အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း ၁၈၁ - အလောင်းပုပ်ရည်
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ထိုလူနှစ်ဦးသာမက ဘေးတွင် မတ်တတ်ရပ်ကြည့်နေသော လင်းရန်ယန်ပင်လျှင် မှင်သက်အံ့အားသင့်သွားရ၏။
“ဒီလိုမျိုးတောင် နမ်းမိသွားကြတာလား”
လင်းရန်ယန်မှာ ဆွံ့အသွားရတော့၏။ ဇာတ်လမ်း၏ ပြုပြင်ပြောင်းလဲမှု စွမ်းအားက တကယ်ပဲ ဤမျှတောင် အားကောင်းလှသနည်း။
ဦးလေးကိုးသည် အခြားတစ်ယောက်ကို အလျင်အမြန်ပင် တွန်းဖယ်လိုက်ပြီး မြေပြင်မှ ကုန်းရုန်းထလိုက်သည်။
“ကျွန်တော်... ကျွန်တော်... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ တမင်လုပ်တာ မဟုတ်ပါဘူး”
ဦးလေးကိုးမှာ အလောတကြီး ရှင်းပြပြီးနောက် လှည့်၍ ပြေးတော့၏။ ဤမြင်ကွင်းမှာ ကြည့်ရသည်မှာ ကိစ္စပြီးသွားသည့်အခါ တာဝန်မယူလိုဘဲ ထွက်ပြေးသွားသော လူကြီးတစ်ယောက်နှင့်ပင် တူနေပါသေးသည်။ ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးမှာလည်း လင်းရန်ယန်၏ ရှေ့မှောက်၌ ထိတ်လန့်တုန်လှုပ်သော မျက်နှာပေးဖြင့် ဒူးထောက်လိုက်၏။
“သန့်ရှင်းသော သူတော်စင်၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ၊ အပြစ်အားလုံးက ကျွန်မဆီမှာပဲ ရှိတာပါ၊ ကျွန်မကိုပဲ ငရဲကို ပို့ပစ်လိုက်ပါတော့”
သီလရှင်ကြီးသည် ဦးလေးကိုးအတွက် လင်းရန်ယန်အား အသနားခံနေတော့၏။
“ရပါပြီ၊ ရပါပြီ၊ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်လုံးကို ခွင့်လွှတ်ပါတယ်၊ ထကြတော့”
လင်းရန်ယန်မှာ ဆွံ့အလျက် သူ၏ ညာလက်ကို ဝေ့ယမ်းကာ သီလရှင်ကြီးကို မြေပြင်မှ မလိုက်၏။
“ကျေးဇူးတင်ပါတယ် သန့်ရှင်းသော သူတော်စင်အရှင်၊ ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”
သီလရှင်ကြီးသည် ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။ သို့သော်လည်း နောက်တစ်ခဏ၌ လင်းရန်ယန်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“တောက်... တောက်... တောက်... ငါ ဘယ်လိုတောင် ကံဆိုးရတာလဲ”
ဤအချိန်တွင် ဦးလေးကိုးမှာ အပြင်ဘက် ဝင်းထဲသို့ ရောက်ရှိနေပြီး သူ၏ နှုတ်ခမ်းများကို အတင်းအကျပ် ပွတ်တိုက်နေတော့၏။ သူ၏ ပထမဆုံး အနမ်းမှာ ဤကဲ့သို့ ပျောက်ကွယ်သွားရသည်ကို သူ မခံစားနိုင်ချေ။
“ဂိုဏ်းတူအစ်ကိုကြီးကတော့ အမြတ်ထွက်နေတာတောင် အရှုံးသမားလို လုပ်နေပြန်ပြီ၊ အဲ့ဒီလူက အစ်ကိုကြီး ငရဲသွားမှာ စိုးလို့ အစ်ကိုကြီးအစား အသနားခံပေးနေတာ၊
အစ်ကိုကြီးပဲ သူမကို လက်ခံလိုက်ပါတော့လား”
လင်းရန်ယန်က ဦးလေးကိုးကို ပြုံးလျက် နောက်ပြောင်လိုက်၏။
“လျှောက်မပြောစမ်းနဲ့၊ မင်းရဲ့ အစ်ကိုကြီးရဲ့ နှလုံးသားထဲမှာ တာအိုလမ်းစဉ်ကို လိုက်စားဖို့ပဲ ရှိတ၊”
ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခေါင်းကို တရစပ် ခါယမ်းလိုက်၏။ တစ်ကယ်လို့သာ လက်ခံရမည်ဆိုပါက ကိုယ်လုံးကိုယ်ပေါက် ပိုလှသည့်သူကိုသာ ရှာမည် ဖြစ်သည်။ ဂိုဏ်းတူညီမလေး ‘ထျန်းအန်းတီ’ ကို ရှာခြင်းကပင် ဤသည်ထက် ပို၍ ကောင်းဦးမည်။
“ဦးလေးကိုး... ဦးလေးကိုး... ဦးလေးကိုး ဒီမှာ ရှိနေတာပဲ၊ ကျွန်တော်တို့ တစ်တောင်လုံးကို ရှာပေမယ့် လင်းနို့အသိုက်ကို ရှာမတွေ့ဘူး ဖြစ်နေတယ်၊ ဘယ်လိုလုပ်ကြမလဲ”
ထိုခဏ၌ ရွာသူကြီးနှင့် လူစုမှာ စိုးရိမ်တကြီးဖြင့် လျှောက်လာကြ၏။ လင်းနို့အသိုက်ကို ရှာမတွေ့ပါက သူတို့ရွာ၏ ဖုန်းရွှေကို ပြင်၍ ရမည်မဟုတ်ဘဲ ဆင်းရဲမည့်နေ့ကိုသာ စောင့်နေရတော့မည်။
“ကိစ္စမရှိပါဘူး၊ လင်းနို့အသိုက်ကို ကျွန်တော့်ရဲ့ ညီငယ်က ဖျက်ဆီးပစ်လိုက်ပြီ၊ ဒါပေမဲ့ ရေမြစ်ဖျားခံရာ နေရာမှာ ကိုင်တွယ်ရမယ့် ညစ်ပတ်တဲ့ အရာအချို့ကိုတော့ ကျွန်တော်တို့ တွေ့ခဲ့တယ်”
ဦးလေးကိုးက ဖြည်းညင်းစွာ ဆိုလိုက်၏။
“ဗျာ... ညစ်ပတ်တဲ့ အရာတွေ ဟုတ်လား၊ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”
ရွာသူကြီးမှာ ရုတ်တရက် ကြောင်သွားရ၏။
“တူးထုတ်ပစ်လိုက်ရုံပါပဲ၊ သွားကြစအောင်... တောင်ပေါ်ကို ပြန်တက်မယ်”
ဦးလေးကိုးက လက်ဝေ့ယမ်းကာ ကိစ္စအသေးအမွှား ဖြစ်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် လူစုသည် တောင်ထိပ်ဆီသို့ ဦးတည်သွားကြပြန်တော့၏။ ဦးလေးကိုးနှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်သောအခါ အကွမ်က သူ၏ လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။ လက်အောက်ငယ်သားများကလည်း သဘောပေါက်သည့်နှယ် ဘုရားကျောင်း နံရံပေါ်တွင် ကြေညာချက်တစ်ခုကို ကပ်လိုက်ကြ၏။
၎င်း၏ အဓိပ္ပာယ်မှာ ဤနေရာတွင် လင်းနို့အသိုက်တစ်ခု ပေါ်ပေါက်နေသဖြင့် သုံးရက်အတွင်း ဤနိုင်ငံခြား ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း၊ အကယ်၍ ကန့်ကွက်လိုပါက သီလရှင်အားလုံး လုံခြုံရေးတပ်ဖွဲ့ရုံးသို့ လာရောက်ကာ တွေ့ဆုံဆွေးနွေးရမည် ဖြစ်ကြောင်းပင် ဖြစ်သည်။
