အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း ၁၈၅ - စွမ်းရည်အသစ် - ငါ့သားဖြစ်စမ်း အဆင့် နှစ်
အမှန်စင်စစ်ပင် ဤတစ်ကြိမ်တွင်မူ အရသာမှာ ယခင်ကထက် များစွာ သာလွန်ကောင်းမွန်လှသည်။
“အင်း... ဒါမှ ဟုတ်တာပေါ့”
ဒါလုံက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။
“စစ်သေနာပတိကြီး... ဒါကိုတော့ ‘ဝါဆာဘီ’ လို့ ခေါ်ပါတယ်၊ အနည်းငယ်လောက် တို့စားလိုက်ရင် အရသာက ပိုပြီးတော့တောင် ထူးကဲသွားပါလိမ့်မယ်”
စားဖိုမှူးကြီးက အလျင်အမြန်ပင် အကြံပြုလိုက်၏။
“ငါ စမ်းကြည့်ဦးမယ်”
ဒါလုံက ခဏတဖြုတ် ရပ်တန့်လိုက်ပြီးနောက် ဆာလမွန်ငါးတစ်ဖဲ့ကို ယူကာ ဝါဆာဘီ အနည်းငယ်တို့၍ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျက်နှာပေးမှာ ပျက်ယွင်းသွားခဲ့ရသည်။
“အား”
ဒါလုံ၏ ပါးစပ်မှ အော်ဟစ်သံကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
“စစ်သေနာပတိကြီး”
ဤမြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားကြ၏။
“မင်း ငါ့ကို အဆိပ်ခတ်ရဲတယ်ပေါ့၊ ငါ မင်းရဲ့ ဦးနှောက်တွေကို သေနတ်နဲ့ ပစ်ထုတ်ပစ်မယ်”
ဒါလုံမှာ သတိပြန်ဝင်လာသည်နှင့် ကြိမ်းမောင်းလိုက်ပြီး သူ၏ ပစ္စတိုကို ထုတ်ကာ စားဖိုမှူးကြီး၏ နဖူးသို့ ချိန်လိုက်တော့၏။
“စစ်သေနာပတိကြီး... အသက်ချမ်းသာပေးပါ”
စားဖိုမှူးကြီးမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေ၏။
“ဝုန်း”
ကံဆိုးလှသည်မှာ ဒါလုံသည် ခလုတ်ကို ဆွဲလိုက်ခြင်းပင် ဖြစ်၏။ လူတိုင်းက စားဖိုမှူးကြီး သေဆုံးသွားပြီဟု ထင်မှတ်လိုက်ကြသော်လည်း၊ အံ့သြဖွယ်ကောင်းလှသည်မှာ စားဖိုမှူးကြီးမှာ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ချေ။ သူသည် သေနတ်ပြောင်းဝမှ သူ၏ ခေါင်းကို အသာအယာ ဖယ်ရှားလိုက်ပေရာ၊
“ဂလောင်”
ကျည်ဆန်တစ်ခုမှာ ပြောင်းဝမှ တိုက်ရိုက်ပင် လျောကျလာခဲ့တော့၏။
“မင်းကတော့ ကံကောင်းတဲ့ ခွေးကောင်ပဲ... ကျည်ညပ်သွားတယ်ပေါ့လေ”
ဒါလုံက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။
“ဒါလုံ... မတွေ့တာ ကြာပြီပဲ၊ ဘာလို့ တွေ့တွေ့ချင်းမှာပဲ လူသတ်ဖို့ ကြံနေရတာလဲ”
ထိုခဏ၌ တာအိုဆရာကြီး ကျန့်ရင်း၏ အသံမှာ တံခါးမကြီး အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားသည်နှင့် ဒါလုံ၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့သွားခဲ့ရပြီး တံခါးဝရှိရာသို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။
သူသည် နန့်ယင်းက ဝတ်စုံအပြည့်နှင့် လင်းရန်ယန်နှင့် ဆရာကြီး ကျန့်ရင်းတို့ကို ဦးဆောင်ခေါ်လာသည်ကို တွေ့လိုက်ရတော့၏။
“ဆရာကြီး ကျန့်ရင်း”
ဆရာကြီး ကျန့်ရင်းကို မြင်သည်နှင့် ဒါလုံမှာ အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရလေပြီ။
“မင်း ဘာလာလုပ်တာလဲ၊ နေဦး... ခုနက ငါ့ကျည်ဆန်က ညပ်သွားတာ မဟုတ်ဘူးပဲ၊ မင်း ဒီခွေးကောင်ကို ကယ်လိုက်တာလား”
ဒါလုံက ဆရာကြီး ကျန့်ရင်းကို ချက်ချင်းပင် လှမ်း၍ အော်ဟစ်လိုက်၏။ သူသည် ဆရာကြီး ကျန့်ရင်းကို အလွန်အမင်း သတိထားနေသည်မှာ သိသာလှသည်။
စကားမရှိ စကားရှိ ပြောရလျှင် ဆရာကြီး ကျန့်ရင်းသာ မော်ရှန်းသို့ သွားပြီး ဆယ်နှစ်တိုင်တိုင် ပြန်မလာခဲ့ပါက သူသည် သူ၏ အိပ်မက်ထဲက ချစ်သူလေးနှင့် မည်သို့ လက်ထပ်နိုင်ပါ့မည်နည်း။ တစ်ချိန်တည်းမှာပင် သူသည် ကျင့်ကြံသူများ၏ အကြောင်းကို ကြားဖူးထားသဖြင့် စားဖိုမှူးကြီးကို တစ်စုံတစ်ယောက်က ကယ်တင်လိုက်ခြင်းဖြစ်ပြီး သေနတ်ညပ်ခြင်း မဟုတ်ကြောင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။
“ခဲအို... မမက ကျွန်မကို ဆရာကြီး ကျန့်ရင်းကို လာပင့်ခိုင်းလိုက်တာပါ၊ ခဲအိုကို ကြည့်ပေးဖို့လေ”
နန့်ယင်းက အလျင်အမြန် ပြောလိုက်၏။
“ဘာ၊ ငါက ဖျားမှမဖျားတာ... ဘယ်ဆရာဝန်ကိုမှ ပြစရာမလိုဘူး၊ ငါ စားနိုင်သောက်နိုင်တယ်... ကျန်းကျန်းမာမာပဲ”
ဒါလုံက ဒေါသတကြီးဖြင့် မြေပြင်ပေါ်၌ ဒိုက်ထိုး သုံးကြိမ် ပြုလုပ်ပြလိုက်ပေသည်၊ သို့သော် သူ ပြန်အထတွင်မူ သူ၏ နဖူးပေါ်၌ ချွေးစေးများ ပျံနေခဲ့ရလေပြီ။
“ခဲအိုကတော့လေ... အခုထိ ဇွတ်ငြင်းနေတုန်းပဲ၊ ကျွန်မ မမကို သွားခေါ်လိုက်မယ်”
နန့်ယင်းမှာ ဆွံ့အသွားရ၏။ ထို့နောက် သူမသည် အပြင်သို့ ထွက်သွားပေသည်၊ သူမ၏ မမ ပြောမှသာ ဒါလုံမှာ နားဝင်မည်ဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင် ဖြစ်၏။
