← Chapters

ဟစ်ပ်စတာရောဂါ

Vol. 19 Ch. 266

ဟစ်ပ်စတာရောဂါ

Vol. 19 Ch. 266

(ဟစ်ပ်စတာ hipster ဆိုတာ လတ်တလောဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေ ဖက်ရှင်တွေ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုခံစားနေရတဲ့သူတွေကို ခေါ်ပါတယ်_)

ကံကောင်းစွာဖြင့် ယွဲ့တုသည် စွမ်းအားပြည့်သုံးကာ လွှဲပစ်လိုက်ခြင်း မဟုတ်သည်အတွက် အန်လင်း နေရာတွင်ပင် မေ့မျောမသွားရခြင်း ဖြစ်သည်။

စုချန်းရန်သည် အန်လင်းထံသို့ အလျင်စလို ပြေးသွားပြီးနောက် အန်လင်း၏ ခါးအား ဖက်လိုက်ပြီး မျက်လုံးရှေ့တွင် ကြယ်များကခုန်နေသည့်အတွက် ယိုင်ထိုးနေသည့် အဖြစ်မှ တားဆီးလိုက်သည်။ ထို့နောက်တွင် ယွဲ့တုအား မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်သည်။

ယွဲ့တုသည် ဟွန့်ခနဲ အသံပြုကာဖြင့် ဂရုမစိုက်ဘဲ ရှိနေလေသည်။

လစန္ဒာနန်းတော်သို့ ယောက်ျားတစ်ဦး ရောက်မလာခြင်းမှာ ကြာညောင်းလှလေပြီ။ အလွန်အမင်း ကြာမြင့်ပြီးသည့်နောက်မှသာ တစ်ဦးရောက်ရှိလာခြင်း ဖြစ်သည်ကြောင့် ထိုလူအား ယဉ်ပါးပြီး နာခံတတ်စေရန် သင်ကြားပေးရမည် ဖြစ်သည်။

"အကြွေးဆပ်ဖို့ ရောက်လာတာ ဆိုတော့လည်း အစ်မချန်အယ်ဆီကို သွားခွင့်ပြုလိုက်ပါမယ်လေ။"

ယွဲ့တုသည် အန်လင်းအား ကြည့်လိုက်ပြီးနောက် အရှေ့မှဦးဆောင်ကာ လျှောက်လှမ်းသွားလေသည်။

"ဒါပေမဲ့ နင့်ကို သတိပေးထားမယ်နော်။ နန်းတော်သခင်က လောလောဆယ် ကောင်းမွန်တဲ့ စိတ်အခြေအနေမှာ ရှိမနေဘူး။ နင့်ရဲ့စကားအပြောအဆိုတွေ အပြုအမူတွေကို ဂရုစိုက်ဖို့ လိုလိမ့်မယ်။ သူမရဲ့ဒေါသနဲ့ တွေ့ရင်တော့ ဘယ်သူကမှ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး။" ယွဲ့တုသည် အန်လင်းအား သတိပေးလိုက်သည်။

အန်လင်း ခေါင်းညိတ်လိုက်သည်။ အကြွေးဆပ်ရန် ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် ကျိုးကျိုးနွံနွံဖြင့် နာခံလိုက်မည်ဆိုလျှင် အရာအားလုံး ပြေလည်သွားလိမ့်မည် ဖြစ်သည်။

လစန္ဒာနန်းတော်၏ နဝမမြောက်အလွှာမှ ကြည့်မည်ဆိုလျှင် လမင်းတစ်ခုလုံးအား မြင်ရလေသည်။

ရှေးဆန်သည့် မြင်ကွင်းအား ကျော်ဖြတ်ပြီးသည့်နောက်တွင် အန်လင်း၏ မြင်ကွင်းထဲသို့ အမျိုးသမီးတစ်ဦး၏ပုံရိပ် ရောက်ရှိလာသည်။ ထိုအမျိုးသမီးသည် မိုးကောင်းကင်အောက်တွင် အလှပဆုံးဟူသည့် ဂုဏ်သတင်းဖြင့် ကျော်ကြားထင်ရှားလေသည်။