“အဖွဲ့ခေါင်းဆောင်၊ ခေါင်းဆောင်ရဲ့ ဒီနည်းလမ်းက တကယ့်ကို ပြောင်မြောက်တာပဲ၊ သူတို့ကို သုံးရက် အချိန်ပေးထားလိုက်မယ်၊ သုံးရက် ပြည့်သွားတဲ့အခါ ဦးလေးကိုးတို့လည်း ပြန်သွားကြပြီ ဖြစ်မှာလေ၊
အဲ့ဒီအခါကျရင် ဦးလေးကိုးတို့လည်း ကျွန်တော်တို့ကို ပြဿနာ လာရှာလို့ မရတော့ဘူးပေါ့”
တပ်ဖွဲ့ဝင်တစ်ဦးက ဤယုတ်မာလှသော အကြံအစည်ကို ချီးကျူးလိုက်၏။
“မင်းကလည်း... ငါ့ရဲ့ ဦးနှောက်က ထွက်လာတဲ့ အကြံပဲ၊ မပြောင်မြောက်ဘဲ နေပါ့မလား၊ သူတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးကလည်း သေသွားပြီဆိုတော့ ကျန်တဲ့ မိန်းကလေးငယ်လေးတွေက လုံခြုံရေးရုံးကို လာတဲ့အခါ ငါ့ရဲ့ ကုတင်ပေါ်ကို ရောက်လာဖို့ အေးဆေးပဲပေါ့၊ လှည့်စားလို့ မရရင်တောင်မှ အတင်းအဓမ္မ လုပ်လို့ ရတာပဲ၊ အဆိုးဆုံး ဖြစ်လာရင်တော့ သူတို့ကို သတ်ပြီး တောင်ပေါ်မှာ မြှပ်လိုက်ရုံပေါ့၊ သူတို့ရဲ့ အသက်ကို ဘယ်သူက ဂရုစိုက်မှာလဲ”
စိုးရိမ်ပူပန်နေသော သီလရှင်ငယ်လေးများကို ကြည့်ကာ အားကွမ်သည် ယုတ်မာရက်စက်စွာ ပြုံးလိုက်၏။ အခြားသော တပ်ဖွဲ့ဝင်များကလည်း လိုက်၍ ပြုံးကြသည်။ သို့သော်လည်း ထိုခဏ၌ ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခုမှာ ဘုရားကျောင်းအတွင်းမှ လမ်းလျှောက်ထွက်လာခဲ့၏။
အားကွမ်၏ မျက်လုံးများမှာ ချက်ချင်း ပြူးထွက်သွားခဲ့ပြီး…
“တစ္ဆေ... တစ္ဆေ... တစ္ဆေ... တစ္ဆေကြီး”
အကွမ်သည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လျက် ထွက်ပြေးတော့၏။ အခြားသူများမှာလည်း ကြောင်တောင်တောင်ဖြင့် အားကွမ် ကြည့်နေသော နေရာကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းသွားခဲ့ရ၏။
“အမလေး... သူမက ဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ”
“တစ္ဆေပဲ... ဒါ အသေအချာ တစ္ဆေပဲ၊ ပြေးကြဟေ့”
အော်ဟစ်သံများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးမှာ ဖရိုဖရဲ ထွက်ပြေးကုန်ကြတော့၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက်၊ ဦးလေးကိုးနှင့် လူစုမှာ တောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။ လင်းရန်ယန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝါးလုံးတစ်လုံးကို ယူကာ နေရာတစ်ခုသို့ ထိုးစိုက်လိုက်၏။
“ဒီနေရာကနေ တူးလိုက်ကြ၊ ခုနစ်မီတာ၊ ရှစ်မီတာလောက် တူးပြီးရင် ရောက်လိမ့်မယ်”
လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။
“ကြားတယ် မဟုတ်လား၊ မြန်မြန် တူးကြစမ်း”
ရွာသူကြီးသည်လည်း တုံ့ဆိုင်းမနေဘဲ ရွာသားများကို အမိန့်ပေးလိုက်၏။ ချက်ချင်းပင် လူတိုင်းမှာ ပေါက်ပြားများကို ကိုင်စွဲကာ ထိုနေရာသို့ လာရောက်၍ အားသွန်ခွန်စိုက် တူးကြတော့၏။ သို့သော်လည်း ထိုအရှိန်ကို ကြည့်ကာ လင်းရန်ယန်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။
“နှေးလွန်းတယ်၊ ထားလိုက်တော့... ကျွန်တော်ပဲ လုပ်လိုက်တော့မယ်”
လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။
“ဗျာ... ဆရာလေး လင်းရန်ယန်၊ ဒီလို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်မျိုးကို ဆရာလေးကို ဘယ်လိုလုပ် ခိုင်းရမှာလဲ”
“ဟုတ်ပါတယ် ဆရာလေး၊ ကျွန်တော်တို့ လုပ်နိုင်ပါတယ်”
“အဝတ်အစားတွေ ပေကုန်ပါဦးမယ်”
ရွာသားများမှာ ဝိုင်းဝန်း တားမြစ်ကြ၏။
“ခင်ဗျားတို့ အရှိန်နဲ့ဆိုရင် တူးပြီးတဲ့အခါ မိုးတောင် မှောင်သွားလိမ့်မယ်၊ ဖယ်ကြစမ်း”
လင်းရန်ယန်က အကူအညီမဲ့စွာ ဆိုလိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်၏။
သူ၏ စကားကို ကြားသောအခါ ရွာသားများမှာ ရွာသူကြီးကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ သူတို့ တစ်ဒါဇင်လောက်က လင်းရန်ယန် တစ်ယောက်တည်းကိုတောင် မယှဉ်နိုင်ဘူးလား ဟု တွေးနေကြခြင်း ဖြစ်၏။
“ဆရာလေးက ဖယ်ခိုင်းရင် ဖယ်လိုက်ကြစမ်းပါ၊ ဘာတွေ ရစ်နေတာလဲ”
ရွာသူကြီးသည် လင်းရန်ယန် ဘာလုပ်မည်ကို မသိသော်လည်း သဘောတူလိုက်ရ၏။ ထိုအခါမှ ရွာသားများအားလုံးမှာ အလျင်အမြန် ဖယ်ပေးလိုက်ကြသည်။ လင်းရန်ယန်သည်လည်း အချိန်မဖြုန်းတော့ချေ။
“ပွင့်စေ”
သူသည် အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဆွဲခွဲလိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာခဲ့တော့၏။ ထိုပြင်းထန်လှသော တုန်ခါမှုကြောင့် မည်သူမျှ တည့်တည့်မတ်မတ် မရပ်နိုင်ကြတော့ချေ။
“ငလျင်လား... ဘယ်လိုဖြစ်ပြီး ငလျင်လှုပ်တာလဲ”
လူတိုင်း၏ စိတ်ထဲ၌ ထိုအတွေးတစ်ခုသာ ပေါ်ပေါက်နေတော့၏။
