အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း ၁၈၃ - အလွန်အမင်း ဆင်းရဲဒုက္ခရောက်ခြင်း
အကယ်၍ ထိုကောင်လေးနှစ်ယောက်မှာ အပြင်သို့ထွက်၍ စားသောက်ပျော်ပါးရုံသာဆိုလျှင် သူသည်လည်း အလေးထားနေမည်မဟုတ်ပေ၊ သို့သော် ပြည့်တန်ဆာရုံသို့ သွားရောက်ခြင်းမှာမူ အကြီးမားဆုံးသော တားမြစ်ချက်ပင် ဖြစ်၏။
ဤခေတ်ကာလတွင် ပြည့်တန်ဆာရုံရှိ အမျိုးသမီးများ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ အတင်းအဓမ္မ စေခိုင်းခံရသူများသာ ဖြစ်ကြသည်။ ထိုကဲ့သို့သော အပြစ်ကင်းစင်သည့် မိန်းကလေးငယ်များ၏ ဆင်းရဲဒုက္ခကို အသုံးချကာ မိမိကိုယ်မိမိ သာယာမှုရှာခြင်းမှာ မော်ရှန်းတာအိုဆရာတစ်ဦး၏ ကျင့်ဝတ်သိက္ခာနှင့် လုံးဝ ဆန့်ကျင်နေသည်၊ ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ ဦးလေးကိုးသည် အလျှော့ပေးရန် စိတ်ကူးမရှိတော့ချေ။
“အား... နာလှချေလား ဆရာကြီးရဲ့”
“ဆရာကြီး... သနားပါဦး၊ သနားပါဦး၊ နောက်ထပ်ဆိုရင် ကျွန်တော် သေသွားပါလိမ့်မယ်”
တုတ်ဖြင့် အချက်အနည်းငယ် အရိုက်ခံရပြီးနောက် ချိုးရှန်းနှင့် ဝိန်ချိုက်တို့မှာ မလှုပ်ရှားနိုင်တော့ဘဲ မြေပြင်ပေါ်၌ လူးလှိမ့်ကာ အော်ဟစ်နေကြတော့၏။ ထိုကဲ့သို့သော ဆွေးမြေ့ဖွယ် အော်ဟစ်သံများကြောင့် မလှမ်းမကမ်းတွင်ရှိသော လင်းရန်ယန်မှာ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
“ကြည့်စမ်း... ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် ပြည့်တန်ဆာရုံအထိ သွားခဲ့ကြတာပေါ့”
ထိုကောင်လေးနှစ်ယောက်၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ လင်းရန်ယန်က တည်ငြိမ်စွာ ဆိုလိုက်၏။
“ဦးလေး လေး... ကယ်ပါ... ကျွန်တော့်ကို ကယ်ပါဦး”
ဤအချိန်တွင် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး အသံပင် ကောင်းကောင်းမထွက်နိုင်တော့သော ချိုးရှန်းသည် အလျင်အမြန်ပင် အကူအညီ တောင်းလိုက်၏။ ဝိန်ချိုက်သည်လည်း သူ၏လက်ကို ဆန့်တန်းကာ သူ၏ ဦးလေး လေးမှ ကယ်တင်ပေးရန် တောင့်တနေတော့၏။
ကံဆိုးလှသည်မှာ ယခင်က သူတို့နှစ်ဦးကို အမြဲတမ်း ကယ်တင်ပေးလေ့ရှိသော လင်းရန်ယန်သည် ဤတစ်ကြိမ်တွင်မူ လက်တစ်ချောင်းမျှပင် မလှုပ်ရှားခဲ့ချေ။
“ဒီတစ်ခါတော့ ငါ မင်းတို့ကို ကယ်မှာမဟုတ်ဘူး၊ အစားကြူးတာ၊ အရက်သောက်တာ၊ မိန်းမလိုက်တာနဲ့ လောင်းကစားတာ... မင်းတို့နှစ်ယောက်ကတော့ မကောင်းမှု အကုန်လုံးကို လုပ်ခဲ့ကြတာပဲ၊
မော်ရှန်းရဲ့ ဥပဒေအရဆိုရင် မင်းတို့နှစ်ယောက်က ဂိုဏ်းကနေ ထုတ်ပယ်ခံရမယ့် အဆင့်ကို ရောက်နေပြီ၊ ဆရာကြီးလည်း အခုတော့ သတိမူသင့်ပါပြီ၊ ဒီကောင်လေးနှစ်ယောက်ကတော့ ဘယ်လိုမှ အသုံးကျလာမှာ မဟုတ်တော့ဘူး”
လင်းရန်ယန်၏ မျက်နှာပေးမှာ တည်ကြည်လေးနက်သွားပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ စကားပြောလိုက်သည်နှင့် ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့ရသည်။ ဦးလေးကိုးပင်လျှင် လင်းရန်ယန်၏ စကားကို ကြားပြီးနောက် သက်ပြင်းအရှည်ကြီးကို ချလိုက်ပြီး သူ၏လက်ထဲမှ တုတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့၏။
“ဆရာကြီး”
ချိုးရှန်းမှာ မြေပြင်မှ အသည်းအသန် ကုန်းရုန်းထလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် လှမ်း၍ ခေါ်လိုက်၏။
“ဆရာကြီး... ကျွန်တော်တို့ မှားပါပြီ၊ ဒီတစ်ခါတော့ တကယ်ကို မှားမှန်း သိပါပြီ”
ဝိန်ချိုက်၏ မျက်နှာမှာလည်း နောင်တရိပ်များဖြင့် ပြည့်နှက်နေတော့၏။
“မင်းတို့ သွားကြတော့၊ ငါ မင်းတို့ကို မသင်ပေးနိုင်တော့ဘူး၊ မင်းတို့ ဦးလေး လေး ပြောတာ မှန်တယ်... ငါကပဲ အတင်းအဓမ္မ ဆုပ်ကိုင်ထားခဲ့မိတာပဲ”
ကံဆိုးလှသည်မှာ ဦးလေးကိုးသည် နောက်ဆုံးတွင် သက်ပြင်းတိုးတိုးကို ချလိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။ ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ လျှပ်စီးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့၏။
“ဆရာကြီး”
“ဆရာကြီး... ဒီလိုမျိုး မလုပ်ပါနဲ့၊
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြပြီ။
“သွားကြစို့... ငါတို့ရဲ့ ဆရာတပည့် သံယောဇဉ်ကတော့ ဒီမှာတင် ပြီးဆုံးသွားပြီ၊ ဒါက ခရီးစရိတ်ပဲ၊ မင်းတို့ ရန်ကျားမြို့ကိုပဲ ပြန်ပြန်၊ တခြားနေရာကိုပဲ သွားသွား... မင်းတို့ သဘောပဲ”
