လိင်တိမ်းညွှတ်မှုပြင်ဆင်ချက်
Vol. 19 Ch. 267
အန်လင်းမှာ လုံးဝ တုန်လှုပ်သွားမိသည်။ သူ၏နှလုံးသားထဲ၌ သားရဲအုပ်ကြီး ပြေးလွှားနေသလိုပင်။
ဘုရားရေ.. ချန်အယ်က ရည်းစားလိုချင်နေတာတဲ့လား။
လောကကြီးတစ်ခုလုံး တုန်လှုပ်အက်ကွဲသွားစေနိုင်သည့် သတင်းဖြစ်သည်။ ကိုးပြည်ထောင်နိုင်ငံတော်အတွင်သို့သာ ထိုအကြောင်း ရောက်ရှိသွားမည်ဆိုလျှင် စိတ်ကူးဖြင့်ပင် မျှော်မှန်းမရနိုင်ချေ။
ရုတ်တရက်ဆိုသလို အလွန်အရေးပါသည့် ပြဿနာတစ်ရပ်အား တွေးမိလိုက်သည်။ “သူက ယောက်ျားချစ်သူ လိုချင်တာလား မိန်းမချစ်သူ လိုချင်တာလား။”
အလွန်အရေးကြီးသည့် ကိစ္စရပ်ပင်။
အန်လင်းအတွက် ထိုအကြောင်းအရာမှာ ပို၍အရေးကြီးပေသည်။
စုချန်းရန် သည် နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်နေပြီး အန်လင်း၏ မေးခွန်းမှာ ထူးဆန်းနေသည်ဟု ခံစားနေမိသည်။ သို့သော်လည်း အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။ “သေချာပေါက် ယောက်ျားချစ်သူကို ရှာတာပေါ့။ မိန်းမချစ်သူ လိုချင်ရင် ငါရှိနေတာပဲကို။”
ဆွံ့.. အ..
အန်လင်းမှာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ စုချန်းရန်သည် စကားတစ်ခွန်းတည်းနှင့် အချက်အလက်များစွာအား ဖော်ထုတ်လိုက်ခြင်းပင်။ သူ့အနေဖြင့် သူမ၏ စကားများကို တွေးတောရန် အချိန်ယူလိုက်ရသည်။
စုချန်းရန် ပြောဆိုသည့် အဓိပ္ပါယ်မှာ အကယ်၍ ချန်အယ်သည် အမျိုးသမီးတစ်ဦးအား အလိုရှိလျှင် သူမထံသို့ ရောက်လာရုံပဲဟု ဆိုလိုသည်လား။ သူမပြောလိုက်သည်မှာ အလွန်သာမန်ဆန်သော်လည်း စကားလုံးများ၏နောက်တွင် ဖုံးကွယ်ထားသည့် အဓိပ္ပါယ်များ ရှိနေလေသည်။ အကယ်၍ ချန်အယ်သည် အမျိုးသားတစ်ဦးအား ရှာဖွေနေခြင်းဖြစ်လျှင် လွန်စွာတုန်လှုပ်ဖွယ်ရာသတင်း ဖြစ်လေသည်။ ထိုသတင်းသည်သာ ကောင်းကင်ဘုံပိုင်နက်သို့ ရောက်ရှိသွားမည်ဆိုပါက ရှိရှိသမျှ ပုရိသအားလုံး ရူးသွပ်သွားနိုင်သည်။
ထိုအချိန်မှာပင် ချန်အယ်၏အကြည့် အန်လင်းထံ ရောက်ရှိလာသည်။
သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေပြီး အန်လင်းအား တသိမ့်သိမ့်တုန်လာစေသည်။
“အန်လင်းရေ ငါနဲ့အတူ လမ်းလျှောက်ချင်လား။”
အန်လင်းမှာ မလှုပ်မယှက်ဖြင့် ကြက်သေသေနေမိသည်။
စုချန်းရန်သည် မျက်လုံးများပြူးကျယ်ကာဖြင့် ချန်အယ်အား ကြည့်လိုက်သည်။ ထို့နောက်တွင် အန်လင်းအား ကြည့်လိုက်သည်။
သူမသည် ချန်အယ်၏ စားလုံးများ နောက်ကွယ်မှ ဆိုလိုရင်းတို့ကို သတိပြုမိသည်။ ထို့ကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရခြင်းပင်။
ယွဲ့တုသည်လည်း စုချန်းရန်အား တူညီသည့်မေးခွန်း မေးလာသည်။
