← Chapters

အခန်း (၁၄၂၀-၁၄၂၂)

Vol. 95 Ch. 1420-1422

အခန်း (၁၄၂၀-၁၄၂၂)

Vol. 95 Ch. 1420-1422

အခန်း (၁၄၂၀ )

ကောင်းကင်နတ်ဆိုးများ စတင်ထွက်ပေါ်လာခြင်း

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ စကြဝဠာကြီးကား ပို၍ ဖရိုဖရဲ ဖြစ်လာတော့၏။ ကပ်ဘေးကြီး မကျရောက်မီ ခုခံကာကွယ်ရန် အရင်းအမြစ်များ ပိုမိုရရှိစေရန် အလို့ငှာ အဓိက အင်အားကြီး အဖွဲ့အစည်းအားလုံးက အစဉ်တစိုက် နယ်မြေချဲ့ထွင်နေကြ၏။

အထူးသဖြင့် ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့ မဟာမိတ်ဖွဲ့ကြောင်း ကြေညာပြီးနောက်တွင် မဟာအင်အားကြီး အင်အားစုများ နယ်မြေချဲထွင်ရေးတွင် ပါဝင်လာကြသည်။ မြင့်မြတ်သောနယ်မြေအဆင့် အင်အားစုအချို့ပင်လျှင် နယ်မြေချဲ့ထွင်လာကြတော့သည်။

စကြဝဠာတစ်ခုလုံး ကစဉ့်ကလျား ဖြစ်နေသော်လည်း ရှနိုင်ငံကတော့ အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်။ ရှနိုင်ငံ ထိန်းချုပ်ထားသော ကြယ်နယ်မြေများတွင် ကူးသန်းရောင်းဝယ်ရေးက ပို၍များပြားလာပြီး နယ်မြေတစ်ခုနှင့်တစ်ခုအကြား လူရွှေ့ပြောင်းမှုကလည်း ပို၍ များပြားလာသည်။

အာကာသယာဉ်များ သွားလာနေသည်ကို မြင်ရတိုင်း သူသည် ကျင့်စဉ်လောက၌ မဟုတ်ပဲ နည်းပညာထွန်းကားသော စကြဝဠာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ လုချန်း ခံစားမိ၏။ လက်ရှိတွင် ရှနိုင်ငံ၌ နည်းပညာဖန်တီးမှုများစွာ ရှိနေခြင်းက တကယ့်အရှိတရားပင်။

……

စကြဝဠာအတွင်း ကစဉ့်ကလျားဖြစ်မှုများ ပြင်းထန်လာသည်နှင့်အမျှ လုချန်းသည်လည်း သူ၏ အမျိုးသမီးများ အင်အားတိုးတက်စေရန် ကြိုးစားနေ၏။ ကိုယ်ပွားများကို ပို၍ ဖန်တီးထားသဖြင့် ယခုသူ၏ မိဖုရားများအားလုံး သူ၏ ကိုယ်ပွားတစ်ခုစီနှင့် နေ့တိုင်း စုံတွဲကျင့်စဉ် ကျင့်ကြံနိုင်ကြသည်။ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုကဲ့သို့ ကျင့်စဉ်ကျင့်ရန် ဝါသနာမပါသူများကိုပင် လုချန်းက အတင်းအကျပ် ကျင့်ကြံခိုင်း၏။

သူတို့ထဲမှ အချို့ ကပ်ဘေးကြီးအတွင်း သေဆုံးသွားမည်ကို လုချန်းက အစိုးရိမ်ဆုံး ဖြစ်သည်။ အားလုံး အတူတူ သေဆုံးကြမည်ဆိုလျှင် တစ်မျိုးဖြစ်၏။ အတူမနေနိုင်လျှင်တောင် အတူသေရခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်၏။

လူတိုင်းသေဆုံးသွားလျှင် ဝမ်းနည်းစရာ ရှိတော့မည်မဟုတ်ပေ။ သို့သော် အချို့က သေဆုံးပြီး အချို့က ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့လျှင်မူ ကျန်ရစ်သူများအတွက် နာကျင်မှုတစ်မျိုး ဖြစ်ပေလိမ့်မည်။

