အကြွေးလာဆပ်တာပါ ခင်ဗျ
Vol. 19 Ch. 265
စုချန်းရန် အပြင်သွားကာနီးမှာပင် ခွေးတစ်ကောင်အား စီးနင်းလာသည့် အမျိုးသားတစ်ဦး ရောက်ရှိလာလေသည်။
"အတန်းဖော်အန်လင်းရေ ဘာကိစ္စများ ရှိလို့ပါလဲ။"
စုချန်းရန်၏ အပြာရောင်မျက်ဝန်းလေးများတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာပြီး နူးညံ့ချိုသာစွာဖြင့် ပြောလေသည်။
အန်လင်းသည် စုချန်းရန်၏ဘေးတွင် ဆင်းသက်လိုက်သည်။ "အကြွေးဆပ်ဖို့ ရောက်လာတာပါ။"
"အကြွေး ဟုတ်လား။" စုချန်းရန်သည် နားမလည်နိုင်စွာဖြင့် ရှိနေပြီးနောက်တွင်မှ ရုတ်တရက်ဆိုသလို သဘောပေါက်လာသည်။ "အိုးးး ဒုတိယအဆင့် အင်မော်တယ်ဆေးလုံးအတွက် ပိုက်ဆံကို ပြောနေတာလား။"
"အစ်မ ချန်အယ်က အဲဒီ အင်မော်တယ်ဆေးလုံးအတွက် ပြန်ပေးရမယ်လို့ တကယ်မပြောထားပါဘူး။ တကယ်လို့ ပြန်ပေးချင်တယ်ဆိုရင်လည်း ပိုက်ဆံအများကြီး စုထားတာ ပိုကောင်းလိမ့်မယ်။ တစ်နှစ် နှစ်နှစ်လောက်နဲ့ အဲလောက်များတဲ့ ပိုက်ဆံကို စုဆောင်းဖို့ဆိုတာ နင့်အတွက် လွယ်လောက်မှာ မဟုတ်ဘူး။ အဲလိုလုပ်ဖို့ မလိုပါဘူးဟယ်။"
အန်လင်း ခေါင်းကုတ်လိုက်သည်။ "ဒါပေမဲ့ ငါက လုံလုံလောက်လောက် စုဆောင်းထားပြီးပြီလို့ ခံစားနေရသည်။"
စုချန်းရန်၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ရှည်စွာဖြင့် ရှင်းပြလေသည်။ "နင်တွေးထင်သလိုမျိုး မရိုးရှင်းဘူး။ အဲဒီအင်မော်တယ်ဆေးလုံးတွေက စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း နှစ်သိန်းလောက်နဲ့ ဝယ်လို့မရဘူးလေ။ နင့်ကို ခြောက်လှန့်နေတာမျိုး မဟုတ်ဘူးနော်။ ဒါပေမဲ့လည်း မူလဖန်ဆင်းခြင်းဆေးလုံးလိုမျိုး အင်မော်တယ်ဆေးလုံးတွေက ပထမအဆင့် အင်မော်တယ်ဆေးလုံးနဲ့ အကျိုးသက်ရောက်မှုချင်း နှိုင်းယှဉ်နိုင်တာမို့ အနည်းဆုံးတော့ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းလောက် ကျလိမ့်မယ်ထင်တယ်။"
အန်လင်းသည် ဤနှစ်ပိုင်းတွင် ပိုက်ဆံအများအပြား စုဆောင်းရရှိထားကြောင်း စုချန်းရန်သိသည်။ သူမ၏ ခန့်မှန်းတွက်ချက်မှုအရ အကြမ်းဖျဉ်းအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် ရှိပေလိမ့်မည်။ ထိုပမာဏသည် သာမန်ကျင့်ကြံသူ တစ်ဦးအဖို့ အလွန်များပြားသည့် ပမာဏ ဖြစ်ပေသည်။ သို့သော်လည်း ဒုတိယအဆင့်ရှိ အင်မော်တယ်ဆေးလုံးအတွက် ပြန်လည်ပေးချေရန်မှာမူ အနားပင် မသီနိုင်သေးချေ။ ချန်အယ်အား ထိုမျှလောက်ပမာဏနှင့် ပေးချေမည်ဟု ရည်ရွယ်ထားပါက သေချာပေါက် အထင်သေးခြင်း ခံရနိုင်သည်။
