အခန်း (၆၀)
Vol. 6 Ch. 60
အခန်း ၆၀
စာချုပ်ကိစ္စကတော့ ထင်ထားတာထက် ပိုမြန်မြန် ပြီးသွားခဲ့သည်။
စည်းကမ်းသတ်မှတ်ချက်တွေကို ကြိုတင်ညှိနှိုင်းပြီးသားဖြစ်၍ အချောသတ်ထားတဲ့ စာချုပ်ကို စစ်ဆေးပြီး လက်မှတ်ထိုးရုံသာ ကျန်ရှိတော့သည်။ ထို့နောက် ၁၀ မိနစ်အတွင်းမှာပင် ဂျယ်ဂန်းနှင့် ဆိုမီတို့ အလုပ်ကိစ္စများပြီးသွားသဖြင့် ထိုင်ရာမှ ထလိုက်ကြ၏။
“ဒါဆို အားလုံး အဆင်ပြေပြေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။”
“စိတ်ချပါ စာရေးဆရာဟာ။ မူရင်းဝတ္ထုက အရမ်းကောင်းနေတော့ ပုံဆွဲမယ့်သူ ရှာရတာ ဘာမှ အခက်အခဲ မရှိပါဘူး။ ပြစရာတစ်ခုခု ထွက်လာပြီဆိုတာနဲ့ ကျွန်မ ချက်ချင်း ပို့ပေးပါ့မယ်။”
“ဟုတ်ကဲ့၊ ကောင်းတာလေးတစ်ခု ထွက်လာဖို့ မျှော်လင့်ပါတယ်။”
ဂျယ်ဂန်းနှင့် ဆိုမီတို့ Comic KT ကနေ ထွက်လာခဲ့ကြသည်။ လမ်းလျှောက်နေရင်းဖြင့် ဂျယ်ဂန်းက ဖုန်းကို ထုတ်ကြည့်လိုက်၏။
“အခုမှ ၆ နာရီခွဲပဲ ရှိသေးတာပဲ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။”
“အာ... ဟိုလေ...”
ဆိုမီ ဘာပြောရမှန်းမသိဘဲ ပါးစပ်လေး ဟနေမိသည်။ စောစောက သူမဆွဲထားတဲ့ ပုံကို ဂျယ်ဂန်း မြင်သွားတာကြောင့် ရှက်နေပြီး ပြောစရာကိစ္စကို ခဏမေ့သွားခြင်း ဖြစ်၏။
“ဘယ်မှာ စားချင်လဲ? ဆိုးလ်မြို့ထဲက ကြိုက်တဲ့နေရာ ပြောပါ၊ အကုန် အဆင်ပြေပါတယ်။”
“ဟို... စာရေးဆရာဟာ၊ ကျွန်မ တောင်းပန်ပါတယ်။”
ဆိုမီသည် လက်နှစ်ဖက်ကို စုကိုင်ထားရင်း ဂျယ်ဂန်းကို အားနာစွာ ကြည့်လိုက်သည်။ ဂျယ်ဂန်းကတော့ ဘာဖြစ်လို့လဲဆိုသည့် အကြည့်ဖြင့် သူမကိုငုံ့ကြည့်နေ၏။
“တကယ် အားနာပါတယ်၊ ဒါပေမဲ့ ကျွန်မ ရုံးကို ပြန်သွားရမှာမို့လို့။ ဒီနေ့ စာချုပ်ကို ရုံးမှာ သွားအပ်ရမှာမို့လို့ပါ။ စောစောက ပြောမလို့ပဲ၊ ဒါပေမဲ့ မေ့သွားလို့...”
ဂျယ်ဂန်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူမ စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်သည်။
“ဆိုလိုတာက... တကယ်လို့... စာရေးဆရာ အချိန်ရမယ်ဆိုရင် ကျွန်မ ရုံးသွားပြီး ပြန်လာတဲ့အထိ စောင့်ပေးလို့ ရမလားဟင်? ဒါပေမဲ့ အဲဒါကလည်း စာရေးဆရာကို ဒီမှာ စောင့်ခိုင်းသလို ဖြစ်နေတော့ သိပ်မယဉ်ကျေးရာ ရောက်မလားလို့...! ပြီးတော့ ကျွန်မ စာရေးဆရာဟာနဲ့ ချိန်းထားတာကိုလည်း မဖျက်ချင်ဘူး...”
