အခန်း (၁၄၁၇-၁၄၁၉)
Vol. 95 Ch. 1417-1419
အခန်း (၁၄၁၇ )
သတ်ဖြတ်ခြင်းလမ်းစဉ် လျှောက်လှမ်းသူ
ရန်ယွဲ့ ဧကရာဇ်၏ တိုက်ခိုက်မှုကို ခုခံရန် လုချန်း၌ စိတ်ကူးမရှိပေ။ နတ်ဝိညာဉ်ထီး ရှိနေသဖြင့် ဧကရာဇ်အဆင့်၏ တိုက်ခိုက်မှုသည် ရှနိုင်ငံအပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။
ရန်ယွဲ့ ဧကရာဇ်၏ လက်ဝါး ဖုန်းယန် ကြယ်နယ်မြေတစ်ခုလုံးကို ရိုက်ခတ်တော့မည့်အချိန်တွင် အပြာနုရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် အကာအကွယ်တစ်ခု ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်လာသည်။ ရန်ယွဲ့ ဧကရာဇ်၏ လက်ဝါးချက်သည် အပြာနုရောင် အကာအကွယ်ကို ရိုက်ခတ်မိသောအခါ တုန်ခါမှု အနည်းငယ်မှပင် မဖြစ်ပေါ်ခဲ့ပေ။
ထိုမြင်ကွင်းကို ရန်ယွဲ့ ဧကရာဇ် မယုံကြည်နိုင်စွာ ကြည့်နေ၏။
“ဒါက ဘာကြီးလဲ”
“ငါ့ရဲ့ အဆင့်ငါး တိုက်ခိုက်မှုကိုတောင် အလွယ်တကူ တားဆီးနိုင်တာလား။”
အလျှော့မပေးလိုသဖြင့် ရန်ယွဲ့ ဧကရာဇ် ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။
“ဝိညာဉ်တစ်ရာတံဆိပ်”
ရန်ယွဲ့ ဧကရာဇ်၏ ဧကရာဇ်နိယာမ ကိုယ်ထည် ဘေးပတ်လည်တွင် ရေတွက်၍မရနိုင်သော လမ်းစဉ်အင်းကွက်များ ပေါ်လာသည်။ ထိုအင်းကွက်များအားလုံးသည် အပြာနုရောင် အကာအကွယ်ကို နောက်တစ်ခဏတွင် ဝင်တိုက်လိုက်ကြ၏။ သို့သော်လည်း အပြာနုရောင် အကာအကွယ် သက်ရောက်မှု နည်းနည်းမှ မရှိပေ။
ရန်ယွဲ့ ဧကရာဇ် အနည်းငယ် ထိတ်လန့်သွားသည်။ လေဟုန်ယွမ်၏ စောင့်ရှောက်သူ ဖြစ်သည့်အတွက် လေဟုန်ယွမ် တစ်စုံတစ်ခု ဖြစ်သွားပါက အသက်ကယ် ဧကရီက သူမကို ဧကန်မုချ အပြစ်ပေးလိမ့်မည်။
ယခုတစ်ကြိမ်သည် လုချန်းနှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ကွဲပြားသည်။ လုချန်း ခေါ်ဆောင်သွားခဲ့တာက ရာထူးမှ ဖယ်ရှားခံထားရသည့် သူတော်စင်မဟောင်းသာ ဖြစ်သည်။ လေဟုန်ယွမ်ကတော့ အသက်ကယ် ဧကရီ၏ လက်ရှိ အလေးထားခြင်းခံရသည့် လက်ရှိ သူတော်စင်မ ဖြစ်သည်။
သူမ၏ စောင့်ရှောက်မှုအောက်ရှိ လက်ရှိ သူတော်စင်မသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် အသက်ကယ် ဧကရီ ဧကန်မုချ အမျက်ထွက်ပေလိမ့်မည်။ ရန်ယွဲ့ ဧကရာဇ်သည် နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်နေသော်လည်း မည်သည့် ထူးခြားမှုမှ မရှိပေ။
ရန်ယွဲ့ ဧကရာဇ် ရှနိုင်ငံ၏ ကံစွမ်းအားကြောင့် နောက်ဆုတ်သွားရတာလားဟု လေဟုန်ယွမ် ထင်လိုက်သည်။ ထို့နောက် သူမ သတိကြီးစွာ ထားလိုက်၏။ လုချန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်ကတည်းက သူမအပေါ် ထားရှိသည့် လုချန်း၏ တပ်မက်သောမျက်လုံးများကို လေဟုန်ယွမ် အထင်အရှား မြင်ခဲ့ရသည်။ သူတို့ကြားရှိ လက်ထပ်ခြင်း ကြိုးမျှင်အရ လုချန်း သူမကို နောက်ထပ် ဘာဆက်လုပ်မည်ကို သူမ သိထားသည်။
သူတို့နှစ်ဦး၏ အင်အား အနည်းငယ် ကွာခြားနေသောကြောင့် ပြီးခဲ့သည့်အကြိမ်က သူမကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု လုချန်း ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် သူမကို နောက်တစ်ကြိမ် လွတ်မြောက်ခွင့်ပေးတော့မည် မဟုတ်ပေ။ လေဟုန်ယွမ် အတွေးထဲ နစ်မြောနေစဉ်မှာပင် သူမ၏ ဘေးနားတွင် လူရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာသည်။
လေဟုန်ယွမ်ကလည်း သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်ဖော်လိုက်ကာ အပြည့်အဝ သတိထားလိုက်သည်။ လေဟုန်ယွမ်ထံမှ သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားမိလိုက်လျှင် လုချန်း အံ့အားသင့်သွား၏။ ထျန်းဟုန် ဧကရီနှင့် ဆင်တူသည့် အခြားတစ်ယောက် ရှိနေလိမ့်မည်ဟု လုချန်းက မျှော်လင့်မထားပေ။
လုချန်းက ပြုံးလိုက်ရင်း
“ကျွန်တော်တို့ နောက်ဆုံး တွေ့ခဲ့တာတောင် မကြာသေးဘူးပဲ။ ခင်ဗျားက ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် ခုခံနေရတာလဲ။”
လေဟုန်ယွမ်က
“ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ရှင့်ရဲ့ ကျင့်စဉ်အဆင့်ကို ဧကရာဇ်အဆင့်အထိ ပြန်ရောက်အောင် လုပ်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။”
လုချန်းကလည်း
“ခင်ဗျား အတွက်လည်း ဂုဏ်ယူပါတယ်”
ထိုအချိန်တွင် လေဟုန်ယွမ်၏ ကိုယ်ရေးအချက်အလက်ကို လုချန်း တစ်ချက် ကြည့်လိုက်သည်။
[အမည်: လေဟုန်ယွမ်]
[အချက်အလက်: ပြန်လည်ဝင်စားသော ဧကရာဇ်။ ယန်ယန် နန်းတော်၏ သူတော်စင်မ။ အသက်ကယ် ဧကရီ၏ တပည့်။ သူတော်စင်အဆင့်တစ်။ လက်ထပ်ခြင်း ကြိုးမျှင်၏ လွှမ်းမိုးမှုကြောင့် ကျင့်စဉ်အဆင့် ထပ်မံတိုးတက်ရန် ခက်ခဲနေသည်။ ထို့ကြောင့် အဓိကပိုင်ရှင်ကို ရှာဖွေပြီး လက်ထပ်ခြင်း ကြိုးမျှင်ကို ဖြတ်တောက်ဖို့ ဖရိုဖရဲ ကြယ်ပင်လယ်သို့ ပြန်ရန် ရည်ရွယ် နေသည်။]
လေဟုန်ယွမ်၏ အချက်အလက်များကို မြင်လျှင်