အခြေအနေအား လေ့လာသုံးသပ်ပြီးသည့်နောက်တွင် ယွဲ့တုမှာ အန်လင်း၏ အမူအရာအတိုင်း ဖြစ်လာပြီး တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသားဖြင့် ရှိနေလေသည်။
လာနောက်နေတာလား။ ချန်အယ်က တစ်ခါလေးမှာတောင် ယောက်ျားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံဖူးတာ မဟုတ်ဘူးလေ။ အခုတော့ ရည်းစားလိုချင်နေတာတဲ့လား။
ထို့အပြင် သူမသည် အန်လင်းအား လမ်းလျှောက်ထွက်ရန် မေးနေသေး၏။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ရှူးဂါးဘေဘီလေး လိုချင်နေသည်များလား။ ထိုအကြောင်းသာလျှင် ကောင်းကင်ဘုံပိုင်နက်၏ တာအိုသခင်အင်မော်တယ်ကြီးများထံ ရောက်ရှိသွားမည်ဆိုပါက ဒေါသထွက်လွန်းသဖြင့် သွေးအန်ကြပေလိမ့်မည်။
ချန်အယ်သည် သူမ၏ ထိုင်ခုံပေါ်မှ ထလာပြီးနောက် အန်လင်းထံ တင့်တယ်စွာဖြင့် လျှောက်လှမ်းလာသည်။ သူမ၏ အပြုအမူတစ်ခုချင်းစီတိုင်းမှာ သိမ်မွေ့နူးညံ့ပြီး စည်းချက်ကျလျက်ရှိပြီး သဘာဝဆန်သည့် အလှတရာများကို ဖော်ထုတ်နေကာ ကြည့်ရှုသူအား ညှို့ယူဖမ်းစားနေလေသည်။
အန်လင်း၏ အံ့ဩတကြီးဖြစ်နေသည့် အမူအရာကြောင့် ချန်အယ်မှာ အနည်းငယ် ပျော်ရွင်လာသည်ကြောင့် အသာရယ်မောလိုက်မိသည်။ “အဲလောက်ကြီး လန့်ဖို့မလိုပါဘူး။”
သူမ၏ စကားသံမှာ အတော်လေး အေးစက်နေသော်လည်း ခံစားချက်ကင်းမဲ့နေသည်တော့ မဟုတ်ပေ။
အန်လင်းသည် တုန်လှုပ်နေရာမှာ အသိပြန်ဝင်လာပြီး သူ၏အရှေ့တွင်ရှိနေသော ပြီးပြည့်စုံမှုတို့၏ ပြယုဂ်အား ကြည့်လိုက်မိသည်။ သူရောက်ရှိနေသည့် အခြေအနေအား မယုံကြည်နိုင်သေးပေ။
ရုတ်တရက်ဆိုသလို သဘောပေါက်လိုက်မိသည်။
ချန်အယ်ပြောဆိုသည်ကို နားလည်သွားပြီ ဖြစ်သည်။
ချန်အယ်သည် သူမ၏ ဟစ်ပ်စတာရောဂါကို ဖိနှိပ်ကာဖြင့် အန်လင်းနှင့် ပုံမှန်စကားပြောဆိုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ထိုအရာသည် အန်လင်းအား အတော်လေး ပျာယာခပ်သွားစေသည်။
“လာပါ။ ငါနဲ့အတူ သံလွင်တောအုပ်ထဲမှာ လမ်းလျှောက်ကြရအောင်။”
ချန်အယ်သည် အန်လင်း၏လက်မောင်းအား ဆုပ်ကိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် သံလွင်ပင်များပေါက်ရောက်နေသည့် တောအုပ်အတွင်း၌ ပြန်ပေါ်လာကြသည်။
ဘာလား။ တယ်လီပို့ လုပ်လိုက်တာလား။ အန်လင်း၏ မျက်ဆန်များ ကျဉ်းမြောင်းသွားလေသည်။
အန်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအား ပေါ့တန်တန် သဘောထားသည့် တစ်စုံတစ်ဦးကို ပထမဦးဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ပျက်ပြယ်ခြင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည် ဟင်းလင်းပြင်အား ဆုတ်ဖြဲပြီးမှသာ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။