“မင်း... မင်းရဲ့ ခန္ဓာကိုယ်က အရက်နဲ့ မိန်းမတွေကြောင့် လုံးဝ ချည့်နဲ့နေပြီပဲ”
ဆရာကြီး ကျန့်ရင်းမှာ သက်ပြင်းမောကို ချလိုက်၏။
“မင်းနဲ့ ဘာဆိုင်လဲ၊ ငါ ကျန်းမာတယ်”
ဒါလုံက စိုက်ကြည့်လိုက်၏။
“ဒါပေမဲ့ ငါ့မိန်းမက ဖိတ်ထားတာဆိုတော့လည်း လာခဲ့ပေါ့၊ ဘာပဲဖြစ်ဖြစ် ငါနဲ့ ငါ့မိန်းမက တကယ့်ကို တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာလေ၊ ဪ... ဒါနဲ့ မင်းတို့ ထမင်းမစားရသေးဘူး မဟုတ်လား၊ အတူတူ စားကြမလား”
ဒါလုံသည် ဆရာကြီး ကျန့်ရင်းကို အောင်နိုင်သူတစ်ဦးကဲ့သို့ ကြည့်ကာ သူ၏ ဇနီးအကြောင်းကို ထပ်ကာတလဲလဲ ပြောဆိုလျက် ကြွားဝါနေတော့၏။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုစကားကို ကြားသောအခါ ဆရာကြီး ကျန့်ရင်း၏ မျက်နှာမှာ ညှိုးငယ်သွားခဲ့ရသည်။
“စားမယ်”
ဆရာကြီး ကျန့်ရင်းမှာ စိတ်အခြေအနေ မကောင်းလှသဖြင့် အားနာမနေတော့ဘဲ ထမင်းစားပွဲ၌ တိုက်ရိုက် ထိုင်လိုက်သည်။ သို့သော် စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်သောအခါ သူသည် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
“ဒါကို ဆာရှိမိလို့ ခေါ်တယ်... တစ်ခါမှ မစားဖူးဘူး မဟုတ်လား၊ ဂျပန်တွေရဲ့ စားစရာလေ”
ဒါလုံက ဂုဏ်ယူစွာဖြင့် ဆိုလိုက်ပြီး ဆာလမွန်ငါးတစ်ဖဲ့ကို ယူကာ မြိန်ရည်ယှက်ရည် စားပြလိုက်၏။
“ဒါကို မစားရတာ ကြာပြီပဲ... ကျွန်တော်လည်း မြည်းကြည့်ဦးမှ”
လင်းရန်ယန်ကလည်း အသာအယာ ပြုံးလိုက်ပြီး တူနာငါးတစ်ဖဲ့ကို ယူကာ ဝါဆာဘီနှင့် ပဲငံပြာရည်တို့၍ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။ ဒါလုံသည် ဤမြင်ကွင်းကို ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။ လူငယ်တွေကတော့ ဟန်ဆောင်လွန်းလှသည်၊ သူကပဲ အများကြီး စားဖူးသလိုလိုနှင့်၊ သူ ဘယ်လောက် စပ်သလဲဆိုတာကို ငါ ပြလိုက်မယ်။
ကံဆိုးလှသည်မှာ လင်းရန်ယန်မှာ ထိုစားစရာကို ပါးစပ်ထဲ ထည့်လိုက်သော်လည်း မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ “အင်း... မဆိုးပါဘူး၊ ဒါက စစ်မှန်တဲ့ ဝါဆာဘီပဲ၊ စစ်သေနာပတိကြီးမှာ အမြင်ရှိသားပဲ
လင်းရန်ယန်က မချီးကျူးဘဲ မနေနိုင်တော့ချေ။
“နေဦး... ဒါကို မုန်ညင်းဆော့စ်လို့ ခေါ်တာ မဟုတ်ဘူးလား”
ဒါလုံမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
“စစ်သေနာပတိကြီး... မုန်ညင်းဆော့စ်ဆိုတာက သာမန်လူတွေ ခေါ်ကြတာပါ၊ သူ့ရဲ့ နာမည်ရင်းက ဝါဆာဘီပါ၊
မုန်ညင်းဆော့စ် အတုတွေ အများကြီး ရှိပေမယ့် ကျွမ်းကျင်သူတွေပဲ ခွဲခြားနိုင်တာပါ၊ ဒီတာအိုဆရာလေးကတော့ တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ”
အသက်ဘေးမှ လွတ်မြောက်လာသော စားဖိုမှူးကြီးက အလျင်အမြန် ရှင်းပြလိုက်၏။
“ဟွန့်... ဟို ကျန့်ရင်းက ဒီတပည့်လား သားလား မသိတဲ့သူကို ဘယ်ကနေ ရှာလာတာလဲ မသိဘူး၊ အကုန်လုံးကို သိနေတာပဲ”
ဒါလုံက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။
“ငါလည်း စားကြည့်ဦးမယ်၊”
ပစ္စည်းကောင်းဖြစ်ကြောင်း ကြားသည်နှင့် ဆရာကြီး ကျန့်ရင်းမှာ ဝါဆာဘီ အတုံးကြီးတစ်ခုကို ယူကာ ဘာမျှမပြောဘဲ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျက်နှာမှာ နီရဲသွားခဲ့ရလေပြီ။ မျက်လုံးများမှာ သွေးတက်လာပြီး မျက်ရည်များမှာ တလဟော စီးကျလာခဲ့တော့၏။
“ဟားဟားဟား... ဟို ကျန့်ရင်း၊ ငါက အနည်းငယ်လေး စားတာတောင် ငိုချင်လာတာကို... မင်းကတော့ အတုံးလိုက်ကြီး စားပစ်လိုက်တာကိုး”
ဤမြင်ကွင်းကြောင့် ဒါလုံမှာ အူလှိုက်သဲလှိုက် ရယ်မောနေတော့၏။
“ဟွန့်”
ဆရာကြီး ကျန့်ရင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို အလျင်အမြန် လှည့်ပတ်လိုက်ပြီး ဝါဆာဘီ၏ အစပ်ဒဏ်ကို နှိမ်နင်းလိုက်ပေရာ သူ၏ မျက်နှာမှာ ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားခဲ့ရသည်။
“ပစ္စည်းကောင်းဆိုတော့လည်း ဒီလိုစားမှ အားရစရာ ကောင်းတာပေါ့”
ဆရာကြီး ကျန့်ရင်းက သူ၏ ချွေးများကို သုတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“ဟွန့်... ဇွတ်ငြင်းနေတာပဲ”
ဒါလုံက နှာခေါင်းရှုံ့လိုက်၏။
