← Chapters

သန်မာအားကောင်းလာဖို့က မပြီးဆုံးနိုင်တဲ့ ခရီးကြမ်းတစ်ခု ဖြစ်တယ်

Vol. 19 Ch. 269

သန်မာအားကောင်းလာဖို့က မပြီးဆုံးနိုင်တဲ့ ခရီးကြမ်းတစ်ခု ဖြစ်တယ်

Vol. 19 Ch. 269

အန်လင်းသည် သူနေထိုင်ရာ ကျောင်းအဆောင်သို့ ပြန်ရောက်လာပြီးနောက် ဆက်လက်ကျင့်ကြံလေသည်။

အန်လင်း၏ ခန္ဓာကိုယ်အတွင်းရှိ သားရဲအမြုတေမှာ ပိုကာ ပိုကာ တောက်ပလာပြီး သူ၏ ချီစွမ်းအင်ပင်လယ်အတွင်း၌ နေအသေးစားလေးသဖွယ် တောက်ပနေလေသည်။

သားရဲအမြုတွေအတွင်း၌ရှိနေသည့် စွမ်းအင်များသည် အလွန်သိပ်သည်းနေလေပြီ။ အကန့်အသတ်တစ်ခုသို့ ရောက်ရှိလာပြီး ဖြစ်သည်ကြောင့် နောက်တစ်ဆင့်သို့ ချိုးဖောက်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့ပြီး ဖိအားပေးရန် လိုအပ်နေပြီဟု အန်လင်းခံစားနေရသည်။

တစ်နှစ်မျှနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်သို့ ရောက်ရှိရန် နီးကပ်လာလေပြီ။ အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ်နှင့် အစစ်အမှန်မီးတောင်ပံတို့အား ကျေးဇူးတင်ရမည်ပင်။ ယင်းတို့၏ ပေါင်းစပ်မှုကြောင့် သူ၏ခန္ဓာကိုယ် ပိုမိုသန်မာလာပြီး ချီစွမ်းအင်ပင်လယ်မှာလည်း ကျယ်ပြန့်လာသည်။

ခိုင်ခံ့သည့်အုတ်မြစ်ကို တည်ဆောက်ပြီးသည့်နောက်တွင် သူ၏အဆင့်များ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

နောက်တစ်နေ့တွင် အန်လင်းသည် တုန်ရွှာနန်းတော်သို့ သွားရောက်ကာ အင်ပါယာကျိဝေ၏ အင်မော်တယ်ဆေးလုံးကူပွန်အား ဒြပ်စင်ငါးခု အင်မော်တယ်ဆေးလုံးနှင့် လဲလှယ်လိုက်သည်။ ယင်းမှာ အဆင့် ၆ အင်မော်တယ်ဆေးလုံး ဖြစ်ပြီး သုံးစွဲသူ၏ ဒြပ်စင်ငါးမျိုးကို ထိန်းချုပ်နိုင်စွမ်း တိုးတက်လာစေနိုင်သည်။

အမြဲစိမ်းနည်းစနစ်၊ အစစ်အမှန်မီးတောင်ပံ၊ အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ်၊ အထွတ်အထိပ်မြေကြာပန်းအတတ် စသည့် ကျင့်ကြံခြင်းနည်းစနစ်များသည် ဒြပ်စင်ငါးမျိုးနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဒြပ်စင်ငါးခု အင်မော်တယ်ဆေးလုံးအား အသုံးပြုမည်ဆိုလျှင် ထိုနည်းနစ်စများကို အထောက်အကူပြုနိုင်ရုံသာမက အဆင့်တက်ရာတွင်လည်း အကူအညီဖြစ်နိုင်သည်ဟု ခံစားနေမိသည်။

ထို့ကြောင့် ယီစီ၏ရှေ့တွင်ပင် အင်မော်တယ်ဆေးလုံးအား ဝါးမျိုလိုက်သည်။

ဤသည်မှာ စမ်းသပ်ချက် တစ်ခုသာလျှင် ဖြစ်သည်။ အဆင့်တက်လှမ်းနိုင်ခြင်း မရှိလျှင်ပင် ဒြပ်စင်ငါးခုအား ပိုမိုကာ ထိန်းချုပ်လာနိုင်မည်ဆိုလျှင်လည်း မဆိုးလှချေ။

များမကြာမီတွင် အင်မော်တယ်ဆေးလုံး၏ သက်ရောက်မှုကြောင့် သူ၏သွေးများ စတင်ဆူပွက်လာသည်။