အင်မော်တယ်ဆေးလုံး၏ ကျသင့်ငွေအား သိရှိပြီးနောက်တွင် အန်လင်းအနေဖြင့် ပြင်းထန်သည့်ဖိအားအောက် ရောက်ရှိသွားမည်ကို သူမစိုးရိမ်မိသည်။ ထို့ကြောင့် နူးညံ့သည့်အသံလေးဖြင့် နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။ "အတန်းဖော် အန်လင်းရေ.. နင့်အနေနဲ့ ပိုက်ဆံစုဖို့ကိုပဲ အာရုံစိုက်သင့်တယ်။ နောက်နည်းနည်းကြာတော့မှ အစ်မ ချန်အယ်ကို ပြန်ဆပ်မယ် ဆိုရင်လည်း နောက်မကျပါဘူး။"
အန်လင်းသည် သူ၏မေးအား ပွတ်ကာဖြင့် "အင်း.. စိတ်ဝိညာဉ်ကျောက်တုံး ၁၄.၈ သန်းက မလုံလောက်သေးဘူးလား။"
"အင်း.. စိတ်ဝိညာဉ်ကျောက်တုံး ၁၄.၈ သန်းတောင်မှပဲ..." စုချန်းယန်မှာ သူမ၏ စကားတစ်ဝက်မှာပင် ပျာယာခတ်သွားလေသည်။
မယုံကြည်နိုင်မှုများဖြင့် ခေါင်းမော့လိုက်သည်။ "နင့်ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး ၁၄.၈ သန်း ရှိတာလား။"
"ဒါပေါ့။ စိတ်ဝင်စားဖို့ကောင်းတာလေးတွေနဲ့ ကြုံတွေ့ခဲ့ရလို့လေ။ ဟိဟိ" အန်လင်းသည် မလုံမလဲဖြင့် ပြန်ဖြေလိုက်သည်။
စုချန်းရန်မှာ ထိတ်လန့်မှုကြောင့် တိတ်ဆိတ်သွားလေသည်။ မည်ကဲ့သို့သော စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များသည် လူတစ်ဦးအား နှစ်နှစ်တာ ကာလအတွင်း စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ၁၄.၈ သန်းအထိ စုဆောင်းရရှိစေခဲ့သနည်း။ အင်ပါယာမိသားစု၏ မင်းသမီးတစ်ဦးဖြစ်သည့် စုချန်းရန်သည် ချမ်းသာကြွယ်ဝသူများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း သူမအတွက်ပင်လျင် အလွန်အံ့အားသင့်ဖို့ကောင်းနေဆဲ ဖြစ်သည်။
ထိုပမာဏသည် ပျက်ပြယ်ခြင်းအဆင့်ရှိ ကောင်းကင်အင်မော်တယ်တစ်ဦး အတွက်ပင်လျင် များပြားလှသည်ပေသည်။ အန်လင်းသည် နှစ်နှစ်မျှနှင့် ထိုမျှလောက်ပမာဏအား စုဆောင်းနိုင်ခဲ့ခြင်းမှာ ရူးသွားလောက်သည်။
စုချန်းရန်သည် အနည်းငယ်မျှ စိတ်တည်ငြိမ်သွားပြီးသည့်နောက်တွင် အန်လင်းအား ကြည့်လိုက်သည်။ နောက်ပြောင်နေခြင်း မဟုတ်မှန်း မြင်တွေ့လိုက်ရသည့်အခါတွင် အလေးအနက်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။ "ကောင်းပြီလေ။ အဲဒါဆိုရင်လည်း လစန္ဒာနန်းတော်ကို ခေါ်သွားပေးမယ်။"