သူမသည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး လေပြည်ညင်း၏ တိုက်ခိုက်မှုအောက်တွင် ညင်သာစွာ လွင့်လူးနေသည်မှာ တိတ်ဆိတ်သည့်ညအချိန်တွင် ပွင့်ဖူးလာသည့် ကြာပန်းတစ်ပွင့်နှင့်ပင် တူလှသည်။

ကျက်သရေရှိ တင့်တယ်သည့် အမျိုးသမီးတစ်ဦးသည် ထိုင်ခုံပေါ်တွင် မှီတွဲကာဖြင့် ထိုင်လျက်ရှိသည်။ သူမ၏ ကြွေသားနှင့်တူသည့် လက်ချောင်းများဖြင့် မေးထောက်ထားပြီး ပျင်းရိဟန်ဖြင့် ရှိနေလေသည်။ လှပသည့် မျက်ဝန်းတစ်စုံသည် အပြင်ဘက်သို့ ငေးမောကာဖြင့် ကြည့်နေပြီး တစ်စုံတစ်ခုအား နက်နဲစွာ တွေးတောနေဟန်ရှိသည်။

ချန်အယ်၏သွင်ပြင်မှာ စုချန်းရန်ထက် ပိုမိုကာ လှပလေသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားမတစ်ဦးနှင့်တူညီပြီး အေးစက်သည့် နှလုံးသားများအား အရည်ပျော်ကျသွားစေနိုင်သလို ကြည့်မိသူတိုင်းအား ညှို့ငင်ဖမ်းစားထားနိုင်လေသည်။

အန်လင်းသည် မိန်းမလှများစွာအား မြင်တွေ့ဖူးထားပြီး ဖြစ်သည်ကြောင့် ထိုအလှပဂေးများအပေါ်တွင် စိတ်ဝင်စားမှု လျော့ကျနေပြီး ဖြစ်သည်။ သို့သော်လည်း ချန်အယ်၏ ပြီးပြည့်စုံမှုတို့အား မြင်တွေ့လိုက်ရသည့်အခါတွင်မူ နေရာတွင်ပင် ကြောင်လျက်သား ရပ်နေမိပြီး မည်သည့်စကားမျှပင် ပြောမထွက်နိုင်တော့ချေ။

“အစ်မ ချန်အယ်.. အတန်းဖော် အန်လင်းက စိတ်ဝိညာဉ်ကျောက်တုံး အများအပြား စုဆောင်းထားပြီး ဖြစ်တာကြောင့် သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အကြွေးကို ဆပ်ဖို့အတွက် ဒီကိုရောက်လာတာပါ။” စုချန်းရန် ပြုံးလျက်နှင့် ပြောသည်။

အန်လင်း အသိပြန်ဝင်လာပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်သည်။ “လနတ်သမီးရဲ့ ကြင်နာမှုတွေကို ကျွန်တော်က ထာဝရ မှတ်သားထားမှာပါ ခင်ဗျ။ ဒီနေ့ရောက်လာရတာက ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြချင်တဲ့အတွက် စိတ်ဝိညာဉ်ကျောက်တုံးအချို့ လက်ဆောင်ပေးချင်လို့ပါ။ လက်ခံမယ်လို့ မျှော်လင့်မိပါတယ်။”

“ဖြည်းညင်းစွာစီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုလိုပဲ အချိန်ကုန်တာ နှေးလိုက်တာ။ ဒါပေမဲ့လည်း ငါ့အရှေ့မှာရှိနေတဲ့ လောကကြီးရဲ့ အနှစ်သာရတွေကို အခုထိ ကောက်ယူနိုင်စွမ်း မရှိသေးဘူး။”

ချန်အယ် အေးစက်စွာဖြင့် ပြောပြီးနောက် သူမဦးခေါင်းအား အသာယမ်းလိုက်သည်။ ထို့နောက်တွင် ကောင်းကင်ပြင်ကျယ်ရှိ ကြယ်စင်များထံမှ အကြည့်လွှဲလိုက်သည်။

