← Chapters

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့

Vol. 3 Ch. 22

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့

Vol. 3 Ch. 22

မွန်းလွဲပိုင်းအချိန် ဖြစ်သည်။

ရွှီနင်သည် ခွာထားသော ကျားသစ်သားရေကို ယူဆောင်လျက် ထောင်ရွာသို့ ပြန်လာခဲ့သည်။

သူ ထောင်ရွာဘက်သို့ လျှောက်လာနေစဉ်တွင် ဖြစ်သည်။

ထောင်ရွာထဲမှ မြင်းစီးလူတစ်စု ဒုန်းစိုင်းထွက်ခွာလာသည်ကို ရွှီနင် မြင်လိုက်ရသည်။

သူတို့သည် အနက်ရောင် သံချပ်ကာနှင့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတို၊ ဓားရှည်များကို ချိတ်ဆွဲထားကြသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင် သူတို့၏ လှုပ်ရှားမှုများမှာ ညီညာပြီး မြင်းစီးအရှိန်မှာလည်း တစ်ပြေးညီ ဖြစ်နေသည်။

သူတို့ထံမှ ပြင်းထန်သော ဖိအားပေးမှုအငွေ့အသက်များ ထွက်ပေါ်နေသည်။

“သူတို့က... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့များလား”

.

ရွှီနင် ဇဝေဇဝါ ဖြစ်သွားသည်။

ပြီးခဲ့သည့်တစ်ခေါက် ထောင်ယွင်ကန်းနှင့်အတူ မြို့ထဲသို့ ကုန်လှည်းလိုက်ပို့စဉ်က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို ရွှီနင် တဒင်္ဂ မြင်ဖူးခဲ့သည်။

ထို့ကြောင့် သူ ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာမှာ ဘာလာလုပ်တာလဲ”

သူ့ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ထောင်ရွာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ လာရောက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

“လတ်တလောကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လို့များလား”

ရွှီနင် စိတ်ထဲတွင် ထင်ကြေးပေးလိုက်မိသော်လည်း အဖြေရှာမရသေးပေ။

မကြာမီ သူသည် ထောင်ရွာဝင်ပေါက် တံခါးဝသို့ ရောက်ရှိလာသည်။

ရွာအဝင်ဝတွင် ကင်းသမားများ စောင့်ကြပ်နေကြသည်။

“ရွှီနင်... မင်း ပြန်ရောက်လာပြီပဲ၊ ဒီတစ်ခါ ဘာပါလာလဲ”

ရွှီနင် လျှောက်လာသည်နှင့် မုတ်ဆိတ်မွေးနှင့် လူကောင်ကြီးကြီး အစောင့်တစ်ဦးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ရွှီနင်သည် ရက်ခြားဆိုသလို ရွာပြင်ထွက်လေ့ရှိရာ ရွာအဝင်ဝမှ အစောင့်များနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ ထို့အပြင် ထောင်ယွင်ကန်းကို ကူညီပြီး ကျန်စန်းတောင်းကို နှိမ်နင်းခဲ့သည့် ဖြစ်ရပ်ကြောင့် သူ့ကို မှတ်မိသူ ပိုများလာသည်။

“ကျားသစ်သားရေတစ်ချပ် ရလာတယ်ဗျ”

ရွှီနင်က ပြုံးလျက် ပြန်ဖြေသည်။ “နှမြောစရာကောင်းတာက မြားချက်တွေကြောင့် သားရေမှာ အပေါက်တွေ ဖြစ်သွားတာပဲ”

“မဆိုးပါဘူးကွာ... တစ်နေ့ကုန် ဒီမှာ မတ်တတ်ရပ်နေရတဲ့ ငါတို့ထက်စာရင် အများကြီး သာပါသေးတယ်”

အစောင့်က အားကျသည့်လေသံဖြင့် ရယ်မောကာ ပြောလိုက်သည်။

ထောင်ရွာမှ အစောင့်အများစုမှာ သာမန်လူများသာဖြစ်ပြီး အနည်းငယ်သာ အတွင်းအားနှင့် ပြင်ပသိုင်းပညာ တတ်မြောက်ကြသည်။

