← Chapters

အရှေ့ပင်လယ်

Vol. 20 Ch. 270

အရှေ့ပင်လယ်

Vol. 20 Ch. 270

ကိုးပြည်ထောင်နိုင်ငံတော်နှင့် အရှေ့ပင်လယ်အကြားတွင် ကိုးပြည်ထောင်နိုင်ငံတော်ထက် အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်သည် ကုန်းမြေတစ်ခု ရှိသည်။ ထိုက်ချူကုန်းမြေကြီးရှိ သေးငယ်သည့် မျိုးနွယ်စုပေါင်း တစ်ရာကျော်သည် ထိုကုန်းမြေကျယ်ပေါ်၌ နေထိုင်ကြသည်။

အန်လင်းသည် အရှေ့ပင်လယ်သို့ ပျံသန်းသွားရန် မရွေးချယ်ခဲ့ပေ။ ပျံသန်းသွားမည်ဆိုလျှင် တပိုင်အနေဖြင့် အရှေ့ပင်လယ်သို့ မရောက်မီမှာပင် သေဆုံးသွားနိုင်သည်။

လွန်စွာ ချမ်းသာကြွယ်ဝနေသည့် အတွက်ကြောင့်သာ ကံကောင်းတော့သည်။ ထို့ကြောင့် တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း အစီအရင်များစွာအား ဆက်တိုက်ဖြတ်သန်းကာဖြင့် အရှေ့ပင်လယ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။

“ဝိုး.. အဲဒီတော့ ဒါက အရှေ့ပင်လယ်ပေါ့။ အဆုံးမရှိဘူးလို့တောင် ထင်ရတယ်။”

အန်လင်းသည် သဲထူထူကုန်းမြေပေါ်တွင် မတ်တတ်ရပ်ကာဖြင့် မိုးကုတ်စက်ဝိုင်းအား ကြည့်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။

ပြာဖျော့ဖျော့ ရေပြင်ကျယ်၊ အဆုံးမဲ့ ကျယ်ပြန့်မှု၊ ခမ်းနားထည်ဝါမှု နှင့် တင့်တယ်ခန့်ညားမှု။ အရှေ့ပင်လယ်အား ပထမဆုံး မြင်တွေ့ရသည့် အခိုက်အတံ့မှာပင် ထိုသို့သော ခံစားမှုများကို ပေးစွမ်းလေသည်။

သူတို့ရောက်ရှိနေသည့် နေရာမှာ ပုလဲနိုင်ငံတော်အတွင်း တည်ရှိသည်။

ပုလဲနိုင်ငံတာ်အား ပုလဲလူမျိုးများ အုပ်စိုးသည်။ သူတို့သည် အထက်တွင် ပြောခဲ့ပြီးသော ထိုကုန်းမြေတွင် နေထိုင်သည့် မျိုးနွယ်စုငယ်များထဲမှ တစ်ခုဖြစ်သည်။ ထိုပုလဲလူမျိုးတို့၏ သွင်ပြင်မှာ လွန်စွာစိတ်ဝင်စားဖွယ် ဖြစ်သည်။ သူတို့သည် လူသားများကဲ့သို့ ဖြူဝါရောင် ခြေလက်များ ပါရှိသော်လည်း လွန်စွာပုတိုကြသည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များမှာ လွန်စွာလုံးဝန်းကြပြီး ပျမ်းမျှအရပ်မှာ ၁ မီတာ (သုံးပေ) ခန့်သာလျှင် ရှိသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် လူသားသဏ္ဌာန် ပုလဲလုံးများ လမ်းလျှောက်ထွက်လာသည်နှင့်ပင် တူလေသည်။

“သခင်လေး အန်လင်းရှင့် ဒီနေရာကတော့ မိစ္ဆာခုနစ်ဖော်နယ်မြေနဲ့ အနီးဆုံး သမုဒ္ဒရာအပိုင်းပဲ ဖြစ်ပါတယ်။”

ပုလဲလုံးကြီး တစ်လုံးသည် အဝေးတစ်နေရာအား ညွှန်ပြလာပြီး သူမ၏ လုံးဝန်းသော မျက်နှာပြင်တွင် လေးနက်မှုများနှင့် ဖြစ်သည်။