ချန်အယ်မှာမူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ချက်ချင်းဆိုသလို တည်နေရာရွှေ့ပြောင်းပြီးဖြစ်သည်။ ယင်းမှာ အထွတ်အထိပ်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည်သာလျှင် ပြုလုပ်နိုင်သည့်အရာ ဖြစ်သည်။
ချန်အယ်သည် မျက်လုံးလေးများ မှိတ်ကာဖြင့် အသက်ရှူရှိုက်နေသည်။ သူမ၏ မျက်ခွံလေးများ အနည်းငယ်တုန်ယင်နေပြီး လရောင်အောက်တွင် ပျံဝဲနေသည့် လိပ်ပြာလေးများနှင့် တူလေသည်။
“အင်းး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့လေး။ ဒီအချိန်က သံလွင်ပွင့်တွေ အပြည့်အဝပွင့်တဲ့အချိန်ပေါ့။”
သူမသည် ပေါ့ပါးစွာဖြင့် ပြုံးလိုက်ပြီး အန်လင်းနှင့်အတူ တောအုပ်အတွင်းသို့ လျှောက်ကြည့်လေသည်။
အန်လင်းသည် ချန်အယ်၏လက်အား ဆုပ်ကိုင်ထားရသည့်အတွက် ရှက်သွေးဖြာနေမိသည်။
“အန်လင်းရေ.. နင်ယူလာပေးတဲ့ မုန့်တွေကြောင့် ရှောင်ယွဲ့က တစ်ကီလိုကျော်ကျော် ဝလာတယ်လေ။ အရင်ကဆို သူမက သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို အရမ်းဂရုစိုက်တာ။ အခုများတော့ နင့်ရဲ့မုန့်တွေကို အကုန်သွပ်နေတော့တာပဲ။”
အန်လင်းသည် ကြောင်အနေမိပြီးမှ ရယ်မောလိုက်သည်။ “ဟီးဟီး ရှောင်ယွဲ့ကို ကျွန်တော့်ဆီ ပို့ပေးလိုက်လေ။ သူမနဲ့အတူ လမ်းလျှောက်ပေးမယ်။”
“တကယ်လား။ သူမက ငါနဲ့အတူ လစန္ဒာနန်းတော်မှာပဲ နေနေပြီး ဘယ်တော့မှ လေ့ကျင့်ခန်းမလုပ်ဘူး။ နင်က သူမကို ကူညီပြီး လမ်းလျှောက်ပေးမယ်ဆိုရင် တကယ်ကို ကောင်းတာပေါ့။”
“အဲဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူမရဲ့ ကျောက်စိမ်းကျည်ပွေ့ကိုတော့ သိမ်းထားပေးရမယ်နော်။ အဲဒီဟာကြောင့် အခုထိ စိတ်ဒဏ်ရာ ရနေတုန်းပဲဗျ။”
“ဟဟ ရှောင်ယွဲ့က အဲဒီအကြောင်းကို ပြောပြဖူးတယ်။ နင်က အရမ်းကို ထုံထိုင်းတယ်တဲ့။ အဲဒါကြောင့် ပိုပြီး အသိဉာဏ်ရှိလာအောင် ခေါင်းကို ပုံမှန်လေး ရိုက်ပေးသင့်တယ်တဲ့လေ။”
အန်လင်း : “…”
ဤသို့ဖြင့် သူတို့နှစ်ဦးသည် လသာသာ တောအုပ်အတွင်း လျှောက်လှမ်းကာဖြင့် စကားပြောဆိုနေကြလေသည်။
ချန်အယ်သည် ထိုအခိုက်အတံ့တွင် လစန္ဒာနန်းတော်၏ အရှင်သခင် မဟုတ်တော့ဘဲ နွေးထွေးပြီး ချဉ်းကပ်ရလွယ်ကူသည့် အမျိုးသမီးတစ်ဦးအသွင်ဖြင့် ရှိနေသည်။
လေပြည်ညင်းတိုက်ခတ်သွားပြီးနောက် ချန်အယ်၏ လှပသည့် ဆံနွယ်လေးများ လွင့်လူးသွားကာ သံလွင်ပန်းပွင့်များ၏ ညှို့ငင်ဖမ်းစားနိုင်သည့် မွှေးရနံ့များသည်လည်း အန်လင်းထံသို့ ရောက်ရှိလာသည်။
သူမ၏ လက်တစ်ဖက်အား ပင့်မြှောက်လိုက်သည့်အခါ အဖြူရောင်ပွင့်ဖတ်တစ်ခု လွင့်ကြွေလာပြီး သူမ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်လာသည်။
