← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း ၁၉၇ - ဟေးဝူးချန်နဲ့ ပိုင်ဝူချန် ဆင်းသက်လာခြင်း၊ မဟာအရှင် လင်းရန်ယန်သည် ငရဲပြည်၏ အရှင်သခင်လော

“ပင်မအကြီးအကဲကြီးကို ဂါရဝပြုပါတယ်”

“မော်ရှန်းတပည့်များက ပင်မအကြီးအကဲကြီးကို ရိုသေစွာ ဂါရဝပြုပါတယ်”

မျှော်လင့်ထားသည့်အတိုင်းပင် လင်းရန်ယန် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မော်ရှန်းဂိုဏ်း၏ ကောင်းကင်ဆရာအားလုံးမှာ အလွန်အမင်း ရိုသေကိုင်းရှိုင်းစွာဖြင့် ဦးညွှတ်လိုက်ကြတော့၏။

“ကျွန်တော်မျိုးတို့က မဟာအရှင်ကို ရိုသေစွာ ဂါရဝပြုပါတယ်”

ထိုခဏ၌ လုံဟူတောင်မှ ကောင်းကင်ဆရာ လုံထုသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တက်လှမ်းလာကာ လင်းရန်ယန်ကို အလေးအနက် ဦးညွှတ်ဂါရဝပြုလိုက်သည်။ မဟာအရှင်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးမှာ ဤကဲ့သို့သော အလေးအမြတ်ပြုမှုကို ခံယူရန် ထိုက်တန်လှ၏။

“ဝုန်း”

သူ စကားပြောလိုက်သည့် တစ်ခဏမှာပင် ခန်းမတစ်ခုလုံးသည် ရုတ်ခြည်းဆိုသလို ပွက်လောရိုက်သွားခဲ့ရ၏။

“မဟာအရှင်၊ သူက တကယ်ပဲ မဟာအရှင်တစ်ယောက်လား”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ကောင်းကင်ဆရာ လုံထုကိုယ်တိုင် ပြောတာဆိုတော့ လုံးဝ အမှားအယွင်း ရှိမှာ မဟုတ်ဘူး”

“ငါတို့ တာအိုဂိုဏ်းမှာ နောက်ဆုံးတော့ မဟာအရှင်အဆင့် တန်ခိုးရှင်တစ်ယောက် ပြန်ပေါ်လာပြီဟေ့”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှိနေသူအားလုံးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်နေမိကြတော့၏။ နောက်တစ်ခဏ၌ ကောင်းကင်ဆရာအားလုံးမှာ လင်းရန်ယန်၏ ရှေ့မှောက်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ကြသည်။

“ကျွန်တော်မျိုးတို့က မဟာအရှင်ကို ရိုသေစွာ ဂါရဝပြုပါတယ်”

“မဟာအရှင်ကို ဂါရဝပြုပါတယ်”

ကောင်းကင်ဆရာများမှာ လင်းရန်ယန်ကို အလွန်အမင်း ရိုသေစွာဖြင့် အော်ဟစ် နှုတ်ဆက်နေကြ၏။ လူအုပ်ကြီးထဲတွင် မာတန်းနီမှာ လင်းရန်ယန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။ လွန်ခဲ့သော နှစ်ရက်ခန့်ကမှ သူ့ကို တွေ့ခဲ့ရသော်လည်း၊ သူသည် ဒဏ္ဍာရီလာ မဟာအရှင်တစ်ဦးဖြစ်ပြီး မော်ရှန်းဂိုဏ်း၏ ပင်မအကြီးအကဲကြီး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။

ပင်မအကြီးအကဲကြီးကပင် မဟာအရှင် ဖြစ်နေလျှင်၊ မော်ရှန်းဂိုဏ်း၏ ဘိုးဘိုးကြီးမှာ မည်မျှအထိ အစွမ်းထက်သော ပုဂ္ဂိုလ် ဖြစ်နေမည်နည်း။ သေချာတာပေါ့၊ ဤမေးခွန်းမှာ လူတိုင်း၏ စိတ်ထဲ၌ ပဲ့တင်ထပ်နေတော့၏။

“အားနာစရာ မလိုပါဘူး၊ ထကြပါဦး”

ဤမြင်ကွင်းကို မြင်သောအခါ လင်းရန်ယန်သည် ဟင်းလင်းပြင်ထက်၌ လက်ကို အသာအယာ မြှောက်လိုက်၏။

“အုန်း”

လျှပ်တစ်ပြက်အတွင်းမှာပင် မမြင်ရသော ထိတ်လန့်ဖွယ် စွမ်းအင်တစ်ခုသည် ရှိနေသော ကောင်းကင်ဆရာအားလုံးကို အသာအယာ ပင့်တင်ပေးလိုက်တော့သည်။ မည်သူမျှ ခုခံနိုင်စွမ်းမရှိသော ဤကြောက်မက်ဖွယ် စွမ်းအင်ကြောင့် လူတိုင်း၏ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရ၏။ အထူးသဖြင့် အစွမ်းထက်လှသော တစ်ပိုင်းတစ်စ မဟာအရှင်များမှာ ပို၍ ခံစားလိုက်ရသည်။

“ဒါက မဟာအရှင်အဆင့်ရဲ့ အစွမ်းလား၊ ကြောက်စရာကောင်းလိုက်တာ၊ တကယ်ပဲ ကြောက်စရာကောင်းတယ်”

“ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အစွမ်းနဲ့ဆိုရင်၊ သူသာ ငါတို့အားလုံးကို သတ်ချင်ရင် စိတ်ကူးလိုက်ရုံနဲ့တင် ပြီးသွားနိုင်တယ်”

“ရှေးဟောင်း ကျင့်ကြံခြင်းလောကမှာ ကောလာဟလတွေ ရှိခဲ့ဖူးတယ်၊ မဟာအရှင်အဆင့်ကို မရောက်ရင် မင်းဟာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူးတဲ့”

ထိုခဏ၌ လူတိုင်းမှာ အသက်ရှူပင် မှားသွားခဲ့ရ၏။

“ဟုတ်ပြီ၊ ပြောရဦးမယ်၊ ဒါက တာအိုဂိုဏ်းရဲ့ မူလခန်းမ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်က ဒီနေရာမှာ ရှိနေရတာလဲ”

သို့သော်လည်း ထိုအချိန်၌ လင်းရန်ယန်သည် ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ စကားပြောလိုက်သည်နှင့် သူ၏ အကြည့်မှာ လူအုပ်ကြီး၏ ထောင့်နား၌ ထွက်ပြေးရန် ပြင်နေသော ခုံထုံးဘိုးဘိုးကြီးထံသို့ ချက်ချင်း ကျရောက်သွားတော့သည်။ လူတိုင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ခုံထုံးဘိုးဘိုးကြီးဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

‘ခုံထုံးဘိုးဘိုးကြီးက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဟုတ်လား။’

သူတို့သာမက ခုံထုံးဓားဂိုဏ်းမှ အခြားသော ကောင်းကင်ဆရာများပင်လျှင် မိမိတို့၏ ဘိုးဘိုးကြီးကို ထိတ်လန့်တကြား ကြည့်နေမိကြတော့၏။

“ငါ့ကို သိသွားပြီလား”

ခုံထုံးဘိုးဘိုးကြီး၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့တော့သည်။ နောက်တစ်ခဏ၌ သူသည် ဝေခွဲမနေတော့ဘဲ ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်၏။

“အုန်း”