သူမ၏ အမည်မှာ ချီချီ ဖြစ်သည်။ သူမသည် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြင့် အန်လင်းတို့ ငှားယမ်းထားသော ပရော်ဖက်ရှင်နယ် ဧည့်လမ်းညွှန်ဖြစ်သည်။

သူမသည် ပေါ်လန်မြို့အနီးတဝိုက်တွင် ထင်ရှားကျော်ကြားဆုံးသော အလှပဂေးတစ်ဦး ဖြစ်သည်။ လုံးဝန်းမှု အရှိဆုံး၊ ချောမွေ့မှု အရှိဆုံးနှင့် ဖြူဖွေးနေသည့် ခန္ဓာကိုယ်တို့ဖြင့် အန်လင်း၏ အမြင်ထဲတွင်ပင် သူမသည် အတော်လေး လှပကာ အနုပညာဆန်လေသည်။

အန်လင်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ မိစ္ဆာခုနစ်ဖော်နယ်မြေသည် သမုဒ္ဒရာ၏ အထင်ရှားဆုံးသော အပိုင်းဖြစ်ကာ မကြာခဏဆိုသလို စွမ်းအားကြီးသည့် ပင်လယ်မိစ္ဆာများအား မြင်တွေ့ရလေ့ရှိသည်။ ထိုပင်လယ်မိစ္ဆာများသည် သူတို့၏ နယ်မြေအတွင်း သွားလာသည့် လှေများအား မကြာခဏဆိုသလို တိုက်ခိုက်ကြပြီး အချို့ သွေးဆာသည့် ပင်လယ်မိစ္ဆာများဆိုလျှင် သူတို့၏ ပိုင်နက်ဖြစ်သည့် သမုဒ္ဒရာအတွင်းမှ ထွက်ကာ သားကောင်လိုက်ရန်အတွက် ကမ်းခြေသို့ပင် တက်လာတတ်ကြသည်။

အရှေ့ပင်လယ်၏ ထိုနေရာအား အစွမ်းထက် မိစ္ဆာ ခုနစ်ကောင် အုပ်ချုပ်သည်ဟူသည့် ဒဏ္ဍာရီတစ်ခုလည်း ရှိနေပြီး သူတို့၏ အုပ်ချုပ်မှုအောက်တွင် ပင်လယ်မိစ္ဆာ သောင်းနှင့်ချီကာ ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ထိုနယ်မြေအား မိစ္ဆာခုနစ်ဖော် နယ်မြေဟု ခေါ်ဆိုကြခြင်းပင်။

အန်လင်းသည် များပြားလှသည့် ငှားယမ်းခအား ထက်ထက်သန်သန် ပေးချေလာခြင်းနှင့် သူ၏ အစွမ်းထက် ကျင့်ကြံခြင်းအခြေခံကြောင့်သာ မဟုတ်ခဲ့လျှင် ချီချီအနေဖြင့် အန္တရာယ်များသည့် အလုပ်အား လက်ခံခဲ့မည် မဟုတ်ချေ။

“ကောင်းပြီလေ။ အခုတော့ မနက်ဖြန် သမုဒ္ဒရာထဲ သွားဖို့အတွက် လိုအပ်တာလေးတွေ ပြန်ပြင်ဆင်ကြတာပေါ့။” အန်လင်းသည် ပင်လယ်ထဲသို့ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ခုန်ပေါက်နေလေသည်။ “အစွမ်းထက် မိစ္ဆာ ၇ ကောင် ရှိနေတော့ကော ဘာဖြစ်လဲ။ သူတို့အားလုံးကို သတ်ဖြတ်ပြီး ဓားပြဗိုလ် လုပ်လိုက်မှာပေါ့။”

အန်လင်း ပြောနေသည်ကို မည်သူကမျှ နားမလည်နိုင်ကြသော်လည်း သူတစ်ဦးတည်း ပြောဆိုနေသည့် စကားများမှနေ သူတို့အဖွဲ့သည် မနက်ဖြန်တွင် ပင်လယ်ထဲသို့ စွန့်စားသွားလာကြမည့် ဆိုသော အရေးကြီးသည့် အချက်အလက် တစ်စွန်းတစ်စကို ကြားသိလိုက်ရသည်။

