← Chapters

ထောင်ချင်းယွမ်

Vol. 3 Ch. 23

ထောင်ချင်းယွမ်

Vol. 3 Ch. 23

“ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်... တကယ်လို့ ဒီလိုသာဖြစ်လာခဲ့ရင် ထောင်ရွာနဲ့ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့တို့ ရှုပ်ထွေးကုန်ကြလိမ့်မယ်”

ထောင်ကျင်ဖန်းက ဆက်လက်ပြောကြားလေသည်။ “အဲဒီအချိန်ကစပြီး ထောင်ရွာရဲ့ လွတ်လပ်စွာရပ်တည်နိုင်မှုဆိုတာ ရှိတော့မှာမဟုတ်သလို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ အာဏာစက်တွေကလည်း ထောင်ရွာထဲကို မလွဲမသွေ စိမ့်ဝင်လာလိမ့်မယ်”

“မှန်တယ်...”

ထောင်ကျင်လုက စိုးရိမ်ပူပန်သော လေသံဖြင့် ထောက်ခံလိုက်သည်။

“အားလုံးပဲ... ခင်ဗျားတို့ ဘာလို့ ဒီလိုတွေးလဲဆိုတာကို ကျုပ် ကောင်းကောင်း နားလည်ပါတယ်”

ထောင်ကျင်ရှင်က ထိုင်ခုံလက်ရန်းကို ဆုပ်ကိုင်ထားရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါပေမဲ့ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နဲ့ ယှဉ်ရင် ကျုပ်တို့မှာ ညှိနှိုင်းဖို့ အခွင့်အရေးရော ရှိလို့လား”

အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ခန်းယွင်ခရိုင်ကို တာဝန်ယူပြီးနောက်ပိုင်း ဒေသခံမိသားစုတွေနဲ့ စည်းခြားထားခဲ့ကြတယ်။ သူတို့က ရန်လိုတာမျိုး မရှိသလို အရမ်းကြီးလည်း ခင်မင်ရင်းနှီးတာမျိုး မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ လုပ်စရာတွေ ရှိနေသေးလို့ပဲ... သူတို့က ကုန်ထုတ်လုပ်မှုတွေ ပြန်စရမယ်၊ ကျန်ရှိနေတဲ့ တခြားအင်အားစုတွေကို တိုက်ခိုက်ရဦးမယ်လေ”

“အခုတော့ သူတို့က အဲဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးပြီဆိုတော့ ကျုပ်တို့နဲ့ ဆက်ဆံဖို့ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့က ပြင်ပလူအနေနဲ့ မဟုတ်ဘဲ ဒေသခံအသိုင်းအဝိုင်းထဲကို အမှန်တကယ် ဝင်ရောက်ပေါင်းစည်းချင်နေကြတာ”

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ နောက်ကွယ်မှာ ဖေးယွင်ပြည်နယ်ရဲ့ ထိပ်တန်းသိုင်းပညာ အထွတ်အမြတ်နေရာဖြစ်တဲ့ ယွမ်ရှန်းဂိုဏ်း ရှိနေတယ်။ ထောင်ရွာအနေနဲ့ သူတို့ရဲ့ဆန္ဒကို တွန်းလှန်နိုင်တဲ့ အင်အားရှိလို့လား”

ထောင်ကျင်ရှင်က ခေတ္တရပ်တန့်လိုက်ပြီးမှ လက်လျော့လိုက်သည့် လေသံဖြင့် ဆက်ပြောသည်။ “ဒါကြောင့်လည်း အစတုန်းက ကျုပ်ပြောခဲ့တာပေါ့... ဒီကိစ္စကို ခင်ဗျားတို့ကို အသိပေးရုံပဲ၊ ဆွေးနွေးဖို့မဟုတ်ဘူးလို့လေ။ ဒီလောက် အင်အားကြီးမားတဲ့ ပြိုင်ဘက်မျိုးနဲ့ယှဉ်ရင် ကျုပ်တို့မှာ အပေးအယူလုပ်နိုင်စွမ်း လုံးဝမရှိပါဘူး... ကျုပ်တို့ လက်ခံလိုက်ရုံပဲ ရှိတော့တယ်”