“ဒါလုံ... မင်း အခုတလော ဘာတွေ လုပ်နေတာလဲ၊ မင်းရဲ့ လည်ပင်းက ဘယ်လိုဖြစ်ပြီး ဖုတ်ကောင်ကိုက်တာ ခံလိုက်ရတာလဲ”
ဆရာကြီး ကျန့်ရင်းမှာ ဒါလုံနှင့် စကားအရှည်မနေတော့ဘဲ ဆာရှိမိ စားရင်းနှင့်ပင် တိုက်ရိုက် မေးလိုက်တော့၏။
“ငါ အခုတလော ဘာလုပ်လဲ ဟုတ်လား၊ စားလိုက်၊ အိပ်လိုက်၊ ပြန်စားလိုက်ပေါ့၊ နေ့တိုင်း ပင်ပန်းနေတာပဲ၊ မနက်စာ စားပြီးရင် လမ်းလျှောက်ထွက်ရတယ်၊ လမ်းလျှောက်ပြီးရင် နေ့လယ်စာ စားရပြန်ရော၊ ပြီးရင် အိပ်ရတယ်၊ ပြီးတော့ ညစာ စားရပြန်တာပဲ၊
နေ့တိုင်း... နေ့တိုင်း... အနားယူဖို့ အချိန်ကို မရှိဘူး၊
ဖုတ်ကောင်ကိုက်ခံရတာ ဟုတ်လား၊ ဘယ်မှာလဲ... မရှိပါဘူး”
ဒါလုံက သူ၏ သာယာလှသော ဘဝအကြောင်းကို ကြွားဝါလျက် ဆိုလိုက်၏။ လင်းရန်ယန်နှင့် ဆရာကြီး ကျန့်ရင်းတို့မှာ ထိုစကားကို ကြားသောအခါ နှုတ်ခမ်းများ တွန့်သွားရသည်။ ဤလူသည် တကယ့်ကို ကြွားဝါလွန်းလှသည်။
“ဖုတ်ကောင်ကိုက်ခံရတာကို ပေါ့ပေါ့တန်တန် မမှတ်ပါနဲ့၊ မင်းသာ ဖုတ်ကောင် ဖြစ်သွားရင် မင်းကိုယ်တိုင်ရော အခြားသူတွေကိုပါ ဒုက္ခပေးမိလိမ့်မယ်၊
အဲ့ဒီအချိန်ကျရင် မင်းမှာ ရှိသမျှ အရာအားလုံးက တခြားသူတွေအတွက်ပဲ ဖြစ်သွားလိမ့်မယ်”
ဆရာကြီး ကျန့်ရင်းက ဒါလုံကို လေးနက်စွာ သတိပေးလိုက်၏။ ထိုစကားကြောင့် ဒါလုံ၏ မျက်နှာပေးမှာ ပြောင်းလဲသွားခဲ့ရလေပြီ။
“မင်း... မင်း ငါ့မိန်းမကို ကြံစည်နေတာ မဟုတ်လား၊ အခုတော့ မင်းရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီပေါ့၊ ကောင်းပြီလေ... ငါ ဖုတ်ကောင်ကိုက်ခံရတာကို မင်း သိတယ်ဆိုမှတော့ မင်း ငါ့ကို ကုပေးရမယ်၊ တစ်ကယ်လို့ မပျောက်ရင်တော့ မင်းရော မင်းရဲ့ တပည့်ပါ အသက်ပျောက်စေရမယ်”
ဒါလုံက ချက်ချင်း ထရပ်ကာ အော်ဟစ်လိုက်၏။ ပတ်ဝန်းကျင်ရှိ လက်အောက်ငယ်သားများမှာလည်း သေနတ်များကို ထုတ်ကာ ဆရာကြီး ကျန့်ရင်းနှင့် လင်းရန်ယန်တို့ကို ဝိုင်းရံထားကြတော့၏။
“မင်းကတော့ အရင်အတိုင်း စိတ်ပုပ်နေတုန်းပဲ၊ မင်းသာ မီရှယ်ကို ကောင်းကောင်း စောင့်ရှောက်မယ်ဆိုရင် ငါလည်း ဝမ်းသာပါတယ်၊
ဒါပေမဲ့ မင်း ပြောတာ နှစ်ခု မှားနေတယ်၊ တစ်ခုက ဒါက ငါ့ရဲ့ ညီငယ်ပါ... ငါ့တပည့် မဟုတ်ဘူး၊
ဒုတိယတစ်ခုကတော့... မင်းရဲ့ ဒီမီးချောင်းတွေကို သိမ်းထားလိုက်ပါ၊ ဒါတွေက ငါ့ကိုရော ငါ့ညီငယ်ကိုပါ မသတ်နိုင်ဘူး”
ဆရာကြီး ကျန့်ရင်းမှာမူ မည်သို့မျှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ချေ။ သူသည် ကျန်ရှိနေသော ကျောက်ပုစွန်သားကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက်၊ သူ၏ ညာလက်ကို ဆန့်တန်းကာ အင်းကွက် သုံးခုကို ပြုလုပ်လိုက်၏။
ဝုန်း၊
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ထဲမှ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ဂျွတ်... ဂျွတ်... ဂျွတ်”
ပတ်ဝန်းကျင်ရှိ သေနတ်ရှည်အားလုံးမှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် ချက်ချင်းပင် လိမ်တွန့်သွားခဲ့ရလေပြီ။ ဤမြင်ကွင်းကြောင့် ဒါလုံနှင့် သူ၏ လက်အောက်ငယ်သားများမှာ မှင်သက်သွားကြရ၏။
“ဒါ... ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ဒါလုံက ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေ၏။ ဆရာကြီး ကျန့်ရင်းမှာလည်း သူ၏ ပါးစပ်ကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။
“မဖြစ်နိုင်တာ မရှိပါဘူး ဒါလုံ၊ ငါ ဒီကို လာတာက မင်းနဲ့ မီရှယ်ကို လာတွေ့တာပဲ... တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး၊
မီရှယ်သာ အဆင်ပြေနေမယ်ဆိုရင် ငါလည်း မင်းတို့ နှစ်ယောက်ကို ဆုတောင်းပေးရုံပဲ ရှိတာပေါ့၊
ဒါပေမဲ့ မင်းသာ မီရှယ်အပေါ် မကောင်းဘူးဆိုရင်တော့... မင်းမှာ စစ်သား တစ်သိန်းရှိနေရင်တောင်မှ ငါ မင်းကို ရိုက်ချင်တယ်ဆိုရင် သူတို့ တားနိုင်မှာ မဟုတ်ဘူး”
ဆရာကြီး ကျန့်ရင်းက အာဏာရှိလှသော လေသံဖြင့် ဆိုလိုက်၏။ ထိုစကားကြောင့် စစ်သည်များမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြပြီး ဒါလုံသည်လည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရတော့၏။
“ကျန့်ရင်း”
ထိုခဏ၌ ဆရာကြီး ကျန့်ရင်း၏ အိပ်မက်ထဲတွင် အမြဲရှိနေသော အသံတစ်ခုမှာ သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဆရာကြီး ကျန့်ရင်းမှာ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရပြီး အလျင်အမြန်ပင် နောက်သို့ လှည့်ကြည့်လိုက်၏။
