အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း ၁၉၁ - နှုတ်မဆက်ဘဲ ထွက်ခွာခြင်း
ဤခဏ၌ ‘ကောင်းကင်ဆရာ’ အဆင့်ရှိသော ထိုမိစ္ဆာကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်၏ မျက်နှာများမှာ သေလူကဲ့သို့ ဖြူလျော်နေကြ၏။ မော်ရှန်းဂိုဏ်း၏ အင်အားနှင့်ဆိုလျှင် သူတို့ကို အမြစ်ပြတ်ရှင်းလင်းရန်မှာ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူလှသည် ။ မော်ရှန်း၏ ပင်မအကြီးအကဲကြီး၊ ဒုတိယအကြီးအကဲ သို့မဟုတ် ထိုအနှိုင်းမဲ့ ‘ဘိုးဘိုးကြီး’ တို့ထဲမှ တစ်ယောက်ယောက်သာ လှုပ်ရှားလိုက်လျှင်၊ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်မှာပင် ကောင်းကင်ဆရာ ဆဋ္ဌမအဆင့်သာရှိသော သူတို့ဂိုဏ်းမှာ မျက်စိတစ်မှိတ်အတွင်း ပြာကျသွားလိမ့်မည်။
ထို့ပြင် မော်ရှန်းဂိုဏ်း၏ ကျင့်စဉ်များမှာ သူတို့ထက် များစွာသာလွန်လှရာ၊ ကွယ်လွန်သွားပြီဖြစ်သော ‘လုံယွီရှင်း’ သာ အသက်ရှိနေသေးလျှင် သူတစ်ယောက်တည်းနှင့်ပင် ဤ ‘အလောင်းကောင်ဂိုဏ်း’ ကို ချေမှုန်းရန် လုံလောက်လှသည်။ ယခုအခါ လင်းရန်ယန်မှာ မော်ရှန်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် မော်ရှန်း၏ အမဲလိုက်ခြင်းကို ခံနေရပြီဟုသာ အပူတပြင်း ထင်မှတ်နေကြတော့၏။
“လိုက်မရှာနေကြနဲ့တော့၊ ဒီမှာ ငါတစ်ယောက်တည်းပဲ ရှိတာ”
အခြားသော မော်ရှန်းဆရာကြီးများ ပါလာသလားဆိုကာ ပတ်ဝန်းကျင်ကို အသည်းအသန် လိုက်လံရှာဖွေနေကြသည့် ထိုလူများကို ကြည့်ရင်း လင်းရန်ယန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ မင်းတို့လို အလောင်းကောင်ဂိုဏ်း အသေးအမွှားလေးကို ရှင်းဖို့ တခြားလူ လိုဦးမည်ဟုတ်ပေ။
“ဘာ၊ သူတစ်ယောက်တည်းပဲလား”
“တောက်... ဒီကောင်လေးက တော်တော်မောက်မာတာပဲ”
“နေဦး... အောက်လမ်းနည်းတွေ ပါမလား သတိထားကြ၊ အမွေးတောင် မပေါက်သေးတဲ့ ကောင်လေးတစ်ယောက်က ငါတို့ဂိုဏ်းရဲ့ ကာကွယ်ရေးစက်ဝိုင်းကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ”
သို့သော်လည်း အလောင်းကောင်ဂိုဏ်း၏ ကောင်းကင်ဆရာများမှာမူ မယုံကြည်နိုင်ဘဲ ဖြစ်နေကြ၏။ လင်းရန်ယန်ကမူ စကားအရှည်မနေတော့ဘဲ သူတို့ မယုံလျှင်လည်း မတတ်နိုင်၊ သေမင်းနှင့် တွေ့မှပင် ယုံကြတော့ဟု တွေးတောကာ သူ၏ လက်ယာဘက်လက်ကို လေထုထဲသို့ မြှောက်လိုက်တော့၏။
“ရေဓာတ်ရဲ့ တောက်ပမှု... ရစ်ပတ်ချေမှုန်းစမ်း”
လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။
“ဝုန်း “
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းအားလုံးမှာ ရူးသွပ်စွာ လှုပ်ခတ်လာခဲ့တော့၏။ ခဏချင်းအတွင်းမှာပင် ထိုမိစ္ဆာကျင့်ကြံသူများ၏ ပတ်လည်နှင့် ရေအောက်မြို့တော်တစ်ခုလုံးရှိ အလောင်းကောင်ဂိုဏ်းသားတိုင်း၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော ရေဓားသွားများ ပေါ်ပေါက်လာခဲ့၏။ ထိုထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများကြောင့် ကောင်းကင်ဆရာများအားလုံး၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပျက်ယွင်းသွားခဲ့ရသည်။
“မကောင်းတော့ဘူး... သူက ရေဓာတ်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ၊ ပြေးကြစမ်း”
“တောက်... ဒီကောင်လေးမှာ ကောင်းကင်ဆရာအဆင့် အစွမ်းတွေ ဘယ်လိုရှိနေတာလဲ”
“အားလုံး နောက်ဆုတ်ကြ”
ထိတ်လန့်တုန်လှုပ်စွာ ဟစ်အော်သံများမှာ သူတို့၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းမှာ လွတ်ရာလွတ်ကြောင်း အသီးသီး ပြေးလွှားကြသော်လည်း၊ သူတို့ လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ရေဓားသွားများကလည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်တော့၏။
“ရှုး... ရှုး... ရှုး”
ရေတိုးသံများနှင့်အတူ... ရေဓားသွားများမှာ ထိုကောင်းကင်ဆရာများ၏ ခန္ဓာကိုယ်များကို လျင်မြန်စွာ ဖြတ်တောက်သွားခဲ့သည်။
“ဗွက်... ဗွက်... ဗွက်”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဆရာများအားလုံးမှာ ရေဓားများ၏ ခုတ်ထစ်ခြင်းကို ခံလိုက်ရကာ တစ်စစီ ပြတ်တောက်ကုန်ကြတော့၏။ မနီးမဝေးရှိ မြေကမ္ဘာဆရာအဆင့်ရှိသော ဂိုဏ်းသားများမှာလည်း ချက်ချင်းပင် အသက်ပျောက်သွားကြရသည်။ လူသားများသာမက သူတို့ မွေးမြူထားသော အစွမ်းထက် ဖုတ်ကောင်များပင်လျှင် ရေစီးကြောင်းအတွင်း၌ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့၏။
