လူသားဆေးပေါင်းဖို
Vol. 9 Ch. 101
"တခြား နေမကောင်းတာမျိုးရော ရှိသေးလား..." ချန်ဖေးက ချီတာဖုန်းကို ကြည့်ရင်း မေးလိုက်သည်။
"ခန္ဓာကိုယ် နည်းနည်း အားနည်းတာကလွဲရင် ကျန်တာ အကောင်းပါပဲ... အရင်ကထက်တောင် ပိုပြီး တက်ကြွနေသလိုပဲ... တစ်ခုရှိတာက တစ်ခါတလေကျရင် ယမကာနတ်ဘုရားစားသောက်ဆိုင်ကို သွားချင်တဲ့ စိတ်တွေ ပေါ်လာတတ်တာပဲ..." ချီတာဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
ချန်ဖေး၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ ရောဂါလက္ခဏာ သက်သက်ကို ကြည့်လျှင် ပြဿနာ မရှိသကဲ့သို့ ထင်ရပြီး အပျော်အပါး လွန်ကဲသည့် လက္ခဏာများသာ တွေ့ရသည်။ သို့သော် ချီတာဖုန်း၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေကို အပျော်အပါး လွန်ကဲခြင်း သက်သက်ဖြင့် ရှင်းပြ၍ မရနိုင်ပေ။
"ခင်ဗျားယမကာနတ်ဘုရားစားသောက်ဆိုင်ကို သွားတုန်းက တစ်ယောက်တည်းကိုပဲ အမြဲ ရှာတာလား..." ချန်ဖေး မေးလိုက်သည်။
"အင်း..." ချီတာဖုန်း ခေါင်းညိတ်လိုက်ပြီး ထိုဆွဲဆောင်မှု ရှိသော ပုံရိပ်ကို တွေးမိကာ သွားဖြဲ၍ ပြုံးလိုက်သည်။
"ခင်ဗျားကို 'လူသားဆေးပေါင်းဖို' အဖြစ် မှားပြီး သတ်မှတ်ခံလိုက်ရတာ ဖြစ်နိုင်မလား..."
ချန်ဖေး ခဏမျှ စဉ်းစားလိုက်ရာ အလားတူ မှတ်တမ်းတစ်ခုကို ဝိုးတဝါး ပြန်သတိရလိုက်သော်လည်း တိတိကျကျ မပြောနိုင်ပေ။ သို့သော် ချီတာဖုန်း၏ လက်ရှိ အပြုအမူမှာ အလွန် တူညီနေသည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကို 'လူသားဆေးပေါင်းဖို' အဖြစ် ဆက်ဆံခံရပါက အကျိုးဆက်များမှာ ပိုမို ပြင်းထန်လေ့ရှိသည်။ တစ်ကြိမ်၊ နှစ်ကြိမ် ကုသရုံဖြင့် ပျက်စီးသွားနိုင်ပေသည်။ ချီတာဖုန်းမှာ ယခုအခါ ပြေးလွှားနိုင်သေးပြီး ခန္ဓာကိုယ် အောက်ပိုင်း ကိစ္စများကို တွေးတောနိုင်သေးသည် ဆိုတော့ သိပ်ပြီး မဟုတ်သေးသကဲ့သို့ ရှိသည်။
"လူသားဆေးပေါင်းဖို..."
ချီတာဖုန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ "စီးပွားရေး လုပ်နေတဲ့ ယမကာနတ်ဘုရားစားသောက်ဆိုင်က ဒီလိုကိစ္စမျိုး လုပ်ရဲပါ့မလား..."
"ခင်ဗျားက အထဲမှာ ချက်ချင်း သေသွားမှာမှ မဟုတ်တာ... ဘာကို ကြောက်ရမှာလဲ..."
ချန်ဖေး တိုးတိုးလေး ပြောလိုက်သည် "ခင်ဗျား အခု သွားပြီး ပြဿနာ ရှာရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး... အများဆုံး လူတွေက ခင်ဗျားကို သိပ်မစွမ်းဆောင်နိုင်ဘူးလို့ပဲ ထင်ကြမှာ..."
ချီတာဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ယောက်ျားတစ်ယောက်က မိမိမစွမ်းဆောင်နိုင်ကြောင်း ဘယ်လိုလုပ် ပြောထွက်မည်နည်း။ အဲဒီအကြောင်းပြချက်နဲ့ ပြဿနာ ရှာမယ် ဆိုရင် လှောင်ပြောင်ခံရရုံပဲ ရှိမည်။ တခြား ရလဒ် ထွက်လာမည် မဟုတ်ပေ။
"တကယ်လို့ ယမကာနတ်ဘုရားစားသောက်ဆိုင်က လုပ်တာ ဆိုရင်... ခင်ဗျား တစ်ကောင်ကြွက် ဖြစ်နေလို့ ဒီလို ဆက်ဆံတာ ဖြစ်လောက်တယ်..."
ချီတာဖုန်း၌ ငွေကြေး အများအပြား ရှိသည်။ ယမကာနတ်ဘုရားစားသောက်ဆိုင်ကဲ့သို့ စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် ဆူဖြိုးသော သိုးတစ်ကောင်ကို အရေခွံခွာရန် ကြုံလာသည့်အခါ သဘာဝကျကျပင် ညှာတာနေမည် မဟုတ်ပေ။ ထို့အပြင် ချီတာဖုန်း၏ ရောဂါလက္ခဏာများကို ကြည့်လျှင် ပြဿနာက ယမကာနတ်ဘုရားစားသောက်ဆိုင်မှ မြစ်ဖျားခံသည်ဟု ပြောရန် ခက်ခဲလှသည်။
"ဒါဆိုရင် ငါ မသွားတော့ဘူး..." ချီတာဖုန်း ပြဿနာ ရှာရန် ရည်ရွယ်ချက် မရှိပေ။ ထူးခြားလာမည် မဟုတ်သလို သူ အနိုင်ရမည်လည်း မဟုတ်ပေ။
ယမကာနတ်ဘုရားစားသောက်ဆိုင်အနေဖြင့် နတ်တိမ်မြို့ အတွင်း၌ ဤကဲ့သို့ ဆိုင်ဖွင့်လှစ်နိုင်ခြင်းက သူတို့၌ အလွန် အင်အားကြီးမားသော နောက်ခံ ရှိကြောင်း ညွှန်ပြနေသည်။ ချီတာဖုန်းမှာ အရိုးသန့်စင်ခြင်း အဆင့်သာ ရှိပြီး ယမကာနတ်ဘုရားစားသောက်ဆိုင်အတွင်းရှိ အစောင့်အများအပြားမှာ သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်ကြသည်။
တကယ် ပြဿနာ ရှာမည် ဆိုပါက အပြင်သို့ ပစ်ချခံရခြင်း သို့မဟုတ် တိတ်တဆိတ် ဖမ်းဆီးခံရခြင်းမျိုး ဖြစ်သွားနိုင်သည်။
အခြေအနေ မည်သို့ပင် ရှိစေကာမူ ချီတာဖုန်း ယမကာနတ်ဘုရားစားသောက်ဆိုင်သို့ သွားရောက်ခြင်းက ကောင်းသော ရလဒ် ထွက်လာမည် မဟုတ်ပေ။
"ခင်ဗျား မသွားတာ ရက်အတော်ကြာပြီ... ဒါပေမဲ့ အခြေအနေက ပိုဆိုးလာတယ်... မသွားရုံနဲ့ ဖြေရှင်းလို့ရမယ့် ကိစ္စ မဟုတ်လောက်ဘူး..."
