ရွေးချယ်ခြင်းနှင့် စစ်ဆေးခြင်း
Vol. 3 Ch. 24
“ကျေးဇူးတင်ပါတယ်”
ကြော်ငြာသင်ပုန်းရှေ့မှ လူဖယ်ပေးလိုက်သောအခါ ထောင်ချင်းယွမ်ဟုခေါ်သော လူငယ်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
သူသည် ကြော်ငြာသင်ပုန်းနားသို့ လျှောက်သွားပြီး သေချာဂရုတစိုက် ကြည့်ရှုလိုက်သည်။ ထို့နောက် လူများ၏ အကြည့်အောက်မှ မထွက်ခွာမီ ခေတ္တမျှ ရပ်တန့်နေလိုက်သည်။
ထိုအချိန်တွင် ဆွေးနွေးသံများ တဖန် ထွက်ပေါ်လာပြန်သည်။
“သူဘယ်သွားသွား လူတွေရဲ့အာရုံစိုက်မှုကို ခံရတာပဲ... ထောင်ရွာရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်ရတာ မဆန်းပါဘူးလေ”
ကောယယ်က ထွက်ခွာသွားသော ထောင်ချင်းယွမ်ကို ကြည့်ရင်း မနာလိုဝန်တိုသော လေသံဖြင့် ပြောလိုက်သည်။
ရွှီနင် ကြားလိုက်သော်လည်း ပြန်မပြောခဲ့ပေ။
.
ယခင်ပိုင်ရှင်၏ မှတ်ညဏ်များအရ ထောင်ချင်းယွမ်သည် သူနှင့်ရွယ်တူဖြစ်ပြီး ၁၇ နှစ်ရှိပြီဖြစ်သည်။ သူသည် ထောင်ရွာ၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းပါရမီရှင်တစ်ဦး အမှန်ပင် ဖြစ်ပေသည်။
မျိုးနွယ်စုခေါင်းဆောင် ထောင်ကျင်ရှင် ကိုယ်တိုင် သင်ကြားပေးထားသော ထောင်ကျင်ပင်လျှင် ထောင်ချင်းယွမ်ကို မယှဉ်နိုင်ပေ။
ထောင်ချင်းယွမ်သည် အနာဂတ်တွင် ထောင်ရွာ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာမည်ဟု ရွာသူရွာသားအားလုံးနီးပါး သိထားကြသည်။ ထောင်ချင်းယွမ်သည် ထောင်ရွာ၏ နောက်ထပ် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည်။
“ထောင်ချင်းယွမ်က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ရမှာ သေချာသလောက်ပဲ”
“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲမှာတောင် ထောင်ချင်းယွမ်ရဲ့ ပါရမီက ထိပ်တန်းပဲ”
“…”
ထောင်ချင်းယွမ်နှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုများ များပြားလှပေသည်။
“သွားကြစို့ ကောယယ်”
ရွှီနင်သည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ရွေးချယ်ပွဲအကြောင်း ကြားပြီးနောက် ဆက်မနေတော့ပေ။
ရွေးချယ်ပွဲစတင်ရန် တစ်လခန့် လိုသေးသည်။ လက်ရှိ သူ့စွမ်းအားအရဆိုလျှင် ရွေးချယ်ခံရဖို့အတွက် သိပ်ပြီး စိတ်ပူစရာ မလိုလှပေ။
“မင်း သေချာ ကြိုးစားလေ့ကျင့်နော် ရွှီနင်”
ကောယယ်က လက်တွေ့ဘဝကို ပြန်ရောက်လာပြီး လေးနက်စွာ ပြောလိုက်သည်။
သူသည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ခွင့်မရှိမှန်း ကောင်းစွာ သိထားသော်လည်း ရွှီနင်သာ ဝင်ခွင့်ရခဲ့ပါက သူ့တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် သူငယ်ချင်းတစ်ယောက် ရှိလာမည် ဖြစ်သည်။
“သိပါပြီကွာ”
