အခန်း (၁၄၁၁-၁၄၁၃)
Vol. 95 Ch. 1411-1413
အခန်း (၁၄၁၁ )
သူ နိုးထလာပြီ
ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များကို လုချန်းက ကိုင်တွယ်ပြီးနောက် သူ၏ အေးစက်သော အကြည့်များက ရောက်ရှိနေသည့် အခြားဂိုဏ်းတပည့်များအပေါ်သို့ ဖြတ်သန်းသွား၏။ ထိုအခါကျမှသာ ထိုတပည့်များလည်း အိပ်မက်မှ နိုးထလာကြကုန်၏။ ထို့နောက် သူတို့၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက်လည်း အလျင်အမြန် ကြိုးစားကြလိုက်ကြတော့သည်။
“ညီလေးလု..... ခုနက အစ်ကိုတို့ ဘာမှမလုပ်ခဲ့ဘူးနော်။ ဒါက အစ်ကိုတို့ ခန်းမနဲ့ ဘာမှမဆိုင်ဘူး။”
“ကျွန်တော်တို့လည်း ဘာမှမလုပ်ပါဘူး။ လာကြည့်ရုံသက်သက်ပဲ။”
“ညီလေးလု။ အစ်ကိုတို့ အခွင့်အလမ်းတွေသွားရှာတော့မယ်။ မင်းကို အနှောင့်အယှက်မပေးတော့ပါဘူး။”
ထို့နောက်တွင်တော့ ထိတ်လန့်သွားသည့် တပည့်တစ်စုသည် အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ပြေးသွားကြတော့သည်။ ချောက်ကမ်းပါးနားတွင် လနှလုံးသား ခန်းမမှ တပည့်များသာ ကျန်ရစ်တော့၏။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်အမြောက်အမြားကို တစ်ကြိမ်တည်းနှင့် သတ်ဖြတ်လိုက်ခြင်းက သူ့ကို ငြိမ်သက်သော မျှော်စင်တွင် အကျဉ်းချရန် လုံလောက်သင့်သည်။ တောက်ရွှမ်ကမ္ဘာငယ် ပြန်လည်ပွင့်လာမည့်အချိန်ကိုသာ စောင့်ရန်လိုအပ်တော့သည်ဟု လုချန်း စိတ်ထဲ တွေးလိုက်သည်။
ထိုသို့တွေးတောရင်း လနှလုံးသား ခန်းမမှ တပည့်များဘက်သို့ လုချန်း ကြည့်လိုက်၏။ လုချန်းက သူတို့ကို ရုတ်တရက် ကြည့်လိုက်သည်ကို မြင်လျှင် လနှလုံးသား ခန်းမမှ တပည့်များ ကျောမချမ်းပဲ မနေနိုင်တော့ပေ။
သူတို့သည် လုချန်းနှင့် ဂိုဏ်းတူတပည့်များ ဖြစ်ကြသော်လည်း သူ၏ ခုနက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက သူတို့ကို တကယ် ထိတ်လန့်စေခဲ့သည်။
လျန်ကျိချုန်းက စိတ်မသက်မသာဖြင့်
“ညီလေးလု...တကယ်ပဲ အားနာပါတယ်။ အစ်ကိုတို့ရဲ့ အရည်အချင်းတွေက ညံ့လွန်းလို့ မင်းကို ဘာမှမကူညီနိုင်ခဲ့ဘူး။”
လုချန်းက ပြုံး၍
“အစ်ကိုကြီး ဘာတွေပြောနေတာလဲ။ အခုလိုအချိန်မှာ အစ်ကိုတို့၊ အစ်မတို့က ကျွန်တော့်ကို ကူညီဖို့ ဆန္ဒရှိပေးတာကတင် ကျွန်တော့်အတွက် ကျေးဇူးအများကြီးတင်စရာပါ။”
လျန်ကျိချုန်းက ချီတုံချတုံဖြစ်နေဟန်ဖြင့်
“ညီလေးလုမှာ နောက်ထပ် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ။ အစ်ကိုတို့ အတူတူသွားကြမလား။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်တော့ အလစ်တိုက်ခိုက်ခံရတာတွေကနေ ရှောင်လို့ရတာပေါ့။”
လုချန်းက
“မလိုသေးပါဘူး...ကျွန်တော် လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ပါ။”
လျန်ကျိချုန်းက
“ကောင်းပါပြီ...ဒါဆိုရင် ဒီမှာပဲ လမ်းခွဲကြတာပေါ့။”
လုချန်း ပြသခဲ့သည့် အင်အားအရ သူ လုပ်ကြံခံရမည်ကို လျန်ကျိချုန်း စိုးရိမ်ခြင်း မရှိတော့ပေ။ တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များကို ကွက်တိတစ်ချက်တည်းနှင့် ချေမှုန်းပြီးနောက် မည်သူကမှ သူ့ကို ပြဿနာရှာဝံ့တော့မည် မဟုတ်ပေ။
ထို့နောက် လနှလုံးသား ခန်းမမှ အခြားတပည့်များလည်း လျန်ကျိချုန်းနှင့်အတူ ထွက်ခွာသွားကြသည်။ ချောက်ကမ်းပါး အစွန်းတွင် လုချန်းတစ်ယောက်တည်းသာ ရပ်၍ကျန်ခဲ့တော့၏။ လုချန်းသည် ကောင်းကင်ယံ၌ ရစ်ပတ်နှောင်ဖွဲ့နေသော လမ်းစဉ်အမှတ်အသားများကို ငေးကြည့်ရင်း စိတ်ဝိညာဉ်၏ ပျော်ရွှင်မှုကို သူ ခံစားလျက်ရှိသည်။
လမ်းစဉ်တိုင်းကို သူ တကယ် ကျင့်ကြံနိုင်ပါ့မလားဟုလည်း စိတ်ထဲ တွေးတောနေ၏။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအား အသင့်အတင့် ထူထပ်သော ဂူတစ်ခုကို လိုက်လံရှာဖွေရင်း လုချန်း လေထဲသို့ ပျံတက်သွားလိုက်သည်။
ဂူထဲသို့ ရောက်လျှင် လုချန်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ဤကမ္ဘာ၏ လမ်းစဉ်အမှတ်အသားများကို စတင်အာရုံခံလိုက်သည်။ ခဏအကြာတွင် ယခင်ကကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်များ တောက်ရွှမ်ကမ္ဘာငယ်အတွင်း နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော လမ်းစဉ်အမှတ်အသားများသည် အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့လျက် လုချန်းရှိရာဆီသို့ ပျံသန်းလာကြက၏။ ကောင်းကင်ယံ၌ ထိုဖြစ်ရပ်များ ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်ကြသော် တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ တပည့်များ စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ ဤဖြစ်စဉ်များက လုချန်းကြောင့် ဖြစ်နိုင်သည်ဟု သူတို့ယူဆကြ၏။
သို့သော်လည်း အချို့သော တပည့်များကတော့ စိုးရိမ်စိတ်ဖြင့် လမ်းစဉ်အမှတ်အသားများ စုဆုံရာ ဂူအနီးသို့ ချဉ်းကပ်လာကြသည်။ အတွင်း၌ လုချန်းရှိနေသည်ကို သိသောအခါမှ သူတို့လည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