ချန်ဖေးသည် ချီတာဖုန်း၏ သိသာထင်ရှားသော မျက်ကွင်းညိုများကို ကြည့်၍ ခဏမျှ စဉ်းစားပြီးနောက် "အစ်ကိုကော ကို သွားရှာပြီး သူ့မှာ အကြံဉာဏ် ရှိမရှိ မေးကြည့်ရအောင်..." ဟု ပြောလိုက်သည်။
ယွမ်ချန် ဓားဂိုဏ်း အတွင်း၌ ချန်ဖေး အားကိုးနိုင်သူမှာ ကောလင်းရှန်းသာ ရှိသည်။ ဖုန်းရှူးဖူနှင့် ပတ်သက်လျှင် ချန်ဖေး၏ ကိုယ်ပိုင် ကိစ္စများအတွက် ပြောဆိုရ လွယ်ကူသော်လည်း ချီတာဖုန်းအတွက် ဆိုလျှင်မူ သူတို့ကြား၌ အကွာအဝေး တစ်ခု ရှိနေသည်။
သူတို့နှစ်ဦး ကောလင်းရှန်း၏ နေအိမ်ရှေ့သို့ ရောက်လာကြသည်။ ကောလင်းရှန်းက သူတို့ကို တွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။
ကောလင်းရှန်းသည် ချီတာဖုန်းနှင့် အတော်လေး ရင်းနှီးသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ နတ်တိမ်မြို့၌ အတူတူ နေထိုင်ခဲ့ကြဖူးသည်။
"ဘာဖြစ်လို့လဲ..." အိမ်ထဲ၌ ကောလင်းရှန်းက သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း မေးလိုက်သည်။
"သူ့ကို 'လူသားဆေးပေါင်းဖို' အဖြစ် မှားမှတ်ခံလိုက်ရပုံပဲ..." ချန်ဖေးက ချီတာဖုန်းကို လက်ညှိုးထိုးပြပြီး အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
ချီတာဖုန်းက အူကြောင်ကြောင် ရယ်လိုက်သည်။ ဤကိစ္စမျိုးကို ပြောပြရသည်မှာ ခက်ခဲလှသည်။ အထူးသဖြင့် ယမကာနတ်ဘုရားစားသောက်ဆိုင်မှ လူများက 'လူသားဆေးပေါင်းဖို' ဟု ခေါ်ဝေါ်ခံရခြင်းမှာ အနည်းငယ် ရှက်စရာ ကောင်းနေသည်။
ချန်ဖေး ပြောသည်ကို နားထောင်ပြီးနောက် ကောလင်းရှန်း မျက်ခုံးပင့်လိုက်သည်။ သူ၏ အားအင်ကို အသုံးပြု၍ ချီတာဖုန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ အသက်စွမ်းအားများ ကျဆင်းနေသည့် လက္ခဏာများကို အမှန်တကယ် တွေ့ရှိလိုက်ရသည်။
ဤအခြေအနေအတိုင်း ထိန်းချုပ်မှု မရှိဘဲ ဆက်သွားနေပါက ချီတာဖုန်းသည် လအနည်းငယ် အတွင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်ပေသည်။
"ဒါကို ကုဖို့ နည်းလမ်း ရှိလား..." ကောလင်းရှန်း၏ မျက်နှာထားကို မြင်သောအခါ ချီတာဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
နတ်တိမ်မြို့ကဲ့သို့ စည်ကားသော နေရာ၌ နေထိုင်ရပြီး ယခုအခါ ချန်ဖေးအတွက် အလုပ်လုပ်ပေးနေရသဖြင့် ချီတာဖုန်း၌ ငွေကြေး ပူပန်စရာ မရှိပေ။ သိုင်းပညာ လမ်းကြောင်းကို မလိုက်စားတော့သဖြင့် အလွန် သက်တောင့်သက်သာ ရှိသော ဘဝဟု ဆိုနိုင်သည်။
အကယ်၍ ဤအဆင့်၌ ထိုကဲ့သို့သော နေ့ရက်ကောင်းများ နောက်ထပ် ရတော့မည် မဟုတ်ကြောင်း ပြောလာပါက ချီတာဖုန်း အနေဖြင့် လက်လွှတ်ရမည်ကို အမှန်တကယ် နှမြောတသ ဖြစ်မိပေလိမ့်မည်။
"နည်းနည်း ခက်တယ်... အတင်းအဓမ္မ ဖြေရှင်းမယ် ဆိုရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ကြွက်သားသန့်စင်ခြင်း အဆင့်ကို တိုက်ရိုက် ကျသွားလောက်တယ်..."