သူတို့၏ နေ့စဉ်အလုပ်မှာ ရန်သူကြောက်အောင် ဟန်ရေးပြရုံသာဖြစ်ပြီး ဝင်ငွေမှာ အတော်လေး နည်းပါးလေသည်။

“ဒါနဲ့... စောစောက ရွာထဲကနေ လူတစ်စု ထွက်သွားတာ တွေ့လိုက်တယ်... အဲဒါ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ မဟုတ်လား”

ရွှီနင် မေးလိုက်သည်။

“ဟုတ်တယ်... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ပဲ”

အစောင့်က ပြောသည်။ “သူတို့ရောက်လာတုန်းက ငါတို့လည်း လန့်သွားတာပဲ။ အရင်က သူတို့ကို တစ်ခါမှ မမြင်ဖူးဘူးလေ။ သူတို့က မျိုးနွယ်စုခေါင်းဆောင်နဲ့ တွေ့ချင်တယ်ဆိုတော့ ငါတို့လည်း မငြင်းရဲဘူးပေါ့”

“သူတို့ ရွာထဲမှာ ဘာလုပ်ကြတာလဲ”

ရွှီနင် မေးလိုက်သည်။

“အဲဒါတော့ ငါလည်း မသိဘူး...”

အစောင့်က ခေါင်းခါလိုက်သည်။

“ဩော်...”

ရွှီနင်လည်း ဆက်မမေးတော့ပေ။

စကားအနည်းငယ် ပြောပြီးနောက် ရွှီနင်သည် ရွာထဲရှိ မုဆိုးဆိုင်သို့ သွားရောက်ကာ ကျားသစ်သားရေကို ရောင်းချလိုက်လေသည်။

…

မျိုးနွယ်စု အကြီးအကဲခန်းမတွင် ဖြစ်သည်။

ခန်းမထဲ၌ လူဆယ်ဦးခန့် ထိုင်နေကြသည်။

သူတို့သည် ငယ်ရွယ်သူများ မဟုတ်ကြဘဲ အငယ်ဆုံးလူပင်လျှင် ဆံပင်ဖြူအချို့ ပေါက်နေပြီ ဖြစ်သည်။

လူတိုင်းထံမှ ကိုယ်ပိုင်အငွေ့အသက်များ ထွက်ပေါ်နေကြရာ သိုင်းပညာရှင်များဖြစ်ကြောင်း သိသာလှသည်။

ဤလူများသည် ထောင်ရွာ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသူများ ဖြစ်ကြသည့် ထောင်မျိုးနွယ်စု အကြီးအကဲများ ဖြစ်ကြသည်။

“အားလုံး စုံကြပြီလား”

ထိပ်ဆုံးတွင် ထိုင်နေသူမှာ တက်ကြွရွှင်လန်းနေသော အဘိုးအိုတစ်ဦး ဖြစ်သည်။

ဆောင်းရာသီ ဖြစ်သော်လည်း သူသည် အင်္ကျီပါးပါးလေးကိုသာ ဝတ်ဆင်ထားပြီး လက်မောင်းပေါ်မှ ကြွက်သားများမှာ ထင်းနေသည်။

သူသည် လက်ရှိ ထောင်မျိုးနွယ်စုခေါင်းဆောင် ထောင်ကျင်ရှင် ဖြစ်သည်။

“စုံပါပြီ”

အောက်ဘက်တွင် ထိုင်နေသော မျိုးနွယ်စုအကြီးအကဲများမှာ နိုးကြားနေကြပြီး အားလုံး၏ အကြည့်များသည် ထောင်ကျင်ရှင်ထံသို့ ရောက်နေကြသည်။

“ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်တာက ကိစ္စတစ်ခုပြောပြစရာ ရှိလို့ပဲ”