ရွှီနင်က ပြန်ဖြေရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
…
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
တစ်လ ကုန်လွန်သွားပြီးနောက် ဆောင်းရာသီ၏ ရာသီဥတုမှာ ပိုမိုအေးစက်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခန်းယွင်ခရိုင်တွင် ဒီနှစ်ဆောင်းရာသီ၏ ပထမဆုံး နှင်းထူထပ်စွာ ကျဆင်းမှု ဖြစ်ပွားခဲ့သည်။ မြေပြင်တစ်ခုလုံး ဖြူဖွေးသော နှင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် ရွေးချယ်ပွဲအတွက် ပြင်ဆင်နေသော အခြားသူများနှင့်မတူဘဲ ရွှီနင်မှာမူ အထူးတလည် ပြင်ဆင်စရာ မရှိချေ။
ဤတစ်လအတွင်း ရွှီနင်သည် တောင်ပေါ်တက်၍ ဆေးမြစ်ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရံဖန်ရံခါ အမဲလိုက်ခဲ့သည်။
ဤကာလအတွင်း ကံကောင်းသော နေ့တစ်နေ့၌ ရွှီနင်သည် စွမ်းအင် ၂ ယူနစ် တန်ဖိုးရှိသော ဝိညာဉ်ဆေးမြစ်တစ်ပင်ကို ရှာတွေ့ခဲ့ပြီး ချက်ချင်း စုပ်ယူခဲ့လေသည်။
ထို့အပြင် ဤကာလအတွင်း ဝင်ငွေလည်း အတော်ကောင်းခဲ့သည်။ ရွှီနင်သည် ရှိစုမဲ့စု ငွေစများဖြင့် နောက်ထပ် ပျံလွှားမြီးမြက်တစ်ပင် ဝယ်ယူခဲ့ပြီး စွမ်းအင် ၃ ယူနစ် စုပ်ယူလိုက်ရာ ယခုအခါ သူ့လက်ကျန်စွမ်းအင်မှာ ၇ ယူနစ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။
ဝှက်ဖဲများ ပိုင်ဆိုင်ထားခြင်းက ရွှီနင်ကို စိတ်တည်ငြိမ်မှု ရစေခဲ့သည်။
နေမထွက်မီကပင် ထောင်ရွာတစ်ရွာလုံး ဆူညံနေလေပြီ။
ယနေ့သည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ပါရမီရှင်များကို ရွေးချယ်ရန် ထောင်ရွာသို့ လာရောက်မည့်နေ့ ဖြစ်သောကြောင့်ပင်။
အရွယ်ရောက်ပြီးသော သားသမီးရှိသည့် မိသားစုများသည် အတော်လေး စိတ်လှုပ်ရှားနေကြပြီး လူတိုင်းက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ရွေးချယ်ခြင်းကို ခံချင်နေကြသည်။
ရွှီနင်၏ မိသားစုသည်လည်း ချွင်းချက်မရှိပေ။
ကြက်တွန်သံ ကြားသည်နှင့် တစ်အိမ်လုံး အလုပ်ရှုပ်နေကြတော့သည်။
“ရွှီနင်... မျက်နှာသစ်ပြီးပြီလား... လာစားတော့”
ရွှီလျန်က မနက်စာ ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။
စားပွဲပေါ်တွင် အသားပန်းကန်ကြီး တစ်ချပ်အပြင် ခေါက်ဆွဲ၊ ပေါက်စီ၊ ပန်ကိတ်နှင့် ကြက်ဥဟင်းချိုတစ်ခွက် ပါရှိလေသည်။
ရွေးချယ်မှုပြုလုပ်စဉ်အတွင်း ဗိုက်ဆာသွားပြီး စွမ်းဆောင်ရည် ကျဆင်းသွားမည်ကို ရွှီလျန် စိုးရိမ်နေခြင်း ဖြစ်သည်။
“လာပါပြီ”
ရွှီနင် မျက်နှာသုတ်ပြီး စားပွဲဆီသို့ လျှောက်လာခဲ့သည်။
စားပွဲပေါ်မှ မနက်စာကို ကြည့်ပြီး ရွှီနင် ပြုံးကာ ပြောလိုက်သည်။ “အစ်မရာ... ဒါက များလွန်းပါတယ်”
“ဘာမှမပြောနဲ့... မြန်မြန်စား”