သို့သော်လည်း နောက်တစ်ခဏ၌ လူတိုင်းကို ထိတ်လန့်သွားစေမည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ ပြင်းထန်လှသော တုန်ခါမှုများကြား၌ လင်းရန်ယန်၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ တဖြည်းဖြည်း အက်ကွဲလာခဲ့၏။ မဟုတ်သေးချေ၊ မြေပြင်တင်မကဘဲ တစ်တောင်လုံးမှာ အက်ကွဲသွားခြင်း ဖြစ်သည်။ ထိုအက်ကြောင်းကြီးမှာ တောင်ခြေအထိ တိုက်ရိုက်ပင် ဆန့်ထွက်သွားခဲ့လေပြီ။
ကြီးမားလှသော အက်ကြောင်းကြီးက ရောက်ရှိနေသူအားလုံးကို ဘေးနှစ်ဖက်သို့ ခွဲပစ်လိုက်၏။ ထိုခဏ၌ ရွာသူကြီးနှင့် အခြားသူအားလုံး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးထွက်သွားခဲ့ရတော့သည်။ အကွမ်နှင့် သူ၏ တပ်ဖွဲ့ဝင်များကဲ့သို့ သတ္တိမရှိသူများမှာမူ ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ကျသွားခဲ့ကြပြီး ကြောက်လွန်းသဖြင့် ဆီးနှင့် ဝမ်းပင် ထွက်ကျကုန်ကြတော့၏။
“နတ်ဘုရားပဲ... ဆရာလေး လင်းရန်ယန်က နတ်ဘုရားတစ်ပါးပဲ”
“တကယ့် နတ်ဘုရားပဲ၊ ဒီလိုမျိုး တောင်တွေကို ရွှေ့နိုင်၊ ပင်လယ်တွေကို ဖို့နိုင်တဲ့ စွမ်းအားမျိုးကတော့ နတ်ဘုရားတောင်မှ လုပ်နိုင်ပါ့မလား”
“နတ်ဘုရားအရှင်မြတ်၊ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို လက်ခံတော်မူပါ”
ခြွင်းချက်မရှိဘဲ ပတ်ဝန်းကျင်ရှိ ရွာသားများအားလုံးမှာ လင်းရန်ယန်၏ ရှေ့မှောက်၌ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက် ဝတ်ပြုလိုက်ကြတော့၏။ ထို့နောက် သူတို့သည် လင်းရန်ယန်ကို တမြေ့မြေ့ ဦးတိုက်နေကြတော့၏။ လင်းရန်ယန်ကမူ သူတို့ကို ဂရုမစိုက်ဘဲ သူ၏ ညာလက်ကိုသာ အသာအယာ ကွေးလိုက်၏။
ဝုန်း၊
ကြီးမားလှသော အက်ကြောင်းကြီးအတွင်းမှ ခြောက်ကပ်နေသော အလောင်းတစ်ခုမှာ မြေကြီးထဲမှ တဖြည်းဖြည်း လွင့်တက်လာခဲ့သည်။
“အလောင်းကြီးပါလား၊ ရေမြစ်ဖျားခံရာ နေရာမှာ အလောင်းကြီး ရှိနေတာလား”
ရွာသူကြီးနှင့် အခြားသူများမှာ ဤသည်ကို မြင်သောအခါ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားခဲ့ရ၏။
“နေဦး... ဒါဆိုရင် ငါတို့ နေ့တိုင်း သောက်နေတဲ့ ရေတွေက အလောင်းပုပ်ရည်တွေပေါ့ ဟုတ်လား”
ရုတ်တရက် ရွာသားတစ်ဦးက အော်ဟစ်လိုက်၏။ သူ စကားပြောလိုက်သည်နှင့် လူတိုင်း၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ရပြီ။ ထို့နောက် လူတိုင်းမှာ အန်ပစ်ကြတော့၏။ သူတို့သည် ဤရေကို သောက်ရုံတင်မကဘဲ နှစ်ပေါင်း နှစ်ဆယ်တိုင်တိုင် သောက်ခဲ့ကြခြင်း ဖြစ်၏။ လူငယ်အချို့ဆိုလျှင် မွေးကတည်းကပင် ဤအလောင်းပုပ်ရည်ကို သောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကံကောင်းလှသည်မှာ ရွာသူကြီးသည် လောကအတွေ့အကြုံ များလှသဖြင့် အနည်းငယ် ပို၍ တည်ငြိမ်နေသေး၏။
“ဘာတွေ ထိတ်လန့်နေကြတာလဲ၊ မြစ်ကြီးတွေ၊ ချောင်းကြီးတွေထဲမှာလည်း အလောင်းတွေ အများကြီး ရှိတာပဲ၊ မြစ်ဝါမြစ်နဲ့ ယန်ဇီမြစ် အနီးမှာ နေတဲ့သူတွေလည်း အလောင်းတွေ ပါတဲ့ရေကို သောက်လာခဲ့တာ နှစ်ပေါင်း ထောင်ချီနေပြီ၊ သူတို့မှာ ဘာမှ ဖြစ်တာ မတွေ့ပါဘူး”
ရွာသူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထိုစကားကို ကြားမှသာ ပတ်ဝန်းကျင်ရှိ လူများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြတော့၏။
“ရွာသူကြီး ပြောတာ မှန်လိုက်တာ၊ ရွာသူကြီးလည်း တစ်နေ့လုံး တောင်တက်ထားရတာဆိုတော့ ရေဆာနေမှာပေါ့၊ ရော့... ရေလေး သောက်လိုက်ဦး”
သို့သော်လည်း ချိုးရှန်း၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားပြီး ရေဘူးတစ်ဘူးကို ထုတ်ကာ ရွာသူကြီးထံသို့ ကမ်းပေးလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာလေး ချိုးရှန်း၊ ကျွန်တော် တကယ်ပဲ ရေဆာနေတာပါ”
ချိုးရှန်းက ကမ်းပေးခြင်း ဖြစ်သဖြင့် ရွာသူကြီးမှာ သံသယ မရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် ဦးလေးကိုးတို့မှာ ရွာသားများ မဟုတ်ကြသဖြင့် ရွာထဲမှ ရေကို သယ်လာမည် မဟုတ်ဟု သူ ထင်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူသည် ရေဘူး၏ တစ်ဝက်ခန့်ကို မော့သောက်လိုက်တော့၏။
သို့သော်လည်း ထိုခဏ၌ ချိုးရှန်းသည် အပြစ်ကင်းစင်လှသော အပြုံးတစ်ခုကို ပြလိုက်၏။
“ဪ... ဒါနဲ့ ရွာသူကြီး၊ ကျွန်တော် ပြောဖို့ မေ့သွားလို့၊ ကျွန်တော် သယ်လာတဲ့ ရေက ကုန်သွားပြီလေ၊ အဲ့ဒါကြောင့် ဒီရေကို တောင်ခြေနားကနေ ခပ်လာခဲ့တာ၊ ကြည့်ရတာ ကြည်လင်နေတာနဲ့ အဆင်ပြေမှာပါလို့ ကျွန်တော် ထင်လို့ပါ၊
ဘာပဲဖြစ်ဖြစ်... ရွာသူကြီးကိုယ်တိုင်လည်း အဆင်ပြေတယ်လို့ ပြောထားတာပဲလေ”
သူက ပြုံးရယ်လျက် ဆိုလိုက်သည်။ ကံဆိုးလှသည်မှာ သူ စကားပြောလိုက်သည်နှင့် ရွာသူကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားခဲ့ရလေပြီ။