ကျယ်ပြောလှသည့် ငွေရောင်ကုန်းမြေကြီးတွင် သံလွင်ပင်တို့ ထူထပ်စွာ ပေါက်ရောက်နေလေသည်။
သံလွင်ပန်းပွင့်တို့၏ သင်းရနံ့သည် အဝေးသို့တိုင်အောင် သင်းပျံ့မွှေးကြိုင်လျက်ရှိပြီး အနီးပတ်ဝန်းကျင်အား နှစ်လိုဖွယ်ရာ မွှေးရနံ့ဖြင့် ညှို့ငင်ဆွဲဆောင်လျက်ရှိလေသည်။
အကယ်၍ သေမျိုးများသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး သန့်စင်ယင်စွမ်းအားများဖြင့် ပြည့်ဝနေသည့် မွှေးရနံ့အား ရှူရှိုက်မိပါက သူတို့၏ သက်တမ်းမှာ ၁၀ နှစ်ခန့် တိုးမြှင့်သွားပေလိမ့်မည်။
အန်လင်းသည် ခွေး၏ကျောပေါ်တွင် ထိုင်ကာဖြင့် စုချန်းရန်၏နောက်သို့ လိုက်ပါလာပြီး သံလွင်သစ်တောအုပ်အား ဖြတ်သန်းလေသည်။ ထို့နောက်တွင် သူတို့သည် ခမ်းနားထည်ဝါသည့် နန်းတော်တစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
နန်းတော်မှ အဖြူရောင်အလင်းဖျော့ဖျော့ ထုတ်လွှတ်လျက်ရှိပြီး တည်ငြိမ်အေးမြမှုနှင့် သန့်စင်မြင့်မြတ်မှုတို့အား ပေးစွမ်းလေသည်။
တံခါးပေါက်တွင် ကျောက်ချပ်ပြားတစ်ခု စိုက်ထူထားပြီး စာလုံးအချို့ ရေးသားထားသည်။ "အလုံးစုံသော ယောကျ်ားနှင့် ခွေးများ ဝင်ရောက်ခွင့်မပြု။"
စုချန်းရန်၏ ကြွေရုပ်နှင့်တူသည့် မျက်နှာလေးပေါ်တွင် အားနာမှုတို့ ထင်ဟပ်ကာဖြင့် တပိုင်အား လှည့်ကြည့်လာသည်။ "တပိုင်ရေ.. လစန္ဒာနန်းတော်မှာ စည်းမျဉ်းတွေ ရှိတာကြောင့် အပြင်မှာပဲ ခဏလောက် စောင့်နေပေးနော်။"
အန်လင်းသည် ရယ်မောကာဖြင့် တပိုင်၏ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် တပိုင်၏ ဦးခေါင်းအား အသာဖွလိုက်ပြီး "သနားဖို့ကောင်းတာကွာ ခွေးတွေ ဝင်လို့မရဘူးတဲ့။ တစ်နေရာရာမှာ သွားပြီး ကစားနေလိုက်တော့။"
တပိုင်သည် မျက်လုံးများ ပြူးကာဖြင့် "အံ့ဩဖို့ကောင်းလိုက်တာ။ ယောကျ်ားနဲ့ခွေး ဝင်ခွင့်မပြုဆိုပြီး အန်လင်းကျတော့ ဝင်ခိုင်းတယ်။ ဆိုလိုတာကတော့... ဝုတ်"
အန်လင်း : “…”
တပိုင်ထံမှ ထိုကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။ တပိုင်အား သင်ခန်းစာ ကောင်းကောင်း ပေးသင့်နေပုံပင်။
စုချန်းရန်၏ နူးညံ့သည့် မျက်နှာလေးတွင် အနီရောင်သမ်းလာပြီး "အတန်းဖော် အန်လင်းရေ ငါက အဲဒီလို မဆိုလိုပါဘူး။ နင်က ယောကျ်ားတစ်ယောက်ပါပဲ။ ငါ.. ငါက နင်ဝင်ခွင့်ရဖို့ ခြွင်းချက်ထားပေးထားတာပါ။"
