ဝမ်ရွှမ်ကျန့်အား နှုတ်ဆက်ခြင်း
Vol. 19 Ch. 264
စုရှောင်လန်သည် ရှောင်ချိုး၏ မီးသီးနှင့်တူသည့် မျက်လုံးများ၊ အရုပ်ဆိုးသည့်နှာခေါင်းနှင့် ပါးစပ်ပြဲပြဲတို့အား မျက်ရည်ရစ်ဝဲလာသည်အထိ ကြည့်လိုက်သည်။
ထို့နောက်တွင် သူမ၏စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာသည်။
သူမ၏ သိုလှောင်လက်စွပ် အရောင်လက်လာပြီးနောက်တွင် သူမ၏ လက်ထဲသို့ အံ့ဖွယ်အဇူရာကျောက်တုံးမှ ပြုလုပ်ထားသည့် မျက်နှာဖုံးတစ်ခု ရောက်ရှိလာသည်။
ထိုမျက်နှာဖုံးအား အဇူရာတိုက်ပွဲအာဟက်မျက်နှာဖုံးဟု ခေါ်သည်။ ယင်းသည် ကောင်းကင်နှင့်မြေပြင်၏ ချီစွမ်းအင်တို့ကို အလိုအလျောက် စုပ်ယူနိုင်စွမ်းရှိသည်။ ယင်းအား တပ်ဆင်ထားမည်ဆိုလျှင် ကောင်းကင်နှင့်မြေပြင်၏ ချီစွမ်းအင်များအား စုပ်ယူနေမှာဖြစ်ပြီး တိုက်ခိုက်စွမ်းရည်ကိုလည်း ယာယီတိုးမြင့်လာစေနိုင်သည်။ ယင်းမှာ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်နစ်ခုဖြစ်ပြီး ပို၍အရးကြီးသည်မှာ တပ်ဆင်ထားသူ၏ ပုံပန်းသွင်ပြင်အားလည်း ကြည့်ကောင်းလာစေနိုင်သည်။
ရှောင်ချိုးသည် စုရှောင်လန်၏လက်ဆောင်အား လက်ခံလိုက်ပြီး တုန်ယင်နေသည့် လက်များဖြင့် ထိုမျက်နှာဖုံးအား ဆုပ်ကိုင်ထားလေသည်။
ထိုလက်ဆောင်သည် အလွန်အဖိုးတန်သည်သာမက သူနှင့်လည်း အလွန်သင့်လျှော်လှသည်။
စုရှောင်လန်သည် သူမပေးအပ်သည့် လက်ဆောင်များအား စိတ်ရင်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာများသည် အလွန်အဖိုးတန်ပြီး အသုံးဝင်သည့်အတွက် အန်လင်းတို့သည် ကျေးဇူးတင်စွာဖြင့် လက်ခံကြလေသည်။
သို့သော်လည်း စုရှောင်လန်သည် တစ်စုံတစ်ခုအား မေ့လျော့နေသည်ဟု ခံစားနေမိသည်။
မျက်မှောင်ကြုတ်ကာဖြင့် "ငါတစ်ယောက်ယောက်ကို မေ့နေတယ်လို့ ခံစားနေရတယ်။"
အန်လင်းသည် ချက်ချင်းဆိုသလိုပင် "ရှောင်ချိုးရယ်၊ တပိုင်ရယ်၊ ငါရယ် အားလုံး လက်ဆောင်တွေ ရပြီးကြပြီလေ။ ဘယ်သူကျန်သေးလို့လဲ။ အများကြီး တွေးမနေပါနဲ့။ စားသောက်ပွဲ ကျင်းပကြတာပေါ့။"
စုရှောင်လန်သည် မည်သည့်အရာကိုမျှ စဉ်းစားမရသည့်အတွက် အပြုံးတစ်ခု တပ်ဆင်ကာဖြင့် ခေါင်းညိတ်ကာ အန်လင်းနှင့်အတူ ကောင်းကင်မြစ်ပြည်နယ်၏ စီရင်စုတစ်ခုထံသို့ ပျံသန်းသွားလေသည်။