ဤခဏ၌ ဖုရှန်းအိုင် အောက်ခြေရှိ ရေများမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။ မကြာမီ ထိုရေများမှာ ရေအိုင်တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ ထိုသို့ဖြစ်ပါက ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာလိမ့်မည်။ ဤရေကို သောက်သုံးမိသူတိုင်းမှာ ဖုတ်ကောင်ပိုး ကူးစက်ခံရမည်ဖြစ်ပြီး၊ အနည်းဆုံး ဖျားနာသေဆုံးခြင်းမှသည် ဖုတ်ကောင်များအဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးကို ဘေးဒုက္ခပေးမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ ဤရေအိုင်ကို မှီတင်းနေထိုင်ကြသော လူဦးရေမှာ ရှစ်သိန်းမှ တစ်သန်းခန့်အထိ ရှိနေ၏။
“သန့်စင်စမ်း”
ဤမြင်ကွင်းကို မြင်သောအခါ လင်းရန်ယန်မှာ သူ၏ ရေဓာတ်စွမ်းအားဖြင့် သန့်စင်ခြင်းပညာကို မဆိုင်းမတွ အသုံးပြုလိုက်တော့၏။ စူးရှလှသော အပြာရောင်အလင်းတန်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့လေပြီ။ ထိုအလင်းတန်း ရောက်ရှိသွားသော နေရာတိုင်း၌ အစိမ်းရောင် ဖုတ်ကောင်သွေးများမှာ ပျောက်ကွယ်သန့်စင်သွားခဲ့ရသည်။ ပြတ်တောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာလည်း တဖြည်းဖြည်း ပြန်လည် စုစည်းလာခဲ့၏။
မကြာမီမှာပင် အလောင်းကောင်များနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာ ကြီးမားလှသော အသားလုံးကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့တော့၏။ လင်းရန်ယန်က သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ အသာအယာ လှမ်းတို့လိုက်သည်။
“ရှုး”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင် ‘တိုက်တေနီယမ် ရွှေကြယ်တာရာ မီးတောက်’ များမှာ ထိုအသားလုံးကြီးကို ဖုံးလွှမ်းသွားပြီး လုံးဝဥဿုံ ပြာကျသွားစေခဲ့တော့၏။ ပတ်ဝန်းကျင်ရှိ ရေထုကြီးမှာလည်း လစ်ဟာသွားသော နေရာများသို့ ရူးသွပ်စွာ ပြန်လည် စီးဝင်လာခဲ့ပြီး ဖုရှန်းအိုင်ကြီးမှာ ပြန်လည် ငြိမ်သက်သွားခဲ့၏။ လင်းရန်ယန်၏ ရေဓာတ်စွမ်းအားများကြောင့် ရေအိုင်၏ အရည်အသွေးမှာ ယခင်ကထက်ပင် ပိုမိုကောင်းမွန်သွားတော့သည်။
“ဒင့... ဂုဏ်ယူပါတယ် အရှင်၊ ‘ထိန်ထိန်မြို့မှ ဖုတ်ကောင်များကို ရှင်းလင်းခြင်း’ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်၊
တာဝန်ပြီးမြောက်မှု အဆင့်အတန်း - SSS
ထန်ထန်မြို့ ဖုတ်ကောင်ရှင်းလင်းမှု ပါဝင်မှုနှုန်း - ၁၀ ရာခိုင်နှုန်း၊ တန်အဖိုးကြီးကို သတ်ဖြတ်မှု ပါဝင်မှုနှုန်း - ၁၀ ရာခိုင်နှုန်း၊
အလောင်းကောင်ဂိုဏ်းကို အမြစ်ဖြတ်မှု ပါဝင်မှုနှုန်း - ၄၀ ရာခိုင်နှုန်း၊
ဖုရှန်းအိုင်ကို သန့်စင်မှု ပါဝင်မှုနှုန်း - ၄၀ ရာခိုင်နှုန်း”
လင်းရန်ယန်၏ စိတ်အတွင်း၌ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားရသည်နှင့် လင်းရန်ယန်၏ မျက်ခုံးမှာ တွန့်သွားခဲ့ရ၏။
“တောက်... ငါ ဒီအတိုင်း သန့်စင်ပေးလိုက်တာက တကယ့် SSS အဆင့်ရဖို့အတွက် သော့ချက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”
လင်းရန်ယန်က သဘောပေါက်သွားခဲ့လေပြီ။ စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်၊ ဤအလောင်းကောင်ဂိုဏ်းမှာ ‘လူသေဂိုဏ်း’ ကဲ့သို့ပင် ကောင်းကင်ဆရာ ဆဋ္ဌမအဆင့်သာ ရှိသဖြင့် သာမန်အားဖြင့် ဆုလာဘ် တစ်ရာခန့်သာ ရသင့်သော်လည်း၊ ယခုမူ နှစ်ရာအထိ ရရှိခဲ့ခြင်းမှာ ဤအပိုတာဝန်များကြောင့်ပင် ဖြစ်လိမ့်မည်။
“ဒင်... အရှင်သည် ‘ဆုလာဘ် အခု ၂၀၀’ နှင့် အမျိုးမျိုးသော ကျင့်စဉ်များ၊ ပစ္စည်းများကို ရရှိခဲ့ပါသည်၊ အားလုံးကို တာဝန်ဆုလာဘ်များထဲ၌ သိမ်းဆည်းထားပါသည်၊
ယခုအခါ အရှင့်တွင် စုစုပေါင်း ဆုလာဘ်ပေါင်း ၁၀၁၀ ရှိနေပါပြီ”
“ဆုလာဘ် တစ်ထောင်ကျော်သွားပြီလား၊ ငါသာ ဒါတွေကို စုထားပြီး သုံးလေးထောင်လောက်ကျမှ တစ်ခါတည်း သုံးလိုက်ရင် ငါ့ရဲ့ ကျင့်စဉ်တွေ ဘယ်လောက်အထိ တက်သွားမလဲဆိုတာ တကယ် သိချင်မိပါရဲ့”