သူ၏အရေပြားပေါ်တွင် အပြာရောင်အရည်များပေါ်လာပြီး ကြာပန်းတွင် ပါဝင်သည့် မြေစွမ်းအင်သည် နဖူးထက်တွင် ပေါ်လာသည်။ ထို့အပြင် ခန္ဓာကိုယ်ပတ်လည်တွင် ရဲရဲတောက်နေသည့် မီးတောင်ပံများပေါ်လာပြီး ဦးခေါင်းထက်တွင် အစိမ်းရောင် ရောင်ခြည်စက်ဝိုင်းတစ်ခုပေါ်လာကာ သန်မာအားကောင်းသည့် အသက်ဓာတ်များ ထုတ်လွှတ်နေလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျင့်ကြံခြင်းနည်းစနစ် လေးမျိုးစလုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယီစီမှာ မျက်လုံးများ ပြူးကျယ်ကာဖြင့် အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ “စပြီဟေ့။ အင်မော်တယ်ဆေးလုံးကနေ အရေအတွက်ပြောင်းလဲသွားတာ။ အဲဒါ ငါပြောနေတဲ့ဟာပေါ့။”

ဝုန်း

ရုတ်တရက်ဆိုသလို လေထုထဲ၌ ချီစွမ်းအင်များ စုဆုံလာပြီး အန်လင်း၏ ဦးခေါင်းထက်တွင် ကြီးမားသည့် ချီစွမ်းအင်လှိုင်းများ သိပ်သည်းလာသည်။

ထိုချီစွမ်းအင်မျာသည် ပေတစ်ထောင်ကျော်သည့် ဝဲတစ်ခု ဖြစ်ပေါ်စေပြီး ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံထားလေသည်။

အဆုံးတွင် ထိုချီစွမ်းအင်များသည် အန်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ အငမ်းမရ ဝင်ရောက်သွားကြပြီး သူ၏ အဆင့်တက်ခြင်းအား အထောက်အပံ့ပေးနေလေသည်။

ယီစီသည် ခြေထောက်များ မခိုင်တော့သည့်အတွက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ရသည်။ ထို့နောက် ပါးစပ်အဟောင်းသားဖြစ်ကာ “ဒါကမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးရဲ့ အင်မော်တယ်ဆေးလုံး စားသုံးခြင်းပေါ့။ အရေအတွက် ပြောင်းသွားရုံတင်မက သူ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေပါ ပြောင်းလဲသွားတယ်။ ကျင့်ကြံခြင်းအခြေခံတောင် ချိုးဖြတ်ပြီး အဆင့်တက်လိုက်သေးတယ်။ လုံးဝ သောက်ကြမ်းပဲ။”

ချီစွမ်းအင်ဝဲမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာလေပြီ။

အန်လင်းသည် မတ်တတ်ရပ်ကာဖြင့် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် စီးဆင်းနေသည့် စွမ်းအင်အသစ်များကို ခံစားမိနေသည်။

ဤနေ့မှစကာ သူသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလေပြီ။

“အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် အန်လင်းရေ။”

ယီစီသည် ချက်ချင်းဆိုသလို ဂုဏ်ပြုစကား ပြောကြားလိုက်ပြီး အန်လင်းအား သူ၏ အိုင်ဒဲလ်တစ်ဦးသဖွယ် ကြည့်နေလေသည်။

“အကြီးအကဲ ယီစီ ဖော်စပ်ပေးတဲ့ အင်မော်တယ်ဆေးလုံးရဲ့ ကျေးဇူးကြောင့်ပါဗျ။” အန်လင်းသည် လက်နှစ်ဖက် သွယ်ယှက်ကာဖြင့် ကျေးဇူးတင်ကြောင်းပြလိုက်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ အဲဒါတွေက မင်းရဲ့ ပြိုင်ဘက်ကင်း ဆေးလုံးစားသောက်ခြင်း အစွမ်းကြောင့်ကွ။”

“အဟမ်း.. အင်မော်တယ်ဆေးလုံးတွေကို ဘယ်လိုစားသောက်ရမလဲဆိုတာ ငါ့ကို နည်းနည်းပါးပါး လမ်းညွှန်ပေးပါဦး အန်လင်းရေ။” ယီစီသည် အနည်းငယ် မသက်မသာ ဖြစ်စွာဖြင့် ပြောလိုက်သည်။