ပေါ်လန်မြို့အတွင်း၌ လုံးလုံးဝန်းဝန်း ပုလဲလူမျိုးများ နေရာအနှံ့သွားလာ နေကြသည်. သို့သော်လည်း ရံဖန်ရံခါတွင် ယင်းတို့သည် လူသားနှစ်ဦးအား ကြည့်သွားကြသေးသည်။

ထိုလူသားများမှာ ကိုးပြည်ထောင်နိုင်ငံတော်မှ ရောက်ရှိလာကြခြင်း ဖြစ်ပေလိမ့်မည်။ သူတို့သည် လူ့ဘီလူးကြီးများသဖွယ် ပုလဲလူမျိုးများ၏ အပေါ်မှ မိုးထိုးနေကြပြီး အဆောက်အဦများအတွင်းသို့ ဝင်ရောက်ကြသည့်အခါ တံခါးထုပ်တန်းများအား ဂရုပြုရပေလိမ့်မည်။

ပရော်ဖက်ရှင်နယ် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ချီချီမှာ လူမှုဧည့်ခံရာ၌ လွန်စွာ ကျွမ်းကျင်လှသည်။

အန်လင်းတို့သည် သူမ၏ ဦးဆောင်မှုနှင့်အတူ ထိုဒေသအား စူးစမ်းလေ့လာကာ ပျော်ရွှင်အားကို ခံစားနေကြလေသည်။

ညအချိန်သို့ ရောက်သည့်အခါတွင် ချီချီသည် သူတို့အား နာမည်ကျော် စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားပြီး ပင်လယ်စာများအား မှာယူလိုက်သည်။ ထို စားပွဲအပြည့် ပင်လယ်စာများမှာ လွန်စွာ အရသာရှိလှပြီး ပင်လယ်ငါးများ၊ ကမာကောင်များနှင့် ပင်လယ်ငှက်များ ပါဝင်သည်။ အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် ထိုပင်လယ်စာ တစ်ဝိုင်းလုံးအား စံချိန်တင်လောက်စွာ ရှင်းလင်းပစ်ခဲ့ကြသည်။

သူတို့ စားသောက်ဖူးသမျှထဲတွင် အရသာအရှိဆုံးသော ပင်လယ်စာများ ဖြစ်ည်။ စားသောက်ပြီးစီးသည့်အခါ ဟိုတယ်တွင် စတည်းချလိုက်သည်။

“ကျွန်မ ကုန်သင်္ဘောကြီး သုံးစင်း စီစဉ်ထားပါတယ်။ ကုန်သင်္ဘောတွေရဲ့ အပေါ်ထပ်တွေမှာ ကုန်ပစ္စည်းအပြည့် ပါဝင်ပြီး ပင်လယ်မိစ္ဆာတွေကို ဆွဲဆောင်ဖို့အတွက် အလွန်ပြင်းထန်တဲ့ ရနံ့နဲ့ ငါးစာတွေလည်း ပါဝင်ပါတယ်။” ချီချီသည် အန်လင်း၏အရှေ့တွင် ထိုင်ကာဖြင့် နောက်တစ်နေ့ ပင်လယ်သို့ ထွက်ခွာရာတွင် လိုအပ်မည်များကို ပြင်ဆင်ထားမှုအား တင်ပြနေလေသည်။

ပင်လယ်မှာ အပြောကျယ်လှသည်။ အကယ်၍ ပင်လယ်အတွင်းသို့ လက်ချည်းဗလာဖြင့် သွားကာ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာများအား ရှာဖွေမည်ဆိုလျှင် ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ပင်လယ်မိစ္ဆာများအား ဆွဲဆောင်ဖမ်းစားနိုင်မည့် အကောင်းဆုံးသော နည်းလမ်းမှာ ကုန်တင်သင်္ဘောများဖြင့် ငါးစာချရန် ဖြစ်သည်။

အခန်းအတွင်း စကားပြောဆိုနေကြစဉ်မှာပင် ရုတ်တရက်ဆိုသလို သူတို့၏ အောက်ခြေရှိ မြေပြင် တုန်ခါလာသည်။

ဘုန်း

အဝေးမှ နားကွဲလုတမျှ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်နေပုံပင်။

အန်လင်းသည် စူးစမ်းလိုဟန်ဖြင့် ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်သည်။