လင်းရန်ယန်မှာ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်မိနေတော့၏။ ထို့နောက် သူသည် ရေမျက်နှာပြင်ပေါ်သို့ ပျံတက်သွားပြီး နေရာရွှေ့ပြောင်းခြင်းပညာကို အသုံးပြုလိုက်သည်။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရန်ယန်၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။ သူ ပြန်လည် ပေါ်ပေါက်လာသောအခါ ကီလိုမီတာ ရာပေါင်းများစွာ ဝေးသော ထန်ထန်မြို့၏ ကောင်းကင်ယံသို့ ရောက်ရှိနေခဲ့သည်။ လင်းရန်ယန် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဒါလုံသည် စစ်သည်အားလုံးကို ထိန်းချုပ်ပြီး စနစ်တကျ ပြန်လည် ဖွဲ့စည်းနေသည်ကို တွေ့လိုက်ရ၏။ အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်လှသည်။
လင်းရန်ယန်သည် အောက်သို့ ဆင်းသက်ကာ ဦးလေးကိုး၏ ဘေးသို့ ရောက်ရှိလာခဲ့၏။
“ညီငယ်... မင်း ပြန်လာတာ တော်တော်မြန်တာပဲ”
မိနစ်နှစ်ဆယ်ပင် မပြည့်သေးဘဲ လင်းရန်ယန် ပြန်ရောက်လာသည်ကို မြင်သောအခါ ဦးလေးကိုးမှာ အံ့အားသင့်သွားရသည်။
“ဟုတ်ကဲ့... ကိစ္စတွေ ရှင်းသွားပြီဆိုတော့လည်း ပြန်လာရတာပေါ့”
လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်၏။
“ဟင်း... ဒါဆို အလောင်းကောင်ဂိုဏ်းကို မင်း အမြစ်ဖြတ်ပစ်ခဲ့ပြီပေါ့၊
ဦးလေးကိုးက မယုံကြည်နိုင်စွာဖြင့် အသက်ရှူပင် မှားသွားရတော့၏။ မိနစ်နှစ်ဆယ်အတွင်း မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်ခဲ့သည်။
“ဟုတ်ပါတယ်... အမှိုက်ဂိုဏ်းလေးပါ၊ ကျွန်တော် အသာအယာ လှုပ်ရှားလိုက်တာနဲ့တင် သူတို့အတွက် အကန့်အသတ် ဖြစ်သွားတာပေါ့”
လင်းရန်ယန်က အနည်းငယ် ကြွားဝါကာ ဆိုလိုက်သော်လည်း ဦးလေးကိုး၏ နားထဲ၌မူ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။ သို့သော် လင်းရန်ယန်မှာ ယခုအခါ မော်ရှန်း၏ ပင်မအကြီးအကဲကြီး ဖြစ်နေပြီဖြစ်ရာ၊ ဤသည်မှာ ဖြစ်နိုင်ကြောင်း သူ တွေးတောမိလိုက်၏။
“ဟားဟားဟား... တကယ့်ကို ကျေနပ်စရာပဲ”
ထိုခဏ၌ ဒါလုံမှာ မြင်းတစ်ကောင်ကို စီးလျက် အလွန်ပင် ကျေနပ်အားရနေသော မျက်နှာဖြင့် ရောက်ရှိလာခဲ့သည်။
“ဆရာကြီး ကျန့်ရင်း... ဒီတစ်ခေါက်တော့ တကယ့်ကို ကျေးဇူးတင်ရမှာပဲ၊ ဆရာကြီးသာ မရှိရင် ကျွန်တော့်ရဲ့ စစ်တပ်တွေကို သွေးတစ်စက်မှ မကျဘဲ ဘယ်လိုလုပ် ပြန်သိမ်းနိုင်ပါ့မလဲ”
ဒါလုံက မြင်းပေါ်မှ ဆင်းကာ ဦးလေးကိုး၏ ပုခုံးကို ရင်းနှီးစွာ ဖက်လိုက်၏။
“စစ်သေနာပတိ ဒါလုံ... ခင်ဗျားရဲ့ စစ်တပ်အင်အားက စစ်ဗိုလ်ချုပ် ဆယ်ယောက်ထဲမှာ နောက်ဆုံးမှာ ရှိနေတာနော်၊ တခြားလူတွေရဲ့ ဝါးမြိုတာကို မခံရအောင် သတိထားဦး”
ဦးလေးကိုးက ဒါလုံကို မျက်စောင်းထိုးလျက် ဆိုလိုက်၏။ ထိုစကားကြောင့် ဒါလုံမှာ မျက်နှာ ပျက်သွားရသည်။
“တောက်... မင်းကတော့ ငါ့ကို ခဏလေးတောင် ပျော်ခွင့်မပေးဘူးလား”
ဒါလုံက အကူအညီမဲ့စွာ ညည်းတွားလိုက်၏။ သို့သော် စစ်ဗိုလ်ချုပ်များ၏ လောကအတွင်းသို့ ခြေစုံပစ်ဝင်ပြီးမှတော့ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။
“စစ်ဗိုလ်ချုပ်တွေ အချင်းချင်း တိုက်ခိုက်နေတာက မှန်ကန်တဲ့ လမ်းစဉ် မဟုတ်ပါဘူး၊ ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင်တော့ တခြားလမ်းကို ရှာဖို့ အကြံပေးချင်တယ်၊
ဥပမာ... ပြည်သူတွေအတွက် တိုက်ပွဲဝင်တဲ့ လမ်းစဉ်မျိုးပေါ့”
လင်းရန်ယန်က ဒါလုံကို ကြည့်ကာ ဖြည်းညင်းစွာ အကြံပေးလိုက်၏။
“ဟင်... ဘာလမ်းစဉ်လဲ”
ဒါလုံမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
“ဒါကတော့ အများကြီး ပြောလို့ မသင့်တော်ဘူးပေါ့”
လင်းရန်ယန်က အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်၏။
“ကဲ... ကဲ... ကိစ္စတွေလည်း ပြီးပြီဆိုတော့ ကျွန်တော်နဲ့ ညီငယ်လည်း အိမ်ပြန်ဖို့ ပြင်ရဦးမယ်”
ဦးလေးကိုးက စကားလမ်းကြောင်း လွှဲလိုက်၏။
“ပြန်မယ်... ဘယ်ကို ပြန်မှာလဲ၊ ငါ အောင်ပွဲခံ ထမင်းစားပွဲ လုပ်ဦးမှာလေ၊ မင်း ဒီလောက်ကြာမှ ပြန်လာတာကို၊ အခု နှုတ်မဆက်ဘဲ ပြန်သွားရင် ငါ့မိန်းမ သိသွားတာနဲ့ ငါ့ကို သတ်လိမ့်မယ်”
ဒါလုံက ဦးလေးကိုးကို အတင်းဆွဲထားတော့၏။
“ဟုတ်တယ်... အစ်ကိုကြီး သိထားသင့်တဲ့ ကိစ္စအချို့လည်း ရှိသေးတယ၊”
လင်းရန်ယန်ကလည်း ပြုံးလျက် ဆိုလိုက်၏။ ထိုစကားကြောင့် ဘေးမှ ဒါလုံမှာ သိသိသာသာပင် တိတ်ဆိတ်သွားခဲ့ရသည်။
“အင်း... ဒါဆိုလည်း ပြီးတာပဲ”