အခြားသူတစ်ဦးအား မည်ကဲ့သို့ ဆေးလုံးစားသောက်သနည်းဟု မေးမြန်းရသည်မှာ အတော်လေး ကိုးရို့ကားယား နိုင်လှသည်။ အထူးသဖြင့် အန်လင်းသည် လျှို့ဝှက်နည်းလမ်းတချို့ အသုံးပြုကာဖြင့် အင်မော်တယ်ဆေးလုံးများ၏ သက်ရောက်မှုကို အကောင်းဆုံး ထုတ်ယူသုံးစွဲခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ မေးခွန်းမှာ မျက်လှည့်ဆရာအား သူ၏ မျက်လှည့်ပြကွက်များအကြောင်း မေးမြန်းနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း အန်လင်း၏ အင်မော်တယ်ဆေးလုံးစားသောက်ခြင်း အတတ်ပညာမှာ အလွန် ဆန်းကြယ်လှသည်။ ယီစီအနေဖြင့် ထိုအခွင့်အရေးအား လက်လွှတ်မခံနိုင်ချေ။

“စိတ်မပူပါနဲ့။ မင်းရဲ့ သင်ပြပေးမှုအတွက် ကျေနပ်လောက်တဲ့ ဆုလာဘ်တစ်ခု ပေးမှာပါ။” ယီစီသည် အန်လင်းငြင်းပယ်မည် ဆိုသည်ကြောင့် အသည်းအသန် ပြောလိုက်သည်။

အန်လင်းမှာ နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။

ဘာစကားတွေ ပြောနေတာတုန်း။ အင်မော်တယ်ဆေးလုံးကို မျိုချပြီး ချေဖျက်လိုက်ရုံပဲလေ။

ယင်းမှာ အခြားသူများအား စားသောက်ဖွယ်ရာများကို မည်သို့စားသောက်ရမည်နည်းဟု မေးမြန်းနေသလိုပင်ဖြစ်သည်။ သုံးနှစ်ကလေးတောင် ဆေးဘယ်လိုသောက်ရမလဲ သိတယ်ဗျ။ ခင်ဗျားက ဒီအရွယ်ကြီး ရောက်နေတာတောင် မသိသေးဘူးလား။

ယီစီသည် အန်လင်း၏ အမူအရာမှတဆင့် သူ၏ လျှို့ဝှက်ချက်အား ထုတ်ဖော်မပြောလိုကြောင်း သိလိုက်ရသည်။

အလွန်အရေးပါသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်သည့်အတွက် အန်လင်းမှာ အခြားသူများအား ထုတ်ဖော်ပြောလိုခြင်း မရှိပုံပင်။

စိတ်ပျက်လက်ပျက် ဖြစ်ပြီးသည့်နောက်တွင် ယီစီသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ အန်လင်းအနေဖြင့် သူ၏လျှို့ဝှက်ချက်အား ပြောလိုလျှင်ပင် ယီစီသည် ထိုအခြင်းအရာအား ကိုယ်တိုင်သိမြင်လာအောင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ အရှင် လောင်ဇီ၏ တပည့်တစ်ဦးဖြစ်သော သူ၏ မာနဖြစ်သည်။ မည်သည့်အရာကမျှ သူ့အား မတားဆီးနိုင်ချေ။

ဤအခြေအနေမှာ အနည်းငယ် ကိုးရို့ကားယား နိုင်လှသည့်အတွက် အန်လင်းသည် ယီစီအား နှုတ်ဆက်စကားဆိုလိုက်ခြင်းသည်က အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ထိုနေရာမှ ချက်ချင်း ထွက်ပြေးတော့သည်။

လေထဲတွင် ပျံသန်းရင်းဖြင့် စနစ်အား စစ်ဆေးကြည့်လိုက်သည်။

စနစ်၏ ‘နေ့စဉ်နေတိုင်း ကြိုးစားကျင့်ကြံပါ’ ဟူသော စကားစုသည် သူ့အား ပြင်းပြင်းထန်ထန် နာကျင်ခံစားရစေသည်။ အလွန်အမင်း ကံကောင်းလွန်းသဖြင့်သာ တစ်နှစ်မျှနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်သို့ ချိုးဖြတ်ကာ အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ကျင့်ကြံခြင်းအခြေခံမှာ ပြောင်းလဲသွားပြီ ဖြစ်သည့်အတွက် စနစ်၏ တာဝန်နေရာတွင် ညွှန်ကြားချက်အသစ် ရောက်ရှိနေသင့်သည်။

စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် _ လိုအပ်ချက် : အင်ပါယာအဆင့် ပင်လယ်မိစ္ဆာတစ်ကောင်ကို ကိုယ်ပိုင်ခွန်အားဖြင့် သတ်ဖြတ်ပစ်ရမည်။

ထိုလိုအပ်ချက်အား မြင်တွေ့ပြီးသည့်နောက်အတွင် အန်လင်းမှာ ယိမ်းထိုးလာတော့သည်။ “ဒါက....”