သူသည် ကိုယ်ဝန်အရင့်အမာနှင့် ချောမောလှပသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရပေသည်၊ သူမ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး ဆရာကြီး ကျန့်ရင်းကို ကြည့်နေ၏။ ထိုရင်းနှီးလှသော ပုံရိပ်ကြောင့် ဆရာကြီး ကျန့်ရင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
“မီရှယ်”
ဆရာကြီး ကျန့်ရင်းမှာ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“ရပ်လိုက်... ရပ်လိုက်စမ်း၊ မင်းတို့ နှစ်ယောက်က ဘာလို့ မျက်လုံးချင်း လာဆုံနေကြတာလဲ”
ဒါလုံမှာ ဤသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး သူတို့နှစ်ဦးကြားသို့ အလျင်အမြန် ခုန်ဝင်ကာ ကာကွယ်လိုက်တော့၏။
“ဒါလုံ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက ကိုကိုကျန့်ရင်းကို တွေ့ရလို့ ဝမ်းသာနေတာပါ”
မီရှယ်က သူ၏ အပြုအမူကြောင့် မျက်စောင်းထိုးလိုက်၏။
“ငါ့မိန်းမကတော့ ဘာမှ မလုပ်ဘူးဆိုတာ ငါ သိတာပေါ့၊ ဒါပေမဲ့ ဟို ကျန့်ရင်းက မင်းအပေါ် တစ်မျိုး ကြံစည်နေမှာကို ဘယ်သူ သိမှာလဲ၊ မီရှယ်... ငါ့စကားကို နားထောင်ပါ၊ သူ့နဲ့ ဝေးဝေးနေစမ်းပါ၊
ရင်သွေးလေးကို ထိခိုက်ဦးမယ်... အဲ့ဒါက မကောင်းဘူး”
ဒါလုံက အလျင်အမြန် ရှင်းပြလိုက်ပြီး သူ၏ ဇနီးကို ပြုံးရွှင်စွာဖြင့် အပေါ်ထပ်သို့ ခေါ်ဆောင်သွားတော့၏။
“အား”
သို့သော်လည်း ထိုခဏ၌ မီရှယ်မှာ နာကျင်စွာ ညည်းတွားလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေပြီ။
“မိန်းမ... မိန်းမ... အဆင်ပြေရဲ့လား”
ဒါလုံမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး သူမကို ချီရန် ကြိုးစားသော်လည်း၊ သူ၏ အင်အားမှာ မလုံလောက်သဖြင့် မချီနိုင်ခဲ့ချေ။
“ငါ လုပ်လိုက်မယ်၊ နန့်ယင်း... လမ်းပြစမ်း”
ဆရာကြီး ကျန့်ရင်းက အလျင်အမြန် ရှေ့သို့ တိုးလာပြီး မီရှယ်ကို ပွေ့ချီလိုက်ကာ နန့်ယင်းနောက်သို့ လိုက်၍ အပေါ်ထပ်သို့ တက်သွားတော့၏။
“ဟို ကျန့်ရင်း... ဖြည်းဖြည်းလုပ်စမ်းပါ”
ဒါလုံမှာ ဒေါသတကြီးဖြင့် နောက်မှ လိုက်သွားတော့၏။
“စိတ်ဝင်စားစရာပဲ... ငါ့ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဂိုဏ်းတူအစ်ကိုကြီးက ရုပ်ရှင်ထဲကလိုမျိုး မိစ္ဆာရင်သွေးကို မဖမ်းမိခဲ့ဘူးပဲ၊
ဒါကြောင့် မိစ္ဆာရင်သွေးက ကလေးထိန်းဆီမှာ ပူးကပ်မနေတော့ဘူး၊ ပြီးတော့ မီရှယ်ကို ကုသဖို့လည်း ဘယ်သူမှ လာမှာမဟုတ်ဘူး၊
ကြည့်ရတာ ငါ ရှိနေခြင်းက ဇာတ်လမ်းတချို့ကို ပြောင်းလဲစေနိုင်တာပဲ”
ဤမြင်ကွင်းကို ကြည့်ကာ လင်းရန်ယန်က သူ၏ မေးစေ့ကို ပွတ်သပ်နေ၏။ ထို့နောက် သူလည်း နောက်မှ လိုက်သွားပေသည်၊ ဘာပဲဖြစ်ဖြစ် သူသာ ပါဝင်ပတ်သက်ခြင်း မရှိပါက ကလေးငယ်မှာ ကယ်တင်နိုင်ဖွယ် မရှိသောကြောင့်ပင် ဖြစ်၏။
“အရမ်းနာတာပဲ ဒါလုံ... ကလေးလေး တစ်ခုခု ဖြစ်နေတာလား မသိဘူး”
ကုတင်ပေါ်၌ မီရှယ်မှာ ဒါလုံ၏ လက်ကို နာကျင်စွာ ဆုပ်ကိုင်ထား၏။
“မဟုတ်တာ... ငါ ဒါလုံရဲ့ ကလေးက ဘာဖြစ်မှာလဲ၊ မြန်မြန်... ဆရာဝန်တွေကို မြန်မြန် ခေါ်ခဲ့ကြစမ်း၊ အနောက်တိုင်း ဆရာဝန်ရော၊ တိုင်းရင်းဆေး ဆရာဝန်ရော အကောင်းဆုံးတွေ အကုန်လုံးကို ခေါ်ခဲ့ကြ”
ဒါလုံက အော်ဟစ်လိုက်၏။ သူ၏ လက်အောက်ငယ်သားများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြင်သို့ ပြေးထွက်သွားကြတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ဆရာကြီး ကျန့်ရင်းက ဘေးတွင် ကြောက်လန့်တကြား ငိုနေသော နန့်ယင်းကို လေးနက်စွာ မေးလိုက်၏။
“မမက ကိုယ်ဝန်ရှိကတည်းက ဗိုက်အောင့်နေတာပါ၊ ဆရာဝန်တွေ အများကြီးနဲ့ ပြခဲ့ပေမယ့် ကလေးကိုပဲ မနည်း ထိန်းထားနိုင်တာ၊
ဒါပေမဲ့ သူမရဲ့ ဗိုက်က အမြဲတမ်း အောင့်နေပြီး မွေးဖွားခါနီးလည်း မဟုတ်သေးဘူး၊ ဆရာကြီး ကျန့်ရင်း... ကျွန်မရဲ့ မမကို ကယ်တင်ပေးဖို့ နည်းလမ်း ရှိပါသလား”
နန့်ယင်းက အလျင်အမြန် ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ ဆရာကြီး ကျန့်ရင်းမှာ မျက်မှောင်ကြုတ်လိုက်တော့၏။
အခန်း ၁၈၆ - ဒီနေ့ကစပြီး သူမဟာ ငါလင်းရန်ယန်ရဲ့ မွေးစားသမီး ဖြစ်လာပြီ
“သူက ဆရာဝန်လည်း မဟုတ်ဘဲနဲ့၊ အနံ့အသက်မကောင်းတဲ့ တာအိုဆရာတစ်ယောက်က ဘယ်လိုလုပ် လူကယ်နိုင်မှာလဲ”