ဦးလေးကိုးသည် ပြောပြောဆိုဆိုနှင့် ငွေအိတ်နှစ်အိတ်ကို ပစ်ပေးလိုက်ပြီးနောက် အိမ်အတွင်းသို့ လှည့်၍ ဝင်သွားတော့၏။
“ဆရာကြီး”
“ဆရာကြီး... ခဏလေးပါဦး”
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ သူ့နောက်သို့ အသည်းအသန် လိုက်ရန် ကြိုးစားကြ၏။
ဝုန်း၊
ကံဆိုးလှသည်မှာ ဦးလေးကိုးသည် သူ၏ ညာလက်ကို ဝေ့ယမ်းလိုက်ပေရာ ထိတ်လန့်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခုမှာ ထိုနှစ်ဦးကို ရိုက်ခတ်သွားပြီး နံရံဆီသို့ လွင့်စင်သွားစေခဲ့သည်။
“မင်းတို့နှစ်ယောက် ထွက်သွားကြပါတော့၊ ငါ့ရဲ့ တာအိုဂေဟာက မင်းတို့ကို လက်မခံဘူး”
ထိုစကားများကို ချန်ထားခဲ့ပြီးနောက် ဦးလေးကိုးသည် အခန်းတံခါးကို တိုက်ရိုက်ပင် ပိတ်လိုက်တော့၏။ ချိုးရှန်းနှင့် ဝိန်ချိုက်တို့မှာ နံရံပေါ်မှ လျောကျလာခဲ့ပြီး မျက်နှာများမှာ ဇဝေဇဝါနှင့် အကူအညီမဲ့နေကြ၏။ လင်းရန်ယန် ဖြည်းညင်းစွာ လျှောက်လာသည့် အချိန်ကျမှသာ သူတို့နှစ်ဦးမှာ သတိပြန်ဝင်လာကြတော့၏။
“ဦးလေး လေး... ကျွန်တော့်ကို တောင်းပန်ပေးပါဦး၊ ဆရာကြီး ကျွန်တော်တို့ကို ဂိုဏ်းကနေ မထုတ်ပစ်ပါစေနဲ့ဦး”
ချိုးရှန်းမှာ လင်းရန်ယန်၏ ရှေ့မှောက်၌ အလျင်အမြန် ဒူးထောက်ကာ အသနားခံတော့၏။
“ဟီး... ဦးလေး လေး... ကျွန်တော့်ကို ကူညီပါဦး”
ဝမ်ချိုင်သည်လည်း ငိုကြွေးလျက် လင်းရန်ယန်ကို တမြေ့မြေ့ ဦးတိုက်နေတော့၏။ ဤအချိန်တွင် သူတို့သည် အခြေအနေ၏ ပြင်းထန်မှုကို သိရှိသွားကြသော်လည်း နောက်ကျသွားခဲ့ပြီဟု ထင်ရသည်။
“ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ လွတ်လပ်မှုကို ရှာဖွေရမယ့် လမ်းစဉ်ဖြစ်ပေမယ့်၊ ကံဆိုးတာက မင်းတို့က မော်ရှန်းဂိုဏ်းကို ဝင်ခဲ့မိတာပဲ၊ ငါ့ရဲ့ မော်ရှန်းကို ဝင်လာပြီဆိုမှတော့ မော်ရှန်းရဲ့ ကျင့်ဝတ်တွေကို လိုက်နာရမှာပေါ့၊
တရားခြင်းနဲ့ မတရားခြင်းက အမြဲတမ်း ဆန့်ကျင်ဘက်မှာ ရှိနေတာပဲ၊ တစ်သက်လုံး တိုက်ပွဲဝင်ရမှာပဲ၊ ဘယ်အရာက တရားတယ်၊ ဘယ်အရာက မတရားဘူးဆိုတာကို မင်းတို့ သေသေချာချာ စဉ်းစားကြပါ၊
သွားကြတော့... အပြင်လောကမှာ လှည့်လည်သွားလာကြ၊ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ မင်းတို့ နားလည်လာလိမ့်မယ်၊ တစ်ကယ်လို့ မင်းတို့ တစ်သက်လုံး နားမလည်နိုင်ဘူးဆိုရင်လည်း တစ်သက်လုံး ပြန်မလာကြနဲ့တော့”
လင်းရန်ယန်မှာ ထိုနှစ်ဦးကို ကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်၏။ ထိုခဏ၌ ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ မှင်သက်သွားကြရ၏။ လင်းရန်ယန်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပါသည်၊ ဤတစ်ကြိမ်တွင်မူ သူပင်လျှင် သူတို့အတွက် အသနားခံပေးမည် မဟုတ်ပေ။
“သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး လေး၊ ကျွန်တော် သဘောပေါက်ပါပြီ”
အခြေအနေကို မပြောင်းလဲနိုင်တော့မှန်း သိလိုက်ရသောအခါ ချိုးရှန်းသည် နောက်ဆုံးတွင် လင်းရန်ယန်၏ ရှေ့မှောက်၌ ဦးတိုက်ကာ သုံးကြိမ်တိုင်တိုင် ကန်တော့လိုက်တော့၏။ ထို့နောက် သူသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ဆွဲကာ ဝင်းအလယ်တွင် ရပ်လျက် ဦးလေးကိုးရှိရာ အခန်းနှင့် ဘုရားကျောင်းဆောင်ရှိ ဆရာကြီးများထံသို့ ရိုသေစွာ သုံးကြိမ်စီ ဦးတိုက်လိုက်သည်။ ဤသည်ကို မြင်သောအခါ ဝိန်ချိုက်သည်လည်း မျက်ရည်များကြားမှ ချိုးရှန်းကဲ့သို့ပင် အကြိမ်ကြိမ် ကန်တော့လိုက်၏။
ဤသို့ လုပ်ဆောင်ပြီးနောက် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ဓာတ်ကျဆင်းနေသော ပုံရိပ်များဖြင့် တံခါးမကြီးအပြင်ဘက်သို့ လမ်းလျှောက် ထွက်ခွာသွားကြတော့၏။ သူတို့နှစ်ဦး တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် မမြင်ရသော စွမ်းအားတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီ။
“ဒါက မင်းတို့ရဲ့ ဦးလေး လေးဆီက နောက်ဆုံးလက်ဆောင်ပဲ... သွားကြတော့”
လင်းရန်ယန်၏ အသံမှာ နောက်တစ်ကြိမ် လွင့်ပျံ့လာခဲ့၏။
ဝုန်း၊
တာအိုဂေဟာ၏ တံခါးမကြီးမှာလည်း ပြင်းထန်စွာ ပိတ်သွားခဲ့လေပြီ။
“ချိုးရှန်း... ငါ့မှာ အိမ်မရှိတော့ဘူး”
ဝိန်ချိုက်သည် သူ၏ဘေးရှိ ချိုးရှန်းကို ကြည့်ကာ နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ငိုချလိုက်တော့၏။ သူသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ပါသည်၊ ဆရာကြီးသာ သူ့ကို ခေါ်မွေးမထားပါက သူသည် ဆာလောင်၍ သေဆုံးသွားသည်မှာ ကြာလှပြီ။ တစ်နည်းအားဖြင့်ဆိုသော် ဦးလေးကိုးမှာ သူ၏ တစ်ဦးတည်းသော ဆွေမျိုးပင် ဖြစ်သည်။ ယခုမူ သူ၏ တစ်ဦးတည်းသော ဆွေမျိုးပင် မရှိတော့ချေ။