မည်သူမှ နှောင့်ယှက်ခြင်း မရှိတော့သဖြင့် ဤကမ္ဘာ၏ လမ်းစဉ်အမှတ်အသားများကို ခံစားရင်း လုချန်း သူ၏စိတ်ကို အမြန်တည်ငြိမ်အောင် ထားလိုက်သည်။ လျင်မြန်စွာပင် စုဆုံလာသော လမ်းစဉ်အမှတ်အသားများသည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ၏ အသိစိတ်ပင်လယ်အတွင်း၌ မရေတွက်နိုင်သော ရွှေရောင်လမ်းကြောင်းများ ပေါ်ပေါက်လာတော့သည်။
ထိုလမ်းကြောင်းများသည် နောက်ဆုံးတွင် အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် မူလအစ ဖန်တီးခြင်း လမ်းစဉ် အဖြစ် စုဆုံသွားကြ၏။ ၎င်းသည် လုချန်း ပထမဆုံး နားလည်သဘောပေါက်ခဲ့သည့် လမ်းစဉ် ဖြစ်သည်။
မူလအစ လမ်းစဉ်သည် လမ်းစဉ်ကြီးပေါင်း သုံးထောင်အဖြစ် ပြောင်းလဲတိုးတက်လာခြင်းဖြစ်သည်။ မူလအစ လမ်းစဉ်ကို နားလည်သဘောပေါက်ခြင်းက လမ်းစဉ်အားလုံးကို နားလည်သဘောပေါက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
မူလအစ လမ်းစဉ် ဖြစ်ပေါ်လာပြီးနောက် ပထမဆုံး ပြောင်းလဲလာသော အရာက မူလအစ လမ်းစဉ်နှင့် တူညီမှုများစွာရှိသည့် ဖန်တီးခြင်း လမ်းစဉ် ဖြစ်သည်။ ထို့ကြောင့် အစပိုင်းတွင် ၎င်းကို မူလအစ လမ်းစဉ်ဟု လုချန်း နားလည်မှု လွဲခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် လုချန်း၏ စိတ်အာရုံသည် မူလအစ လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေပြီး သူ၏ ပတ်ဝန်းကျင်၌ စကြဝဠာ စတင်ဖြစ်ပေါ်လာသည့် မြင်ကွင်းများသည် အဆက်မပြတ် ပေါ်ပေါက်နေသည်။ ထိုမြင်ကွင်းများသည် ဤစကြဝဠာကို သူကိုယ်တိုင် ဖန်တီးခဲ့သကဲ့သို့ အလွန်အကျွမ်းတဝင်ရှိနေသလို ခံစားရစေသည်။
အချိန်ကြာလာသည်နှင့်အမျှ မူလအစ လမ်းစဉ်မှ အခြားသော လမ်းစဉ်များသို့ ပြောင်းလဲသွားသည့် နေရာသို့ လုချန်း၏ စိတ်အာရုံ ရောက်ရှိသွားသည်။ မူလအစ လမ်းစဉ်၏ အဆုံးသတ်သို့ လုချန်း ရောက်ရှိသွားလျှင် စကြဝဠာ၏ လမ်းစဉ်များစွာသည် တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်သွား၏။
ဧကရာဇ်အဆင့်ရှိသူ အားလုံးလည်း ၎င်းတို့၏ လမ်းစဉ်များပေါ်တွင် အရိပ်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ခဏခန့်အတွင်း စကြဝဠာ၏ ဧကရာဇ်အဆင့်ရှိသူများလည်း ဘာဖြစ်သွားသလဲဟု သိလိုသဖြင့် အချင်းချင်း စုံစမ်းမေးမြန်းကြလာကြသည်။
“ဒါဘာဖြစ်တာလဲ။ ကျုပ်ရဲ့ လမ်းစဉ်ပေါ်မှာ ဘာလို့ ပုံရိပ်တစ်ခု ပေါ်လာရတာလဲ။”
“အဲ့ဒီလူက ဘယ်သူလဲ။ ကျုပ်ရဲ့ လမ်းစဉ်ပေါ်မှာ ဘယ်လိုလုပ် အရိပ်တစ်ခု ချန်ထားနိုင်တာလဲ။”
“ရှင်တို့ရဲ့ မဟာလမ်းစဉ်တွေပေါ်မှာလည်း ပုံရိပ်တွေ ပေါ်နေတာလား။ ကျွန်မတို့အားလုံးရဲ့ လမ်းစဉ်တွေပေါ်မှာ ပေါ်နေတဲ့သူက တစ်ယောက်တည်းပဲလား။”
“တစ်ယောက်တည်းလား။ ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်။ ဘယ်သူက လမ်းစဉ် အများကြီးကို တစ်ပြိုင်နက်တည်း နားလည်သဘောပေါက်နိုင်မှာလဲ။”
……..
တစ်ချိန်တည်းမှာပင်။
ထျန်းကျိရဲတိုက်၏ နက်ရှိုင်းသော နေရာ၌။
ကြယ်စင်ကောင်းကင်ဆောင်ရှိ ရွှမ်ထျန်းသည် ထိတ်လန့်တကြားဖြစ်လျက် သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။
“သူပဲ... သူ နိုးထလာပြီ....”
“မဖြစ်ဘူး...ဒီခေတ်က အမြန်ဆုံး အဆုံးသတ်ရမယ်။ သူ့ကို အပြည့်အဝ နိုးထလာခွင့် မပေးနိုင်ဘူး။”
……
ကြယ်နယ်မြေတစ်ခုတွင်။
ခရမ်းရောင် နတ်လှေတစ်စင်းပေါ်တွင်။
ယွမ်ချင်းရှုသည် စကြဝဠာ နက်ရှိုင်းသော နေရာမှ ပဲ့တင်သံများကို တိတ်ဆိတ်စွာ အာရုံခံနေ၏။ ထို့နောက် သူမ ညင်သာစွာ ရေရွတ်လိုက်၏။
“လမ်းစဉ်တွေက ပဲ့တင်ထပ်နေပြီ....သူ နိုးထတော့မယ်... ပထမအဆင့် စတင်တော့မှာပဲ။”
လုချန်းကတော့ အပြင်ဘက်မှ လှုပ်ခတ်မှုများကို သတိမမူမိပေ။ သူ၏ ရှေ့မှ များပြားလှသော လမ်းစဉ်များကို ငေးကြည့်ရင်း သူ၏ စိတ်အာရုံက အတွေးထဲ နစ်မြောနေ၏။ လမ်းစဉ်အားလုံး၏ အစဖြစ်သော မူလအစ လမ်းစဉ်ကို သူ နားလည်သဘောပေါက်ထားသဖြင့် မည်သည့် လမ်းစဉ်၏ စွမ်းအားကိုမဆို သူ အသုံးချနိုင်သည်ဟု ဆိုလိုခြင်းလား။
ထို့နောက် လုချန်း သူ၏ စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မူလအစ လမ်းစဉ်မှ ထွက်ခွာလိုက်သည်။ မျက်လုံးဖွင့်ပြီးနောက် တုံ့ဆိုင်းမှုမှမရှိပဲ ဂူအတွင်းရှိ ဝိညာဉ်မြက်ပင်တစ်ပင်ကို ပစ်မှတ်ထားကာ မရဏလမ်းစဉ်၏ စွမ်းအားကို အသုံးပြုရန် ကြိုးစားလိုက်၏။ နောက်တစ်ခဏတွင် အမည်းရောင် စွမ်းအားများက ဝိညာဉ်မြက်ပင်ကို ဖုံးလွှမ်းသွားပြီး ၎င်းလည်း မကြာမီပင် ညှိုးနွမ်းသွားတော့သည်။
လုချန်း၏ စိတ်ထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုတစ်ခု ခံစားလိုက်ရသည်။ ထိုအရာ တကယ် ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ လမ်းစဉ်အားလုံး၏ စွမ်းအားကို သူ တကယ်ပင် ထိန်းချုပ်အသုံးပြု နေနိုင်သည်။
ထို့နောက် သူက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ လမ်းစဉ်အမှတ်အသားများကို ဆက်လက် ကျွမ်းကျင်အောင် ကြိုးစားလိုက်သည်။ လမ်းစဉ် အမြောက်အမြား၏ စွမ်းအားများကို သူ အသုံးပြုနိုင်သော်လည်း အရေအတွက် များပြားလွန်းသဖြင့် သူ ကျွမ်းကျင်မှု မရှိသေးပေ။