အင်ပါယာအဆင့် ပင်လယ်မိစ္ဆာဆိုသည်မှာ ဧကရာဇ်အဆင့်မကောင်းဆိုးဝါးများနှင့် တူပေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပြီးမှသာ ထိုဂုဏ်ပုဒ် ရရှိခြင်းဖြစ်သည်။

ပင်လယ်မိစ္ဆာများမှာမူ အရှေ့ပင်လယ်နှင့် အနောက်ပင်လယ်တို့တွင် ပေါပေါများများ တွေ့နိုင်ပေသည်။ လုံ့လဝီရိယရှိရှိ ရှာဖွေမည်ဆိုလျှင် တစ်ကောင်တစ်လေ ရှာတွေ့နိုင်သည်။

ဤတာဝန်သည် သူ၏ ကိုယ်ပိုင်ခွန်အားကို အသုံးပြုကာဖြင့် ရန်သူတစ်ဦးအား ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏ ဂမ်ဒမ်များအား အသုံးပြုကာ ပင်လယ်မိစ္ဆာများအား သတ်ဖြတ်၍ မရချေ။ စနစ်သည် ‘ကိုယ်ပိုင်ခွန်အားကို အသုံးပြုရမည်’ ဟု ပြောကြားထားသည့်အတွက် ဤတာဝန်မှာ အရမ်းခက်ခဲနေခြင်း မဟုတ်ပေ။

ဤတာဝန်အား ပြီးမြောက်သွားလျှင် အန်လင်း၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာနိုင်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်မှာ လွန်စွာနှေးကွန်းလှသည်။ ပါရမီရင့်သန်သူများပင်လျှင် အဆင့်တက် ချိုးဖြတ်ရန် နှစ်အနည်းငယ်ခန့် လိုအပ်သည်။

အန်လင်းသည် အချိန်များစွာ ဖြုန်းတီးရန် ဆန္ဒမရှိချေ။ စုရှောင်လန်အား မြန်မြန်ဆန်ဆန် ပိုးပန်းချင်သည်။

ထိုအကြောင်းအား စဉ်းစားမိသည့်အခါတွင် သူ၏ အားလပ်ရက်တွင် အရှေ့ပင်လယ်သို့ သွားကာဖြင့် ပင်လယ်မိစ္ဆာအား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အန်လင်းသည် ဆုံးဖြတ်ချက် ချပြီးသည့်နောက် ချက်ချင်းဆိုသလို ထွက်ခွာရန် ပြင်ဆငလိုက်သည်။

အရုဏ်တက်ချိန်တွင် ရှောင်ချိုး၊ တပိုင်တို့နှင့်အတူ ထွက်ခွာလာခဲ့သည်။

သူ၏အစီအစဉ်အား ဆုံးဖြတ်ပြီးသည့်နောက်တွင် အန်လင်းသည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား မေ့လျော့နေသည်ဟု ခံစားနေမိသည်။

“ဘာလို့များ တစ်ယောက်ယောက်ကို မေ့နေတယ်လို့ ခံစားနေရတာလဲ။” မျက်ခုံးများ တွန့်ကွေးကာဖြင့် စဉ်းစားလိုက်သည်။

ရှောင်ချိုးရှိတယ်။ တပိုင်လည်း ရှိနေတယ်။

“လခွမ်းဟေ့ ရှောင်းဟုန်...” အန်လင်းမှာ ရုတ်တရက်ဆိုသလို အမှတ်ရလိုက်မိသည်ကြောင့် အော်ဟစ်လိုက်သည်။

သူ၏ ပန်းပွင့်နီနီလေးအား ရုတ်ချည်းမှတ်မိသွားသည့်အတွက် မျက်လုံးများပြူးကျယ်လာတော့သည်။

တပိုင်သည်လည်း အန်လင်း၏ အာမေဋိတ်အသံကြောင့် “ဝုတ် တစ်ယောက်ယောက် ပျောက်နေပါတဘ်လို့ ထင်နေတာ။ မမဟုန် ဖြစ်နေတာကိုး။ မမက စုရှောင်လန်နဲ့ အတူရှိနေတာ မဟုတ်လား။”