“လက်ထပ်ခြင်း ကြိုးမျှင်ပါလား။ သူကလည်း လက်ထပ်ခြင်း ကြိုးမျှင်ကို မြင်နိုင်တာလား” ဟု လုချန်းသည် တွေးလိုက်သည်။
ထို့နောက် လုချန်း သူ၏ စိတ်ကို တည်ငြိမ်အောင်ထားကာ စိတ်အာရုံကို ထုတ်လွှတ်၍ သူနှင့် လေဟုန်ယွမ်ကြားရှိ ကံတရား ဆက်နွှယ်မှုကို အာရုံခံကြည့်လိုက်သည်။
အမှန်တကယ်ပင် လေဟုန်ယွမ်၏ ကိုယ်ပေါ်တွင် ပတ်နွှယ်နေသည့် နီရဲသော ကြိုးမျှင်များကို သူ တွေ့ရှိခဲ့ရသည်။ ကြိုးများ၏ အခြားတစ်ဖက်သည် သူနှင့် ဆက်သွယ်နေ၏။
လုချန်း လေဟုန်ယွမ်ကို သေချာကြည့်လိုက်၏။ သူမသည် တိမ်နီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားသည်။ ထို့ကြောင့် ဖြူစင်သော နဖူးပြင်သည် ပေါ်လွင်နေပြီး အမျိုးသမီး သူရဲကောင်းတစ်ဦးကဲ့သို့ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
“ခင်ဗျား ဒီတစ်ခေါက် ကျွန်တော့်ဆီလာတာက ကံတရား ဆက်နွှယ်မှုကို ဖြတ်တောက်ဖို့လား။”
ထိုမေးခွန်းကို ကြားလျှင် လေဟုန်ယွမ် အလွန်အံ့အားသင့်သွား၏။ လုချန်းက သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိမ့်မည်ဟု မျှော်လင့်မထားပေ။
လုချန်းသည် ဧကရာဇ်အဆင့် တစ်ယောက်ဖြစ်သည့်အတွက် သူတို့ကြားက ကြိုးမျှင်ကို သူ မြင်နိုင်တာ မထူးဆန်းကြောင်းကို နောက်မှ လေဟုန်ယွမ် လျင်မြန်စွာ သဘောပေါက်လိုက်သည်။
လက်ထပ်ခြင်း ကြိုးမျှင်ကို မြင်ရသည့်အတွက် သူမ ယခုတစ်ကြိမ် ပြန်လာရသည့် ရည်ရွယ်ချက်ကို သူ သဘာဝကျကျပင် ခန့်မှန်းမိလိမ့်မည် ဖြစ်သည်။ ပြန်လည်ဝင်စားသော ဧကရီတစ်ဦး အနေနှင့် အခြားသူ၏ ထိန်းချုပ်မှုကို ခံယူလိုစိတ် မရှိနိုင်ပေ။ ထို့ကြောင့် သူမ၏ ရည်ရွယ်ချက်က ထင်ရှားလှသည်။
လုချန်းက ဆက်လက်၍
“ကျွန်တော်တို့ကြားမှာ လက်ထပ်ခြင်း ကြိုးမျှင် ရှိနေတာက ကျွန်တော်တို့တွေ အတူရှိဖို့ ကံပါလာတာကို ပြနေတာပဲ။ ဘာလို့ အတင်းအကျပ် ဖြတ်တောက်ဖို့ ကြိုးစားနေတာလဲ။ ကံကြမ္မာအတိုင်း လိုက်ပါသွားတာက ပိုမကောင်းဘူးလား။”
လေဟုန်ယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့်
“ကျွန်မက ပြန်လည်ဝင်စားတဲ့ ဧကရာဇ်တစ်ပါးပါ”
ထိုအရာကို ကြားလျှင် လုချန်းက ရယ်မောလိုက်ရင်း
“ခင်ဗျားက ဧကရာဇ်တစ်ပါးကို စော်ကားလို့မရဘူးလို့ ပြောချင်တာလား။”
“ခင်ဗျား အခု ဧကရာဇ်အဆင့် မဟုတ်သေးတော့ ကျွန်တော်တို့ကြားက အကျိုးအကြောင်း ဆက်နွှယ်မှုကို ခင်ဗျား ဖြတ်လို့မရဘူး။ တကယ်လို့ ခင်ဗျားက ဧကရာဇ်အဆင့် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ ခင်ဗျားက ဧကရာဇ်ဆိုရင် ကျွန်တော်ကလည်း ဧကရာဇ်ပဲလေ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက တန်းတူပဲမို့ ဒါက ခင်ဗျားအတွက် စော်ကားခံရတယ်လို့ ယူဆလို့ မရပါဘူး။”
လေဟုန်ယွမ်၏ မျက်နှာသည် အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သည်။ သူပြောတာက ယုတ္တိရှိသည်။ သို့သော် ဧကရာဇ်အဆင့် တစ်ဦး အနေနှင့် အခြားသူတစ်ဦး၏ လက်အောက်သို့ မည်သို့ အညံ့ခံလိုပါမည်နည်း။
လေဟုန်ယွမ်က သူမ၏ သတ်ဖြတ်ခြင်း အငွေ့အသက်ကို ထုတ်ဖော်လိုက်ရင်း
“ကျွန်မက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်နေတာပါ။”
လေဟုန်ယွမ်၏ ဆိုလိုရင်းက ရှင်းလင်းသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်သည် နှလုံးသားမဲ့လမ်းစဉ်နှင့် ဆင်တူ၏။ သတ်ဖြတ်ခြင်းစွမ်းအား ပြင်းထန်သူများ အနေနှင့် ခံစားချက်များကို မွေးမြူ၍ မရပေ။ မဟုတ်ပါက ခံစားချက်များ၏ တန်ပြန်မှုကို ခံစားရမည် ဖြစ်သည်။
လုချန်းသည် ခပ်အေးအေးပင်
“ကျွန်တော့်နောက် လိုက်ခဲ့ပါ။ ခင်ဗျားကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။”
ထိုစကားများနှင့်အတူ လုချန်း သူ၏ လက်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် အာကာသ ကူးပြောင်းခြင်းကို အသုံးပြုကာ လေဟုန်ယွမ်ကို နန်းဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ နန်းဆောင်ထဲတွင် ရွှေရောင် ဖီးနစ်ရုပ်များ ထိုးထားသည့် အနီရောင် ကန့်လန့်ကာများ နေရာအနှံ့ ရှိနေကာ ထိုနေရာ၏ ခမ်းနားထည်ဝါမှုကို ဖော်ဆောင်နေသည်။
နန်းဆောင်ခန်းမ၏ အလယ်တွင် ကုတင်ကြီး တစ်လုံးရှိ၏။ ထိုအပေါ်တွင် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
ရှနိုင်ငံတွင် ဧကရီ မရှိပေ။ သို့သော် လုချန်း၏ ဇနီးသည်တိုင်းသည် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်နိုင်ကြသည်။ ထို့ကြောင့် သူတို့အားလုံးကို ဧကရီများ အဖြစ် သတ်မှတ်နိုင်သည်။
လေဟုန်ယွမ်ကတော့ ထိုအချက်ကို မသိပေ။ ထိုအမျိုးသမီးကို မြင်လျှင် သူမ အနည်းငယ် တုန်လှုပ်သွားသည်။ ထို့နောက် သူမအား ရှနိုင်ငံ၏ ဧကရီလားဟု တွေးတောနေမိသည်။
ဘာလို့ သူဆီကလည်း သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်နေရတာလဲ.....
