← Chapters

ပေါ်လန်မြို့၏ သူရဲကောင်း

Vol. 20 Ch. 271

ပေါ်လန်မြို့၏ သူရဲကောင်း

Vol. 20 Ch. 271

လေထုထဲရှိ ဖုန်လုံးများနှင့် အပျက်အစီးစများ အလယ်တွင် လျှပ်စီးများ တလက်လက် တောက်ပနေပြီး ဂျယ်လီဂါးဘုရင်သည် အုတ်ခဲကျိုးများထဲမှ ထွက်ပေါ်လာသည်။ ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အပြာရောင်သွေးများ တစက်စက် စီးကျနေပြီး အန်လင်း၏ လက်သီးချက်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားပုံပင်။

“မင်း.. မင်းက လူသားကျင့်ကြံသူလား။”

ဂျယ်လီငါးဘုရင် တုန်လှုပ်နေလေသည်။

“အမှန်ပဲ” အန်လင်းသည် မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်ပြီးနောက် ဂျယ်လီငါးဘုရင်အား ငုံ့ကြည့်လိုက်သည်။ လေထုထဲတွင် သန်မာအားကောင်းသည့် ဓားဆန္ဒများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိပြီး ဓားအင်မော်တယ် အန်လင်း ရောက်ရှိလာမှု၏ သင်္ကေတလည်း ဖြစ်သည်။

“ဒါက ငါတို့ ပင်လယ်မိစ္ဆာတွေနဲ့ ပုလဲလူမျိုးတွေကြားက ပြဿနာကွ။ မင်းတို့ လူသားကျင့်ကြံသူတွေရဲ့ ဘာသောက်ပူပါလို့ ဝင်ရှုပ်ရတာလဲ။ ရဲရဲနီမိစ္ဆာအင်ပါယာရဲ့ အစီအစဉ်တွေကို ဖျက်ဆီးမယ် ဆိုရင်တော့ ပင်လယ်မိစ္ဆာတပ်မရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်။ ဒီကနေ မြန်မြန်ထွက်သွားလိုက်တော့။” ဂျယ်လီငါးဘုရင်မှာ အန်လင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိလိုက်သည့်အတွက် ယင်း၏ အရှင်သခင်ဖြစ်သူအား ချက်ချင်းဆိုသလို ထည့်သွင်းဖော်ပြကာ ခြောက်လှန့်လေသည်။

“ရဲရဲနီမိစ္ဆာအင်ပါယာက အင်ပါယာအဆင့် ပင်လယ်မိစ္ဆာလား။” အန်လင်းသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။

ဂျယ်လီငါးဘုရင်သည် မောက်မာသည့်ဟန်ဖြင့် ယင်း၏ လက်တံများအား နောက်သို့ပစ်လိုက်သည်။ “သေချာတာပေါ့။ အရှင်က မင်းလိုလူမျိုး သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး။”

အန်လင်း ကျိတ်ပြုံးလိုက်ပြီးနောကက် “အဲဒါဆိုတော့လည်း မင်းတို့ကို အသက်ရှင်လျက် လွှတ်ပေးလိုက်လို့ မဖြစ်တော့ဘူးပဲ။”

ဂျယ်လီငါးဘုရင်သည် အန်လင်း၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။

“မြို့တံခါးကို သွားစောင့်လိုက် ရှောင်ချိုး”

အန်လင်းသည် တပိုင်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် သူ၏ နောက်ကျောတွင် လေတောင်ပံများ ပေါ်လာပြီး သူ၏ဓားတွင်လည်း လေစီးကြောင်းများ စတင်လှည့်ပတ်လာလေသည်။

ရှောင်ချိုးသည် နယ်မြေအုပ်ချုပ်သူ အရှင်သခင် တစ်ဦးသဖွယ် မြို့တံခါးပေါက်သို့ ဆင်းသက်လိုက်သည်။ အနက်ရောင်မီးတောက်နယ်ပယ်အား ထုတ်ဖော်ထားပြီး ဖြစ်သည့်အတွက် ပေတစ်ရာ ပတ်လည်မှာ ချက်ချင်းဆိုသလို မဟူရာမီးလျှံပင်လယ်အဖြစ်သို့ ပြောင်းလဲသွားကာ ပင်လယ်မိစ္ဆာများအားလုံးကို ပြာမှုန်များအဖြစ်သို့ လောင်ကျွမ်းပြာချပစ်လိုက်သည်။