ထောင်ကျင်ရှင်၏ စကားများကြောင့် လူတိုင်း နေရခက်သွားကြသည်။

သူတို့ဂုဏ်ယူခဲ့ကြသော ရွာတွင်းရှိ သူတို့၏ အဆင့်အတန်းများသည် ပိုမိုအင်အားကြီးမားသော အင်အားစုများ၏ မျက်လုံးထဲတွင် အဓိပ္ပါယ်မရှိ ဖြစ်နေတော့သည်။

“ဒါပေမဲ့ အားလုံးပဲ... စိတ်ဓာတ်ကျစရာ မလိုပါဘူး”

ထောင်ကျင်ရှင်က ဆက်ပြောသည်။ “မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာထဲကို ဝင်ရောက်လာမယ့်အချိန်မှာပဲ ထောင်ရွာက လူငယ်တွေကလည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ အရင်းအမြစ်တွေကို ရရှိနိုင်မှာပါ”

“အနာဂတ်မှာ ရွေးချယ်ခံရတဲ့ ထောင်ရွာသားတွေသာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲမှာ ရာထူးကြီးကြီး ရယူနိုင်ခဲ့မယ်ဆိုရင် ကျုပ်တို့လည်း သက်ဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိမှာပဲလေ။ ဒါကြောင့် ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး”

နောက်ဆုံးတွင် မျိုးနွယ်စုအကြီးအကဲများလည်း အမှန်တရားကို လက်ခံလိုက်ကြလေသည်။ သေချာစဉ်းစားကြည့်ပြီးနောက် ဤကိစ္စတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေကြောင်း သူတို့ ခံစားလိုက်ရသည်။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နဲ့ ဒေသခံအင်အားစုဆိုတဲ့ ရှုထောင့်ကို ဖယ်ထားပြီး ကျုပ်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေဘက်က ကြည့်မယ်ဆိုရင် သူတို့ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ရောက်နိုင်တာက ဆိုးကျိုးထက် ကောင်းကျိုး ပိုများပါတယ်”

ထောင်ကျင်ရှင်က ဆက်ပြောသည်။ “သူတို့သာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ခွင့်ရသွားရင် ထောင်ရွာမှာ ရနိုင်တာထက် ပိုပြီးပြည့်စုံတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရလိမ့်မယ်။ သုံးစွဲစရာ အရင်းအမြစ်ပဲဖြစ်ဖြစ်၊ သင်ကြားရေး အရင်းအမြစ်ပဲဖြစ်ဖြစ် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ကျုပ်တို့ထက် အများကြီး အားသာချက်ရှိတယ်”

“ပြီးတော့...”

ထောင်ကျင်ရှင်၏ အသံမှာ တိုးသွားပြီး မျှော်လင့်ချက်အရောင်အဝါများ မျက်လုံးထဲတွင် ပေါ်လာသည်။ “ရှယွမ်ရှင် ပြောတာကတော့ ဒီတစ်ခေါက် ခန်းယွင်ခရိုင်မှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၁၀၀ ခေါ်ယူမယ်တဲ့။ စွမ်းဆောင်ရည် အကောင်းဆုံး ပါရမီရှင်တွေဆိုရင် ယွမ်ရှန်းဂိုဏ်းကို ပို့ဆောင်ပေးပြီး ယွမ်ရှန်းဂိုဏ်းရဲ့ တပည့်အရင်းအဖြစ် ခန့်အပ်ခံရမှာတဲ့”

“ယွမ်ရှန်းဂိုဏ်းရဲ့ တပည့်ဖြစ်လာမယ် ဟုတ်လား”

အကြီးအကဲများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ထောင်ကျင်လုဆိုလျှင် မတ်တတ်ပင် ထရပ်လိုက်မိသည်။ “ရှယွမ်ရှင် ကိုယ်တိုင် ပြောခဲ့တာလား။ သူ တကယ်ပြောတာလား”

“တကယ်ပြောတာပါ”

ထောင်ကျင်ရှင်က ပြုံးလိုက်သည်။

ဤအရာက အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ယွမ်ရှန်းဂိုဏ်းဆိုသည်မှာ လက်လှမ်းမမီနိုင်သော နေရာတစ်ခု ဖြစ်၏။

သူတို့သည် ဤသိုင်းလောက၏ အထွတ်အထိပ်၊ ဖေးယွင်ပြည်နယ်၏ အမြင့်ဆုံးအာဏာကို ကိုယ်စားပြုပေသည်။