လေဟုန်ယွမ် အတွေးထဲ နစ်မြောနေ၏။ ထိုစဉ် ထျန်းဟုန် ဧကရီသည် သူမ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်ကာ လေဟုန်ယွမ်ကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် လုချန်းကို ကြည့်လိုက်သည်။
“သူက ဘယ်သူလဲ”
လုချန်းက ပြုံးလိုက်ရင်း
“ကိုယ့်ရဲ့ မိတ်ဆွေပါ။ သူ့ကို မင်းနဲ့ တွေ့ပေးဖို့ ခေါ်လာတာ။ မင်းတို့ နှစ်ယောက်လုံးက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြတာဆိုတော့ ပြောစရာတွေ ရှိမယ်ထင်လို့ပါ။”
ထိုအရာကို ကြားလျှင် လုချန်း၏ ဆိုလိုရင်းကို ထျန်းဟုန် ဧကရီ ချက်ချင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမ မကျေမနပ်လည်း ဖြစ်သွားသည်။
သူမက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားများကို နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွား စေလိုက်သည်။
ထျန်းဟုန် ဧကရီက အေးစက်စွာဖြင့်
“ကျွန်မက ရှင်ပိုင်တဲ့ အရာဝတ္ထုမဟုတ်ဘူး။ ကျွန်မတို့က မဟာမိတ်တွေ သက်သက်ပဲ။”
ထျန်းဟုန် ဧကရီ၏ စကားများကို လျစ်လျူရှုကာ လေဟုန်ယွမ်ဘက်သို့ လုချန်း လှည့်လိုက်ရင်း
“သူရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို အာရုံခံကြည့်လိုက်ပါ။ သူက သတ်ဖြတ်ခြင်း လမ်းစဉ်ကို သက်သေပြခဲ့တဲ့ ဧကရာဇ်အဆင့် တစ်ယောက်ပဲ။ ကျွန်တော်တို့က စုံတွဲကျင့်ကြံမှုကို အမြဲတမ်း အတူတူ ကျင့်ကြံကြသလို သူ့မှာ ကျွန်တော်ရဲ့ ရင်သွေးတောင် ရှိနေပြီ။”
ထိုအရာကို ကြားလျှင် လေဟုန်ယွမ် မယုံကြည်နိုင် ဖြစ်သွားသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသည့် ဧကရာဇ်အဆင့် တစ်ဦးသည် အခြားသူတစ်ဦးထံ အညံ့ခံကာ သူ၏ ရင်သွေးကိုတောင် လွယ်ထားရတာလား။
ဒါက...
ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
သို့သော်လည်း ထျန်းဟုန် ဧကရီ၏ ကိုယ်ပေါ်တွင် ပတ်နွှယ်နေသည့် ကြိုးမျှင်ကို မြင်လိုက်ရလျှင် လုချန်းကို သူမ မယုံကြည်ပဲ နေ၍ မရတော့ပေ။ ထျန်းဟုန် ဧကရီ၏ လက်ထပ်ခြင်း ကြိုးမျှင်သည် သူမ၏ ကြိုးမျှင်ထက်ပင် ပို၍ထူနေ၏။ ၎င်းက သူမနှင့် လုချန်းကြား နက်ရှိုင်းလှသော ဆက်ဆံရေး ရှိနေကြောင်း အထင်အရှား ပြသနေသည်။
ထျန်းဟုန် ဧကရီနှင့် လုချန်းတို့၏ ဆက်ဆံရေးကတော့ တင်းမာနေပုံ ရသည်။ သို့သော် လက်ထပ်ခြင်း ကြိုးမျှင်သည် သူတို့နှစ်ဦး ခိုင်မြဲစွာ ပတ်သက်နေကြောင်း ဖော်ပြနေ၏။ ဒီလူသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ်အဆင့် တစ်ဦးကို ထိုအရာမျိုး မည်သို့ ဆောင်ရွက်နိုင်ခဲ့သနည်း။
အခန်း (၁၄၁၈ )
နောက်ပြန်လှည့်ရန် လမ်းမရှိ
ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်လာသော ထူထဲသည့် သတ်ဖြတ်ခြင်း စွမ်းအားများကို ခံစားမိသဖြင့် လေဟုန်ယွမ် အချိန်အတော်ကြာအောင် တုံ့ပြန်မှု မပြုနိုင်တော့ပေ။ သူမ၏ အတွေးများလည်း ဗလာဖြစ်သွားခဲ့ရသည်။
လုချန်းက သူမ၏ စကားများကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်လျှင်
“ရှင် သူ့ကို တွေ့ပြီးပြီဆိုတော့ အခု သွားလို့ရပြီ”
ဟု ထျန်းဟုန် ဧကရီက အေးစက်စွာ ပြောလိုက်သည်။
လုချန်းနှင့် အကြိမ်ကြိမ် ပတ်သက်ခဲ့ဖူးသဖြင့် လုချန်း မည်မျှ မျက်နှာပြောင်သည်ကို ထျန်းဟုန် ဧကရီက သိပြီး ဖြစ်သည်။ ထို့ကြောင့် ဒေါသထွက်ရန်ပင် သူမ စိတ်မပါတော့ပေ။
လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး
“ကောင်းပြီလေ....ကိုယ် မင်း ကျင့်စဉ်ကျင့်တာကို မနှောင့်ယှက်တော့ပါဘူး။”
ထိုသို့ ပြောပြီးနောက် လုချန်း သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ သူတို့နှစ်ဦး အဆောင်ပြင်ပသို့ ရောက်ရှိသွားကြသည်။
ထိုအခိုက်အတန့်တွင် လေဟုန်ယွမ်၏ စိတ်များရှုပ်ထွေးနေဆဲ ဖြစ်သည်။
လုချန်းက
“ခံစားချက်တွေက ခင်ဗျားရဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ထိခိုက်မှာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော့် ဘေးမှာ ရှိနေတာက ခင်ဗျားရဲ့ ကျင့်စဉ်အဆင့် ပြန်လည်ရရှိဖို့ကို အနှောင့်အယှက် မဖြစ်စေတဲ့အပြင် ပိုပြီးတောင် မြန်ဆန်စေလိမ့်မယ်။”
ထိုအရာကို ကြားလျှင် လေဟုန်ယွမ် သတိပြန်ဝင်လာပြီး
“ဘာလို့လဲ”