ချန်အယ်သည် ရှင်းသန့်ဖြူစင်သည့် အဖြူရောင်ပွင့်ချပ်လေးအား ကြည့်ကာဖြင့် ပြုံးလိုက်သည်။ “ဒီအချိန်က သံလွင်ပန်းပွင့်တွေ အပြည့်အဝ ဖူးပွင့်ကြတဲ့ အချိန်ပေါ့။ ပွင့်ဖတ်ကလေးတွေက ရေနွေးကြမ်းခပ်ဖို့အတွက် သင့်တော်တဲ့အချိန်ကို ရောက်လာပြီ ဒါမှမဟုတ် သံလွင်လမုန့် လုပ်ဖို့အတွက်ပေါ့။”
အန်လင်းသည် သူမ၏ စကားများကြောင့် အလွန်စိတ်ဝင်စားသွားမိသည်။ “လနတ်သမီးက သံလွင်လမုန့်လုပ်တတ်တာလား။”
ချန်အယ်သည် ဂုဏ်ယူစွာဖြင့် မေးမော့လိုက်သည်။ “လုပ်တတ်တာပေါ့။ ငါလုပ်တဲ့ လမုန့်တွေက ဒီမိုးကောင်းကင်အောက်မှာ အကောင်းဆုံးပဲလေ။ နင်စိတ်ဝင်စားရင် နည်းနည်းပါးပါး လုပ်ကျွေးမယ်။”
“မိုက်လိုက်တာ။” အန်လင်းခေါင်းညိတ်လိုက်သည်။
ချန်အယ်သည် လစန္ဒာနန်းတော်၏ သခင်မဖြစ်သည့်အတွက် သူမပြုလုပ်သည့် လမုန့်များမှာ စစ်မှန်သော ‘လ’ မုန့် ဖြစ်ပေလိမ့်မည်။
အန်လင်းသည် ထိုသို့တွေးမိသည့်အခါ အပြုံးတစ်ခု ပေါ်လာသည်။ ထိုလမုန့်များကို ယူဆောင်ပြီးနောက် အခြားသူများအား ကြွားဝါရမည်။ မင်းတို့ကောင်တွေက လမုန့်လုပ်တဲ့အချိန်တိုင်း လကိုမော့ကြည့်နေရုံပဲ တတ်နိုင်ကြတာ။ ငါ့ရဲ့ လမုန့်တွေကတော့ ချန်အယ်ကိုယ်တိုင် လုပ်ပေးလိုက်တာဗျာ။ ချန်အယ်ကို သိတယ်မလား။ လနတ်သမီးလေ။ အဟင်း
အန်လင်း၏ လျင်မြန်သည့် တုံ့ပြန်မှုကြောင့် ချန်အယ် ပေါ့ပါးစွာ ရယ်မောလိုက်မိသည်။
ထိုကောင်လေးသည် ထိုအရာမှာ မည်မျှလောက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်ကို မသိရှိပုံပင်။
ကောင်းကင်ဘုံပိုင်နက်အတွင်းရှိလူတိုင်း သိရှိထားသည့်အရာမှာ ချန်အယ်ကိုယ်တိုင် ပြုလုပ်ထားသော လမုန့်တစ်ခုမှာ အဖိုးမဖြတ်နိုင်ဘဲ အင်မော်တယ်ဆေးလုံးတစ်လုံး၏ တန်ဖိုးနှင့် ကောင်းကောင်းနှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ချန်အယ်သည် ထိုအကြောင်းအား အန်လင်းနှင့် ဆွေးနွေးလိုစိတ် မရှိချေ။
ထိုမျှလောက် အရေထူသည့် လူတစ်ဦးနှင့် တွေ့ဆုံခွင့်ရရန်မှာ သူမအတွက် အတော်လေး ကြုံတောင့်ကြုံခဲဖြစ်သည်။ ထို့ကြောင့် အရေးမပါသည့် အရာများနှင့် သူတို့၏ စကားပြေခန်းအား မဖျက်ဆီးလို။
ကောင်းကင်ဘုံပိုင်နက်ရှိ အင်မော်တယ်များသည် သူမအား တလက်လက်တောက်ပသည့် မျက်လုံးများဖြင့် ကြည့်တတ်ပြီး သူတို့၏ တောက်လောင်နေသည့် အကြည့်များအား သူမ မနှစ်မြို့ချေ။
သို့သော်လည်း ဤစိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူလေးမှာမူ ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုကျင့်ကြံသူလေးသည် ကနဦးတွင် အလှအပ၏ ဖမ်းစားခြင်း ခံလိုက်ရသော်လည်း များမကြာမီမှာပင် မူလ အကျင့်စရိုက်သို့ ပြန်လည်ရောက်ရှိလာပြီး သူမအား သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ သဘောထားကာ စကားပြောဆိုလေသည်။