အန်လင်း သွားဖြီးကာဖြင့် “ဆောင်းနဂါးသင်္ချိုင်းမှာတုန်းက စုရှောင်လန်ဆီကို ခုန်ဝင်သွားမယ်လို့ ငါက မထင်ထားဘူးလေ။ ရက်တွေ အဲလောက်ကြာတာတောင် ငါတို့က သူမပျောက်နေတာကို သတိမထားမိခဲ့ကြဘူး။”

“မမဟုန်ရဲ့ တည်ရှီမှုက အတော်လေး ဝေးနေပြီ။ စုရှောင်လန်နဲ့အတူ ဗာမီလီယမ်ငှက်ဂိုဏ်းကို ရောက်နေလောက်ပြီ  ထင်တယ်။” ရှောင်ချိုးသည်လည်း ခေါင်းယမ်းလိုက်သည်။

အန်လင်းသည် နဖူးကိုရိုက်ကာဖြင့် သက်ပြင်းချလိုက်မိသည်။ “ထားလိုက်ပါတော့လေ။ ဗာမီလီယမ်ငှက်ဂိုဏ်းမှာလည်း နေရောင်ခြည် စုပ်ယူနိုင်မှာပါ။ ငါတို့မှာ အချိန်သိပ်မရဘူး။ အခုပဲ အရှေ့ပင်လယ်ကို သွားကြစို့။”

တပိုင်သည် လျှာတစ်လစ်ထုတ်ကာဖြင့် “အဖွဲ့ဝင်အသစ်လေးတွေ မခေါ်တော့ဘူးလား။ ဝုတ်”

“စုရှောင်လန်က ဂိုဏ်းကိုပြန်ပြီး ရှန့်ယင်ရဲ့ အမွေအနှစ်တွေကို အခြေကျအောင် လုပ်ရဦးမယ်။ စုချန်းရန်ကတော့ ချန်အယ်နဲ့အတူ နေပေးဖို့ လိုအပ်တယ်။ အစ်ကိုကြီးချန်က အင်မော်တယ်စိတ်ဝိညာဉ်တစ်သောင်းဂိုဏ်းမှာ တံခါးပိတ် ကျင့်ကြံနေတယ်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို မရောက်မချင်း ထွက်လာမှာ မဟုတ်ဘူး။”

သူတို့၏ တန်းခွဲ ၁ တွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိလာလေပြီ။ စုချန်းရန်သည် တာအိုရူးသွပ်သူ ဟူသည့် ဂုဏ်ပုဒ်နှင့် ကိုက်ညီလွန်းလှသည်။ သူမ၏ တာအိုအပေါ် နားလည်သဘောပေါက်မှုသည် သူမ၏ ကျင့်ကြံခြင်းအား အလွန်လျှင်မြန်စွာ တိုးတက်လာစေသည့်အတွက် တန်းခွဲ ၁ တွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်လာသည်။

စုရှောင်လန်မှာမူ ဆောင်းနဂါးသင်္ချိုင်းအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် အဆင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ရွှမ်ယွမ်ချန်သည် ထိုအကြောင်းကို သိပြီးသည့်အခါ စိတ်မကြည်မသာ ဖြစ်လာခဲ့သည်။ သူသည် အစစ်အမှန်နတ်ဘုရာတစ်ပါး၏ ထောက်ခံစာ ရရှိထားခဲ့သော ကျောင်းသားတစ်ဦး ဖြစ်သည်။ သူ၏ အတန်းဖော်နှစ်ဦးမှ သူ့အား လျှင်မြန်စွာ ကျော်တက်သွားသည့် ဖြစ်ရပ်အား သည်းမခံနိုင်လောက်အောင် ဖြစ်ရသည်။

ထို့ကြောင့် ရွှမ်ယွမ်ချန် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်းအား အန်လင်းအနေဖြင့် အထူးအထွေ အံ့ဩမိခြင်း မရှိပေ။

“အင်ပါယာအဆင့် ပင်လယ်မိစ္ဆာကို ရင်ဆိုင်ရမှာကြောင့် ငါတို့အားလုံး ဂရုစိုက်ကြရမယ်။”

အန်လင်းသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပင်လယ်မိစ္ဆာတစ်ကောင်သာလျှင် ဖြစ်သည်။ သူ့အနေဖြင့် ကြောက်ရွံ့နေရန် လိုချေ။

“သွားကြစို့ တပိုင်နဲ့ ရှောင်ချိုးရေ... အခုပဲ အရှေ့ပင်လယ်ကို ခရီးနှင်ကြစို့။”

***

All Chapters