“ခုနက ထျန်းဟုန် ဧကရီကို မေးကြည့်လို့ ရသလို ကျွန်တော်နဲ့ တိုက်ရိုက် စုံတွဲကျင့်စဉ် ကျင့်ကြည့်မယ်ဆိုရင်လည်း ဘာကြောင့်ဆိုတာ ခင်ဗျားနားလည်သွားမှာပါ။”
လေဟုန်ယွမ်၏ မျက်နှာ ပြန်လည် အေးစက်သွားပြန်သည်။ အဆုံးတွင်တော့ ဤလူသည် သူမ၏ ခန္ဓာကိုယ်ကိုသာ မက်မောနေခြင်း ဖြစ်သည်။
သို့သော်လည်း သူမ သူ၏ စကားများကို စိတ်ဝင်စားသွားမိသည်။ ထိုဧကရီသည် ဘာကြောင့် လုချန်း၏ အမျိုးသမီး ဖြစ်လာပြီး သူ၏ ရင်သွေးကို လွယ်ထားရသလဲ ဆိုတာကို သူမ သိလိုလာသည်။
ထိုစဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် လုချန်းက
“သူရဲ့ အခြေအနေက ခင်ဗျားနဲ့ တော်တော် ဆင်တူတယ်။ သူက အစက ဝိညာဉ်ခန္ဓာ အခြေအနေမှာ ရှိနေခဲ့တာ။ ကျွန်တော့်ရဲ့ အကူအညီနဲ့ သူရဲ့ ပင်မခန္ဓာကို ပြန်ရခဲ့ရုံတင်မကပဲ ကျင့်စဉ်အဆင့်ကလည်း ဧကရာဇ်အဆင့်ကို လျင်လျင်မြန်မြန် ပြန်ရောက်သွားခဲ့တာ။”
လုချန်း၏ စကားကို ကြားလျှင် လေဟုန်ယွမ်၏ မျက်နှာတွင် သံသယများ ဖြစ်ပေါ်လာသည်။
သူပြောသလို တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ဤလူက သူမကို လိမ်ညာနေခြင်းလား။
ထိုသို့ တွေးမိရင်း လေဟုန်ယွမ်က
“ကျွန်မက ရှင်ရဲ့ လက်ထဲကို ရောက်နေပြီပဲ။ ရှင် လုပ်ချင်တာကိုသာ လုပ်လိုက်ပါ။ ကျွန်မကို ဒီလောက်အထိ အများကြီး ပြောနေဖို့ မလိုပါဘူး။”
လေဟုန်ယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ ဤလူ၏ မျက်လုံးထဲမှ တပ်မက်မှုများသည် အလွန်ပင် သိသာလွန်းလှသည်။ သူ သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေတာ ထင်ရှားလှသည်။ သူ၏ လက်ရှိ အင်အားနှင့်ဆိုလျှင် သူမအပေါ် တစ်ခုခုလုပ်ရန်က မဖြစ်နိုင်တာ မဟုတ်ပေ။ ဘာကြောင့်များ ဤမျှအထိ ပြောဆိုနေရသနည်း။
လုချန်းတွင် အခြား ရည်ရွယ်ချက်များ ရှိနေသလားဟု သူမ သံသယဖြစ်မိသည်။
လုချန်းက ပြုံးလိုက်ပြီး
“အရင်ကဆိုရင်တော့ ကျွန်တော် တိုက်ရိုက်ပဲ လုပ်မိမှာပါ။ ဒါက ရင့်ကျက်လာတာလည်း ဖြစ်နိုင်ပါတယ်။”
“လောလောဆယ်တော့ ခင်ဗျား ရှနိုင်ငံမှာပဲ နေရလိမ့်မယ်။”
လေဟုန်ယွမ်က သတိပေးလလို ပြောလိုက်၏။
“ကျွန်မက အခု ယန်ယန် နန်းတော်သခင်ရဲ့ တိုက်ရိုက်တပည့်ပါ။ ရှင် ကျွန်မကို မလွှတ်ပေးရင် ရှင့်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။”
လုချန်းက ခပ်အေးအေးပင်
“ယန်ယန် နန်းတော်ရဲ့ သူတော်စင်မဟောင်းက အခု ကျွန်တော့်ရဲ့ ပင်မခန္ဓာနဲ့ စုံတွဲကျင့်စဉ် ကျင့်နေတာ။ နောက်ထပ် သူတော်စင်မ တစ်ယောက်ကို ခေါ်ထားတာက ကျွန်တော့်အတွက် ဘာမှ မဟုတ်ဘူး။”
“ရန်ညှိုးကတော့ ရှိပြီးသားပဲ။ ယန်ယန် နန်းတော်က ရှနိုင်ငံကို တိုက်ခိုက်ချင်တယ်ဆိုရင်လည်း လာခဲ့ခိုင်းလိုက်ပေါ့။”
လုချန်းဤမျှအထိ ယုံကြည်မှု ရှိနေသည်ကို မြင်လျှင် လေဟုန်ယွမ် အလွန် အံ့သြသွားလေသည်။ ၎င်းသည် စကြဝဠာအတွင်းမှ အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ယန်ယန် နန်းတော် ဖြစ်သည်။ သူမ၏ အရင်ဘဝတွင်ပင် ယန်ယန် နန်းတော်ကို ဆန့်ကျင်ရန် မဝံ့ရဲခဲ့ပေ။ သို့သော် လုချန်းကတော့ ယန်ယန် နန်းတော်ကို ရန်စမိခြင်းအား လုံးဝ ဂရုမစိုက်ပေ။
သူမနှင့် လုချန်း နှစ်ဦးလုံးသည် ပြန်လည်ဝင်စားလာသည့် ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။ လုချန်း၏ ကျင့်စဉ်အဆင့် ပိုမြန်မြန် ပြန်ရလာသည်က တစ်ပိုင်း ဖြစ်သော်လည်း သူက သူမထက် ပို၍ မည်သို့ ရဲတင်းနေရသနည်း။
သူ့ရဲ့ နောက်ခံက ဘယ်လိုမျိုး မို့လို့လဲ။
လုချန်းက
“ရှနိုင်ငံအတွင်းမှာ ကျွန်တော် ခင်ဗျားကို အများကြီး ကန့်သတ်ထားမှာ မဟုတ်ဘူး။ ခင်ဗျား သွားချင်တဲ့ နေရာကို သွားလို့ရပါတယ်။”
“ကျွန်တော်ကလည်း မင်္ဂလာကြိုးမျှင်ကို အတင်းအကျပ် ဖြတ်ပစ်မှာ မဟုတ်ဘူး။ ခင်ဗျား နားလည်သွားတဲ့ အချိန်ကျရင် ထျန်းချန်ကမ္ဘာကို လာပြီး ကျွန်တော့်ကို ရှာလိုက်ပါ။”
လုချန်း၏ စိတ်နေစိတ်ထားသည် အစောပိုင်းနှင့် ယှဉ်လျှင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အတိတ်တုန်းကတော့ သူ၏ အင်အားကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေခဲ့ခြင်းကြောင့်တစ်ကြောင်း သူ သဘောကျသည့် အမျိုးသမီးများကလည်း လှပလွန်းသောကြောင့်တစ်ကြောင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပဲ ပိုင်ဆိုင်လိုစိတ်များ ပြင်းပြခဲ့သည်။
