← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း ၁၉၃ - တစ်ကမ္ဘာလုံး တုန်လှုပ်သွားခြင်း

သို့သော်လည်း ချင်ဧကရာဇ်၏ ဂူသင်္ချိုင်းမှာ ယခင်က အမြဲတစေ အေးဆေးတည်ငြိမ်နေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ မြေအရုပ်စစ်သည်တော် အမြောက်အမြားသည် အတွင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤတစ်သုတ်တွင် ထွက်ပေါ်လာသော မြေအရုပ်စစ်သည်တော်များမှာ အစွမ်းထက်ရုံသာမက အရေအတွက်မှာလည်း အလွန်ပင် များပြားလှ၏။ နောက်တန်းမှနေ၍ တိုက်ပွဲကို ကွပ်ကဲနေသော စစ်ဗိုလ်ချုပ်အဆင့် မြေအရုပ် နှစ်ရုပ်ပင် ပါဝင်နေသေးသည်။ ထိုမြေအရုပ်နှစ်ရုပ်သည် ကောင်းကင်ယံရှိ ကောင်းကင်ဆရာ ဆယ်ဦးကို ချက်ချင်းပင် လှမ်း၍ မြင်တွေ့သွားသော်လည်း၊ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ဟိန်းဟောက်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များကိုသာ ထုတ်ဖော်နေကြ၏။

ကောင်းကင်ဆရာ တတိယအဆင့်နှင့် စတုတ္ထအဆင့်ရှိသော စွမ်းအင်အငွေ့အသက်များမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းကို မြင်လိုက်ရသောအခါ ကောင်းကင်ဆရာ ဆယ်ဦးလုံး၏ စိတ်နှလုံးမှာ တုန်လှုပ်သွားခဲ့ရတော့၏။

“ဒီမြေအရုပ်စစ်သည်တော်တွေကို အရင် ရှင်းလိုက်ကြရအောင်၊ ငါကတော့ ဂိုဏ်းအသီးသီးက ဘိုးဘိုးကြီးတွေကို ဖိတ်ကြားပြီး ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ တိုင်ပင်လိုက်ဦးမယ်၊

ဒီတစ်ခေါက်မှာတော့ ဒါကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့အတွက် ချင်ဧကရာဇ် ဂူသင်္ချိုင်းကို အမှန်တကယ် ဖွင့်လိုက်ဖို့ပဲ ရှိတော့မယ် ထင်တယ်”

ကောင်းကင်ဆရာ ‘ထန်းရှား’ က လေးနက်တည်ကြည်စွာ ဆိုလိုက်၏။ သူသည် စကားပြောပြီးသည်နှင့် ခြေဖဝါးအောက်ရှိ ဓားပျံကို အသက်သွင်းကာ တာအိုဂိုဏ်းချုပ်တည်ရှိရာ ‘လုံဟူတောင်’ ဆီသို့ ပျံသန်းသွားခဲ့တော့၏။

‘လောကရှိ တာအိုဂိုဏ်းအားလုံးသည် ဂိုဏ်းချုပ်ထံ၌ စုစည်းသည်’ ဟူသော ဆိုရိုးတစ်ခု ရှိသည်။ ဤဆိုရိုးမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကိုးရာကျော်က ထိုစဉ်က အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော တစ်ပိုင်းတစ်စ မဟာအရှင် ‘ကျန်းတောက်လင်’ က အဆိုပြုခဲ့ခြင်း ဖြစ်၏။ သူ၏ ဆုံးဖြတ်ချက်အရ ကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအားလုံးကို ပေါင်းစည်းကာ ‘ဂိုဏ်းချုပ်အဖွဲ့အစည်း’ ဟူသော အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ၎င်းကို တာအိုတံခါးတော်ဟုလည်း ခေါ်ဆိုနိုင်သည်။

ဤပေါင်းစည်းရေးကို နှစ်ပေါင်းများစွာအတွင်း အကြိမ်ကြိမ် အဆိုပြုခဲ့သော်လည်း၊ အားလုံးက လက်ခံရမည့် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦး တစ်ခါမျှ ပေါ်ထွက်မလာခဲ့ချေ။ တစ်ချိန်တည်းမှာပင် သင့်တော်သော ဖွဲ့စည်းပုံ နည်းလမ်းလည်း မရှိသဖြင့် ဂိုဏ်းအများစုက မတရားဟု ခံစားနေခဲ့ကြ၏။ ထို့ကြောင့် ဂိုဏ်းများမှာ တစ်ခုနှင့်တစ်ခု အထင်သေးကြပြီး အညံ့မခံလိုကြသဖြင့် အောင်မြင်မှု မရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျန်းတောက်လင်သည် တာအိုတံခါးတော် မဟာမိတ်ခေါင်းဆောင်ဟူ၍ သီးသန့် မသတ်မှတ်ခဲ့ချေ။ ထိုအစား လွှတ်တော်စနစ်နှင့် ဆင်တူသော ပုံစံတစ်ခုကို ကျင့်သုံးခဲ့သည်။ တာအိုတံခါးတော်ရှိ ကောင်းကင်ဆရာ အားလုံးသည် စကားပြောဆိုခွင့် ရှိကြ၏၊ ကောင်းကင်ဆရာ ပထမအဆင့်မှာ မဲတစ်မဲ၊ ဒုတိယအဆင့်မှာ မဲနှစ်မဲ၊ တတိယအဆင့်မှာ မဲသုံးမဲ စသည်ဖြင့် အဆင့်အလိုက် သတ်မှတ်ထားသည်။

တစ်ချိန်တည်းမှာပင် ဂိုဏ်းတစ်ခု၏ ဘိုးဘိုးကြီးသည် ထိုဂိုဏ်းအတွင်းရှိ အစည်းအဝေးသို့ တက်ရောက်မလာနိုင်သော ကောင်းကင်ဆရာများအားလုံး၏ ကိုယ်စား မဲပေးပိုင်ခွင့် ရှိ၏။ တစ်နည်းအားဖြင့် ပြောရလျှင် ဂိုဏ်းတစ်ခုချင်းစီ၏ မဲအရေအတွက်မှာ ထိုဂိုဏ်း၏ စုစုပေါင်း အင်အားပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် ‘အင်အားကြီး ဂိုဏ်းကြီးငါးဂိုဏ်း’ မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း၊ အကယ်၍ သူတို့ အဆိုပြုသောအရာမှာ ဒုတိယတန်းစားနှင့် တတိယတန်းစား ဂိုဏ်းငယ်များ၏ အကျိုးစီးပွားနှင့် မကိုက်ညီပါက၊ မဲအရေအတွက် ထက်ဝက်မပြည့်သရွေ့ အတည်မပြုနိုင်ပါချေ။

သို့သော်လည်း အခြားဂိုဏ်းများက ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ခုခုကို ပစ်မှတ်ထားခြင်း သို့မဟုတ် ဂိုဏ်းငယ်များ ပေါင်းစည်းကာ ဂိုဏ်းကြီးငါးဂိုဏ်းကို ဆန့်ကျင်ခြင်းမှ တားဆီးရန်အတွက်...