ထောင်ကျင်ရှင်၏ အသံမှာ မကျယ်လောင်သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ ပါဝင်နေသည်။ “စောစောက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ခေါင်းဆောင် ရှယွမ်ရှင် ရွာကို ရောက်လာပြီး ကျုပ်နဲ့ တွေ့သွားတယ်”

“ရှယွမ်ရှင် ဟုတ်လား”

အကြီးအကဲများ ကြားလိုက်ရသောအခါ အချို့က အံ့သြသွားကြပြီး အချို့ကမူ တည်ငြိမ်နေကြသည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ရောက်လာသည်ကို အချို့က ကြိုသိနေကြပြီး အချို့ကမူ လုံးဝမသိကြကြောင်း ထင်ရှားနေသည်။

“ခေါင်းဆောင်... ရှယွမ်ရှင်က ဒီကို ဘာလာလုပ်တာလဲ”

စကားပြောသူမှာ ထောင်ကျင်လု ဖြစ်သည်။

သူသည် ယခင်က ရွှီနင်နှင့် အခြားသူများကို နွေဦးလေပြည်ကျင့်စဉ် ပေးအပ်ခဲ့သူ ဖြစ်သည်။

အားလုံးက ထောင်ကျင်လု၏ မေးခွန်းကို ကြားလိုက်ကြသည်။

ရှယွမ်ရှင်သည် ထောင်ကျင်ရှင်နှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်ရာ ဆွေးနွေးသည့် အကြောင်းအရာကို မည်သူမျှ အတိအကျ မသိကြပေ။

ထောင်ကျင်ရှင်က ချက်ချင်းပြန်မဖြေဘဲ လက်ချောင်းများကို ပွတ်သပ်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ရှယွမ်ရှင် ပြောတာကတော့... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာကနေ ပါရမီရှင်တွေကို ရွေးချယ်ချင်တယ်တဲ့”

“ထောင်ရွာကနေ ပါရမီရှင်တွေ ရွေးချယ်ချင်တယ် ဟုတ်လား”

“ဟင်...”

ဤစကားကို ကြားသောအခါ အကြီးအကဲအားလုံး အံ့သြသွားကြသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ထောင်ကျင်ရှင်ကို ပြန်ကြည့်လိုက်ကြသည်။

“ခေါင်းဆောင်... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ဒီဒေသခံတွေကို ဘယ်တုန်းကမှ မခေါ်ဖူးပါဘူး... ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ”

မေးမြန်းလိုက်သူမှာ မုတ်ဆိတ်ဖြူနှင့် ထိပ်ပြောင်ပြောင် အဘိုးအိုတစ်ဦး ဖြစ်သည်။

အားလုံးက ထိပ်ပြောင်အဘိုးအို၏ စကားကို ထောက်ခံကြသည်။

ယခင်မင်းဆက် ပျက်သုဉ်းပြီးနောက် ပြည်နယ်မြို့တော်များ၊ ဂိုဏ်းများနှင့် မိသားစုများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သော နှစ် ၃၀ က ယွမ်ရှန်းဂိုဏ်း အင်အားကြီးထွားလာပြီး ဖေးယွင်ပြည်နယ်၏ ခေါင်းဆောင်အစစ်အမှန် ဖြစ်လာခဲ့သည်။

ထို့နောက် ယွမ်ရှန်းဂိုဏ်းသည် ပြည်နယ်မြို့တော် ယွင်ယင်းမြို့တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဒေသအသီးသီးကို ထိန်းချုပ်အုပ်ချုပ်စေခဲ့သည်။

ဤနှစ် ၃၀ အတွင်း ခန်းယွင်ခရိုင်ရှိ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များ ပြောင်းလဲခဲ့သော်လည်း အသစ်ရောက်လာသူများမှာ အခြားဒေသမှ လာသူများသာဖြစ်ပြီး ဒေသခံများကို လုံးဝ ရွေးချယ်ခန့်အပ်ခြင်း မရှိခဲ့ပေ။