ကံမကောင်းစွာဖြင့်ပင် မမြင်ရသော စွမ်းအင်တစ်ခုက သူ့ကို ထိုနေရာ၌ပင် ချက်ချင်း ချုပ်နှောင်ထားလိုက်တော့သည်။

“အကြီးအကဲ၊ အကြီးအကဲ၊ ဘာလုပ်တာလဲ ”

ထိတ်လန့်သွားသော ခုံထုံးဘိုးဘိုးကြီးမှာ လင်းရန်ယန်ကို ကြည့်ကာ အတင်းအကျပ် ပြုံးပြလိုက်ရ၏။ သူသည် ခိုးကြောင်ခိုးဝှက် ထွက်သွားရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ကိုယ့်ရဲ့ အစွမ်းကို တိုးတက်စေဖို့ လူသားဝိညာဉ်တွေရဲ့ စွမ်းအင်ကို သုံးတာလား၊ ဒီနည်းလမ်းဟာ မိစ္ဆာကျင့်ကြံသူတွေရဲ့ နည်းလမ်းနဲ့ ဘာမှမခြားနားဘူး၊ မင်းက ငါ့ကို ဘာလုပ်တာလဲလို့ မေးနေသေးတာလား”

လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် သူ၏ ညာလက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

“ဗုန်း”

ချက်ချင်းပင် မမြင်ရသော ဝိညာဉ်စွမ်းအင်တစ်ခုသည် ခုံထုံးဘိုးဘိုးကြီးထံသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်မှာ လင်းရန်ယန်၏ လက်ဝါးချက်ကြောင့် အတင်းအကျပ် ထွက်ပေါ်လာခဲ့ရတော့၏။ ထိုအချိန်မှသာ လူတိုင်းမှာ ထိတ်လန့်တကြား သိလိုက်ရသည်မှာ—

ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်မှာ ဟောင်းနွမ်းဆွေးမြည့်နေပြီး ပုပ်သိုးနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်အတွင်း၌ အခြားသော လူသားဝိညာဉ်ပေါင်း သိန်းချီ၍ ရှိနေသည်ကိုလည်း တွေ့လိုက်ရတော့၏။ လူတိုင်းမှာ အေးစက်လှသော လေထုကို ရှူရှိုက်လိုက်မိကြသည်။

ဝိညာဉ်ပေါင်း သိန်းချီနေတာလား၊ ၎င်းမှာ အနှိုင်းမဲ့ မိစ္ဆာကြီးတစ်ကောင်နှင့် ဘာမှမခြားနားချေ။ ထို့ပြင် ၎င်းတို့မှာ လုံးဝ မချေဖျက်ရသေးသော ဝိညာဉ်များသာ ဖြစ်သေးသည်။ အမှန်တကယ် ချေဖျက်ပြီးသား ဝိညာဉ်မှာ မည်မျှအထိ ရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။

“ရှုး၊ ဝိညာဉ်ပေါင်း သိန်းချီနေတာပဲ၊ သူ ဒါတွေကို ဘယ်ကနေ ရခဲ့တာလဲ”

“ဒီဝိညာဉ်တွေရဲ့ အငွေ့အသက်အရ သာမန် ဝိညာဉ်ငယ်လေးတွေ ဖြစ်ပုံရတယ်”

“သင်္ချိုင်းကုန်းလို နေရာမျိုးက ဝိညာဉ်တွေကို သူ စုဆောင်းထားတာလား”

“အဲ့ဒီလို နေရာတွေက ဝိညာဉ်တွေက မကောင်းတဲ့ အငွေ့အသက် မရှိတော့၊ သူ မိစ္ဆာကျင့်စဉ် ကျင့်နေတာကို ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ်ထားနိုင်တာပေါ့”

“ယုတ်မာလိုက်တာ၊ တကယ်ကို ယုတ်မာလွန်းတယ်၊ မိစ္ဆာကျင့်ကြံသူတွေတောင် သူ့ကို မယှဉ်နိုင်ဘူး”

ထိုခဏ၌ ရှိနေသော ကောင်းကင်ဆရာအားလုံး၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်းဖြစ်သွားခဲ့ရတော့၏။

“ဒီလူက ဘယ်သူလဲ၊ ငါ့ရဲ့ ဝိညာဉ်မှာ ပြဿနာရှိနေတာကို သူက ဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့ သိနိုင်ရတာလဲ”

ထိုအချိန်၌ ခုံထုံးဘိုးဘိုးကြီးမှာ လုံးဝကို စိတ်ဓာတ်ကျသွားခဲ့ရသည်။ လင်းရန်ယန်က သူ၏ လျှို့ဝှက်ချက်ကို မည်သို့ သိသွားသည်ကို သူ လုံးဝ စဉ်းစားမရနိုင်ချေ။ သူ၏ အမြင်အရ မဟာအရှင်အဆင့်ရှိသူပင်လျှင် သူ၏ ဝိညာဉ်ကို ထိုးဖောက်မြင်နိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

“စက်ဆုပ်စရာပဲ၊ တကယ်ကို စက်ဆုပ်စရာကောင်းတယ်၊ ‘ဒဏ်ရာခုနစ်ချက် ကျင့်စဉ်’ ကို ကျင့်တဲ့ ခုံထုံးဓားဂိုဏ်းကနေ ဘယ်လိုလုပ်ပြီး တစ်ပိုင်းတစ်စ မဟာအရှင် တစ်ယောက် ပေါ်လာရတာလဲလို့ ငါ တွေးနေခဲ့တာ၊ အခုတော့ အမှန်တရားကို သိလိုက်ရပြီ”

“နှမြောစရာပဲ၊ ငါ အဲ့ဒီတုန်းက မေးချင်ခဲ့ပေမဲ့ တခြားဂိုဏ်းတွေရဲ့ မျက်နှာကို ထောက်ထားနေခဲ့မိတာ”

“သူက ဒီလောက်အထိ ရူးသွပ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”

“နှစ်ပေါင်း ငါးရာကြာအောင် ဒီလောက် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာပဲ”

ထိုခဏ၌ တာအိုဆရာ လုံထုနှင့် အခြားသူများမှာ ဒေါသတကြီးဖြင့် ကျိန်ဆဲနေမိကြတော့၏။

“အကြီးအကဲ၊ ခုံထုံးဘိုးဘိုးကြီးရဲ့ ဝိညာဉ်ကို ဖျက်ဆီးပေးပါ ”

“ဒီလို လူမျိုးကို အသက်ရှင်ခွင့် မပေးသင့်ပါဘူး”

“တာအိုဂိုဏ်းရဲ့ အရှက်ပဲ၊ တာအိုဂိုဏ်းရဲ့ အရှက်ပဲ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဆရာအားလုံးမှာ လင်းရန်ယန်ကို တောင်းဆိုလိုက်ကြတော့၏။ သို့သော်လည်း လင်းရန်ယန်က အသာအယာ ပြုံးလိုက်သည်။

“ဝိညာဉ်ကို ဖျက်ဆီးပစ်မယ် ဟုတ်လား၊ ဒီကောင်ကြီး ဝါးမြိုထားတဲ့ လူသားဝိညာဉ် အရေအတွက်ဟာ သန်းနဲ့ချီနေပြီ၊ သူ့ကို ဒီအတိုင်း ဝိညာဉ်ဖျက်ဆီးခွင့် ပေးလိုက်ရင်၊ အဲ့ဒါက သူ့အတွက် လွယ်လွန်းမနေဘူးလား”

လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ စကားပြောလိုက်သည်နှင့် လူတိုင်းမှာ မှင်သက်သွားကြရတော့သည်။ လင်းရန်ယန်သည် ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်ကို မည်သို့ စီရင်မည်ကို သူတို့ မသိကြချေ။

“ဟေးဝူးချန် ပိုင်ဝူးချန်... ဘယ်မှာလဲ”

ရုတ်တရက်ဆိုသလို လင်းရန်ယန်သည် ဟင်းလင်းပြင်ထက်၌ ဟိန်းဟောက်လိုက်တော့၏။

“ဝုန်း”

ခဏချင်းမှာပင် လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ သူတို့၏ မျက်နှာများမှာလည်း ပျက်ယွင်းသွားခဲ့ရ၏။ နှင်းကျေးရွာမှ လူတိုင်းပင်လျှင် လင်းရန်ယန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေမိကြသည်။ လင်းရန်ယန်သည် အဖြူအမဲ သေမင်းတမန်များ(ဟေးဝူးချန် ပိုင်ဝူးချန် )၏ အမည်ကိုပင် ခေါ်ဝံ့နေသည်။

“အုန်း”

“အုန်း”

ထိုခဏ၌ပင် ကောင်းမြတ်ခြင်းနှင့် ယုတ်မာခြင်းတို့ ရောယှက်နေသော ထိတ်လန့်ဖွယ် အငွေ့အသက် နှစ်ခုသည် မိုင်ပေါင်း တစ်ရာအတွင်းသို့ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် တောက်ပနေသော ကောင်းကင်ကြီးမှာ လုံးဝ မှောင်မိုက်သွားခဲ့ရတော့၏။ လူအများအပြားမှာ ခန်းမအပြင်ဘက်သို့ မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ခန်းမအပြင်ဘက်ရှိ ကောင်းကင်ယံ၌ ပေပေါင်း တစ်သောင်းခန့် မြင့်မားလှသော ထိတ်လန့်ဖွယ် ပုံရိပ်ကြီး နှစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်လာသည်ကို တွေ့လိုက်ရတော့၏။ ပုံရိပ်တစ်ခုမှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်၌ မြင့်မားသော ဦးထုပ်တစ်ခု ဆောင်းထားသည်။ သူ၏ မီတာ ထောင်ချီ ရှည်လျားလှသော လျှာကြီးမှာ တောင်တန်းပေါင်း ဒါဇင်ချီ၍ ဖြိုချနိုင်စွမ်းရှိပုံရ၏။ တစ်ချိန်တည်းမှာပင် သူ၏ နှုတ်ခမ်းထက်၌ ထူးဆန်းသော အပြုံးတစ်ခု အမြဲတမ်း ရှိနေသည်။

အခြားတစ်ဦးမှာမူ တစ်ကိုယ်လုံး မည်းမှောင်နေသည်မှလွဲ၍ ပထမတစ်ဦးနှင့် အလွန်ပင် တူညီလှသည်။ သူတို့မှာ ဒဏ္ဍာရီလာ အဖြူအမဲ သေမင်းတမန်များ(ဟေးဝူးချန် ပိုင်ဝူးချန်) ဖြစ်နေကြသည်မှာ သိသာလှ၏။ ထိုခဏ၌ ကောင်းကင်ဆရာအားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အပြင်ဘက်သို့ ဒူးထောက်လိုက်ကြတော့၏။

“အရှင်မင်းကြီး အဖြူအမဲ သေမင်းတမန်များ၊ တကယ်ပဲ အရှင်မင်းကြီးတွေ ပါလား”

“ဝိညာဉ်ကူးတို့ဌာနက ဒသမအဆင့် ဝိညာဉ်သံတမန် တပည့်က၊ ယင်စစ်သူကြီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

“ယင်ဥပဒေဌာနက ဒသမအဆင့် ဝိညာဉ်သံတမန် တပည့်က၊ ယင်စစ်သူကြီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

ရိုသေစွာဖြင့် အော်ဟစ်နှုတ်ဆက်သံများမှာ ကီလိုမီတာ ဒါဇင်ချီ၍ ပျံ့နှံ့သွားခဲ့၏။ ဤကောင်းကင်ဆရာများမှာ အားလုံးနီးပါး ငရဲပြည်၏ ဝိညာဉ်သံတမန်များ ဖြစ်ကြသည်။ နှစ်ပေါင်းငါးရာကြာအောင် အသက်ရှင်နိုင်ရန်အတွက် ကုသိုလ်ကံများ စုဆောင်းရန်မှာ မခက်ခဲလှချေ။ သို့သော်လည်း သူတို့မှာ အားလုံးနီးပါး ဒသမအဆင့် ဝိညာဉ်သံတမန်များသာ ဖြစ်ကြပြီး၊ နဝမအဆင့်မှာ တစ်ဦးနှစ်ဦးသာ ရှိသည်။ သေချာတာပေါ့... ယင်စစ်သူကြီးတစ်ဦး၏ ရှေ့မှောက်၌မူ သူတို့၏ အဆင့်မှာ အလွန်ပင် နိမ့်ကျလှသေးသည်။

“အုန်း”

“အုန်း”

ထိုအချိန်၌ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက်—

အပြင်ဘက်ရှိ ကြီးမားလှသော အဖြူအမဲ ပုံရိပ်ကြီးနှစ်ခုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ မကြာခင်မှာပင် သုံးမီတာခန့်သာ မြင့်မားတော့သော အဖြူအမဲ သေမင်းတမန်များမှာ တာအိုဂိုဏ်း၏ ခန်းမအတွင်း၌ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ကြတော့၏။ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေကြသော လူတိုင်းမှာ မိမိတို့၏ ဘေးနား၌ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေသည်ကို ခံစားလိုက်ရသဖြင့် ပို၍ပင် နိမ့်ချကာ ဦးညွှတ်နေမိကြတော့၏။

“အဖြူအမဲ သေမင်းတမန်များက၊ နန်းတော်အရှင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

သို့သော်လည်း ထိုခဏ၌ အဖြူအမဲ သေမင်းတမန်များမှာ လင်းရန်ယန်ကို ကြည့်ကာ အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် ရိုသေစွာ ဆိုလိုက်ကြ၏။

“ဝုန်း”

ဤစကားလုံးမှာ ဗုံးတစ်လုံးကဲ့သို့ပင် ရှိနေသူအားလုံး၏ စိတ်ထဲ၌ ပေါက်ကွဲသွားခဲ့ရသည်။ နန်းတော်အရှင် ဟုတ်လား၊ ဘယ်သူက နန်းတော်အရှင်လဲ၊ သို့သော် လူတိုင်းမှာ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့ကြ၏။ လင်းရန်ယန်မှလွဲ၍ အခြားမည်သူ ရှိနိုင်မည်နည်း။

လင်းရန်ယန်သည် ငရဲပြည်၏ နန်းတော်အရှင် ဟုတ်လား ၊

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုခဏ၌ လူတိုင်းမှာ ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်ကြရာ၊ အဖြူတစ်ဦးနှင့် အမဲတစ်ဦးတို့မှာ လင်းရန်ယန်၏ ရှေ့မှောက်၌ ရိုသေစွာဖြင့် ဒူးထောက်နေကြသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရတော့သည်။ သူတို့၏ ရိုသေမှုမှာ မိမိတို့ထက် အဆပေါင်းများစွာ သာလွန်နေ၏။