ချီချီသည်လည်း မတ်တတ်ရပ်ကာဖြင့် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီးနောက် မြို့ရိုးဆီသို့ ကြည့်လိုက်သည်။ မြို့ရိုးတွင် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များနှင့် တလွင့်လွင့်မြင့်တက်နေသည့် မီးခိုးများအား မြင်တွေ့လိုက်ရသည်။ “အဲဒါ ပင်လယ်မိစ္ဆာတွေပဲ။ ပင်လယ်မိစ္ဆာတွေက မြို့ကို တိုက်ခိုက်နေကြတာ။”

“ပင်လယ်မိစ္ဆာတွေက မြို့ကို တိုက်ခိုက်နေကြတာတဲ့လား။”

အန်လငး၏ မျက်လုံးများ အရောင်လက်လာပီး တပိုင်နှင့် ရှောင်ချိုးအား ကြည့်လိုက်သည်။ တပိုင်နှင့် ရှောင်ချိုးတို့မှာလည်း သူနှင့် တစ်ထပ်တည်းပင် ရှိကြသည်။

သူတို့သည် ပင်လယ်မိစ္ဆာများအား ထောင်ချောက်ဆင်ရန် တွေးတောနေစဉ်မှာပင် ပင်လယ်မိစ္ဆာများ ပြဿနာရှာသည်နှင့် ကြုံတွေ့လိုက်ရသည်။ လက်လွှတ်မခံသင့်သည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။

“အဲဒီ ပင်လယ်မိစ္ဆာတွေနဲ့ သွားမိတ်ဆက်ကြရအောင်ဟေ့”

အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် တပိုင်၏ကျောပေါ်သို့ တက်ကာ မြို့ရိုးဆီသို့ ပျံသန်းသွားလေသည်။

“ဂရုစိုက်နော်။ ပင်လယ်မိစ္ဆာ အတော်များများက အဆိပ်ရှိကြတယ်။” ချီချီမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သို့ မရောက်ရှိသေးသည့်အတွက် ပျံသန်းနိုင်ခြင်း မရှိပေ။ ထို့ကြောင့် အန်လင်းတို့အား သတိပေးလိုက်ရန်သာ တတ်နိုင်လေသည်။

“မှတ်ထားပါ့မယ်။”

အန်လင်းသည် နောက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲနှင့် မြို့ရိုးဆီသို့ ပျံသန်းသွားလေသည်။ ပင်လယ်မိစ္ဆာများ အဆိပ်ရှိလျှင်ပင် မမှုချ။ သူ၏ အမြဲစိမ်းနည်းစနစ်သည် အဆိပ်မှန်သမျှအား ပြေပျောက်နိုင်သည်။ နတ်ဆိုးဝိညာဉ်အင်ပါယာများ၏ အဆိပ်ကိုသာလျှင် အလေးထားရန် လိုအပ်ည်။

ထိုအချိန်တွင် မြို့ရိုးမျက်နှာစာတစ်ဝိုက်မှာ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ပုလဲလူမျိုးများသည် လရောင်အောက်တွင် တောက်ပရွှန်းစိုလျက် ရှိကြပြီး မြို့ရိုးပတ်လည်တွင် ပြေးလွှားနေကြကာ ခံစစ်လှိုင်းတစ်ခုသဖွယ် ဖြစ်တည်လာကြပြီး မြို့ရိုးအောက်ခြေရှိ ပင်လယ်မိစ္ဆာများအပေါ်သို့ အမြှောက်ဆန်များ ပစ်လွှတ်လိုက်ကြသည်။

“ရန်သူတွေ အရမ်းများနေပါတယ် ဗိုလ်ချုပ် ပုလဲဘုရင်။ အခုလို ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခံစစ်က ကျိုးပျက်သွားပါလိမ့်မယ်။” ပုလဲစစ်သည်တစ်ဦး အော်ပြောလိုက်သည်။

“တောင့်ခံထားကြ။ တလန်မြို့ကို စစ်ကူတောင်းထားတယ်။ မကြာခင် ရောက်လာမယ်လို့ ပြောတယ်။” တလက်လက်တောက်ပနေသော ရွှေရောင်ချည်မျှင်သံချပ်ကာ ဝတ်ဆင်ထားသည့် ကြီးမားလုံးဝန်းသော ပုလဲကြီးသည် တင်းမာသည့်မျက်နှာထားဖြင့် ပြောလေသည်။