ဒါလုံက မချင့်မရဲဖြင့် လှောင်ပြောင်လိုက်၏။
“ငါ တကယ်ပဲ မတတ်နိုင်ဘူး”
ဦးလေးကိုးက အကူအညီမဲ့စွာဖြင့် ဆိုလိုက်သည်။ နန့်ယင်းမှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် စိတ်ပျက်သွားခဲ့ရလေပြီ။
“ဒါပေမဲ့ ငါ့ရဲ့ ညီငယ်ကတော့ သူမကို သေချာပေါက် ကယ်နိုင်လိမ့်မယ်”
သို့သော် နောက်တစ်ခဏ၌ ဦးလေးကိုးက အသာအယာ ပြုံးလိုက်၏။
“ဘာ... သူ ဟုတ်လား”
ဒါလုံက လင်းရန်ယန်ကို လုံးဝ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ဆရာကြီး လင်းရန်ယန်... ဒါ တကယ့်ကို ဝမ်းသာစရာပဲ၊ ဆရာကြီး လင်းရန်ယန်... ကျွန်မရဲ့ မမကို ကယ်တင်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်”
နန့်ယင်းမှာ စိတ်လှုပ်ရှားသွားပြီး သူမ၏ မျက်ရည်စက်လက်နှင့် မျက်ဝန်းများဖြင့် လင်းရန်ယန်ကို အလျင်အမြန် ကြည့်လိုက်၏။
“ဒါက ချက်ကြိုးပတ်နေတဲ့ ကိစ္စလေးတင်ပါ၊ အခုခေတ် ဆေးပညာအရဆိုရင်တော့ မိခင်ရော ကလေးပါ သေဖို့ ရာခိုင်နှုန်း ရှစ်ဆယ်လောက် ရှိတာပေါ့၊ ဒါပေမဲ့ ငါသာ လက်လှမ်းလိုက်မယ်ဆိုရင်တော့ နည်းလမ်း နှစ်မျိုးရှိတယ်၊ မင်း ဘယ်နည်းလမ်းကို ရွေးမလဲဆိုတာပေါ်မှာပဲ မူတည်တယ်”
လင်းရန်ယန်က ဤအချိန်တွင် စကားစလိုက်၏။
“ဗျာ... ဆရာကြီးက တကယ်ပဲ ကယ်နိုင်တာလား၊ ဘယ်လို နည်းလမ်းတွေလဲ၊ ငါ့မိန်းမကို ကယ်နိုင်မယ်ဆိုရင် ရှင့်ကို ဘာမဆို ပေးပါ့မယ်၊ ကျွန်တော့်ရဲ့ စစ်သေနာပတိ ရာထူးကို လိုချင်ရင်တောင် ပေးဖို့ အသင့်ပဲ”
ဒါလုံမှာ စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ထရပ်ကာ လင်းရန်ယန်ကို လေးနက်စွာ ဆိုလိုက်၏။ ထိုစကားကို ကြားသောအခါ ဘေးတွင် ရပ်နေသော ဦးလေးကိုးမှာ ဒါလုံကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဒါလုံသည် သူ့အပေါ်၌ အမြဲတမ်း အလွန်အတ္တကြီးသူတစ်ဦးအဖြစ် ထင်မြင်ချက် ပေးထားခဲ့သော်လည်း၊ မီရှယ်အတွက် သူ၏ စစ်သေနာပတိ ရာထူးကိုပင် စွန့်လွှတ်ဝံ့လိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။
“မင်းရဲ့ စစ်သေနာပတိ ရာထူးကိုပဲ ဆက်ယူထားပါ... ငါ စိတ်မဝင်စားဘူး”
“မင်းရဲ့ သမီးနဲ့ ဇနီးကို ကယ်ဖို့က ရိုးရှင်းပါတယ်၊ ဒါပေမဲ့ မင်းသမီးလေးရဲ့ ချက်ကြိုးက လိမ်နေတာကြောင့် ဖွံ့ဖြိုးမှု နှေးနေတယ်၊ အခု မွေးဖွားခါနီးဖြစ်ပေမဲ့ ကလေးက အများဆုံး လေးငါးပေါင်ပဲ ရှိဦးမှာ၊ အခု မွေးလိုက်မယ်ဆိုရင်တော့ သူမဟာ အားနည်းပြီး ရောဂါထူပြောလိမ့်မယ်၊ ဒါကြောင့် ငါ မင်းကို နည်းလမ်း နှစ်မျိုးပေးမယ်၊ တစ်ခုက ကလေးကို အခုချက်ချင်း မွေးဖွားစေတာ၊ နောက်တစ်ခုကတော့ ငါက ချက်ကြိုးလိမ်နေတာကိုပဲ ပြုပြင်ပေးပြီး သူမကို မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ နောက်ထပ် တစ်လလောက် ဆက်ပြီး ဖွံ့ဖြိုးခွင့် ပေးလိုက်တာပဲ၊ အဲ့ဒီအချိန်ကျမှ မွေးလာမယ်ဆိုရင်တော့ သူမဟာ ကျန်းမာသန်စွမ်းတဲ့သူ ဖြစ်လာလိမ့်မယ်၊ မင်း ဘယ်အရာကို ရွေးမလဲ”
လင်းရန်ယန်က ဒါလုံကို ကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်၏။ ထိုစကားကြောင့် ဦးလေးကိုးရော ဒါလုံပါ မှင်သက်သွားကြရသည်။ မီရှယ်မှာ ကိုးလကျော်နေပြီဖြစ်ရာ မွေးဖွားရန် နီးကပ်နေပြီ ဖြစ်ပါသည်၊ နောက်ထပ် တစ်လတိုင်တိုင် ထပ်မံ စောင့်ဆိုင်းနိုင်မည်မဟုတ်ပေ။
“ဒုတိယ နည်းလမ်းကိုပဲ ရွေးပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ် ဆရာကြီး လင်းရန်ယန်... မြန်မြန်လေး လုပ်ပေးပါဦး”
ဒါလုံက မဆိုင်းမတွဘဲ လင်းရန်ယန်ကို အလျင်အမြန် အသနားခံတော့၏။ သို့သော် လင်းရန်ယန်က ဦးလေးကိုးရှိရာသို့သာ လှည့်ကြည့်လိုက်၏။ သူမကို ကယ်မကယ်ဆိုသည်မှာ ဦးလေးကိုး၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း ရှင်းလင်းလှသည်။
“ညီငယ်... အစ်ကိုကြီးကို ကူညီပေးပါဦး”
ဦးလေးကိုးက လင်းရန်ယန်ကို အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။ ဒါလုံမှာ ထိုစကားကို ကြားသောအခါ ဦးလေးကိုးကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တော့သည်။ ဦးလေးကိုးအပေါ် ထားရှိသော သူ၏ တစ်ခုတည်းသော အငြိုးမှာ မီရှယ်ကြောင့်သာ ဖြစ်ပါသည်၊ ထိုအရာကို ဖယ်လိုက်လျှင် သူတို့မှာ ငယ်သူငယ်ချင်းများသာ ဖြစ်ကြသည်။ ဤအချိန်တွင် သူသည် အတိတ်က ရန်ငြိုးအားလုံးကို လွှတ်ချလိုက်လေပြီ။