“တောင်းပန်ပါတယ်... မင်းကိုပါ ဒုက္ခပေးမိတာ အားလုံး ငါ့အပြစ်တွေပါ၊ ဒီနေ့ကစပြီး ငါတို့နှစ်ယောက်က ညီအစ်ကိုအရင်းတွေပဲ”
ချိုးရှန်းက နောင်တရိပ်များဖြင့် ဝိန်ချိုင်ကို ပြောလိုက်၏။ သူသာ မဟုတ်ပါက ဝိန်ချိုက်သည်လည်း ဂိုဏ်းမှ ထုတ်ပယ်ခံရမည် မဟုတ်ပေ။
“ချိုးရှန်း... အခု ငါတို့ ဘယ်ကို သွားကြမလဲ၊ ရန်ကျားမြို့ကို ပြန်ကြမလား”
ဝိန်ချိုက်က ခါးသီးသော မျက်နှာဖြင့် မေးလိုက်၏။
“ဦးလေး လေး ပြောသလိုပဲ... လောကအနှံ့ လှည့်လည်သွားကြတာပေါ့”
ချိုးရှန်းသည် သက်ပြင်းအရှည်ကြီးကို ချလိုက်ပြီး ဦးလေးကိုး၏ တာအိုဂေဟာကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ကာ အဝေးသို့ ပြတ်သားစွာ လမ်းလျှောက်သွားတော့၏။ ဝိန်ချိုက်သည်လည်း နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး ချိုးရှန်းနောက်သို့ မရဲတရဲ လိုက်သွားတော့၏။
သို့သော်လည်း ထိုနှစ်ဦးမှာ အိမ်ခေါင်မိုးပေါ်မှ ဦးလေးကိုးနှင့် လင်းရန်ယန်တို့ သူတို့ထွက်ခွာသွားသည်ကို ကြည့်နေကြသည်ကိုမူ မမြင်ခဲ့ကြချေ။
“သူတို့ နောင်တစ်ချိန်မှာ လူ့အဖွဲ့အစည်းအတွက် အသုံးမကျရင်တောင်မှ၊ အနည်းဆုံးတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်တဲ့သူတွေ မဖြစ်လာပါစေနဲ့လို့ပဲ ငါ ဆုတောင်းရမှာပဲ”
ဦးလေးကိုးက သက်ပြင်းတိုးတိုးကို ချလိုက်၏။
“အစ်ကိုကြီးက သူတို့ကို အလိုလိုက်လွန်းခဲ့တာကိုး၊ ဒါပေမဲ့ လူတချို့ကတော့ ဒီလိုပါပဲ... အပြင်လောကမှာ နှစ်အနည်းငယ်လောက် ဒုက္ခခံလိုက်ရတာက သူတို့အတွက် ကောင်းသွားနိုင်ပါတယ်” လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။
အကယ်၍ ရုပ်ရှင်ထဲကအတိုင်းသာ အမှန်တကယ် ဖြစ်လာမည်ဆိုပါက ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ လုံးဝ ပြုပြင်၍မရသော သူများ မဟုတ်ကြချေ။ အနည်းဆုံးတော့ ‘နောက်ဆုံး ကောင်းကင်ဆရာ’ ရုပ်ရှင်ထဲတွင် သူတို့နှစ်ဦးစလုံးမှာ ပြည်သူများအတွက် ဘေးအန္တရာယ်များကို ဖယ်ရှားပေးသော တာအိုဆရာကြီးများ ဖြစ်လာခဲ့ကြပါသည်၊ နောက်ဆုံးတွင်မူ သူတို့သည် သာမန်လူသားများအတွက် ဖုတ်ကောင်လှိုင်းလုံးကြီးများကြား၌ အသက်ပေးသွားခဲ့ကြသည်။ သူတို့၏ စွမ်းအားကို ခေတ္တဖယ်ထားလျှင်ပင် သူတို့၏ စိတ်ဓာတ်မှာမူ လေးစားဖွယ် ကောင်းလှသည်။
“ဖြစ်နိုင်ပါတယ်၊ သူတို့မရှိတော့တာလည်း ကောင်းပါတယ်... အေးအေးဆေးဆေး ရှိတာပေါ့”
ဦးလေးကိုးက သက်ပြင်းတိုးတိုးကို ချလိုက်ပြီး အိမ်အတွင်းသို့ တိုက်ရိုက်ပင် ဝင်သွားတော့၏။ ဝမ်းမနည်းဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်၊ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကြောင် သို့မဟုတ် ခွေးတစ်ကောင်ကို မွေးထားလျှင်ပင် သံယောဇဉ်ရှိတတ်ပါသည်၊ လူသားနှစ်ဦးဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ချေ။
“ဒါနဲ့... ဒီတစ္ဆေမလေးကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ”
ဦးလေးကိုးက ဝင်းအတွင်း၌ လွင့်မျောနေသော ဝိညာဉ်ကို ကြည့်ကာ စကားလမ်းကြောင်း လွှဲလိုက်၏။
“သူမကို ငရဲပြည်ကိုပဲ ပို့လိုက်ရုံပေါ့၊ ပြစ်မှုကျူးလွန်တဲ့သူကိုတော့ တိုက်ရိုက်ပဲ ဖျက်ဆီးပစ်လိုက်မယ်”
လင်းရန်ယန်သည်လည်း တုံ့ဆိုင်းမနေဘဲ သူ၏လက်ကို ဝေ့ယမ်းလိုက်၏။
“ဝုန်း”
ချက်ချင်းပင် မိန်းကလေးတစ္ဆေ၏ ပတ်ဝန်းကျင်၌ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီး သူမကို ဝါးမြိုသွားကာ ဝင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ။
“သွားကြစို့ အစ်ကိုကြီး၊ ဒီကံဆိုးမှုတွေကို ဖယ်ရှားဖို့အတွက် လူတချို့ကို သွားသတ်ကြရအောင်”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီး ယီဟုန်ပြည့်တန်ဆာရုံရှိရာ အရပ်သို့ တိုက်ရိုက်ပင် လမ်းလျှောက်သွားတော့၏။ ဦးလေးကိုးသည်လည်း သူ့နောက်သို့ လိုက်ပါသွားသည်။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက်၊ ကျိုချွမ်းမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ယီဟုန်ပြည့်တန်ဆာရုံမှာ တစ်ညတည်းနှင့် အပျက်အစီးများ ဖြစ်သွားခဲ့ရ၏။ မိန်းမခေါင်းများ၊ ပွဲစားများ၊ လူမိုက်များနှင့် အလားတူလူအားလုံးမှာ ခေါင်းဖြတ်ခံခဲ့ရပါသည်၊ အပြစ်ကင်းစင်သော မိန်းကလေးငယ်များမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ကြသာ်။