အကယ်၍ ထောင်ရွာမှ မျိုးဆက်သစ်တစ်ယောက်ယောက်သာ ယွမ်ရှန်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် ထောင်ရွာအတွက် တစ်ခါမှမကြုံဖူးလောက်အောင် ကြီးကျယ်ခမ်းနားသော ဂုဏ်ယူစရာပွဲကြီး ဖြစ်လာပေလိမ့်မည်။

“ကောင်းတယ်... သိပ်ကောင်းတာပဲ”

ထောင်ကျင်ဖန်းလည်း စိတ်လှုပ်ရှားသွားပုံရသည်။

လူတိုင်း၏ သဘောထားများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ထောင်ကျင်ရှင်က ခေါင်းခါလိုက်သည်။

“ဒါပေမဲ့ အားလုံးပဲ... အရမ်းကြီး မပျော်ကြပါနဲ့ဦး”

ထောင်ကျင်ရှင်က ထပ်ပြောသည်။ “ရှယွမ်ရှင် ပြောပြချက်အရ ဒီတစ်ခေါက် ခေါ်ယူမယ့် လူ ၁၀၀ မှာ ထောင်ရွာ၊ ဆုန့်ရွာနဲ့ ထန်ရွာတို့ဆီက လူ ၂၀ စီ ပါဝင်မှာဖြစ်ပြီး ကျန်တဲ့ လူ ၄၀ ကတော့ မြို့ပေါ်နဲ့ တခြားရွာတွေက ဖြစ်လိမ့်မယ်တဲ့။ နောက်ဆုံးမှာ ဘယ်သူက ယွမ်ရှန်းဂိုဏ်းထဲ ဝင်ခွင့်ရမလဲ ဆိုတာကတော့ မသေချာသေးဘူး”

“နှမြောစရာပဲ၊ နေရာပိုရရင် ကောင်းမှာ”

လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက ဤကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသူများသည် ယခုအခါ ရွာမှလူငယ်များကို ပိုမိုရွေးချယ်ခံရစေချင်နေကြပြီ ဖြစ်သည်။

ဤသို့ သဘောထားပြောင်းလဲသွားခြင်းမှာ ယွမ်ရှန်းဂိုဏ်း၏ ဩဇာအာဏာကြောင့်ပင် ဖြစ်ပေသည်။

“ကဲ... ဒီမှာတင် ရပ်ကြစို့” ထောင်ကျင်ရှင်က နောက်ဆုံးတွင် ပြောလိုက်သည်။ “ရွေးချယ်မယ့်ရက်က နောက်တစ်လနေရင် စမှာ။ အားလုံးပဲ ပြန်ပြီး ကိုယ့်သားသမီးမြေးမြစ်တွေကို အခွင့်အရေးအရယူပြီး သိုင်းပညာကို ကြိုးစားလေ့ကျင့်ဖို့ တိုက်တွန်းကြပါ။ ဒီအခွင့်အရေးကို လက်လွတ်မခံစေနဲ့”

“နားလည်ပါပြီ ခေါင်းဆောင်”

လူတိုင်း တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

…

နောက်တစ်နေ့တွင် ဖြစ်၏။

ရွှီနင်သည် အိမ်၌ တစ်ရက်တာ အနားယူလိုက်သည်။

“ရွှီနင်... ရွှီနင်”

ရွှီနင်နှင့် ရွှီလျန်တို့ ခြံဝင်းသန့်ရှင်းရေး လုပ်နေစဉ် ကောယယ်၏ အော်ခေါ်သံကို ကြားလိုက်ကြရသည်။

ဒုန်း...

ကောယယ်သည် ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်။

“အစ်မရွှီလျန်”

ကောယယ်က ရွှီလျန်ကို နှုတ်ဆက်ပြီး ရွှီနင်ကို ပြောလိုက်သည်။ “သတင်းထူးပဲဟေ့... သတင်းထူး”

“ကောယယ်... ဖြည်းဖြည်းပြောပါဟယ်”

ရွှီလျန်သည် ကောယယ်၏ ပြာယာခတ်နေပုံကို ကြည့်ရင်း မရယ်ဘဲ မနေနိုင် ဖြစ်နေသည်။

“ခုနလေးတင် ရွာထဲမှာ ကြေညာချက်ကပ်သွားတယ်... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာကလူတွေကို လာခေါ်တော့မှာတဲ့”