အနာဂတ်တွင် အားစိုက်ထုတ်စရာမလိုပဲ အသုံးချနိုင်ရန်အတွက် လမ်းစဉ် အားလုံး၏ စွမ်းအားများကို ကျွမ်းကျင်ဖို့က အလွန်အရေးကြီး၏။ ထိုသို့ဖြင့် တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ သူ၏ အချိန်များကို အမျိုးမျိုးသော မဟာလမ်းစဉ် စွမ်းအားများနှင့် ကျွမ်းကျင်အောင် ပြုလုပ်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။
ရက်များ ကုန်လွန်သွားပြီးနောက် တောက်ရွှမ်ကမ္ဘာငယ်တွင်း စမ်းသပ်မှုများ ပြီးဆုံးသွားသည်။ တောက်ရွှမ်ကမ္ဘာငယ်၏ ဝင်ပေါက် ပြန်လည်ပွင့်လာလျှင် လုချန်း၏ ခန္ဓာကိုယ်သည်လည်း အခြားသူများနှင့်အတူ အပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ တောက်ရွှမ်ကမ္ဘာငယ်မှ တပည့်များ ခန်းမအတွင်း၌ ပေါ်လာလျှင် ဖိအားပေးထားသော ပတ်ဝန်းကျင် အခြေအနေကြောင့် ၎င်းတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မည်သူတစ်ဦးတစ်ယောက်မှ စကားမပြောကြပေ။
ထိုအချိန်တွင် ရွှမ်မင် ဧကရာဇ်ထံမှ မရဏ အငွေ့အသက်များ မြင့်တက်လာ၏။ ထို့အတူ ရန်ယွဲ့ ဧကရာဇ်၏ အငွေ့အသက်လည်း ဆက်လက် မြင့်တက်နေသည်။ ၎င်းတို့နှစ်ဦးသည် အချိန်မရွေး တိုက်ခိုက်ကြတော့မည့်ပုံ ပေါက်နေ၏။
လုချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရွှမ်မင် ဧကရာဇ်က သူ့ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အစီအစဉ် အောင်မြင်သွားပုံရသည်ဟု တွေးတောရင်း လုချန်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ရွှမ်မင် ဧကရာဇ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က
“လုချန်း.....မင်းရဲ့ အပြစ်ကို မင်းသိလား။”
ထိုအရာကို ကြားလျှင် လုချန်းက သိက္ခာရှိရှိပင် တုံ့ပြန်လိုက်သည်။
“တပည့် မသိပါဘူး။”
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က နှာခေါင်းရှုံ့ရင်း အေးစက်စွာဖြင့်
“တောက်ရွှမ်ကမ္ဘာငယ်ဆိုတာ လမ်းစဉ်တွေကို နားလည်သဘောပေါက်အောင် လုပ်ရမယ့်နေရာ။ အချင်းချင်း သတ်ဖြတ်ရမယ့်နေရာ မဟုတ်ဘူး။”
“ကောင်းကင်တောင်တန်း ခန်းမက တပည့်တွေက အရင်စတိုက်ခဲ့တယ် ဆိုပေမဲ့ သူတို့က အခွင့်အရေး ရှာဖွေနေရုံပဲ ရှိတာ။ မင်းကတော့ သူတို့ကို အပြတ်အသတ် သတ်ပစ်ခဲ့တယ်။”
“ ဒီလို စိတ်နေစိတ်ထားမျိုး ရှိနေရင် မင်း အင်အားကြီးလာရင်တောင် ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်။”
“ဒါကြောင့် အခုကစပြီး မင်းကို ငြိမ်သက်သော မျှော်စင်ဆီသွားပြီး အမှားကို ဆင်ခြင်ခိုင်းမယ်။ နန်းတော်သခင် တံခါးပိတ် ကျင့်စဉ်စခန်းကနေ ပြန်ထွက်လာမှ မင်းရဲ့ ကံကြမ္မာကို ငါတို့ ဆုံးဖြတ်မယ်။”
……………..
အခန်း( ၁၄၁၂ )
ငြိမ်သက်သော မျှော်စင်ထဲသို့
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်၏ စကားများကို ကြားပြီးနောက် မည်သည့် ဝမ်းသာသည့် အရိပ်အယောင်မှ လုချန်း မပြခဲ့ပေ။ သူ၏ ရည်မှန်းချက်က ငြိမ်သက်သော မျှော်စင်သို့ ဝင်ရောက်ရန် ဖြစ်သော်လည်း အလွန် စိတ်လှုပ်ရှားနေပါက သံသယဖြစ်စရာ ဖြစ်လာနိုင်၏။ ငြိမ်သက်သော မျှော်စင်သည် ပြစ်ဒဏ်ပေးရာ နေရာဖြစ်သဖြင့် အပြစ်ပေးခံရခြင်းအပေါ် စိတ်လှုပ်ရှားမှု ပြသနေပါက လူအတစ်ယောက်ပင်လျှင် တစ်ခုခု မှားယွင်းနေသည်ကို သိပေလိမ့်မည်။
လုချန်းက အေးစက်စွာ ရယ်မောလိုက်ရင်း
“ကောင်းကင်တောင်တန်း ခန်းမက တပည့်တွေက ကျွန်တော့်ကို သတ်ချင်နေတာပဲ။ အဲဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာက မှားလို့လား။ ဝါစဉ်ကြီးသူက အမှားအမှန်ကို မခွဲခြားတတ်တာလား။”
ထိုစကားကို ကြားလျှင် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က မျက်မှောင်ကြုတ်လျက်
“မင်း ပြန်ခုခံလို့ ရတာပဲ...ဒါပေမဲ့ ဒီလောက်အထိ ရက်စက်စရာ မလိုဘူး။ ပြီးတော့ သူတို့က မင်းကို သတ်ချင်တယ်ဆိုတာ မင်း ဘယ်လိုသိလဲ”
ဟု ငေါက်ငမ်းလိုက်သည်။
လုချန်းက ရွှမ်မင် ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ရင်း ဆက်လက်၍
“ဝါစဉ်ကြီးသူက ကျွန်တော့်ကို လူအလို့ ထင်နေတာလား။ ကောင်းကင်တောင်တန်း ခန်းမက လူတစ်ယောက်ရဲ့ သားက သူတော်စင်အမွေခံ ရာထူးကို လုချင်နေတာလေ။ ကျွန်တော် ရှိနေသရွေ့ အဲဒီရာထူးကို သူ ဘယ်လိုလုပ် ရမှာလဲ။”
ထိုသို့ပြောနေစဉ် လုချန်း၏ အကြည့်သည် ရွှမ်မင် ဧကရာဇ်အပေါ်သို့ ထပ်မံရောက်ရှိသွားသည်။ လုချန်းက သူ့ကို တိုက်ရိုက်ကြည့်နေသည်ကို မြင်လျှင် ရွှမ်မင် ဧကရာဇ်၏ မရဏအငွေ့အသက်များ ချက်ချင်းဆိုသလို မြင့်တက်လာ၏။ ရွှမ်မင် ဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
“မင်းက ရိုင်းစိုင်းလှချည်လား။ ဘာတွေ လျှောက်ပြောနေတာလဲ။”
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်ကလည်း ချက်ချင်းပင်
“လုချန်း...မင်းက ဧကရာဇ်တစ်ပါးကို စွပ်စွဲရဲတယ်ပေါ့။”
“ရွှမ်မင် ဧကရာဇ်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း”
ဟု အမိန့်ပေးလိုက်သည်။
လုချန်းက နှာခေါင်းရှုံ့လျက်
“ရွှမ်မင် ဧကရာဇ် ဘာတွေးနေလဲဆိုတာ ဒီမှာရှိတဲ့သူတိုင်း သိနေတာပဲ။ ကျွန်တော်က သက်သက်မဲ့ စွပ်စွဲနေစရာ မလိုပါဘူး”
ဟု ခပ်ပြတ်ပြတ် ပြောလိုက်၏။
