← Chapters

ထောင်ကျင်

Vol. 3 Ch. 26

ထောင်ကျင်

Vol. 3 Ch. 26

ရွှီနင်သည် စောင့်ဆိုင်းရာနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် ယာယီတဲတစ်ခု ဆောက်လုပ်ထားပြီး အတွင်း၌ စားပွဲများနှင့် ကုလားထိုင်များ ရှိနေသည်။

စားပွဲပေါ်တွင် ရေနှင့် အစားအစာများ တင်ထား၏။ ပြိုင်ပွဲဝင်များ ဆာလောင်မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းတို့ ဖြစ်လာမည်ကို ရွာက ကြိုတင်စဉ်းစားထားပုံ ရပေသည်။

ရွှီနင် ရောက်လာချိန်တွင် ထိုနေရာ၌ လူတစ်ဒါဇင်ကျော် ရောက်နှင့်နေပြီး ဖြစ်သည်။

ထိုအထဲတွင် ထောင်ကျင်ရှင်၏ မြေးမ၊ ထောင်ရဲ့၏ အစ်မဖြစ်သူ ထောင်ကျင်လည်း ပါဝင်လေသည်။

ထောင်ကျင်၏ ဂုဏ်သတင်းကျော်ကြားမှုကြောင့် ရွှီနင် သူမကို သိနေခြင်းဖြစ်သည်။ သူမသည် ထောင်ရွာတွင် ထောင်ချင်းယွမ်ပြီးလျှင် ဒုတိယအတော်ဆုံးဖြစ်ကာ စွမ်းအားကြီးမားသူတစ်ဦး ဖြစ်ပေသည်။

ရွှီနင်သည် အသိမိတ်ဆွေအချို့ကို နှုတ်ဆက်လိုက်ပြီး ထောင်ကျင်ကိုလည်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရွှီနင်သည် နေရာလွတ်တစ်ခုရှာပြီး ဝင်ထိုင်ကာ ငြိမ်သက်စွာ နေလိုက်သည်။

သူသည် စစ်ဆေးမှုနှစ်ခုကို အောင်မြင်ထားသော်လည်း နောက်ဆုံးရလဒ် မထွက်သေးချေ။ စိတ်လျှော့လိုက်ရန် စောလွန်းနေသေးသည်။

“ရွှီနင်... မင်းက ငါ့ထက်တောင် စောရောက်နေတာပဲ”

စစ်ဆေးမှုကို ယခုလေးတင် အောင်မြင်ခဲ့သော ထောင်ချင်းဖင် ရောက်လာခြင်း ဖြစ်သည်။ သူသည် ရွှီနင် သူ့ထက်စောရောက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။

ထောင်ချင်းဖင် တစ်ခုခုကို သတိရသွားပုံရသည်။ သူက နဖူးကိုရိုက်ကာ ပြောလိုက်၏။ “ဟုတ်သားပဲ... မင်းရဲ့ လေပြင်းမုန်တိုင်းဓားနည်းစနစ်က အလယ်အလတ်အဆင့် ရောက်နေတာပဲ... ငါ့ထက်မြန်မြန် အောင်မြင်တာ မဆန်းပါဘူးလေ”

“မင်းလည်း မဆိုးပါဘူးကွာ... စစ်ဆေးမှုနှစ်ခုတောင် အောင်မြင်ထားပြီပဲ... မင်းကလည်း ထောင်ရွာလူငယ်မျိုးဆက်တွေထဲမှာ ထိပ်တန်းစာရင်းဝင်ပါတယ်”

ရွှီနင်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

ထောင်ချင်းဖင်သည် ရွှီနင် ထင်မှတ်ထားသည်ထက် ပိုတော်လေသည်။ ရွှီနင် သူ့ကို စတွေ့ခဲ့စဉ်ကဆိုလျှင် ယခုလောက် ထူးခြားမည့်ပုံ မပေါ်ခဲ့ချေ။

‘မိုက်ပါ့ကွာ...’