ဦးလေးကိုးက လင်းရန်ယန်ကို တစ်ချက်ကြည့်လိုက်၏။ ထို ‘ကိစ္စ’ ဆိုသည်မှာ ဘာလဲဆိုသည်ကို သူ မသိသော်လည်း အကူအညီမဲ့စွာပင် ခေါင်းယမ်းလိုက်တော့၏။
စစ်တပ်ကြီးမှာ မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာသောအခါ မိုးမှာ လင်းထိန်နေပြီဖြစ်သည်။
“မိန်းမ... ငါ ပြန်လာပြီ”
ဒါလုံက အိမ်ထဲသို့ ဝင်ဝင်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဒါလုံ”
မီရှဲမှာ ယန်းရင်၏ ဖေးမမှုဖြင့် ဧည့်ခန်းထဲသို့ ထွက်လာခဲ့၏။ ဒါလုံ ဘေးကင်းသည်ကို မြင်ရသောအခါ သူမမှာ စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် သူမသည် ဒါလုံ၏ ဘေးရှိ ဦးလေးကိုးနှင့် လင်းရန်ယန်တို့ကို တွေ့လိုက်ရ၏။
“အစ်ကိုကြီး ရင်းလည်း ပါလာတာပဲလား”
မီရှဲက ဝမ်းသာအားရ ဆိုလိုက်၏။ ထို့နောက် သူမသည် လင်းရန်ယန်ကို ကြည့်ကာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။
“ရှင်က ကျွန်မနဲ့ ကလေးရဲ့ အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှင် မဟုတ်လား၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဂါရဝကို လက်ခံပေးပါ၊ ရှင့်ရဲ့ ကျေးဇူးကို ကျွန်မ တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး”
မီရှဲက လင်းရန်ယန်၏ ရှေ့၌ ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်၏။
“ရပါတယ်... ခင်ဗျားက အစ်ကိုကြီးရဲ့ သူငယ်ချင်းပဲလေ၊ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး”
လင်းရန်ယန်က ဘာမျှ မပြောဘဲ သူ၏ လက်ယာဘက်လက်ကို ဝေ့ယမ်းလိုက်ရာ မီရှဲမှာ လေထဲသို့ အသာအယာ မြောက်တက်လာခဲ့တော့၏။ ဤကဲ့သို့ နတ်ဘုရားကဲ့သို့သော နည်းလမ်းမှာ မီရှဲကို အလွန်ပင် အံ့အားသင့်သွားစေခဲ့သည်။
“မိန်းမ... ကျေးဇူးရှင်က အခု ငါတို့ကလေးရဲ့ ဖေဖေကြီး ဖြစ်သွားပြီ၊ ငါတို့ တကယ့်ကို ကံကောင်းတာပဲ၊
ကျေးဇူးရှင်က ကလေးကို နာမည်တောင် ပေးထားတယ်၊ ‘အောင်းရွှယ်’ တဲ့... ဟဲဟဲ၊ နာမည်လေးက ကောင်းတယ် မဟုတ်လား”
ဒါလုံက မီရှဲကို ဂုဏ်ယူစွာဖြင့် ကြွားဝါလိုက်၏။
“အောင်းရွှယ်... နာမည်လေးက ကောင်းလိုက်တာ၊ ကျေးဇူးအများကြီး တင်ပါတယ် ကျေးဇူးရှင်”
မီရှဲကလည်း ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏။ သူမသည် နျန်းရင်ထံမှ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ကြားသိထားပြီး ဖြစ်သည်။ ဒါလုံသည် သူမတို့ သားအမိကို ကယ်တင်ရန်အတွက် သူ၏ စစ်ဗိုလ်ချုပ် ရာထူးကိုပင် စွန့်လွှတ်ရန် အသင့်ဖြစ်နေခဲ့သည်ကို သိရသောအခါ သူမမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
“ဟားဟားဟား... ငါလည်း ဒီနာမည်ကို ကြိုက်တယ်”
ဒါလုံက ကျေနပ်စွာ ပြုံးလိုက်၏။ သို့သော်လည်း မကြာမီမှာပင် ဒါလုံ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့ရသည်။
“မိန်းမ... ဟိုတုန်းက ကိစ္စနဲ့ ပတ်သက်ပြီး၊ ငါတို့ ဖုန်းကျောင်းကိုလည်း ပြောပြသင့်တယ် မဟုတ်လား”
နောက်ဆုံးတွင်မူ ဒါလုံက ဆိုလိုက်တော့၏။ ဤစကားကို မပြောရပါက သူ၏ ရင်ထဲ၌ တစ်သက်လုံး ကျောက်ခဲကြီးတစ်ခု တင်ထားသကဲ့သို့ ဖြစ်နေလိမ့်မည်။ ထိုစကားကြောင့် ဦးလေးကိုးနှင့် ယန်းရင်မှလွဲ၍ ကျန်ရှိသူအားလုံးမှာ တိတ်ဆိတ်သွားကြရတော့၏။
ဦးလေးကိုးမှာမူ ကြောင်အမ်းအမ်း ဖြစ်နေပေသည်၊ ဘာကိစ္စများပါလိမ့်။
အခန်း ၁၉၂ - ပျက်သုဉ်းခြင်းနေ့ရက်
သူ၏ ညီငယ်အပါအဝင် လူတိုင်းက ဤကိစ္စကို သိထားကြပြီး၊ သူနှင့် ယန်းရင်သာ မသိခဲ့သည်မှာ အဘယ် အကြောင်းကြောင့်နည်း။
“ဘေးလူက ပိုမြင်သာတယ်ဆိုတဲ့ စကားအတိုင်းပဲ၊ ကျေးဇူးရှင်ကတော့ အမှန်တရားကို သိမြင်နေပုံရတယ်၊
ဒါဆိုရင် အစ်ကိုကြီး ရင်းကိုသာ အကုန်ပြောပြလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေက သူ့အပြစ်မှ မဟုတ်တာ”
မီရှဲက လွမ်းဆွတ်တမ်းတဟန်ဖြင့် ဖြည်းညင်းစွာ ဆိုလိုက်၏။
“အားလုံးပဲ... ငါမသိသေးတဲ့ အဲ့ဒီကိစ္စက တကယ်တော့ ဘာလဲဆိုတာ ပြောကြပါဦး”
ဦးလေးကိုးမှာမူ လုံးဝဥဿုံ ထုံထိုင်းအမ်းအမ်း ဖြစ်နေတော့၏။ ကြီးမားသော ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်တော့မည်ကို သူ အလိုလို ခံစားနေမိသည်။
“ယန်းရင်က တကယ်တော့ မင်းရဲ့ သမီးအရင်းပဲ”