ရွှမ်မင် ဧကရာဇ် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။ ဧကရာဇ်တစ်ပါးသည် အစော်ကားခံမည့် လူစားမဟုတ်ပေ။ လုချန်း၏ ပါရမီက ထူးချွန်သော်လည်း သူသည် လက်ရှိတွင် ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်တွင်သာရှိသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။
ထိုသို့သော အဆင့်ရှိသူက သူ့ကို ဤကဲ့သို့ ပြောဆိုဝံ့ခြင်းက လွန်လှသည်။ လုချန်း ဤမျှအထိ မောက်မာနေလျှင် အခြားသူများက ရွှမ်မင် ဧကရာဇ်ကို မည်သို့ မြင်ကြမည်နည်း။
နောက်တစ်ခဏတွင် လုချန်းကို ရွှမ်မင် ဧကရာဇ်က လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ ရန်ယွဲ့ ဧကရာဇ်က မျက်မှောင်ကြုတ်လျက်
“ရွှမ်မင်...ရှင် ဘာလုပ်တာလဲ”
ထိုစကားနှင့်အတူ ရန်ယွဲ့ ဧကရာဇ်သည် လုချန်း၏ရှေ့၌ ပေါ်လာပြီး လက်ဝါးဖြင့် ပြန်လည်ရိုက်နှက်လိုက်သည်။ လက်ဝါးနှစ်ခု ထိတွေ့မှုကြောင့် ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ရွှမ်မင် ဧကရာဇ်က အေးစက်စွာ ပြောလိုက်၏။
“ရန်ယွဲ့...လုချန်းက ကျုပ်ရဲ့ ကောင်းကင်တောင်တန်း ခန်းမက တပည့်တွေကို သတ်ရုံတင်မကပဲ ကျုပ်ကိုပါ လူပုံအလယ်မှာ စွပ်စွဲနေတာ။ ခင်ဗျားက သူ့ကို တကယ်ပဲ ကာကွယ်ပေးမှာလား။”
ရန်ယွဲ့ ဧကရာဇ်သည် ခပ်အေးအေးပင်
“လုချန်းကို ဘယ်လို အပြစ်ပေးမလဲဆိုတာ နန်းတော်သခင် တံခါးပိတ် ကျင့်စဉ်စခန်းက ထွက်လာမှ ဆုံးဖြတ်မယ်။ လုချန်းက ရှင့်ကို စွပ်စွဲတာ ဟုတ်မဟုတ်ဆိုတာတော့ ရှင်ကိုယ်တိုင်ပဲ သိမှာပါ။”
ရွှမ်မင် ဧကရာဇ် ထပ်ပြောရန် ပြင်လိုက်သော်လည်း ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က ဧကရာဇ်အဆင့်၏ ဖိအားများကို ထုတ်ဖော်လိုက်ကာ ရန်ယွဲ့ ဧကရာဇ်နှင့် ရွှမ်မင် ဧကရာဇ်တို့၏ အငွေ့အသက်များကို ချက်ချင်းပင် နှိမ်နင်းလိုက်သည်။
“တော်ကြတော့။ လုချန်း....ဘာပဲဖြစ်ဖြစ် မင်း ကိုယ့်ဂိုဏ်းသားအချင်းချင်း နာကျင်အောင် လုပ်ခဲ့တာကတော့ အရှိတရားပဲ။ ဒီနေ့ကစပြီး မင်းကို ငြိမ်သက်သော မျှော်စင်ဆီ ပို့မယ်။ အဲ့ဒီမှာ မင်းရဲ့ လုပ်ရပ်တွေကို ပြန်လည်ဆင်ခြင်ပါ။ မင်းရဲ့ ထင်ကြေးတွေကတော့ အဓိပ္ပာယ်မရှိတာတွေပဲ။ ရွှမ်မင် ဧကရာဇ်က ဘာပဲဖြစ်ဖြစ် ဧကရာဇ်တစ်ပါးပဲ။ မင်းထင်သလို စိတ်သဘောထား မသေးသိမ်ပါဘူး။”
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်ကိုယ်တိုင် စကားပြောလာခြင်းက ယန်ယန် နန်းတော်မှ တပည့်များရှေ့တွင် အရှက်မကွဲစေရန် သူ့ကို သတိပေးနေခြင်းဖြစ်ကြောင်း ရွှမ်မင် ဧကရာဇ် နားလည်လိုက်၏။ ထို့ကြောင့် သူ့ စိတ်လျှော့လိုက်ရတော့သည်။
သိက္ခာရှိသော ဧကရာဇ်တစ်ပါးသည် ပြန်လည်ပျက်စီးခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်ခဲ့သည်ဟူသော သတင်း ပျံ့နှံ့သွားပါလျှင် တကယ်ပင် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
တောက်ရွှမ်ကမ္ဘာငယ်အတွင်း၌ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များက လုချန်းကို တိုက်ခိုက်ခြင်းမှာ အခွင့်အရေးအတွက် တိုက်ခိုက်ခြင်းဟု ဆင်ခြေပေးနိုင်သည်။ သို့သော် ရွှမ်မင် ဧကရာဇ်ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါလျှင် လုချန်းပြောသမျှ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်သလို ဖြစ်ပေလိမ့်မည်။ ထိုအခါ ယန်ယန် နန်းတော်မှ အခြားတပည့်များက ကောင်းကင်တောင်တန်း ခန်းမ အပေါ် မည်သို့ မြင်ကြမည်နည်း။
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က ရှိနေသော ဧကရာဇ်များကို ဝေ့ကြည့်လိုက်ကာ
“အားလုံးပဲ... ဘာပြောစရာ ရှိကြသေးလဲ”
ခန်းမသခင်တစ်ပါးက ပြုံးလျက်
“ခင်ဗျားက ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်ပဲ။ ခင်ဗျား သင့်တော်သလိုပဲ လုပ်ပါ။ ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး။”
ထိုအချိန်တွင် ရန်ယွဲ့ ဧကရာဇ်ကလည်း “ကျွန်မလည်း ဝါစဉ်ကြီးသူ အစ်ကိုကြီးရဲ့ သဘောအတိုင်းပါပဲ။”
ရွှမ်မင် ဧကရာဇ်သည် လက်သီးကို တင်းတင်းဆုပ်လျက် လုချန်းကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်နေသည်။ သို့သော် သူကလည်း
“ကျွန်တော်လည်း ကန့်ကွက်စရာ မရှိပါဘူး”
ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က လုချန်းကို ကြည့်ကာ
“ကောင်းပြီ...မင်း အခုပဲ ငြိမ်သက်သော မျှော်စင်ကို သွားတော့”
ဟု အမိန့်ပေးလိုက်၏။
လုချန်းက
“ကျွန်တော် မကျေနပ်ဘူး”
ဟု အော်ဟစ်လိုက်သည်။
လုချန်းက ဆက်လက် ငြင်းခုံလိုနေသည်ကို မြင်လျှင် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်ကသူ၏ လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏတွင် လုချန်း၏ ခြေဖဝါးအောက်၌ ကြီးမားသော လေဝဲကြီးတစ်ခု ပေါ်လာ၏။ ထို့နောက် လုချန်းလည်း ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွား တော့သည်။
လုချန်း ပျောက်ကွယ်သွားပြီးနောက် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်က
“ကဲ...လမ်းစဉ်ညီလာခံကို ဆက်ကျင်းပမယ်”
ဟု ကြေညာလိုက်သည်။
…….
သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ အဆုံးမဲ့သော သဲကန္တာရထဲသို့ ရောက်နေကြောင်း လုချန်း တွေ့လိုက်ရ၏။ သူ၏ စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်ရာ သဲကန္တာရတစ်ခုလုံးတွင် တရားထိုင်နေသည့် ပုံစံဖြင့် အရိုးစုအမြောက်အမြားကို တွေ့လိုက်ရသည်။ ထိုသူများသည် ငြိမ်သက်သော မျှော်စင်တွင် အကျဉ်းချခံရပြီး သေသည်အထိ ပြန်မထွက်နိုင်ခဲ့ကြသူများ ဖြစ်ပုံရသည်။
…….
ထျန်းချန်ကမ္ဘာ။
ရန်မြို့နန်းတော်။
လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွားသည် လျှိုချင်းချို၏ အိပ်ဆောင်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် လျှိုချင်းချို တရားထိုင်နေ၏။ လုချန်း၏ အငွေ့အသက်ကို ခံစားမိသည်နှင့် လျှိုချင်းချို ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။
“ရှင် ကျွန်မဆီ လာတာလား.....ဒါမှမဟုတ် သူ့ဆီ လာတာလား။”
ထိုသို့ပြောသည်ကို ကြားလျှင် လုချန်းက လျှိုချင်းချို၏ အနားသို့ တိုးသွားရင်း သူမ၏ ခန္ဓာကိုယ်ကို ဖက်ထားလိုက်ကာ
“မင်းက ဘာလို့ ဒီလောက်တောင် သဝန်တိုနေရတာလဲ “
“ဘာလဲ... မင်းကိုယ်မင်း သဝန်တိုနေတာလား”
လျှိုချင်းချိုက မျက်နှာသေဖြင့်
“သူက သူပဲ...ကျွန်မက ကျွန်မပဲ”
လုချန်းက
“ဘာလို့ ဒီလောက်အထိ အပြတ်အသတ် ခွဲခြားနေရတာလဲ။ ကြည့်စမ်း...ကိုယ်တောင် ကိုယ့်ရဲ့ ကိုယ်ပွားကို သဝန်မတိုဘူး။”
ထိုစကားကို ကြားလျှင် လျှိုချင်းချိုက လုချန်းကို စောင်းကြည့်လိုက်ရင်း
“ရှင်က ဒါကို ကိုယ်ပွားလို့ ခေါ်နေတာလား။”
လုချန်းတွင် ကိုယ်ပွားဟူ၍ တကယ် မရှိပေ။ သူ အသုံးပြုနေသည့် ခန္ဓာကိုယ်သည် ဖန်တီးခြင်း လမ်းစဉ်ဖြင့် သူကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အားလုံးတွင် စိတ်ဝိညာဉ် တစ်ခုတည်းသာ ရှိသည်။ ၎င်းတို့သည် ကိုယ်ပိုင်အသိစိတ်ရှိသည့် အခြားကျင့်ကြံသူများ၏ ကိုယ်ပွားများနှင့် မတူညီပေ။
လျှိုချင်းချိုလည်း ဤအကြောင်းနှင့် ပတ်သက်၍ လုချန်းကို ဆက်လက်ငြင်းခုံလိုစိတ် မရှိတော့ပဲ
“ကဲ...ဘာကိစ္စလဲ။ သူက ရှင့်ကို တစ်ချိန်လုံး လွမ်းနေတာ။”
လုချန်း ယန်ယန် နန်းတော်သို့ သွားခဲ့သည့် အကြောင်းကို လျှိုချင်းယွမ် သိထားပြီး ဖြစ်သဖြင့် လုချန်း၏ လုံခြုံရေးအတွက် သူမ အလွန် စိုးရိမ်နေသည်။ သူ၏ သရုပ်မှန် ပေါ်ပေါက်သွားမည်ကိုလည်းကောင်း၊ သူသည် သူမ၏ အပျိုစင်ဘဝကို ရယူခဲ့သူဖြစ်ကြောင်း အသက်ကယ် ဧကရီက သိသွားမည်ကိုလည်းကောင်း သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
လုချန်းက
“ကိုယ့်ရဲ့ ကိုယ်ပွားက အခု ငြိမ်သက်သော မျှော်စင်ထဲ ရောက်နေပြီ။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့ နေရာက ကျယ်ပြောလှတဲ့ သဲကန္တာရကြီး ဖြစ်နေတယ်။ ကိုယ်ရောက်နေတဲ့ နေရာကနေ ဘယ်လို ထွက်ရမလဲဆိုတာ ချင်းယွမ်ကို မေးကြည့်ချင်လို့ပါ။”
လုချန်း စကားပြောပြီးသည်နှင့် လျှိုချင်းချို၏ မျက်လုံးများ အရောင်တောက်သွားပြီး သူမ၏ အမူအရာလည်း ချက်ချင်း ပြောင်းလဲသွား၏။
“ရှင် ငြိမ်သက်သော မျှော်စင်ထဲကို ရောက်သွားပြီလား။”
လျှိုချင်းယွမ်၏ အသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။ လုချန်းသည် ယန်ယန် နန်းတော်သို့ ရောက်လာတာ မကြာသေးသော်လည်း ငြိမ်သက်သော မျှော်စင်အတွင်းသို့ စိမ့်ဝင်နိုင်ခဲ့လေပြီ။
ငြိမ်သက်သော မျှော်စင်သည် လူတိုင်းဝင်နိုင်သည့် နေရာမျိုး မဟုတ်ပေ။ သူ၏ရင်ခွင်ထဲရှိသူ ပြောင်းလဲသွားသည်ကို လုချန်း ချက်ချင်း သတိပြုမိသွားပြီး ပြုံးလိုက်၏။
“ကဲ... ယွမ်...အံ့သြသွားလား။”
သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး စိုးရိမ်သော အမူအရာဖြင့်
“ငြိမ်သက်သော မျှော်စင်ရဲ့ အဆင့်တိုင်းမှာ အစောင့်အကြပ် တစ်ယောက်စီ ရှိတယ်။ အပေါ်ရောက်လေလေ ပတ်ဝန်းကျင်က ပိုကောင်းလေလေပဲ။ ကျွန်မက အခု အပေါ်ဆုံး အဆင့်မှာ ရှိနေတာ။ ရှင်က သဲကန္တာရထဲမှာဆိုတော့ အဲဒါက အောက်အဆင့် ဖြစ်ဖို့ များတယ်။”
ဒါက...