“ရှုး၊ ပင်မအကြီးအကဲကြီးက နန်းတော်အရှင် ဟုတ်လား”

“ဒါတွေက ဘာတွေလဲ”

“သူက ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးရဲ့ လူဝင်စား ဖြစ်နေလို့လား”

“ဒါကြောင့်ကိုး၊ ဒါကြောင့် ပင်မအကြီးအကဲကြီးရဲ့ ကျင့်ကြံခြင်း အလျင်က ဒီလောက်အထိ မြန်နေရတာကိုး၊ သူက တကယ်ပဲ နတ်ဘုရားတစ်ပါးရဲ့ လူဝင်စား ဖြစ်နေတာပဲ”

ထိုခဏ၌ မော်ရှန်းဂိုဏ်းမှ ကောင်းကင်ဆရာအားလုံးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေကြတော့၏။ ငရဲပြည်၏ နန်းတော်အရှင်သည် မိမိတို့ မော်ရှန်းဂိုဏ်း၌ လူဝင်စားအဖြစ် ရောက်ရှိနေခြင်းမှာ ယုံကြည်နိုင်စရာ မရှိသော ကိစ္စပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က ငရဲပြည်မှ နတ်ဘုရားတစ်ပါး လူဝင်စားခဲ့ဖူးသည်မှာ တစ်ကြိမ်သာ ရှိခဲ့ဖူးသည်၊ ၎င်းမှာ ငရဲပြည်၏ တရားသူကြီး ‘ကျန့်ခွေ’ ၏ ဝိညာဉ်အစအနတစ်ခု လူဝင်စားခဲ့ခြင်း ဖြစ်၏။

ထိုစဉ်က သူ လူဝင်စားခဲ့သော ဂိုဏ်းမှာ လုံဟူတောင် ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် လုံဟူတောင်၏ အင်အားမှာ ထိုအချိန်မှစ၍ အလွန်အမင်း တိုးတက်လာခဲ့ကာ ကျင့်ကြံခြင်းလောကတစ်ခုလုံး၌ အစွမ်းအထက်ဆုံး ဂိုဏ်းဖြစ်လာခဲ့ခြင်း ဖြစ်၏။ ယခုမူ မော်ရှန်းဂိုဏ်း၌လည်း နတ်ဘုရားတစ်ပါး လူဝင်စားအဖြစ် ပေါ်ထွက်လာခဲ့လေပြီ။

ထို့ပြင် ဤနတ်ဘုရားမှာ ကျန့်ခွေကိုယ်တိုင်ပင်လျှင် ဒူးထောက်ရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ၎င်းမှာ မော်ရှန်းဂိုဏ်းတစ်ခုလုံးသည် လုံးဝကို မြင့်မားသော အဆင့်သို့ ရောက်ရှိတော့မည်ဟူသော အဓိပ္ပာယ်ပင်။ သေချာတာပေါ့... လင်းရန်ယန် ရှိနေသမျှ ကာလပတ်လုံး ကျင့်ကြံခြင်းလောကသည် ရှေးဟောင်းခေတ်ကကဲ့သို့ ပြန်လည် တောက်ပလာနိုင်လိမ့်မည်။

“ထကြပါ၊ ဒီဝိညာဉ်ကို ငရဲပြည်ရဲ့ (၁၈) ထပ်မြောက် ငရဲကို ပို့လိုက်ကြ၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ မှာလိုက်၊ အပြစ်ပေးတဲ့ အဆင့်ကိုလည်း အမြင့်ဆုံးအထိ သတ်မှတ်လိုက်ပါ”

လင်းရန်ယန်က တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက် သူ၏ လက်ထဲမှ ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်ကို တိုက်ရိုက် ပစ်ပေးလိုက်တော့၏။

“အဖြူအမဲ သေမင်းတမန်များက နန်းတော်အရှင် အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ရိုသေစွာ နာခံပါတယ်”

ဤသည်ကို ကြားသောအခါ အဖြူအမဲ သေမင်းတမန်များမှာ ဝေခွဲမနေတော့ဘဲ ချက်ချင်း ထရပ်လိုက်ကြပြီးနောက်၊ ပစ်ပေးလိုက်သော ဝိညာဉ်ကို ဖမ်းယူကာ ဝိညာဉ်ဖမ်း သံကြိုးများဖြင့် ချက်ချင်း ထိုးဖောက်လိုက်ကြတော့သည်။

“အား”

ချက်ချင်းပင် စူးရှလှသော အော်ဟစ်သံကြီးသည် ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအော်သံကြောင့် ရှိနေသူအားလုံးမှာ တစ်ကိုယ်လုံး တုန်တက်သွားခဲ့ရတော့၏။

“ဟဲဟဲ၊ အခုမှ အော်နေတာက စောလွန်းသေးတယ်၊ နောက်ပိုင်းကျမှ မင်း တကယ် အော်ရမှာ”

အဖြူရောင် သေမင်းတမန်က ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်ကို ကြည့်ကာ ယုတ်မာစွာဖြင့် ရယ်မောလိုက်၏။ ထိုစကားကို ကြားရသောအခါ ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်မှာ ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ရင်လာခဲ့ရ၏။ သေချာတာပေါ့... ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်တစ်ဦးသည် မိမိ၏ ရှေ့မှောက်၌ ပေါ်လာပြီး ဤကဲ့သို့ ခြိမ်းခြောက်လာပါက မည်သူမဆို ကြောက်ရွံ့သွားမည်မှာ အမှန်ပင် ဖြစ်သည်။

“ကျွန်တော်မျိုးတို့ သွားခွင့်ပြုပါဦး”

အမဲရောင် သေမင်းတမန်က လင်းရန်ယန်ကို ရိုသေစွာ ဦးညွှတ်လိုက်၏။

“အင်း၊ သွားကြတော့”

လင်းရန်ယန်က လက်ကို ဝှေ့ယမ်းလိုက်၏။

“အုန်း”

”အုန်း”

အခန်း ၁၉၈ - တာအိုအရှင်သခင်ကို ပင့်ဖိတ်ရန် လောကရှိ ငရဲသုံးငွေစက္ကူအားလုံးကို စုစည်းခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူအမဲ သေမင်းတမန်များသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

သေချာတာပေါ့၊ ခုံထုံးဘိုးဘိုးကြီး၏ ဝိညာဉ်သည်လည်း သူတို့နှင့်အတူ ပါသွားခဲ့ပြီ ဖြစ်သည်။ လင်းရန်ယန်၏ အထူးမှာကြားမှုကို ခံထားရသဖြင့်၊ သူ၏ ငရဲပြည်ခရီးစဉ်မှာ အလွန်အမင်း ဆိုးရွားလှပေလိမ့်မည်ဟု ကြိုတင်ခန့်မှန်းနိုင်၏။

အမှန်အတိုင်း ပြောရလျှင် လင်းရန်ယန်သည် အပေါ်ယံတွင် သူတော်ကောင်းယောင်ဆောင်ပြီး ကွယ်ရာ၌ သာမန်လူသားများကို ရက်ရက်စက်စက် နှိပ်စက်နေသော ဤကဲ့သို့သော မိစ္ဆာကျင့်ကြံသူများကို အမုန်းဆုံးပင် ဖြစ်သည်။ အနည်းဆုံးတော့ သာမန်မိစ္ဆာကျင့်ကြံသူများသည် မိမိကိုယ်မိမိ မိစ္ဆာဖြစ်ကြောင်း ဝန်ခံကြသော်လည်း၊ လောကကြီးကို ဂရုစိုက်သယောင် ဟန်ဆောင်ကာ မောက်မာနေသော ဤကဲ့သို့သော သတ္တဝါမျိုးမှာမူ တကယ်ပင် ရွံရှာဖွယ် ကောင်းလှ၏။