သူမကိုယ်တိုင် ဘာတွေပြောနေမှန်း မသိတော့လောက်အောင် စကားတွေ ထစ်ငေါ့နေမိသည်။ ထိုအချိန်မှာပင် ဓာတ်လှေကား ပွင့်သွား၏။
ဂျယ်ဂန်းက မြေအောက် ၂ ထပ် (B2) ခလုတ်ကို နှိပ်လိုက်သည်။
“အတူတူ သွားကြတာပေါ့။”
ဆိုမီ အံ့သြသွားသည့် မျက်နှာဖြင့် ဂျယ်ဂန်းကို မော့ကြည့်လိုက်သည်။
“စာချုပ် သွားအပ်ရုံပဲ မဟုတ်လား? ကျွန်တော် စောင့်ပေးပါ့မယ်။”
“အာ... စာရေးဆရာ... ဒါဆိုရင် ကျွန်မက...”
“ဂန်းနမ်က စားသောက်ဆိုင်တွေက လူအရမ်းများပြီး ဆူညံလွန်းတယ်လေ။ ညစာစားဖို့ သိပ်မကောင်းဘူး။ ခင်ဗျားအိမ်ကလည်း အဲဒီဘက်မှာပဲဆိုတော့ ကုမ္ပဏီနားမှာပဲ တစ်ခုခု စားကြတာပေါ့၊ ဟုတ်တယ်မလား?”
ဆိုမီ ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ဂျယ်ဂန်း၏နောက်မှ လိုက်၍ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။
“ဟိုမှာလေ။”
ဂျယ်ဂန်းက လက်ညှိုးညွှန်ပြလိုက်သည့် နေရာတွင်...
နက်မှောင်ပြောင်လက်နေသော ကားတစ်စီး ရှိနေသည်။
“စာရေးဆရာဟာ... ကားဝယ်လိုက်တာလား?”
“ဟုတ်တယ်၊ ရီခါအတွက်ရော၊ ကျွန်တော့်မိသားစုအတွက်ရော လိုအပ်မယ်ထင်လို့ ဝယ်လိုက်တာပါ။”
“ဪ... ဟုတ်ကဲ့။ ကားလေးက သန့်ရှင်းသပ်ရပ်ပြီး တကယ်စမတ်ကျတာပဲနော်။”
“ကျေးဇူးတင်ပါတယ်။ တက်လေ။”
ဂျယ်ဂန်းက သူမအတွက် ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးလိုက်သည်။
“ခဏလောက် စောင့်ဦးနော်၊ အပူပေးစက် (Heater) ဖွင့်လိုက်ဦးမယ်။” (T/N: အဲကွန်းလည်းမဟုတ်ဘူး ကားမမောင်းဘူးတော့မသိလို့ အပူပေးစက်လို့ပဲပြန်ထားပါတယ်နော်)
“ရပါတယ် စာရေးဆရာ၊ အားနာလိုက်တာ။”
ဆိုမီက ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။ ဂျယ်ဂန်းက ဟန်ဒယ်ကို ကိုင်ကာ လီဗာကို နင်းလိုက်၏။ ကားပါကင်ထဲမှ ထွက်လာပြီးနောက် လမ်းမကြီးပေါ်သို့ စတင်မောင်းနှင်တော့သည်။
“တကယ် အားနာပါတယ် စာရေးဆရာဟာ။ ဒီလိုမျိုး အနှောင့်အယှက် ဖြစ်သွားရတာကို။”
“ဘာဖြစ်လို့လဲ။ အလုပ်က ပိုအရေးကြီးတာပဲဟာ။ ပြီးတော့ အခုလည်း အလုပ်ပြီးသွားပြီ မဟုတ်လား။ ဒီအတိုင်း ကားလျှောက်စီးနေတယ်လို့ပဲ သဘောထားလိုက်ပါ။”
“ဟုတ်ကဲ့ပါ...”