သို့သော်လည်း သူ၏ အနားရှိ အမျိုးသမီး အရေအတွက် များပြားလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ သိမ်းပိုက်မှုကို သူပို၍ တန်ဖိုးထားလာခဲ့သည်။ ထို့ပြင် ယခု သူ့ထံ၌ အမျိုးသမီး လုံလောက်စွာ ရှိနေပြီ ဖြစ်၍ သူ စိတ်ပါလာပါက အတူတူ ပျော်ပါးရန် တစ်စုံတစ်ယောက်ကို အမြဲတမ်း ရှာဖွေနိုင်သည်။
ထိုသို့ပြောပြီးနောက် လုချန်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
လုချန်း မရှိတော့သည့်နောက်တွင် လေဟုန်ယွမ် တစ်ဦးတည်း နန်းတော်ထဲ၌ ကျန်ရစ်ခဲ့ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ ယခုအခါ သူမ၏ လက်ထပ်ခြင်း ကြိုးမျှင်ကို ဖြတ်တောက်၍ ရနိုင်တော့ပုံ မပေါ်ပေ။
သူမ လုချန်း၏ အမျိုးသမီး ဖြစ်လာပြီး သူနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံဖို့သာ ရွေးစရာ ရှိတော့တာလား။
လေဟုန်ယွမ် အတွေးထဲ နစ်မြောနေစဉ်မှာပင် ကြီးမားသော အင်အားတစ်ခုက သူမကို ဆွဲခေါ်သွားသည်။ သူမ တုံ့ပြန်ခွင့် မရလိုက်ခင်မှာပင် အမြင်အာရုံများ မှောင်အတိ ကျသွားသည်။ အလင်းရောင် ပြန်ပေါ်လာလျှင် သူမ ထျန်းဟုန် ဧကရီ၏ အဆောင်အတွင်းသို့ ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
လေဟုန်ယွမ်က
“ဝါစဉ်ကြီးသူက ကျွန်မကို ဘာကြောင့် ခေါ်လိုက်တာလဲဆိုတာ သိလို့ရမလား။”
သူမသည်လည်း ပြန်လည်ဝင်စားလာသည့် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်သော်လည်း နဂိုကျင့်စဉ်အဆင့် ပြန်လည် မရရှိသေးပေ။ ထို့ကြောင့် ဧကရာဇ်အဆင့်အစစ်တစ်ဦး၏ ရှေ့တွင် နှိမ့်ချစွာ နေထိုင်ခြင်းက သဘာဝပင် ဖြစ်သည်။
ထျန်းဟုန် ဧကရီက ချက်ချင်း စကားမပြောပေ။ သူမ၏ နီရဲသော မျက်လုံးများသည် တစ်စုံတစ်ခုကို စစ်ဆေးနေသကဲ့သို့ လေဟုန်ယွမ်၏ ခန္ဓာကိုယ်အနှံ့ကို ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးမှ
“ရှင် ပြန်လည် မဝင်စားခင်က သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာလား”
ဟု ထျန်းဟုန် ဧကရီက မေးလိုက်သည်။
ဘာကြောင့် မေးသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း
“မဟုတ်ပါဘူး...အရင်ဘဝမှာ ကျွန်မက နှလုံးသားမဲ့လမ်းစဉ်ကို လျှောက်လှမ်းခဲ့တာပါ”
ဟု လေဟုန်ယွမ်သည် ရိုးသားစွာ အဖြေ ပေးလိုက်သည်။
ထိုအချက်က လက်ထပ်ခြင်း ကြိုးမျှင်ကို သူမ မလိုချင်ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ နှလုံးသားမဲ့လမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးသည် ခံစားချက်များနှင့် ပတ်သက်မိလျှင် ပြန်ပြင်၍မရသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
လေဟုန်ယွမ်၏ အဖြေကို ကြားလျှင် ထျန်းဟုန် ဧကရီ ပြန်လည် တိတ်ဆိတ်သွားပြန်၏။
ထျန်းဟုန် ဧကရီ တိတ်ဆိတ်နေသည်ကို မြင်လျှင် လေဟုန်ယွမ်က
“ဝါစဉ်ကြီးသူက ကိုယ့်ဆန္ဒနဲ့ကိုယ် သူ့ရဲ့ အဖော်အဖြစ် ဖြစ်လာခဲ့တာလား။”
ထိုမေးခွန်းကို ကြားလျှင် ထျန်းဟုန် ဧကရီနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး နောက်တစ်ခဏတွင် ကြီးမားသော ဖိအားတစ်ခု ကျရောက်လာကာ လေဟုန်ယွမ်ကို မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
ကံကောင်းစွာဖြင့် ထျန်းဟုန် ဧကရီသည် သူမ၏ ဒေါသကို လျင်မြန်စွာ ထိန်းချုပ်လိုက်ကာ စိတ်ပြန်လည် တည်ငြိမ်သွားလျှင်
“ကျွန်မက သူ့ရဲ့ အဖော်မဟုတ်ဘူး။ ကျွန်မတို့က ပူးပေါင်းဆောင်ရွက်နေကြရုံ သက်သက်ပဲ”
ဟု အေးစက်စွာ ပြောလိုက်သည်။
လေဟုန်ယွမ်က
“ကျွန်မ နားလည်ပါပြီ.....ကျွန်မ အထင်လွဲသွားတာပါ”
လေဟုန်ယွမ်သည် လူအ မဟုတ်ပေ။ ထျန်းဟုန် ဧကရီက ပူးပေါင်းဆောင်ရွက်မှုဟု ဆိုသော်လည်း သူမ၏ ကိုယ်ပေါ်ရှိ လက်ထပ်ခြင်း ကြိုးမျှင်များက အလွန်များနေသည်။ ထို့ပြင် ထျန်းဟုန် ဧကရီသည် လုချန်း၏ ရင်သွေးကိုလည်း လွယ်ထားသည်။
ထိုအရာက မည်ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးနည်း။ သူမ၌ လုချန်းအပေါ် မည်သည့် ခံစားချက်မှ မရှိဟု ဆိုပါက ယုံကြည်ရန် ခက်ခဲလှသည်။
သို့သော်လည်း သူမကဲ့သို့ပင် အခြားဧကရာဇ်အဆင့်များတွင်လည်း သူတို့၏ မာန်မာနများ ရှိကြမည်သာဖြစ်၏။
ထျန်းဟုန် ဧကရီက