ကောယယ်မှာ စိတ်လှုပ်ရှားနေပုံရသည်။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က လူခေါ်နေတာလား။ တကယ်လား”

ရွှီနင် ပြန်မဖြေရသေးမီ ရွှီလျန်က အံ့အားသင့်စွာ မေးလိုက်သည်။

သူမသည် ထောင်ရွာသို့ ရောက်ရှိပြီးနောက်ပိုင်း ခန်းယွင်ခရိုင်သို့ တစ်ခါမျှ မသွားရောက်ဖူးသော်လည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ဂုဏ်သတင်းကိုမူ ကြားဖူးနားဝ ရှိလေသည်။

သူမအမြင်တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဆိုသည်မှာ မျိုးနွယ်စုအကြီးအကဲများပင် လေးစားရသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

“ဟုတ်တယ် အစ်မ” ကောယယ်က ပြောသည်။ “မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က လူခေါ်နေတာ။ ကျွန်တော့်ရဲ့ သိုင်းပညာပါရမီနဲ့ကတော့ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမဲ့ ရွှီနင်... မင်းကတော့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ရမယ်ကွ”

ထိုစကားကိုကြားသောအခါ ရွှီလျန်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမက မောင်ဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်၏။ “မောင်လေး... မင်း ကောယယ်စကားကို နားထောင်နော်၊ ဒီကိစ္စကို အလေးအနက်ထားမှ ဖြစ်မယ်”

ရွှီနင် ဘာမှပြန်မပြောပေ။ သူတို့နှစ်ယောက် ဖြစ်ပျက်နေပုံကို ကြည့်ရင်း ရယ်ချင်နေမိသည်။

“ကြေညာချက်က ဘယ်မှာလဲ၊ ငါ သွားကြည့်လိုက်ဦးမယ်”

ရွှီနင် ကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“လာ... ငါလိုက်ပို့မယ်”

ကောယယ်က ရွှီနင်ကို ကြေညာသင်ပုန်းရှိရာသို့ ခေါ်ဆောင်သွားလေသည်။

ကြေညာသင်ပုန်းနားတွင် လူများဖြင့် ပြည့်ကျပ်နေပြီး အများစုမှာ ရွှီနင်ကဲ့သို့ပင် သတင်းကြားကြားချင်း ပြေးလာကြသူများ ဖြစ်သည်။

လူခေါင်းများဖြင့် ပိတ်ဆို့နေသဖြင့် ကြေညာသင်ပုန်းပေါ်မှ စာလုံးများကို တစ်လုံးမှ မမြင်ရပေ။

“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ထောင်ရွာမှာ လူလာခေါ်မယ်လို့ ထင်မထားဘူး၊ သိပ်ကောင်းတာပဲ”

“ကံဆိုးလိုက်တာကွာ၊ ငါက ဒီနှစ် ၁၈ နှစ်ပြည့်သွားပြီဆိုတော့ အခွင့်အရေး မရှိတော့ဘူး...”

“ငါ ကြိုးစားကြည့်ရမယ်၊ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး”

“…”

ကြေညာချက်ကို ဖတ်ပြီးသော ရွာသားများမှာလည်း ထွက်မသွားကြဘဲ ဝိုင်းဖွဲ့စကားပြောနေကြသည်။

သူတို့၏ မျက်နှာထားများမှာ ခုနက ကောယယ်၏ ပုံစံအတိုင်းပင် ဖြစ်နေသည်။

ထောင်ရွာသားများတွင် မျိုးနွယ်စုအကြီးအကဲများလောက် စိုးရိမ်ပူပန်မှုများ မရှိကြပေ။

သူတို့တွေးနေသည်မှာ ဘဝတက်လမ်းအတွက် အခွင့်အရေးပင် ဖြစ်သည်။

ရွှီနင်သည် လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး ကြေညာချက်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

တစ်ချက်ကြည့်ပြီးသည်နှင့် ရွှီနင်သည် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်။

‘ငါ ကြိုးစားကြည့်ရင် ကောင်းမလား...’