လာရောက်လည်ပတ်သူများ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ သေဆုံးကုန်ကြပြီး၊ ကျန်ရှိသော နှစ်ဆယ်ရာခိုင်နှုန်းမှာမူ နက်နဲလှသော နည်းလမ်းဖြင့် အိမ်သို့ ပြန်ရောက်ခဲ့ကြသော်လည်း သူတို့မှာ အလွန်အမင်း ထိတ်လန့်နေကြသဖြင့် အသနားခံခြင်းကိုသာ ပြုလုပ်နေကြတော့၏။ ထိုအချိန်မှစ၍ ကျိုချွမ်းမြို့ရှိ မှောင်ခိုအင်အားစုများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဘာပဲဖြစ်ဖြစ် ထိုလူသတ်သမားကြီးက သူတို့ဆီကို ဘယ်အချိန်မှာ ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြပေ။
တစ်ကယ်တော့ ဤကိစ္စများမှာ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသော ဦးလေးကိုးနှင့် လင်းရန်ယန်တို့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။ သေဆုံးသွားသော လူတိုင်းမှာ သေထိုက်သူများသာ ဖြစ်ကြပေသည်၊ ပြည့်တန်ဆာရုံတစ်ခု ပေါ်ပေါက်လာခြင်းမှာ သွေးချောင်းစီးမှုများဖြင့် ပြည့်နှက်နေတတ်သည်မှာ သဘာဝပင် ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဦးလေးကိုးနှင့် လင်းရန်ယန်တို့မှာ နံနက်စာ စားသောက်ပြီးနောက် ဝင်းအတွင်း၌ လက်ဖက်ရည် သောက်နေကြ၏။ ယခင်က ထမင်းချက်ပေးသော ဝိန်ချိုက်နှင့် ချိုးရှန်းတို့ မရှိတော့သော်လည်း သီလရှင်များမှာ နံနက်စောစောကတည်းက ရောက်ရှိလာကာ သူတို့နှစ်ဦးကို ပြုစုစောင့်ရှောက်နေကြသည်။ ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးမှာ ချက်ပြုတ်ရန် တာဝန်ယူထားပြီး ချောမောလှပသော သီလရှင်ငယ် ငါးဦးမှာမူ လင်းရန်ယန်ကို အဝတ်အစား ဝတ်ပေးခြင်း၊ မျက်နှာသစ်ပေးခြင်းနှင့် သွားတိုက်ပေးခြင်းတို့ကို ကူညီပေးနေကြ၏။
ဤမြင်ကွင်းကို ကြည့်ကာ ဦးလေးကိုးမှာ မနာလိုဖြစ်မိသော်လည်း ကံဆိုးလှသည်မှာ သူသည် သန့်ရှင်းသော သူတော်စင် မဟုတ်ပေ။
“ညီငယ်... မင်း ဒီသီလရှင်တွေရဲ့ မြူဆွယ်မှုတွေထဲမှာ နစ်မွန်းမသွားနဲ့ဦး၊ သူတို့က မင်းကို အလင်းဘုရားကျောင်းကို ပြန်ခေါ်သွားချင်နေကြတာလည်း ဖြစ်နိုင်တာပဲ”
ဝင်းအတွင်း၌ ဦးလေးကိုးသည် လက်ဖက်ရည်တစ်ခွက်ကို သောက်ကာ လင်းရန်ယန်ကို သတိပေးလိုက်၏။ လင်းရန်ယန်အနေဖြင့် အလှအပဖြင့် မြူဆွယ်မှုကို ခံရကာ အချည်းနှီးဖြစ်သော ဘုရားသခင်ကို ယုံကြည်သူ ဖြစ်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
“အစ်ကိုကြီးက ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို သံသယဝင်နေတာလား၊ ရင်သားတောင် ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ မိန်းကလေးငယ်လေးတွေက ကျွန်တော့်ကို ဘယ်လိုလုပ် မြူဆွယ်နိုင်မှာလဲ၊
ကျွန်တော့်ရဲ့ ဇနီးသည်နှစ်ယောက်က သူတို့ထက် အများကြီး ပိုလှတာပါ”
လင်းရန်ယန်က ဆွံ့အစွာဖြင့် လက်ဝေ့ယမ်းလိုက်၏။ ထိုစကားကို ကြားသောအခါ ဦးလေးကိုး၏ နှုတ်ခမ်းမှာ တွန့်သွားရသည်။ ကောင်းပါပြီ... သူသည် အသက်လေးဆယ်ရှိပြီ ဖြစ်သော်လည်း အဖော်ပင် မရှိသေးချေ၊ ဤကောင်လေးမှာမူ အသက် ၁၈ နှစ်သာ ရှိဦးမည်ဖြစ်သော်လည်း ဇနီးသည် နှစ်ယောက်တောင် ရှိနေပြီ ဖြစ်သည်။
“နှိုင်းယှဉ်ရတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ”
ဦးလေးကိုးမှာ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့၏။
“ဒါနဲ့ အစ်ကိုကြီး... အစ်ကိုကြီးနောက်ကို လိုက်နေတဲ့သူတွေ အများကြီး ရှိတာပဲ၊ ဘာလို့ တစ်ယောက်ကိုမှ စိတ်မဝင်စားရတာလဲ၊
ထျန်းအန်းတီဆီကို သွားတွေ့ကြည့်ပါလား” လင်းရန်ယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“တော်ပြီ... တော်ပြီ”
ထျန်းအန်းတီ၏ နာမည်ကို ကြားသည်နှင့် ဦးလေးကိုးမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ အကယ်၍ သူသာ ထျန်းအန်းတီနှင့် လက်ထပ်ရမည်ဆိုပါက ငါးကန်ထဲသို့ ခုန်ချလိုက်ခြင်းကပင် ပို၍ ကောင်းဦးမည် ဖြစ်သည်။
“ဟူး... ငါက တစ်ယောက်ယောက်ကိုမှ စိတ်မဝင်စားတာ မဟုတ်ပါဘူး၊ အဓိကကတော့ ငါ့နှလုံးသားထဲမှာ ရှိနေတဲ့သူကို မေ့လို့မရသေးတာပါ၊ တစ်ခါတုန်းက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ငါ့ရှေ့မှာ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါက အဲ့ဒါကို တန်ဖိုးမထားခဲ့မိဘူး၊