ရှောင်ချိုး၏စွမ်းအားကြောင့် ပုလဲလူမျိုးများ တုန်လှုပ်သွားကြလေသည်။ “ဒါ.. ဒါက နတ်ဘုရားနယ်ပယ် စွမ်းအား မဟုတ်လား။”

ပုလဲလူမျိူးများ၏ မျက်လုံးထဲတွင် နတ်ဘုရားနယ်ပယ် စွမ်းအားမှာ မျှော်မှန်းမရနိုင်လောက်အောင် အစွမ်းထက်လေသည်။ သို့သော်လည်း ယင်းမှာ လူသားကျင့်ကြံသူ၏ သားရဲသာဖြစ်သည် မဟုတ်ပါလား။

တုန်လှုပ်မှုကြောင့် ကြက်သေ သေနေကြစဉ်တွင် သူတို့၏ မျက်လုံးထဲသို့ ပိုမိုထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ရောက်ရှိလာပြန်သည်။ ပင်လယ်မိစ္ဆာတပ်တွင် ဂျယ်လီငါးဘုရင်မှာ အစွမ်းအထက်ဆုံးဟု ယူဆရသော်လည်း အန်လင်းနှင့် တွေ့ရုံမျှနှင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားရရှာလေသည်။

“ဒါက…” ပုလဲဘုရင်သည် ဂျယ်လီငါးဘုရင်၏ အသားစများကို ကြည့်နေရင်း တုန်လှုပ်ချောက်ခြားနေမိသည်။

မြို့တံခါး၏ရှေ့တွင် ရေနက်လိပ်ဧကရာဇ်၏ လိပ်ခွံသည် ရှောင်ချိုး၏ ငွေတုတ်နှင့် တစ်ချက်ရိုက်ရုံမျှနှင့် အပိုင်းပိုင်း ကွဲကြေရကာ မဟူရာမီးတောက်များဖြင့် လောင်ကျွမ်းခံရသည့်အတွက် ပင်လယ်မိစ္ဆာ ရာနှင့်ချီကာ ပြာဘဝသို့ ရောက်ရှိသွားလေသည်။ ဤအဆုံးမဲ့ အနက်ရောင်မီးတောက်နယ်ပယ်သည် ပေါ်လန်မြို့အတွက် ဖျက်ဆီးမရနိုင်သည့် ခံစစ်ဖြစ်လာခဲ့သည်။

အန်လင်း မြေပြင်သို့ ဆင်းသက်လိုက်သည့်အခါ ရွှေရောင်လှိုင်းများ ထွက်ပေါ်လာပြီး ပေတစ်ထောင် ပတ်လည်ရှိ ပင်လယ်မိစ္ဆာများအားလုံး ပါးစပ်မှ အမြှုပ်များထွက်လာကာ နေရာတွင်ပင် သတိလစ်သွားကြလေသည်။

နတ်ဘုရားခွန်အား နည်းစနစ်။

အန်လင်းသည် အကောင်းမွန်ဆုံးသော ရလဒ်ကို ရရှိစေရန် နတ်ဘုရားခွန်အား နည်းစနစ်ကို အသုံးပြုလိုက်သည်။

အန်လင်းသည် စစ်နတ်ဘုရားတစ်ပါး အသွင်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏ ပတ်ပတ်လည်ရှိ ပင်လယ်မိစ္ဆာများအား ပြိုလဲကျစေသည်။

နတ်ဘုရားခွန်အား၏ အောက်တွင် အင်အားနည်း ပင်လယ်မိစ္ဆာတပ်သားများသည် ကြောက်မက်ဖွယ်ရာ ကံတရားနှင့် ကြုံတွေ့ခဲ့ရပြီး ခန္ဓာကိုယ်များ ပေါက်ကွဲကြရလေသည်။

နောက်ဆုံးကျန်ရှိသည့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ပင်လယ်မိစ္ဆာဖြစ်သည့် ပင်လယ်နက်ရေဘဝဲဘုရင်သည် တစ်ဖက်သတ် သတ်ဖြတ်ခြင်း ခံနေရသည့်အတွက် လွန်ကဲစွာ ကြောက်ရွံ့ထိတ်လန့်လျက်ရှိသည်။ ယင်း၏ လက်တံငါးခုမှ တပိုင်၏ ဆွဲဖြုတ်ခြင်း ခံလိုက်ရပြီးဖြစ်ကာ ပင်လယ်ထဲသို့ အားကုန်သုံးကာ ပြန်သွားနေလေသည်။ သို့သော်လည်း ကောင်းကင်မှပြုတ်ကျလာသည့် ကြီးမားသည့် အနက်ရောင် အုတ်ခဲ‌ကြောင့် မြေပြင်တွင် ပြားကပ်လျက်နှင့် ရှိနေလေသည်။