...ဂိုဏ်းကြီးငါးဂိုဏ်းလုံး၌ ‘ဗီတို’ အာဏာကို ပိုင်ဆိုင်ခွင့် ပေးထားသည်။ ဤအခွင့်ထူးမှာ ဂိုဏ်းကြီးငါးဂိုဏ်းကို စည်းရုံးရန်အတွက် ဖြစ်၏၊ မဟုတ်ပါက သူတို့အတွက် အလွန်နစ်နာမည်ဖြစ်ရာ ပါဝင်လာကြလိမ့်မည် မဟုတ်ပါချေ။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကြီးငါးဂိုဏ်း၏ အင်အားမှာ အခြားဂိုဏ်းများထက် များစွာ သာလွန်လှသည်။ တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦး၏ အစွမ်းမှာ ထိုမျှပင် ကြီးမားလှ၏။

သေချာတာပေါ့... ဤအခွင့်ထူးကို ဂိုဏ်းအများအပြားက ငြူစူခဲ့ကြ၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ‘ခုံထုံး ဓားဂိုဏ်း’ သည် ရှေ့သို့ တက်လှမ်းလာခဲ့သည်။ ခုံထုံးဓားဂိုဏ်း၏ ဘိုးဘိုးကြီးမှာ ပါရမီအလွန်မြင့်မားသူဖြစ်ပြီး မော်ရှန်းဘိုးဘိုးကြီးနှင့် တစ်ခေတ်တည်းသား ဖြစ်၏။ သူသည် သူ၏ မိသားစုပိုင် ‘ဒဏ်ရာခုနစ်ချက် မဟာပညာရပ်’ ကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။

ထို့ကြောင့် သူသည် တစ်ပိုင်းတစ်စ မဟာအရှင် ဖြစ်လာသည်နှင့် ဂိုဏ်းချုပ်အစည်းအဝေး၌ သူ၏ဂိုဏ်းကို ဆဋ္ဌမမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့၏။ ကံမကောင်းစွာဖြင့် သူ၏ ဂိုဏ်း၌ သူမှလွဲ၍ ကျန်ရှိသော ကောင်းကင်ဆရာ သုံးဦးမှာ သာမန်အဆင့်များသာ ဖြစ်နေသဖြင့်...

...သူသည် ဒုတိယတန်းစား ဂိုဏ်းအများအပြားကို စည်းရုံးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ‘ချွမ်ကျန်းဂိုဏ်း’ ၏ ဗီတိုအာဏာဖြင့် ပယ်ချခြင်း ခံလိုက်ရတော့၏။ သူသည် ဒေါသအလိပ်လိပ် ထွက်သွားကာ အားအနည်းဆုံးဖြစ်သော ‘ရှူရှန်း ဓားဂိုဏ်း’ ၏ ဗီတိုအာဏာကို ဖျက်သိမ်းရန် တိုက်ရိုက် အဆိုပြုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဒုတိယအဆင့် မီးဓာတ်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော ချွမ်ကျန်းဂိုဏ်း၏ ဘိုးဘိုးကြီးကိုမူ သူ မဆော်ကားရဲသောကြောင့် ဖြစ်၏။

ကံဆိုးစွာဖြင့်ပင် ထိုအဆိုပြုချက်မှာလည်း ရှူရှန်းဓားဂိုဏ်း၏ ဗီတိုအာဏာဖြင့် ထပ်မံ ပယ်ချခံလိုက်ရပြန်သည်။ သူသည် စိတ်ပျက်အားလျော့ကာ လူတိုင်းကို ရမ်းကားပြောဆိုတော့၏။ သူက... ဟိုတုန်းက မော်ရှန်းဂိုဏ်းဟာ တစ်ပိုင်းတစ်စ မဟာအရှင်တစ်ယောက် ရှိလို့သာ ပဉ္စမမြောက် ဂိုဏ်းကြီး ဖြစ်လာတာ၊ ငါ့ရဲ့ ခုံထုံးဂိုဏ်းက ဆဋ္ဌမမြောက် ဂိုဏ်းကြီးဖြစ်ဖို့ အရည်အချင်းမရှိဘူးဆိုရင်၊ မော်ရှန်းကလည်း မထိုက်တန်ဘူး... ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသည်နှင့် မော်ရှန်းဘိုးဘိုးကြီး၏ ဒေါသမှာ မီးဟုန်းဟုန်း တောက်သွားကာ ထိုကောင်ကို သတ်ပစ်ရန် ထရပ်လိုက်တော့၏။ အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည့်ဆဲဆဲ၌ ‘ကျိန့်ယိဂိုဏ်း’ မှ လူများက အမြန်ဝင်ရောက် ဖြန်ဖြေပေးခဲ့ရသည်။ သူတို့က... ဂိုဏ်းချုပ်အဖွဲ့ကို တည်ထောင်ကတည်းက အမြဲတမ်း အဖွဲ့ဝင် ဂိုဏ်းကြီး ငါးဂိုဏ်းသာ ရှိရမယ်လို့ ပြတ်ပြတ်သားသား သတ်မှတ်ထားတာ၊ တစ်ခုမှ ပိုလို့ မရဘူး... ဟု ဆိုခဲ့၏။

ကံမကောင်းစွာဖြင့်ပင် ခုံထုံးဂိုဏ်း၏ ဘိုးဘိုးကြီးမှာ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီး... ကျိန့်ယိဂိုဏ်းနဲ့ လုံဟူတောင်ဟာ တကယ်တော့ ဂိုဏ်းတစ်ခုတည်းပဲလေ၊ ဘာလို့ နှစ်ခုခွဲပြီး နေရာတစ်ခု အပိုယူထားရတာလဲ၊ ဂိုဏ်းနှစ်ခု ပေါင်းလိုက်ကြပါလား... ဟု ဆိုလိုက်ပြန်သည်။ ထိုအခါမှသာ ငါ့ရဲ့ ခုံထုံးဂိုဏ်းအတွက် နေရာလွတ်တစ်ခု ထွက်လာမှာပေါ့... ဟုလည်း ထပ်လောင်းဆိုလိုက်သေး၏။