“ရှင်က သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းချင်တယ်ဆိုရင် သူ့ရဲ့ အဖော်ဖြစ်လာပြီး စုံတွဲကျင့်စဉ်ကို အတူတူ ကျင့်တာက တကယ့်ကို အကောင်းဆုံး ရွေးချယ်မှုပဲ။”
ထျန်းဟုန် ဧကရီက ထိုသို့ပြောသည်ကို မြင်လျှင် လေဟုန်ယွမ် ပို၍ စိတ်ဝင်စားသွားသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်သည် သတ်ဖြတ်ရန်သာ လိုအပ်သည်။ လုချန်း၏ အဖော်ဖြစ်လာခြင်းသည် ဘာကြောင့် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ရပါသနည်း။
လေဟုန်ယွမ်က
“ဘာကြောင့်လဲ”
ဟု ချက်ချင်း မေးလိုက်သည်။
ထျန်းဟုန် ဧကရီက တိုက်ရိုက် အဖြေမပေးပဲ
“သူနဲ့ စုံတွဲကျင့်စဉ် ကျင့်ကြည့်တဲ့ အခါကျရင် ရှင် နားလည်သွားလိမ့်မယ်။”
လေဟုန်ယွမ် နားမလည်သော်လည်း ဤဧကရီကပင် ထိုသို့ပြောနေသဖြင့် အမှန်ဖြစ်နိုင်ခြေ အလွန်မြင့်မားလှသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျွမ်းကျင်သည့် ဧကရာဇ်အဆင့်တစ်ဦးသည် ထိုသို့သော ကိစ္စမျိုးတွင် သူမကို လိမ်ညာလိမ့်မည် မဟုတ်ပေ။
လေဟုန်ယွမ်က
“ကျွန်မမှာ နောက်ထပ် မေးခွန်းတစ်ခု ရှိပါသေးတယ်။ ဝါစဉ်ကြီးသူ အနေနှင့် ဝိညာဉ်အခြေအနေကနေ ဧကရာဇ်အဆင့်ကို ပြန်ရောက်ဖို့ ဘယ်နှစ်နှစ်လောက် ကြာခဲ့တာလဲ။”
“နှစ်ပေါင်း ငါးဆယ် မပြည့်ပါဘူး”
ဟု ထျန်းဟုန် ဧကရီသည် တည်ငြိမ်စွာ အဖြေပေးလိုက်သည်။
ထိုအရာကို ကြားလျှင် လေဟုန်ယွမ် နောက်တစ်ကြိမ် မှင်တက်သွားရပြန်သည်။
လုချန်းက ဘယ်လိုလုပ်ခဲ့တာလဲ။
စုံတွဲကျင့်စဉ်က တကယ်ပဲ အဲ့ဒီလောက်အထိ ထိရောက်တာလား။
လေဟုန်ယွမ် စိတ်ဝင်စားသွားသည်ကို ထျန်းဟုန် ဧကရီ မြင်နိုင်သည်။ သူမက လှောင်ပြုံးပြုံးလိုက်ပြီး
“ရှင်က ကျွန်မကို ဝါစဉ်ကြီးသူလို့ ခေါ်တဲ့အတွက် ရှင့်ကို အကြံတစ်ခု ပေးမယ်။ ရှင် သူ့ရဲ့ အမျိုးသမီး ဖြစ်သွားခဲ့ရင် နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။”
လုချန်း၏ အမျိုးသမီး ဖြစ်လာပြီးကတည်းက ထျန်းဟုန် ဧကရီသည် သူနှင့်အတူ ကျင့်ကြံခြင်းကို စွဲလန်းသွားခဲ့ပြီး ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။
……………
အခန်း( ၁၄၁၉ )
ကံတရားဆက်နွယ်မှု
ထျန်းဟုန် ဧကရီသည် အမျိုးသားနှင့် အမျိုးသမီးကြားရှိ အလိုဆန္ဒများကို သဘာဝအတိုင်း ထိန်းချုပ်နိုင်သူ ဖြစ်၏။ သို့သော် လုချန်း၏ ရင်သွေးကို သူမ လွယ်ထားရချိန်မှစ၍ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကလေးငယ်သည် မိခင်၏ သတ်ဖြတ်ခြင်းစွမ်းအားများကို အငမ်းမရ စုပ်ယူနေခဲ့၏။ ထို့ကြောင့် ကျင့်စဉ်အဆင့် နိမ့်ကျမသွားစေရန် လုချန်းကို ရှာဖွေ၍ ကျင့်စဉ်အတူကျင့်ရန်မှတစ်ပါး သူမ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် လုချန်းနှင့် အမြဲတစေ စုံတွဲကျင့်စဉ်ကို ကျင့်ကြံနေသော်လည်း သူမ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမသည် ဆိုးရွားသော သံသရာထဲသို့ ကျရောက်နေခဲ့ရ၏။
ထို့ပြင် လုချန်း၏ အသက်မျိုးစေ့ကို သတ်ဖြတ်ခြင်းမှ ရရှိသည့် ယုတ်ညံ့သော အငွေ့အသက်များကို ခံစားရပြီးနောက်တွင် သူမ၏ သတ်ဖြတ်လိုစိတ်သည် လျော့ပါးမသွားပဲ လုချန်း၏ အသက်မျိုးစေ့ကိုသာ ဆက်လက်သတ်ဖြတ်လိုသည့် ဆန္ဒများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။
အသက်မျိုးစေ့ကို ချေမှုန်းဖျက်ဆီးခြင်းသည် ယုတ်ညံ့သော အငွေ့အသက်များကို စုဆောင်းပေးရုံတင်မကပဲ သူမအား သာယာမှုတစ်မျိုးကိုလည်း ပေးစွမ်းသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ ထိုလုပ်ရပ်၌ တဖြည်းဖြည်း သာယာမိလာခဲ့၏။
အစပိုင်းတွင် သူမ၌ ကျင့်စဉ်အဆင့် အတက်အကျရှိတိုင်း လုချန်းကို ရှာဖွေကာ စုံတွဲကျင့်စဉ်ကို ကျင့်ကြံခဲ့၏။ သို့သော် နောက်ပိုင်းတွင် သူမ၏ ကျင့်စဉ်အဆင့် ပုံမှန်ရှိနေသည့်တိုင် လုချန်းကို ရှာဖွေ၍ စုံတွဲကျင့်စဉ် ကျင့်ကြံတတ်လာသည်။
လုချန်း၏ လှည့်ဖျားမှုကို ခံခဲ့ရသည်ဟူသော အတွေးက ထျန်းဟုန် ဧကရီအား ကလဲ့စားချေလိုစိတ်များ ပေါ်ပေါက်စေခဲ့၏။ ထိုသို့ပြုလုပ်ရန် လုချန်း၏ အသက်မျိုးစေ့ကို သတ်ဖြတ်ရန် လိုအပ်သည်။
လုချန်း၏ အသက်မျိုးစေ့ကို သတ်ဖြတ်ရန်အတွက် သူမ စုံတွဲကျင့်စဉ်ကို ကျင့်ကြံရန် လိုအပ်၏။ သို့သော် ထိုသို့ကျင့်ကြံနေစဉ်တွင်လည်း လုချန်း၏ လှည့်ဖျားမှုကို ထပ်မံခံရသကဲ့သို့ ခံစားရသောကြောင့် ကလဲ့စားချေလိုစိတ်က ပို၍ပြင်းထန်လာခဲ့သည်။
