← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း ၆၁

စားသောက်ဆိုင်သို့ရောက်သောအခါ နာမည်ကြီးဆိုင်ဖြစ်သည်နှင့်အညီ လူအတော်များလှသည်။

“ကြိုဆိုပါတယ်၊ ဘယ်နှယောက်လဲရှင်?”

“နှစ်ယောက်ပါ။”

“ဒီဘက်ကို ကြွပါရှင့်။”

စားပွဲထိုးမှ သူတို့နှစ်ဦးကို ထောင့်နားက စားပွဲတစ်ခုဆီကို ခေါ်သွားပေးလိုက်သည်။ ဂျယ်ဂန်းက သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ရင်း ဝန်ထမ်းဆီသို့ အော်ဒါတင်လိုက်သည်။

“ပင်လယ်စာစွပ်ပြုတ် အစပ်ပွဲကြီးတစ်ပွဲ ပေးပါ။”

“စာရေးဆရာဟာ... နှစ်ယောက်တည်းနဲ့ အဲဒါ အကုန်ကုန်မှာ မဟုတ်ဘူးလေ။”

ဆိုမီက တားဖို့ ကြိုးစားပေမဲ့ ဂျယ်ဂန်းကတော့ နားမထောင်ပါ။

“ကုန်ပါတယ်၊ ပွဲကြီးမှာမှ အရန်ဟင်း တွေလည်း အစုံရမှာလေ၊ ဟုတ်တယ်မလား?”

“ဟားဟား၊ ဟုတ်ကဲ့ပါရှင်၊ အကောင်းဆုံး ပြင်ဆင်ပေးပါ့မယ်။” ဝန်ထမ်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

ခဏအကြာမှာတော့ ပင်လယ်စာတွေ စားပွဲပေါ် ရောက်လာပါပြီ။ ပုစွန်၊ ကမာနဲ့ တခြား ပင်လယ်စာတွေ အများကြီး ပါဝင်ပြီး ဝန်ထမ်းက စွပ်ပြုတ်အိုးထဲ ထည့်ကာ စားရလွယ်အောင် ညှပ်ပေးသွားသေးသည်။

“အရင်စားပါ စာရေးဆရာဟာ။”

“အင်း... တကယ် အရသာရှိတာပဲ။”

“ဒီမှာ... ကျွန်မ ထပ်ပြီးညှပ်ပေးမယ်နော်။ ရော့...ဒီမှာပါ”

ဆိုမီက ဂျယ်ဂန်းရဲ့ ပန်းကန်ထဲကို ပင်လယ်စာတွေ ထည့်ပေးလိုက်သည်။ ဒါကို မြင်တော့ ဂျယ်ဂန်းကလည်း သူမကို ပြန်ထည့်ပေးလိုက်သည်။

“ခင်ဗျားလည်း စားဦးလေ။ ဘာမှ မစားရသေးဘူး။”

“စားနေပါတယ်ရှင်။ ဒီဆိုင်က အရသာ ဘယ်လိုလဲ?”

“ကောင်းတယ်ဗျ။ နောက်ပိုင်းလည်း ခဏခဏ လာဖြစ်မယ် ထင်တယ်။ ဆိုမီကော ဒီကို ခဏခဏ လာဖြစ်လား?”

ဆိုမီက ပြုံးပြီး ခေါင်းခါပြလိုက်သည်။

“ခဏခဏ လာဖို့ကျတော့ ဒီဆိုင်က ဈေးနည်းနည်း ကြီးတယ်လေ။ ရုံးကလူတွေနဲ့ပဲ လာဖြစ်တာပါ။ ဒါပေမဲ့ အရသာက တကယ်ကောင်းပြီး ပင်လယ်စာတွေကလည်း တကယ့်ကို လတ်ဆတ်တယ်လေ။”

“ဟုတ်တယ်၊ တကယ် လတ်ဆတ်တာပဲ။ ဒီလိုဆိုင်မျိုး ညွှန်းပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။”