ဤစကားကြောင့် အစည်းအဝေးခန်းမအတွင်းရှိ ဂိုဏ်းအားလုံးမှာ မှင်သက်သွားကြရတော့၏။ ကျေးဇူးရှင်ကြီးရယ်... သူသည် ဂိုဏ်းကြီး ငါးဂိုဏ်းလုံးကို တစ်ပြိုင်နက်တည်း စော်ကားလိုက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဂိုဏ်းကြီး ငါးဂိုဏ်းမှာ စုပေါင်းဆုံးဖြတ်ချက်ချကာ ခုံထုံးဓားဂိုဏ်းကို တာအိုတံခါးတော် စာရင်းမှ တိုက်ရိုက် ပယ်ထုတ်လိုက်တော့၏။

ထိုအချိန်မှစ၍ မည်သည့်ဂိုဏ်းမှ ခုံထုံးဓားဂိုဏ်းနှင့် မပတ်သက်ရဲကြတော့ချေ၊ ကုန်သွယ်မှုပင် မလုပ်ရဲကြတော့ပါချေ။ ၎င်းမှာ ဂိုဏ်းကြီး ငါးဂိုဏ်းက ခြိမ်းခြောက်ထားသောကြောင့် မဟုတ်ဘဲ၊ ဤဦးနှောက်မရှိသော ဘိုးဘိုးကြီးက သူတို့ကိုပါ ထပ်မံ ပစ်မှတ်ထားမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်၏။

အချိန်များ ကုန်လွန်ခဲ့သည်မှာ နှစ်ပေါင်း ငါးရာ ရှိခဲ့ပြီး ချင်ဧကရာဇ် ဂူသင်္ချိုင်းကိစ္စမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသဖြင့် တာအိုတံခါးတော်သည် ခုံထုံးဓားဂိုဏ်းထံသို့ နောက်တစ်ကြိမ် အကြောင်းကြားစာ ပေးပို့ခဲ့သည်။ ယနေ့တွင် ခုံထုံးဓားဂိုဏ်း၏ ဘိုးဘိုးကြီးမှာ အသက်ရှင်နေဆဲ ဖြစ်သော်လည်း၊ အသက်မှာ ငါးရာ့တစ်ဆယ်ကျော်နေပြီ ဖြစ်၏။ သူသည် သူ၏ သဘာဝသက်တမ်း ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာအတွင်း၌ ခုံထုံးဓားဂိုဏ်းတစ်ခုလုံးမှာ သူ၏ သက်တမ်းကို ဆွဲဆန့်ရန်အတွက် အကုန်အစင် သုံးစွဲခဲ့သည်။ ၎င်းမှာ ဆင်းရဲမွဲတေနေသော ဂိုဏ်းကို ပိုမို ဆိုးရွားသွားစေခဲ့၏။ ဂိုဏ်းအတွင်း၌ ကောင်းကင်ဆရာအသစ် တစ်ဦးမျှ ပေါ်ထွက်မလာသည့်အပြင်၊ ရှိနေသူတစ်ဦးပင် သေဆုံးသွားခဲ့ရသည်။ အလွန်ပင် သနားစဖွယ် ကောင်းလှသော အခြေအနေပင် ဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင် တာအိုတံခါးတော်ထံမှ သတင်းကို ရရှိပြီးနောက် ခုံထုံးဓားဂိုဏ်း၏ ဘိုးဘိုးကြီးမှာ စိတ်လှုပ်ရှားသွားခဲ့တော့သည်။ နှစ်ပေါင်း တစ်ရာ ရှိနေပြီ ဖြစ်ပြီး၊ ဤတစ်ကြိမ်တွင်မူ သူသည် အတိတ်က အရှက်ရမှုများကို အမြစ်ဖြတ်ပစ်လိမ့်မည်။ ဘာကြောင့်ဆိုသော် သူ၏ လက်ထဲ၌ လောကကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသောကြောင့်ပင် ဖြစ်သည်။

၎င်းမှာ... မော်ရှန်းဘိုးဘိုးကြီးသည် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်ဟူသော အချက်ပင် ဖြစ်၏။ ဤအချက်ကိုသာ ထုတ်ဖော်လိုက်ပါက မော်ရှန်းဂိုဏ်းမှာ ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းမှ ပြုတ်ကျသွားမည်ဖြစ်ပြီး၊ သူသည် ထိုနေရာကို အစားထိုးကာ ပဉ္စမမြောက် ဂိုဏ်းကြီးအဖြစ် တက်လှမ်းနိုင်လိမ့်မည်။

“အိုး... ဂိုဏ်းချုပ် လွှတ်တော် အစည်းအဝေးလား”

ဤဘက်တွင်မူ ဒါလုံ၏ အိမ်တော်မှ ထွက်ခွာလာပြီးနောက် လင်းရန်ယန်သည် ဂိုဏ်းရှိ တောက်ရွှမ်းဇီထံမှ သတင်းစကားကို လက်ခံရရှိလိုက်၏။

“ချင်ဧကရာဇ် ဂူသင်္ချိုင်းက အမှန်တကယ် ပွင့်သွားတာလား”

လင်းရန်ယန်၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့လေ၏။ သူသည် ကျန်ရှိသော တာဝန်များကို အကုန်ရှင်းပြီးမှ သွားရန် စီစဉ်ထားသော်လည်း၊ ယခုမူ အချိန်ဇယားကို ရှေ့တိုးရတော့မည့်ပုံ ရှိသည်။

“ပွင့်နေပြီဆိုမှတော့ သွားကြည့်ရမှာပေါ့၊ ငါသာ မြန်မြန် လှုပ်ရှားမယ်ဆိုရင် တခြားတာဝန်တွေကို ရှင်းဖို့ နှစ်ရက်ဆိုရင် လုံလောက်ပါတယ်”

လင်းရန်ယန်က ခေတ္တ စဉ်းစားလိုက်ပြီးနောက် ထိုတာအိုတံခါးတော်ဆိုသည်ကို သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။ သူသည် မဆိုင်းမတွဘဲ သူ၏ အစွမ်းထက်သော စွမ်းအင်များကို ထုတ်ဖော်လိုက်တော့၏။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

ရှူရှန်း ဓားဂိုဏ်း…….