ထောင်ချင်းဖင်သည် ရေရှိသည်ကို တွေ့သောအခါ ရေတစ်ခွက် ငှဲ့သောက်လိုက်ပြီး ရွှီနင်ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူသည် ရွှီနင့်လက်ထဲမှ အချက်အလက်စာရွက်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

အတွင်းအားကျင့်စဉ် နေရာတွင် ရွှီနင်က ကြွက်သားနှင့်အရိုးအဆစ်နယ်ပယ်ဟု ဖြည့်သွင်းထားသည်ကို တွေ့လိုက်ရ၏။

ထောင်ချင်းဖင် မျက်လုံးပြူးသွားသည်။ သူ အမြင်မှားသည်ဟု ထင်မှတ်ကာ နောက်တစ်ကြိမ် သေချာကြည့်လိုက်ပြန်သည်။

“ကြွက်သားနဲ့အရိုးအဆစ်နယ်ပယ် ဟုတ်လား”

ထောင်ချင်းဖင်က ရွှီနင်ကို ကြည့်ကာ အသံကို တတ်နိုင်သမျှ နှိမ့်၍ မေးလိုက်သည်။ “မင်း နွေဦးလေပြည်ကျင့်စဉ်ကို လေ့ကျင့်တာ နှစ်လတောင် မပြည့်သေးဘူး မဟုတ်လား... အခု ကြွက်သားနဲ့အရိုးအဆစ်နယ်ပယ်ကို ရောက်သွားပြီလား”

“ကံကောင်းသွားလို့ပါကွာ”

ရွှီနင်က သိပ်မရှင်းပြဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

ရွှီနင်၏ အခြေအနေကို မြင်သောအခါ ထောင်ချင်းဖင်တစ်ယောက် နေရခက်သွားသလို ခံစားလိုက်ရသည်။

သူ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်နိုင်ရေးအတွက် သူ့မိသားစုက ပိုက်ဆံအများကြီး အကုန်အကျခံခဲ့သလို ရှားပါးဝိဉာဉ်ဆေးပင်များကိုပင် ပေးအပ်ခဲ့ကြသည်။

နေ့မနားညမနား ကြိုးစားလေ့ကျင့်ပြီး တန်ဖိုးကြီးဆေးဝါးများ၏ အကူအညီပါယူမှသာ သူသည် လေ့ကျင့်ရေးအဆင့်သို့ မနည်းရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ရွှီနင်ကမူ ကြွက်သားနှင့်အရိုးအဆစ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“လေပြင်းမုန်တိုင်းဓားနည်းစနစ် အလယ်အလတ်အဆင့်၊ နွေဦးလေပြည်ကျင့်စဉ် ကြွက်သားနဲ့အရိုးအဆစ်နယ်ပယ်...”

ရွှီနင်သည် ထောင်ရွာ၏ ထိပ်တန်းပါရမီရှင်နှစ်ဦးဖြစ်သော ထောင်ချင်းယွမ်နှင့် ထောင်ကျင်တို့ကို လိုက်နိုင်နေပြီဖြစ်ကြောင်း ထောင်ချင်းဖင် သဘောပေါက်လိုက်သည်။

‘သိပ်သန်မာတာပဲ...’

ထောင်ချင်းဖင် စိတ်ထဲတွင် ရေရွတ်နေမိသည်။

ထောင်ချင်းဖင်တစ်ယောက်တည်း မဟုတ်ပေ၊ သူတို့အနီးတွင် ထိုင်နေသော ထောင်ကျင်လည်း ထိုစကားများကို ကြားသွားခဲ့သည်။

ထောင်ကျင်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူမသည် ရွှီနင်ကို ဘေးစောင်းမှ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

နှစ်လမပြည့်ခင်မှာပင် နွေဦးလေပြည်ကျင့်စဉ်ကို ကြွက်သားနှင့်အရိုးအဆစ်နယ်ပယ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်တဲ့လား။ ထောင်ချင်းယွမ်တောင်မှ ဒီလောက်အမြန်နှုန်းမျိုး မရှိခဲ့ပေ။

သူမ၏အဖိုး ထောင်ကျင်ရှင်က ရွှီနင်၏ အသက်စွန့် ကယ်တင်ခဲ့သော သတ္တိကို ချီးကျူးခဲ့ဖူးသဖြင့် ထောင်ကျင် ရွှီနင်ကို သိနေခြင်းဖြစ်သည်။ ထို့ကြောင့် ထောင်ကျင်၏စိတ်ထဲတွင် ရွှီနင်ဆိုသည်မှာ “သတ္တိရှိသူ” တစ်ယောက်ဟုသာ မှတ်ယူထားခဲ့သည်။

သို့သော် ယခုအခါ သူမ၏အမြင် ပြောင်းလဲသွားချေပြီ။

ပါရမီရှင်။

ထောင်ချင်းယွမ်နှင့် ယှဉ်နိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်နေသည်။

ထောင်ကျင်၏ စိတ်ထဲတွင် ဂဏာမငြိမ် ဖြစ်လာသည်။

နောက်ဆုံးအချိန်ကျမှ စွမ်းအားကြီးတဲ့ပြိုင်ဘက်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြပါလား။