ငါက မော်ရှန်းကို ပြေးပြီး တာအိုဆရာ သွားလုပ်ခဲ့တာကြောင့် သူမရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့မိတာ၊ နောက်ပိုင်းမှ နောင်တရခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီလေ”
ဦးလေးကိုးသည် သက်ပြင်းအရှည်ကြီးကို ချလိုက်တော့၏။
“အစ်ကိုကြီးက ဒီလောက်တောင် အချစ်ကြီးတတ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး၊ မြန်မြန်ပြောပြပါဦး... အဲ့ဒီဇာတ်လမ်းက ဘယ်လိုလဲ”
လင်းရန်ယန်မှာ သိချင်စိတ် ပြင်းပြလာပြီး ချက်ချင်းပင် မေးမြန်းလိုက်တော့၏။
“အဲ့ဒီဇာတ်လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ မော်ရှန်းကို မသွားခင် ကျိုချွမ်းမြို့မှာ ရှိနေခဲ့စဉ်ကတည်းက စတင်ခဲ့တာပေါ့၊”
ဦးလေးကိုးက သက်ပြင်းတိုးတိုးကို ချလိုက၏။
ဦးလေးကိုးသည် ငယ်စဉ်က သူ၏ မိသားစု အခြေအနေမှာ တကယ့်ကို ကောင်းမွန်ခဲ့ပါသည်၊ သို့သော်လည်း သူ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်တွင် သူ၏ မိဘနှစ်ပါးစလုံး သေဆုံးသွားခဲ့ရသည်။ ငယ်ရွယ်လှသော သူသည် ကျိုချွမ်းမြို့၌ လှည့်လည်တောင်းရမ်းကာ အသက်မွေးခဲ့ရသည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ရခြင်းပင် ဖြစ်၏။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် ဝိန်ချိုက်င့် တွေ့သောအခါ တစ်ဖက်လူ၏ ပါရမီ မည်မျှပင် နိမ့်ပါးနေပါစေ၊ သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ကြုံတွေ့ရမှုမှာ သူနှင့် အလွန်ပင် ဆင်တူနေသောကြောင့်ပင် ဖြစ်၏။
တစ်ကယ်တော့ ဤခေတ်ကာလတွင် ထိုကဲ့သို့သော မိသားစုများမှ လာသူများမှာ အလွန်ပင် များပြားလှသည်။
အခန်း ၁၈၄ - ဗိုက်ဆာလွန်းလို့ သေတော့မယ်
ကံကောင်းထောက်မစွာပင် ဦးလေးကိုးသည် ငယ်သူငယ်ချင်း ချစ်သူလေးတစ်ဦး ရှိခဲ့ဖူးပါသည်၊ ထိုမိန်းကလေးမှာ အိမ်မှ စားစရာများကို ခိုးယူကာ သူ့အား မကြာခဏ ပေးကမ်းလေ့ရှိရုံသာမက အခြားသူများက သူ့ကို နှိပ်စက်သည့်အခါတိုင်းတွင်လည်း အမြဲတမ်း ရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးခဲ့သူ ဖြစ်၏။
သို့သော်လည်း ဦးလေးကိုး အသက် တစ်ဆယ့်သုံးနှစ်အရွယ်တွင် မော်ရှန်းတာအိုဆရာတစ်ဦးမှာ မြို့အတွင်းသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာပြီး သူ၏ ထူးကဲလှသော ပါရမီကို မြင်သွားခဲ့လေပြီ၊ ကံမကောင်းသည်မှာ ထိုတာအိုဆရာမှာ အင်အားချည့်နဲ့လှသဖြင့် ဦးလေးကိုး၏ ရှေ့ရေးကို နှောင့်နှေးစေမည် စိုးသောကြောင့် သူ့အား မော်ရှန်းသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့၏။
မူလက ဦးလေးကိုးမှာ ငြင်းဆန်ခဲ့သော်လည်း၊ တာအိုဆရာက လူတစ်ရပ်ကျော်မြင့်သော ကျောက်တုံးကြီးကို လက်သီးတစ်ချက်တည်းဖြင့် အမှုန့်ဖြစ်အောင် ထိုးပြလိုက်သည့်အခါမှသာ စိတ်ပြောင်းသွားခဲ့ရသည်။ တာအိုပညာကို သင်ယူခြင်းဖြင့်သာ သူ၏ ဘဝအဆင့်အတန်းကို မြှင့်တင်နိုင်မည်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် ပြန်လာကာ သူ၏ ညီမလေးနှင့် လက်ထပ်နိုင်မည် ။
“ဒါဆိုရင် အစ်ကိုကြီးက ဘာလို့ နောက်ပိုင်းမှာ ပြန်မလာခဲ့တာလဲ”
လင်းရန်ယန်က ဇဝေဇဝါဖြင့် မေးလိုက်၏။
“မင်း မသိဘူးလား၊ မော်ရှန်းမှာဆိုရင် အတွင်းစည်းတပည့် မဖြစ်မချင်း ဒါမှမဟုတ် အသက်သုံးဆယ် မပြည့်မချင်း ဂိုဏ်းကနေ ထွက်ခွာခွင့် မရှိဘူးလေ”
လင်းရန်ယန်၏ အမေးကို ကြားသောအခါ ဦးလေးကိုးမှာ ဆွံ့အစွာဖြင့် ပြန်ပြောလိုက်၏။
“ဟင်၊ ကျွန်တော် အဲ့ဒါကို မသိဘူးဗျ၊ ကျွန်တော်က အပြင်စည်း စာမေးပွဲ အောင်ပြီးတာနဲ့ တိုက်ရိုက်ပဲ ပင်မစည်းတပည့် ဖြစ်သွားတာကိုး”
လင်းရန်ယန်မှာ မှင်သက်သွားရပေ၏။ တကယ်ပဲ ထိုကဲ့သို့သော စည်းကမ်း ရှိခဲ့၏။ သို့သော် ပြန်စဉ်းစားကြည့်လျှင် သူသည်လည်း အသက်သုံးဆယ်အောက် တပည့်တစ်ဦးမျှ မော်ရှန်းမှ ထွက်သွားသည်ကို မတွေ့ဖူးခဲ့ချေ။ ဤသည်မှာ မော်ရှန်းတပည့်များကို ကာကွယ်ပေးသည့် ပုံစံတစ်မျိုးလည်း ဖြစ်လိမ့်မည်။
ထိုစကားကို ကြားသောအခါ ဦးလေးကိုး၏ နှုတ်ခမ်းမှာ တွန့်သွားရသည်။ အကယ်၍ ထိုစဉ်ကသာ သူ၌ ဤကဲ့သို့သော ပါရမီမျိုး ရှိခဲ့ပါက မီရှယ်နှင့် မည်သို့ လွဲချော်ပါ့မည်နည်း။
“ငါလည်း မော်ရှန်းကို ရောက်သွားတော့မှ ဒီစည်းကမ်းကို သိလိုက်ရတာ၊ ဒါပေမဲ့ ရောက်သွားပြီဆိုမှတော့ ထွက်ပြေးလို့မှ မရတော့တာ၊ အဲ့ဒါနဲ့ပဲ ငါ အပြင်းအထန် ကျင့်ကြံခဲ့တယ်၊ ကြိုးစားခဲ့တယ်၊ နောက်ဆုံးတော့….