ကောင်းကင်မြင်ပြည်နယ စီရင်စု၏ ကောင်းကင်ရတနာစားသောက်ဆိုင်တွင်။
သူတို့သည် အဖိုးတန်စားသောက်ဖွယ်ရာများကို စားသောက်ခဲ့ကြပြီး တစ်နပ်စာအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ သုံးစွဲခဲ့ကြသည်။
စားသောက်ဝိုင်းတွင် ပါဝင်သည့် အရာများမှာ ရှားပါးသည့် ဟင်းအမယ်များ ဖြစ်ကြပြီး ရှားပါးအပင်များ၊ တွင်းထွက်များနှင့်အတူ ရှားပါးသည့် သန္ဓေပြောင်းသားရဲများလည်း ပါဝင်ကာ ထိပ်တန်းအဆင့်ရှိ အင်မော်တယ်စားဖိုမှူးများမှ ပင်ပန်းတကြီး ချက်ပြုတ်ပေးထားခြင်း ဖြစ်သည်။ ထိုဟင်းလျာများသည် အလွန်အရသာရှိရုံသာမက စွမ်းအင်များကိုပါ တိုးတက်လာစေပြီး ပြိုင်ဘက်ကင်းအရသာနှင့် အာဟာရဓာတ်လည်း ကြွယ်ဝလေသည်။
အင်မော်တယ်ဂိုဏ်းကြီးများမှ ခေါင်းဆောင်များသည်ပင်လျှင် ကောင်းကင်ရတနာစားသောက်ဆိုင်မှ ဟင်းလျာများကို ဆန္ဒရှိသလို စားသောက်ဖို့ မရဲကြချေ။ ထိုဟင်းလျာများကို အလွန်ဈေးကြီးသည့် အမယ်များဖြင့် ချက်ပြုတ်ထားခြင်းဖြစ်သည်။ သို့သော်လည်း အန်လင်းတို့မှာမူ စားပွဲကျိုးလုနီးနီးအထိ မှာယူပြီး ဆာလောင်နေသည့် တိရိစ္ဆာန်များသဖွယ် အဝအပြဲ စားသောက်ကြလေသည်။ ပထမဆုံးတစ်ဝိုင်း စားသောက်ပြီးစီးသည့်အခါတွင် နောက်ထပ်တစ်ဝိုင်း မှာယူကြပြန်သည်။ သူတို့၏ ငွေကြေးသုံးစွဲမှုသည် ကောင်းကင်ရတနာစားသောက်ဆိုင်ရှိ အခြားသော တိုင်ကွန်းများအား ရှက်ရွံ့လာစေသည်။ ထိုမျှလောက် စားသောက်နိုင်သူ သို့မဟုတ် ငွေကြေးသုံးစွဲသူအား သူတို့အနေဖြင့် မြင်တွေ့ဖူးခြင်း မရှိကြချေ။
ဤကဲ့သို့ စားသောက်ခြင်းသည် နဂါးသင်္ချိုင်းတွင် ပင်ပန်းနွမ်းနယ်မှုများအား ပြေပျောက်သွားစေရုံသာမက အကန့်အသတ်မဲ့သည့် စွမ်းအားများလည်း ဖြည့်တင်းပြီး ဖြစ်သည်။
ထို့ကြောင့် သူတို့လေးဦးသည် ကောင်းကင်ဘုံပိုင်နက်သို့ မပြန်မီ စိတ်ရှိတိုင်း စားသောက်ကာဖြင့် ကောင်းကင်ဘုံပိုင်နက်သို့ ပြန်သည့်လမ်းတစ်လျှောက်တွင် ကောင်းမွန်စွာ အနားယူပြီး အစာချေရန် ဆုံးဖြတ်လိုက်ကြသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ နှစ်စဉ်သုံးသပ်သည့်အခမ်းအနား ကျင်းပလေသည်။