“ကျွန်မကသာ ကျေးဇူးတင်ရမှာပါ။ ဒီလောက် ဈေးကြီးတဲ့ ဆိုင်မှာ ကျွေးတာဆိုတော့။”

“တစ်ခွက်လောက် သောက်မလား? ကျွန်တော်တို့အပြန် အငှားကားမောင်းသမား ရှာလိုက်လို့ရတယ်လေ။”

“ကျွန်မတော့ မသောက်လည်း ရပါတယ်။ စာရေးဆရာဟာ ကျွန်မအတွက် အားမနာပါနဲ့။”

“ဒါဆိုရင် ကိုလာပဲ သောက်ကြတာပေါ့။”

ဂျယ်ဂန်းနဲ့ ဆိုမီတို့ ထမင်းစားရင်း စကားတွေ တပြောပြော ရှိနေကြသည်။ သူတို့နှစ်ယောက်ကြားမှာ ဘာမှ အိုးတိုးအမ်းတမ်း ဖြစ်မနေပါဘူး။ အခုဆို ဆောင်းဦးပေါက်နေပြီ၊ သူတို့ စတွေ့ခဲ့တာက နွေရာသီမှာဆိုတော့ အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကလည်း မနည်းတော့ဘူးလေ။ အရက်ရဲ့ အကူအညီမပါဘဲ သူတို့နှစ်ယောက် တော်တော်လေး ရင်းနှီးနေကြပါပြီ။

“ဆိုမီ... ခင်ဗျားဆွဲထားတဲ့ ပုံလေးတွေ ကျွန်တော့်ကို ပြလို့ရမလား?”

ဗိုက်တော်တော်လေး ပြည့်လာတဲ့အချိန်မှာ ဂျယ်ဂန်းက မေးလိုက်ပါတယ်။ သူက စောစောကတည်းက မေးချင်နေတာပေမဲ့ အောင့်ထားတာပါ။ အခုတော့ မအောင့်နိုင်တော့ပါဘူး။

“ကျွန်မရဲ့ ပုံတွေလား?”

“ဆိုမီ တကယ်တော်တာ ကျွန်တော် သိပါတယ်။ ပန်းချီဆရာတွေမှာ ရှိတတ်တဲ့ ဟန်ပန်မျိုး ဆိုမီ့မှာ ရှိတယ်။ ပြီးတော့အမြဲ သယ်သွားနေကျ မှတ်စုစာအုပ်ထဲမှာ ဆွဲထားတာတွေ အများကြီး ရှိမယ်ထင်တယ်။”

ဂျယ်ဂန်းက အိတ်ထဲကနေ ထွက်နေတဲ့ မှတ်စုစာအုပ်ကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်တယ်။ ဆိုမီကတော့ သူ့ရဲ့ ခန့်မှန်းချက် မှန်သွားလို့ ချက်ချင်းပဲ မျက်နှာအတန်ငယ် ပျက်သွားရှာသည်။

“အာ... တကယ် ရှက်ဖို့ကောင်းလို့ပါ။ ပြီးတော့ အချောသတ်ထားတာလည်း တစ်ခုမှ မရှိသေးဘူး။”

“ကြည့်ချင်လို့ပါဗျာ... နော်? ပြပါနော်?”

“အင်း... ဒါဆိုရင် နည်းနည်းပဲ ကြည့်နော်။” (T/N: ပုံဆွဲထားတာကိုပြောတာပါနော်ဂေါင်ကြီးတို့)

ဆိုမီက လက်ပ်တော့ကို ဖွင့်ပြီး ဂျယ်ဂန်းဆီ ကမ်းပေးလိုက်ပါတော့တယ်။

ဂျယ်ဂန်း လက်ပ်တော့ကို ယူလိုက်သည်နှင့် ဆိုမီမှာ ရှက်လွန်းသဖြင့် သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ စားပွဲပေါ် မှောက်ချလိုက်တော့သည်။

“ဝါး...!”