ရွှီနင် စိတ်ဝင်စားသွားသည်။

ကြေညာချက်ပါ အကြောင်းအရာများအရ ရွေးချယ်ခံရမည့်သူများသည် ထောင်ရွာမှ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား လူငယ်များ ဖြစ်ရမည်ဟု ဆိုသည်။

ထောင်မျိုးနွယ် ဖြစ်ရမည်ဟု ကန့်သတ်မထားသဖြင့် တခြားမျိုးနွယ်စုဝင်များလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပေသည်။

ထို့အပြင် ရွေးချယ်မည့် စံနှုန်းများကိုလည်း အတိအကျ ဖော်ပြမထားပေ။ တစ်လကြာလျှင် ခန်းယွင်ခရိုင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှယွမ်ရှင် ကိုယ်တိုင် လာရောက်စစ်ဆေး ရွေးချယ်မည်ဟုသာ ရေးသားထားသည်။

ရွှီနင်အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချက်မှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ အရင်းအမြစ်များပင် ဖြစ်သည်။

ကြေညာချက်အရ တပ်ဖွဲ့ထဲဝင်လိုက်သည်နှင့် အရင်းအမြစ်များကို ဆက်တိုက် ထောက်ပံ့ပေးမည်ဖြစ်ပြီး အနာဂတ်တွင် တပ်ဖွဲ့မှ ထွက်ခွာလိုပါကလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိမည်ဟု ဆိုသည်။ ၎င်းတို့မှာ အလွန်ကောင်းမွန်သော အချက်များပင်။

တစ်ခုတည်းသော ဆိုးကျိုးမှာ အသက် ၄၀ ပြည့်မှသာ တပ်ဖွဲ့မှ ထွက်ခွာခွင့် ရှိမည်ဖြစ်ရာ အချိန်ကာလ အတော်လေး ကြာမြင့်ပေသည်။

‘ဒီတစ်ခေါက် ရွေးမယ့်လူဦးရေက ၂၀...’ ရွှီနင် တွေးလိုက်မိသည်။ ‘ထောင်ရွာမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား လူဦးရေက ၂၀၀ လောက်ရှိမယ်၊ ဆိုတော့ ဆယ်ယောက်မှာ တစ်ယောက်လောက် ပါမှာပေါ့...’

‘တကယ်လို့ ခွန်အားတစ်ခုတည်းကိုပဲ ကြည့်ပြီး ရွေးမယ်ဆိုရင်တော့ ငါ့ရဲ့ အရိုးအကြောနယ်ပယ်နဲ့ လေပြင်းမုန်တိုင်းဓားနည်းစနစ် အလယ်အလတ်အဆင့်ကြောင့် ရွေးချယ်ခံရဖို့ အခွင့်အလမ်း များတယ်’

ရွှီနင်၏ စိတ်ဝင်စားမှုကို သတိပြုမိသွားသောအခါ ကောယယ်က အနားကပ်လာသည်။ “နောက်တစ်လနေရင် စမှာဆိုတော့ မင်း အမြန်ဆုံး လေ့ကျင့်တော့။ လိုအပ်တဲ့ အရင်းအမြစ်တွေရှိရင် ငါ့ဦးလေးကို ပြောပြီး ရှာခိုင်းလိုက်မယ်”

“မလိုပါဘူး”

ရွှီနင် လက်ကာပြလိုက်သည်။ ကောယယ်က သူ့ထက်ပင် ပိုပြီး စိတ်အားထက်သန်နေပုံရသည်။

ရွှီနင်က ဆက်ပြောလိုက်သည်။ “စိတ်အေးအေးထားပါကွာ... မပါလည်း ကိစ္စမရှိပါဘူး၊ ကံတရားအတိုင်းပေါ့”

“မင်းကတော့...”

ကောယယ် ခေါင်းခါလိုက်သည်။ သူက ရွှီနင်ကို နားချရန် ပါးစပ်ဟလိုက်စဉ်မှာပင် လူအုပ်ကြီး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်ကို သတိပြုမိလိုက်သည်။

အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောပြီး ဓားကိုင်ဆောင်ထားသော လူငယ်တစ်ဦး သူတို့ထံ လျှောက်လာနေသည်။

လူတိုင်းက ဘေးဖယ်ပေးလိုက်ကြ၏။

“ထောင်ချင်းယွမ်...”

ရွှီနင် မျက်မှောင်ကြုတ်လိုက်မိသည်။

All Chapters