ကောလင်းရှန်း ခဏမျှ စဉ်းစားလိုက်သည်။ ကောလင်းရှန်းက ဆေးပညာ၌ မကျွမ်းကျင်သော်လည်း ချီတာဖုန်း၏ အခြေအနေမှာ ရောဂါ မဟုတ်ဘဲ လျှို့ဝှက်နည်းစနစ် တစ်ခု၏ ပြုစားခံထားရခြင်း ဖြစ်သည်။
လုပ်ထုံးလုပ်နည်း အတိုင်း မဟုတ်ဘဲ အတင်းအဓမ္မ ဖျက်သိမ်းမည် ဆိုပါက ချီတာဖုန်း သေဆုံးမည် မဟုတ်သော်လည်း ဆုံးရှုံးမှုများမှာ အတော်လေး ကြီးမားပေလိမ့်မည်။
ချီတာဖုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် သိုင်းပညာ ကျင့်ကြံခြင်းအတွက် မျှော်လင့်ချက် မထားသော်လည်း အဆင့်ကျသွားမည်ကိုမူ မလိုလားပေ။ ၎င်းက သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံးကို ထိခိုက်စေမည် ဖြစ်ပြီး အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန် သူ မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည်။
"ယမကာနတ်ဘုရားစားသောက်ဆိုင်က လူကို သွားရှာကြမလား..." ချန်ဖေး မေးလိုက်သည်။
"ဟုတ်တယ်... အဲဒီလူကို သွားရှာပြီး ဆွေးနွေးတာ အကောင်းဆုံးပဲ... ဖြေရှင်းပေးဖို့ တောင်းဆိုရမယ်... ဒါဆိုရင် ပြဿနာ ရှိမှာ မဟုတ်တော့ဘူး..." ကောလင်းရှန်း ခေါင်းညိတ်လိုက်သည်။
ချန်ဖေး ချီတာဖုန်း ဘက်သို့ လှည့်ကြည့်လိုက်ရာ ချီတာဖုန်းကလည်း ချန်ဖေးနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
"သူမ နာမည်က ပိုင်ရှင်းဟွီ..."
ချီတာဖုန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ခဏတာ ပျော်ပါးမှု သက်သက် ဖြစ်သော်လည်း ဤအခြေအနေထိ ရောက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"လာ... ငါ မင်းတို့နဲ့ လိုက်ခဲ့မယ်... ပိုက်ဆံ နည်းနည်းပေးပြီး ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တာပဲ..."
ကောလင်းရှန်း ပြုံးပြီး ပြောလိုက်သည် "ဘာပဲဖြစ်ဖြစ် ငါက အတွင်းကလီစာသန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်၊ ယွမ်ချန် ဓားဂိုဏ်းရဲ့ အတွင်းစည်း တပည့် တစ်ယောက်ပဲ... အဆင့်အတန်း အရဆိုရင် အလေးချိန် တစ်ခုတော့ ရှိပါတယ်... သက်ရောက်မှု တစ်ခုခု ရှိလာမယ်လို့ မျှော်လင့်ရတာပဲ…
"ကျေးဇူး အများကြီး တင်ပါတယ် အစ်ကိုကြီး..." ချန်ဖေး ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဒုက္ခပေးမိပါပြီ ညီအစ်ကိုကော..." ချီတာဖုန်းက ဦးညွှတ်ရန် ကြိုးစားသော်လည်း ကောလင်းရှန်း တားလိုက်သည်။
"ကိစ္စက မပြီးသေးပါဘူး... ငါတို့ အချင်းချင်း ဒီလို လုပ်နေစရာ မလိုပါဘူး..." ကောလင်းရှန်းက လက်ကာပြပြီး ပြုံးလိုက်သည်။
နောက်ထပ် ပြောစရာ မလိုတော့ဘဲ ချန်ဖေးနှင့် သူ၏ အဖော်နှစ်ဦးတို့သည် ရှန်ယွမ်မြို့သို့ ထွက်ခွာလာကြသည်။
"ဒါနဲ့ ညီလေး... မင်းရဲ့ ထုန်ယွမ်ကျင့်စဉ် တတိယအဆင့် ကျင့်ကြံတာက..."