ပထမဆုံးပုံကို မြင်လိုက်ရုံနှင့် ဂျယ်ဂန်း အံ့သြတကြီး ချီးကျူးလိုက်မိသည်။

မိန်းကလေးဆန်ဆန် ချစ်စရာပုံလေးတွေပဲ ရှိမယ်လို့ သူထင်ထားခဲ့တာ၊ ဒါပေမဲ့ မဟုတ်ပါဘူး။ ပထမဆုံး မြင်လိုက်ရတဲ့ပုံက ချပ်ဝတ်တန်ဆာအပြည့်နဲ့ မြင်းစီးနေတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ပုံဖြစ်သည်။ ထိုသူရဲကောင်း၏ ခက်ထန်ပြတ်သားတဲ့ အရှိန်အဟုန်က မော်နီတာထဲကနေ ဖောက်ထွက်လာတော့မည့်အလားပင်။

“ဝါး! ဒါ တကယ့်ကို အမိုက်စားပဲ။ ဒီလို ဇာတ်ကောင်တွေကို ဘယ်လိုများ ဒီလောက်လှအောင် ဆွဲနိုင်ရတာလဲ? ဒါ တကယ့်ကို ရူးချင်စရာပဲ!”

ဂျယ်ဂန်းက တောက်လျှောက် ချီးကျူးစကားတွေ ဆိုရင်း နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်သည်။ ချစ်စရာကောင်းတဲ့ အမျိုးသမီး ဇာတ်ကောင်တွေတင် မဟုတ်ဘဲ အမျိုးသားစာဖတ်ပရိသတ်တွေ သဘောကျမည့် ဆွဲဆောင်မှုရှိသော အမျိုးသမီး ဇာတ်ကောင်ပုံများလည်း အများကြီး ရှိနေသည်။

“ဆိုမီ ခင်ဗျားက ဒီလောက်တောင် တော်နေတာကို အရည်အချင်း မရှိဘူးလို့ ပြောတာလား? နှိမ့်ချလွန်းနေပါပြီ။”

“အဲလို မပြောပါနဲ့တော့ရှင်။ ကျွန်မ ရှက်လွန်းလို့ ခေါင်းတောင် မဖော်ရဲတော့ဘူး။”

ထိုအချိန်မှာပင်...

စကားပြောနေသော ဂျယ်ဂန်း၏ ဘေးနားသို့ အမျိုးသမီးတစ်ဦး ရောက်လာပြီး ရပ်လိုက်သည်။

“ဟို... တစ်ဆိတ်လောက်ပါရှင့်။”

“အင်... ဟုတ်ကဲ့?”

ဂျယ်ဂန်းရော ဆိုမီပါ သူမကို မော့ကြည့်လိုက်ကြသည်။ သူမကတော့ သူတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ စားပွဲက ဧည့်သည်တစ်ဦး ဖြစ်၏။ သူမတို့ အဖွဲ့ထဲက ၃ ယောက်၊ ၄ ယောက်ခန့်က ဂျယ်ဂန်းကို ကြည့်ပြီး တိုးတိုးတိုးတိုး လုပ်နေကြသည်။

“ဘာကိစ္စများ ရှိလို့လဲခင်ဗျာ?”

“ဟို... ရှင့်နာမည်က စာရေးဆရာ ဟာဂျယ်ဂန်း မဟုတ်လားဟင်?”

“အာ... ဟုတ်ကဲ့၊ ဟုတ်ပါတယ်။”

ဒီလိုအခြေအနေမျိုးနဲ့ သူ ပထမဆုံး ကြုံဖူးတာ မဟုတ်တာကြောင့် ဂျယ်ဂန်း အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ထိုအမျိုးသမီးက အံ့သြသွားဟန်ဖြင့် ပါးစပ်ကို လက်နဲ့အုပ်ကာ သူမတို့အဖွဲ့ကို လက်လှမ်းပြလိုက်၏။

“ဝါး... ဟုတ်တယ်ဟေ့၊ သူပဲ!”