“မသတ်ပါနဲ့။ ငါ့ကို သတ်လို့မရဘူး။ ငါ့ကို သတ်လိုက်မယ်ဆိုရင် ရဲရဲနီမိစ္ဆာအင်ပါယာက မင်းတို့အားလုံးကို သတ်လိမ့်မယ်။” ပင်လယ်နက်ရေဘဝဲဘုရင် အော်ဟစ်နေလေသည်။ ထိုကဲ့သို့ အော်ဟစ်နေစဉ်မှာပင် တပိုင်သည် ယင်း၏ ကျန်ရှိနေသည့် လက်တံများကို ဆွဲဖြုတ်လိုက်သည်ကြောင့် ဒဏ်ရာများမှ သွေးများပန်းထွက်လာသည်။

“အိုး.. အဲဒီတော့ မင်းကို သတ်လိုက်မယ်ဆိုရင် ရဲရဲနီမိစ္ဆာအင်ပါယာက လက်စားချေမယ်ပေါ့။” အန်လင်းသည် အုတ်ခဲနက်ထက်တွင် မတ်တတ်ရပ်ကာဖြင့် သိလိုစိတ်ကြောင့် မေးမြန်းလျက်ရှိသည်။

ပင်လယ်နက်ရေဘဝဲဘုရင်သည် ခြိမ်းခြောက်သည့်အသံဖြင့် “သေချာတာပေါ့။ ငါတို့ သေဆုံးသွားတာကို အာရုံခံမိတာနဲ့ ရဲရဲနီမိစ္ဆာအင်ပါယာက ပင်လယ်မိစ္ဆာတပ်မတစ်စုကို ဦးဆောင်ပြီး နှစ်ရက်အတွင်းမှာ ပေါ်လန်မြို့ကို စိစိညက်ညက်ကြေအောင် ဖြိုချပစ်လိမ့်မယ်။ ငါ့ကို သွားခွင့်ပြုမယ်ဆိုရင်တော့ မင်းအသက်ကို ချမ်းသာပေးဖို့အတွက် ရဲရဲနီမိစ္ဆာအင်ပါယာဆီမှာ တောင်းဆိုပေးမယ်။”

အန်လင်း ပြုံးလိုက်သည်။ “အဲတော့ ရဲရဲနီမိစ္ဆာအင်ပါယာက ငါ့ကိုလာရှာမယ်ပေါ့။ မိုက်တယ်ဟ”

ရေဘဝဲဘုရင် မယုံကြည်နိုင်မှုများစွာဖြင့် ကြည့်နေစဉ်မှာပင် တောင်ခွင်းလျှပ်စီးလက်သီးမှာ သူ၏မျက်လုံးထဲတွင် တဖြည်းဖြည်း ကျယ်ပြန့်လာပြီးနောက် ရွှေရောင်အလင်းတန်း၏အောက်တွင် နစ်မြုပ်သွားလေသည်။

တိုက်ပွဲ အဆုံးသတ်သွားပြီ ဖြစ်ကာ ပင်လယ်မိစ္ဆာတပ်မှာလည်း အမြစ်ပြုတ် ချေမှုန်းခံလိုက်ရလေပြီ။

အန်လင်း၊ ရှောင်ချိုးနှင့် တပိုင်တို့သည် မြို့ရိုးပေါ်သို့ ပြန်ရောက်လာသည့်အခါ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုခံရပြီး လက်ခုပ်ဩဘာပေးသံများ ထွက်ပေါ်လာလေသည်။

“ပေါ်လန်မြို့ကို ကျရောက်လာတဲ့ ဘေးအန္တရာယ်မှ ကယ်ဆယ်ပေးခဲ့တဲ့အတွက် လူသားမျိုးနွယ်မှ မိတ်ဆွေလေးများကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။” ပုလဲဘုရင်မှာ စိတ်လှုပ်ရှားမှုကြောင့် မြေပေါ်တွင် လှိမ့်နေလေသည်။

ပုလဲတစ်လုံး မြေတွင်လှိမ့်နေမည်ဆိုလျှင် သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြခြင်းဖြစ်ကာ လူသားများ ဒူးထောက်ကျေးဇူးတင်ခြင်းနှင့် တူညီသည်ဟု ဆိုလေသည်။