သူတို့ပြောဆိုနေစဉ်မှာပင် ရုတ်တရက်ဆိုသလို ကြီးမားသည့် လက်တံကြီးတစ်ခုသည် မြို့ရိုးထိပ်အား ကျော်လွန်သည့်တိုင်အောင် ဆန့်တန်းလာပြီး ကြီးမားသည့် စွမ်းအားများဖြင့် ဝှေ့ယမ်းပစ်လိုက်သည်။

မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ပုလဲစစ်သည်များ မချိတင်ကဲ အော်ဟစ်ပြီးနောက် မြို့ရိုးပေါ်မှ ပြုတ်ကျသွားလေသည်။

“ဟားဟားဟားဟား ပုလဲဘုရင်ရေ.. မင့်ရဲ့ အရှင်သခင်နဲ့ လာတွေ့ပါဦး” အမြင့် ပေ ၁၀၀ ကျော်ခန့်ရှိသော ကြီးမားသည့် ရေဘဝဲကြီးသည် မြို့အပြင်ဘက်တွင် ထွက်ပေါ်လာပြီး အော်ဟစ်ရယ်မောကာဖြင့် အထက်စီးဆန်စွာ ပြောလေသည်။

ဝုန်း ဝုန်း ဝုန်း

မြို့ရိုးအတွင်းသို့ အနက်ရောင်ပုံရိပ်များ ရက်ရက်စက်စက် ဝင်ရောက်လာသည်။ များပြားလှသည့် တိုက်ခိုက်မှုများသည် ပုလဲလူမျိုးများအပေါ်သို့ မိုးစက်မိုးပေါက်များသဖွယ် ကျရောက်လာသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများ ရပ်တံ့မည့်ပုံ မပေါ်ချေ။

“ပင်လယ်နက်ရေဘဝဲဘုရင်.. ရေနက်လိပ်ဧကရာဇ်..” မြို့အား တိုက်ခိုက်နေသည့် ဧရာမ သတ္တဝါကြီး နှစ်ကောင်အား မြင်တွေ့လိုက်ရသည့်အခါ ပုလဲဘုရင် မျက်နှာပျက်သွားသည်။

“ငါ့ကိုလည်း မမေ့နဲ့ဦး။” ထိုအချိန်တွင် ထိုးထွင်း၍မြင်နိုင်သော သတ္တဝါတစ်ကောင်သည် လျှပ်စီးများ တလက်လက်တောက်နေသည့် ခန္ဓာကိုယ်ဖြင့် ပုလဲဘုရင်၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။ “မင်းရဲ့ အဓိပ္ပါယ်မဲ့တဲ့ ခုခံမှုတွေကို ရပ်လိုက်စမ်းပါ ပုလဲဘုရင်ရာ.. ရဲရဲနီမိစ္ဆာအင်ပါယာက ယစ်ပူဇော်ဖို့ ပုလဲလူမျိုး ၁၀၀၀၀ ကိုပဲ တောင်းဆိုတာပါ။ မင်းတို့ အညံ့ခံပြီး မြို့ရိုးကို  ဖွင့်ပေးလိုက်မယ်ဆိုရင် လိုအပ်တာထက် ပိုမယူဘူးလို့ ကတိပေးတယ်ကွာ။ အဲလိုမှမဟုတ်ဘဲ အားသုံးပြီး ချိုးဖြတ်ရမယ် ဆိုရင်တော့ မြို့ထဲမှာရှိသမျှ အားလုံးကို သတ်ဖြတ်ပစ်ရမှာပဲ။”

ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ တလက်လက်တောက်ပနေသည့် သတ္တဝါကြီးအား မြင်တွေ့လိုက်ရသည့်အခါ ပုလဲဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလာလေသည်။ “လျှပ်စီးဂျယ်လီငါးဘုရင်.. ရဲရဲနီမိစ္ဆာအင်ပါယာက ဒီတစ်ကြိမ်မှာ ပေါ်လန်မြို့ကို မျက်စိကျနေတဲ့ပုံပဲ။”