‘ဘာပဲဖြစ်ဖြစ်... ငါက ဒီနှစ်မှ ၁၈ နှစ်ပဲ ရှိသေးတာ... ပြင်ပအားနည်းစနစ်မှာ အလယ်အလတ်အဆင့် ရောက်နေသလို အတွင်းအားကျင့်စဉ်မှာလည်း သာမန်လူသားနယ်ပယ် တတိယအဆင့် ရောက်နေပြီပဲ... ထောင်ရွာမှာ ထောင်ချင်းယွမ်ကလွဲရင် ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး’

တစ်စုံတစ်ယောက်က သူမကို ဖြည်းဖြည်းချင်း လိုက်မီလာသည်ကို သိလိုက်ရချိန်တွင် သူမကိုယ်သူမ နှစ်သိမ့်လိုက်မိခြင်း ဖြစ်သည်။

‘အတွင်းအားကျင့်စဉ် အဆင့်တက်ဖို့က အဆင့်မြင့်လာလေ ခက်ခဲလာလေပဲ... ငါက သာမန်လူသားနယ်ပယ် စတုတ္ထအဆင့်ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ... အဲဒီအဆင့်ကို ချိုးဖျက်နိုင်တာနဲ့ ရွှီနင်တို့ဆိုတာ ငါ့ပြိုင်ဘက် မဟုတ်တော့သလို ထောင်ချင်းယွမ်တောင် ငါ့နောက်ကောက်ကျသွားမှာ’

ထောင်ကျင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ဘေးတွင်ထိုင်နေသော ရွှီနင်သည် ထောင်ကျင်၏ အမူအရာ တစ်မျိုးဖြစ်နေသည်ကို ရိပ်မိလိုက်သည်။

ထောင်ကျင် သူ့ကို စိုက်ကြည့်နေကြောင်း သူ သတိထားမိလိုက်လေသည်။

ရွှီနင် လှည့်ကြည့်လိုက်သောအခါ ထောင်ကျင်၏မျက်နှာထား အနည်းငယ် ပြောင်းလဲနေပြီး စိတ်ခံစားချက်များကို ထိန်းချုပ်ထားပုံရသည်ကို တွေ့လိုက်ရသည်။

ထောင်ကျင်သည် ခေါင်းငုံ့သွားပြီး လက်သီးကို ထပ်မံဆုပ်လိုက်သည်။

‘သူက ငါနဲ့ ထောင်ချင်းဖင် ပြောတာကို ကြားသွားပုံရတယ်...’

ရွှီနင် အကြောင်းရင်းကို ခန့်မှန်းမိလိုက်သည်။ သို့သော် ထောင်ကျင် ဘာကြောင့် ဒီလောက် ထူးထူးခြားခြား တုံ့ပြန်ရသလဲ ဆိုသည်ကိုတော့ နားမလည်နိုင် ဖြစ်နေသည်။

သူတို့နှစ်ဦးက ရင်းနှီးသူများ မဟုတ်ပေ။ တစ်ယောက်အကြောင်း တစ်ယောက် သိကြသော်လည်း တစ်ခါမှ စကားမပြောဖူးကြချေ။

ရွှီနင်၏ ကျင့်ကြံခြင်းအရှိန်အဟုန် မြန်ဆန်နေသည်ကို သိသွားသောအခါ သူ... ‘နေရခက်သွားတာလား’

ရွှီနင် သူ့ဘာသာသူ အတွေးလွန်နေခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။

ထောင်ကျင်က နောက်လာမည့် စစ်ဆေးမှုအကြောင်း စဉ်းစားနေခြင်းလည်း ဖြစ်နိုင်သည်။

ရွှီနင် ဆက်မတွေးတော့ပေ။ သူသည် ထောင်ချင်းဖင်နှင့်အတူ စစ်ဆေးရေးမှူးများကို ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။

နာရီဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။

ယခုအချိန်တွင် စောင့်ဆိုင်းရာနေရာ၌ ပြိုင်ပွဲဝင် ၄၀ ဦးနီးပါး ရှိနေပြီဖြစ်သည်။

ယနေ့ စစ်ဆေးမှုတွင် ပါဝင်သူ ၂၀၀ ကျော်ရှိရာ ပထမအဆင့်နှစ်ခုကို အောင်မြင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ကျရှုံးနှုန်းမှာ အတော်လေး များပြားသည်ဟု ဆိုရမည်။

‘ကြေညာချက်ထဲမှာတော့ ဒီတစ်ခေါက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က လူ ၂၀ ရွေးမယ်လို့ ပါတယ်... ဆိုလိုတာက နောက်ဆုံးအဆင့်မှာ ငါတို့ထဲက တစ်ဝက်လောက် အထုတ်ခံရမှာပဲ...’