အန်လင်းမှာ နားမလည်နိုင်မှုကြောင့် မျက်တောင်တဖျပ်ဖျပ်ခတ်နေမိသည်။

အခု ဘာပြောလိုက်တာလဲ။

အန်လင်းမှာ အနည်းငယ် ကြောင်အနေမိသည်။ သူကြားလိုက်သည့် အရာအား နားမလည်နိုင်သည်ကြောင့် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။ ထပ်ပြောလိုက်သင့်သလား။

“အစ်မချန်အယ် ပြောတာက ဒီတစ်လျှောက်လုံး အရမ်းကို ပျင်းရိနေပြီတဲ့။” စုချန်းရန်သည် အန်လင်းအား စိတ်ဖြင့်ဆက်သွယ်ကာ ပြောလာသည်။

အန်လင်းသည် စုချန်းရန်၏ သတိပေးချက်ကို သိလိုက်သည့်အခါတွင်မှ ရုတ်တရက်ဆိုသလို နားလည်သွားမိသည်။ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ပြောဆိုသည့် စကားများသည် အမှန်တကယ်ကို လေးနက်မှုအပြည့်နှင့် ဖြစ်လေသည်။ သူ့လို သာမန်လူတစ်ဦးအနေဖြင့် ထိုစကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပါယ်ဆိုလိုရင်းကို နားမလည်နိုင်သည်မှာ ဖြစ်သင့်ပေသည်။

ချက်ချင်းဆိုသလို စုချန်းရန်အား အသံဖြင့် ဆက်သွယ်ကာဖြင့် မေးလိုက်ပြန်သည်။ “ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပတ်သက်ပြီး ဘာမှပြန်မပြောသေးဘူးဆိုတော့ ဘာဆက်လုပ်ရမလဲ။”

“အစ်မချန်အယ်က မေးခွန်းတစ်ခုကို စဉ်းစားနေပုံပဲ။ နင့်ရဲ့အကြွေးနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်စိတ် ရှိပုံမရဘူး။ သူမကို အားပေးဖို့ ကြိုးစားရမယ်။ သူမရဲ့ စိတ်အခြေအနေ ပြန်ကောင်းမွန်လာဖို့အတွက် ပြဿနာကို ဖြေရှင်းပေးရမယ်။” စုချန်းရန် အသံဖြင့် ဆက်သွယ်လိုက်ပြန်သည်။

အန်လင်းနှုတ်ခမ်းများ မဲ့သွားမိသည်။ ချန်အယ်ကို အားပေးရမည်တဲ့လား။သူ၏ စိတ်ဝိညာဉ်သားရဲများ ဆိုးဝါးသည့် စိတ်အခြေအနတွင် ရှိနေလျှင်ပင် သူ့အနေဖြင့် မည်သို့အားပေးနှစ်သိမ့်ရမည်ကို မသိချေ။ သူမသိသည့် တစ်စုံတစ်ယောက်အား မည်ကဲ့သို့ အားပေးရမည်နည်း။

“မမ ချန်အယ်.. မမကို တစ်ခုခုက အနှောင့်အယှက်ပေးနေလို့လား။ ဆန္ဒရှိရင် အဲဒီအကြောင်းကို ပြောလို့ရတယ်နော်။” စုချန်းရန်သည် တောက်ပသည့်အပြုံးတစ်ခုနှင့် ချန်အယ်နံဘေးသို့ လျှောက်သွားလိုက်သည်။

ချန်အယ်သည် စုချန်းရန်အား လှည့်ကြည့်လာပြီးနောက် သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့အတွေးတွေက နွေဦးရဲ့ ပျိုးပင်လေးတွေလိုပဲ။ ဖြတ်ချဖို့ ကြိုးစားလေလေ ပိုပြီး နှောင်တွယ်မိလာလေလေ ဖြစ်နေရော။”