အကြောင်းရင်းကို လူတိုင်း သိကြသည်။

ဖေးယွင်ပြည်နယ်ကို စုစည်းညီညွတ်အောင် လုပ်ဆောင်ပြီးနောက် သူတို့၏ လွတ်လပ်မှုကို ထိန်းသိမ်းရန်အတွက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် ဒေသခံအင်အားစုများနှင့် အမြဲတမ်း စည်းခြားထားလေ့ရှိသည်။

ထောင်ရွာကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က စောင့်ရှောက်ပေးထားသော်လည်း နှစ်ဖက်အကြား နားလည်မှုတစ်ခု ရှိထားသည်။ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာကို အနိုင်ကျင့်လေ့မရှိသလို အမိန့်တစ်ခုခုရှိလာပါကလည်း ထောင်ရွာက ငြိမ်သက်စွာ နာခံလေ့ရှိသည်။

ဤသည်မှာ ထောင်ရွာအတွက်သာမက ခန်းယွင်ခရိုင်ရှိ အခြားရွာကြီးနှစ်ရွာဖြစ်သော ဆုန့်ရွာနှင့် ထန်ရွာတို့အတွက်ပါ အတူတူပင်ဖြစ်သည်။

သို့သော် ထောင်ကျင်ရှင်၏ စကားကြောင့် နှစ်ပေါင်း ၃၀ ကြာ တည်ရှိခဲ့သော ဟန်ချက်ညီမှု ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ထောင်ရွာမှ လူတစ်ဦးဦးသည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားပါက နှစ်ဖက်အကြားရှိ စည်းမျဉ်းများ မှေးမှိန်သွားမည်ဖြစ်ပြီး မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် ဒေသခံအင်အားစုများနှင့် တရားဝင် ပေါင်းစည်းသွားပေလိမ့်မည်။

“ရှယွမ်ရှင် လာပြောတုန်းက ကျုပ်လည်း လန့်သွားတာပဲ”

ထောင်ကျင်ရှင်က ရှင်းပြသည်။ “သူက အကြောင်းရင်းကို တဲ့တိုးမပြောဘူး။ အခြေအနေ မတည်မငြိမ်ဖြစ်နေလို့ အစောင့်အသစ်တွေ ခေါ်ယူဖို့ အဆင်မပြေဘူးတဲ့။ ဒါကြောင့် ဒေသခံ ပါရမီရှင်တွေကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ပြောတယ်”

“ခေါင်းဆောင်... ဒီတစ်ခေါက် လူရွေးတဲ့ သတ်မှတ်ချက်က ဘာလဲ။ လူဘယ်နှစ်ယောက် ရွေးမှာလဲ”

ဆံပင်မီးခိုးရောင်နှင့် အဘွားအိုတစ်ဦးက မေးလိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေပြီး အိုမင်းနေပြီဖြစ်သော်လည်း မျက်လုံးများကမူ တောက်ပပြီး စူးရှနေဆဲဖြစ်သည်။

ဤအဘွားအို၏ အမည်မှာ ထောင်ကျင်ဖန်းဖြစ်ပြီး ထောင်ရွာတွင် အသက်အကြီးဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး အကြီးအကဲဖြစ်သည်။

သူမသည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ ထောင်ရွာအတွက် ဘဝကို မြှုပ်နှံထားသူ ဖြစ်သည်။

“အစ်မကျင်ဖန်း...”

မျိုးနွယ်စုခေါင်းဆောင် ထောင်ကျင်ရှင်ပင်လျှင် ထောင်ကျင်ဖန်းကို လေးစားသမှု ပြုလေသည်။ “ရှယွမ်ရှင် ပြောတာကတော့ ထောင်ရွာကနေ လူ ၂၀ ရွေးချင်တယ်တဲ့။ ရွေးချယ်မှု သတ်မှတ်ချက်တွေကတော့ နည်းနည်းလွန်တယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား အတော်ဆုံး လူငယ်တွေကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ဖို့ ရွေးချယ်မှာပါ”

“အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား အတော်ဆုံး လူငယ်တွေ ဟုတ်လား”