“ကဲ၊ သူတို့ သွားကြပြီ၊ ခင်ဗျားတို့က ဘယ်လောက်အထိ ဒူးထောက်နေကြဦးမှာလဲ”

လင်းရန်ယန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်၏။ သူ စကားပြောပြီးသည်နှင့် ရှိနေသော ကောင်းကင်ဆရာများမှာ အချင်းချင်း ကြည့်လိုက်ကြတော့သည်။

“နန်းတော်အရှင် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

“ကျေးဇူးတင်ပါတယ်၊ နန်းတော်အရှင် အရှင်မင်းကြီး”

ခဏချင်းမှာပင် လူတိုင်းက ရိုသေစွာ အော်ဟစ်လိုက်ကြပြီးနောက် မြေပြင်ပေါ်မှ သတိကြီးစွာဖြင့် ထရပ်လိုက်ကြတော့၏။ သူတို့ ထရပ်လိုက်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တော့သည်။

“ငါ ပြောတာက၊ ခင်ဗျားတို့ ဆွေးနွေးစရာရှိတယ်ဆို၊ ဘာလို့ ဘာမှမပြောကြတာလဲ၊ ဘာဖြစ်လို့လဲ”

လင်းရန်ယန်မှာ ဆွံ့အသွားခဲ့ရပြီး ဤလူများမှာ အားလုံး ဆွံ့အကုန်ကြပြီလော ဟုတွေးနေမိတော့၏။ သူသည် ထိုသို့ပြောပြီးနောက် မော်ရှန်းအဖွဲ့၏ အရှေ့ဆုံးသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့တော့၏။

“အိုး၊ ပဉ္စမဦးလေး၊ သတ္တမဦးလေးနဲ့ ယောက္ခမကြီးတို့လည်း ဒီမှာ ရှိနေတာပဲ”

နှင်းကျေးရွာမှ လူများကို မြင်သောအခါ လင်းရန်ယန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ဤသည်ကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ထိတ်လန့်တကြား ကြည့်နေမိကြတော့၏။ ဤလူများသည် ငရဲပြည်၏ အရှင်သခင်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ချေ၊ တစ်ဦးကဆိုလျှင် ယောက္ခမပင် ဖြစ်နေသေးသည်။

၎င်းမှာ တကယ့်ကို အခွင့်အရေးကြီးပင် ဖြစ်၏။ ချက်ချင်းဆိုသလိုပင် အချို့သော ကောင်းကင်ဆရာကြီးများမှာ မိမိတို့ မိသားစု သို့မဟုတ် ဂိုဏ်းအတွင်း၌ ပါရမီထူးချွန်ပြီး အလွန်လှပသော အမျိုးသမီးတပည့်များ ရှိ၊ မရှိကို စတင် တွေးတောနေကြတော့၏။ ကျိန့်ယိဂိုဏ်းမှ ဘိုးဘိုးကြီးမှာမူ သူ၏နောက်ကွယ်ရှိ မာတန်းနီကိုပင် လှည့်ကြည့်လိုက်သေးသည်။ သူ၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို တောက်ပလာခဲ့၏။

“ဘိုးဘိုးကြီး၊ ဘာလို့ ကျွန်မကို အဲ့လိုမျိုး ကြည့်နေတာလဲ”

မာတန်းနီမှာ စိတ်ထဲ၌ တစ်မျိုးကြီး ခံစားလိုက်ရသဖြင့် ထိုအဖိုးကြီးကို စကားမဲ့စွာဖြင့် စိုက်ကြည့်လိုက်၏။ သူ တစ်ခုခု မကောင်းတာ တွေးနေတာတော့ မဟုတ်ပါဘူးနော်။

“အဟမ်း၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ကျိန့်ယိဂိုဏ်း ဘိုးဘိုးကြီးက အမြန်ပင် ခေါင်းခါလိုက်ရ၏။ အကယ်၍ ဤမိန်းကလေးသာ သိသွားပါက သူ၏ မုတ်ဆိတ်မွေးများကို ထပ်မံ ဆွဲနှုတ်လိမ့်မည်။

“နန်းတော်အရှင် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ကို ဒီလောက်အထိ ဖော်ဖော်ရွေရွေ ဆက်ဆံတာဟာ တကယ်ပဲ အားနာစရာ ကောင်းလှပါတယ်”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်မျိုးတို့ နာမည်ကိုပဲ တိုက်ရိုက်ခေါ်ပါ၊ ဒါမှမဟုတ် အဘိုးကြီးငါး၊ အဘိုးကြီးခုနစ်လို့ ခေါ်ရင်လည်း ရပါတယ်”

ကျောက်ဝူကျိနှင့် ကျောက်ဝူဝေ ညီအစ်ကို နှစ်ဦးမှာ လင်းရန်ယန်၏ စကားကို ကြားသောအခါ ထိတ်လန့်တကြားဖြင့် ပြောလိုက်ကြ၏။ သူတို့သည် ငရဲပြည်၏ အရှင်သခင်ကို မိမိတို့အား ထိုသို့ အမည်တပ် ခေါ်ဆိုစေရန် မဝံ့ရဲကြချေ။

“အဟမ်း၊ နန်းတော်အရှင် အရှင်မင်းကြီး၊ နောက်နောင်ကျရင် ကျွန်တော့်ကို ဝူဆန်းလို့ ခေါ်နိုင်ပါတယ်၊ ကျွန်တော်ကတော့ အရှင်မင်းကြီးလို့ ခေါ်ပါ့မယ်၊ ဘယ်လိုလဲ၊ အမှန်တော့ ကျွန်တော့်ကို အဘိုးကြီးရှစ်လို့ ခေါ်ရင်လည်း အဆင်ပြေပါတယ်”

လင်းရန်ယန်၏ ယောက္ခမဖြစ်သူ ကျောက်ဝူဆန်းပင်လျှင် တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်တော့၏။

“ဒါက လူ့လောကလေ၊ ငရဲပြည် မဟုတ်ဘူး၊ ဘယ်က နန်းတော်အရှင်က လာရတာလဲ၊ ကျွန်တော့်ကို အရင်လိုပဲ ခေါ်ကြပါ၊ ကဲ၊ ထိုင်ကြပါဦး၊ ဆွေးနွေးစရာရှိတာ ဆွေးနွေးကြစို့”

လင်းရန်ယန်မှာ ဆွံ့အသွားခဲ့ရ၏။ အဘိုးကြီးငါး၊ အဘိုးကြီးခုနစ်၊ အဘိုးကြီးရှစ် တဲ့လား။ သူတို့ ဒါတွေကို ဘယ်လိုများ စဉ်းစားမိကြပါလိမ့်။

သို့သော်လည်း လင်းရန်ယန် စကားပြောပြီးနောက် ကျောက်ဝူကျိနှင့် အခြားသူများမှာ ထပ်မံ မပြောဝံ့ကြတော့ဘဲ အစည်းအဝေး စတင်ရန်အတွက် အမြန်ပင် နေရာယူလိုက်ကြတော့၏။