“ကောင်းပြီ”
လင်းရန်ယန်မှာ တွန့်ဆုတ်မနေဘဲ ဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက်ပင် လက်ညှိုးညွှန်လိုက်၏။
ဝုန်း၊
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ထဲမှ ကြီးမားလှသော သစ်သားဓာတ် ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး မီရှယ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့လေပြီ။ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဤအံ့ဖွယ် မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြတော့၏။ စိမ်းလန်းသော သစ်သားဓာတ်၏ သက်စောင့်အားကြောင့် နာကျင်စွာ ညည်းတွားနေသော မီရှယ်မှာ ချက်ချင်းပင် မျက်မှောင်ကြုတ်ထားသည်ကို လျှော့ချလိုက်ပြီး ဖြည်းညင်းစွာ အိပ်ပျော်သွားခဲ့လေပြီ။ သူမ၏ မျက်နှာမှာလည်း ယခင်က ဖြူလျော်နေခြင်းမျိုး မဟုတ်ဘဲ ပို၍ပင် ကြည့်ကောင်းလာခဲ့သည်။
“ပျောက်... ပျောက်သွားပြီလား”
ဒါလုံမှာ ဤမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားရ၏။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ၏ ဇနီးသည် နာကျင်မှု မရှိတော့ခြင်းမှာပင် စိတ်သက်သာရာရစရာ ကောင်းလှသည်။
“ဆရာကြီး လင်းရန်ယန်... တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ဆရာက ကျွန်တော့် လုံမိသားစုအတွက် ကျေးဇူးရှင်ကြီးပါပဲ၊ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ဒီကလေး မွေးလာတဲ့အခါ ဆရာ့ရဲ့ မျိုးရိုးအမည်ကိုပဲ ယူစေရမယ် ၊ သူမကို ရှင့်ရဲ့ သမီးအဖတ်တင်အဖြစ် သတ်မှတ်ပေးပါ”
စိတ်လှုပ်ရှားနေသော ဒါလုံက လင်းရန်ယန်၏ လက်များကို အလျင်အမြန် ဆုပ်ကိုင်ကာ စိတ်ရင်းမှန်ဖြင့် ပြောဆိုနေတော့၏။
“ထားလိုက်ပါ... ငါ့မျိုးရိုးအမည် ယူမယ့်ကိစ္စကိုတော့ ထားလိုက်ပါဦး၊ ပြီးတော့ ငါက အသက် တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ... ဘယ်လိုလုပ် သမီးအဖတ်တင် တစ်ယောက်ကို လက်ခံနိုင်မှာလဲ၊
လင်းရန်ယန်မှာ ထိုစကားကို ကြားသည်နှင့် ဆွံ့အသွားရ၏။
ဒငိ... အိမ်ရှင်အား ဂုဏ်ပြုပါသည်၊ သုံးရက်တိုင်တိုင် အသက်ရှင်ခဲ့သဖြင့် အထူးစွမ်းရည် - ငါ့သားဖြစ်စမ်း၃ ကို ရရှိပါသည်*
ငါ့သားဖြစ်စမ်း အဆင့်နှစ် - အိမ်ရှင်အနေဖြင့် တစ်စုံတစ်ယောက်ကို သား သို့မဟုတ် မွေးစားသမီးအဖြစ် လက်ခံလိုက်သည်နှင့် အထူးဆုလာဘ် ၁၀၀ ကို ရရှိပါလိမ့်မည်၊
ထိုခဏ၌ အသိပေးသံတစ်ခုမှာ လင်းရန်ယန်၏ စိတ်ထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့၏။
“ဟား... ဒါက ဘာအခြေအနေကြီးလဲ၊ မွေးစားသမီး လက်ခံရုံနဲ့ ပိုတောင့်တင်းလာမှာလား”
လင်းရန်ယန်မှာ မှင်သက်သွားရ၏။
“တစ်ဆယ့်ရှစ်နှစ်ဆိုတာ မငယ်တော့ပါဘူး၊ ကျွန်တော့်ရဲ့ တူမဆိုရင် တစ်ဆယ့်ရှစ်နှစ်မှာ ကလေးသုံးယောက်တောင် ရနေပြီ”
“ဆရာကြီး လင်းရန်ယန်... ငြင်းလို့ မရပါဘူးနော်”
သို့သော်လည်း ဤအချိန်တွင် ဒါလုံက လင်းရန်ယန်ကို ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်နေ၏။ ထိုစကားကို ကြားသောအခါ လင်းရန်ယန်သည်လည်း ဘာမျှမပြောနိုင်တော့ချေ။ အကယ်၍ ယခင်ကဆိုလျှင် သူ သေချာပေါက် ငြင်းမိလိမ့်မည်၊ သို့သော် အလကားရသော ဤအထူးစွမ်းရည်ကို ဘာကြောင့် ငြင်းပယ်နေရပါ့မည်နည်း။
“ဒီလိုဆိုရင်လည်း... ဒီကလေးနဲ့ ငါနဲ့က ရေစက်ရှိတယ်လို့ပဲ သတ်မှတ်ရမှာပေါ့၊ ငါ သူမကို မွေးစားသမီးအဖြစ် လက်ခံလိုက်ပါ့မယ်”
လင်းရန်ယန်က ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်တော့၏။
“ဟင်... တကယ်လား ညီငယ်၊ မင်း အတည်ပြောနေတာလား၊
ဘေးတွင်ရှိသော ဦးလေးကိုးမှာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။ သူကိုယ်တိုင်ပင်လျှင် ခေါင်းကိုင်အဖေ တစ်ယောက် ဖြစ်လာရန် မျှော်လင့်နေခဲ့သော်လည်း၊ လင်းရန်ယန်က ဤမျှမြန်မြန် ဆုံးဖြတ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဟားဟား... ဒီကလေးနဲ့ ကျွန်တော်နဲ့က တကယ်ပဲ ရေစက်ရှိလို့ပါ၊ အစ်ကိုကြီး မနာလို မဖြစ်ပါနဲ့ဦး”
လင်းရန်ယန်က တိုက်ရိုက်ပင် ရယ်မောလိုက်၏။ တစ်ချိန်တည်းမှာပင် သူက စိတ်ထဲမှ တွေးလိုက်မိသည်မှာ ‘အစ်ကိုကြီးက ခေါင်းကိုင်ဖခင် ဖြစ်ချင်တာလား၊ ခဏလောက် စောင့်ဦး... အစ်ကိုကြီးကို ဖခင်အရင်း ဖြစ်အောင် ငါ လုပ်ပေးမယ်’ ဟူ၍ပင် ဖြစ်၏။