နောက်ဆုံးတော့ အသက် ၂၃ နှစ်မှာ ငါ မြေကမ္ဘာဆရာအဆင့်ကို ရောက်ခဲ့တယ်၊ ပြီးတော့ ကျိုချွမ်းမြို့ကို ပြန်လာခဲ့တာပေါ့”
ဦးလေးကိုးက တိုးညှင်းစွာ ဆိုလိုက်ပေရာ လင်းရန်ယန်မှာ တိတ်ဆိတ်သွားရ၏။ အသက် ၂၃ နှစ်ဖြင့် မြေကမ္ဘာဆရာအဆင့်သို့ ရောက်ရှိခြင်းမှာ ပါရမီရှင်တစ်ဦးပင် ဖြစ်သော်လည်း၊ ဂိုဏ်းအတွင်း ဆယ်နှစ်ကြာအောင် နေခဲ့ရသဖြင့် သူ၏ မီရှယ်မှာ အခြားသူနှင့် လက်ထပ်သွားလောက်ပြီ ဖြစ်သည်။
“ပြီးတော့ရော ဘာဖြစ်လဲ”
လင်းရန်ယန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“ပြီးတော့... ငါ ပြန်ရောက်တဲ့နေ့က မီရှယ်ရဲ့ မင်္ဂလာဆောင်တဲ့နေ့ ဖြစ်နေခဲ့တာပေါ့၊ ငါ တစ်လှမ်း နောက်ကျသွားခဲ့တာ၊ တစ်ရက်တည်း... တစ်ရက်တည်း စောပြီး ရောက်ခဲ့ရင်တောင်မှ ငါ မီရှယ်ကို ခေါ်သွားနိုင်ခဲ့မှာ”
ဤသည်ကို တွေးမိသောအခါ ဦးလေးကိုးမှာ လက်သီးကို တင်းတင်းဆုပ်လိုက်၏။
“နေဦး... အစ်ကိုကြီးက မင်္ဂလာဆောင်နဲ့ တိုးခဲ့တာလား၊ ဒါဆိုရင် အဲ့ဒီတုန်းက သတို့သမီးကို လုယူဖို့ရော မစဉ်းစားခဲ့ဘူးလား”
လင်းရန်ယန်မှာ ဆွံ့အသွားရ၏။ သို့သော်လည်း သူ၏ စကားကြောင့် ဦးလေးကိုး၏ စိတ်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဟုတ်သားပဲ... ငါ သတို့သမီးကို လုယူခဲ့လို့ ရတာပဲ”
ဦးလေးကိုးမှာ မှင်သက်သွားရ၏။ သူ ဘာကြောင့် ဤသည်ကို မစဉ်းစားခဲ့မိသနည်း။ သတို့သမီးကို လုယူခြင်းမှာ ကံကြမ္မာ အနှောင့်အယှက်များစွာ ရှိနိုင်သော်လည်း၊ မီရှယ်နှင့် အတူရှိရမည်ဆိုပါက ငရဲသို့ သွားရမည်ကိုပင် သူ ကြောက်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် ခါးသီးစွာ ပြုံးလိုက်၏။
“ဖြစ်နိုင်တာကတော့ မီရှယ်နဲ့ ဟိုလူက တကယ်ပဲ ချစ်နေကြတာလည်း ဖြစ်မှာပေါ့၊ ငါတို့ ကတိသစ္စာပြုခဲ့ကြတုန်းက အသက် တစ်ဆယ့်နှစ်နှစ်၊ တစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတာလေ၊
ကလေးကစားစရာ စကားတွေမို့လို့... သူမက ငါ့အကြောင်းကို မေ့သွားတာလည်း ဖြစ်နိုင်တာပဲ၊
ဦးလေးကိုးက တိုးညှင်းစွာ ဆိုလိုက်၏။ ဆယ်နှစ်... ဆယ်နှစ်တိုင်တိုင် လူတစ်ယောက်ကို မည်သူက စောင့်နိုင်ပါ့မည်နည်း။ အထူးသဖြင့် အသက်ရှင်နေခြင်း ရှိ၊ မရှိပင် မသိရသော အခြေအနေမျိုးတွင် ဆိုပို၍ပင်ဆိုး၏။
“အင်း... အဲ့ဒါလည်း ဟုတ်တာပဲ”
လင်းရန်ယန်သည်လည်း ဦးလေးကိုးကို စိတ်မပျက်စေချင်သဖြင့် ဤကဲ့သို့သာ နှစ်သိမ့်လိုက်တော့၏။
“ဆရာကြီး ကျန့်ရင်း ရှိပါသလား”
ထိုခဏ၌ တာအိုဂေဟာ၏ အပြင်ဘက်မှ ဇဝေဇဝါ ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ချိုမြိန်သော ပုံစံရှိပြီး ခေတ်မီစွာ ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးသည် စက်ဘီးတစ်စီးကို တွန်းကာ ဝင်လာခဲ့၏။ ဤသည်ကို မြင်သောအခါ လင်းရန်ယန်က မျက်ခုံးပင့်လိုက်၏။
“တကယ်ပဲလား... ဒီလောက်တောင် တိုက်ဆိုင်တာလား”
‘ကျန့်ရင်း’ ဟူသော အမည်မှာ မီရှယ်က ဦးလေးကိုးအား ပေးထားခဲ့သော အမည်ဖြစ်သည်ဟု ဦးလေးကိုးက ပြောပြခဲ့ဖူးပါသည်၊ ဤလောကတွင် မီရှယ်နှင့် ငယ်သူငယ်ချင်း အနည်းငယ်သာလျှင် ဤအမည်ကို သိရှိကြသည်။ အမှန်စင်စစ် ဦးလေးကိုး၏ နာမည်ရင်းဖြစ်သော ‘လင်ဖုန်းကျောင်း’ မှာ မိန်းကလေးဆန်လွန်းလှသဖြင့် သူသည် မီရှယ်ပေးထားသော ‘လင်းကျန့်ရင်း’ ဟူသောအမည်ကိုသာ သုံးစွဲခဲ့ခြင်း ဖြစ်၏။
နောင်ပိုင်းတွင် ဤအမည်ကို မသုံးရခြင်းမှာ မော်ရှန်းဂိုဏ်းတွင် မိဘက ပေးထားသော နာမည်ရင်းကိုသာ သုံးစွဲရမည်ဖြစ်သောကြောင့် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ထိုနာမည်မှာ ငရဲပြည်တွင် မှတ်ပုံတင်ထားသော နာမည် ဖြစ်သည်။ ထို့ပြင် မော်ရှန်းမှ ထွက်လာပြီးနောက်တွင်လည်း မီရှယ်က သူ့ကို ရှာမတွေ့စေရန်အတွက် သူသည် ‘လင်းဖုန်းကျောင်’ ဟူသောအမည်ကိုပင် မသုံးဘဲ ‘လင်းကိုး’ ဟူသော အမည်ဝှက်ကိုသာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ အချိန်ကြာလာသောအခါ လူတိုင်းက သူ့ကို ဦးလေးကိုးဟု ခေါ်လာကြတော့၏။
ဤအမည်ကို ကြားသောအခါ ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး တံခါးဝသို့ လှည့်ကြည့်လိုက်၏။ ဝင်လာသော မိန်းကလေးကို မြင်သည်နှင့် သူသည် အလျင်အမြန်ပင် အနားသို့ သွားလိုက်တော့၏။
“မိန်းကလေး... ကျွန်တော့်ကို ခေါ်နေတာလား”
ဦးလေးကိုးက အနည်းငယ် တုန်ရင်နေသော အသံဖြင့် မေးလိုက်၏။
“ဝါး... ရှင်က ဦးလေးကိုးလား၊ ဆရာကြီး ကျန့်ရင်းလား”
ဦးလေးကိုးကို မြင်သည်နှင့် မိန်းကလေးမှာ လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ဟုတ်ပါတယ်... ကျွန်တော်က လင်ဖုန်းကျောင်းပါ၊ ဒါပေမဲ့ မိန်းကလေးက ဒီနာမည်ကို ဘယ်ကနေ သိတာလဲ”
ဦးလေးကိုးက ဖြည်းညင်းစွာ မေးလိုက်၏။ ဤမိန်းကလေး၏ အသက်အရွယ်အရ... သူမမှာ မီရှယ်၏ သမီး ဖြစ်နေနိုင်သည်။
“ကျွန်မက မီရှယ်ရဲ့ ညီမလေး နန့်ယင်းပါ၊ မမက ရှင့်ရဲ့ နာမည်ကို ပြောပြထားတာ”
ထိုသို့ပြောပြီးနောက် နန့်ယင်းမှာ ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေတော့၏။ ထို့နောက် သူမသည် လင်းရန်ယန်ကို ကြည့်လိုက်၏။
“ရှင်က ဆရာကြီး လင်းရန်ယန် ဖြစ်မှာပဲနော်၊ မမနဲ့ မမယောကျ်ားတို့က ရှင့်အကြောင်းကိုလည်း ပြောဖူးတယ်”
နန့်ယင်းက စိတ်လှုပ်ရှားစွာဖြင့် လင်းရန်ယန်ကို ကြည့်လိုက်၏။