ဒါလုံက ဦးလေးကိုးကို တိုက်ရိုက်ကြည့်ကာ လေးနက်စွာ ပြောကြားလိုက်၏။ ထိုစကားကို ကြားလိုက်ရသည်နှင့် ဦးလေးကိုးမှာ ကြောင်အမ်းသွားရုံသာမက၊ ဘေးတွင် ရပ်နေသော ယန်းရင်ပင်လျှင် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဦးလေးကိုးကို စိုက်ကြည့်နေမိတော့၏။
“ငါ့... ငါ့... ငါ့သမီး ဟုတ်လား”
ဦးလေးကိုးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ သူသည် ယနေ့ထက်တိုင် လူပျိုစစ်စစ်ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ကောင်းကောင်း သိထားသည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို သူ တစ်ခါမျှ မကျူးလွန်ခဲ့ဖူးချေ။ ဤမျှ အရွယ်ရောက်နေသော ကလေးတစ်ယောက် သူ၌ မည်သို့ ရှိနေနိုင်မည်နည်း။
“အစ်မ... ခဲအို ပြောတာကိုလည်း နားထောင်ပါဦး၊ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ မဟုတ်လား”
ယန်းရင်မှာလည်း ဒေါသထွက်သွားကာ သူမ၏ အစ်မဖြစ်သူထံ အလျင်အမြန် တိုင်တန်းလိုက်၏။
“ယန်းရင်... ခဲအို ပြောတာတွေ အားလုံးက အမှန်တရားတွေပဲ၊ ပြီးတော့... နင် ငါ့ကို အမေလို့ ခေါ်သင့်တယ်၊ ငါက နင့်ရဲ့ အမေအရင်းပဲ”
မီရှဲက အပြစ်မကင်းသော စိတ်ဖြင့် ယန်းရင်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
“ဝုန်း”
ယန်းရင်၏ ဦးနှောက်အတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မယုံကြည်နိုင်သော မျက်နှာဖြင့် မီရှဲကို ချက်ချင်း စိုက်ကြည့်လိုက်မိ၏။
“ရှင်တို့ ကျွန်မကို လိမ်နေကြတာ၊ အားလုံးက အလိမ်အညာတွေပဲ၊ အတုအယောင်တွေပဲ”
ယန်းရင်က အော်ဟစ်လိုက်ပြီးနောက် ငိုယိုကာ အပြင်သို့ ပြေးထွက်သွားခဲ့တော့၏။
“ယန်းရင်”
မီရှဲက စိုးရိမ်တကြီး အော်ခေါ်ကာ နောက်မှ လိုက်သွားရန် ပြင်သော်လည်း၊ သူမ၏ ကိုယ်ဝန်ကြောင့် လျင်မြန်စွာ မလှုပ်ရှားနိုင်ချေ။
“ထားလိုက်ပါ... သူ ခဏလောက် တစ်ယောက်တည်း ရှိပါစေ၊ ဒီကလေးကို ငါပဲ ပြုစုပျိုးထောင်ခဲ့တာဆိုတော့ သူ ဒီလောက်တော့ အားမငယ်ပါဘူး”
ဒါလုံက ဖြည်းညင်းစွာ ဆိုလိုက်၏။ စင်စစ်အားဖြင့်မူ ဤကလေးသည် ဦးလေးကိုး၏ သွေးမျိုးဆက်ဖြစ်သဖြင့် ထိုမျှ ပျော့ညံ့မည်မဟုတ်ဟု သူ ဆိုလိုခြင်း ဖြစ်သည်။
သို့သော်လည်း မီရှဲ၏ စကားများကြောင့် ဦးလေးကိုးမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုသို့ဆိုလျှင် ယန်းရင်သည် သူနှင့် မီရှဲတို့၏ သမီး ဖြစ်နေ၏။
ရုတ်တရက် သူ နားလည်သွားခဲ့လေပြီ။ မီရှဲသည် ဒါလုံနှင့် မပြိုင်ခင်ကတည်းက ကလေးရနေခဲ့ခြင်း ဖြစ်မည်လား၊ ထိုအချိန်တွင် သူမ၌ အခြားရွေးချယ်စရာ မရှိသဖြင့် ဒါလုံ၏ ကလေးဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်မည်။ ဦးလေးကိုးသည် ကလေး၏ ဖခင်မှာ မည်သူဖြစ်ကြောင်း မသိသော်လည်း၊ လက်ရှိ အခြေအနေအရ သူ ဝန်ခံရုံသာ ရှိတော့သည်ဟု တွေးတောမိလိုက်၏။ ဘာပဲဖြစ်ဖြစ် သူသာ ဝန်မခံပါက မီရှဲနှင့် ယန်းရင်တို့၏ ဘဝမှာ အလွန် ခက်ခဲသွားနိုင်သည်။
သို့သော် ဦးလေးကိုး ဝန်ခံရန် ပြင်လိုက်စဉ်မှာပင် ဘေး၌ ရှိနေသော လင်းရန်ယန်က ဝင်ပြောလိုက်၏။
“အစ်ကိုကြီး... ယန်းရင်က တကယ်ပဲ အစ်ကိုကြီးရဲ့ သမီးပါ၊ သူမကို စတွေ့ကတည်းက အစ်ကိုကြီးရဲ့ သမီးအရင်းဖြစ်ကြောင်း သွေးမျိုးဆက် အငွေ့အသက်ကို ကျွန်တော် ခံစားမိခဲ့တယ်၊
ဒါကြောင့် ကျွန်တော် အစ်ကိုကြီးနဲ့ ယန်းရင်အတွက် ‘ရှင်ခြင်းနှင့် သေခြင်းမှတ်တမ်း’ ကို စစ်ဆေးကြည့်ပေးခဲ့တယ်၊ ခမည်းတော်နဲ့ သမီးတော် ဆက်နွှယ်မှု ရှိနေတာ အမှန်ပဲ”
ဦးလေးကိုး တစ်ခုခု မှားယွင်းစွာ တွေးတောနေသည်ကို ရိပ်မိသဖြင့် လင်းရန်ယန်က တိုက်ရိုက်ပင် ပြောချလိုက်ခြင်း ဖြစ်၏။ ထိုစကားကို ကြားလိုက်ရသောအခါ ဦးလေးကိုးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့၏။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ မီရှဲ... ဒါလုံ... ငါ့မှာ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာ လုံးဝ မမှတ်မိဘူး”
ဦးလေးကိုးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ လင်းရန်ယန်၏ စကားမှာမူ လုံးဝ မှားယွင်းနိုင်စရာ မရှိချေ။
“ဒီကောင်... ငါ လက်ထပ်တဲ့နေ့က ဘာဖြစ်ခဲ့လဲဆိုတာ မင်း မေ့သွားတာလား”
ဒါလုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ဤကိစ္စကို တွေးမိတိုင်း သူသည် ဦးလေးကိုးကို သတ်ပစ်ချင်စိတ် ပေါက်နေခဲ့ခြင်း ဖြစ်သည်။