ဒုတိယနှစ်ကျောင်းသားများသည် ပုရွက်ဆိတ်မျိုးနွယ်စုနှင့် ရင်ဆိုင်ရာတွင် ကောင်းမွန်စွာ ကြိုးစားအားထုတ်ခဲ့သည်ကြောင့် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ကြရသည်။ ထို့အပြင် ပုရွက်ဆိတ်ဘုရင်မအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားများနှင့် ဆရာများသည် ဆုလာဘ်များစွာ ရရှိကြလေသည်။ သို့သော်လည်း အန်လင်းမှာမူ ထိုမျှလောက်ပမာဏအား ဂရုပင်မစိုက်ချေ။
ထို့နောက်တွင် သင်ကြားမှုပြီးဆုံးခြင်းအခမ်းအနား ကျင်းပသည်။ ဝမ်ရွှမ်ကျန့်သည် သင်ယူပြီးမြောက်သည့် ကျောင်းသားများကိုယ်စား စင်မြင့်ထက်သို့တက်ကာ ကျေးဇူးတင်စကား ပြောကြားလေသည်။
အန်လင်းသည် စင်မြင့်ပေါ်ရှိ ခန့်ညားချောမောပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်နှင့် လူသားအား ကြည့်ကာဖြင့် အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ အချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးနေပြီး သူမသိလိုက်ခင်မှာပင် ဝမ်ရွှမ်ကျန့် ကျောင်းပြီးသွားလေပြီ။
ဝမ်ရွှမ်ကျန့်နှင့် အန်လင်းတို့သည် သူငယ်ချင်းများဟု ယူဆနိုင်သည်။ သူတို့၏ ဆက်ဆံရေးသည် အင်အားကြီးလေးရပ် တာအိုဖလှယ်ခြင်းညီလာခံတွင် ပိုမိုတိုးတက်လာခဲ့သည်။ အန်လင်းသည် ထိုကဲ့သို့ ယုံကြည်စိတ်ချရသူနှင့် ခွဲခွာရမည်ကို လွန်စွာဝမ်းနည်းစိတ်ထိခိုက်မိသည်။
ကျေးဇူးတင်စကား ပြောကြားပြီးသည့်နောက်တွင် ဝမ်ရွှမ်ကျန့်သည် အန်လင်းထံသို့ ရောက်ရှိလာပြီး နှုတ်ဆက်စကား ဆိုလေသည်။
သူတို့နှစ်ဦးသည် ကျောင်းဝင်းအတွင်း ဘေးချင်းယှဉ်ကာဖြင့် လမ်းလျှောက်နေကြပြီး ထိုမြင်ကွင်းမှာ ကျောင်းသားများစွာ၏ စိတ်အာရုံကို ဖမ်းစားထားလေသည်။ တစ်ဦးသည် အင်မော်တယ်အဆင့်ဇယား၏ နံပါတ် ၁ နေရာတွင် ရပ်တည်နေသူ ဖြစ်ကာ ကျန်တစ်ဦးမှာမူ ကျောင်းတော်၏ သမိုင်းတွင်ပုဂ္ဂိုလ် ဖြစ်လေသည်။ နှစ်ဦးစလုံးမှာ ကိုယ်ပိုင်ဟန်ဖြင့် ကျော်ကြားကြလေသည်။
"စီနီယာ ဝမ် က တကယ်ပဲ လေဟာပြင်ပြည်နယ်ကို သွားတော့မှာလား။ လေဟာပြင်ပြည်နယ်မှာ စစ်မြေပြင်ဖြစ်နေတာလို့ ကြားထားတယ်ဗျ။ အတော်လေး အန္တရာယ်များလိမ့်မယ်။" ဝမ်ရွှမ်ကျန့်သည် ကောင်းကင်ဘုံပိုင်နက်၏ ရှင်းလင်းသုတ်သင်ရေးဌာနရှိသည့် လေဟာပြင်ပြည်နယ်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်းကို ကြားသိလိုက်ရသည့်အခါတွင် အန်လင်းအနည်းငယ် စိတ်ပူသွားမိသည်။