ထိုအဖွဲ့တစ်ခုလုံး ဂျယ်ဂန်း ဆီသို့ ရောက်လာကြသည်။ သူတို့အားလုံးက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေ ဖြစ်ကြပြီး စာရေးဆရာဟာကို စကားပြောဖို့ လုနေကြတော့သည်။

“ဝါး... တကယ့်ကို စာရေးဆရာ ဟာဂျယ်ဂန်းပဲ။”

“ကျွန်မ ရှင့်ရဲ့ ‘တုံးအသောအမျိုးသမီး’ စာအုပ်ကို ဖတ်ဖူးပါတယ် ဆရာ။ ကျွန်မတို့ ကုမ္ပဏီက စာဖတ်ဝိုင်း အဖွဲ့လေ။ အဲဒီစာအုပ်က ကျွန်မတို့ကို ဘယ်လောက်တောင် စိတ်လှုပ်ရှားစေခဲ့သလဲဆိုတာ ရှင် မခန့်မှန်းနိုင်လောက်ဘူး။ အနည်းဆုံး ၃ ခေါက်လောက်တော့ ပြန်ဖတ်ဖြစ်ကြတယ်။”

“နာဗင် က ပုံထဲမှာထက် တကယ့်အပြင်မှာက ပိုပြီး ချောတာပဲနော်။”

“အခု ဘာတွေ ရေးဖြစ်နေလဲဟင်? အဲဒါကော ဒရာမာ အဖြစ် ရိုက်ဦးမှာလား? ကျွန်မက အဲဒီလို ဇာတ်လမ်းမျိုးတွေကို အရမ်းကြိုက်တာ။”

မေးခွန်းတွေက ကျည်ဆန်တွေလို တဖွဲဖွဲ ကျလာတာကြောင့် ဂျယ်ဂန်းမှာ ချက်ချင်း ပြန်မဖြေနိုင်လောက်အောင် ဖြစ်နေရသည်။ သို့သော် သူ အတတ်နိုင်ဆုံး ပြန်ဖြေပေးရန် ကြိုးစားလိုက်၏။

“သူတို့တွေ ဘာလို့ အဲဒီဘက်ကို အုံနေကြတာလဲ? သူက နာမည်ကြီး တစ်ယောက်ယောက်လား?”

“မသိဘူးလေ။ ငါကတော့ တီဗီအစီအစဉ်တွေ အကုန်ကြည့်တာပဲ၊ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။”

တခြားစားပွဲက ဧည့်သည်တွေရော၊ ဆိုင်ဝန်ထမ်းတွေပါ သူတို့ဆီကို လှမ်းကြည့်ကုန်ကြသည်။ စကားသံတွေကိုသာ သေချာကြားရရင် ဂျယ်ဂန်းက စာရေးဆရာဆိုတာ သိကြမှာ ဖြစ်ပေမဲ့ ဆိုင်ထဲက ဆူညံသံတွေကြောင့် သိပ်မသဲကွဲလှပေ။

‘သူ တကယ်ကို အောင်မြင်လာပြီပဲ။’

ဂျယ်ဂန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆိုမီကတော့ အပြုံးလေးဖြင့်သာ သူ့ကို ကြည့်နေမိသည်။ သူမ၏ မျက်ဝန်းတွေက တောက်ပနေ၏။ ထိုအလင်းတန်းမှာ လွန်ခဲ့သော ၆ လအတွင်း ဂျယ်ဂန်း၏ ကြီးမားသော တိုးတက်ပြောင်းလဲမှုကို ထင်ဟပ်နေသည့် အလင်းတန်းပင် ဖြစ်တော့သည်။

“စာရေးဆရာ... ဟိုလေ အားနာပေမဲ့ ဓာတ်ပုံလေး တစ်ပုံလောက် တွဲရိုက်လို့ ရမလားဟင်?”