“ဟုတ်တယ်... ဟုတ်တယ်၊ ဆရာကြီး ကျန့်ရင်း... မင်းက ဘာလို့ လာပြီး ရောနေတာလဲ၊ ငါ့သမီးက မင်းကို ဖေဖေလို့ ခေါ်မှာ မဟုတ်ဘူး”
ဒါလုံကလည်း ခါးထောက်လျက် ဂုဏ်ယူစွာ ရယ်မောလိုက်၏။
“ဪ... ဒါနဲ့ ခေါင်းကိုင်အဖေ... ကလေးကို နာမည်လေး တစ်ခုလောက် ပေးပါဦးလား”
ဒါလုံမှာ ရုတ်တရက် အကြံတစ်ခု ရသွားပြီး လင်းရန်ယန်ကို ကြည့်လိုက်၏။ ဘာကြောင့်ဆိုသော် သူ၏ ဇနီးသည် ကလေးကို ‘အိုင်ယင်း’ ဟု နာမည်ပေးရန် စဉ်းစားထားသည်ကို သတိရသွားသောကြောင့် ဖြစ်၏။ ၎င်းမှာ တကယ့်ကို ဆိုးဝါးလှလိမ့်မည်။ အကယ်၍ လင်းရန်ယန်ကို အခု နာမည်ပေးခိုင်းလိုက်လျှင် သူ၏ ဇနီးမှာ နားထောင်ရန်မှတစ်ပါး အခြားမရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် ဤသူမှာ ကလေး၏ ခေါင်းကိုင်ဖခင် နှင့် ကျေးဇူးရှင် ပင်ဖြစ်၏။
“မင်းရဲ့ မျိုးရိုးက လုံ ဆိုတော့... သူမကို ‘လုံအောင်းရွှယ်’ လို့ပဲ ခေါ်ကြစို့”
လင်းရန်ယန်ကလည်း ပြုံးလိုက်၏။ သားလေး မဟုတ်တာ နှမြောစရာပဲ၊ မဟုတ်ရင် ‘လုံအောင်းထျန်း’ လို့ နာမည်ပေးလိုက်မှာ။
“အောင်းရွှယ်... တကယ့်ကို နာမည်ကောင်းလေးပဲ”
ဒါလုံ၏ မျက်ဝန်းများမှာ ထိုနာမည်ကို ကြားသည်နှင့် တောက်ပသွားခဲ့ရလေပြီ။
“အင်း... မဆိုးပါဘူး၊ အောင်းရွှယ်ဆိုတာ နာမည်ကောင်းလေးပဲ”
ဦးလေးကိုးကလည်း ပြုံးလိုက်၏။
ဒင်... အိမ်ရှင်အား ဂုဏ်ပြုပါသည်၊ အာမခံချက်ရှိသော ဆုလာဘ် ၁၀၀ ကို ရရှိပါသည်၊
ထိုခဏ၌ အသိပေးသံတစ်ခုမှာ လင်းရန်ယန်၏ စိတ်ထဲသို့ ထပ်မံ ဝင်ရောက်လာခဲ့ပ၏။ ဤအသိပေးသံကို ကြားရသောအခါ လင်းရန်ယန်က ပြုံးလိုက်မိတော့သည်။ ဤသည်မှာ တကယ့်ကို ကြီးမားလှသော ရလဒ်ပင် ဖြစ်၏။
“ဒါက ငါ့သမီးလေးအတွက် လက်ဆောင်ပါ၊ ဒါကို နေ့တိုင်း ဝတ်ထားခိုင်းလိုက်၊
ဒါက ဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်သလို၊ အခက်အခဲတွေကိုလည်း ကျော်လွှားစေပြီး ရောဂါဘယ အားလုံးကိုလည်း ကင်းဝေးစေလိမ့်မယ်”
လင်းရန်ယန်က သူ၏ ဝတ်ရုံအတွင်းမှ ဝိညာဉ်ကျောက်တုံးဖြင့် ထုလုပ်ထားသော အဆောင်တစ်ခုကို ထုတ်ကာ ဒါလုံအား ပေးလိုက်၏။
“တကယ့်ကို ကောင်းမွန်တဲ့ ကျောက်စိမ်းပဲ”
ထိုဝိညာဉ်ကျောက်တုံးကို မြင်သောအခါ ဒါလုံ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ရလေသည်။ စစ်သေနာပတိ တစ်ဦးအနေဖြင့် သူသည် ပစ္စည်းကောင်းကို ခွဲခြားနိုင်စွမ်း ရှိသည်၊ ဤကျောက်စိမ်းတစ်ခုတည်းမှာပင် သူ၏ စစ်တပ်တစ်ခုလုံးကို ဆယ်နှစ်တိုင်တိုင် ကျွေးမွေးနိုင်လောက်သည့် တန်ဖိုးရှိသည်။
“ဟင်း... ညီငယ်... မင်းက တကယ့်ကို ရက်ရောတာပဲ၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ဒီအတိုင်း ပေးပစ်လိုက်တယ်ပေါ့၊
ငါလည်း မင်းရဲ့ မွေးစားသား လုပ်ရင် ကောင်းမလား”
ဦးလေးကိုးမှာ အသက်ကို ပြင်းပြင်းရှူကာ လင်းရန်ယန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်၏။
“ရတာပေါ့... ကျွန်တော်ကတော့ စိတ်မရှိပါဘူး”
လင်းရန်ယန်က ပြုံးလျက် ပြန်ပြောလိုက်၏။
“အဟမ်း... နောက်တာပါ... နောက်တာပါ”
လင်းရန်ယန်က အတည်ပြောနေသည်ကို မြင်သောအခါ ဦးလေးကိုးက အလျင်အမြန်ပင် လက်ဝေ့ယမ်းလိုက်တော့၏။
“ဆရာကြီး ကျန့်ရင်း... ဒီပစ္စည်းက တကယ်ပဲ ကောင်းတာလား”
ဒါလုံက ဦးလေးကိုးကို သံသယဖြင့် ကြည့်လိုက်၏။
“လျှောက်မပြောစမ်းနဲ့... ဒါက သေချာပေါက် ပစ္စည်းကောင်းပဲ၊ မင်း အဲ့ဒါကို သေသေချာချာ ကိုင်ထား... ငါ မင်းကို ပြမယ်”
ဦးလေးကိုးက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ဒါလုံကို ဆိုလိုက်၏။ ဒါလုံမှာ သံသယရှိနေသော်လည်း ကျောက်စိမ်းအဆောင်ကို လက်ထဲ၌ အလျင်အမြန် ဆုပ်ကိုင်လိုက်၏။ သို့သော်လည်း ဦးလေးကိုးမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ဒါလုံ၏ ခါးရှိ ပစ္စတိုကို လုယူကာ သူ့ကို ချိန်လိုက်တော့၏။
“တောက်... ဆရာကြီး ကျန့်ရင်း၊ မင်း ဘာလုပ်တာလဲ”
ဒါလုံ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရလေပြီ။
ဝုန်း၊
ကံဆိုးလှသည်မှာ ဦးလေးကိုးက ခလုတ်ကို ဆွဲလိုက်ခြင်းပင် ဖြစ်သည်၊ ကျည်ဆန်များ ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း ဒါလုံနှင့် နန့်ယင်းတို့ကို ထိတ်လန့်သွားစေသည်မှာ ဒါလုံကို ထိမှန်သွားသော ကျည်ဆန်များမှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် အကာအကွယ် ရသွားခြင်းပင် ဖြစ်တော့၏။