“အု... အော့...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွာသူကြီးမှာ တိုက်ရိုက်ပင် အန်ထုတ်လိုက်တော့၏။
“ဒီကောင်လေး... မင်းကတော့ လူတွေကို နောက်ပြောင်ဖို့ပဲ သိတယ်”
ဤသည်ကို မြင်သောအခါ ဦးလေးကိုးသည်လည်း ချိုးရှန်းကို ပြင်းထန်စွာ ဆဲဆိုလိုက်၏။
“အဟမ်း... သူကိုယ်တိုင်ပဲ အလောင်းပုပ်ရည် သောက်တာ အဆင်ပြေတယ်လို့ ပြောခဲ့တာ မဟုတ်လား”
ချိုးရှန်းက ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်လိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
သို့သော်လည်း ထိုခဏ၌ မြေပြင်မှာ နောက်ထပ် တစ်ကြိမ် ပြင်းထန်စွာ တုန်ခါလာခဲ့ပြန်၏။ နောက်တစ်ခဏ၌ ကွဲနေသော တောင်ကြီးမှာ တဖြည်းဖြည်း ပြန်လည် စေ့သွားခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် မမြင်ရသော မြေဓာတ် စွမ်းအားလှိုင်းတစ်ခုမှာ တစ်တောင်လုံးသို့ ပျံ့နှံ့သွားခဲ့ရလေသည်၊ လင်းရန်ယန် တောင်ကို ခွဲလိုက်စဉ်က ဖြစ်ပေါ်ခဲ့သော အက်ကြောင်းများမှာ ချက်ချင်းပင် ပြန်လည် ပိတ်သွားခဲ့သည်။
တောင်ကြီးမှာ အက်ကြောင်း တစ်ခုမျှ မရှိခဲ့သည့်အလား ပြန်လည် တည်ငြိမ်သွားခဲ့တော့၏။ ဤကဲ့သို့သော နတ်ဘုရားဆန်လှသည့် နည်းလမ်းမှာ ဦးလေးကိုးကိုပင် အံ့သြတကြီး ဖြစ်သွားစေခဲ့ရလေသည်။ အမှန်စင်စစ်၊ ကျင့်ကြံခြင်းမှာ တစ်စုံတစ်ရာသော အဆင့်သို့ ရောက်ရှိသွားသောအခါ၊ လှုပ်ရှားမှုတိုင်းမှာ နတ်ဘုရားတစ်ပါး၏ စွမ်းအားကို ထုတ်ဖော်နိုင်သည်။ သူသည်လည်း သူ၏ သက်တမ်းတစ်လျှောက်တွင် လင်းရန်ယန်ကဲ့သို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်ပါ့မလားဟု သူ တွေးတောနေမိတော့၏။
“ကောင်းပါပြီ၊ ကိစ္စတွေ အားလုံး ပြီးဆုံးသွားပါပြီ၊ ခင်ဗျားတို့ရွာရဲ့ ရေမြစ်ဖျားခံရာကို နောက်ထပ် နှစ်ရက်၊ သုံးရက်လောက် ရေတွေ အလိုလို စီးဆင်းသွားအောင် ထားလိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်”
လင်းရန်ယန်က ပြောဆိုနေစဉ်မှာပင် သူ၏ ညာလက်က ဟင်းလင်းပြင်၌ လွင့်နေသော အလောင်းခြောက်ကြီးကို အသာအယာ တောက်လိုက်၏။ ချက်ချင်းပင် အလောင်းခြောက်ကြီးမှ ပြင်းထန်လှသော မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။
“ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်မြတ်၊ ကျေးဇူးတင်ပါတယ် ဦးလေးကိုး”
ရွာသူကြီးသည်လည်း စိတ်လှုပ်ရှားစွာဖြင့် လင်းရန်ယန်နှင့် ဦးလေးကိုးတို့ကို ကျေးဇူးတင်လိုက်၏။ သူတို့ရွာမှာ နောက်ဆုံးတော့ ကယ်တင်ခြင်း ခံလိုက်ရပြီ ဖြစ်သညိ။ ထို့သို့ ပြောဆိုပြီးနောက် သူသည် သူ၏ အဝတ်အစားများကြားမှ ငွေဒင်္ဂါး တစ်ထောင်တန်သော ငွေစက္ကူတစ်ရွက်ကို အလျင်အမြန် ထုတ်ယူလိုက်၏။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်မြတ်၊ ကျေးဇူးတင်ပါတယ် ဦးလေးကိုး၊
ကျန်ရှိသော ရွာသားများအားလုံးမှာလည်း လင်းရန်ယန်၏ ရှေ့၌ အလျင်အမြန် ဒူးထောက် ဦးတိုက်လိုက်ကြတော့၏။ ယခုအခါ သူတို့၏ မျက်လုံးထဲ၌ လင်းရန်ယန်မှာ တကယ့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီ။
“ဂိုဏ်းတူအစ်ကိုကြီး... သွားကြရအောင်”
လင်းရန်ယန်က ဦးလေးကိုးကို ပြောလိုက်၏။
“အားလုံး ပြီးသွားပြီဆိုမှတော့ ငါတို့ ထွက်သွားကြတာပေါ့”
ဦးလေးကိုးက အသာအယာ ပြုံးလိုက်၏။ သူ၏ ညီငယ်လေး ဘေးမှာ ရှိနေခြင်းက တကယ်ပင် ကောင်းလှပေသည်၊ သူက တစ်ချက်လောက် လှုပ်ရှားလိုက်ရုံဖြင့် ငွေဒင်္ဂါး တစ်ထောင်မှာ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ဒါနဲ့... ခင်ဗျားတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ကိုတော့ ကျွန်တော် ကြည့်ရတာ စိတ်ပျက်ဖို့ ကောင်းလွန်းလို့၊ ကျွန်တော့်သဘောနဲ့ကျွန်တော် ခင်ဗျားတို့အတွက် ဖြေရှင်းပေးလိုက်တယ်၊ နောင်ကျရင်တော့ ပိုပြီး အသုံးတည့်တဲ့ လူတွေကို ရှာပြီး ခန့်ထားလိုက်ကြပါ”
သို့သော်လည်း မထွက်ခွာမီမှာပင် လင်းရန်ယန်သည် မျက်မှောင်ကြုတ်လျက် ရွာသူကြီးနှင့် အခြားသူများကို ပြောလိုက်၏။ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အနံ့ဆိုးများဖြင့် ပေကျံနေသော အကွမ်နှင့် အခြားသူများ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရလေပြီ။
“ဖြေရှင်းပေးတယ် ဟုတ်လား၊ ဘယ်လိုမျိုး ဖြေရှင်းပေးမှာလဲ”
ရွာသူကြီးမှာ ကြောင်သွားရ၏။ ကံဆိုးလှသည်မှာ လင်းရန်ယန်က ရှင်းပြခြင်း မပြုမီမှာပင် သူ၏ လှုပ်ရှားမှုက အဖြေကို ပေးလိုက်ခြင်းပင် ဖြစ်တော့၏။
အခန်း ၁၈၂ - အသားကွဲ၍ အရေလန်ခြင်း
လင်းရန်ယန်သည် သူ၏ ညာလက်ဖြင့် လက်ဖျစ်တစ်ချက် တီးလိုက်၏။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် အားကွမ်နှင့် သူ၏ လက်အောက်ငယ်သားများမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သူတို့၏ ခန္ဓာကိုယ်များမှာ ပြာအဖြစ်သို့ ပြောင်းလဲကာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရတော့၏။