“အားလုံးပဲ၊ ဒီနေ့ ခင်ဗျားတို့ကို ဒီနေရာကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ ကိစ္စတစ်ခုတည်း အတွက်ပါပဲ၊ အဲ့ဒါကတော့ ‘ချင်းရှီဟွမ်’ ရဲ့ အုတ်ဂူမှာရှိတဲ့ တံဆိပ်ခတ်နှိပ်မှုဟာ မကြာခင် ပျက်စီးတော့မှာမို့လို့ပါ”

ထိုခဏ၌ ဟွာရှန်းဓားဂိုဏ်းမှ ကောင်းကင်ဆရာ တန်းရှားသည် တည်ကြည်စွာဖြင့် ရှေ့သို့ ထွက်လာကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်၏။ သို့သော်လည်း ရှိနေသူများမှာ စစ်သည်ရုပ်တုပေါင်း တစ်ထောင်ခန့် ပေါ်ထွက်လာကြောင်း ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့ရသည်။

ဤစစ်သည်ရုပ်တုများ၏ အင်အားမှာ အချိန်ကြာလာသည်နှင့်အမျှ တိုးတက်လာလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကတည်းက ချင်းရှီဟွမ် အုတ်ဂူ၏ တည်နေရာကို လူတိုင်းနီးပါး သိခဲ့ကြသည်။ ကောင်းကင်ဆရာ အများအပြားမှာလည်း သွားရောက် စူးစမ်းခဲ့ကြဖူးသော်လည်း၊ ကံမကောင်းစွာဖြင့် မည်သည့်အဆင့်ရှိသော ကောင်းကင်ဆရာမျိုးမဆို တစ်ဦးမျှ ပြန်မလာနိုင်ခဲ့ကြချေ။

အစပိုင်းတွင် ဤစစ်သည်ရုပ်တုများ၏ အင်အားမှာ လူသားဆရာအဆင့်မျှသာ ရှိသည်။ သူတို့၏ ဝိညာဉ်များ မပျက်စီးသရွေ့ အကြိမ်ကြိမ် ပြန်လည် နိုးထနိုင်စွမ်း ရှိသော်လည်း၊ နောက်ဆုံးတွင်မူ သူတို့မှာ လူသားဆရာအဆင့်ရှိသော အလောင်းကောင်များသာ ဖြစ်ကြ၏။ အရေအတွက်လည်း နည်းပါးသဖြင့် မည်မျှပင် ထွက်လာပါစေ လွယ်လွယ်ကူကူ နှိမ်နင်းနိုင်ခဲ့ကြသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူအများမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလာကြသည်၊၊ ၎င်းမှာ ဤစစ်သည်ရုပ်တုများ၏ အင်အားမှာ တဖြည်းဖြည်း ပိုမို အစွမ်းထက်လာခြင်းပင် ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ကမ္ဘာမြေဆရာအဆင့်ရှိသော စစ်သည်ရုပ်တုများ စတင် ပေါ်ထွက်လာခဲ့တော့သည်။

ယခုအခါ စစ်သည်ရုပ်တု အားလုံးမှာ ကမ္ဘာမြေဆရာအဆင့်သို့ ရောက်ရှိနေကြပြီး၊ အစွမ်းအထက်ဆုံးသူများမှာ ကမ္ဘာမြေဆရာ ဒသမအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုသူများမှာ သာမန် စစ်သည်များသာ ရှိသေး၏။

ရာအိမ်မှူးအဆင့်ရှိသော ခေါင်းဆောင်များမှာမူ ကောင်းကင်ဆရာအဆင့်သို့ အားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့ ပေါ်လာတိုင်းတွင် ကြီးမားသော ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် ကောင်းကင်ဆရာများထက် များစွာ သာလွန်လှသည်။ ရာအိမ်မှူးများပင် ထိုသို့ဆိုလျှင်၊ သူတို့၏ အထက်ရှိ စစ်ကဲများ၊ ဗိုလ်ချုပ်များ၊ စစ်သေနာပတိချုပ်များနှင့် အခြားသော ပုဂ္ဂိုလ်များမှာမူ ပြောနေစရာပင် မလိုတော့ချေ။

ထို့ပြင် အားလုံးထက် ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ်မှာ ချင်းရှီဟွမ် ကိုယ်တိုင်ပင် ဖြစ်သည်။ ထို့ကြောင့် စစ်သည်ရုပ်တုပေါင်း တစ်ထောင်တိတိ ပေါ်ထွက်လာကြောင်း ကြားလိုက်ရသောအခါ ရှိနေသူအားလုံးမှာ မျက်နှာများ ဖြူလျော့သွားကာ နှလုံးသားထဲ၌ ကြီးမားသော ထိတ်လန့်မှုများ ဖြစ်ပေါ်သွားခဲ့ရ၏။

တစ်ထောင်တောင်လား၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်မှ ယခုအချိန်အထိ တံဆိပ်ခတ်နှိပ်မှုကို ချိုးဖောက်ပြီး ထွက်လာသော စစ်သည်ရုပ်တု စုစုပေါင်းမှာပင် ထိုအရေအတွက်ခန့်သာ ရှိသည်။ ယခု တစ်ပြိုင်နက်တည်း ထွက်လာသည်ဆိုမှတော့ ပြဿနာရှိနေပြီမှာ သေချာလှ၏။

“ဒါပေမဲ့၊ အခု အခြေအနေအရဆိုရင်၊ ငါတို့မှာ သူတို့ကို တံဆိပ်ခတ်နှိပ်နိုင်စွမ်း ရှိရင်တောင်မှ၊ အဲ့ဒါက ရေရှည်အတွက် အဖြေ မဟုတ်ဘူး”

“ဟုတ်တယ်၊ ပြီးတော့ လက်ရှိ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ကောင်းကင်အဆင့်မြင့် မဟာဝင်္ကပါ ပညာရှင် တစ်ယောက်မှ မရှိပါဘူး၊ ငါတို့ သူတို့ကို ဘယ်လိုလုပ် တံဆိပ်ခတ်နှိပ်နိုင်မှာလဲ”

ထိုခဏ၌ ကောင်းကင်ဆရာများမှာ မိမိတို့၏ ထင်မြင်ချက်များကို စတင် ပြောဆိုလာကြတော့၏။ အမှန်အတိုင်း ပြောရလျှင် ပြန်လည် တံဆိပ်ခတ်နှိပ်ရန်မှာ ဖြစ်နိုင်သော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ငါးရာခန့်က ကောင်းကင်ဆရာ ဒသမအဆင့်ရှိသော တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦး ဦးဆောင်ကာ ကောင်းကင်ဆရာ အဖွဲ့တစ်ဖွဲ့ အောက်သို့ ဆင်းသွားခဲ့ဖူးသော်လည်း၊ မည်သည့် သတင်းစကားမျှ ပြန်မလာခဲ့သည်ကို လူတိုင်း သိကြသည်။

သူတို့သည် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ တစ်ထောင်ငါးရာ သက်တမ်း ကုန်လွန်သွားပြီ ဖြစ်ရာ၊ ထိုစဉ်က တစ်ပိုင်းတစ်စ မဟာအရှင်ကို သတ်ခဲ့သော သတ္တဝါမှာ ယခုအခါ ပို၍ပင် အစွမ်းထက်နေလိမ့်မည် ဖြစ်ကြောင်း လူမိုက်ပင်လျှင် သိနိုင်သည်။ ကောင်းကင်အဆင့်မြင့် တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်ရန်မှာ သူတို့အတွက် အလွန်ပင် လွယ်ကူလိမ့်မည်။ ထို့ပြင် ယခုအချိန်၌ ကောင်းကင်အဆင့်မြင့် မဟာဝင်္ကပါကိုပင် မည်သူမျှ မတည်ဆောက်နိုင်ကြတော့ချေ။