ရှူရှန်းဓားဂိုဏ်း၏ မူလဘိုးဘိုးကြီးသည် ‘စန်းချင်း ခန်းမ’ ရှေ့၌ ပြုံးလျက် ရပ်နေ၏။

“အစ်ကိုကြီး ‘ကျန့်ရွှယ်’... တာအိုတံခါးတော် အစည်းအဝေး လုပ်တော့မယ်၊ အစ်ကိုကြီး သွားဖို့ အချိန်ရမလား”

ရှူရှန်းဓားဂိုဏ်း၏ ဘိုးဘိုးကြီး ‘ကျန့်ယုံးဇီ’ က ပြုံးလျက် မေးလိုက်၏။

“အို... အစည်းအဝေးလား၊ စိတ်ဝင်စားစရာပဲ၊ သဘာဝအတိုင်း သွားရမှာပေါ့”

သို့သော် ကျန့်ယုံးဇီ၏ စကားကို ကြားလိုက်ရသောအခါ စန်းချင်းခန်းမအတွင်း၌ ဘိုးဘေးများ၏ တက်ဘလက်များကို အမွှေးတိုင် ထွန်းညှိပူဇော်နေသော အဖိုးအိုတစ်ဦးက ရယ်မောလျက် ပြန်ပြောလိုက်၏။ နောက်တစ်ခဏ၌ ထိုအဖိုးအိုသည် ဖြည်းညင်းစွာ ထွက်လာခဲ့သည်၊ သူ၏ ဆီးနှင်းကဲ့သို့ ဖြူဖွယ်သော ဝတ်ရုံများမှာ အဆုံးမဲ့ အေးစက်မှုကို ထုတ်လွှတ်နေ၏။

သူသည် ‘နှင်းကျေးရွာ’ မှ အစွမ်းထက်သော ‘နှင်းခဲဓာတ် ဝိညာဉ်ခန္ဓာ’ ပိုင်ရှင်များထဲမှ တစ်ဦးပင် ဖြစ်သည်။ ကောင်းကင်ဆရာ ဒသမအဆင့် အစွမ်းနှင့် ဒုတိယအဆင့် နှင်းခဲဓာတ် ဝိညာဉ်ခန္ဓာတို့ ပေါင်းစပ်လိုက်ပါက၊ သူသည် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားကို ပိုင်ဆိုင်ထား၏။ တိုက်ပွဲ အတွေ့အကြုံမှလွဲ၍ သူသည် အနှိုင်းမဲ့ မော်ရှန်းဘိုးဘိုးကြီးနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ တစ်ပိုင်းတစ်စ မဟာအရှင် ဖြစ်သော ကျန့်ယုံးဇီပင်လျှင် သူ၏ ရှေ့၌ သုံးကွက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။

ဤအမည်မသိ ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်ကို ရင်ဆိုင်ရာ၌ ကျန့်ယုံးဇီမှာလည်း လေးစားစွာဖြင့် ‘အစ်ကိုကြီး’ ဟုသာ ခေါ်ဆိုရသည်။ အဓိကမှာ သူ၏ ရှေ့မှ ပုဂ္ဂိုလ်သည် အသက် လေးရာကျော်သာ ရှိသေးသဖြင့်၊ အဆိုးအကောင်း တစ်ခုခု မရှိပါက နောက်ထပ် နှစ်ပေါင်း တစ်ရာကျော်အထိ ဂိုဏ်းကို စောင့်ရှောက်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။ ကျန့်ယုံးဇီမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။ တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦး ရှိနေခြင်းကြောင့် သူ၏ ရှူရှန်းဓားဂိုဏ်းမှာလည်း ဂိုဏ်းကြီးငါးဂိုဏ်း၏ ထိပ်ဆုံးသို့ လုံးဝ ရောက်ရှိသွားလိမ့်မည်။

အလားတူ မြင်ကွင်းမျိုးမှာ ကျန်ရှိသော ဂိုဏ်းကြီးများ၌လည်း ဖြစ်ပျက်နေပေသည်။ နှင်းကျေးရွာမှ ကောင်းကင်ဆရာ အရေအတွက်မှာ အလွန်ပင် များပြားလှ၏။ သူတို့၏ မျိုးဆက်များမှာလည်း ဂိုဏ်းကြီးငါးဂိုဏ်းအနှံ့၌ ပျံ့နှံ့နေခဲ့ကြပေသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ‘အဘိုးကျောက်’ ၏ အမိန့်အရ တောင်ပေါ်မှ ဆင်းလာကြသောအခါ သူတို့သည် သူတို့၏ မူလဂိုဏ်းများသို့ သွားရောက်ကာ ဘိုးဘေးများကို ဂါရဝပြုခဲ့ကြခြင်း ဖြစ်သည်။

သဘာဝအတိုင်း ဂိုဏ်းများမှာ အမည်မသိလူများကို ဘိုးဘေးများအား ဂါရဝပြုခွင့် ပေးမည်မဟုတ်ရာ၊ သူတို့သည် သူတို့၏ အစွမ်းနှင့် တာအိုမျိုးဆက်များကို ထုတ်ဖော်ပြသခဲ့ကြရ၏။ ၎င်းမှာ ဂိုဏ်းကြီးငါးဂိုဏ်းလုံးကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့တော့၏။

မော်ရှန်းဂိုဏ်းမှာမူ အဆင်ပြေလှပေသည်၊ လက်ရှိ ဘိုးဘိုးကြီးဖြစ်သော အဘိုးကျောက်၏ စံနမူနာ ရှိနေသဖြင့်၊ သူတို့သည် အဘိုးကျောက်၏ မိသားစုဝင်များ၊ တပည့်များနှင့် တပည့်ရင်းများ စုစုပေါင်း ကောင်းကင်ဆရာ တစ်ဆယ့်သုံးဦးကို မော်ရှန်း၏ ပင်မအကြီးအကဲများအဖြစ် လေးစားစွာဖြင့် အမြန်စာရင်းသွင်းလိုက်ကြ၏။ ရာနှင့်ချီသော မြေကမ္ဘာဆရာများကိုလည်း နေရာချထားပေးခဲ့သည်။

မော်ရှန်းဂိုဏ်း၏ စုစုပေါင်း အင်အားမှာ မျက်စိတစ်မှိတ်အတွင်း အဆပေါင်းများစွာ တိုးတက်သွားခဲ့ရသည်၊ ဘာကြောင့်ဆိုသော် ထိုကောင်းကင်ဆရာများထဲ၌ တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦး ပါဝင်နေသောကြောင့်ပင် ဖြစ်၏။ တစ်ဦးမှာ အဘိုးကျောက်၏ ပဉ္စမမြောက် သားဖြစ်ပြီး၊ အခြားတစ်ဦးမှာ သတ္တမမြောက် သား ဖြစ်သည်။ သေချာတာပေါ့... အဋ္ဌမမြောက် သားမှာမူ လင်းရန်ယန်၏ ယောက္ခမဖြစ်ပြီး သူ၏ ပါရမီမှာ ပို၍ပင် အစွမ်းထက်လှ၏။ အဆိုးအကောင်း မရှိပါက သူသည် အနာဂတ်တွင် မဟာအရှင် ဖြစ်လာမည်မှာ သေချာသလောက်ပင် ဖြစ်သည်၊ လင်းရန်ယန် ရှိနေသရွေ့တော့ ပို၍ သေချာလှ၏။