အန်လင်းနှုတ်ခမ်းများ မဲ့ရွဲ့လာသည်။ သူသည် ယောက်ျားတစ်ဦးဖြစ်သည်ဟူသော အချက်အား အသေးစိတ်ဖော်ပြရန် အမှန်တကယ် လိုအပ်ပါသည်လား။
အတန်းဖော် စု ရေ.. နင်က ဘာလို့များ အတည်ပေါက်တွေ ဖြစ်နေရတာလား။
ထို့နောက်တွင် စုချန်းရန်သည် အန်လင်းအား ဦးဆောင်ကာဖြင့် လစန္ဒာနန်းတော်အတွင်းသို့ ဝင်သွားလေသည်။
လမ်းတစ်လျှောက်၌ အန်လင်းသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားကာ မျက်နှာအား ဇာပုဝါပါး ဖုံးကာထားသည့် အမျိုးသမီးအစေခံများစွာကို မြင်တွေ့ရလေသည်။
သူတို့အားလုံးသည် စုချန်းရန်အား ရိုသေလေးစားစွာဖြင့် ဦးညွှတ်ကြလေသည်။ စုချန်းရန်သည် လစန္ဒာနန်းတော်၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။
အန်လင်းထံသို့ အကြည့်များရောက်ရှိလာကြသည့် အခါတွင်မူ သူတို့၏ မျက်လုံးများတွင် သိလိုစိတ်များ ပြည့်နှက်လာလေသည်။ အန်လင်း၏ လည်စေ့အား မြင်တွေ့လိုက်သည့်အခါ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာကြသည်။
အန်လင်းသည် ထိုအကြည့်များနှင့် လွန်စွာရင်းနှီးလေသည်။ ထို့နောက်တွင် အန်လင်းသည် တိရိစ္ဆာန်ရုံထဲရှိ ပန်ဒါလေးများအား ကြည့်ရှုရန်သွားရောက်သည့်ဟန် ပြုမူလိုက်သည်။
သူတို့နှစ်ဦးသည် စူးစမ်းသည့်အကြည့်များအား ကျော်ဖြတ်ကာဖြင့် လျှောက်လှမ်းလာခဲ့ကြသည်။ လစန္ဒာနန်းတော်မှာ အလွှာ ၉ လွှာရှိပြီး ချန်အယ်သည် ထိပ်ဆုံးလွှာတွင် နေထိုင်လေသည်။
"အကြောင်းကြားဖို့ မလိုဘူးလား။" အန်လင်းမှာ အနည်းငယ် စိုးရိမ်နေမိသည်။
စုချန်းရန် ခေါင်းယမ်းလိုက်သည်။ "မလိုဘူး။ လစန္ဒာနန်းတော်ထဲကို နင်ခြေချလိုက်ကတည်းက အစ်မ ချန်အယ်က သိပြီးသား။ နင်ဝင်လာတာကို မဟန့်တားဘူး ဆိုကတည်းက သူမနဲ့တွေ့ဖို့ ခွင့်ပြုလိုက်တာပဲ။"
အန်လင်း ခေါင်းညိတ်လိုက်သည်။ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရမည်ကို အတော်လေး စိုးရိမ်နေမိခြင်းဖြစ်သည်။
ချန်အယ်သည် ဂုဏ်ပုဒ်အမျိုးမျိုးနှင့် အလွန်ကျော်ကြားလှသည်။ ကိုးပြည်ထောင်နိုင်ငံတော်တွင် အကျွမ်းကျင်ဆုံးသော ဆေးလုံးဖော်စပ်သူ၊ ကောင်းကင်ဘုံပိုင်နက်၏ ကြွယ်ဝမှု အရှိဆုံးသောသူ၊ ကောင်းကင်ဘုံပိုင်နက် တစ်ခုလုံးတွင် အလှပဆုံးသော အမျိုးသမီး။ ပျက်ပြယ်ခြင်းအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်၊ စသဖြင့် ဂုဏ်ပုဒ်များစွာရှိပြး ထိုဂုဏ်ပုဒ်များသည် အန်လင်းအား ပြင်းထန်စွာ ဖိနှိပ်ထားသယောင်ပင်။