ရွှီလျန်က ပြောလိုက်သည်။ “မင်းယောက်ဖက ရွာထဲက လေ့ကျင့်ရေးကွင်းပြင်ကို သွားနှင့်ပြီ... မင်း မျက်စိစုံမှိတ်ပြီး ဒုန်းစိုင်း ဝင်မသွားရအောင် အခြေအနေကို အရင်သွားကြည့်မယ်တဲ့”
“…”
ရွှီနင် ပြောစရာစကားမဲ့သွားသည်။
“မေမေ... ဦးလေး”
ထောင်ထောင်သည် အိပ်ချင်နေသော မျက်လုံးများဖြင့် အခန်းထဲ ဝင်လာသည်။
သူမ၏ ကျစ်ဆံမြီးများမှာ ဖရိုဖရဲဖြစ်နေပြီး ဝါဂွမ်းအင်္ကျီမှ ကြယ်သီးများလည်း ပြုတ်နေကာ ယိုင်တိုင်တိုင်ဖြင့် လျှောက်လာလေသည်။
ပုံမှန်ဆိုလျှင် ထောင်ထောင်သည် နေထွက်မှ အိပ်ရာထလေ့ရှိသော်လည်း ဒီနေ့မနက်တွင် တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသလို အပြင်ဘက်မှ ဆူညံသံများကြောင့် ထောင်ထောင် နိုးလာခြင်း ဖြစ်သည်။
“အသား”
ထောင်ထောင်က စားပွဲကို လှမ်းကြည့်လိုက်သည်။
အသားကို မြင်လိုက်ရသောအခါ သူမ၏ မှေးနေသော မျက်လုံးများ ပြူးကျယ်သွားသည်။
“သမီးအတွက် မဟုတ်ဘူး”
ထောင်ထောင်က ရှေ့တိုးလာပြီး အသားကို လှမ်းနှိုက်ရန် ပြင်လိုက်စဉ် ရွှီလျန်က သူမလက်ကို ရိုက်ချလိုက်သည်။
“သမီးဦးလေးက ဒီနေ့ အရေးကြီးကိစ္စ ရှိတယ်... ဒါကြောင့် သူ ဗိုက်ဝအောင် စားရမယ်”
ရွှီလျန်က ကုလားထိုင်ပေါ် ထိုင်လိုက်ပြီး ထောင်ထောင်၏ ကော်လာစကိုဆွဲကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ “သမီးက လေးနှစ်ရှိနေပြီ... အဝတ်အစားတောင် သေချာမဝတ်တတ်သေးဘူး... ဆံပင်တွေလည်း ရှုပ်ပွနေတာပဲ”
ရွှီလျန်က ထောင်ထောင်၏ ကြယ်သီးများကို ပြန်တပ်ပေးပြီး ကျစ်ဆံမြီးကျစ်ပေးလိုက်သည်။
“အစ်မ မင်းကို ရေတစ်ဘူးနဲ့ ဝက်သားပြားကြော် နည်းနည်း ထည့်ပေးမယ်... ဗိုက်ဆာရင် စားလို့ရတာပေါ့”
ရွှီလျန်က ထောင်ထောင်ကို ရင်ခွင်ထဲမှ ချပေးလိုက်သည်။
ရွှီနင်သည် ယခင်ဘဝက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သတိရသွားသည်။
ဤအဖြစ်အပျက်နှစ်ခုမှာ တူညီမှုများ ရှိနေသည်။ သာမန်လူတစ်ယောက်အတွက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ရွေးချယ်ခြင်းခံရသည်မှာ နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရလိုက်သကဲ့သို့ပင် ဖြစ်ပြီး လူတစ်ယောက်၏ အနာဂတ်လမ်းကြောင်းကို များစွာ ပြောင်းလဲသွားစေနိုင်သည်။
“ထောင်ထောင်... ဒီကိုလာခဲ့”
ရွှီနင်က တူဖြင့် အသားတစ်ဖတ် ယူလိုက်ပြီး ထောင်ထောင်ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
ထောင်ထောင်က ရွှီနင်ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။ သူမက လက်လှမ်းလိုက်ပြီး တံခါးပေါက်ကို သတိထားကြည့်လိုက်သည်။ သူမအမေ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူမက ပြုံးဖြဲဖြဲလုပ်ပြီး ရွှီနင်၏ ပေါင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
“အာ...”