ထောင်ကျင်ဖန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ “ဒါက ထောင်ရွာရဲ့ အမာခံမျိုးဆက်သစ်တွေကို လာလုတာပဲ”

“ဘယ်လိုလုပ် အဖြစ်ခံနိုင်မှာလဲ”

ထောင်ကျင်လုက အလျင်အမြန် ဝင်ပြောသည်။ “ကျုပ်တို့ရဲ့ ပါရမီရှင်တွေကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဆီ ပို့လိုက်ရင် ထောင်ရွာရဲ့ အခြေအနေ ဘယ်လိုဖြစ်သွားမလဲ။ ကျုပ်တို့ရွာရဲ့ အနာဂတ်က ဒီလူငယ်တွေလက်ထဲမှာ ရှိနေတာလေ”

ထောင်ကျင်လု၏ စကားကို ရှိနေသော အကြီးအကဲအားလုံးက ထောက်ခံကြသည်။

စိတ်လှုပ်ရှားနေကြသော အကြီးအကဲများကို ကြည့်ရင်း ထောင်ကျင်ရှင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “တိတ်ကြစမ်း”

ရုတ်တရက် ဆူညံနေသော မျိုးနွယ်စုခန်းမကြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မျိုးနွယ်စုခေါင်းဆောင်အဖြစ် ထောင်ကျင်ရှင်၏ အာဏာနှင့် စွမ်းအားမှာ ထင်ရှားလှပေသည်။

အားလုံး စိတ်ငြိမ်သွားသည်ကို မြင်လိုက်ရပြီးနောက် ထောင်ကျင်ရှင်၏ လေသံ ပြန်လည် တည်ငြိမ်သွားသည်။ “အားလုံးရဲ့ စိုးရိမ်မှုကို ကျုပ် နားလည်ပါတယ်။ အစတုန်းက ရှယွမ်ရှင် ပြောလာတော့ ကျုပ်လည်း ဒေါသထွက်မိတာပဲ”

“ဒါပေမဲ့ သူက ကျုပ်ကို ကတိတစ်ခု ပေးခဲ့တယ်” ထောင်ကျင်ရှင်က ဆက်ပြောသည်။ “မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ပြီးတာနဲ့ ခန်းယွင်ခရိုင်မှာ ထာဝရနေထိုင်ခွင့် ရရှိလိမ့်မယ်တဲ့။ ပြီးတော့ ရွေးချယ်ခံရတဲ့သူတွေ အသက် ၄၀ ပြည့်တဲ့အခါ တပ်ဖွဲ့ထဲမှာ ဆက်နေမလား၊ ထောင်ရွာကို ပြန်လာမလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိတယ်လို့ ပြောတယ်”

“ဒါဆိုရင်တော့ ဟုတ်တာပေါ့”

ထောင်ကျင်ရှင်၏ ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲများ စိတ်ဝင်စားသွားကြသည်။

ရွာမှ လူငယ်များ တပ်ဖွဲ့ထဲဝင်သွားသော်လည်း ဒေသတွင်းမှ ထွက်ခွာသွားမည်မဟုတ်ဘဲ ခန်းယွင်ခရိုင်ထဲတွင်သာ ရှိနေကြမည်။

ထို့အပြင် အသက် ၄၀ ပြည့်ပြီးနောက် ဆက်နေမည် သို့မဟုတ် ပြန်လာမည်ကို ရွေးချယ်နိုင်သေးသည်။ အကယ်၍ ထောင်ရွာသို့ ပြန်လာခဲ့လျှင် ထိုသူများသည် ထောင်ရွာ၏ အမာခံအင်အားစုများ ဖြစ်လာနိုင်ပြီး အနာဂတ်ကို ဦးဆောင်နိုင်ပေလိမ့်မည်။

ယခုကြည့်ရသည်မှာ ထောင်ရွာမှ ပါရမီရှင်များကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သို့ စေလွှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု ရှိနေပေသည်။

All Chapters