“ဘာဖြစ်ခဲ့လို့လဲ”
ဦးလေးကိုးမှာ လုံးဝ ဝေဝေဝါးဝါး ဖြစ်နေ၏။
“ကျွန်တော် အစ်ကိုကြီးကို မှတ်ဉာဏ်ပြန်ဖော်ပေးပါ့မယ်”
လင်းရန်ယန်က ဆိုလိုက်ပြီးနောက် သူ၏ လက်ညှိုးကို ဦးလေးကိုး၏ နဖူးတည့်တည့်သို့ တင်လိုက်၏။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးလေးကိုး၏ ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်များမှာ သူ၏ စိတ်အာရုံ၌ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ မွေးစမှတ်ဉာဏ်မှသည် လွန်ခဲ့သော တစ်ဆယ့်ခုနစ်နှစ်ခန့်က မှတ်ဉာဏ်များဆီသို့ လျင်မြန်စွာ စီးဝင်သွားခဲ့တော့၏။
ထိုနေ့က ဦးလေးကိုးသည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် ဒါလုံနှင့် မီရှဲတို့၏ မင်္ဂလာပွဲကို တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်ခဲ့ရ၏။ စိတ်နှလုံး ကြေကွဲစွာဖြင့် သူသည် လင်းမိသားစု၏ အိမ်ဟောင်းသို့ ကြောင်အမ်းအမ်းဖြင့် ပြန်လာခဲ့ပေသည်။ သူ မွေးဖွားစဉ်က ဖခင်ဖြစ်သူ မြှုပ်နှံပေးခဲ့သော အရက်အိုးများကို တူးထုတ်ကာ ဒါလုံနှင့် မီရှဲတို့ထံ ဂုဏ်ပြုရန် သွားရောက်ခဲ့၏။
ဒါလုံသည် သူ၏ သူငယ်ချင်းကောင်း ရောက်ရှိလာသည်ကို သိသောအခါ အလွန် ဝမ်းသာသွားခဲ့သည်။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဦးလေးကိုးကို အသစ်စက်စက် လက်ထပ်ထားသော မီရှဲနှင့် သွားရောက် တွေ့ဆုံစေခဲ့၏။ ဦးလေးကိုးက ငြင်းဆန်သော်လည်း ဒါလုံက အတင်းအကျပ် ခေါ်ဆောင်သွားသဖြင့် တွေ့ဆုံခဲ့ရတော့သည်။
ဦးလေးကိုးသည် အကူအညီမဲ့စွာဖြင့် သူတို့ နှစ်ဦးကို အရက်သောက်ရန် ဖိတ်ခေါ်ခဲ့၏။ လုံးဝ မူးယစ်သွားစေရန်အတွက် ဦးလေးကိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကိုပင် ပျက်ပြယ်စေခဲ့သည်။ သူငယ်ချင်း သုံးဦးမှာ မင်္ဂလာဦးခန်းအတွင်း၌ အတူတူ အရက်သောက်ခဲ့ကြ၏။
သို့သော် ဤအရက်ဝိုင်းမှာ ကြီးမားသော အမှားတစ်ခုဆီသို့ ဦးတည်သွားခဲ့လေပြီ။ ဦးလေးကိုး အပါအဝင် သုံးဦးလုံးမှာ အလွန်အမင်း မူးယစ်သွားခဲ့ကြ၏။ ဝေဝေဝါးဝါး အခြေအနေ၌ ဦးလေးကိုးသည် ရင်းနှီးနေသော ရနံ့တစ်ခု သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ မည်သို့မျှ မစဉ်းစားတော့ဘဲ သူသည် စိတ်ရိုင်းများအတိုင်း ကျူးလွန်ခဲ့မိတော့၏။
နောက်တစ်နေ့ နံနက်စောစော၌ ပထမဆုံး နိုးလာသော မီရှဲသည် သူမ၏ ဘေး၌ ရှိနေသူမှာ ဦးလေးကိုး ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ ဒါလုံ ဒေါသထွက်ကာ ဦးလေးကိုးကို သတ်ပစ်မည်ကို စိုးရိမ်သဖြင့် သူမသည် ဦးလေးကိုးကို နောက်ဖေးတံခါးမှတစ်ဆင့် အလျင်အမြန် နှင်ထုတ်လိုက်၏။
ဤကိစ္စမှာ ပြီးဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း၊ လအနည်းငယ်အကြာ၌ မီရှဲမှာ ကိုယ်ဝန်ရှိလာခဲ့တော့၏။ သူမသည် ဒါလုံကို မလိမ်ချင်သဖြင့် အမှန်တရားကို ဖွင့်ပြောခဲ့သည်။ သူမသည် သေဒဏ်ကိုပင် ခံယူရန် အသင့်ဖြစ်နေခဲ့၏။
ဒါလုံမှာ မှင်သက်သွားရသည်။ သူသည် ဝံပုလွေကို အိမ်ထဲသို့ ဖိတ်ခေါ်မိလိုက်ရုံသာမက မိမိကိုယ်ကိုယ် နှာခေါင်းသွေးထွက်အောင် လုပ်မိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ဒေါသအဟုန်ဖြင့် သူသည် မီရှဲကို ထိုနေရာ၌ပင် ရိုက်သတ်ချင်ခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ သူ မလုပ်ရက်ခဲ့ချေ။
သူသည် ဤကလေးကို သူ၏ သမီးအဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း မီရှဲကို ပြောကြားခဲ့၏။ ထို့ကြောင့် ပြင်ပကမ္ဘာသို့ မီရှဲ၏ ညီမလေးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မီရှဲက ကလေးကို ‘ယန်းရင်’ ဟု အမည်ပေးသောအခါ၌လည်း သူ ဘာမျှ မပြောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူမ၏ နှလုံးသားမှာ ဦးလေးကိုးထံ၌ ရှိနေသည်ကို သူ သိထားသည်။
ကံကောင်းသည်မှာ ထိုညက ကိစ္စအတွက် ဦးလေးကိုးကို လုံးဝ အပြစ်တင်၍ မရနိုင်ကြောင်းလည်း သူ သိရှိထားသည်၊ အဘယ်ကြောင့်ဆိုသော် ဂုဏ်ယူဝင့်ကြွားချင်စိတ်ဖြင့် ဦးလေးကိုးကို မင်္ဂလာဦးခန်းအတွင်းသို့ ခေါ်လာသူမှာ သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ ထိုသို့ဆိုစေကာမူ သူ၏ ရင်ထဲ၌ ဦးလေးကိုးကို အစိမ်းလိုက် ဝါးစားချင်စိတ်မှာ ရှိနေဆဲ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ယန်းရင် အရွယ်ရောက်လာသောအခါ သူသည် စိတ်ကို လျှော့ချနိုင်ခဲ့၏။ မိသားစုလေး အဆင်ပြေနေလျှင်ပင် လုံလောက်လှသည်။