“နင်နဲ့အတူ စကားပြောရတာ စိတ်အပန်းပြေတယ်လို့ ခံစားရတယ်။ အဲဒါကို ချိန်းတွေ့တယ်လို့ ခေါ်တာလားတော့ သေချာမသိဘူး။ ကမ္ဘာပေါ်မှာ အဲလိုမျိုး ခေတ်စားတယ်လေ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲလိုခံစားချက်မျိုးကို မကြိုက်တာတော့ မဟုတ်ပါဘူး။” ချန်အယ် ပြောလိုက်သည်။
အန်လင်းသည် ရယ်မောကာဖြင့် စနောက်လိုက်သည်။ “ကျွန်တော့်ရဲ့ အဘိဓာန်မှာတော့ မကြိုက်တာတော့ မဟုတ်ဘူးဆိုတာ ကြိုက်တယ်လို့ ပြောထားတယ်ဗျ။”
ချန်အယ်သည် ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် အရည်လဲ့နေသည့် မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်လိုက်သည်။
သူမ၏ အပြုံးသည် လှပမှုတို့၏ ပြယုဂ်ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် အန်လင်းသည် စကြဝဠာကြီး၏ ဗဟိုချက်မသို့ ရောက်ရှိသွားသလိုဖြစ်ကာ နှလုံးသားမှာလည်း စည်းချက်ကျကျ ခုန်လှုပ်လာသည်။
အန်လင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ပုံမှန်အခြေနေသို့ ပြန်ရောက်ရန် အချိန်အတော်ကြာအောင် ယူလိုက်ရသည်။
သူမ၏ လှပမှုအား ညှို့ယူဖမ်းစားနိုင်သည့် အပြုံးနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် အလွန်အဖျက်စွမ်းအား ကြီးမားလှသည်။ အန်လင်းမှာ သူမ၏ အလှအပအောက်တွင် အသတ်ခံရလုနီးနီးပင် ဖြစ်ရသည်။
“ကမ္ဘာပေါ်က သုတေသနတစ်ရပ်က ပြောထားတာကတော့ လှပတဲ့ အမျိုးသမီးတွေကို ပုံမှန်ကြည့်ပေးမယ်ဆိုရင် အမျိုးသားတွေရဲ့သက်တမ်း တိုးလာနိုင်တယ်တဲ့။ လနတ်သမီးရဲ့ အပြုံးကို မြင်ပြီးတော့ ကျွန်တော်က အင်မော်တယ်ဖြစ်သွားပြီလို့တောင် ခံစားနေမိပြီ။” အန်လင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ဟဟ နင့်နှုတ်ခမ်းမှာ သံလွင်ပျားရည်တွေ သုတ်ထားတာလား။ အရှက်မဲ့လိုက်တာနော်။” ချန်အယ်သည် အန်လင်း၏ မြှောက်ပင့်စကားတို့ကို ခွန်းတုံ့ပြန်လိုက်သော်လည်း မည်သည့်ကြောင့်ရယ်မသိ သူမစိတ်ထဲ၌ မနှစ်မြို့မှုတို့ကို မခံစားရချေ။
သူမသည် အန်လင်း၏လက်ကို လွှတ်လိုက်ပြီးနောက် မျက်လုံးများ မှေးကျဉ်းကာဖြင့် ကြည့်လိုက်သည်။ “ငါတို့ရဲ့ ချစ်သူအဖြစ် ဆော့ကစားတာ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့။ နင်က ငါနဲ့ချိန်းတွေ့ဖူးတဲ့ ပထမဆုံး ယောကျ်ားတစ်ယောက် ဖြစ်သလို နောက်ဆုံးသောသူလည်း ဖြစ်လိမ့်မယ်။ အဲဒါကြောင့် နင့်ကိုယ်နင် ဂုဏ်ယူလိုက်တော့။”