လုချန်း ခဏခန့် မှင်တက်သွားသည်။ ငြိမ်သက်သော မျှော်စင်ထဲ ဝင်နိုင်လျှင် လျှိုချင်းယွမ်ကို ခေါ်ထုတ်သွားနိုင်မည်ဟု သူ ထင်ခဲ့သော်လည်း ထိုထဲသို့ ဝင်ရောက်နိုင်ခြင်းက ခရီး အစသာ ရှိသေးသည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက
“ငြိမ်သက်သော မျှော်စင်မှာ အဆင့်ဘယ်လောက်ရှိလဲ။”
လျှိုချင်းယွမ်က
“ဆယ့်သုံးဆင့် ရှိတယ်”
လုချန်းသည် တိတ်ဆိတ်သွားသည်။ ဆယ့်သုံးဆင့်ဆိုလျှင် ဧကန်မုချ အားစိုက်ထုတ်ရပေလိမ့်မည်။ လုချန်း အတွေးထဲ နစ်မြောနေစဉ် လျှိုချင်းယွမ်က ဆက်လက်၍
“ငြိမ်သက်သော မျှော်စင်ရဲ့ အဆင့်တိုင်းမှာ ဧကရာဇ်လောင်း အဆင့်ရှိတဲ့ အစောင့်အကြပ် တစ်ယောက်စီ ရှိတယ်...”
ထိုသို့ပြောပြီး လျိုချင်းယွမ်လည်း တိတ်ဆိတ်သွားတော့၏။
…………
အခန်း (၁၄၁၃ )
သူရဲ့ ချစ်သူ ရောက်လာပုံရတယ်
လုချန်း၏ ကိုယ်ပွားသည် ပြန်လည်ပျက်စီးခြင်းအဆင့်ခြောက်၌သာ ရှိနေသေးသည်။ ထို့ကြောင့် ဧကရာဇ်လောင်းတစ်ဦးကို ယှဉ်ပြိုင်နိုင်ရန်က လုံးဝ မဖြစ်နိုင်ပေ။ ငြိမ်သက်သော မျှော်စင်၏ အပေါ်ထပ်များသို့ တက်လှမ်းလိုသည့် လုချန်း၏ အကြံအစည်လည်း အခက်တွေ့သွားရတော့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် လုချန်း ယခင်က လုပ်ဆောင်ခဲ့သမျှ အလဟဿ ဖြစ်သွားခဲ့လေပြီ။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် လုချန်းက ရုတ်တရက်
“မစိုးရိမ်ပါနဲ့....ကိုယ့်မှာ အပေါ်ဆုံးထပ်ကို တက်နိုင်မယ့် နည်းလမ်းရှိပါတယ်။”
လျှိုချင်းယွမ်က
“ဘာနည်းလမ်းလဲ”
ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
နန်းတော်သခင် သို့မဟုတ် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင်ထံမှ အမိန့်မရှိပဲ ငြိမ်သက်သော မျှော်စင်၏ အဆင့်တိုင်းရှိ အစောင့်အကြပ်များက အတွင်းရှိလူများကို လျှောက်သွားခွင့်ပေးမည် မဟုတ်ပေ။
လုချန်းက
“မင်း မကြာခင် သိရမှာပါ”
ဟု ခပ်ဖွဖွပြုံးရင်း ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ငြိမ်သက်သော မျှော်စင်အတွင်း၌ လုချန်း မျက်လုံးဖွင့်လိုက်သည်။ ထိုစဉ် သူ၏ရှေ့တွင် လမ်းစဉ်အမှတ်အသား စက်ဝိုင်းများ ရုတ်တရက် ပေါ်ပေါက်လာသည်။
ထိုလမ်းစဉ်အမှတ်အသားများကို မြင်လျှင် လုချန်း အနည်းငယ် ပြုံးလိုက်၏။ သူ၏ မူလအစ လမ်းစဉ်သည် လမ်းစဉ်အားလုံး၏ အစ ဖြစ်သည်။ ယခု အခြားလမ်းစဉ်များကိုလည်း သူ အသုံးပြုနိုင်ပြီ ဖြစ်၏။ ထို့ကြောင့် ငြိမ်သက်သော မျှော်စင်အတွင်းရှိ လမ်းစဉ်စွမ်းအားများနှင့် သူအလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
ငြိမ်သက်သော မျှော်စင်တွင် ကမ္ဘာငယ်လေးများစွာကို ဖန်တီးနိုင်ခြင်းမှာ အာကာသ လမ်းစဉ်ကို အသုံးချထားသောကြောင့် ဖြစ်သည်။ ယခုအခါ သူသည် အာကာသ လမ်းစဉ်ကို အသုံးပြုနိုင်ရုံသာမက ၎င်းအပေါ် သူ၏ နားလည်မှုက ငြိမ်သက်သော မျှော်စင်ကို ဖန်တီးခဲ့သူထက်ပင် ပို၍ နက်ရှိုင်းနေပြီ ဖြစ်သည်။ သူ၏ ကိုယ်ပွားအင်အားနှင့် ငြိမ်သက်သော မျှော်စင်ကို ဖျက်ဆီးရန် မဖြစ်နိုင်သေးသော်လည်း အာကာသ လမ်းစဉ်ကို အသုံးပြု၍ အတွင်း၌ လွတ်လပ်စွာ သွားလာရန် ကတော့ ပြဿနာ မရှိလှပေ။
ငြိမ်သက်သော မျှော်စင်အတွင်းရှိ အာကာသ လမ်းစဉ်အမှတ်အသားများနှင့် ဆက်သွယ်ရန် လမ်းစဉ်စွမ်းအားကို လုချန်း ချက်ချင်း ထုတ်ဖော်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ရှေ့၌ အာကာသ ဝဲဂယက်တစ်ခု ပေါ်လာ၏။
လုချန်း၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ တကယ် အောင်မြင်သွားခဲ့လေပြီ။ ခဏခန့်ပင် မတုံ့ဆိုင်းပဲ အာကာသ ဝဲဂယက်ထဲသို့ သူ လှမ်းဝင်လိုက်တော့သည်။
သူ၏ မျက်စီရှေ့တွင် အလင်းရောင်များ ပြန်လည်ပေါ်ပေါက်လာချိန်၌ သူသည် လူသူကင်းမဲ့သော လွင်ပြင်တစ်ခုသို့ ရောက်ရှိနေသည်။ သို့သော် အောက်ဆုံးအဆင့်၏ ခြောက်သွေ့မှုနှင့် နှိုင်းယှဉ်လျှင် ဤအဆင့်၌ အပင်ငယ်လေးအချို့ ပိုရှိနေသည်။
ငြိမ်သက်သော မျှော်စင်အတွင်းရှိ အာကာသ လမ်းစဉ်အမှတ်အသားများနှင့် ဆက်သွယ်ရန် အာကာသ လမ်းစဉ်စွမ်းအားကို လုချန်း ပြန်လည် အသုံးပြုလိုက်ပြန်သည်။ မကြာမီပင် အာကာသ ဝဲဂယက်တစ်ခု ထပ်မံ ပေါ်လာပြီး နောက်တစ်ဆင့်သို့ လုချန်း ကူးပြောင်းသွားသည်။ သူ၏ လက်ရှိအင်အားနှင့် တစ်ဆင့်ချင်းစီသာ သွားနိုင်၏။ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ဆုံးထပ်သို့ ရောက်နိုင်သရွေ့ အဆင်ပြေသည်။
…….