ရွှီနင် တွေးတောလိုက်မိသည်။

ထိုအချိန်တွင် အခြားသော မဟူရာသံချပ်ကာဝတ် တပ်ဖွဲ့ဝင်တစ်ဦး ရောက်လာလေသည်။

“အားလုံးပဲ ဂုဏ်ယူပါတယ်”

မဟူရာသံချပ်ကာဝတ် တပ်ဖွဲ့ဝင်က ပြောလိုက်သည်။ “ကဲ... နောက်ဆုံးအရည်အချင်းစစ်ဆေးမှုအတွက် ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”

ပြိုင်ပွဲဝင် ၄၀ ဦးသည် တန်းစီလိုက်ကြပြီး လေ့ကျင့်ရေးကွင်း၏ အလယ်သို့ လျှောက်သွားကြသည်။

ထိုနေရာတွင် သစ်သားစင်တစ်ခု တည်ဆောက်ထားပြီး ရှယွမ်ရှင်နှင့် ထောင်ရွာမှ အကြီးအကဲများ ဝိုင်းထိုင်နေကြသည်။

သူတို့က နောက်ဆုံးစစ်ဆေးမှုကို ကြည့်ရှုကြမည်ဖြစ်သည်။

“ထောင်ကျင်... နင် ကြောက်နေပုံရတယ်”

ပြောလိုက်သူမှာ ထောင်ချင်းယွမ် ဖြစ်သည်။ သူ့အရည်အချင်းနှင့်ဆိုလျှင် စစ်ဆေးမှုကို လွယ်ကူစွာ အောင်မြင်နိုင်ပေသည်။

“မကြောက်ပါဘူး... စစ်ဆေးမယ့်ပုံစံကို သိချင်နေရုံပါ”

ထောင်ကျင်က ထောင်ချင်းယွမ်၏ ရှေ့တွင် ရှိနေသည်။

ထောင်ချင်းယွမ်က နားထောင်ပြီး ဘာမှ ပြန်မပြောပေ။

ထောင်ကျင်က သူ့ကို အကြီးမားဆုံးပြိုင်ဘက်အဖြစ် သဘောထားကြောင်း သိသော်လည်း ထောင်ချင်းယွမ်၏ စိတ်ထဲတွင်မူ ထောင်ကျင်သည် ခံစားလွယ်သော ညီမလေးတစ်ယောက်သာ ဖြစ်သည်။

“ရွှီနင်... ငါ နည်းနည်း ကြောက်နေတယ်ကွာ”

ထောင်ချင်းဖင်က ရွှီနင်ကို ပြောလိုက်သည်။

သူသည် ပထမဆုံးအဆင့်နှစ်ခုကို အောင်မြင်ခဲ့သော်လည်း ဖြတ်ကျော်ခဲ့ရပုံမှာ ခက်ခဲပြီး အန္တရာယ်များခဲ့သည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ပြုတ်ကျသွားနိုင်သူ ဖြစ်သည်။

ထောင်ချင်းဖင်သည် သူ့ပါရမီမှာ သာမန်အဆင့်သာရှိသည်ဟု ခံစားမိသဖြင့် လာမည့်စစ်ဆေးမှုအကြောင်း တွေးမိတိုင်း ရင်တုန်နေရသည်။

“စိတ်အေးအေးထားပါ”

ရွှီနင် ထိုစကားတစ်ခွန်းသာ ပြောနိုင်လေသည်။

တကယ်တော့ ရွှီနင်လည်း ထိုနည်းတူ တွေးနေမိသည်။

သူ့ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ သိုင်းပညာပါရမီမှာ ထောင်ချင်းဖင်ထက်ပင် ဆိုးရွားသေးသည်။ လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း အခြေခံအဆင့်ကိုပင် မရောက်ခဲ့ပေ။

တတိယအဆင့်ကို သူအောင်မြင်နိုင်မလား ဆိုသည်မှာ မသေချာသေးချေ။

သို့သော် ရွှီနင်၏ စိတ်ဓာတ်ခိုင်မာမှုက ထောင်ချင်းဖင်ထက် သာလွန်ပေသည်။

စစ်ဆေးမှု မအောင်မြင်ခဲ့လျှင်တောင် အရင်းအမြစ်ရရှိမှု နည်းပါးသွားရုံနှင့် တိုးတက်မှု နှေးကွေးသွားရုံသာ ရှိမည်။ ဒါက အသေးအဖွဲ့ ဆုတ်ယုတ်မှုလေးတစ်ခုသာ ဖြစ်သည်။