“ဒါ ဘာဖြစ်တာလဲ၊ ငါ့ရဲ့ လက်တွေ ဘယ်ရောက်ကုန်တာလဲ၊ နတ်ဘုရားအရှင်မြတ်၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”
“ကျွန်တော် မသေချင်သေးဘူး၊ နတ်ဘုရားအရှင်မြတ်၊ ကျွန်တော့်ကို ကယ်ပါဦး”
အားကွမ်နှင့် အခြားသူများမှာ ကြောက်လန့်တကြား အော်ဟစ်နေကြသည်။ ပတ်ဝန်းကျင်ရှိ ရွာသားများမှာမူ ထိတ်လန့်မှုကြောင့် တုန်ရင်နေကြပြီး ဒေါသအရိပ်အယောင်မျှပင် မပြဝံ့ကြချေ။ နောက်ဆုံးတွင်မူ အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် အားကွမ်နှင့် အခြားသူများမှာ မြေပြင်ပေါ်၌ ဖုန်မှုန့်များအဖြစ် လုံးဝ ဥဿုံ ပြန့်ကျဲ ပျောက်ကွယ်သွားခဲ့ရတော့၏။
“သွားကြစို့”
လင်းရန်ယန်မှာ ရွာသူကြီးနှင့် အခြားသူများကို ရှင်းပြနေရန် စိတ်မပါတော့ချေ။ အမှန်စင်စစ် ရွာသူကြီးအနေဖြင့် ဤလူများ မည်သို့သော ယုတ်မာမှုများ ပြုလုပ်ခဲ့သည်ကို အသိဆုံး ဖြစ်လိမ့်မည်။
“ဂလု၊ ဆရာကြီး... ဦးလေး လေးက ဘာလို့ ရုတ်တရက် လူတွေကို သတ်ပစ်လိုက်တာလဲ”
ချိုးရှန်းသည် ကြောက်လန့်တကြားဖြင့် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်၏။
“ဟုတ်တယ်၊ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”
ဝိန်ချိုက်သည်လည်း အနည်းငယ် ထိတ်လန့်နေသည်။ လင်းရန်ယန်က သူ့ကိုလည်း လက်ဖျစ်တီးပြီး ဖျက်ဆီးပစ်လိုက်မည်လားဟု သူ တွေးတောနေမိ၏။
“သူတို့က ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံကြရတာပဲ၊ သွားကြစို့”
ဦးလေးကိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လင်းရန်ယန်၏ နောက်သို့ လိုက်သွားတော့၏။ ဝိန်ချိုက်နှင့် ချိုးရှန်းတို့လည်း အလျင်အမြန်ပင် နောက်မှ ကပ်လိုက်သွားကြသည်။
“နတ်ဘုရားအရှင်မြတ်၊ ကောင်းကောင်းကြွပါ”
ရွာသူကြီးမှာ သတိပြန်ဝင်လာပြီးနောက် လင်းရန်ယန် ထွက်ခွာသွားသော အရပ်မျက်နှာသို့ လှည့်၍ အလျင်အမြန် ဒူးထောက် အော်ဟစ်လိုက်၏။
“နတ်ဘုရားအရှင်မြတ်၊ ကောင်းကောင်းကြွပါ”
ပတ်ဝန်းကျင်ရှိ ရွာသားများအားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး လင်းရန်ယန်က သူတို့ကိုပါ သတ်ပစ်မည်ကို စိုးရိမ်သဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ အလုအယက် အော်ဟစ်နေကြတော့၏။ လင်းရန်ယန်နှင့် အခြားသူများ ထွက်ခွာသွားပြီး ဆယ်မိနစ်ကျော် ကြာသည့်တိုင်အောင် ထိုလူစုမှာ မြေပြင်ပေါ်၌ ဝတ်ပြုနေကြဆဲပင် ဖြစ်သည်။
“နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ၊ တစ်နေ့လုံး တောင်တက်နေရတာ ငါတော့ ပင်ပန်းပြီး သေတော့မှာပဲ”
အိမ်သို့ ရောက်သည်နှင့် ချိုးရှန်းက နာကျင်နေသော မျက်နှာပေးဖြင့် ရေရွတ်လိုက်၏။ လုံချွမ်းရွာသို့ သွားရန်မှာ ကီလိုမီတာ ဆယ်ဂဏန်းမျှ လမ်းလျှောက်ရုံသာမက တောင်ပါ တက်ရသဖြင့် တကယ့်ကို ပင်ပန်းလှသည်။
“ငါ အရင်ဆုံး ခဏ အိပ်ဦးမယ်၊ မင်းတို့ ကောင်လေးနှစ်ယောက် ငါ့ကို လာမနှောင့်ယှက်ကြနဲ့ဦး”
လင်းရန်ယန်က ဝိန်ချိုက်နှင့် ချိုးရှန်းကို ပြောဆိုပြီးနောက် သူ၏ အခန်းထဲသို့ တိုက်ရိုက်ပင် ဝင်သွားတော့၏။
“ငါလည်း ရေသွားချိုးဦးမယ်၊ မင်းတို့ နှစ်ယောက် ကျင့်ကြံခြင်းကို သေချာ လုပ်ထားကြ”
ဦးလေးကိုးသည်လည်း ရေချိုးခန်းဆီသို့ လျှောက်လှမ်းသွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချိုးရှန်း၏ မျက်နှာမှာ အနည်းငယ် ဝင်းပသွားခဲ့၏။
“အခွင့်အရေး ရပြီ ဝိန်ချိုက်၊ သွားပြီး ပျော်ပါးကြရအောင်၊ မြို့ထဲမှာ ‘ယီဟုန်လုံ’ ဆိုတဲ့ ပြည့်တန်ဆာရုံအသစ် ဖွင့်ထားတယ်တဲ့၊ သွားကြည့်ရအောင်လေ”
ချိုးရှန်းက ကောက်ကျစ်လှသော အပြုံးဖြင့် ဆိုလိုက်၏။ လင်းရန်ယန်၏ ငွေများနှင့် ဝိန်ချိုက်၏ ငွေများမှာ သူတို့နှစ်ဦး ပျော်ပါးခဲ့သဖြင့် ကုန်ဆုံးနေသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ပြင် နောက်ဆုံးတစ်ကြိမ် ပြဿနာရှာခဲ့စဉ်က ဦးလေးကိုးမှာ ငွေများစွာ ကုန်ကျခဲ့သဖြင့် သူတို့မှာ မုန့်ဖိုး မရသည်မှာလည်း ကြာခဲ့ပြီ ဖြစ်၏။
“ဟင်၊ ငွေခိုးတာကို ဆရာကြီး သိသွားရင် ငါတို့ အသေအရိုက်ခံရမှာ မဟုတ်လား၊ ပြီးတော့ ငါတို့ ဒီအတိုင်း သွားရင်လည်း ဆရာကြီး ချက်ချင်း သိသွားမှာပေါ့”
ဝိန်ချိုက်မှာ ကြောက်လန့်နေ၏။
“ငါတို့ နှစ်ယောက်က မသွားဘူးလေ၊ ငါတို့မှာ လင်းနို့ဖုတ်ကောင်လေး ရှိတာပဲ မဟုတ်လား”
ချိုးရှန်းက ရုတ်တရက် ပြုံးလိုက်ပြီး ထောင့်တစ်နေရာ၌ တစ်ခုခု မှားယွင်းထားသည့်အလား ပုန်းကွယ်နေသော ဖုတ်ကောင်လေးကို ညွှန်ပြလိုက်၏။
“ဖုတ်ကောင်လေး၊ မင်း ဘာလုပ်နေတာလဲ”
ချိုးရှန်းက အနားသို့ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