အန်လင်းသည် နားမလည်နိုင်စွာဖြင့် ရပ်နေဆဲဖြစ်သည်။ ထို့နောက်တွင် စုချန်းရန်အား အသံဖြင့် ဆက်သွယ်ကာ မေးလိုက်ပြန်သည်။ “အခုကကော ဘာတဲ့လဲ။”

“ပျင်းရိတဲ့အခါတိုင်း အများကြီးစဉ်းစားနေမိတယ်တဲ့။ ပြီးတော့ သူမရဲ့ အတွေးတွေက နွေဦးရဲ့ ပျိုးပင်လေးတွေလိုပဲ ဖြတ်တောက်ဖို့ ကြိုးစားတိုင်း ပိုပိုပြီး ကြီးထွားလာကြတယ်တဲ့။ ငါထင်တာကတော့ သူမက အတော်လေး စိတ်ဓာတ်ကျနေပုံပဲ။ သူမကို အားပေးဖို့ အရင်ဆုံး ကြိုးစာကြည့်လိုက်ဦးမယ်။” စုချန်းရန် ပြန်ဖြေသည်။

အန်လင်း အလေးအနက် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် နေရာတွင်သာ တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်နေလိုက်သည်။

ဤကဲ့သို့ တွေးခေါ်ရမည့် ကိစ္စမျိုးသည့် သူ့လိုလူမျိုးနှင့် မကိုက်ညီချေ။

ထိုသို့ဖြင့် စုချန်းရန်နှင့် ချန်အယ်တို့ စကားပြောဆိုနေကြလေသည်။ အန်လင်းသည် ချန်အယ်ပြောသမျှအား တစ်လုံးတောင်ပင် နားလည်နိုင်စွမ်း မရှိချေ။ ဖြစ်နိုင်သည်မှာ စုချန်းရန် တစ်ဦးတည်းသာလျှင် သူမပြောသမျှအား နားလည်သဘောပေါက်နိုင်စွမ်း ရှိပုံရပြီး သူမနှင့် အပြန်အလှန် ပြောဆိုနိုင်သည့်သူ ဖြစ်ပုံပင်။

ယွဲ့တုသည် ကျောက်စိမ်းကျည်ပွေ့အား လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားပြီး အန်လင်း၏ဘေးတွင် ရပ်နေလေသည်။ ထို့နောက်တွင် ချန်အယ်အား စက္ကန့်မလပ် ကြည့်နေသည်။

ထိုယုန်သည်လည်း အတော်လေး စိတ်ရှုပ်ထွေးနေပုံရသည်ကြောင့် အန်လင်းသည် သိလိုစိတ်ကြောင့် အသံဖြင့် ဆက်သွယ်လိုက်သည်။ “ရှောင်ယွဲ့ရေ နင်ကော ဆရာမ ချန်အယ်ပြောတာကို နားလည်လား။”

ယွဲ့တုသည် သူ၏အမေးကြောင့် တုန်လှုပ်သွားလေသည်။ “ရှောင်ယွဲ့ဆိုတဲ့ နာမည်က နင့်လိုအရူးကောင် ခေါ်ချင်တိုင်းခေါ်လို့ရတယ် ထင်နေတာလား။ ဂါးးးးး ကြက်သီးတွေပါ ထလာပြီ။”

အန်လင်း : “…”

ခေတ္တမျှကြာပြီးနောက်တွင် ယွဲ့တုမှ ဆက်လက်၍ “နန်းတာ်သခင်က ဟစ်ပ်စတာရောဂါ ခံစားနေရတဲ့ အချိန်မျိုးဆိုရင် အမြဲတမ်း အခုလိုမျိုးပဲ ပြောတတ်တယ်။ အဲဒီအခြေအနေမျိုးဆိုရင် စုချန်းရန်ကပဲ သူမနဲ့အတူ စကားပြောပေးနိုင်တာ။”

ဟစ်ပ်စတာရောဂါ ဟုတ်လား။ အန်လင်းသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မျက်လုံးများမှာ အရောင်များလက်လာသည်။