လေဟာပြင်ပြည်နယ်သည် သန့်ရှင်းသောရေခဲကုန်းမြေနှင့် တိုက်ရိုက်ထိစပ်နေသည်ကြောင့် အမြဲလိုလို စစ်ပွဲများ ဖြစ်ပေါ်လေ့ရှိသည်။ ရန်သူများမှာ လွန်စွာလှပသည့် နှင်းပျိုမဒီများ ဖြစ်သော်လည်း အထင်သေး၍ မရချေ။ အလွန်အမင်းလှပသည့် ထိုစစ်သည်တော်များသည် အနောက်တောင်ဒေသရှိ သွေးမျိုးနွယ်စုထက် ပိုမိုကာ အစွမ်းထက်ကြသည်။ ကိုးပြည်ထောင်နိုင်ငံတော် တစ်ခုလုံးတွင် လေဟာပြင်ပြည်နယ်သည် မကြာခဏဆိုသလို စစ်မက်ဖြစ်ပွားတတ်သည်ကြောင့် ကောင်းကင်ဘုံပိုင်နက်၏ ရှင်းလင်းသုတ်သင်ရေးဌာနသည် အလွန်အန္တရာယ်များသည့် ဌာနများထဲမှ တစ်ခုဖြစ်သည်။
ဝမ်ရွှမ်ကျန့်၏မျက်နှာတွင် ပေါ့ပါးသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "ငါ့ဘဝမှာ စစ်တိုက်ရမှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး။ လေဟာပြင်ပြည်နယ်ကိုသွားဖို့ ဆုံးဖြတ်လိုက်တာကလည်း အဲဒီက စစ်မြေပြင်အခြေအနေကြောင့်ပဲ။ တိုက်ပွဲတွေက ငါ့ကိုယ်ငါ သက်သေပြသလိုလည်း ဖြစ်တယ်လေ။"
ခေတ္တမျှ ရပ်တံ့လိုက်ပြီးနောက် "အဲဒီအပြင်... လေဟာပြင်ပြည်နယ်မှာ ဘယ်သူနဲ့ တွေ့ခဲ့တယ်လို့ ထင်လဲ။"
အန်လင်းမျက်တောင်ခတ်လိုက်ပြီးနောက် "ချန်းချန်းလား။"
ဝမ်ရွှမ်ကျန့်၏ အမူအရာမှာ သိသိသာသာကို ပြောင်းလဲသွားသည်။ "ဟမ်.. မင်းဘယ်လိုသိလဲ။"
"စီနီယာက တခြားဘယ်သူ့ကို အခုလိုမျိုး စိတ်ဝင်စားသေးလို့လဲ။" အန်လင်းသည် ဝမ်ရွှမ်ကျန့်အား ပြုံးကာဖြင့် ကြည့်လိုက်သည်။ သူ့မျက်နှာတွင် 'သိနေတယ်လေ' ဟူသော အမူအရာနှင့်ဖြစ်သည်။
ဝမ်ရွှမ်ကျန့်သည် ချောင်းဟန့်လိုက်ပြီးနောက် "ငါမွေးလာကတည်းက တိုက်ပွဲတွေအများကြီး ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့လည်း ငါ့မှတ်ဉာဏ်ထဲမှာ အဆိပ်အတောက်အဖြစ် ကျန်နေရစ်တာကတော့ နှစ်ခုပဲရှိတယ်။"
"မင်းနဲ့ တိုက်ခိုက်တုန်းက ငါရှုံးခဲ့တယ်။ အဲဒီအတွက် နောင်တမရခဲ့ဘူး။ မင်းက လက်ချောင်းတစ်ချောင်းတည်းနဲ့ မြေပြင်ကိုတောင် အက်ကွဲသွားစေခဲ့တာလေ။ အဲဒီတိုက်ခိုက်မှုကို ခံရမယ်ဆိုရင် ငါ့အနေနဲ့ အသက်ရှင်မှာတောင် မဟုတ်ဘူး။"