ဤကဲ့သို့သော ဒါလုံ၏ စိတ်သဘောထားကိုမူ လင်းရန်ယန်ပင်လျှင် ချီးကျူးဂုဏ်ပြုမိတော့၏။ ဦးလေးကိုးသည် အတိတ်က ဖြစ်ရပ်များကို မြင်တွေ့ပြီးနောက် လုံးဝ တိတ်ဆိတ်သွားခဲ့ရ၏။
သူ့မှာ တကယ်ပဲ သမီးတစ်ယောက် ရှိနေခဲ့တာပဲ၊
သူ၏ သမီးကြောင့် သူ၏ သူငယ်ချင်းကောင်းမှာ ဘဝတစ်ဝက်နီးပါး ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဤသို့ တွေးတောရင်း သူသည် ဒါလုံ၏ ရှေ့၌ ဒူးထောက်ချလိုက်တော့၏။ ဤသို့ ပြုမူလိုက်ခြင်းကြောင့် ဒါလုံနှင့် မီရှဲတို့ နှစ်ဦးလုံး၏ စိတ်နှလုံးမှာ တုန်လှုပ်သွားခဲ့ရလေပြီ။
“ဒါလုံ... အဲ့ဒီတုန်းက ကိစ္စကို ငါ တကယ် ဘာမှ မသိခဲ့ဘူး၊ ယန်းရင်ကို ဒီနှစ်တွေတစ်လျှောက် အကောင်းဆုံး ပြုစုပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊
ဒါက ငါ လင်းဖုန်းကျောင်း တစ်သက်လုံး ပေးဆပ်လို့ ကုန်မှာ မဟုတ်တဲ့ ကျေးဇူးတရားပါပဲ”
ဦးလေးကိုးက ဒါလုံကို လေးလံသော စိတ်ဖြင့် ဆိုလိုက်၏။ ဒါလုံက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ပြီးပါပြီ... အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ ထပါတော့၊ ယန်းရင်က မင်းရဲ့ သမီးပါ၊ ငါ သူမကို မင်းဆီ ပြန်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့မိန်းမကတော့ ငါ့မိန်းမပဲ၊ နောက်ကို သူမကို ဘာမှ ထပ်ပြီး မပတ်သက်ပါနဲ့တော့”
ဒါလုံက ဦးလေးကိုးကို သတိပေးစကား ဆိုလိုက်၏။
“ဒါကတော့ သေချာတာပေါ့၊ မီရှဲနဲ့ ငါက မောင်နှမတွေ၊ သူငယ်ချင်းတွေပါပဲ”
ဦးလေးကိုးက ကျေးဇူးတင်စွာဖြင့် ဆိုလိုက်၏။ မီရှဲသည် ဒါလုံနှင့် လက်ထပ်ပြီးကတည်းက သူသည် သူမအပေါ် မည်သည့်စိတ်မှ မရှိတော့ချေ။ သူမကို ညီမလေးတစ်ယောက်ကဲ့သို့သာ သဘောထားခဲ့ခြင်း ဖြစ်သည်။ သူမက သူ့အတွက် ကလေးတစ်ယောက် မွေးပေးခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ ထို့ပြင် မီရှဲမှာ ယန်းရင်ကို မွေးဖွားစဉ်က နာတာရှည်ရောဂါ ရရှိခဲ့သဖြင့် ယခုမှသာ ဒုတိယမြောက် ကိုယ်ဝန်ကို ရရှိခဲ့ခြင်း ဖြစ်လိမ့်မည်။
“အစ်ကိုကြီး... သူက ခွင့်လွှတ်ပေးပြီးပြီဆိုတော့၊ သမီးဆီကို အမြန် သွားကြည့်လိုက်ပါဦး”
ဘေးမှ လင်းရန်ယန်က သတိပေးလိုက်၏။ ထိုစကားကြောင့် ဦးလေးကိုးမှာ သတိပြန်ဝင်လာခဲ့သည်။ ဟုတ်ပေသည်၊ ယန်းရင် ရှိနေသေးသည် မဟုတ်ပါလား။ ရုတ်တရက်ဆိုသလို အစ်မဖြစ်သူမှာ အမေအရင်းဖြစ်သွားပြီး၊ သူမ အလေးစားဆုံး ပုဂ္ဂိုလ်မှာ အဖေအရင်း ဖြစ်သွားခြင်းကို သူမ ခဏတာ လက်ခံနိုင်ဦးမည် မဟုတ်ချေ။
“ကောင်းပါပြီ”
ဦးလေးကိုးက အလျင်အမြန် ခေါင်းညိတ်ပြကာ အပြင်သို့ ပြေးထွက်သွားခဲ့တော့၏။ ဦးလေးကိုး ထွက်သွားပြီးနောက် လေထုမှာ အနည်းငယ် အနေရခက်လာခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက်... ကျွန်တော့်မှာ လုပ်စရာ ကိစ္စအချို့ ရှိသေးလို့ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး၊ ကလေး မွေးလာတဲ့အချိန်မှာ ကျွန်တော် ကမ္ဘာပေါ်မှာ ရှိနေသေးရင် သေချာပေါက် လာလည်ပါ့မယ်”
လင်းရန်ယန်က အသာအယာ ပြုံးလျက် ဆိုလိုက်၏။ ‘ကမ္ဘာပေါ်မှာ ရှိနေသေးရင်’ ဆိုသည့် စကားကြောင့် ဒါလုံနှင့် မီရှဲတို့မှာ ကြောင်အမ်းသွားကြရ၏။
“ကျေးဇူးရှင်က ဘာလို့ အဲ့လို ပြောရတာလဲ၊ နှောင့်ယှက်တာ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်... ခင်ဗျားမှာ လုပ်စရာတွေ ရှိနေလို့သာပေါ့၊ အားတဲ့အခါ ခဏခဏ လာလည်ပါဦး”
သူတို့ နှစ်ဦးစလုံးက လင်းရန်ယန်ကို အလျင်အမြန် ပြန်ပြောလိုက်ကြ၏။
“ဟုတ်ကဲ့... ဒါနဲ့ အစ်ကိုကြီး ပြန်လာရင် ကျွန်တော် အရင် ပြန်နှင့်ပြီလို့ ပြောပေးပါဦး”
လင်းရန်ယန်က ပြုံးပြလိုက်ပြီးနောက် စစ်သေနာပတိ အိမ်တော်မှ ထွက်ခွာလာခဲ့တော့၏။ ထို့နောက် သူသည် ကောင်းကင်သို့ ပျံတက်သွားကာ ပျောက်ကွယ်သွားခဲ့လေပြီ။ ဤကဲ့သို့သော နတ်ဘုရားဆန်သည့် ပုံရိပ်မှာ ဒါလုံတို့ ဇနီးမောင်နှံကို အံ့အားသင့်စေခဲ့၏။
တစ်ချိန်တည်းမှာပင် လင်းရန်ယန်တို့ ရှိနေသော နေရာနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးသော ‘ချန်အန်း’ အနီးရှိ... လီတောင်တန်း၊