"ပြီးပြည့်စုံသွားပြီလား..." လမ်းခရီး၌ ကောလင်းရှန်း ရုတ်တရက် သတိရပြီး မေးလိုက်သည်။
"ဟုတ်ကဲ့... မနေ့ညက ကျင့်ကြံပြီးသွားပါပြီ... 'မဟာအားအင်' အသွင်အပြင်လက္ခဏာ နိုးထလာပါတယ်..." ချန်ဖေး ခေါင်းညိတ်လိုက်သည်။
ကောလင်းရှန်း ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲ၌ အားကျမှု အရိပ်အယောင်များ ပေါ်လာသည်။ မည်သူမဆို ဤကဲ့သို့ နားလည်သဘောပေါက်နိုင်စွမ်းမျိုးကို အားကျမိကြပေလိမ့်မည်။ အဓိက အချက်မှာ ချန်ဖေးသည်လည်း မယုံနိုင်လောက်အောင် ကြိုးစားလွန်းသူ ဖြစ်သည်။ ကောလင်းရှန်းသည် မကြာသေးမီက ချန်ဖေးကြောင့် စိတ်ဓာတ်တက်ကြွလာပြီး ယခုအခါ သူ၏ စွမ်းရည်များကို အထူး ကြိုးစား ကျင့်ကြံနေပြီ ဖြစ်သည်။
"မင်း 'မဟာအားအင်' အသွင်အပြင်လက္ခဏာကို တစ်နေ့ အနည်းဆုံး တစ်ကြိမ်လောက်တော့ အသုံးပြုပေးသင့်တယ်... များများသုံးလေ 'မဟာအားအင်' အသွင်အပြင်လက္ခဏာက ပိုကြာရှည်ခံလေပဲ..." ကောလင်းရှန်းက သူ၏ အတွေ့အကြုံကို မျှဝေလိုက်သည်။
"အသွင်အပြင်လက္ခဏာ အားလုံးက ဒီလိုပဲလား..." ချန်ဖေးက 'စိတ်တည်ငြိမ်ခြင်း ကျင့်စဉ်' ၏ အထူး အခြေအနေကို ပြန်သတိရလိုက်သည်။
"တော်တော်များများ တူပါတယ်... မင်း များများသုံးလေ မင်းရဲ့ ခန္ဓာကိုယ်က အဲဒီ အခြေအနေကို ပိုမှတ်မိလေပဲ... ငါ ကြားဖူးတာတော့ အထဲမှာ တချို့လူတွေက 'မဟာအားအင်' သံမဏိအရိုး အခြေအနေကို အချိန်တိုင်း အားမလျော့ဘဲ ထိန်းထားနိုင်တယ်တဲ့..." ကောလင်းရှန်း ခေါင်းညိတ်လိုက်သည်။
ချန်ဖေး မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ ထိုသို့ လုပ်ဆောင်နိုင်သည်ကို သူ အံ့သြမိသည်။
ချန်ဖေးသည် မနေ့က 'မဟာအားအင်' ကို အသုံးပြုခဲ့စဉ်က ခံစားချက်နှင့် တရားမှတ်ခြင်း နည်းစနစ်၏ အသွင်အပြင်လက္ခဏာများကို ပြန်သတိရလိုက်သည်။ အသုံးပြုသည့်အခါ နှစ်ခုစလုံး၌ တူညီသော အချက်များ ရှိနေပုံရသည်။
သို့သော် ၎င်းကို လေ့လာရန် အချိန်အနည်းငယ် လိုအပ်သည်။ သို့မဟုတ် နောက်ပိုင်းကျမှ ဖုန်းရှူးဖူကို တိုက်ရိုက် မေးမြန်းနိုင်သည်။ ဖုန်းရှူးဖူ အနေဖြင့် တစ်ခုခုတော့ သိထားသင့်သည်။ ဘာပဲဖြစ်ဖြစ် သူသည် တစ်ချိန်က လိုဏ်ခေါင်းဖွင့် အဆင့်ရှိ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
သူတို့ သုံးယောက် အတတ်နိုင်ဆုံး မြန်မြန် ပြေးလာကြပြီး မကြာမီ ယမကာနတ်ဘုရားစားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။
ယမာနတ်ဘုရားစားသောက်ဆိုင်သည် နေ့ဘက်၌ အတော်လေး တိတ်ဆိတ်နေပြီး ဧည့်သည် အများအပြားမှာ အိပ်ပျော်နေကြကာ သက်တောင့်သက်သာ အချိန်များကို ခံစားနေကြပုံ ရသည်။
ယမကာနတ်ဘုရားစားသောက်ဆိုင်သည် ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်။ ညဘက်၌ ခွက်ချင်းတိုက်သံများ၊ သီဆိုကခုန်သံများနှင့် ယှဉ်လျှင် နေ့ဘက်သည် လက်ဖက်ရည် သောက်ခြင်းနှင့် ဂီတ နားထောင်ခြင်းတို့အတွက် ပိုမို သင့်လျော်သည်။
"မိန်းကလေး တစ်ယောက်ကို ရှာချင်လို့..."