သဘာဝအတိုင်း အင်အား အဆပေါင်းများစွာ တိုးတက်လာခြင်းမှာ အဘိုးကျောက်နှင့် လင်းရန်ယန်တို့ကို မရေတွက်ရသေးချေ။ အကယ်၍ သူတို့ကိုပါ ထည့်သွင်းမည်ဆိုပါက အဆပေါင်း ထောင်ချီ၍ တိုးတက်သွားမည် ဖြစ်သည်။ ဘာကြောင့်ဆိုသော် လင်းရန်ယန်၏ လက်ရှိ အစွမ်းနှင့်ဆိုလျှင် လက်ဝါးတစ်ချက်တည်းဖြင့် မော်ရှန်းတစ်ခုလုံးကို ပြာဖြစ်သွားစေနိုင်သောကြောင့်ပင် ဖြစ်၏။

ထိုသတင်းများကြောင့် အခြားဂိုဏ်းများမှာလည်း ထူးခြားသော နောက်ခံနှင့် အစွမ်းရှိသည့် ထိုကောင်းကင်ဆရာများနှင့် မြေကမ္ဘာဆရာများကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံခဲ့ကြသည်။ ချက်ချင်းပင် သူတို့၏ စုစုပေါင်း အင်အားမှာ အရည်အသွေးပိုင်းအရ များစွာ တိုးတက်သွားခဲ့၏။ သို့သော်လည်း နှင်းကျေးရွာမှ မထွက်ခွာမီကပင် အဘိုးကျောက်သည် လိုအပ်ခြင်း မရှိပါက နှင်းကျေးရွာအကြောင်းကို မည်သူ့ကိုမျှ မပြောရန် တားမြစ်ထားခဲ့၏။

တစ်ချိန်တည်းမှာပင် လင်းရန်ယန်သည် နှင်းကျေးရွာ၏ ရွာသူကြီး ဖြစ်သည်ဟူသောအချက်ကိုလည်း လျှို့ဝှက်ထားရန် အမိန့်ထုတ်ထားခဲ့သည်။

အခန်း ၁၉၄ - နတ်ဘုရားတစ်ပါးကို ဖိတ်ကြားနေတာလား

ထို့ကြောင့်ပင် မော်ရှန်းဂိုဏ်းမှလွဲ၍ ကျန်ရှိသော ဂိုဏ်းအသီးသီးမှာ အကြောင်းရင်းမရှိဘဲ ပေါ်ပေါက်လာသည့် ဤကျွမ်းကျင်သူများအားလုံးသည် ‘အဆုံးမဲ့သွေးနယ်မြေ’ မှ လာကြခြင်းဖြစ်သည်ကို မသိရှိကြချေ။ သူတို့သည် ဤပုဂ္ဂိုလ်များကို မိမိတို့ဂိုဏ်းအတွင်းမှပင် တစ်နေရာ၌ တသီးတခြား လူသူမနီးဘဲ ကျင့်ကြံနေထိုင်ခဲ့ကြသော ဝှက်ဖုံးထားသည့် ဆရာကြီးများ၏ မျိုးဆက်များဟုသာ မှတ်ယူထားကြ၏။ ယခုအခါမှသာ လောကအလယ်သို့ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ယူဆနေကြတော့သည်။

သို့သော်လည်း ဂိုဏ်းအသီးသီးသည် ‘နှင်းကျေးရွာ’ မှ ပညာရှင်များကို နေရာချထားပေးပြီးရုံရှိသေး၊ တာအိုဂိုဏ်းချုပ်ထံမှ စုရုံးရန် အရေးပေါ် အကြောင်းကြားစာကို လက်ခံရရှိလိုက်ကြသည်။ မဆိုင်းမတွပင် ဂိုဏ်းကြီးငါးဂိုဏ်းလုံးသည် နှင်းကျေးရွာမှ ပညာရှင်များကို ဦးဆောင်လျက် တာအိုဂိုဏ်းချုပ်ရှိရာသို့ အပြေးအလွှား ချီတက်ခဲ့ကြ၏။ မော်ရှန်းဂိုဏ်း၏ စတုတ္ထအကြီးအကဲ ‘တောက်ရွှမ်းဇီ’ သည်လည်း နှင်းကျေးရွာမှ ပညာရှင်များ၊ မော်ရှန်းမှ ကောင်းကင်ဆရာများနှင့်အတူ ကောင်းကင်ယံ၌ လျင်မြန်စွာ ပျံသန်းသွားခဲ့တော့၏။

ဟုတ်သည်၊ စတုတ္ထအကြီးအကဲပင် ဖြစ်သည်။ နှင်းကျေးရွာမှ နောက်ထပ် ပညာရှင်တစ်သုတ် ထပ်မံရောက်ရှိလာသောကြောင့် သူ၏ မူလဒုတိယအကြီးအကဲ ရာထူးမှာ ဆဋ္ဌမအကြီးအကဲအထိ လျော့ကျသွားခဲ့သည်။ သို့သော်လည်း သူ၏ အိုမင်းသော မျက်နှာထက်၌မူ ဝမ်းသာပီတိများဖြင့် ပြည့်လျှံနေ၏။

တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦး၊ ထိပ်တန်း ကောင်းကင်ဆရာကြီး လေးဦး၊ ကောင်းကင်ဆရာ ခုနစ်ဦး၊ လက်ရှိ မော်ရှန်းဂိုဏ်း၏ အင်အားမှာ ယခင်ကထက်ပင် နှစ်ဆ၊ သုံးဆမက သာလွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် စတုတ္ထအကြီးအကဲ ဖြစ်သွားရခြင်းမှာ သဘာဝကျလှ၏။ သို့ရာတွင် အံ့ဩစရာ အကောင်းဆုံးမှာ ထိုတစ်ပိုင်းတစ်စ မဟာအရှင်များပင်လျှင် လင်းရန်ယန်ကို ‘ရွာသူကြီး’ ဟု ခေါ်ဝေါ်နေကြခြင်း ဖြစ်ပြီး ဘိုးဘိုးကြီး ‘အဘိုးကျောက်’ ပင်လျှင် ထိုနည်းတူပင် ဖြစ်၏။