ဂျယ်ဂန်းက ဆိုမီကို ကြည့်လိုက်ရာ သူမက ပြုံးလျက် ခေါင်းညိတ်ပြသည်။

“ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ။”

“ကျွန်မ ရိုက်ပေးပါ့မယ်၊ ဖုန်းပေးပါရှင်။”

ဆိုမီက ထိုအမျိုးသမီးဆီက ဖုန်းကို ယူလိုက်သည်။ အမျိုးသမီးတွေက ဂျယ်ဂန်းရဲ့ အနောက်မှာ နေရာယူပြီး သူတို့ရဲ့ အင်္ကျီနဲ့ ဆံပင်တွေကို အမြန်ပြင်ဆင်လိုက်ကြပါတော့သည်။

“၁၊ ၂၊ ၃... ကဲ ရိုက်ပြီနော်။”

ကင်မရာဖလက်ရှ်မီး လင်းသွားပြီး ဓာတ်ပုံတစ်ပုံ ဖုန်းထဲသို့ သိမ်းဆည်းလိုက်ပြီဖြစ်သည်။ ထိုအမျိုးသမီးက ဖုန်းကို ပြန်ယူရင်း မေးလိုက်၏။

“ဒါနဲ့လေ... ညီမလေးက စာရေးဆရာရဲ့ ချစ်သူလားဟင်?”

ဆိုမီ သောက်လက်စရေတောင် သီးမလို ဖြစ်သွားသည်။ သူမ မျက်နှာလေး တရိပ်ရိပ် နီမြန်းလာပြီး လက်ကာပြကာ ငြင်းလိုက်၏။

“မ... မဟုတ်ပါဘူးရှင့်။ ကျွန်မက အယ်ဒီတာပါ။”

“အာ... ညီမလေးက တကယ်လှတာပဲ။”

“ဟုတ်တယ်၊ အသားလည်း ဖြူပြီးတော့ ဆံပင်ပုံစံလေးကလည်း တကယ် လိုက်ဖက်တယ်။”

“သူတို့နှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ မသိဘူးနော်။”

“ဟေ့... သူက အယ်ဒီတာလို့ ပြောနေတယ်လေ၊ မေ့သွားပြီလား? သွားကြစို့၊ သူတို့ ထမင်းစားနေတာကို အနှောင့်အယှက် မပေးနဲ့တော့။”

ကျန်တဲ့လူတွေထက် အမူးနည်းပုံရတဲ့ အမျိုးသမီးတစ်ယောက်က သူမတို့အဖွဲ့ကို ဆွဲခေါ်သွားတော့သည်။ သူတို့ အုပ်စုက သူတို့ထိုင်ခုံဆီ ပြန်ရောက်သွားသည့်တိုင် ဂျယ်ဂန်းကို ခေါင်းညိတ် နှုတ်ဆက်နေကြသေးသဖြင့် ဂျယ်ဂန်းလည်း ယဉ်ကျေးမှုအရ ပြန်လည် နှုတ်ဆက်လိုက်ရ၏။

“ဟူး... အားနာလိုက်တာ ဆိုမီရာ။”

“မဟုတ်ပါဘူး၊ ကျွန်မလည်း တကယ်ပဲ ဂုဏ်ယူမိပါတယ်။ နာမည်ကြီး စာရေးဆရာတစ်ယောက်နဲ့ အတူရှိနေရတာဆိုတော့။”

“မစပါနဲ့ဗျာ။ အာ... ခင်ဗျားဆွဲထားတဲ့ ပုံတွေကို ပြန်ကြည့်ရအောင်။”

ဂျယ်ဂန်း မှတ်စုစာအုပ်ကို ပြန်ကိုင်လိုက်သည်။ သူကတော့ တောက်လျှောက် ချီးကျူးနေဆဲ။ မျက်နှာချင်းဆိုင်က ဆိုမီကတော့ ပျော်နေသလိုလိုနဲ့ တစ်ဖက်မှာလည်း စိုးရိမ်စိတ်တွေ ဝင်နေမိသည်။

‘ဒီနေ့ ပြီးသွားရင်...’