ဆိုမီ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေမိသည်။ တဲဝမ်ရဲ့ ကားကို စီးတုန်းကနဲ့ ခံစားချက်ချင်း လုံးဝ မတူပေ။ ပြတင်းပေါက်မှ တစ်ဆင့်မြင်နေရတဲ့ မြို့ပြရဲ့ ညအလှက တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
မကြာခင်မှာပင် သူတို့ ကြယ်ပွင့်စာပေ ရုံးခန်း၏ကားပါကင်ကို ရောက်ရှိလာခဲ့သည်။ ဆိုမီ တံခါးဖွင့်ပြီး ဆင်းလိုက်သည်။
“ကျွန်မ အမြန်သွားပြီး ပြန်လာခဲ့ပါ့မယ် စာရေးဆရာ။”
“အေးဆေးသွားပါ။”
ဆိုမီသည် ရုံးခန်းဆီသို့ ခပ်သွက်သွက်လေး ပြေးတက်သွားသည်။ အခုဆိုရင် အလုပ်ကိစ္စတွေ အားလုံးပြီးသွားပြီဖြစ်လို့ ဂျယ်ဂန်းနဲ့ စိတ်အေးလက်အေး ညစာစားလို့ ရပြီလေ။
“အခုမှ ပြန်ရောက်တာလား?”
“အာ... အယ်ဒီတာ? အခုထိ မပြန်သေးဘူးလားဟင်?”
ဆိုမီ မျက်နှာ အနည်းငယ် ပျက်သွားသည်။ လက်ထောက်မန်နေဂျာ ဂိုတောင် အချိန်ပိုမဆင်းဘဲ ပြန်သွားပြီဖြစ်သော်လည်း ပုံမှန်ဆို ၆ နာရီထိုးတာနဲ့ အရင်ဆုံးပြန်တတ်တဲ့ ဂျောင်ဂုကတော့ သူ့ထိုင်ခုံမှာ ထိုင်နေဆဲ။
“စာချုပ် ယူလာခဲ့ပါပြီ။”
“အင်း... အေးအေး၊ ဒီကိုပေး။”
ဆိုမီက စာချုပ်ကို လက်နှစ်ဖက်ဖြင့် ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။ ဂျောင်ဂုက ထိုင်ရာမှ ထလိုက်ရင်း ပြောလိုက်၏။
“ထမင်း မစားရသေးဘူးမလား? အတူတူ သွားစားကြရအောင်။”
ဆိုမီ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ သို့သော် သူမ ချက်ချင်းပင် အဖြေပေးလိုက်၏။
“အာ... အယ်ဒီတာ... အားနာလိုက်တာ၊ ကျွန်မ ချိန်းထားတာလေး ရှိလို့ပါ။”
ပုံမှန်ဆိုလျှင် ဤစကားသည် ငြင်းဆိုရန် လုံလောက်သော အကြောင်းပြချက်ပင်။ ဆိုမီလည်း ထိုသို့ပင် ထင်ခဲ့သည်။ သို့သော် ဂျောင်ဂုက နောက်တစ်ခါ ထပ်မေးလိုက်ပြန်သည်။
“ဪ... ဟုတ်လား? နင် ပြန်လာမယ့်အချိန်ကို တွက်ပြီး ငါက အတူတူစားဖို့ စောင့်နေတာ။ အဲဒီချိန်းဆိုမှုက အဲလောက်တောင် အရေးကြီးလို့လား?”
“ဟုတ်ကဲ့... အရေးကြီးလို့ပါ...”
ဂျောင်ဂုက သက်ပြင်းချပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။
“ဒါဆိုလည်း ပြီးတာပဲ။ နောက်မှပဲ စားကြတာပေါ့။ ဒါနဲ့ ဘယ်ကိုသွားမှာလဲ? ငါ လိုက်ပို့ပေးလို့ ရတယ်လေ။”
“မလိုပါဘူး၊ ရပါတယ်။ ကျွန်မ အခုပဲ သွားတော့မှာမို့လို့။ အယ်ဒီတာလည်း ဂရုစိုက်ပြန်ပါဦးနော်။”
ဂျောင်ဂုသည် ထွက်ခွာသွားသော ဆိုမီ၏ ကျောပြင်ကို ကြည့်နေ၏။ ထိုအကြည့်မှာ မုဆိုးတစ်ယောက်က သူလက်လှမ်းမမီတော့သည့် ငှက်တစ်ကောင်ကို ကြည့်နေသည့်အလားပင်။