၎င်းမှာ လင်းရန်ယန်၏ အစွမ်းမှာ အဘိုးကျောက်ထက်ပင် သာလွန်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ဤထိတ်လန့်ဖွယ် သတင်းစကားကြောင့် တောက်ရွှမ်းဇီနှင့် ‘ရွှမ်ထျန်းဇီ’ တို့မှာ လင်းရန်ယန်သည် မည်ကဲ့သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံနေသည်ကို သိလိုစိတ်ဖြင့် အံ့အားသင့်နေမိကြတော့၏။

“အကြီးအကဲတို့... ဂိုဏ်းချုပ်ရဲ့ တည်နေရာက ရှေ့တင်မှာပါ”

တောက်ရွှမ်းဇီက နှင်းကျေးရွာမှ ပညာရှင်များကို လေးစားစွာဖြင့် ပြုံးလျက် ဆိုလိုက်၏။ သူတို့၏ ရှေ့၌မူ အဆုံးမဲ့သော တောင်တန်းများကြား၌ ဝှက်ဖုံးထားသော မြင့်မားသည့် တောင်ကြီးတစ်လုံး ရှိနေသည်။ ‘တာအိုဂိုဏ်းချုပ်’ ဟူသော စာလုံးကြီးနှစ်လုံးကို ဓားဓာတ်ဖြင့် ထွင်းထုထားပြီး အချင်းမှာ မီတာရာပေါင်းများစွာအထိ ကြီးမားလှ၏။ တောင်တစ်ခုလုံးကို ကောင်းကင်အဆင့် အထွတ်အထိပ် စက်ဝိုင်းကြီးတစ်ခုဖြင့် ဖုံးလွှမ်းထားကာ အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ တောင်ထိပ်ပေါ်၌မူ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ခု တည်ရှိနေ၏။

“ဒါ တာအိုဂိုဏ်းချုပ်လား... တကယ့်ကို ခမ်းနားတာပဲ”

“ဟုတ်တယ်... နှစ်ပေါင်းများစွာ စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ၊ အခုမှ တကယ် မြင်ဖူးတော့တယ်”

“အပြင်လောကက ပိုကောင်းတာပေါ့၊ ဒဏ္ဍာရီလာ တောင်တွေ၊ သစ်ပင်တွေက နေရာတိုင်းမှာပဲ၊ အဆုံးမဲ့သွေးနယ်မြေထဲကလို နှင်းတွေ၊ ရေခဲတွေချည်းပဲ မဟုတ်ဘူး”

နှင်းကျေးရွာမှ ပညာရှင်များမှာ ပြုံးရွှင်စွာဖြင့် ဆွေးနွေးနေကြ၏။

“အားလုံးပဲ... ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ”

တောက်ရွှမ်းဇီသည် လူအုပ်ကြီးကို ဦးဆောင်ကာ ပင်မခန်းမဆီသို့ ပျံသန်းသွားခဲ့သည်။ မကြာမီမှာပင် သူတို့သည် ခန်းမရှေ့ရှိ ကြီးမားလှသော ရင်ပြင်ကျယ်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။

“အကြီးအကဲတို့က မော်ရှန်းဂိုဏ်းက ပုဂ္ဂိုလ်တွေ ဖြစ်မယ်ထင်တယ်၊ ကောင်းကင်ဆရာအဆင့် မပြည့်သေးတဲ့သူတွေက ဘေးခန်းမကို ကြွပေးပါ၊ ကျန်တဲ့ ကောင်းကင်ဆရာတွေကတော့ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ”

အသက် နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိပုံရသော ‘လုံဟူတောင်’ မှ တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် ကောင်းကင်ဆရာတစ်ဦးသည် တည်ငြိမ်သော မျက်နှာဖြင့် လူအုပ်ထံသို့ ချဉ်းကပ်ကာ ဖြည်းညင်းစွာ ဆိုလိုက်၏။

“အသက် တစ်ရာ့နှစ်ဆယ်၊ သုံးဆယ်တောင် မပြည့်သေးဘူး၊ ဒါပေမဲ့ ကောင်းကင်ဆရာ ပထမအဆင့်ကို ရောက်နေပြီပေါ့၊ ဒီကောင်လေးရဲ့ ပါရမီက တော်တော်ကောင်းတာပဲ”

ထိုလူငယ်ကို မြင်သောအခါ နှင်းကျေးရွာမှ ကောင်းကင်ဆရာတစ်ဦးက အံ့ဩစွာ ဆိုလိုက်၏။ ၎င်းကို ကြားလိုက်ရသဖြင့် လူငယ်မှာ ချက်ချင်းပင် ဂုဏ်ယူသော အပြုံးကို ဖော်ပြလိုက်သည်။ သို့သော်လည်း နောက်တစ်ခဏ၌ အခြားလူများ၏ စကားကြောင့် သူ၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။

“မဆိုးပါဘူး... တကယ်မဆိုးပါဘူး၊ ငါ့ရဲ့မြေး အသက်ရှစ်ဆယ်မှာ ကောင်းကင်ဆရာ ဖြစ်ခဲ့တာနဲ့ တော်တော်လေး နီးစပ်တာပဲ”

“ဒါက ဟုတ်သေးတာပေါ့၊ ငါ့မြေးကတော့ အသက် ကိုးဆယ့်သုံးနှစ်မှ ကောင်းကင်ဆရာ ဖြစ်တာ၊ သူ့ရဲ့ ပါရမီကတော့ တကယ့်ကို စိတ်ပျက်စရာပဲ”

“အဟမ်း... အဖိုး၊ ကျွန်တော့်ကို အပြစ်တင်နေတာ တော်ပါတော့၊ ကျွန်တော့်ရဲ့ ပါရမီက မကောင်းပေမဲ့ ကျွန်တော် တကယ် ကြိုးစားနေတာပါ”

“ဟူး... ဒါနဲ့ ပြောရဦးမယ်၊ ငါကတော့ အသက် တစ်ရာ့တစ်နှစ်မှ ကောင်းကင်ဆရာ ဖြစ်တာ၊ အခု အသက် လေးရာကျော်နေပြီ၊ ခုနစ်ဆင့်ပဲ ရှိသေးတယ်၊ ငါ့ရဲ့ ပါရမီကတော့ တကယ့်ကို အဆင့်မရှိတာပါပဲ”