ငြိမ်သက်သော မျှော်စင်၏ အပေါ်ဆုံးထပ်။
ပန်းပင်လယ်အလယ်ရှိ ဝါးအိမ်လေးထဲတွင် လျှိုချင်းယွမ် ငြိမ်သက်စွာ ထိုင်နေသည်။ သူမသည် အဝေးရှိ ပန်းပင်လယ်ကို ငေးကြည့်ရင်း အတွေးများထဲ နစ်မြောနေ၏။
အစောင့်အကြပ်များကို ကျော်ဖြတ်ပြီး အပေါ်ဆုံးထပ်ကို တက်လာနိုင်မည့် နည်းလမ်း လုချန်းမှာ တကယ် ရှိနေတာလားဆိုတာ သူမ သိချင်နေမိသည်။
လုချန်း၏ ကိုယ်ပွားသည် ပြန်လည်ပျက်စီးခြင်းအဆင့် အင်အားသာ ရှိသည် မဟုတ်ပါလား။
သူက အစောင့်အကြပ်တွေကို ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ။
“မတော်တဆ အဖမ်းမခံ ရစေနဲ့ဦး...”
ဟု သူမ စိတ်ပူစွာ ရေရွတ်လိုက်သည်။
ထိုသို့တွေးတောရင်း လျှိုချင်းယွမ်၏ အမူအရာ အနည်းငယ် ညှိုးငယ်သွားသည်။ လျှိုချင်းယွမ် အတွေးထဲ နစ်မြောနေစဉ်မှာပင် ပန်းပင်လယ်ထဲ၌ အာကာသ ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုဝဲဂယက်ကို မြင်လျှင် လျှိုချင်းယွမ် လုံးဝ မှင်တက်သွား၏။ နောက်တစ်ခဏတွင် သူမ အလိုလို မတ်တတ်ရပ်မိလိုက်ပြီး အာကာသ ဝဲဂယက်ကို စိုက်ကြည့်နေမိတော့သည်။
မျှော်လင့်ချက်၊ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုများသည် လျှိုချင်းယွမ်၏ စိတ်ထဲ ရောယှက်နေ၏။ ရောက်လာသူ မည်သူဖြစ်မည်ကို သူမ မသိပေ။
လုချန်းလား သို့မဟုတ် အခြားသူတစ်ဦးလား။
ထိုအခိုက်အတန့်တွင် အာကာသ ဝဲဂယက်ထဲမှ လုချန်း လှမ်းထွက်လာသည်။
လုချန်းဖြစ်နေသည်ကို မြင်လျှင် လျှိုချင်းယွမ် ထိုနေရာ၌ပင် ဆွံ့အသွားတော့သည်။ လုချန်းကို ထပ်မံတွေ့မြင်လိုသော ဆန္ဒ ပြင်းပြနေသော်လည်း တကယ် တွေ့လိုက်ရတော့ မည်သို့ တုံ့ပြန်ရမည်မှန်းပင် သူမ မသိတော့ပေ။
သူတို့ ပထမဆုံး စတွေ့စဉ်က သူမကို သူလှည့်ဖြားခဲ့ပုံများကို မှတ်မိနေခြင်းကြောင့် သူမ၏ စိတ်ထဲတွင် သူ့အပေါ် မကျေနပ်ချက်အချို့ ကျန်ရှိနေသေးခြင်းလည်း ဖြစ်နိုင်သည်။ မကျေနပ်မှုနှင့် လွမ်းဆွတ်မှုတို့ ပေါင်းစပ်သွားခြင်းက လုချန်းအပေါ် ထားရှိသည့် သူမ၏ ခံစားချက်များကို ရှုပ်ထွေးသွားစေသည်။
“လု... လုချန်း...”
“တကယ်ပဲ... ရှင်လား...”
နှုတ်ခမ်း အနည်းငယ် ဟလျက် လျှိုချင်းယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
မယုံကြည်နိုင်သော မျက်နှာထားနှင့် ရပ်နေသည့် လျှိုချင်းယွမ်ကို မြင်လျှင် လုချန်း ပြုံးလိုက်၏။
“ကိုယ်ပြောသားပဲ။ ကိုယ့်မှာ အပေါ်ဆုံးထပ်ကို တက်နိုင်မယ့် နည်းလမ်းရှိပါတယ်လို့။”
“ကဲပါ...အခုက ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။”
သူ၏ ရည်ရွယ်ချက်ကို လုချန်း မမေ့ပေ။ သူသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ချက်ချင်းထုတ်ယူပြီး သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း ပုံစံကို စတင် တည်ဆောက်လိုက်သည်။
ခဏခန့်အကြာတွင် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း ပုံစံကို လုချန်း တည်ဆောက်ပြီးစီးသွား၏။ ထို့နောက် ဆွံ့အ နေဆဲဖြစ်နေသည့် လျှိုချင်းယွမ်၏ အနားသို့ လျှောက်သွားကာ သူမကို ဆွဲခေါ်လျက် ပုံစံထဲသို့ ခုန်ဝင်လိုက်တော့သည်။
သူတို့နှစ်ဦး သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း ပုံစံထဲသို့ ဝင်လိုက်သည်နှင့် ငြိမ်သက်သော မျှော်စင်အတွင်းရှိ တည်နေရာရွှေ့ပြောင်း ဝင်ပေါက်ချက်ချင်း ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံသည် မျှော်စင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ငြိမ်သက်သော မျှော်စင်တစ်ခုလုံးအား ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
……
ယန်ယန် နန်းတော်။
လျှို့ဝှက်ခန်းမတစ်ခု။
အသက်ကယ် ဧကရီသည် သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ငြိမ်သက်သော မျှော်စင်အတွင်းမှ ပုံမှန်မဟုတ်သော လှုပ်ခတ်မှုကို သူမ ခံစားလိုက်ရ သောကြောင့်ဖြစ်၏။ နောက်တစ်ခဏတွင် သူမ၏ ပြင်းထန်သော အရှိန်အဝါများ ပွင့်ထွက်လာသည်။ တစ်မဟုတ်ချင်းမှာပင် သူမထိုနေရာမှ ပျောက်ကွယ်သွားပြီး ငြိမ်သက်သော မျှော်စင်အပြင်ဘက်၌ ပေါ်လာသည်။
ထိုအချိန်တွင် ယန်ယန် နန်းတော်မှ အခြားသော ဧကရာဇ်အဆင့်ရှိသူများသည်လည်း ၎င်းတို့၏ လမ်းစဉ် ညီလာခံကို ရပ်နားလိုက်ကြပြီး ငြိမ်သက်သော မျှော်စင်အပြင်ဘက်သို့ အားလုံး ရောက်ရှိလာကြသည်။ အသက်ကယ် ဧကရီက ဧကရာဇ်များကို အေးစက်စွာ ဝေ့ကြည့်လိုက်၏။