ကနဦးတွင် ဖြစ်ပျက်နေသည်များအား အံ့ဩတုန်လှုပ်မိပြီး နားမလည်နိုင်အောင် ဖြစ်ရသည်ကြောင့် သူ၏ အသိဉာဏ်နှင့်ပတ်သက်၍ တစ်စုံတစ်ခု ချွတ်ယွင်းနေပြီဟု ထင်ခဲ့မိသည်ကြောင့် IQ စစ်ဆေးကြည့်ရန် လိုအပ်နေပြီဟု တွေးမိခဲ့သည်။

သို့သော်လည်း ယွဲ့တုသည်ပင်လျှင် နားမလည်နိုင်သည့်အရာ ဖြစ်နေသည်ကြောင့် တစ်ခုခု မှားယွင်းနေသူမှာ သူမဟုတ်ဘဲ ချန်အယ်သာလျှင် ဖြစ်သည်မှာ သိသိသာသာပင်။

အန်လင်းသည် ပခုံးပေါ်မှာ ဝန်ထုပ်ကြီး လျော့ကျသွားသည်ဟု ခံစားမိလိုက်သည်ကြောင့် သူဩ၏အရှေ့ရှိ နတ်မိမယ်နှစ်ဦး ပြောဆိုနေကြသည့် စကားများကိုသာ ဆက်နားထောင်နေလိုက်သည်။

“ငါက ချောက်ထဲကို လွင့်ကြွေသွားတဲ့ ပန်းပွင့်ဖတ်လေးလိုပဲ လွမ်းမောဖွယ်ရာဘဝမှာ နေထိုင်ပြီး ငါ့ရဲ့စိတ်ကူးအိပ်မက်တွေအတိုင်း ရှင်သန်နိုင်ပေမဲ့ နိုးထလာတဲ့အခါမှာတော့ အေးစက်နေတဲ့ ဒီနန်းတော်ကြီးထဲမှာ ငါတစ်ယောက်တည်းပဲ ရှိနေတာတဲ့လေ။”

“မမ ချန်အယ် မှာ ရှောင်ယွဲ့နဲ့ ညီမလေးတို့ ရှိနေသေးတယ်လေ။ မမချန်အယ်ရဲ့ အနားမှာပဲ အမြဲတမ်း နေနေပေးမှာ။ အဲဒီလိုမျိုး အဆိုးမြင်တာမျိုး ပြောခွင့်မပြုဘူးနော်။”

“ငါလိုချင်တာကိုသာ ရနိုင်မယ်ဆိုရင် ဆုံးရှုံးရတာတွေအတွက် တမ်းတလွမ်းမောနေရမယ်။ ဒါပေမဲ့လည်း ငါ့နှလုံးသားက လိုအပ်တဲ့အရာကို မရရှိနိုင်တာကြောင့် နှလုံးသားထဲမှာ ပူဆွေးဝမ်းနည်းဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်နေခဲ့ရပြီ။”

“ဟိဟိ ညီမလေး ကောင်းကင်အင်မော်တယ် ဖြစ်လာတဲ့အချိန်ကျရင် နန်းတော်ရဲ့ လက်ထောက်ခေါင်းဆောင်တာဝန်ကို ယူလိုက်မယ်လေ။ အဲဒါဆိုရင် မမရဲ့အနားမှာ အမြဲတမ်း နေပေးလို့ရပြီ။”

…

အန်လင်းသည် သူတို့ပြောဆိုနေသမျှကို နားထောင်နေရင်း စုချန်းရန်အား လေးစားလာမိသည်။ ချန်အယ်၏ တည်ရှိမှုအောက်တွင် ပေါ့ပါးစွာ ပြောဆိုနေထိုင်နိုင်သည့် စွမ်းရည်မှာ အလွန်အံ့ဖွယ်ရာပင် ဖြစ်သည်။