သူမ ဂျယ်ဂန်းနဲ့ ဘယ်တော့မှ ထပ်တွေ့ခွင့်ရဦးမှာလဲ? ဒါကပဲ ဆိုမီရဲ့ ခေါင်းထဲမှာ ကြီးစိုးနေတဲ့ အတွေးဖြစ်သည်။ အခုတော့ စာချုပ်ချုပ်တဲ့ အလုပ်ကိစ္စလည်း ပြီးသွားပြီဆိုတော့ ထပ်တွေ့ဖို့ အကြောင်းပြချက် မရှိတော့ပေ။

‘ကျွန်မလို အယ်ဒီတာတစ်ယောက်နဲ့ ထပ်တွေ့ဖို့ဆိုတာ ခက်ခဲသွားမှာပါ။’

ဂျယ်ဂန်းကတော့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထွက်လာမှာဖြစ်သလို၊ အဆင့်သတ်မှတ်ချက်တွေမှာလည်း ပိုပြီး အမြင့်ကို ရောက်သွားမှာ သေချာသည်။ ဒါက ဆိုမီရဲ့ ယုံကြည်ချက်ဖြစ်သည်။

“ပုံတွေ အကုန်ကြည့်ပြီးပြီနော် ဆိုမီ။”

ဆိုမီကတော့ ငေးနေသဖြင့် ဂျယ်ဂန်း ခေါ်တာကိုတောင် မကြားလိုက်ပေ။ ဂျယ်ဂန်းက သူမရှေ့မှာ လက်ကို ဝေ့ယမ်းပြလိုက်မှသာ သတိဝင်လာပြီး သူ့ကို ကြည့်လိုက်၏။

“ရှင်... စာရေးဆရာ၊ ပြောပါရှင်။”

“ပုံတွေ အကုန်လုံး သေသေချာချာ ကြည့်ပြီးပါပြီ။”

ဂျယ်ဂန်းက မှတ်စုစာအုပ်ကို ပြန်ပေးရင်း ဆက်ပြောလိုက်သည်။

“ခင်ဗျားမှာ အပြင်အလုပ် တွေ လက်ခံနိုင်လောက်တဲ့အထိ အရည်အချင်းရှိတယ်ဗျ။”

“အာ... ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။”

“လက်ခံလို့မရဘူးဆိုတဲ့ ဥပဒေမှ မရှိတာ။ တကယ်လို့ ကုမ္ပဏီကလူတွေ သိမှာစိုးရင် နာမည်ဝှက် တစ်ခုခုနဲ့ လုပ်လို့ရတာပဲ။”

“အဲဒါကြောင့် မဟုတ်ပါဘူး၊ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ပါ။”

တီ!

ဂျယ်ဂန်း၏ ဖုန်း တုန်ခါသွားသည်။

စာရေးဆရာကန်မင်းဟိုဆီက မက်ဆေ့ခ်ျဖြစ်သည်။ ဂျယ်ဂန်းက မက်ဆေ့ခ်ျကို ဖတ်ပြီး ရယ်မောလိုက်ကာ ဆိုမီကို ပြောလိုက်၏။

“ကျွန်တော်သိတဲ့ စာရေးဆရာတစ်ယောက်ပါ။ သူက အခု အခပေးစနစ်နဲ့ ဝတ္ထုတစ်ပုဒ် တင်ဖို့ ပြင်နေတာ၊ အဲဒါ ပုံဆွဲပေးမယ့်သူ ကောင်းကောင်း သိရင် မိတ်ဆက်ပေးပါတဲ့။”

“ဪ... ဟုတ်ကဲ့။”

“ကုမ္ပဏီကတော့ သူ့အတွက် ရှာပေးမှာပဲ၊ ဒါပေမဲ့ သူ စိတ်တိုင်းမကျမှာကို စိုးရိမ်နေပုံရတယ်။ ဘယ်လိုလဲ? ခင်ဗျားရဲ့ လက်ရာတွေကို သူ့ဆီ ပို့ကြည့်ဖို့ စိတ်ကူးမရှိဘူးလား?”

“...!”

All Chapters