“ဘာဖြစ်တာလဲ။ ငြိမ်သက်သော မျှော်စင်ထဲမှာ ဘာလို့ ဒီလို ထူးထူးခြားခြားတွေ ဖြစ်နေရတာလဲ။”
ဧကရာဇ်များ အချင်းချင်း ကြည့်လိုက်ကြသည်။ ၎င်းတို့သည်လည်း ငြိမ်သက်သော မျှော်စင်သို့ ခုလေးတင် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အပေါ်ဆုံးထပ်မှ ဧကရာဇ်လောင်း အစောင့်အကြပ်တစ်ဦး အသက်ကယ် ဧကရီ၏ရှေ့၌ ရုတ်တရက် ပေါ်လာပြီး
“နန်းတော်သခင်...ပြဿနာဖြစ်ပါပြီ။ သခင်မလေး... လျှိုချင်းယွမ် ထွက်ပြေးသွားပါပြီ။”
ထိုစကားကို ကြားလျှင် ဧကရာဇ်များ လုံးဝ မှင်တက်သွားကြ၏။
ထွက်ပြေးသွားတာလား။
ဒါက ငြိမ်သက်သော မျှော်စင်လေ။
လျှိုချင်းယွမ်က ငြိမ်သက်သော မျှော်စင်ကနေ တကယ်ပဲ ထွက်ပြေးသွားနိုင်တာလား။ ဧကရာဇ်အဆင့်ရှိသူ တစ်ဦးအတွက်တောင်မှ ငြိမ်သက်သော မျှော်စင်ကနေ ထွက်ပြေးဖို့ ခက်ခဲလှသည်။
လျှိုချင်းယွမ်က ဘယ်လိုလုပ် ထွက်ပြေးသွားနိုင်တာလဲ။
သူမက ဘယ်လိုလုပ်လိုက်တာလဲ။
အသက်ကယ် ဧကရီက ဆက်လက် မမေးမြန်းတော့ပေ။ သူမ၏ ပုံရိပ်လည်း ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။ နောက်တစ်ခဏတွင် အပေါ်ဆုံးထပ်ရှိ ပန်းပင်လယ်ထဲ၌ သူမ ပေါ်လာသည်။ ပန်းပင်လယ်သည် ပျက်စီးနေပြီး နေရာတိုင်းတွင် နက်ရှိုင်းသော ကျင်းများ၊ ကြေမွနေသော ဝိညာဉ်ကျောက်တုံးများ ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသည်။
အခြားသော ဧကရာဇ်များလည်း အသက်ကယ် ဧကရီ၏နောက်သို့ အမြန်လိုက်ပါလာကြ၏။ ရှုပ်ထွေးနေသော မြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့ အားလုံး တိတ်ဆိတ်သွားကြတော့သည်။
လျှိုချင်းယွမ်သည် ထွက်ပြေးသွားရုံသာမက ငြိမ်သက်သော မျှော်စင်၏ အပေါ်ဆုံးထပ်ကိုပါ ဖျက်ဆီးနိုင်ခဲ့သည်။ မျှော်စင်တွင် ပြင်းထန်သော ဖိနှိပ်မှုများ ရှိနေပြီး အပေါ်ထပ်ရောက်လေလေ ဖိနှိပ်မှုက ပို၍ အားကောင်းလေလေ ဖြစ်သည်။ အမှန်ဆိုလျှင် ယခုအချိန်၌ လျှိုချင်းယွမ်တွင် မည်သည့်အင်အားမှ ကျန်ရှိမနေသင့်တော့ပေ။
ထိုမျှအထိ ဖျက်ဆီးနိုင်ရန်က ဝေးလာဝေးပင်။
အသက်ကယ် ဧကရီလည်း အခြေအနေကို စုံစမ်းရန် စိတ်ဝိညာဉ်စွမ်းအားအချို့ကို ထုတ်လွှတ်လိုက်သည်။ မကြာမီမှာပင် ဖြစ်ပျက်ခဲ့သည့်အရာကို သူမ နားလည်သွား၏။ သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ
“သူရဲ့ ချစ်သူ ရောက်လာပုံရတယ်”
ထိုစကားကို ကြားလျှင် ဧကရာဇ်များ အချင်းချင်း ကြည့်လိုက်ကြသည်။
ချစ်သူလား။
ဘယ်လိုချစ်သူလဲ။
အသက်ကယ် ဧကရီက ဧကရာဇ်များဘက်သို့ လှည့်လိုက်ကာ
“ခုနက ငြိမ်သက်သော မျှော်စင်ထဲကို တစ် ယောက်ယောက် ဝင်ခဲ့သေးလား။”
အသက်ကယ် ဧကရီ၏ မေးခွန်းကို ကြား လျှင် ဥပဒေ ထိန်းသိမ်းရေး ခန်းမသခင် ထိတ်လန့်သွားသည်။ သူ၏ စိတ်ကို ပြန်လည် စုစည်းလိုက်ပြီးနောက်
“တောက်ရွှမ်ကမ္ဘာငယ်ထဲမှာ ကိုယ့်ဂိုဏ်းသားချင်းချင်း ဒုက္ခပေးတဲ့ တပည့်တစ်ယောက် ရှိလို့ သူ့ကို ငြိမ်သက်သော မျှော်စင်ထဲမှာ အကျဉ်းချထားပါတယ်။”
အသက်ကယ် ဧကရီလည်း ချက်ချင်းပင် နားလည်သွားတော့သည်။ သူမက လှောင်ပြုံးပြုံးလိုက်ကာ
“တပည့်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ယန်ယန် နန်းတော်ထဲကို စိမ့်ဝင်တယ်။ ပြီးတော့ ငြိမ်သက်သော မျှော်စင်ထဲ ဝင်ဖို့အတွက် အမှားတစ်ခုကို တမင်ကျူးလွန်တယ်။ အစီအစဉ်က တကယ်ကို သေသပ်လှပါလား။”
ထိုအခါမှ ဧကရာဇ်များလည်း နားလည်သွားကြသည်။ တစ်ဆက်တည်း ဆိုသလိုပင် ရန်ယွဲ့ ဧကရာဇ်၏ မျက်နှာလည်း အလွန် ဖြူဖျော့သွား၏။
တစ်ခုခု မှားယွင်းနေသည်ဟု သူမ တကယ် ခံစားခဲ့ရသည်။ တကယ်တမ်းကျတော့ လုချန်း၌ တခြား ရည်ရွယ်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရွှမ်မင် ဧကရာဇ်က ရန်ယွဲ့ ဧကရာဇ်ကို ကြည့်ကာ လှောင်ပြောင်သည့် လေသံနှင့်
“ရန်ယွဲ့...လုချန်းကို ဒီခေါ်လာတာ ခင်ဗျားပဲနော်။ ခင်ဗျား သူ့ရဲ့ ဇစ်မြစ်ကို သိလျက်နဲ့ လျှိုချင်းယွမ်ကို ငြိမ်သက်သော မျှော်စင်ကနေ ကယ်ထုတ်ဖို့ တမင်ခေါ်လာတာလား။”
ရန်ယွဲ့ ဧကရာဇ်က ရွှမ်မင် ဧကရာဇ်ကို ဂရုမစိုက်ပဲ အသက်ကယ် ဧကရီအား
“နန်းတော်သခင်... ကျေးဇူးပြုပြီး နားလည်ပေးပါ။ လုချန်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာကို ကျွန်မ မသိခဲ့ပါဘူး။”