စုချန်းရန်သည် ဘာသာစကားနှင့်ပတ်သက်၍ ပါရမီမပါဘဲ တရုတ်ဘာသာနှင့် အင်္ဂလိပ်စာ သင်ယူနိုင်စွမ်းမရှိသည့် မိန်းမငယ်လေး အဖြစ်မှနေ ဆရာဖြစ်သူ အန်လင်းပင်လျင် လေးစားအားကျမိသည့် ဘာသာဗေဒ ကျွမ်းကျင်သူတစ်ဦးအဖြစ်သို့ ရောက်ရှိလာလေသည်။

အန်လင်း၏စိတ်ထဲတွင် ထူးဆန်းသည့်အတွေးတစ်ခု ဖြစ်ပေါ်လာပြီး ဖြူစင်သန့်ရှင်းသည့် စုချန်းရန်မှာ ချန်အယ်၏ အစ်မကြီးအသွင်ဖြစ်နေပြီး စုချန်းရန်သည် သူမ၏ စိတ်မကျန်းမာသည့် ညီမငယ်လေးအား ချော့မြူနေသလိုပင် မြင်တွေ့လာမိသည်။

“အရာအားလုံးက ကန်ရေပြင်မှာ ရောင်ပြန်ဟပ်နေတဲ့ လ နဲ့ ပန်းပွင့်လေးတွေလိုပဲ။ တမ်းတမ်းတတနဲ့ ကြည့်နေနိုင်ပေမဲ့ ထိတွေ့ကြည့်လိုက်မယ်ဆိုရင် လ နဲ့ ပန်းပွင့်လေးတွေရဲ့ ရောင်ပြန်က အက်ကွဲပျက်စီးသွားရော။”

ချန်အယ်၏မျက်နှာတွင် ဝမ်းနည်းသည့်အရိပ်အယောင်များ ထင်ဟပ်နေပြီး သူမစကား၏အဆုံးတွင် အလွန်အမင်း နာကျင်ထိခိုက်နေဟန်ရှိသည်။ အန်လင်းမှာ ရုတ်တရက်ဆိုသလို သူမအား ပွေ့ဖက်နှစ်သိမ့်ပေးချင်လာမိသည်။

အန်လင်းသည် သူ၏အသက်အား တန်ဖိုးထားသူ ဖြစ်သည့်အတွက် ထိုသို့သော အပြုအမူမျိုးကို စိတ်ကူးရုံသာ တတ်နိုင်သည်။

စုချန်းရန်၏မျက်နှာတွင် အံ့ဩသည့်အမူအရာ ဖြစ်လာပြီး “တကယ်ကြီး အဲလိုတွေးနေတာလား။”

ချန်အယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ခေါင်းယမ်းလိုက်သည်။

သူမတို့ စကားပြောဆိုနေသည့် တစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်သည့်အမူအရာ ဖြစ်လာခြင်းပင်။ ထို့ကြောင့် အန်လင်းသည် သိလိုစိတ်ဖြင့် အသံဖြင့် ဆက်သွယ်လိုက်သည်။ “ချန်အယ်က ဘာပြောလို့လဲ။”

စုချန်းရန်သည် အလေးအနက်ဖြင့် ပြန်ဖြေသည်။ “အစ်မ ချန်အယ် ပြောတာက သူက အရမ်းကို ပြည့်စုံနေတယ်တဲ့။ သူမကို ချစ်ရေးဆိုသူတွေ အများအပြား ရှိပေမဲံလည်းပဲ သူတို့တွေက အရမ်းကို လျှို့ဝှက်ကြတယ်။ သူမကို နှစ်လုံးသားတစ်ခုလုံးနဲ့ ချစ်မြတ်နိုးပေးမဲ့သူကို ရှာတွေ့ဖို့ အရမ်းခက်ခဲတာကြောင့် သူမရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ တစ်ဦးတစ်ယောက်ကို ရှာတွေ့ဖို့ ပိုပိုပြီး ခက်ခဲလာတယ်တဲ့။”

“နောက်တစ်မျိုး ပြောရရင်တော့ သူမက ပျင်းရိနေတယ်။ အဲဒါကြောင့် ချစ်သူလိုချင်တယ်။”

***

All Chapters