အန်လင်းသည် အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။ ချန်အယ်၏ ပြောစကားကို အပြည့်အဝ သဘောတူလေသည်။ “ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို ကြွားလို့တော့ ရတယ်မလားဟင်။”
ကောင်းကင်ဘုံပိုင်နက်၏ အလှပဆုံးသော အမျိုးသမီးနှင့် ချိန်းတွေ့ခဲ့ခြင်းဖြစ်သည်။ သူမ၏လက်ကို ကိုင်ခွင့်ရခဲ့သေးည်ကြောင့် နှစ်တစ်ရာတိတိ ကြွားဝါသင့်သည်။
ချန်အယ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ကြိုက်တဲ့သူကို ကြွားလို့ရပါတယ်။ ဒါပေမဲ့လည်း သတိမပေးဘူးလို့တော့ မပြောနဲ့နော်။ ဒီအကြောင်းကို တကယ်ပြောလိုက်မယ်ဆိုရင် ကောင်းကင်ဘုံပိုင်နက်က ယောကျ်ားမှန်သမျှက ချက်ချင်းကိုပဲ နင့်ရဲ့ရန်သူ ဖြစ်လာလိမ့်မယ်။”
အန်လင်းသည် သူမ၏ စကားများကြောင့် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်လာမိပြီး ကျောရိုးတစက် အေးစက်မှုများ စီးဆင်းသွားသည်။
သူမ၏ စကားလုံးများသည် အမှန်တအားအား မီးမောင်းထိုးပြလိုက်ခြင်းပင်။
ကောင်းကင်ဘုံပိုင်နက်တွင် ဆက်လက်နေထိုင်လိုပါက ဤအကြောင်းအရာအား လျှို့ဝှက်ချက်တစ်ခုအနေဖြင့် ထားရှိရပေလိမ့်မည်။
“နင်နဲ့ အတူရှိနေရတာ သဘောမကျတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စုချန်းရန်နဲ့ အတူရှိနေရင် တက်ကြွလာတယ်လို့ ခံစားရတယ်။ သူမနဲ့ အတူရှိနေရင် အရမ်းပျော်ရတယ်။” ချန်အယ်သည် ဝမ်းနည်းစွာဖြင့် ပြောလာသည်။ “ငါ့အတွက် ခိုနားရာတစ်ခုလိုပဲ။”
အန်လင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားမိသော်လည်း တိတ်ဆိတ်လျက်သာ ရှိနေသည်။ မည်သို့တုံ့ပြန်ရမည်ကို မသိသလို တုံ့ပြန်ရန်လည်း မရဲပေ။
ချန်အယ် အမျိုးသားချစ်သူတစ်ဦး ရှာဖွေဖို့ရန် ဆုံးဖြတ်ရခြင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်အား သူမြင်နိုင်သည်။ သူမ၏ လိင်တိမ်းညွတ်မှုအား ပြန်လည်ပြင်ဆင်လိုခြင်းဖြစ်သည်။ သို့တည်းမဟုတ် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးတစ်ခုကို တွေ့ကြုံခံစားလိုခြင်း ဖြစ်နိုင်သည်။
ချန်အယ်၏ အစစ်အမှန်ရည်ရွယ်ချက်အား သိရှိလိုက်ရသော်လည်း ကံမကောင်းစွာဖြင့်ပင် သူမ၏ အားထုတ်မှုတို့ ကျဆုံးသွားရလေသည်။
“စကားမစပ် အဲဒီအချိန်တုန်းက နင့်ကိုဘာဖြစ်လို့ ကယ်ခဲ့တာလဲ သိလား။” ချန်အယ်သည် ရုတ်တရက်ဆိုသလို အန်လင်း အလွန်အမင်း သိလိုသည့် အကြောင်းအရာသို့ စကားလွှဲလိုက်သည်။
ထိုမေးခွန်းသည် အချိန်အတော်ကြာသည့်တိုင်အောင် ပဟေဠိတစ်ခုအနေဖြင့် ရှိနေခဲ့ခြင်းဖြစ်သည်။ ရှုပ်ထွေးသည့် အခြေအနေတစ်ချို့ ပါဝင်နေမည်ဟု ခံစားနေမိသည်။
အန်လင်း၏ စိတ်ဝင်စားမှုတို့ မြင့်တက်လာသည်။ “ဘာလို့လဲ။”
***