ထောင်ထောင်က ပါးစပ်ကျယ်ကျယ် ဟပေးလိုက်သည်။
ရွှီနင်က အသားဖတ်ကို ထောင်ထောင်ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
“ဦးလေး... ဦးလေးက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်လို့ရမှာလားဟင်”
ထောင်ထောင်က ရွှီနင်ကို မော့ကြည့်လိုက်သည်။
ဒီထောင့်မှကြည့်လျှင် သူမက ရွှီနင်၏ မေးစေ့ကိုသာ မြင်ရလေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ထောင်ယွင်ချွမ်းနှင့် ရွှီလျန်တို့က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့အကြောင်း နေ့တိုင်း ပြောနေကြသဖြင့် ဒီနေ့ ရွှီနင် ဘာသွားလုပ်မည်ဆိုတာကို ထောင်ထောင် နားလည်နေခြင်း ဖြစ်သည်။
“ဘာပြဿနာမှ မရှိလောက်ပါဘူး...”
ရွှီနင်က ပေါက်စီတစ်ဖတ်ကို ထောင်ထောင်ပါးစပ်ထဲ ထည့်ပေးချင်သော်လည်း ထောင်ထောင်က ငြင်းဆန်လိုက်သည်။
ထို့ကြောင့် ရွှီနင်က နောက်ထပ် အသားတစ်ဖတ် ယူလိုက်ရာ ဒီတစ်ခါတော့ ထောင်ထောင်က လိမ္မာစွာ စားလိုက်သည်။
“ကံကောင်းပါစေ ဦးလေး”
ထောင်ထောင်၏ ပါးစပ်ထဲတွင် အသားများ ပြည့်နေသော်လည်း ရွှီနင်က သူမပြောသည့်စကားကို နားလည်လိုက်သည်။
“ကျေးဇူးပါကွာ”
…
မနက်စာ စားပြီးနောက် ရွှီနင်သည် ရွှီလျန် ပြင်ဆင်ပေးထားသော ပစ္စည်းများကို ယူကာ လေ့ကျင့်ရေးကွင်းပြင်သို့ ထွက်လာခဲ့သည်။
ရွှီလျန်က ရွှီနင်နောက်သို့ လိုက်ချင်နေပုံရသော်လည်း အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေပြီးနောက် မလိုက်ရန် ရွေးချယ်လိုက်သည်။
ရွှီနင်က ငြင်းပယ်လိုက်၍ မဟုတ်ဘဲ သူမသာ ဘေးကနေ ကြည့်နေလျှင် မောင်ဖြစ်သူ စွမ်းဆောင်ရည်ပြသနေချိန်၌ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရွှီနင် အိမ်မှ ထွက်လာခဲ့သည်။
နေမင်းကြီး ထွက်စပြုနေပြီဖြစ်ပြီး လမ်းမပေါ်တွင် လူများစွာ ရှိနေကာ အားလုံးက လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဦးတည်သွားနေကြသည်။
အချို့လူများမှာ ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသလို ဆွေမျိုးသားချင်းများ ပါဝင်ခြင်းမရှိသော်လည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ခန်းယွင်ခရိုင်မှ လူများကို ပထမဆုံးအကြိမ် လာရောက်ရွေးချယ်ခြင်း ဖြစ်သောကြောင့် ပွဲလာကြည့်ကြခြင်း ဖြစ်သည်။
“ရွှီနင်... ဒီမှာ”
ရွှီနင် လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်သည်နှင့် ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်း၏ ခေါ်သံကို ကြားလိုက်ရသည်။
“ယောက်ဖ...”