“အား”
ဖုတ်ကောင်လေးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ အရာဝတ္ထုမှာ မြေပြင်ပေါ်သို့ ချက်ချင်းပင် ပြုတ်ကျသွားခဲ့ရလေသည်။ ချိုးရှန်း အနီးကပ် ကြည့်လိုက်သောအခါ ၎င်းမှာ ဦးလေးကိုး၏ လျှပ်စီးပစ်ခံထားရသော မက်မွန်သား ဓားကောက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုမက်မွန်သားဓားမှာ ယခုအခါ အပိုင်းနှစ်ပိုင်း ဖြစ်နေပြီ။
ဤသည်ကို မြင်လိုက်ရသောအခါ ချိုးရှန်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးထွက်သွားခဲ့ရ၏။
“ဟာ... မင်း ဆရာကြီးရဲ့ မက်မွန်သားဓားကို ချိုးပစ်လိုက်တာလား၊ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်လိုက်ရတာလဲ”
ချိုးရှန်းမှာ မအော်ဘဲ မနေနိုင်တော့ချေ။
“သွားပြီ၊ တကယ် သွားပြီ၊ မင်းကတော့ တကယ်ကို အဆုံးသတ်သွားပြီပဲ၊ ငါတို့တောင် မင်းကို ကယ်လို့ မရတော့ဘူး”
ဝိန်ချိုက်ကလည်း ‘မင်း သေတာ သေချာသွားပြီ’ ဆိုသော မျက်နှာပေးဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးမှာ အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်နက်မှာ လွန်ခဲ့သော နှစ်ရက်က သူတို့နှစ်ဦးကြောင့်ပင် ကျိုးသွားခဲ့ခြင်း ဖြစ်သောကြောင့်ပင် ဖြစ်၏။ ကိစ္စမှာ ဤသို့ဖြစ်ပေသည်။ ချိုးရှန်းနှင့် ဝိန်ချိုက်တို့ ငွေပြတ်လပ်နေသဖြင့် ဦးလေးကိုး၏ လက်နက်ကို ယူကာ သရဲဖမ်း၍ ငွေရှာရန် ကြံစည်ခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်နေစဉ် ချိုးရှန်းမှာ ခြေချော်လဲသွားခဲ့ပြီး မက်မွန်သားဓားကို တိုက်ရိုက်ပင် ဖိမိ၍ ချိုးမိသွားခဲ့ခြင်း ဖြစ်၏။ ထိုမက်မွန်သားဓားမှာ ဝိညာဉ်စွမ်းအားများ ထည့်သွင်းထားလျှင် မည်သို့မျှ ဖျက်ဆီး၍ မရသော်လည်း၊ သူတို့နှစ်ဦးမှာ ဝိညာဉ်စွမ်းအား မထည့်တတ်ကြချေ။ ထို့ကြောင့် လက်နက်မှာ လွယ်လင့်တကူ ကျိုးသွားခဲ့ခြင်းပင် ဖြစ်၏။
ထို့နောက် သူတို့နှစ်ဦးသည် အစီအစဉ်တစ်ခု ပြုလုပ်ကာ၊ ဖုတ်ကောင်လေးနှင့် ထိုလက်နက်ကို တိုက်မိစေရန် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
“ယား”
ထိုစကားကို ကြားသောအခါ ဖုတ်ကောင်လေးမှာ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရလေပြီ။ အသတ်ခံရတော့မည်ဟု တွေးတောမိကာ သူ၏ ဦးနှောက်ငယ်လေးမှာ မခံစားနိုင်တော့ချေ။
“ဒါပေမဲ့၊ နည်းလမ်းတစ်ခုတော့ ရှိနိုင်တယ်”
ရုတ်တရက် ချိုးရှန်းက ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ စကားပြောလိုက်သည်နှင့် ဖုတ်ကောင်လေး၏ မျက်လုံးများမှာ တောက်ပသွားခဲ့ရသည်။ သူသည် ချိုးရှန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
“မင်းသာ ဆရာကြီးရဲ့ ငွေတွေထဲက ငွေဒင်္ဂါး ၃၀ ကို ငါတို့အတွက် ခိုးပေးမယ်ဆိုရင်၊ ငါတို့ ဒီမက်မွန်သားဓားကို ပြန်ပြင်ပေးမယ်”
ချိုးရှန်းက ကောက်ကျစ်လှသော အပြုံးဖြင့် သွေးဆောင်လိုက်၏။ ထိုစကားကို ကြားသောအခါ ဖုတ်ကောင်လေး၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ခေါင်းကို အသည်းအသန် ခါယမ်းလိုက်တော့၏။
“ဒါက ငွေဒင်္ဂါး အနည်းငယ်ပဲလေ၊ မင်းလည်း ဆရာကြီး သိသွားမှာကို မလိုလားဘူး မဟုတ်လား၊
ဦးလေးလေး ပြောတာတော့ ဒီလက်နက်က အနည်းဆုံး ငွေဒင်္ဂါး သန်းပေါင်းများစွာ တန်တယ်တဲ့၊
သန်းပေါင်းများစွာ တန်တဲ့အရာအတွက် ငွေဒင်္ဂါး ၃၀ နဲ့ လဲတာကတော့ မင်း အမြတ်ထွက်တာ သေချာတယ်”
ဘေးမှ ဝိန်ချိုက်ကလည်း ပြုံးလျက် ဝင်ပြောလိုက်၏။ ယခုမူ ဖုတ်ကောင်လေးမှာ စိတ်ဝေခွဲမရ ဖြစ်နေပြီ။ နောက်ဆုံးတွင်မူ သူသည် ခေါင်းလေးငုံ့ကာ ဦးလေးကိုး၏ အခန်းဆီသို့ ဂရုတစိုက် တွားသွားသွားတော့၏။ ဖုတ်ကောင်လေးတွင် ဦးလေးကိုးကိုယ်တိုင် ဖန်တီးထားသော ‘ဝိညာဉ်ချုပ် အင်းစာ’ ရှိသဖြင့် သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ယင်အငွေ့အသက်များကို ပိတ်ဆို့ထားနိုင်သည်။ ထို့ကြောင့် ဦးလေးကိုးပင်လျှင် ဖုတ်ကောင်လေးကို အာရုံမခံနိုင်ခြင်း ဖြစ်၏။
ခဏအကြာတွင် ဖုတ်ကောင်လေးမှာ ငွေသေတ္တာလေးကို ပွေ့ချီကာ ပြန်ထွက်လာခဲ့သည်။ သို့သော်လည်း သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ခြေချော်သွားခဲ့၏။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေသေတ္တာမှာ မြေပြင်ပေါ်သို့ ကျကွဲသွားပြီး ငွေဒင်္ဂါးများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားခဲ့ရသည်။
“ဘာဖြစ်တာလဲ၊ ဘယ်သူက ငါ့ငွေတွေကို လာထိတာလဲ”
ဦးလေးကိုးမှာ အသံကုန် အော်ဟစ်လိုက်၏။ ငွေဒင်္ဂါးများ မြေပေါ်ကျသံကို ကြားသည်နှင့် သူ ချက်ချင်းပင် သိလိုက်သည်။ သူသည် ရေချိုးခန်းသုံး တဘက်တစ်ထည်ကိုသာ ပတ်လျက် အလျင်အမြန် ပြေးထွက်လာခဲ့၏။ ထိုအခါ ငွေများကို လိုက်လံကောက်နေသော ဝိန်ချိုက်နှင့် ချိုးရှန်းတို့ကို တွေ့လိုက်ရတော့၏။