"ဒါပေမဲ့ ချန်းချန်းနဲ့ တိုက်ပွဲမှာတော့ ငါက လက်ချောင်းတစ်ချောင်းတောင် လှုပ်လို့မရဘူး။ ဒါပေမဲ့လည်း သူ့ရဲ့အော်ရာက ငါ့ထက်သာနေပြီး တိုက်ပွဲမစခင်မှာပဲ ငါ့ကို ဖိနှိပ်ထားတယ်။ ငါခံစားခဲ့ရသမျှထဲမှာ အဆိုးဝါးဆုံးအရှက်ရစေတဲ့ တိုက်ပွဲပဲ။ သူ့ကိုရှာပြီး အစစ်အမှန်တိုက်ပွဲတစ်ခုတော့ တိုက်ခိုက်ရမယ်။ ငါရှုံးခဲ့ရင်တောင် ဘာကြောင့်ရှုံးရတာလဲ သိချင်တယ်။"
အန်လင်းသည် သူ၏စကားများကြောင့် အနည်းငယ် စိတ်ဝင်စားလာမိသည်။ "ချန်းချန်းနဲ့ သန့်ရှင်းသောရေခဲကုန်းမြေမှာ တွေ့တုန်းက မတိုက်ခိုက်ခဲ့ကြဘူးလား။"
ဝမ်ရွှမ်ကျန့် ခေါင်းယမ်းလိုက်သည်။ "တိုက်ခိုက်ဖို့တောင် အခွင့်အရေး မရလိုက်ဘူး။ ထွက်ပြေးသွားတယ်လေ။"
အန်လင်း : “…”
"ဒါပေမဲ့လည်း သူထွက်ပြေးမသွားခင်မှာ မင်းအတွက် အမှာစကားပြောလိုက်သေးတယ်။" ဝမ်ရွှမ်ကျန့် ဆက်ပြောသည်။
"ကျွန်တော့်အတွက် အမှာစကား ဟုတ်လား။" အန်လင်းမှာ အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။
ဝမ်ရွှမ်ကျန့် ခေါင်းညိတ်လိုက်ပြီး "သူက ကောင်းကင်တာအိုရဲ့လက်ချောင်းကို တတ်မြောက်ထားတာတင် မကဘဲ ကောင်းကင်တာအိုရဲ့ လက်သီး၊ ကောင်းကင်တာအိုရဲ့ ခြေထောက်နဲ့ ကောင်းကင်တာအိုရဲ့ ဓားတို့ကိုလည်း တတ်ထားသေးတယ်တဲ့။ မင်းတကယ်လို့ သင်ချင်တယ်ဆိုရင် သန့်ရှင်းသောရေခဲကုန်းမြေကို လာပြီး သင်နိုင်တယ်လို့ပြောလိုက်တယ်။"
အန်လင်း: “…”
ခဏလေးဗျ..။
အန်လင်းမှာ ထိုအခိုက်အတံ့တွင် သူ၏ စိတ်ခံစားချက်အား မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ကောင်းကင်တာအိုရဲ့ ခြေထောက်ဟုတ်လား။ ဘာလို့များ ကောင်းကင်တာအိုရဲ့ တင်ပါး ဆိုပြီး မထွင်ခဲ့ရတာတုန်း။ ဘယ်လိုတောင် သောက်ကျိုးနည်းတဲ့အရာတွေလဲဗျ။
ထိုနည်းစနစ်များမှာ အတော်လေး အံ့ဩဖွယ်ကောင်းသော်လည်း ကောင်းကင်တာအို၏ လက်ချောင်းကို အသုံးပြုခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမိတော့မတတ် ဖြစ်ရပ်အား ပြန်လည်တွေးတောမိသည့် အခါတိုင်းတွင် သူ၏ အရိုးများထိတိုင်အောင် အေးစက်ခြင်းတို့ ခံစားရလေသည်။ ထိုကမ်းလှမ်းမှုအား အလိုအလျောက်ပင် ပယ်ချပြီး ဖြစ်သည်။
ချန်းချန်းသည် မည်သည့်ကြောင့် "သင်ကြားပေးမည်" ဟု ဆိုရသနည်း။