“သူတို့က ကျွန်တော့်အကြောင်းကိုလည်း သိနေတာလား”
လင်းရန်ယန်မှာ အံ့သြသွားသော်လည်း အလွန်အမင်းတော့ မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သူနှင့် ဦးလေးကိုးတို့သည် ရန်ကျားမြို့၌ ကိစ္စများစွာ လုပ်ဆောင်ခဲ့ကြသဖြင့် အနည်းငယ် စုံစမ်းလိုက်ရုံဖြင့် သိနိုင်သည်။
“မီရှယ်ကော... ဒီနှစ်တွေထဲမှာ ဘယ်လိုနေသေးလဲ”
ဦးလေးကိုးက စိုးရိမ်တကြီးဖြင့် နန့်ယင်းကို မေးလိုက်၏။
“မမကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မမယောကျ်ားက ပြဿနာတချို့ ရှိနေလို့ မမက ကျွန်မကို ဆရာကြီး ကျန့်ရင်းကို လာပင့်ခိုင်းလိုက်တာပါ”
နန့်ယင်းက စိုးရိမ်ပူပန်သော လေသံဖြင့် ဆိုလိုက်၏။
“မင်းရဲ့ မမယောကျ်ား... ဒါလုံ လား”
ဦးလေးကိုးမှာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် ဝဝဖိုင့်ဖိုင့် ကလေးငယ်လေးတစ်ဦးကို ပြန်လည် မြင်ယောင်လာခဲ့၏။ ထိုလူမှာလည်း ထိုစဉ်က သူ၏ သူငယ်ချင်းကောင်းများထဲမှ တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူသည် ငယ်စဉ်ကတည်းက မီရှယ်ကို သဘောကျခဲ့သူ ဖြစ်၏။ ဦးလေးကိုး မရှိသည့် ဆယ်နှစ်တာအတွင်း မီရှယ်၏ မိသားစုကို စောင့်ရှောက်ပေးခဲ့ပြီး နောက်ဆုံးတွင် လက်ထပ်ခဲ့သူမှာ သူပင် ဖြစ်သာ်။ ထို့ကြောင့် ဦးလေးကိုးသည် သူ၏ ချစ်သူဟောင်းကို လက်ထပ်သွားသော ထိုသူငယ်ချင်းအပေါ် မည်သည့် အမုန်းတရားမျှ မရှိခဲ့ချေ။
“ဟုတ်ပါတယ်... ကျွန်မရဲ့ မမယောကျ်ားက အခုတလော ထူးဆန်းတဲ့ ရောဂါတစ်ခု ခံစားနေရလို့ပါ၊ ရှင့်ဆီမှာပဲ ကုသနိုင်တဲ့ ဆေးရှိတယ်လို့ သူတို့က ပြောကြတာ” နန့်ယင်းက အလျင်အမြန် ပြောလိုက်၏။
“ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် သွားကြည့်ပေးမယ်၊ ခဏလောက် စောင့်ဦးနော်”
ဦးလေးကိုးက ခေါင်းညိတ်လိုက်ပြီး အနားရှိ အခန်းအတွင်းသို့ ဝင်သွားတော့၏။
“နန့်ယင်း... မိန်းကလေး ဒီနှစ်မှာ အသက် ဘယ်လောက်ရှိပြီလဲ”
လင်းရန်ယန်က နန့်ယင်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်၏။ နန့်ယင်း၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ အဘယ်ကြောင့် ရင်းနှီးနေရသနည်း။ ထိုအငွေ့အသက်ကို သေသေချာချာ အာရုံခံကြည့်လိုက်သောအခါ လင်းရန်ယန်၏ မျက်နှာပေးမှာ ထူးဆန်းသွားခဲ့ရပြီ။
“ကျွန်မ ဒီနှစ်မှာ အသက် တစ်ဆယ့်ခြောက်နှစ် ရှိပါပြီ”
နန့်ယင်းက အပြစ်ကင်းစင်စွာ ပြုံးပြလိုက်ရာ ချစ်စရာကောင်းသော အစွယ်လေးနှစ်ချောင်း ပေါ်လာခဲ့၏။
“တစ်ဆယ့်ခြောက်နှစ်လား... ဒါဆိုရင် မိန်းကလေးကို လွန်ခဲ့တဲ့ တစ်ဆယ့်ခြောက်နှစ်က မွေးခဲ့တာပေါ့”
လင်းရန်ယန်က မျက်ခုံးပင့်လိုက်၏။ ၎င်းမှာ ဦးလေးကိုး တောင်ပေါ်မှ ပထမဆုံးအကြိမ် ဆင်းလာသော နှစ် ဖြစ်၏။
“ကဲ... အဆင်သင့်ဖြစ်ပြီ၊ သွားကြစို့”
ထိုအချိန်တွင် ဦးလေးကိုးမှာ ဖြူစင်လှပသော ဝတ်စုံကြီးကို ဝတ်ဆင်ကာ ထွက်လာခဲ့သည်၊ သူ၏ ဆံပင်များကိုလည်း ဆီများဖြင့် သေသေသပ်သပ် ဖီးလိမ်းထား၏။ ဤကဲ့သို့ ကြည့်ရသည်မှာ ရှန်ဟိုင်းမှ သူဌေးကြီးတစ်ဦး ရောက်ရှိလာသည့်အလားပင် ထင်မှတ်ရသည်။
“ဝါး... အစ်ကိုကြီးရဲ့ ဒီဝတ်စုံက တကယ်ကို ခန့်ညားတာပဲ၊ ကျွန်တော်လည်း တစ်စုံလောက် လုပ်ဦးမှပဲ”
လင်းရန်ယန်က ချီးကျူးလိုက်ပြီးနောက် သူ၏ စိတ်ကို စုစည်းလိုက်၏။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ‘ချောက်နက်ဝတ်စုံ’ မှာ ပုံစံပြောင်းလဲသွားခဲ့ပြီး လင်းရန်ယန်၏ ကိုယ်ပေါ်တွင် ခေတ်မီလှသော အနက်ရောင် ဝတ်စုံကြီးတစ်ခု ပေါ်ပေါက်လာခဲ့တော့၏။ မြင့်မားလှသော သူ၏ ကိုယ်လုံးမှာ တကယ့်ကို ပြည့်စုံလှပသွားခဲ့ရလေပြီ။
ဘေးတွင် ရပ်နေသော နန့်ယင်းမှာ ဤသည်ကို မြင်သောအခါ မျက်လုံးများမှာ တောက်ပသွားခဲ့ရ၏။
“ဆရာကြီး လင်းရန်ယန်က... တကယ်ကို ခန့်ညားတာပဲ”
နန့်ယင်းက တိုးညှင်းစွာ ရေရွတ်လိုက်၏။
“ဒီကောင်လေး... ငါ့ဆီကနေ အကြည့်တွေကို အမြဲတမ်း လုယူနေတာပဲ”
ဦးလေးကိုးမှာ ဆွံ့အစွာဖြင့် ဆိုလိုက်၏။
“ဟဲဟဲ... ကျွန်တော် အဝတ်မလဲရင်တောင်မှ အစ်ကိုကြီးဆီက အကြည့်တွေကို လုယူလို့ ရတာပဲ၊ သွားကြစို့... မဟုတ်ရင် အစ်ကိုကြီးရဲ့ ချစ်သူဟောင်းက စိတ်မရှည်ဖြစ်နေပါဦးမယ်”
လင်းရန်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဦးလေးကိုးကို အပြင်သို့ တိုက်တွန်းလိုက်တော့၏။ သို့သော်လည်း အပြင်သို့ ရောက်သောအခါ နန့်ယင်းမှာ တစ်ယောက်တည်း လာခြင်းမဟုတ်သည်ကို တွေ့လိုက်ရသည်။ သူမ၏ ဘေးတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သည်တစ်စုက စောင့်ကြပ်နေကြ၏။ စက်သေနတ်ကြီးများပင် ပါရှိနေသေး၏။ လူစု၏ အလယ်တွင်မူ ကားတစ်စီး ရှိနေသည်။
ဤခေတ်ကာလတွင် ကားတစ်စီး၏ တန်ဖိုးမှာ စည်ကားလှသော လမ်းမကြီးတစ်ခု၏ တန်ဖိုးနှင့်ပင် ညီမျှလှသည်။
“ဒါလုံက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စစ်သားတွေ များနေရတာလဲ”
ဦးလေးကိုးမှာ အံ့သြသွားရ၏။
လင်းရန်ယန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။ ရုပ်ရှင်ထဲတွင် ဒါလုံမှာ စစ်သားအနည်းငယ်သာရှိသော စစ်ဗိုလ်ကလေးတစ်ဦးဟု ထင်ခဲ့သော်လည်း၊ ယခု ကြည့်ရသည်မှာ သူ၌ စစ်သည်သောင်းချီ၍ ရှိနေပုံ ရသည်။
ပြည်နယ်မြို့တော်၏ အပြင်ဘက်ရှိ မြေပြန့်လွင်ပြင်တစ်ခုတွင်…..