“ထပါ ဗိုလ်ချုပ်.. ကျွန်တော်က ဒီမြို့ကို ဖြတ်သွားတုန်းမှာ ပင်လယ်မိစ္ဆာတွေရဲ့ ရက်စက်ပြီး အကြင်နာမဲ့တဲ့နည်းလမ်းတွေကို စက်ဆုပ်မိတာကြောင့် သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။” အန်လင်းသည် မြေပြင်ပေါ်တွင် လှိမ့်နေဆဲဖြစ်သည့် ပုလဲဘုရင်အား တည်ကြည်စွာဖြင့် ပြောလေသည်။

ပုလဲဘုရင်သည် လေးစားစွာဖြင့် “ကျုပ်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြနိုင်အောင် နိမ့်ပါးလှတဲ့ စံအိမ်ကို လာရောက်လည်ပတ်ဖို့ မျှော်လင့်ပါတယ်။”

အန်လင်းသည် အခြေအနေအား ခေတ္တမျှ တွေးတောပြီးသည့်နောက်တွင် ခေါင်းညိတ်ကာ သဘောတူလက်ခံလိုက်သည်။ ရဲရဲနီမိစ္ဆာအင်ပါယာ ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရဦးမည် ဖြစ်သည့်အတွက် ပုလဲဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံပြီး သူ၏ နေအိမ်တွင် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် တပိုင်၏ကျောပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ချီချီအား ခေါ်ယူလိုက်သည်။

ချီချီသည် အန်လင်းအား ကြည်ညိုလေးစားမှုဖြင့် ကြည့်နေလေသည်။ ဟိုတယ်၏ အပေါ်စီးမှနေ တိုက်ပွဲတစ်စိတ်တစ်ပိုင်းအား မြင်တွေ့ခဲ့ရသည်ကြောင့် ကြမ်းတမ်းသည့် တိုက်ပွဲအခြေအနေအား သိရှိလေသည်။

ကောင်းကင်မှ ဆင်းသက်လာပြီး မြို့တံခါးအား စောင့်ကြပ်နေသော ရဲရင့်လှသည့် မျောက်မင်းသည် အန်လင်း၏ ပခုံးပေါ်တွင် ရှိနေသည့် ချစ်စဖွယ် မျောက်ရုပ်ဆိုးလေးမှလွဲ အခြားမဟုတ်ချေ။ ထိုအဖွဲ့သည် ဖြတ်သွားဖြတ်လာ လူများဟူ၍သာ သူမတွေးထင်မိခဲ့သော်လည်း ရုတ်တရက်ဆိုသလိုပင် ပေါ်လန်မြို့၏ သူရဲကောင်းများ ဖြတ်လာခဲ့ကြသည်။ ချီချီမှာ သူတို့၏ ဖြစ်တည်မှုများကြောင့် လွန်စွာ အံ့ဩမှင်တက်နေမိသဖြင့် သူမ၏ အရည်လဲ့နေသသည့် မျက်ဝန်းကြီးများဖြင့် အန်လင်းအား ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ ညှို့ငင်ဖမ်းစားနိုင်သော အကြည့်များမှာ ကံမကောင်းစွာဖြင့် အန်လင်းအပေါ်သို့ သက်ရောက်ခြင်း မရှိချေ။

ပုလဲဘုရင်မှာ ပေါ်လန်မြို့စောင့်တပ်၏ ဗိုလ်ချုပ်ဖြစ်ပြီး မြို့အရှင်လည်း ဖြစ်သည့်အတွက် သူ၏ “နိမ့်ပါးလှသည့် စံအိမ်” သည် ရှုခင်းအကောင်းဆုံးနေရာတွင်တည်ရှိပြီး လှပသည့် အမျိုးသမီးအစေခံများစွာလည်း ရှိလေသည်။ သံသယဖြစ်စရာ မလိုလောက်အောင်ပင် မြို့၏ အကောင်းဆုံးသောနေရာတွင် ရှိနေခြင်းဖြစ်သည်။

အန်လင်းတို့မှာ ညစာစားသောက်ပြီး ဖြစ်သည့်အတွက် ပုလဲဘုရင်သည် မုန့်အချို့နှင့် အကောင်းစားဝိုင်တစ်ပုလင်း ယူဆောင်ကာ အန်လင်းအား ဧည့်ခံလေသည်။ လှပသည့် ပုလဲအကနှင့်လည်း ဖျော်ဖြေသေးသည်။