အဌမအလွှာသို့ ရောက်ရှိသည့်အခါတွင် ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟမ် စုချန်းရန်.. ဘာလို့များ ဒီကို ယောကျ်ားတစ်ယောက် ခေါ်လာရတာတုန်း။"
"အိုး.. ဒါက အရူးအန် မဟုတ်လား။"
အန်လင်းမှာ ရင်ဘတ်ထဲ တင်းကြပ်လာလေသည်။ နင့်ဘကြီးကို အရူးအန်။
အခန်းအတွင်းသို့ ကြည့်လိုက်သည့်အခါတွင် ဗလာကျင်းဝတ်စုံနှင့် ဖြူဖွေးနေသည့် အရာတစ်ခုအား မြင်တွေ့လိုက်ရသည်။
ယုန်ကောင်။
ထိုယုန်သည် လူတစ်ဝက်ခန့် ရှည်လျားပြီး အန်လင်း၏အရှေ့သို့ ခုန်ဆွခုန်ဆွဖြင့် ရောက်ရှိလာလေသည်။ ယင်းသည် နီရဲဝိုင်းစက်နေသည့် မျက်လုံးများနှင့် သူ့အား စေ့စေ့စပ်စပ် ကြည့်လာပြီး လက်ထဲတွင် ဆေးကြိတ်သည့် ကျောက်စိမ်းကျည်ပွေ့အား ကိုင်ထားသေးသည်။
"ရှောင်ယွဲ့.. အတန်းဖော် အန် ကို ဘယ်လိုပြောလိုက်တာလဲ။" စုချန်းရန် အနည်းငယ် ဒေါသထွက်လာသည်။
ယွဲ့တုသည် အေးစက်စွာဖြင့် ဟွန့်ခနဲ ပြုလိုက်ပြီး "စုချန်းရန် နင်မယုံဘူးဆိုရင် အရူးအန်ရဲ့ အသိဉာဏ်ကို စစ်ဆေးပြမယ်။ အဲဒါဆိုရင် ငါဆိုလိုတာကို နင်နားလည်သွားလိမ့်မယ်။"
ထိုယုန်၏ ကျောက်စိမ်းကျည်ပွေ့နှင့် အထုခံရသည်ကြောင့် သတိလစ်မေ့မျောသွားရသည့် အခိုက်အတံ့အား ပြန်လည်သတိရမိသည့်အခါ အန်လင်းမှာ ခြေထောက်များပင် မခိုင်တော့ချေ။
"တော်လိုက်တော့ ရှောင်ယွဲ့ အတန်းဖော် အန်လင်းက သူ့ရဲ့အကြွေးကို ပြန်ဆပ်ဖို့ ရောက်လာတာ။" စုချန်းရန်သည် နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် ယွဲ့တုအား ရွှန်းစိုတောက်ပသည့် အပြာရောင်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ အမူအရာတွင် ဒေါသတို့ ထင်ဟပ်နေသော်လည်း လွန်ကဲစွာ ချစ်ဖို့ကောင်းနေလေသည်။
ယွဲ့တု၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာသည်။ "အကြွေးဆပ်ဖို့ ရောက်လာတာ ဟုတ်လား။ သေမျိုးကမ္ဘာကို ထပ်သွားတယ်လို့ ပြောချင်တာလား။ တိုက်ဆိုင်လိုက်တာ။ ငါ့ရဲ့မုန့်တွေလည်း ကုန်ခါနီးနေပြီ။ ဥနီခြောက်တွေက သိပ်တော့မကောင်းဘူး။ အဲဒါကြာင့် ၄၀ ကီလိုဂရမ်လောက်ပဲ ယူတော့မယ်။ ဥနီအရသာ မုန့်ချပ်က သေတ္တာ ၂၀၊ ဥနီအရသာ အာလူးကြော်က ၃ တန်...."