‘သူ့မှာ ရည်းစားရှိနေတာလား? မဟုတ်လောက်ပါဘူး၊ သူငယ်ချင်းပဲ ဖြစ်မှာပါ။’
သူ သက်ပြင်းတစ်ချက်ချပြီး ဆော့နေတဲ့ ဂိမ်းကို ပိတ်လိုက်သည်။ စောစောကတည်းက ကြိုပြောထားရင် ကောင်းသားဟု နောင်တရနေမိ၏။ သို့သော် အခုတော့ နောက်ကျသွားပြီဖြစ်၍ သူလည်း အင်္ကျီကိုကောက်ယူကာ ပြန်ရန် ပြင်လိုက်တော့သည်။
‘သူက ငါကြိုက်တဲ့ ပုံစံမျိုးလေးပဲ။ ချစ်ဖို့ကောင်းပြီး တက်ကြွတယ်။ ငယ်သေးတော့ အသားအရေကလည်း တကယ့်ကို လှချက်။’
ဂျောင်ဂု ထရပ်လိုက်သည်။ ရုံးခန်းတစ်ခုတည်းမှာ အတူတူရှိနေတာဆိုတော့ အခွင့်အရေးတွေက အများကြီးရှိပါသေးတယ်ဟု သူတွေးလိုက်၏။ ထို့နောက် သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။
“ဟယ်လို... ဂျောင်ကက်လား? ငါ ဂျောင်ဂုပါ။ ဒီနေ့ တစ်ခွက်လောက် သောက်ကြမလား? ငါ တိုက်မယ်။ အာ... ဟိုတစ်ခေါက်က ဆိုင်လား? အဲဒီက ကောင်မလေးတွေ ငါတို့မျက်နှာကို မှတ်မိလောက်သေးတယ်ဟ။ တခြားနေရာ တစ်ခုရှိသေးတယ်၊ အေး... အခုပဲ ထွက်လာတော့မှာဆိုတော့ မိနစ် ၃၀ နေရင် တွေ့မယ်။”
သူသည် လေချွန်ရင်း ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ဓာတ်လှေကားနား ရောက်တော့ လူအချို့ ရှိနေ၏။
‘သူ ထွက်သွားတာ တော်တော်မြန်တာပဲ။’
ဂျောင်ဂု ဓာတ်လှေကားစီးပြီး ဆင်းသွားသည်။ ထိုအချိန်မှာပင် ဆိုမီသည် အိမ်သာထဲမှ ပြန်ထွက်လာခဲ့၏။
‘ပြန်ဆုံရင် အနေရအခက် ဖြစ်နေဦးမယ်။’
ဂျောင်ဂု ကားဘယ်မှာ ရပ်ထားတတ်သလဲဆိုတာ သူမ သိထားသည်။ ထို့ကြောင့် သူ့ကားနှင့် ဝေးရာဘက်သို့ ဦးတည်လိုက်၏။ သူနှင့် ထပ်မဆုံမိစေရန် သူမ အသေအချာ ဂရုစိုက်နေခြင်း ဖြစ်သည်။
ဆိုမီသည် အခြားဓာတ်လှေကားတစ်ခုဖြင့် ဆင်းလာခဲ့သည်။ ဂျယ်ဂန်းကတော့ ကားထဲမှာ သီချင်းနားထောင်ရင်း စောင့်နေ၏။
“နောက်ကျသွားလို့ တောင်းပန်ပါတယ်နော်။ အကြာကြီး စောင့်လိုက်ရလား?”
“၁၅ မိနစ်လောက်ပဲ ရှိပါသေးတယ်။ အလုပ်တွေ အားလုံး ပြီးသွားပြီလား?”
“ဟုတ်ကဲ့၊ အားလုံး ပြီးသွားပါပြီ။”
ဆိုမီ ပြုံးပြုံးလေးဖြင့် ကားပေါ်တက်လိုက်သည်။ ကားထဲက နွေးထွေးသောလေထုကြောင့် သူမ စိတ်တွေ ကြည်လင်သွားရ၏။
“ကဲ... ဘာစားချင်လဲ?”
“အင်း...”
ဆိုမီ ခေတ္တစဉ်းစားပြီးနောက်...
“စပ်စပ်လေးနဲ့ ပူပူနွေးနွေးရှိမယ့် ပင်လယ်စာ စွပ်ပြုတ် ဆိုရင်ကော? ကျွန်မ သိတဲ့ဆိုင်တစ်ဆိုင် ရှိတယ်၊ ဒီနားတင်ပဲ။ အဲဒီကို သွားကြမလား?”
“ကောင်းသားပဲ။ သွားကြတာပေါ့။”
ဂျယ်ဂန်းက သူမ၏ အကြံပြုချက်ကို သဘောတူလိုက်ပြီး လီဗာကို နင်းလိုက်သည်။ ကားမောင်းသွားလျှင် ၅ မိနစ်ခန့်သာ ကြာမည့် ခရီးပင်။