ဤသည်ကို တွေးမိသောအခါ လူတိုင်းမှာ လင်းရန်ယန်ထက်သို့ အကြည့်များ ပို့လိုက်ကြတော့၏။ သေချာတာပေါ့... ရှိနေသူများထဲ၌ ချင်းရှီဟွမ် အုတ်ဂူသို့ သွားရောက် စူးစမ်းသင့်၊ မသင့်ကို ဆုံးဖြတ်နိုင်စွမ်းရှိသူမှာ လင်းရန်ယန် တစ်ဦးတည်းသာ ရှိသည်။

“ဒါကြောင့်ကိုး၊ ချင်းရှီဟွမ် အုတ်ဂူ ဒီမှာရှိနေတာကို သိသိကြီးနဲ့ ဘာလို့ မနှိမ်နင်းကြတာလဲလို့ ငါ တွေးနေတာ၊ သူတို့ကို မယှဉ်နိုင်လို့ကိုး”

လင်းရန်ယန်က သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထိုတံဆိပ်ခတ်နှိပ်မှု ဆိုသည်မှာ အပေါ်ယံ အခွံသက်သက်သာ ဖြစ်ပုံရပေသည်၊ အမှန်စင်စစ်တွင် ထိုတံဆိပ်များ မရှိလျှင်ပင် ချင်းရှီဟွမ် အုတ်ဂူအတွင်းရှိ စစ်သည်ရုပ်တုများသည် သူတို့ ထွက်လာချင်သည့် အချိန်၌ ထွက်လာကြလိမ့်မည်သာ ဖြစ်သည်။

သူ စကားပြောလိုက်သည်နှင့် ရှိနေသော ကောင်းကင်ဆရာအားလုံးမှာ အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ မှန်ပေ၏ ၊ သူတို့ လုံးဝ မနိုင်နိုင်ပေ။ အကယ်၍ ချင်းရှီဟွမ် အုတ်ဂူ စတင် တည်ထောင်စဉ်ကသာ တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦးက ပညာရှင်များကို ဦးဆောင်ကာ ဝင်သွားခဲ့လျှင် အခွင့်အရေး ရှိနိုင်လိမ့်မည်။ ကံမကောင်းစွာဖြင့် ယခုအခါတွင်မူ မည်သို့မျှ မတတ်နိုင်တော့ချေ။

“တံဆိပ်ခတ်နှိပ်မှုက စတင် ပျက်စီးနေပြီဆိုမှတော့၊ ငါတို့ သူတို့ကို လုံးဝ အပြတ်ရှင်းပစ်ရမှာပေါ့၊ အများကြီး တွေးနေစရာ မလိုပါဘူး၊ ငါတို့ အောက်ကို ဆင်းသွားပြီး ကြည့်ရမယ့် အချိန်တစ်ခု ရှာလိုက်မယ်၊ အဲ့ဒီအခါကျရင် အားလုံး ရှင်းသွားမှာပါ”

လင်းရန်ယန်က ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ၏ စကားကြောင့် ရှိနေသော ကောင်းကင်ဆရာအားလုံး တိတ်ဆိတ်သွားခဲ့ရသည်။

အောက်ကို ဆင်းမယ် ဟုတ်လား ၊ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦးပင်လျှင် သေဆုံးခဲ့ရသည်။ ယခုတစ်ကြိမ်တွင် လင်းရန်ယန်ကဲ့သို့သော မဟာအရှင်တစ်ဦး ဦးဆောင်မည် ဖြစ်သော်လည်း၊ အလွန်အမင်း အန္တရာယ်ရှိနိုင်သည်မှာ သေချာလှသည်။ သူတို့ သေဆုံးသွားသည်မှာ အရေးမကြီးသော်လည်း၊ လင်းရန်ယန်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ၎င်းမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။

“နန်းတော်အရှင် အရှင်မင်းကြီး၊ ကျွန်တော်မျိုးက ကောင်းကင်လျှို့ဝှက်ချက် နန်းတော်ရဲ့ နန်းတော်သခင်ပါ၊ ကျွန်တော်မျိုးရဲ့ တွက်ချက်မှုအရဆိုရင် ဒီတစ်ခေါက် ချင်းရှီဟွမ် အုတ်ဂူ ခရီးစဉ်ဟာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ် ၊ ချင်းရှီဟွမ် အုတ်ဂူဟာ အချိန်တိုအတွင်းမှာ ပေါက်ကွဲထွက်လာဦးမှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ အရှင်မင်းကြီးအနေနဲ့ ဘာလို့ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်မစောင့်တာလဲ၊ အရှင်မင်းကြီးရဲ့ ပါရမီနဲ့ဆိုရင်၊ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ ဒီကိစ္စကို ဖြေရှင်းနိုင်လောက်တဲ့ အင်အား ရှိလာလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်”

ဒုတိယတန်းစား ဂိုဏ်းများကြား၌ အတော်အတန် အစွမ်းထက်လှသော ကောင်းကင်လျှို့ဝှက်ချက် နန်းတော်မှ နန်းတော်သခင်သည် ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာကာ လင်းရန်ယန်ကို ရိုသေစွာ လျှောက်တင်လိုက်၏။ သူ၏ စကားမှာ အဓိပ္ပာယ် နက်နဲလှသည်။

ယခု ဆင်းသွားပါက လင်းရန်ယန်ပင်လျှင် သေဆုံးသွားနိုင်သည်ဟု သူ ဆိုလိုနေခြင်း ဖြစ်၏။ သူသည် အလကား ပြောနေခြင်း မဟုတ်ချေ၊ သူ၏ တွက်ချက်မှုအရဆိုလျှင် အောက်သို့ ဆင်းသွားပါက သေချာပေါက် သေဆုံးမည် ဖြစ်သည်။ သို့သော်လည်း လင်းရန်ယန်က ထိုစကားကို ကြားသောအခါ အသာအယာ ပြုံးလိုက်၏။

“ငါလည်း နိမိတ်ဖတ်တာနဲ့ တွက်ချက်တာကို နည်းနည်းပါးပါး သိပါတယ်၊ ငါ့ရဲ့ ရလဒ်ကတော့ ခင်ဗျားနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ ဒီခရီးစဉ်ဟာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာ မှန်ပေမဲ့၊ ငါတို့ ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာပါ”

လင်းရန်ယန်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။ သူ၏ စကားကြောင့် ရှိနေသူအားလုံး မှင်သက်သွားကြရတော့သည်။ လင်းရန်ယန်က နိမိတ်ဖတ်တာကိုလည်း သိတာလား ဟုတွေးနေကြ၏။

ထို့နောက် သူတို့သည် တောက်ရွှမ်းဇီနှင့် အခြားသော မော်ရှန်းကောင်းကင်ဆရာများကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ကြသည်။ ကံမကောင်းစွာဖြင့် တောက်ရွှမ်းဇီသည်လည်း သူတို့ မသိကြောင်းကို အကူအညီမဲ့စွာဖြင့် ခေါင်းခါပြလိုက်၏။