စစ်တပ်တစ်ခုမှာ စခန်းချထားပေသည်၊ မလှမ်းမကမ်းတွင် ကြီးမားလှသော လက်နက်ခဲယမ်း စက်ရုံကြီးတစ်ခု ရှိနေပြီး မီးခိုးများ တလိပ်လိပ် ထွက်ပေါ်နေကာ လက်နက်များနှင့် ခဲယမ်းများကို အဆက်မပြတ် ထုတ်လုပ်နေ၏။ စစ်သည်များမှာ အရပ်မျက်နှာအနှံ့တွင် ကင်းလှည့်နေကြသည်။ စစ်စခန်းတစ်ခုလုံးမှာ လုံခြုံရေး အလွန်အမင်း တင်းကျပ်လှသည်ဟု ဆိုနိုင်၏။
ဤစစ်တပ်တွင် စစ်သည်ပေါင်း တစ်သိန်းခန့် ရှိနေပေသည်၊ ၎င်းမှာ အင်အားကြီးလှသော စစ်ဘုရင်တစ်ဦး၏ အင်အားပင် ဖြစ်တော့၏။ ၎င်း၏ ခေါင်းဆောင်မှာ သမ္မတနိုင်ငံခေတ်၏ အလွန်ကျော်ကြားလှသော စစ်ဗိုလ်ချုပ် ‘လုံယွန်း’ ပင် ဖြစ်၏။ ဤစစ်တပ်ကို ‘တျန်စစ်တပ်’ ဟုလည်း ခေါ်ဝေါ်ကြသည်။
စစ်စခန်း၏ အလယ်တွင်မူ ဥရောပစတိုင်လ် ကြီးမားလှသော အိမ်ဂေဟာကြီး တစ်ခု ရှိနေ၏။
“တောက်... အဲ့ဒီ ထန်အဖိုးကြီးက ငါ့ကို ကိုက်ဖို့ ဖုတ်ကောင်တွေကို လွှတ်လိုက်တာပဲ၊ ငါ နေကောင်းသွားတာနဲ့ သူ့ဆီကို ဖုတ်ကောင်တွေ အများကြီး လွှတ်ပြီး ဒုက္ခပေးပစ်မယ်”
လက်နက်စက်ရုံမှ ပြန်လာကာစဖြစ်သော ဒါလုံသည် သူ၏ လည်ပင်းကို ကုတ်ခြစ်လျက် ကြိမ်းမောင်းနေတော့၏။ ဒါလုံမှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်နေပြီး သူ၏ လည်ပင်းမှ အမာရွတ်ကို တမြေ့မြေ့ ကုတ်နေ၏။
“စစ်သေနာပတိကြီး”
အစောင့်စစ်သည်များမှာ သူ့ကို ရိုသေစွာ အလေးပြုလိုက်ကြ၏။
“နေ့လယ်စာ အဆင်သင့်ဖြစ်ပြီလား”
ဒါလုံက လက်ဝေ့ယမ်းကာ မေးလိုက်၏။
“ဟုတ်ကဲ့ပါ စစ်သေနာပတိကြီး၊ အခုပဲ တည်ခင်းပေးပါ့မယ်”
အိမ်စေက ရိုသေစွာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် လက်ခုပ်တီးလိုက်ပေရာ စစ်သည်များမှာ စားစရာများကို ဧည့်ခန်းအတွင်းသို့ သယ်ဆောင်လာကြတော့၏။
“ဒါတွေက ဘာတွေလဲ၊ ဘာလို့ အားလုံးက အစိမ်းတွေ ဖြစ်နေရတာလဲ
ဒါလုံက ကုလားထိုင်တွင် ထိုင်လိုက်ပြီး ပင်လယ်စာများ ပြည့်နှက်နေသော စားပွဲကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“စစ်သေနာပတိကြီး... ဒါကို ‘ဆာရှိမိ’ လို့ ခေါ်ပါတယ်၊ ဂျပန်လူမျိုးတွေ သဘောကျတဲ့ စားစရာပေါ့၊ အရသာကတော့ တကယ့်ကို ကောင်းပါတယ်”
ဝဝဖိုင့်ဖိုင့် စားဖိုမှူးကြီးမှာ ပြုံးလျက် ရှင်းပြလိုက်၏။
“ဆာရှိမိလား... ဘာပဲဖြစ်ဖြစ် မြန်မြန် စားကြည့်ရအောင်၊ ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်”
ဒါလုံက အလျင်အမြန်ပင် တိုက်တွန်းလိုက်၏။ စားဖိုမှူးကြီးကလည်း တူတစ်စုံကို ပေးလိုက်ပေရာ ဒါလုံသည် ငါးအစိမ်းတစ်ဖဲ့ကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်နှာပေးမှာ ပျက်ယွင်းသွားခဲ့ရပြီ။
“ထွီ... ထွီ... ထွီ”
“တောက်... ဘာလို့ ဒီလောက်တောင် ညှီစော်နံနေရတာလဲ၊ မင်း သေချင်လို့လား၊ ဒီလို ရွံစရာကောင်းတာတွေကို ငါ့ကို ကျွေးရဲတယ်ပေါ့”
ဒါလုံသည် ဒေါသတကြီးဖြင့် သေနတ်ကို ထုတ်ကာ စားဖိုမှူးကြီး၏ နဖူးသို့ ချိန်လိုက်တော့၏။
“စစ်သေနာပတိကြီး... ဒါကို ဒီအတိုင်း စားလို့ မရပါဘူး၊ ပဲငံပြာရည်နဲ့ တို့စားရမှာပါ”
စားဖိုမှူးကြီးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသနားခံတော့၏။ ထိုစကားကို ကြားသောအခါ ဒါလုံသည် နောက်ထပ် ငါးတစ်ဖဲ့ကို ယူကာ ပဲငံပြာရည်နှင့် တို့၍ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။