ပုလဲဘုရင်သည် ပင်လယ်နက်ရေဘဝဲဘုရင်နှင့် ရေနက်လိပ်ဧကရာဇ်တို့ကဲ့သို့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်တွင်သာလျှင် ရှိနေသေးသည်။ သို့သော်လည်း လျှပ်စီးဂျယ်လီငါးဘုရင်မှာမူ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သတ္တဝါကြီး ဖြစ်သည်။ အကယ်၍ ယင်းသာ တိုက်ခိုက်လာမည်ဆိုလျှင် မြို့ရိုးတစ်ခုလုံး ၎င်း၏ တိုက်ခိုက်မှုအောက်တွင် စိစိညက်ညက် ကြေမွသွားပေလိမ့်မည်။

“စဉ်းစားချိန် ၁၀ စက္ကန့် ပေးမယ်။ မြို့တံခါးကို ဖွင့်ပေး။ ပြီးရင် ငါတို့က ပုလဲလူမျိုး ၁၀၀၀၀ ကို ယူပြီးတာနဲ့ ထွက်ခွာသွားပေးမယ်။ ဒါမှမဟုတ်ရင် ခွန်အားသုံးပြီး ချိုးဖျက်မယ်။ ပြီးတာနဲ့ မြို့တစ်ခုလုံးကို သုတ်သင်ပစ်မယ်။” လျှပ်စီးဂျယ်လီငါးဘုရင်၏ အသံမှာ မိုးခြိမ်းသံတမျှ ဆူညံနေလေသည်။ အလွန်ကျယ်လောင်သည့်အတွက်ကြောင့် ယင်း၏ တောင်းဆိုချက်အား ပေါ်လန်မြို့အတွင်းမှပင် ကြားနေရသည်။

ပေါ်လန်မြို့တွင် နေထိုင်ကြသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အဆိုပါ အစွမ်းထက် ပင်လယ်မိစ္ဆာသုံးကောင် စုပေါင်းတိုက်ခိုက်လာမည်ဆိုလျှင် ပုလဲဘုရင်သည် သူတို့၏ ပြိုင်ဘက်မဟုတ်ချေ။

ဂျယ်လီငါးဘုရင်သည် ရေတွက်မှုအား စတင်နေပြီး ဖြစ်သည်။ မြို့သူမြို့သားများမှာ ကြောက်ရွံ့မှုကြောင့် ဟိုဟိုဒီဒီ ပြေးလွှားလျက်ရှိကြသည်။ ပျံသန်းလျက်ရှိသော ငှက်တစ်ကောင်၏ အနေအထားမှ ကြည့်မည်ဆိုလျှင် မြေပြင်ပေါ်တွင် ပုလဲလုံးကြီးများ လှိမ့်နေကြသည်နှင့်တူလေသည်။

“အချိန်စေ့ပြီ။ ကြည့်ရတာ ပုလဲဘုရင်ကတော့ မြို့တစ်ခုလုံး သုတ်သင်ခံချင်ပုံပဲ။” ဂျယ်လီငါးဘုရင်၏ ဆိုးယုတ်သည့် အသံနှင့်အတူ လျှပ်စီးများလက်လာသည်။

မြို့ရိုးထိပ်ရှိ ပုလဲစစ်သည်များသည် အောက်ခြေရှိ ပင်လယ်မိစ္ဆာတပ်ထံသို့ မန္တန်များဖြင့် ပစ်ခတ်နေကြသည်။

ဘုန်း ဘုန်း ဘုန်း

ရေနက်လိပ်ဧကရာဇ်သည် ယင်း၏ ဝင်ဆောင့်အားကို တိုးမြှင့်လိုက်သည့်အတွက်ကြောင့် မြို့တံခါးထက်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည်။

“မြို့တံခါး ကျိုးပေါက်ပါတော့မယ် ပုလဲဘုရင်...” ပုလဲစစ်သည်တစ်ဦး ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။

ပုလဲဘုရင်၏မျက်နှာတွင် စိတ်ပိုင်းဖြတ်ပြီးဟန်ပေါ်လာပြီး အဖြူရောင်အလင်းတန်းအသွင် ပြောင်းလဲကာ ရေနက်လိပ်ဧကရာဇ်ထံသို့ ပြေးဝင်သွားလေသည်။

“ဟားဟား ငါက ဒီအချိန်ကို စောင့်နေတာကွ။” ဂျယ်လီငါးဘုရင်သည် ပျံသန်းလာသည့် အဖြူရောင်အလင်းတန်းထံသို့ လျှပ်စီးကြောင်းဖြင့် ပစ်လွှတ်လိုက်သည်။