“မကောင်းတော့ဘူး၊ ဆရာကြီး ထွက်လာပြီ၊ ပြေးကြဟေ့”
ချိုးရှန်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး အော်ဟစ်ကာ ထွက်ပြေးတော့၏။
“အဲ့ဒီမှာ ရပ်လိုက်စမ်း”
ဦးလေးကိုးမှာ ဒေါသတကြီး ဆဲဆိုလျက် သူတို့နောက်သို့ အလျင်အမြန် လိုက်လံဖမ်းဆီးတော့၏။ ကံဆိုးလှသည်မှာ သူတို့နှစ်ဦးမှာ ဝင်းအတွင်းမှ ပြေးထွက်သွားကြပြီ ဖြစ်သော်လည်း၊ အဝတ်အစား မပါသော ဦးလေးကိုးမှာမူ ကိုယ်လုံးတီးဖြင့် အပြင်သို့ မလိုက်ဝံ့ချေ။
“မင်းတို့ ကောင်လေးနှစ်ယောက်၊ ငါ့ငွေတွေကို ခိုးရဲတယ်ပေါ့၊ သတ္တိရှိရင် ပြန်မလာကြနဲ့ဦး၊ ပြန်လာတဲ့နေ့ကျရင်တော့ မင်းတို့ကို အသားကွဲအောင် ရိုက်ပစ်မယ်”
ဦးလေးကိုးမှာ သူတို့၏ အနောက်သို့ လှမ်း၍ အသံကုန် ဆဲဆိုနေပေတော့၏။ ဆဲဆိုပြီးနောက် သူသည် တံခါးကြီးကို ဒေါသတကြီး ပိတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် အခန်းထဲမှ ခေါင်းလေး ပြူထွက်နေသော ဖုတ်ကောင်လေးကို မြင်လိုက်ရ၏။
“မင်းလည်း ပါသေးတာလား၊ ငါ့ကို သစ္စာဖောက်ပြီး ဟိုကောင်လေးနှစ်ယောက်နောက် လိုက်ပြီး ငါ့ငွေတွေကို ခိုးရဲတယ်ပေါ့”
ဦးလေးကိုးသည် ဖုတ်ကောင်လေးကို စိုက်ကြည့်လိုက်၏။ ဖုတ်ကောင်လေးမှာ ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ပြန်ပုန်းလိုက်တော့၏။
“ဟင်၊ ဒါ ခုနက ဦးလေးကိုးရဲ့ အသံ မဟုတ်လား”
သို့သော်လည်း ထိုခဏ၌ အပြင်ဘက်မှ မိန်းကလေးငယ်လေးအချို့၏ အသံများ ထွက်ပေါ်လာခဲ့ပေသည်၊ ဦးလေးကိုး၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူ ပြေးချင်သော်လည်း၊ သူ၏ ရေချိုးတဘက်မှာ တံခါးနှင့် ညပ်နေသည်ကို သတိပြုမိလိုက်၏။
“ကျိ”
ထိုအချိန်မှာပင် တံခါးကြီးမှာ တဖြည်းဖြည်း ပွင့်လာခဲ့တော့၏။ ဦးလေးကိုးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး လက်သုတ်ပုဝါငယ်လေး တစ်ထည်ဖြင့် သူ၏ အောက်ပိုင်းကို ဖုံးအုပ်ကာ အနီးနားရှိ ကြက်ခြံနောက်သို့ အလျင်အမြန် ပုန်းကွယ်လိုက်သည်။
ထိုအချိန်မှာပင် တံခါးပွင့်သွားခဲ့လေပြီ။ ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးနှင့် သီလရှင်ငယ်လေးများ ဝင်ရောက်လာကြ၏။
“ဦးလေးကိုး၊ သန့်ရှင်းသော သူတော်စင်အရှင်၊ ရှိကြပါသလား”
“ဟင်၊ ဘယ်သူမှ မရှိဘူးလား၊ ခုနကတင် ဦးလေးကိုးရဲ့ အသံကို ကြားလိုက်သလိုပဲ”
“သူတို့ အခန်းထဲမှာ ရှိနေကြတာ နေမှာပါ”
လူစုမှာ စကားများ တပြောပြောနှင့် ရှိနေကြသည်။ လူတိုင်းမှာ သူတို့၏ အနောက်ဘက်သို့ လှည့်နေသည်ကို မြင်သောအခါ၊ ဦးလေးကိုးသည် သူ၏ အောက်ပိုင်းကို ကွယ်လျက် အနီးနားရှိ အခန်းဆီသို့ ဂရုတစိုက် လျှောက်လှမ်းသွား၏။
“ကျိ”
သို့သော်လည်း ထိုခဏ၌ အခန်းတံခါး ပွင့်သွားခဲ့လေပြီ။ လင်းရန်ယန်သည် အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့၏။ ဦးလေးကိုးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး လက်သုတ်ပုဝါဖြင့် ဖုံးကွယ်လျက် မြေပြင်ပေါ်၌ အလျင်အမြန် ထိုင်ချလိုက်တော့၏။
“သန့်ရှင်းသော သူတော်စင်အရှင်”
“တကယ်ပဲ သန့်ရှင်းသော သူတော်စင်အရှင်ပါလား”
“သန့်ရှင်းသော သူတော်စင်အရှင်ကို ဝတ်ပြုပါတယ်”
လင်းရန်ယန်ကို မြင်သည်နှင့် သီလရှင်အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြပြီး ဆုတောင်းစာများကို ရွတ်ဖတ်ကြတော့၏။
“ရပါပြီ၊ ရပါပြီ၊ ရွတ်မနေကြပါနဲ့တော့၊ မသိတဲ့သူဆိုရင် ငါ့ကို အသုဘပို့နေတယ်လို့ ထင်ကုန်ဦးမယ်၊ မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ”
လင်းရန်ယန်က ဆွံ့အစွာဖြင့် ဆိုလိုက်၏။ ထို့နောက် မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် ထိုင်နေသော ဦးလေးကိုးကိုလည်း မြင်လိုက်ရသည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ အစ်ကိုကြီးက ဘာလို့ အဲ့ဒီမှာ ထိုင်နေတာလဲ”
လင်းရန်ယန်က ရုတ်တရက် ပြုံးလျက် မေးလိုက်၏။ သူ စကားပြောလိုက်သည်နှင့် ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ထွက်ပြေးချင်သော်လည်း၊ ကံဆိုးလှသည်မှာ သီလရှင်များမှာ ထိုနေရာသို့ လှည့်ကြည့်လိုက်ကြခြင်းပင် ဖြစ်၏။
ဦးလေးကိုးသည် လက်သုတ်ပုဝါငယ်လေးဖြင့် ပုန်းကွယ်နေသော်လည်း၊ ၎င်းမှာ သူ၏ တစ်ကိုယ်လုံးကို မဖုံးနိုင်သဖြင့် အများစုမှာ ပေါ်ထွက်နေတော့၏။
“အား၊ သူ အဝတ်အစားတွေ ဝတ်မထားဘူး”
“လူယုတ်မာ၊ လူယုတ်မာကြီး လုပ်နေတာပဲ”
ချက်ချင်းပင် တစ်အိမ်လုံးမှာ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့၏။
တစ်နာရီခန့် ကြာပြီးနောက်၊ ဦးလေးကိုးမှာ အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ကာ ဘုရားကျောင်းဆောင်အတွင်း၌ လင်းရန်ယန်၏ ဘေးတွင် နာကျည်းစွာ ထိုင်နေ၏။ သီလရှင်များမှာမူ လင်းရန်ယန်၏ ရှေ့၌ ဒူးထောက်နေကြသည်။