ရွှီနင် လျှောက်သွားလိုက်သည်။
“ပေး... မင်းပစ္စည်းတွေ ငါယူထားလိုက်မယ်”
ထောင်ယွင်ချွမ်းက ရွှီနင်လက်ထဲမှ ရေဘူးနှင့် အသားခြောက်များကို ယူလိုက်သည်။
သူက ရွှီနင်ကို ဆွဲခေါ်သွားပြီး “ငါနဲ့လိုက်ခဲ့... ငါ နေရာကြည့်ထားပြီးပြီ... လာကြည့်ပါဦး” ဟု ပြောလိုက်သည်။
ထောင်ယွင်ချွမ်းက လေ့ကျင့်ရေးကွင်းပြင်၏ ဖွဲ့စည်းပုံကို ရွှီနင်အား ရှင်းပြလေသည်။
မ တင်ရမည့် ကျောက်တုံးကြီးများ၊ လက်နက်အမျိုးမျိုးနှင့် စင်များ ရှိနေကြသည်။
ထောင်ယွင်ချွမ်း၏ ရှင်းပြချက်ကြောင့် ရွှီနင်သည် ဘာတွေ စစ်ဆေးမည်ဆိုတာကို အကြမ်းဖျင်း သဘောပေါက်သွားသည်။
ရွာထဲမှလူများ လေ့ကျင့်ရေးကွင်းပြင်သို့ ဆက်လက် ဝင်ရောက်လာကြပြီး မကြာမီ ထိုနေရာသည် လူများနှင့် ပြည့်ကျပ်သွားတော့သည်။
…
တစ်ချိန်တည်းမှာပင်။
ထောင်ရွာ အပြင်ဘက်၌…
ထောင်ကျင်ရှင်၊ ထောင်ကျင်လု၊ ထောင်ကျင်ဖန်းနှင့် အခြားသော အကြီးအကဲများသည် ရွာအပြင်ဘက်တွင် ရပ်နေကြသည်။
သူတို့သည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ခေါင်းဆောင် ရှယွမ်ရှင် ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဆောင်းရာသီ၏ လေအေးက ရက်စက်ကြမ်းကြုတ်သော်လည်း မျိုးနွယ်စုအကြီးအကဲများကမူ အားနည်းသည့် လက္ခဏာ မပြကြပေ။
ခွပ်... ခွပ်... ခွပ်...
အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။
“သူတို့ လာနေကြပြီ...”
ထောင်ကျင်ရှင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ဖွဲ့သည် သူတို့ဆီသို့ ဦးတည်လာကြသည်။
သူတို့အထဲတွင် အဖွဲ့ခေါင်းဆောင်သည် ဓားကြီးတစ်လက်ကို လွယ်ထားပြီး သူ့မြင်းကို သံချပ်ကာအလွှာဖြင့် ဖုံးအုပ်ထားသည်။ မြင့်မားသော စစ်မြင်းကြီးသည် အဝေးမှနေ၍ပင် တခြားသူများကို ဖိအားပေးနေသကဲ့သို့ ခံစားရစေသည်။
“ခေါင်းဆောင်ရှ”
မြင်းမရပ်မီကပင် ထောင်ကျင်ရှင်က အဝေးမှနေ၍ လက်ဝှေ့ယမ်းကာ ကျယ်လောင်သောအသံဖြင့် နှုတ်ဆက်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ထောင်”
ရှယွမ်ရှင်က မြင်းပေါ်မှ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။
သူ့ခြေထောက်များ မြေကြီးပေါ်သို့ ကျရောက်သွားသောအခါ မြေပြင်သည် အနည်းငယ် တုန်ခါသွားလေသည်။
“ရွာထဲမှာ ခဏလောက် အနားယူပါဦး... ကျုပ်တို့ မနက်စာ ပြင်ဆင်ထားပါတယ်”
ထောင်ကျင်ရှင်က ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ပြီးနောက် သူ့နောက်မှ အကြီးအကဲများကလည်း လိုက်လံနှုတ်ဆက်ကြသည်။
ရှယွမ်ရှင်က သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။ သူက အကြီးအကဲများကို ဦးစွာ ဝှေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မျိုးနွယ်စုခေါင်းဆောင်ထောင်... ခင်ဗျား သဘောကောင်းလွန်းနေပါပြီ... ဒါတွေ မလိုအပ်ပါဘူး... ပါရမီရှင် လူငယ်တွေကို ရွေးချယ်ဖို့က အရေးကြီးတဲ့ ကိစ္စပါ... ဒါကြောင့် ကျုပ်တို့ကို ရွေးချယ်ပွဲလုပ်မယ့်နေရာဆီ တန်းခေါ်သွားပေးပါ”
“ကောင်းပါပြီ”
ထောင်ကျင်ရှင်က လက်ဖြင့် အချက်ပြလိုက်သည်။ “ဒီဘက် ကြွပါ”