ဝုန်း

လျှပ်စီးကြောင့်နှင့် အဖြူရောင်အလင်းတန်းတို့ ဝင်တိုက်မိရာမှ စွမ်းအင်ပေါ်ကွဲမှုကြောင့် ပုံရိပ်တစ်ခု လွင့်ထွက်သွားလေသည်။

ပုလဲဘုရင်သည် မြို့ရိုးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီးနောက် ကြီးမားသည့် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။

“ပုလဲဘုရင်....” မြို့ရိုးပေါ်ရှိ စစ်သည်များအားလုံး ကြောက်လန့်တကြား အော်ဟစ်ကြလေသည်။

လွင့်စင်ထွက်လာသည့် ပုံရိပ်မှာ သူတို့၏ အစွမ်းထက်ဆုံးသော စစ်သည်တော် ပုလဲဘုရင်သာ ဖြစ်လေသည်။

ပုလဲစစ်သည်များ၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုတို့ ထင်ဟပ်လာကြသည်။ ပုလဲဘုရင်သည်ပင်လျှင် ဂျယ်လီငါးဘုရင်၏ တိုက်ခိုက်မှုတစ်ခုအား တောင့်ခံနိုင်စွမ်း မရှိလျှင် ဤနေ့သည် ပေါ်လန်မြို့ ကျဆုံးရတော့မည့် ကံတရားများလား။

နားကွဲလုတမျှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ရေနက်လိပ်ဧကရာဇ်သည် မြို့တံခါးအား အပေါက်တစ်ခုဖြစ်ပေါ်လာရန် ဝင်ဆောင့်နိုင်ခဲ့ပြီ ဖြစ်သည်။

ပင်လယ်မိစ္ဆာတပ်သည် ကျယ်လောင်စွာ အော်ဟစ်ကာဖြင့် မြို့ရိုးအားဖြတ်ကာ မြို့အတွင်းသို့ ဝင်ရောက်လာကြသည်။

“ဟားဟားဟား ပုလဲလူမျိုး တစ်ယောက်မှ အသက်ရှင်လျက် မထားခဲ့နဲ့။”

လျှပ်စီးဂျယ်လီငါးဘုရင်သည် မြို့ရိုးထံသို့ မရပ်မနား ပြေးလာခဲ့သည်။ ယင်း၏ မြဲမြံသည့် ရည်ရွယ်ချက်မှာ ပုလဲစစ်သည်များအား အကုန်စင်အောင် သတ်ဖြတ်ပစ်ရန်သာ ဖြစ်သည်။

“ဒီချစ်စရာ ပုလဲလူမျိုးလေးတွေကို နင်းချေဖို့ ဆုံးဖြတ်လိုက်တုန်းက ငါ့ရဲ့ သဘောတူခြင်း မတူခြင်းကို မေးခဲ့ဖူးသလား။” ရုတ်တရက်ဆိုသလို အေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်လျှပ်စီးများ တလက်လက်တောက်ပနေသော ကြီးမားလှသည့် လက်သီးကြီးသည် ညကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသကဲ့သို့ ဂျယ်လီငါးဘုရင်၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ဝင်ဆောင့်လိုက်လေသည်။

ဝုန်း

တိုက်ခိုက်ဖို့ရန် မဖြစ်နိုင်သည့် ဂျယ်လီငါးဘုရင်သည် ရွှေရောင်လက်သီးချက်တွင် ပါဝင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်ပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။ ထိုပေါက်ကွဲမှု အနီးဝန်းကျင်တွင်ရှိနေသော ကံဆိုးလှသည့် ပင်လယ်မိစ္ဆာ ဒါဇင်အနည်းငယ်ခန့်သည်လည်း သေဆုံးသွားခဲ့ကြသည်။

ကောင်းကင်ထက်၌ ခွေးဖြူကြီးတစ်ကောင်ပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှိနေသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ပုလဲလူမျိုးများအတွက် ကံတရားမှ စေလွှတ်လိုက်သည့် ကယ်တင်ရှင်တစ်ဦးသဖွယ် ရှိနေလေသည်။

ဓားအင်မော်တယ် အန်လင်း စင်မြင့်ထက်တွင် ထွက်ပေါ်လာလေပြီ။

***

All Chapters