နေရာထိုင်ခင်း ရပြီး လက်ဖက်ရည် လာချပေးပြီးနောက် ကောလင်းရှန်းက အစေခံ မိန်းကလေး ဘက်သို့ လှည့်လိုက်သည်။ ဤကဲ့သို့ ကိစ္စရပ်များကို တာဝန်ရှိသူနှင့် တိုက်ရိုက် ပြောဆို ဖြေရှင်းသင့်သည်။
"ဘယ်သူ့ကို ရှာချင်လို့ပါလဲ ရှင်..."
"ပိုင်ရှင်းဟွီ ရှိလား..." ချီတာဖုန်းက ငွေငါးပြား ထုတ်ပြီး အစေခံ မိန်းကလေး ရှေ့သို့ တွန်းပို့လိုက်သည်။
"ဟုတ်ကဲ့... အစ်မပိုင် ကို ချက်ချင်း သွားခေါ်ပေးပါ့မယ်..." အစေခံ မိန်းကလေးက ငွေကို သိုသိုသိပ်သိပ် သိမ်းဆည်းလိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ လှည့်ထွက်သွားသည်။
ခဏအကြာတွင် အစေခံ မိန်းကလေးက အမျိုးသမီး တစ်ဦးကို ခေါ်ဆောင်လာသည်။
သူမသည် အရွယ်လွန်နေပြီ ဖြစ်သော်လည်း ဆွဲဆောင်မှု ရှိနေဆဲပင်။ အသက်အရွယ်ထက် ပိုကြီးပုံ ပေါက်နေသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာမှာ ထိပ်တန်း အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
ချန်ဖေး ချီတာဖုန်းကို လှမ်းကြည့်လိုက်သည်။ သူ့အကြိုက်က မဆိုးပေ။
"သခင်ကြီးပါလား... ကျွန်မ ရှင်နဲ့ ခွဲနေရတာ ကြာပြီ..."
ပိုင်ရှင်းဟွီက ချီတာဖုန်းကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။ သူမသည် ချီတာဖုန်း ဘေးနား၌ သဘာဝကျကျ ဝင်ထိုင်လိုက်ပြီး ချီတာဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စားပွဲပေါ်မှ စပျစ်သီး တစ်လုံးကို ယူ၍ အခွံခွာပြီး ချီတာဖုန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ချီတာဖုန်းက သဘာဝကျကျပင် ပါးစပ်ဟလိုက်ပြီး စပျစ်သီးကို မျိုချပြီးမှ ယနေ့ ဘာကြောင့် ဒီကို ရောက်လာသလဲ ဆိုတာ သတိရသွားကာ မျက်နှာထား အနည်းငယ် မည်းမှောင်သွားသည်။
"စပျစ်သီးက မချိုဘူးလား... ဒါဆိုရင် ကျွန်မ ရှင့်ကို လက်ဖက်ရည်ချိုချိုလေး ငှဲ့ပေးမယ်နော်..."
ချီတာဖုန်း၏ အမူအရာကို မြင်သောအခါ ပိုင်ရှင်းဟွီက ပြုံးလိုက်ပြီး ပါးစပ်ထဲသို့ လက်ဖက်ရည် တစ်ငုံ ငုံလိုက်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ ချီတာဖုန်း၏ နှုတ်ခမ်းများကို နမ်းရန် ပြင်လိုက်သည်။
ချန်ဖေးမှာ ကြောင်အမ်းအမ်းနှင့် ကြည့်နေမိသည်။ ကောင်းကင်ဘုံ... ချီတာဖုန်းကို မဆိုထားနှင့်၊ မည်သည့် ယောက်ျားမဆို ဤကဲ့သို့ ဖြားယောင်းမှုကို ခံနိုင်ရည် ရှိဖို့ ခက်ခဲပေလိမ့်မည်။
အဓိကအချက်မှာ ပိုင်ရှင်းဟွီ၏ လုပ်ရပ်များ၊ အမူအရာများ၊ စကားလုံးများနှင့် မျက်နှာထားများ အားလုံးသည် အလွန် သဘာဝကျပြီး ရင်းနှီးလွန်းနေသည်။ ပိုင်ရှင်းဟွီ၏ ကမ္ဘာကြီးထဲတွင် ချီတာဖုန်း တစ်ယောက်တည်းသာ ရှိသကဲ့သို့ပင်။
ဒါက ဘယ်သူမှ ခံနိုင်ရည် မရှိနိုင်တဲ့ အရာပဲ…
"မင်းကို မေးစရာ ရှိလို့..."