ဒဏ္ဍာရီများအရ ‘ချင်’ မင်းဆက်၏ ဧကရာဇ် မိသားစုဝင်များ၏ ဂူသင်္ချိုင်းအားလုံးမှာ ဤတောင်တန်းအနီး၌ တည်ရှိသည်ဟု ဆိုကြ၏။ ‘ချင်’ မင်းဆက် ပထမဆုံးဧကရာဇ်၏ ဂူသင်္ချိုင်းမှာလည်း ဤနေရာ၌ပင် ရှိနေသည်။
“ရှုး၊ ရှုး”
ကောင်းကင်ယံ၌ ဓားတိုးသံများမှာ ပဲ့တင်ထပ်သွားခဲ့လေပြီ။ နောက်တစ်ခဏ၌ ဓားပျံများကို စီးနင်းလာသော အစွမ်းထက် ‘ကောင်းကင်ဆရာ’ ဆယ်ဦးမှာ လီတောင်တန်း၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့အားလုံးမှာ ‘ဟွားရှန်း ဓားဂိုဏ်း’ ၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။
ယခုအချိန်တွင် ဟွားရှန်းဓားဂိုဏ်း၏ ကောင်းကင်ဆရာများသည် လီတောင်တန်းကို လေးလံသော မျက်နှာများဖြင့် ငုံ့ကြည့်နေကြသည်။ လီတောင်တန်း၏ အောက်ခြေရှိ နေရာတစ်ခုမှာ ချောက်ကမ္ဘာကြီးတစ်ခုအဖြစ် ပြိုကျသွားခဲ့၏။ ထိုချောက်အတွင်းမှနေ၍ မြေအရုပ်စစ်သည်တော်များမှာ တစ်ယောက်ပြီးတစ်ယောက် တက်လာနေကြ၏။ ဟွားရှန်းဓားဂိုဏ်း၏ တပည့်များမှာလည်း ထိုစစ်သည်တော်များကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
သို့သော် ထိုမြေအရုပ်စစ်သည်တော်များမှာ အသတ်ခံလိုက်ရပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ မြေဆီလွှာများကို စုပ်ယူကာ ချက်ချင်းပင် ပြန်လည် နိုးထလာကြသည်မှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဤသို့သော ထူးဆန်းသည့် ဖြစ်ရပ်မှာ ဟွားရှန်းဓားဂိုဏ်း၏ ကောင်းကင်ဆရာများကို အံ့အားမသင့်စေသော်လည်း၊ အရေအတွက် များပြားလှခြင်းမှာမူ သူတို့ကို စိုးရိမ်စေခဲ့၏။
“ငါတို့ ဟွားရှန်းဓားဂိုဏ်းက ဒီ ‘ချင်’ ဧကရာဇ် ဂူသင်္ချိုင်းကို စောင့်ရှောက်လာတာ နှစ်ပေါင်း နှစ်ထောင်ရှိပြီ၊
ဒီနှစ်ပေါင်း နှစ်ထောင်အတွင်းမှာ မြေအရုပ်စစ်သည်တော်တွေ ပေါ်လာတာ အကြိမ်ကြိမ် ရှိခဲ့ဖူးပေမဲ့၊ အလွန်ဆုံး ခုနစ်ယောက် ရှစ်ယောက် ဒါမှမဟုတ် သုံးရာ ငါးရာလောက်ပဲ ပေါ်ခဲ့တာ၊
ဒါပေမဲ့ အခုလိုမျိုး တစ်ထောင်ကျော် တစ်ပြိုင်နက် ပေါ်လာတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”
ခေါင်းဆောင်ဖြစ်သူ ကောင်းကင်ဆရာ ‘ထန်းရှား’ က လေးနက်စွာ ဆိုလိုက်၏။ သူသည် ဟွားရှန်းဂိုဏ်း၏ ကောင်းကင်ဆရာ နဝမအဆင့်ရှိသော ဘိုးဘိုးကြီး တစ်ဦးသာမက၊ ကောင်းကင်အဆင့် နိမ့်ပါးသော ဆေးဖော်စပ်သူတစ်ဦးလည်း ဖြစ်သည်။ သူ၏ ဂုဏ်သတင်းမှာ ကျင့်ကြံခြင်းလောက၌ အလွန်ပင် ကြီးမားလှ၏။
ဤမြေအရုပ်စစ်သည်တော်များမှာ အစွမ်းမထက်သော်လည်း၊ သူတို့၏ ဝိညာဉ်ကို မချေမှုန်းနိုင်သရွေ့ မသေနိုင်ခြင်းမှာ အလွန် အန္တရာယ်ကြီးလှသည်။ ထို့ပြင် အရေအတွက် တစ်ထောင်ဆိုသည်မှာ မြေကမ္ဘာဆရာ တစ်ထောင်နှင့် ညီမျှပေရာ၊ ၎င်းမှာ ပထမတန်းစားဂိုဏ်း နှစ်ခုရှိ မြေကမ္ဘာဆရာ အရေအတွက်ထက်ပင် များပြားနေ၏။ အကယ်၍ စစ်ဗိုလ်ချုပ်အဆင့် မြေအရုပ်များ ပေါ်လာမည်ဆိုပါက ၎င်းတို့မှာ အနည်းဆုံး ကောင်းကင်ဆရာအဆင့် အစွမ်းရှိမည်မှာ သေချာလှသည်။
‘ချင်’ ဧကရာဇ် ဂူသင်္ချိုင်းအတွင်း၌ မြေအရုပ်စစ်သည်တော် မည်မျှရှိမည်ကို မည်သူမျှ မသိနိုင်ချေ။ စစ်ဗိုလ်ချုပ်များ၏ အထက်တွင် စစ်သူကြီးများ ရှိနေဦးမည်။ ထိုစစ်သူကြီးများ၏ အထက်တွင်မူ အနှိုင်းမဲ့သော ‘ချင်’ ပထမဆုံးဧကရာဇ် ရှိနေလိမ့်မည်။ ထို့ကြောင့် ဤဂူသင်္ချိုင်းမှာ မည်မျှအထိ အန္တရာယ်ရှိသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ချေ။
ဒဏ္ဍာရီများအရ ချင်ဧကရာဇ်သည် ဂူသင်္ချိုင်းကို တည်ဆောက်စဉ်က မိစ္ဆာဂိုဏ်းများမှ ကောင်းကင်ဆရာများစွာကို ဖိတ်ခေါ်ခဲ့သည်ဟု ဆိုကြ၏။ ထိုအထဲတွင် ထိုစဉ်က ‘သွေးနတ်ဘုရားဂိုဏ်း’ ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော ‘ဖုတ်ကောင်ဧကရာဇ်’ ပင် ပါဝင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုဖုတ်ကောင်ဧကရာဇ်မှာ ဂူသင်္ချိုင်း တည်ဆောက်ပြီးကတည်းက ပျောက်ကွယ်သွားခဲ့ရာ၊ သူသည်လည်း ဤဂူသင်္ချိုင်းအတွင်း၌ ရှိနေနိုင်၏။
ထို့ကြောင့်ပင် ကျင့်ကြံခြင်းလောကမှ ကောင်းကင်ဆရာများသည် အခွင့်သာတိုင်း ဤဂူသင်္ချိုင်း၏ တံဆိပ်ခတ်နှိပ်မှုကို လာရောက် အားဖြည့်ပေးလေ့ ရှိကြသည်။ အကယ်၍ ဤဂူသင်္ချိုင်းသာ ပွင့်သွားခဲ့မည်ဆိုပါက၊ ၎င်းမှာ ကမ္ဘာကြီး ပျက်သုဉ်းမည့် နေ့ရက်ပင် ဖြစ်လိမ့်မည်။