ထို့ကြောင့် သူမသည် ကလဲ့စားချေရန်အတွက် စုံတွဲကျင့်စဉ်ကို ပိုကျင့်ကြံရန် လိုအပ်လာခဲ့သည်။ ဤနည်းဖြင့် ဆိုးရွားသော သံသရာတစ်ခု ဖြစ်ပေါ်လာခဲ့ တော့သည်။
ထျန်းဟုန် ဧကရီ၏ သတိပေးမှုကို ကြားလျှင် လေဟုန်ယွမ် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ထိုအရာကို သူမ သိပ်နားမလည်နိုင် ဖြစ်နေသည်။ သို့သော် လေဟုန်ယွမ်က
“ဝါစဉ်ကြီးသူရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဟု ရိုရိုသေသေဖြင့် တုံ့ပြန်လိုက်သည်။
ထျန်းဟုန် ဧကရီက လေဟုန်ယွမ်ကို တစ်ဖန်ပြန်ကြည့်လိုက်၏။ ထို့နောက်
“ရှင့်ဆီမှာ ကျွန်မနဲ့ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခု ရှိနေတယ်။ ရှင်ပြင်ပနယ်မြေကို ရောက်ဖူးသလား။”
လေဟုန်ယွမ်က
“ဟုတ်ကဲ့.....ကျွန်မရဲ့ အရင်ဘဝတုန်းက ပြင်ပနယ်မြေကို ရောက်ဖူးပြီး အဲဒီမှာပဲ အသက်ဆုံးရှုံးခဲ့တာပါ။”
လေဟုန်ယွမ်ကို တစ်နေရာရာတွင် တွေ့ဖူးသည်ဟု ခံစားနေရသော်လည်း မမှတ်မိနိုင်တော့သဖြင့် ထျန်းဟုန် ဧကရီလည်း အတွေးထဲနစ်မြောသွားတော့သည်။ ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီကို ကြည့်နေသော လေဟုန်ယွမ်သည်လည်း သူမကို တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ ထူးဆန်းသော ရင်းနှီးမှုကို ရုတ်တရက် ခံစားလိုက်ရ၏။
ထူးဆန်းလှ၏။ သူမသည်လည်း အဘယ်ကြောင့် ဤသို့ ခံစားနေရပါသနည်း။
ထိုအချိန်တွင် ထျန်းဟုန် ဧကရီက သူမ၏ စိတ်အာရုံကို ထုတ်လွှတ်၍ လေဟုန်ယွမ်နှင့် သူမတို့ကြားတွင် မည်သည့် ကံအကျိုးအဆက်များ ရှိနေကြောင်း စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးနောက်တွင် သူတို့နှစ်ဦးကြား၌ မည်သည့်အရာမှ ရှိမနေသလို ကံအကျိုးဆက်နွယ်မှုလည်း မရှိကြောင်း သူမ သိလိုက်ရ၏။
ထျန်းဟုန် ဧကရီက သူမကို စစ်ဆေးနေသည်ကို လေဟုန်ယွမ်လည်း ရိပ်မိသွားပြီး သူမကလည်း သူတို့ကြားရှိ ကံအကျိုးအဆက်ကို စစ်ဆေးကြည့်လိုက်၏။ ထျန်းဟုန် ဧကရီကဲ့သို့ပင် သူမကလည်း ကံအကျိုးအဆက် မရှိကြောင်း ကောက်ချက်ချလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူများဖြစ်သောကြောင့်သာ ဤကဲ့သို့ ရင်းနှီးမှုမျိုး ခံစားရခြင်း ဖြစ်နိုင်သည်။
လေဟုန်ယွမ် ထိုသို့တွေးနေစဉ်မှာပင် ထျန်းဟုန် ဧကရီက ရုတ်တရက်
“မဟုတ်သေးဘူး...”
ထျန်းဟုန် ဧကရီထံမှ မမျှော်လင့်ထားသော စကားများကို ကြားလျှင် လေဟုန်ယွမ် ခဏရပ်လိုက်ကာ
“ဝါစဉ်ကြီးသူက ဘာကို တွေ့ခဲ့လို့လဲ”
ထျန်းဟုန် ဧကရီက
“ကျွန်မတို့ကြားမှာ ကံတရား ဆက်နွယ်မှု မရှိတာ မဖြစ်နိုင်ဘူး။”
လေဟုန်ယွမ် နားမလည်နိုင် ဖြစ်နေသည်။ သူတို့ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိခဲ့ပဲ အဘယ်ကြောင့် ကံတရားဆက်နွယ်မှု ရှိနိုင်ရမည်နည်း။
ထျန်းဟုန် ဧကရီက ဆက်လက်၍
“ရှင်နဲ့ ကျွန်မကြားက ကံတရားက အရမ်းကို စင်ကြယ်လွန်းနေတယ်။ ရှင်ကလည်း သူ့နဲ့ အိမ်ထောင်ဖက်အဖြစ် ပတ်သက်နေသလို ကျွန်မကလည်း သူ့နဲ့ ပတ်သက်နေတာပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ ကံအကျိုးအဆက်က ဒီလောက်အထိ စင်ကြယ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
လေဟုန်ယွမ် ရုတ်တရက် သတိပြုမိသွား၏။
ဟုတ်ပါသည်။ အရင်ဘဝတွင် သူတို့ပတ်သက်မှု မရှိခဲ့သည့်တိုင် ယခုဘဝ၌ လုချန်းကြောင့် သူတို့နှစ်ဦး ဆုံတွေ့ခဲ့ရပြီဖြစ်ရာ ကံတရား ဆက်နွယ်မှု လုံးဝမရှိခြင်းက မဖြစ်နိုင်ပေ။
ကံတရား ဆက်နွယ်မှု မရှိခြင်းက အချက်တစ်ချက်ကိုသာ ညွှန်ပြနေ၏။ သူတို့၏ ကံတရား နှောင်ကြိုးများ ဖြတ်တောက်ခံထားရသောကြောင့် မည်သည့်အရာကိုမှ မမြင်တွေ့ရခြင်းဖြစ်၏။
အရင်ဘဝတွင် သူတို့သည် သူစိမ်းများသာ ဖြစ်ခဲ့လျှင် အဘယ်ကြောင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ရမည်နည်း။ အကယ်၍ ကံဆက်နွယ်မှုကို ဖြတ်တောက်ထားသည်ဆိုလျှင် တစ်ဦးဦးက ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ရမည်။
မည်သည့်အတွက်ကြောင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ခဲ့ရပါသနည်း။
ထျန်းဟုန် ဧကရီက
“ကျွန်မတို့ အရင်ဘဝမှာ ဆုံတွေ့ခဲ့ဖူးပုံရတယ်။ ကံဆက်နွယ်မှုကို ဖြတ်တောက်ထားတာကြောင့် ရှင် ဘယ်သူလဲဆိုတာကို ကျွန်မ မေ့သွားတာပဲ။”