ချီတာဖုန်း တံတွေး တစ်ချက် မျိုချလိုက်ပြီး ပိုင်ရှင်းဟွီ၏ ဦးခေါင်းကို ရှောင်တိမ်းလိုက်ကာ တည်ကြည်သော မျက်နှာထားနှင့် ပြောလိုက်သည်။
"အင်း..."
ပိုင်ရှင်းဟွီက အရိုးမရှိသကဲ့သို့ ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး ဆွဲဆောင်မှု တစ်ခုကို ထုတ်လွှတ်လိုက်ရာ သူမကို ပွေ့ဖက်ပြီး မြတ်နိုးချင်စိတ် ပေါက်သွားစေသည်။
ပိုင်ရှင်းဟွီသည် ချီတာဖုန်းကို နူးညံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး လက်ဖက်ရည်ချိုကို သောက်စေချင်နေသည်။ သူမ၏ မျက်လုံးများထဲ၌ တောင့်တမှု အရိပ်အယောင်များပင် ပါဝင်နေသည်။
"ငါ မင်းနဲ့ အလေးအနက် ကိစ္စ ပြောချင်လို့..."
ဆန္ဒတစ်ခုက ဦးနှောက်ထဲသို့ တိုက်ရိုက် တိုးဝင်လာသကဲ့သို့ ချီတာဖုန်း မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်ပြီး ပြန်ဖွင့်ကာ ဆန္ဒကို ဖိနှိပ်လိုက်သည်။
ချီတာဖုန်းသည် တဏှာရာဂကြီးသူ မဟုတ်ပေ။ ယခု သူ၏ ခန္ဓာကိုယ် ပုံမှန် မဟုတ်ကြောင်း သိနေသည့်အချိန်၌ ပို၍ပင် မဖြစ်နိုင်ပေ။ ပိုင်ရှင်းဟွီ၏ ရုပ်ရည်မှာ ဆွဲဆောင်မှု ရှိသော်လည်း ချီတာဖုန်းသည် စိတ်ဆန္ဒ သက်သက်ဖြင့် တွန်းလှန်နေခဲ့သည်။
ထို့အပြင် ခုနက ရုတ်တရက် ဖြစ်ပေါ်လာသော ဆန္ဒလှိုင်းလုံးကြီးမှာ ပုံမှန် မဟုတ်သည်မှာ သေချာသည်။
"ဟင်... ရှင်က ကျွန်မနဲ့ ဘာကိစ္စ ဆွေးနွေးချင်လို့လဲ သခင်ကြီး..."
ချီတာဖုန်း၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ပိုင်ရှင်းဟွီက ပါးစပ်ထဲမှ လက်ဖက်ရည်ကို မျိုချလိုက်သည်။ သို့သော် မြန်မြန်ဆန်ဆန် မျိုချလိုက်သဖြင့် လက်ဖက်ရည် အနည်းငယ် ဖိတ်စင်ကျလာပြီး သွားရည်ကျနေသကဲ့သို့ ဖြစ်သွားသည်။
"ငါ့ကို 'လူသားဆေးပေါင်းဖို' အဖြစ် မှားမှတ်ထားတာလား..." ချီတာဖုန်းက ပိုင်ရှင်းဟွီကို ကြည့်ပြီး တဲ့တိုး မေးလိုက်သည်။
"သခင်ကြီးရယ်... အဲဒါက နည်းနည်းမှ ရယ်စရာ မကောင်းဘူးနော်..."
ပိုင်ရှင်းဟွီက ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများဖြင့် ချီတာဖုန်းကို ကြည့်ကာ "ကျွန်မက သာမန် အမျိုးသမီး တစ်ယောက်ပါ... ရှင့်ကို ဘယ်လိုလုပ် 'လူသားဆေးပေါင်းဖို' အဖြစ် မှားမှတ်ရမှာလဲ..." ဟု ပြောလိုက်သည်။