“မင်းတို့က ငါ့ကို လုပ်ကျွေးပြုစုချင်တယ်လို့ ပြောတာလား”
လင်းရန်ယန်၏ နှုတ်ခမ်းများမှာ တွန့်သွားရ၏။ ၎င်းမှာ တကယ်ပင် မလိုအပ်သော အရာပင်။
“မှန်ပါတယ်၊ ကျွန်မတို့ သီလရှင်တွေဆိုတာ ဘုရားသခင်ကို လုပ်ကျွေးရတဲ့ အစေခံတွေပါ၊ အရှင်က သန့်ရှင်းသော သူတော်စင် ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ အရှင့်ကို လုပ်ကျွေးပြုစုရမှာက သဘာဝပါပဲ”
သီလရှင်ကြီးက အရူးအမူး ကြည်ညိုနေသော မျက်ဝန်းများဖြင့် ဆိုလိုက်၏။ အခြားသော သီလရှင်များကလည်း လင်းရန်ယန်ကို ကိုးကွယ်ယုံကြည်စွာဖြင့် ကြည့်နေကြသည်။ သန့်ရှင်းသော သူတော်စင်၏ အစေခံ ဖြစ်ခွင့်ရခြင်းမှာ အတိုင်းအထက်အလွန် ဂုဏ်ယူစရာပင် ဖြစ်၏။
“ကောင်းပါပြီ၊ မင်းတို့က လုပ်ကျွေးချင်တယ်ဆိုရင်လည်း သွားပြီး ထမင်းချက်ကြတော့၊ တစ်ကယ်လို့ လက်ရာ မကောင်းရင်တော့ ပြန်ကြရလိမ့်မယ်”
လင်းရန်ယန်မှာ ချိုးရှန်းနှင့် ဝိန်ချိုက်တို့၏ ချက်ပြုတ်ခြင်း လက်ရာကို ပြန်လည် သတိရလိုက်ကာ ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် ပြောလိုက်တော့၏။
“ကျေးဇူးတင်ပါတယ် သူတော်စင်အရှင်၊ ကျွန်မတို့ကို ဒီလို အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်”
သီလရှင်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် သီလရှင်ငယ်များကို ဦးဆောင်၍ မီးဖိုချောင်ဆီသို့ သွားလိုက်ကြတော့၏။
“ညီငယ်၊ ဒါက တာအိုဂေဟာလေ၊ ဒီလောက်များတဲ့ သီလရှင်တွေကို ထားတာက မသင့်တော်ဘူး မဟုတ်လား”
ဦးလေးကိုးသည်လည်း ဝိန်ချိုက်နှင့် ချိုးရှန်းတို့ ချက်သော ထမင်းကို မစားချင်တော့သော်လည်း၊ တစ်ခုခု မှားနေသည်ဟု သူ ခံစားနေရ၏။ အဓိက အကြောင်းရင်းမှာမူ သူသည် ထိုလူစု၏ ရှေ့မှောက်၌ အရှက်ကွဲခဲ့သဖြင့် အတူတူရှိနေရန်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခြင်းပင် ဖြစ်သည်။
“ဘာကို ကြောက်နေတာလဲ အစ်ကိုကြီးရဲ့၊ ကျွန်တော်လည်း နောက်နှစ်ရက်လောက်ဆိုရင် ထွက်သွားတော့မှာပါ၊ အဲ့ဒီအခါကျရင် အကြောင်းပြချက်တစ်ခုပေးပြီး သူတို့ကို ပြန်လွှတ်လိုက်ရုံပေါ့၊
အခမဲ့ ထမင်းချက်ပေးမယ့်သူတွေကို ဘာလို့ ငြင်းနေရမှာလဲ”
လင်းရန်ယန်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။
“အင်း... အဲ့ဒါလည်း ဟုတ်တာပဲ”
ထိုစကားကို ကြားရသောအခါ ဦးလေးကိုးမှာ ခေါင်းညိတ်လိုက်တော့၏။
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ မြို့ထဲမှ ထိတ်လန့်တုန်လှုပ်သော မျက်နှာပေးများဖြင့် ပြေးပြန်လာကြ၏။ သူတို့၏ အနောက်တွင်မူ မိန်းကလေး တစ္ဆေတစ်ကောင်ကို ခေါ်ဆောင်လာခဲ့ကြသည်။ ထိုမိန်းကလေး တစ္ဆေမှာ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး၊ ကြည့်ရသည်မှာ တကယ့်ကို ရက်ရက်စက်စက် သေဆုံးခဲ့ရပုံ ရ၏။
“ဆရာကြီး၊ ဦးလေး လေး၊ ကျွန်တော်တို့ကို ကယ်ပါဦး၊ လူတစ်ယောက် သေသွားပြီ”
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ အော်ဟစ်လျက် တာအိုဂေဟာအတွင်းသို့ ပြေးဝင်လာကြတော့၏။ ထိုကောင်လေးနှစ်ယောက်၏ အသံကို ကြားရသောအခါ၊ အိပ်ရန် ပြင်နေသော ဦးလေးကိုးမှာ ချက်ချင်းပင် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အနားရှိ တုတ်တစ်ချောင်းကို ဆွဲကာ ဝင်းအတွင်းသို့ ပြေးထွက်လာခဲ့၏။
“ဆရာကြီး၊ ကယ်ပါဦး”
“သိပ်ကောင်းတာပဲ၊ ဆရာကြီး ဒီမှာ ရှိနေတာပဲ”
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ ဦးလေးကိုးကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ တိုးသွားကြသော်လည်း၊ သူ၏ လက်ထဲမှ တုတ်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။
“မကောင်းတော့ဘူး ဝိန်ချိုက်၊ ပြေးကြဟေ့”
ချိုးရှန်းက အော်ဟစ်လိုက်ပြီး ချက်ချင်းပင် လှည့်၍ ထွက်ပြေးတော့၏။ ဝိန်ချိုက်သည်လည်း အသည်းအသန် ပြေးတော့၏။ ကံဆိုးလှသည်မှာ သူတို့၏ အရှိန်မှာ ဦးလေးကိုးကို မယှဉ်နိုင်ချေ။ ဦးလေးကိုးမှာ သူတို့နောက်သို့ ချက်ချင်းပင် လိုက်မီသွားပြီး မြေပြင်ပေါ်၌ ဖိနှိပ်ကာ အသားကုန် ရိုက်နှက်တော့၏။
“အား၊ ဆရာကြီး၊ ကျွန်တော်တို့ နောက်ကို မလုပ်ဝံ့တော့ပါဘူး”
“ဆရာကြီး၊ ကျွန်တော်တို့ မှားပါပြီ၊ တကယ် မှားပါပြီ”
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ နာကျင်လွန်းသဖြင့် အော်ဟစ် ငိုယိုနေကြတော့၏။
“ငါ့ငွေတွေကို ခိုးပြီး ပြည့်တန်ဆာရုံ သွားရဲတယ်ပေါ့၊ ကောင်းပြီလေ၊ တကယ့်ကို ကောင်းတယ်”
ဦးလေးကိုးမှာ အေးစက်စွာ ပြုံးလိုက်ပြီးနောက် သူ၏ လက်အရှိန်ကို ပို၍ တိုးမြှင့်လိုက်တော့၏။ မကြာမီမှာပင် ဝိန်ချိုက်နှင့် ချိုးရှနိးတို့မှာ အသားများ ကွဲ၍ သွေးချင်းချင်းနီအောင် အပြစ်ပေးခြင်းကို ခံလိုက်ရတော့၏။