"ဟေး ငါဆိုလိုတာ အဲဒါ မဟုတ်ဘူး။ သူက စိတ်ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် စုဆောင်းထားပြီးတာကြောင့် အစ်မ ချန်အယ်ရဲ့ ဆေးလုံးဖော်စပ်ပေးတဲ့ ကုန်ကျစရိတ်ကို ပြန်ပေးချင်တာ။" စုချန်းရန် အလျင်စလို ရှင်းပြလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံး အများအပြား စုဆောင်းထားပြီးပြီ ဟုတ်လား။" ယွဲ့တု၏ နားရွက်လေးများမှာ စိတ်မကျေနပ်မှုကြောင့် ငိုက်စိုက်ကျသွားလေသည်။ ထို့နောက်တွင် အန်လင်းအား မော့ကြည့်လာပြီး သူ၏လက်ထဲရှိ ကျောက်စိမ်းကျည်ပွေ့အား မြှောက်ကာဖြင့် "စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ စုထားပြီးလို့တုန်း။"
ယွဲ့တု၏ ကျောက်စိမ်းကျည်ပွေ့အား မြင်တွေ့လိုက်ရသည့်အခါတွင် အန်လင်း၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာပြီး "၁၄.၈ သန်း ပါ။"
ခွမ်း
ယွဲ့တု၏ ကျောက်စိမ်းကျည်ပွေ့ လွတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သူမသည် အန်လင်းအား တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။
"စိတ်ဝိညာဉ်ကျောက်တုံး ၁၄.၈ သန်း ဟုတ်လား။ ငါ့.. ငါ့ကို အရူးလို့ ထင်နေတာလား။ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။"
အန်လင်း ကြိတ်မှိတ်ကာဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ သိုလှောင်လက်စွပ်အား ယွဲ့တုမြင်နိုင်အောင် ပြလိုက်သည်။
ယွဲ့တုသည် စိတ်ဝိညာဉ်ကျောက်တုံးနှင့် ချီကျောက်တုံးအပုံအား ကြည့်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာသည်။ "ဘဏ်ဓားပြတိုက်လာတာလား။ ဟုတ်ဘူး။ ဘဏ်တွေမှာတောင် အဲလောက်များများ မရှိဘူး။ အင်ပါယာမိသားစု တစ်ခုခုကနေ ခိုးလာတာလား။ အဲဒါလည်း မဖြစ်နိုင်ဘူး။ နင်က အဲလောက်ထိ အစွမ်းမထက်ဘူး။ လုံးဝကို မတွေးတက်တော့ဘူး။ အရူးတွေမှာလည်း အရူးကံဆိုတာ ရှိသေးတာကိုး..."
အန်လင်းမှာ အရူးဟု ထပ်ကာထပ်ကာ ခေါ်ဆိုခံနေရသည့်အတွက် နှလုံးသားထဲ၌ ဒေါသတို့ အစပျိုးလာလေပြီ။ "ဟွန့် နင့်လိုမျိုး သနားစရာ သတ္တဝါလေးက ငါ့လိုမျိုး ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာတဲ့လဲ။"
"ဟက် နင်က ငါ့ရှေ့က ဘယ်လိုဖြစ်ပြီး အခုလို မောက်မာနိုင်ရတာတုန်း။"
ယွဲ့တုအော်ဟစ်ကာဖြင့် သူ၏ ကျောက်စိမ်းကျည်ပွေ့အား လေထဲသို့ ဝှေ့ယမ်းလိုက်သည်။
ဘန်း
ကျောက်စိမ်းကျည်ပွေ့သည် အန်လင်း၏ဦးခေါင်းအား ထိမှန်ပြီးနောက် အန်လင်းမှာ သတိလစ်မေ့မျောသွားမတတ်ပင် ဖြစ်လေတော့သည်။
***