆိုရင် ခဏနေမှ တွေ့ကြတာပေါ့။”
ဂျယ်ဂန်း ဖုန်းချလိုက်ပြီးနောက် အင်္ကျီလဲလိုက်သည်။ ထို့နောက် ရီခါကို ခေါ်ကာ အိမ်တံခါးဖွင့်ပြီး ထွက်လာခဲ့ပါတော့သည်။