ပုလဲအကမှာ ပုံစံမျိုးစုံအား လှိမ့်ကာဖြင့် ကပြဖော်ဖြေခြင်းဖြစ်ကာ အလွန် မျက်စိပသာဒဖြစ်သည်ဟု ဆိုရပေမည်။

ပုလဲဘုရင်သည် အဓိကနေရာတွင် ထိုင်ကာဖြင့် ပုလဲအကအား ရှုစားနေလေသည်။

“ရဲရဲနီမိစ္ဆာအင်ပါယာနဲ့ ပတ်သက်ပြီး သခင်လေး အန်လင်း စိုးရိမ်နေဖို့ မလိုပါဘူး။ အရှင်မင်းကြီးကို အသံလွှင့်ကျောက်တုံးနဲ့ ဆက်သွယ်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို တင်ပြပြီး ဖြစ်ပါတယ်။ အရှင်မင်းကြီးကလည်း ပေါ်လန်မြို့မှာ အခြေချဖို့ အစွမ်းထက်ကျင့်ကြံသူ အချို့ကို ပို့ဆောင်ပေးဖို့ သဘောတူထားပါတယ်။” ပုလဲဘုရင်သည် ထိုသို့ပြောပြီးနောက် ဝိုင်တစ်ငုံ ယူသောက်လိုက်သည်။

အန်လင်းအနေဖြင့် ဂရုစိုက်ခြင်း မရှိချေ။ မည်သို့ဆိုစေ ဂမ်ဒမ် နှစ်ကောင်မှာ ဝှက်ဖဲအနေဖြင့် ရှိနေသေးသည်ကြောင့် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာနှင့် ရင်ဆိုင်ရန်မှာ စိုးရိမ်ဖွယ်ရာ မဟုတ်ချေ။

နောက်တစ်နေ့တွင် အန်လင်း၏ သူရဲကောင်းဆန်သည့် အပြုအမူမှာ ပေါ်လန်မြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဖြစ်သည်။

ပေါ်လန်မြို့သို့ ပင်လယ်မိစ္ဆာတပ် ကျူးကျော်လာစဉ်တွင် မဟူရာမီးလျှံ မျောက်မင်း၊ နတ်ဘုရားလေပြင်း ခွေး နှင့် ဓားအင်မော်တယ် အန်လင်းတို့သည် တရားမျှတမှုအောက်တွင် ရပ်တည်ကာဖြင့် ပင်လယ်မိစ္ဆာတပ်အား သုတ်သင်ခဲ့ပြီး ပေါ်လန်မြို့၏ သူရဲကောင်းများအဖြစ် မှတ်ကျောက်တင်ခဲ့ကြသည်။

ပုလဲလူမျိုးများမှ ဓားအင်မော်တယ်ဟု ခေါ်ဆိုကြခြင်းကြောင့် အန်လင်း အလွန်အမင်း ကျေနပ်နေလေသည်။ ဓားအင်မော်တယ်ဟု မိမိကိုယ်တိုင် အမည်မှည့်ခေါ်ထားခြင်း ပြုရာမှ အခြားသူများမှ အသိအမှတ်ပြုလာခြင်းဖြစ်သည်။

သူ့အား ဓားအင်မော်တယ်ဟူ၍ ခေါ်ဆိုကြသူများမှ ပုလဲလုံးများသာလျှင် ဖြစ်သော်လည်း ဂုဏ်ယူဖွယ်ရာတစ်ရပ် ဖြစ်နေဆဲပင်။

ထိုနေ့ညတွင် ပုလဲနိုင်ငံတော်မှ အစွမ်းထက်ကျင့်ကြံသူ ရောက်ရှိလာခဲ့သည်။

ကနဦးတွင် အန်လင်းတွေးထင်ခဲ့သည်မှာ ထိုအစွမ်းထက်ကျင့်ကြံသူမှာ အလွန်ထူးချွန်လှသည့် ပုလဲလုံးကြီး ဖြစ်လိမ့်မည် ဟူ၍ပင်။ သို့သော်လည်း လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ အံ့အားသင့်မိသည်။

ပုလဲလူမျိုးများ၏ စံနှုန်းအရ လှပသည့် အမျိုးသမီးတစ်ဦး မဟုတ်ချေ။ အမှန်တကယ်ကို လှပသည့် လူသားအမျိုးသမီး ဖြစ်နေခြင်း ဖြစ်သည်။

***

All Chapters