သိုင်းပညာမျက်နှာပြင် ရှိနေသရွေ့ သူ့အနာဂတ်လမ်းခရီးက တောက်ပနေဆဲပင်။

“တင်ပျဉ်ခွေ ထိုင်လိုက်ကြ”

မဟူရာသံချပ်ကာဝတ် တပ်ဖွဲ့ဝင်များက အားလုံးကို အမိန့်ပေးလိုက်သည်။

ရွှီနင်သည် လူတိုင်းနှင့်အတူ ဝင်ထိုင်လိုက်သည်။

သူတို့ပတ်လည်တွင် မျိုးနွယ်စုအကြီးအကဲများနှင့် မဟူရာသံချပ်ကာဝတ် တပ်ဖွဲ့ဝင်များ ဝိုင်းရံထားကြသည်။ ရှေ့တွင် စင်တစ်ခုရှိသော်လည်း ဘာပစ္စည်းမှ မရှိဘဲ ဗလာဖြစ်နေသည်။

မကြာမီတွင် မဟူရာသံချပ်ကာဝတ် တပ်ဖွဲ့ဝင်အချို့သည် အဝတ်ဖြင့် အုပ်ထားသော အရာဝတ္ထုတစ်ခုကို သယ်ဆောင်လာကြသည်။

ထိုအရာမှာ ကြီးမားပြီး လုံးဝန်းသော ပုံသဏ္ဌာန်ရှိကာ လေးလံမည့်ပုံ ပေါက်သည်။ တပ်ဖွဲ့ဝင်များပင် မနည်းသယ်ဆောင်နေရ၏။

ဒုန်း...

ထိုအရာကို စင်ပေါ်သို့ တင်လိုက်ကြသည်။

“ခေါင်းဆောင်ရှ... ဒါ ဘာကြီးလဲ”

ထောင်ကျင်ရှင်က မေးလိုက်ခြင်း ဖြစ်သည်။

မနေ့ကတည်းက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် ပါရမီစစ်ဆေးသည့် ကိရိယာကို ထောင်ရွာသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

သို့သော် ထိုကိရိယာကို တစ်ချိန်လုံး ဖုံးအုပ်ထားသဖြင့် ထောင်ရွာအကြီးအကဲများက မည်သည့်အရာဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့ကြပေ။

ရှယွမ်ရှင်က ပြုံးလိုက်ပြီး ချက်ချင်း ပြန်မဖြေပေ။ “ခေါင်းဆောင်ကြီး... မကြာခင် သိရမှာပါ”

“စလိုက်ကြရအောင်”

ရှယွမ်ရှင် အမိန့်ပေးလိုက်သည်။

သူ့ဘေးနားရှိ ဒုတိယခေါင်းဆောင်က သတ္တုဘူးတစ်ဘူးနှင့် ငှက်မွှေးတစ်ချောင်းကို ထုတ်လိုက်သည်။

သူသည် ပထမဆုံး ပြိုင်ပွဲဝင်ထံ လျှောက်သွားလိုက်သည်။ “မော့ကြည့်... မျက်လုံး ဖွင့်ထား”

ပြိုင်ပွဲဝင်သည် နားမလည်နိုင် ဖြစ်သွားသော်လည်း ညွှန်ကြားချက်အတိုင်း လိုက်လုပ်လေသည်။

ဒုတိယခေါင်းဆောင်သည် ငှက်မွှေးကို သတ္တုဘူးထဲသို့ နှစ်လိုက်ပြီးနောက် ပြိုင်ပွဲဝင်၏ နဖူးပြင်ပေါ်သို့ ညင်သာစွာ ဖိကပ်လိုက်သည်။

ထို့နောက် သူသည် နောက်တစ်ယောက်ဆီသို့ သွားလေသည်။

‘ဒါ ဘာလုပ်တာလဲဟ’

ရွှီနင် နားမလည်နိုင် ဖြစ်နေသည်။

ရွှီနင် တစ်ယောက်တည်း မဟုတ်ပေ၊ ထောင်ချင်းယွမ်နှင့် ထောင်ကျင်တို့လည်း ထိုနည်းတူ ကြောင်တောင်တောင် ဖြစ်နေကြသည်။

All Chapters