“ဘာ... ဘာ... ဘာတွေ ဖြစ်နေတာလဲ”
ဒါလုံမှာ လုံးဝကို မှင်သက်သွားရ၏။
“ဒီကျောက်စိမ်းအဆောင်ကြောင့်လား... ဒါက ကျည်ဆန်တွေကိုတောင် ကာကွယ်နိုင်တာလား”
နန့်ယင်းမှာ မယုံကြည်နိုင်စွာဖြင့် သူမ၏ ပါးစပ်ကလေးကို အုပ်လိုက်တော့၏။
“ကျည်ဆန်တွေတင် မကပါဘူး”
ဒီကျောက်စိမ်းထဲမှာ ထုဆစ်ထားတဲ့ အင်းကွက်တွေက အနည်းဆုံးတော့ ဝိညာဉ်အဆင့်ပဲ၊ မင်းရဲ့ အမြောက်တွေနဲ့ ပစ်ရင်တောင်မှ ဒီအကာအကွယ်ကို ဖျက်နိုင်မှာ မဟုတ်ဘူး”
ဦးလေးကိုးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။
“ဟား... အဲ့လောက်တောင် စွမ်းတာလား”
ဒါလုံမှာ ချက်ချင်းပင် ထိတ်လန့်သွားရ၏။ ကျည်ဆန်ကို ကာကွယ်နိုင်သည်ကို မျက်မြင်တွေ့လိုက်ရသဖြင့် သူသည် ဦးလေးကိုး၏ စကားကို အခုမှ ယုံကြည်သွားတော့သည်။ ဤသည်ကို တွေးမိသောအခါ သူသည် ကျောက်စိမ်းအဆောင်ကို သူ၏ ဇနီးသည်၏ ကိုယ်ပေါ်တွင် အလျင်အမြန် ဆွဲပေးလိုက်ပြီး သူမနှင့် အနီးဆုံးတွင် ရှိနေစေရန် ပြုလုပ်လိုက်တော့၏။
“ကဲ... အခုတော့ မင်း ဖုတ်ကောင်ကိုက်ခံရတဲ့ ကိစ္စကို ကိုင်တွယ်ရမယ့် အချိန်ရောက်ပြီ”
“မင်း ဘယ်တုန်းက ဖုတ်ကောင်ကိုက်ခံလိုက်ရတာလဲ”
ဤအချိန်တွင် ဦးလေးကိုးသည်လည်း ဒါလုံကို ကြည့်ကာ မေးလိုက်၏။
“သက်ပြင်း... ဒါက ပြောရရင် အရှည်ကြီးပဲ၊ အားလုံးက ဟို ထန်ကျိယောင်း ဆိုတဲ့ကောင်ကြောင့်ပေါ့၊
သူက နယ်မြေလုတဲ့နေရာမှာ ငါ့ကို မနိုင်တော့ ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီး ဖုတ်ကောင်စစ်တပ်နဲ့ ငါ့ကို တိုက်ခိုက်ခဲ့တာ၊
ငါ့ရဲ့ စစ်သည် ထောင်ပေါင်းများစွာကို သတ်ပစ်ရုံတင်မကဘဲ ငါ့ရဲ့ ကိုယ်ရံတော်တစ်ယောက်ကိုပါ ကူးစက်သွားစေခဲ့တာ၊ ငါလည်း မသိလိုက်ဘဲနဲ့ ကိုက်ခံလိုက်ရတာပဲ”
ဒါလုံက ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“ဘာ... မင်းရဲ့ စစ်သည် သောင်းချီရှိတဲ့ စစ်တပ်ကိုတောင် ဖုတ်ကောင်စစ်တပ်က အနိုင်ယူသွားတယ် ဟုတ်လား”
ဦးလေးကိုးက ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်၏။
“ဟုတ်တယ်... သူက ဘယ်ကနေ ရှာလာမှန်းမသိတဲ့ တာအိုဆရာ အိုကြီးတစ်ယောက်နဲ့ ပေါင်းပြီး ဖုတ်ကောင်တွေကို ထိန်းချုပ်နေတာ၊
အနည်းဆုံးတော့ ဖုတ်ကောင် တစ်ထောင်လောက် ရှိလိမ့်မယ်၊ ငါ အများကြီးကို သတ်ပစ်ခဲ့ပေမဲ့ တချို့ကတော့ အမြောက်နဲ့ ပစ်တာတောင် မပျက်စီးဘူး”
ဒါလုံက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။
“ဖုတ်ကောင် တစ်ထောင်လား... အဲ့ဒီ မိစ္ဆာကျင့်ကြံသူက ဘာတွေ လုပ်ဖို့ ကြံစည်နေတာလဲ”
ဦးလေးကိုးမှာ မျက်မှောင်ကြုတ်လိုက်တော့၏။ ဤမျှ များပြားလှသော ဖုတ်ကောင်များထဲတွင် အားအနည်းဆုံး အမျိုးအစားဆိုလျှင် ကိစ္စမရှိသော်လည်း၊ အမြောက်နှင့်ပစ်၍ မရသော ဖုတ်ကောင်များ ပါနေခြင်းမှာမူ ပြဿနာပင် ဖြစ်၏။ ဘာကြောင့်ဆိုသော် အမြောက်နှင့်ပစ်၍ မရသော ဖုတ်ကောင်များမှာ အနည်းဆုံးတော့ ‘အစိမ်းရောင်ဖုတ်ကောင်’ အဆင့်၏ အလယ်ပိုင်း သို့မဟုတ် နောက်ဆုံးပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ အရေအတွက်ကသာ များပြားနေမည်ဆိုပါက ‘ကောင်းကင်ဆရာ’ တစ်ဦးမှသာလျှင် ၎င်းတို့ကို နှိမ်နင်းနိုင်လိမ့်မည်။ သို့သော်လည်း တစ်ဖက်လူက ဘာကြောင့် ဤမျှ များပြားလှသော ဖုတ်ကောင်များကို ဖန်တီးခဲ့ရသနည်းဆိုသည်ကို သူ သိချင်နေ၏။ ဘာပဲဖြစ်ဖြစ် ဖုတ်ကောင်များကို မွေးမြူခြင်းမှာ ကုန်ကျစရိတ် အလွန်များပြားလှသည်။
အရေအတွက် များလေ ပို၍ အစွမ်းထက်လေ မဟုတ်ပါချေ။ အကယ်၍ ထိုရင်းမြစ်များအားလုံးကို သုံး၍ ဖုတ်ကောင်တစ်ကောင်တည်းကိုသာ မွေးမြူမည်ဆိုပါက ‘ဖုတ်ကောင်ဘုရင်’ တစ်ကောင်ပင် ဖြစ်လာနိုင်သည်။ သို့သော် မကြာမီမှာပင် သူသည် ပြန်လည် စဉ်းစားမိသည်မှာ... တစ်ဖက်လူက စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်နေသူဖြစ်ရာ အရေအတွက် များပြားခြင်းကသာ ပို၍ အဆင်ပြေမည်။
“ဒါလုံ ဖုတ်ကောင်ကိုက်ခံရတာက ရုပ်ရှင်ထဲက အခြေအနေတွေနဲ့ ကွဲပြားနေတာပဲ”
လင်းရန်ယန်က ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်၏။
“မင်း ပြောတဲ့ ထန်ကျိယောင်း က အခု ဘယ်မှာလဲ”
ဦးလေးကိုးက ဇဝေဇဝါဖြင့် မေးလိုက်၏။
“သူက အရင်က ကွေ့ယန်မှာ ရှိတာ၊ ဒါပေမဲ့ ငါနဲ့ နောက်ဆုံး တိုက်ပွဲနွှဲဖို့အတွက် သူက ငါနဲ့ ၇၀ ကီလိုမီတာလောက် ဝေးတဲ့ ‘ထန်ထန်မြို့’ မှာ စခန်းချနေပြီ”