နှင်းကျေးရွာမှ ပညာရှင်များမှာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချနေကြ၏။ နှင်းကျေးရွာ၏ ကျင့်ကြံမှုနှုန်းမှာ အပြင်လောကထက် နှစ်ဆ၊ သုံးဆခန့် မြန်ဆန်လှသည်။ အသက်ရှစ်ဆယ်၌ ကောင်းကင်ဆရာ ဖြစ်သည်ဆိုပါက အပြင်လောကတွင် အနည်းဆုံး နှစ်ပေါင်း နှစ်ရာကျော် ကြာမြင့်လိမ့်မည်။ သို့သော်လည်း မြေကမ္ဘာဆရာတစ်ဦးသည် သက်တမ်း နှစ်ရာသာ ရှိသည်။ ၎င်းမှာ သူတို့သာ နှင်းကျေးရွာ၌ မမွေးဖွားခဲ့လျှင် ကောင်းကင်ဆရာ ဖြစ်လာကြလိမ့်မည် မဟုတ်သကဲ့သို့၊ ယခုကဲ့သို့ ခုနစ်ဆင့်၊ ရှစ်ဆင့် အစွမ်းမျိုးကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လုံဟူတောင်မှ ပါရမီရှင် လူငယ်၏ နားထဲ၌မူ ဤစကားများမှာ အခြားတစ်မျိုး ဖြစ်နေတော့၏။ သူသည် ပြန်၍ အော်ပြောချင်သော်လည်း၊ လူအုပ်ထဲတွင် အသက် နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိပုံရသော်လည်း သူ့ထက် အစွမ်းကြီးမားသော ကောင်းကင်ဆရာများကို တွေ့လိုက်ရသောအခါ မှင်သက်သွားရတော့၏။ အသက် တစ်ဆယ့်ကိုးနှစ်ခန့်သာ ရှိပုံရသော်လည်း တကယ်တမ်း၌ အသက်ရှစ်ဆယ်ခန့် ရှိနေပြီဖြစ်သော မိန်းကလေးငယ်တစ်ဦးပင်လျှင် ကောင်းကင်ဆရာ ပထမအဆင့်သို့ ရောက်ရှိနေသည်။

သူသည် လုံးဝ ဆွံ့အသွားခဲ့ရ၏။ ဤလူများ ပြောနေသည်မှာ အမှန်တရားများ ဖြစ်သည်၊ သူ၏ ဂုဏ်သိက္ခာကို အပြင်းအထန် ရိုက်ခတ်လိုက်ခြင်းပင် ဖြစ်၏။ မော်ရှန်းဂိုဏ်း၌ အဘယ်ကြောင့် ဤမျှ ပါရမီရှင်များ ပေါများနေရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေတော့၏။

“အကြီးအကဲတို့... ခန်းမထဲကို ကြွပါဦး”

သူသည် သူ၏ မောက်မာသော စိတ်ကို အသာအယာ သိမ်းဆည်းကာ မော်ရှန်းမှ ပညာရှင်များကို လေးစားစွာ ဖိတ်ခေါ်လိုက်တော့၏။ မကြာမီမှာပင် သူတို့သည် ပင်မခန်းမကြီးအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ခန်းမကြီးကို ကဏ္ဍပေါင်း လေးဆယ့်တစ်ခု ခွဲခြားထားသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ တာအိုဂိုဏ်း လေးဆယ့်တစ်ခုကို ကိုယ်စားပြုခြင်းပင် ဖြစ်သည်။

အလယ်ဗဟိုရှိ ကဏ္ဍငါးခုမှာ ဂိုဏ်းကြီးငါးဂိုဏ်းအတွက် ဖြစ်၏။ ထို့နောက်တွင် ဒုတိယတန်းစား ဂိုဏ်းများ၊ နောက်ဆုံးတွင် တတိယတန်းစား ဂိုဏ်းများ ရှိနေကြ၏။ ဂိုဏ်းကြီးငါးဂိုဏ်းအဖြစ် သတ်မှတ်ခံရရန်မှာ အနည်းဆုံး ကောင်းကင်ဆရာ တစ်ဆယ့်ငါးဦးနှင့် တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦး ရှိရန် လိုအပ်သည်။ ဤသတ်မှတ်ချက်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာက ခုံထုံးဘိုးဘိုးကြီး ဆူပူသောင်းကျန်းပြီးနောက်၌ သတ်မှတ်ခဲ့ခြင်း ဖြစ်၏။

မော်ရှန်းဂိုဏ်း၌ ကောင်းကင်ဆရာ သုံးဆယ့်ရှစ်ဦး ရှိနေသည်ကို မြင်လိုက်ရသောအခါ ဒုတိယတန်းစားနှင့် တတိယတန်းစား ဂိုဏ်းများသာမက၊ လုံဟူတောင်မှ ကောင်းကင်ဆရာများပင်လျှင် တုန်လှုပ်သွားခဲ့ကြရသည်။ နှင်းကျေးရွာမှ လူများကမူ သူတို့ ရွာသားအချင်းချင်း ဖြစ်သော လုံဟူတောင်မှ မျိုးဆက်များကို မြင်လိုက်ရသဖြင့် အဓိပ္ပာယ်ပါသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြ၏။ ဤအချိန်တွင် သူတို့သည် မိမိတို့ဂိုဏ်းအသီးသီး၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသဖြင့် ပြင်ပလူများအနေဖြင့် သူတို့၏ ဆက်နွှယ်မှုကို မသိရှိနိုင်ချေ။

“အားလုံးပဲ... အသီးသီး နေရာယူကြပါဦး”

တောက်ရွှမ်းဇီသည်လည်း ပြုံးလျက် နှင်းကျေးရွာမှ လူများကို မော်ရှန်းနေရာများ၌ နေရာချပေးလိုက်၏။ မော်ရှန်းမှ ကောင်းကင်ဆရာများ နေရာယူပြီးနောက်တွင် ကျန်ရှိသော ဂိုဏ်းများမှာလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြသည်။ သို့သော်လည်း ဂိုဏ်းကြီးငါးဂိုဏ်းစလုံး၌ ကောင်းကင်ဆရာ အရေအတွက်မှာ ယခင်ကထက် သုံးဦးမှ ငါးဦးခန့်အထိ ပိုမိုများပြားနေသည်ကို တွေ့လိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့်သွားကြရ၏။

အထူးသဖြင့် မော်ရှန်းဂိုဏ်း၌ ဆယ့်သုံးဦးတောင် ပိုနေသည်မှာ အထူးဆန်းဆုံး ဖြစ်နေသည်။ ဂိုဏ်းကြီးငါးဂိုဏ်းမှာ သူတို့၏ အင်အားကို ဤမျှအထိ လျှို့ဝှက်ထားခဲ့၏။ ဒုတိယတန်းစား ဂိုဏ်းများကြားရှိ ခုံထုံးဓားဂိုဏ်း၏ ဘိုးဘိုးကြီးမှာ မော်ရှန်း၌ ကောင်းကင်ဆရာ သုံးဆယ့်တစ်ဦး ရှိနေသည်ကို မြင်သောအခါ မျက်လုံးများမှ မီးတောက်မတတ် ဒေါသထွက်သွားခဲ့ရသည်။