အန်လင်းသည် ထိုကဲ့သို့ စွမ်းအားကြီးသည့် နည်းစနစ်အား အလွန်လွယ်ကူစွာ သင်ယူလိုက်ခြင်းကို ချန်းချန်းအနေဖြင့် မည်သည်ကြောင့် အံ့အားသင့်ခြင်း မရှိရသနည်း။ လျှို့ဝှက်ချက်တစ်ခုခု ရှိပေလိမ့်မည်။ သူ၏ သိလိုစိတ်အား ချိုးနှိမ်လိုက်ပြီး အန်လင်းသည် ထိုလျှို့ဝှက်ချက်များအား သိရှိရန်အတွက် ကြိုးစားမည် မဟုတ်ချေ။ မည်သည့်အခါတွင်မျှ အန္တရာယ်တောထဲသို့ ခုန်ဆင်းမည် မဟုတ်ပါ။
အင်း.. အခုတော့ ဒီအကြောင်းကို မေ့ထားလိုက်ပါမယ်လေ။
အန်လင်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။
ယခုအချိန်တွင် သူ၏ ပထမဦးစားပေးမှာ ကိုယ်ပိုင်ခွန်အား တိုးတက်လာစေရန် ဖြစ်သည်။ လုံလောက်သည့် စွမ်းအားသာရှိမည့်ဆိုလျှင် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်မည် ဖြစ်သည်။ လုံလောက်အောင် စွမ်းအားကြီးလာသည့်တစ်နေ့ရောက်လျှင် ကောင်းကင်တာအို၏ လက်သီး၊ ကောင်းကင်တာအို၏ ခြေထောက်နှင့် ကောင်းကင်တာအို၏ မည်သည့်အရာကိုမဆို သောက်ဂရုစိုက်ရန် မလိုတော့ချေ။ လုံလောက်သည့်စွမ်းအား ရှိလာမည်ဆိုလျှင် ကောင်းကင်ဘုံကိုပါ ဆွဲဖြဲပစ်လိုက်မည် ဖြစ်သည်။
ဝမ်ရွှမ်ကျန့်အား နှုတ်ဆက်စကား ဆိုပြီးသည့်နောက်တွင် အန်လင်းသည် နေထိုင်ရာအဆောင်သို့ ပြန်ရောက်လာပြီး စွမ်းအင်ဆေးလုံးတစ်လုံး အသုံးပြုလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
ထိုစွမ်းအင်ဆေးလုံးမှာ အဆင့် ၉ စိတ်ဝိညာဉ်ဆေးလုံးဖြစ်ပြီး ယင်းအား အသုံးပြုမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအား သိသိသာသာပင် တိုးတက်လာစေနိုင်သည်။
ထိုဆေးလုံးများမှာ လွန်စွာဈေးကြီးပြီး အကျိုးကျေးဇူးမှာ နှစ်ရက်သာလျှင် ကြာရှည်သော်လည်း သူသည် လွန်စွာ ကြွယ်ဝချမ်းသာသူ ဖြစ်နေသည့်အတွက် ပြဿနာတစ်ရပ် မဟုတ်ချေ။
ရူးလောက်အောင်ချမ်းသာသည့် တိုင်ကွန်းတစ်ဦး ဖြစ်သည့်အတွက် သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းလမ်း ရှိသင့်သည်။ ယင်းမှာ အန်လင်း၏ ခိုင်မာသည့် ယုံကြည်မှု ဖြစ်လေသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် အန်လင်း ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
အားလပ်ရက်ကို အခွင့်ကောင်းယူကာဖြင့် စုချန်းရန်ထံ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
ချန်အယ်၏ အကြွေးအား ပြန်ဆပ်ဖို့အချိန် ရောက်ရှိလာလေပြီ။
***