“ကဲ၊ သွားချင်တဲ့သူတွေ ရှိရင်၊ နောက်ထပ် သုံးရက်နေရင် ချင်းရှီဟွမ် အုတ်ဂူရဲ့ အဝင်ဝမှာ လာစုကြပါ၊ မသွားချင်တဲ့သူတွေကတော့ ကိုယ့်ဂိုဏ်းမှာပဲ ငြိမ်ငြိမ်လေး နေနေကြပါ ၊ တခြား ပြောစရာ မရှိတော့ဘူးဆိုရင် အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်”

လင်းရန်ယန်သည် သူတို့နှင့် စကားများများ ပြောမနေတော့ချေ။ သူသည် ထိုသို့ပြောပြီးနောက် လက်ကို ဝှေ့ယမ်းကာ အပြင်ဘက်သို့ လှည့်ထွက်သွားခဲ့တော့၏။ သူ့တွင် လုပ်စရာ အများကြီး ရှိသေးသည်။

“မိတ်ဆွေတို့၊ နောက်ထပ် သုံးရက်နေရင် တွေ့ကြမယ်၊ ပင်မအကြီးအကဲကြီး၊ ကျွန်တော်တို့ကို စောင့်ပါဦး”

တောက်ရွှမ်းဇီနှင့် အခြားသူများမှာ ရှိနေသူများကို နှုတ်ဆက်လိုက်ကြပြီးနောက် လင်းရန်ယန်၏ နောက်သို့ အလျင်အမြန် လိုက်သွားခဲ့ကြတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားဂိုဏ်းများမှ ကောင်းကင်ဆရာများသာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။

“ဘိုးဘိုးကြီး၊ ဒီကိစ္စကို ဘယ်လို ထင်ပါသလဲ”

ကောင်းကင်ဆရာ ထန်းရှားသည် နှင်းကျေးရွာမှ ပြန်လာသော သူ၏ ဘိုးဘိုးကြီးသစ်ကို အကူအညီမဲ့စွာဖြင့် ကြည့်ကာ မေးလိုက်၏။

“နန်းတော်အရှင် အရှင်မင်းကြီးရဲ့ အစွမ်းဟာ ငါတို့ စိတ်ကူးထားတာထက် အများကြီး သာလွန်တယ်၊ သူက ပြဿနာမရှိဘူးလို့ ပြောတယ်ဆိုမှတော့၊ သေချာပေါက် ပြဿနာမရှိနိုင်ဘူး”

ကျန့်ချန်ဇီက ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ စကားပြောလိုက်မှသာ ရှိနေသူများမှာ သတိပြန်ဝင်လာခဲ့ကြသည်။ ဟုတ်တာပေါ့၊ တစ်ဖက်လူက ငရဲပြည်ရဲ့ အရှင်သခင်လေ၊ သူ၏ စကားမှာ အမှန်တရားပင် ဖြစ်သည်။ သူက ပြဿနာမရှိဘူးလို့ ပြောရင် သေချာပေါက် မရှိနိုင်ချေ။

“ဟုတ်တာပေါ့၊ အဆိုးဆုံးဖြစ်လာရင်တောင်မှ ‘နတ်ဘုရား ပင့်ဖိတ်ခြင်း ကျင့်စဉ်’ ရှိသေးတာပဲ မဟုတ်လား၊ အားလုံးပဲ ငရဲသုံးငွေစက္ကူတွေ ပိုပြီး ပြင်ဆင်ထားကြပါ၊ အချိန်တန်ရင် နန်းတော်အရှင် အရှင်မင်းကြီး တစ်ယောက်တည်းကိုပဲ မဟာနတ်ဘုရား ပင့်ဖိတ်ခြင်း ကျင့်စဉ်ကို သုံးခိုင်းလိုက်မယ်၊ အဲ့ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်လို့ ငါ ထင်တယ်”

“ဟားဟားဟား၊ ဟုတ်တာပေါ့၊ အကယ်၍ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ရှိတဲ့ ငရဲသုံးငွေစက္ကူအားလုံးကို စုစည်းလိုက်မယ်ဆိုရင်၊ နန်းတော်အရှင်ရဲ့ အဆင့်အတန်းနဲ့ ပေါင်းစပ်လိုက်ရင်၊ သူဟာ တာအိုအရှင်သခင်တစ်ပါးကိုတောင် ပင့်ဖိတ်နိုင်မှာ မဟုတ်လား”

“ဖြစ်နိုင်တယ်၊ တာအိုအရှင်သခင် ဆင်းသက်လာပြီဆိုရင် ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှိနေသူအားလုံးမှာ သဘောပေါက်သွားခဲ့ကြ၏။ လင်းရန်ယန်သည် လူဝင်စားတစ်ဦး ဖြစ်သော်လည်း၊ ပင့်ဖိတ်ခြင်းအတွက် ယင်နှင့်ယန်လောကအကြား ဆက်သွယ်ရန် ငရဲသုံးငွေစက္ကူများ လိုအပ်သေးသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ပြောရလျှင် သူ၏ သုံးစွဲမှုမှာ သုညနှင့် အနီးစပ်ဆုံး ဖြစ်လိမ့်မည်။ ငရဲသုံးငွေစက္ကူများ၏ အင်အားအားလုံးကို နတ်ဘုရား ပင့်ဖိတ်ရန်အတွက် အသုံးပြုနိုင်သည်၊ သူတို့ကဲ့သို့ ငွေစက္ကူ တစ်သောင်း သုံးလျှင် ရှစ်ထောင်မှာ လမ်းစရိတ်အဖြစ် ပါသွားခြင်းမျိုး ရှိမည် မဟုတ်ချေ။

သူတို့သာ ငရဲသုံးငွေစက္ကူများ အလုံအလောက် ပြင်ဆင်ထားပါက၊ တာအိုအရှင်သခင်တစ်ပါးကို သေချာပေါက် ပင့်ဖိတ်နိုင်လိမ့်မည်။

“ဒါဆိုရင်တော့၊ ဒီနေ့ကစပြီး နောက်ထပ် သုံးရက်အတွင်းမှာ၊ အားလုံး ကိုယ့်ဂိုဏ်းကို ပြန်ကြပြီး၊ ဂိုဏ်းထဲမှာရှိတဲ့ ‘ယင်ငွေတံဆိပ်ခတ်ဌာန’ က ဝိညာဉ်သံတမန် အားလုံးကို စုစည်းပြီး ငရဲသုံးငွေစက္ကူတွေကို အစွမ်းကုန် ရိုက်နှိပ်ခိုင်းကြပါ ၊ သုံးရက်အတွင်းမှာ ငါတို့ ငရဲသုံးငွေစက္ကူပေါင်း ဘီလီယံ တစ်ရာလောက် ရိုက်နှိပ်နိုင်ရမယ်”

နောက်ဆုံးတွင် ကောင်းကင်ဆရာ လုံထုက တည်ကြည်စွာဖြင့် ဆိုလိုက်တော့၏။

“အကောင်းဆုံးပဲ”

“ကျွန်တော်တို့ နားလည်ပါပြီ”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်တော့်ဂိုဏ်းမှာ နောက်ထပ် ယင်ငွေတံဆိပ်ခတ်ဌာနက ဝိညာဉ်သံတမန် တစ်ယောက် တိုးလာတယ်၊ အကူအညီ တစ်ခု ပိုရတာပေါ့”

“ဒါဆိုရင် မော်ရှန်းကို အကြောင်းကြားတဲ့ အလုပ်ကိုတော့ ကျွန်တော်ပဲ တာဝန်ယူပါ့မယ်”

All Chapters