သူ မရှိသော နှစ်ပေါင်း တစ်ရာအတွင်း ဂိုဏ်းကြီးငါးဂိုဏ်း ဖြစ်လာရန်အတွက် အနည်းဆုံး ကောင်းကင်ဆရာ တစ်ဆယ့်ငါးဦး ရှိရမည်ဟူသော စည်းကမ်းမှာ သူ့အတွက် အလွန် နစ်နာလှသည်။ ယခင်က နေရာလွတ် မရှိသဖြင့် မဖြစ်ခဲ့သော်လည်း၊ ယခု နေရာလွတ် ရှိလာသောအခါ၌လည်း ကောင်းကင်ဆရာ မပြည့်စုံပြန်ချေ။ သို့သော်လည်း သူသည် ဖြေရှင်းနည်း တစ်ခုကို စဉ်းစားမိထားသဖြင့် ပြုံးလိုက်မိ၏။ သူ၏ လက်ထဲ၌ ဝှက်ဖုံးထားသော တံခါးပိတ်တစ်ခု ရှိနေသေးသည်။

အချိန်များ ကုန်လွန်သွားခဲ့၏…..

ဂိုဏ်းအသီးသီးမှ လူများမှာ စုံလင်စွာ ရောက်ရှိလာခဲ့ကြသည်။ ဂိုဏ်းကြီးငါးဂိုဏ်းမှ ဘိုးဘိုးကြီး လေးဦးမှာ အရှေ့ဆုံး၌ နေရာယူကာ အခြေအနေကို ထိန်းညှိနေကြ၏။ တစ်ယောက်တည်းသာ လိုနေသည်မှာ မော်ရှန်း၏ ဘိုးဘိုးကြီးပင် ဖြစ်သည်။

“တောက်ရွှမ်းဇီ... မင်းတို့ရဲ့ ဘိုးဘိုးကြီး၊ အစ်ကိုကြီး ‘တောက်ယန်’ က ဘာလို့ ရောက်မလာသေးတာလဲ”

ရှေ့ဆုံး၌ ထိုင်နေသော လုံဟူတောင်မှ ဘိုးဘိုးကြီး ‘ကောင်းကင်ဆရာ လုံထု’ က ဇဝေဇဝါဖြင့် မေးလိုက်၏။ တောက်ယန်ဇီမှာ မော်ရှန်းဘိုးဘိုးကြီး၏ တာအိုအမည်ပင် ဖြစ်သည်။ သူ၏ အသက်အရွယ်အရ သူသည် ကွယ်လွန်ရန် နီးကပ်နေပြီ ဖြစ်၏။ ဤမျှ အရေးကြီးသော အစည်းအဝေးသို့ ရောက်မလာခြင်းမှာ သူ၏ ကျန်းမာရေး ချို့ယွင်းနေ၍ဟုတွေးကာ လူတိုင်း၏ အကြည့်များမှာ မော်ရှန်းနေရာများဆီသို့ ရောက်ရှိလာခဲ့တော့၏။

၎င်းကို မြင်သောအခါ တောက်ရွှမ်းဇီသည် သူ၏ ဘိုးဘိုးကြီး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ကြေညာရန် ပြင်လိုက်ပြီး ဖုံးကွယ်ထားရန် မလိုတော့ချေ။ အသစ်ရောက်လာသော ဘိုးဘိုးကြီး ‘အဘိုးကျောက်’ မလာသော်လည်း၊ သူ၏ သားနှစ်ဦးစလုံးမှာ တစ်ပိုင်းတစ်စ မဟာအရှင်များ ဖြစ်နေကြသဖြင့် ဂိုဏ်းကို ထိန်းကျောင်းရန် လုံလောက်လှသည်။ ထို့ပြင် လင်းရန်ယန်ကလည်း မကြာမီ ရောက်လာမည်ဖြစ်ကြောင်း သတင်းပို့ထားသည်၏။ လင်းရန်ယန် ရှိနေလျှင် ဘာမျှ ပူစရာ မလိုချေ။

“ဟားဟားဟား... ဘာလို့ မလာတာလဲ ဟုတ်လား၊ လာလို့မှ မရတော့တာ၊ တောက်ယန်ဇီက သေနေပြီလေ၊ သူ ဘယ်လိုလုပ် လာနိုင်မှာလဲ၊ နတ်ဘုရားတစ်ပါးကို ဖိတ်ကြားနေတာလား”

ထိုခဏ၌ လူအုပ်အတွင်းရှိ ခုံထုံးဓားဂိုဏ်းမှ ဘိုးဘိုးကြီးသည် မတ်တပ်ထရပ်ကာ လှောင်ပြောင်လိုက်တော့၏။

"ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ ကောင်းကင်ဆရာ တစ်ရာကျော်လုံးမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မော်ရှန်းနေရာများဆီသို့ လှမ်းကြည့်လိုက်ကြ၏။ အကယ်၍ ၎င်းမှာ အမှန်တရားဖြစ်ပါက၊ မော်ရှန်းဂိုဏ်းမှာ ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းဝင်ရန် မထိုက်တန်တော့ချေ။

“တောက်ရွှမ်းဇီ... တောက်ယန်က တကယ်ပဲ...”

ချွမ်ကျန်းဂိုဏ်းမှ ကောင်းကင်ဆရာ ‘မူယန်’ က တောက်ရွှမ်းကျီကို မယုံနိုင်စွာ ကြည့်လိုက်၏။ သူနှင့် တောက်ယန်ဇီမှာ မီးဓာတ် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။ သူ၏ သူငယ်ချင်းကောင်း ယခုကဲ့သို့ ကွယ်လွန်သွားသည်ကို သူ မယုံကြည်နိုင် ဖြစ်နေတော့၏။

“သက်ပြင်း... ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဘိုးဘိုးကြီး၊ ကောင်းကင်ဆရာ တောက်ယန်ဟာ လွန်ခဲ့တဲ့ လခွဲလောက်က ကွယ်လွန်သွားခဲ့ပါပြီ”

တောက်ရွှမ်းဇီသည် မဖုံးကွယ်တော့ဘဲ အကူအညီမဲ့စွာဖြင့် ဝန်ခံလိုက်ပေတော့၏။ ထိုစကားကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားခဲ့ရသည်။

“အနှိုင်းမဲ့လို့ ကျော်ကြားခဲ့တဲ့ ကောင်းကင်ဆရာ တောက်ယန်က တကယ်ပဲ ကွယ်လွန်သွားခဲ့ပြီပေါ့”

All Chapters