ကံဆက်နွယ်မှုကို ဖြတ်တောက်ပြီးနောက်တွင် နှစ်ဦးနှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး တဖြည်းဖြည်း မေ့လျော့သွားကြပြီး တစ်ဖက်သည် မှတ်ဉာဏ်ထဲမှ လုံးဝပျောက်ကွယ်သွားသည်အထိ ဖြစ်တတ်၏။
သတ်ဖြတ်ခြင်းကို ပိုင်စိုးသော ဧကရာဇ်အဆင့်တစ်ဦးနှင့် နှလုံးသားမဲ့ လမ်းစဉ်ကို လျှောက်လှမ်းသူတစ်ဦးတို့သည် မည်သို့မည်ပုံ ဆုံတွေ့ခဲ့ကြပြီး အဘယ်ကြောင့် သူတို့ကြားမှ ကံဆက်နွယ်မှုကို ဖြတ်တောက်ရန် ရွေးချယ်ခဲ့ကြသနည်းဟူသော မေးခွန်းများက အမျိုးသမီးနှစ်ဦးစလုံးကို နားမလည်နိုင် ဖြစ်နေစေ၏။
ယေဘုယျအားဖြင့် ဧကရာဇ်အဆင့်တစ်ဦးသည် မဖြေရှင်းနိုင်သော အရာတစ်ခုကြောင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ခြင်း ဖြစ်တတ်ပြီး ထိုသို့ပြုလုပ်ပါက တန်ပြန်သက်ရောက်မှုများကို ကြုံတွေ့ရနိုင်ခြေ ရှိသည်။ ဧကရာဇ်အဆင့်တစ်ဦးတွင် ကံဆက်နွယ်မှုကို ဖြတ်တောက်နိုင်စွမ်း ရှိသော်လည်း တန်ဖိုးတစ်ခု မပေးရတာတော့ မဟုတ်ပေ။
ကံဆက်နွယ်မှု၏ ပမာဏအပေါ် မူတည်၍ ဖြတ်တောက်ခြင်းမှ ရရှိသည့် တန်ပြန်သက်ရောက်မှုသည် ဧကရာဇ်အဆင့်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။ သေးငယ်သော ကံဆက်နွယ်မှုတစ်ခုကို ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်ပါက ပြင်းထန်သော တန်ပြန်သက်ရောက်မှု ရှိမည်တော့မဟုတ်ပေ။ သို့သော် ဧကရာဇ်အဆင့်၏ စွမ်းအားနှင့်ဆိုလျှင် ထိုသို့သော သေးငယ်သည့် ကံဆက်နွယ်မှုမျိုးကို ဖြတ်တောက်စရာမလိုပဲ အလွယ်တကူ ဖြေရှင်းနိုင်သည်။
ထိုအချိန်တွင် ကျယ်ဝန်းသော အိပ်ဆောင်အတွင်း၌ အမျိုးသမီးနှစ်ဦး တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြကာ သူတို့၏ အရင်ဘဝ၌ မည်သို့ပတ်သက်မှု ရှိခဲ့သည်ကို သိလိုစိတ် ပြင်းပြနေကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ထျန်းဟုန် ဧကရီက
“ကျွန်မတို့ ကြားက ကံဆက်နွယ်မှုကို ဖြတ်တောက်ခဲ့ပြီးမှတော့ အတိတ်အကြောင်းတွေကို မပြောကြရအောင်”
ဟု နောက်ဆုံးတွင် ပြောလိုက်သည်။
အဘယ်ကြောင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ခဲ့ကြောင်း သူတို့ မသိကြသော်လည်း ထိုစဉ်က ခိုင်လုံသော အကြောင်းပြချက်များ ရှိခဲ့မည်ဖြစ်၏။ ထိုအရာက သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်ခဲ့နိုင်သည်။
အတိတ်သည် ပြီးဆုံးသွားပြီ ဖြစ်၏။ ယခု သူတို့သည် ဘဝသစ်တစ်ခုကို ဖြတ်သန်းနေရပြီဖြစ်ရာ အတိတ်က ဖြစ်ပျက်ခဲ့သည်များကို တွေးတောနေရန် မလိုတော့ပေ။
လေဟုန်ယွမ်ကလည်း
“ဝါစဉ်ကြီးသူ ပြောတာ မှန်ပါတယ်”
ထျန်းဟုန် ဧကရီက ဆက်လက်၍
“ကောင်းပြီ...ရှင် သွားလို့ရပါပြီ။ ဘယ်လိုရွေးချယ်မလဲဆိုတာကတော့ ရှင့်အပေါ်မှာပဲ မူတည်ပါတယ်။”
ထျန်းဟုန် ဧကရီက ထိုသို့ ပြောလိုက်သော်လည်း လေဟုန်ယွမ်တွင် ရွေးချယ်စရာ မရှိကြောင်း သူမ စိတ်ထဲ သိနေ၏။ မကြာမီတွင် လုချန်း၏ မိဖုရားဆောင်၌ နောက်ထပ် အမျိုးသမီးတစ်ဦး တိုးလာတော့မည် ဖြစ်သည်။ သူ၏ လက်ထဲသို့ ရောက်ရှိပြီးမှတော့ ထိုလူရှုပ်က လွှတ်ပေးမည် မဟုတ်ပေ။
ယခု ထိုလူက သူမကို ဒုက္ခမပေးသကဲ့သို့ ထင်ရသော်လည်း ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ လုချန်းနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သဖြင့် ထျန်းဟုန် ဧကရီ သူ့အကြောင်းကို ကောင်းစွာ သိ၏။
လေဟုန်ယွမ်ကို လုချန်း၏ နောက်ထပ် ကစားစရာတစ်ခုအဖြစ်သာ သူမ မြင်ယောင်နေ၏။ လေဟုန်ယွမ်နှင့် သူမကြားရှိ အတိတ်က ပတ်သက်မှု ရှိနိုင်ကြောင်း သိသွား၍လားမသိ လေဟုန်ယွမ် ကြုံတွေ့ရတော့မည့် အဖြစ်အပျက်များအတွက် ထျန်းဟုန် ဧကရီအနည်းငယ် သနားမိသွား၏။
လေဟုန်ယွမ်သည် ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်၌ ကြာရှည်စွာ မနေတော့ပေ။ ထျန်းဟုန် ဧကရီကို ဂါရဝပြုပြီးနောက် အိပ်ဆောင်မှ ထွက်ခွာလာခဲ့သည်။
အိပ်ဆောင်မှ ထွက်လာပြီးနောက် အဝေးတစ်နေရာသို့ လေဟုန်ယွမ် ငေးကြည့်နေမိ၏။ လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းသည် သူမအတွက် အကျိုးရှိမည်ဟု ထျန်းဟုန် ဧကရီက ပြောခဲ့သော်လည်း သူမ ချက်ချင်း ဆုံးဖြတ်ချက် မချသေးပေ။ အခြေအနေကို စောင့်ကြည့်ရန်သာ သူမ ရည်ရွယ်ထား၏။ ရှနိုင်ငံ၏ အခြေအနေကို သူမ အရင်ဆုံး အကဲဖြတ်လိုနေသည်။