သူ၏ အမျိုးသမီးများနှင့် ရင်သွေးများအားလုံး အသက်ရှင်စေချင်သောကြောင့် သူတို့၏ ကျင့်စဉ်များကို လူချန်းကိုယ်တိုင် ကြီးကြပ်ကာ အင်အားတိုးတက်အောင် ကြိုးစားနေခြင်းဖြစ်သည်။ ဤသို့ဖြင့် ကပ်ဘေးကြီး ရောက်လာသောအခါ သူတို့ အသက်ရှင်ရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်၏။

စိမ်းလန်းသော သစ်ပင်များ ဖုံးလွှမ်းနေသည့် ဝင်းငယ်လေးအတွင်း ငှက်အော်သံများ ကြားနေရသည်။ တောင်အတုများ၊ စီးဆင်းနေသော ရေများ၊ အဆောင်ငယ်များနှင့် ကုန်းမြင့်များက ဝင်းငယ်လေးကို တန်ဆာဆင်ထား၏။ အခန်းတစ်ခု၏ တံခါးဝတွင် ဂနာမငြိမ်ဖြစ်နေသော အစေခံအချို့သည် မျက်နှာများ နီမြန်းလျက် ရပ်နေကြ၏။

ထိုအခိုက်အတန့်တွင် အခန်းအတွင်း၌ ကျောင်းယိုယိုသည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူမက သနားစဖွယ် အမူအရာဖြင့် နောက်နားရှိ လုချန်းကို ကြည့်ကာ

“မင်းကြီး... ကျွန်မ... ကျွန်မ ကျင့်စဉ် မကျင့်ချင်တော့ဘူး။”

လုချန်းက တည်ငြိမ်စွာဖြင့်

“ယိုယို... မင်း ဒီလောက် ပျင်းလို့မရဘူးလေ။ မင်းရဲ့ အစ်မကို ကြည့်ဦး.....သူဆို ကျင့်စဉ်ကို အရမ်းအာရုံစိုက်ပြီး ဘယ်တော့မှ ညည်းညူတာ မရှိဘူး။”

ထိုစကားကို ကြားလျှင် ကျောင်းယိုယို၏ မျက်လုံးများထဲ၌ ငိုတော့မည့်အလား မျက်ရည်များ ဝဲတက်လာသည်။ ကျင့်စဉ်ကျင့်ခြင်းက သူမအတွက် မနာကျင်သော်လည်း စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများက တစ်ခါတစ်ရံ ခံနိုင်ရည်ထက် ကျော်လွန်နေတတ်၏။ ထိုအခိုက်အတန့်တွင် ကျောင်းယိုယိုက ခေါင်းကို အနည်းငယ်စောင်းကာ အနီးနားတွင် ကျင့်စဉ်ကျင့်နေသော ကျောင်းရှောင်ရှောင်ကို ကြည့်လိုက်သည်။

လုချန်း၏ ကိုယ်ပွားနှင့် ကျောင်းရှောင်ရှောင်တို့ တစ်ဦးကိုတစ်ဦး ဖက်ထားကြပြီး သူတို့၏ နှုတ်ခမ်းများ ထိကပ်နေသောကြောင့် ကျောင်းရှောင်ရှောင်သည် အသံအက်အက်မျှသာ ထွက်နိုင်၏။ ကျောင်းယိုယို တစ်ယောက် အကူအညီမဲ့နေ၏။ သူမ၏ အစ်မက အဘယ်ကြောင့် မညည်းညူ နေသလဲဆိုတာ အံ့သြစရာမဟုတ်တော့ပေ။ သူမသည် အသံပင် မထွက်နိုင်တော့သဖြင့် မညည်းညူနိုင်တာက သဘဝကျ၏။

ကျောင်းရှောင်ရှောင်၏ စိတ်ထဲတွင်မူ

“မင်းကြီးက ပြောင်းလဲသွားပြီ... မင်းကြီး အရင်က ဒီလိုမဟုတ်ဘူး။ အဲ့ဒီတုန်းက သူ ဒီလောက်အထိ မရက်စက်ခဲ့ဘူး။ ငါတို့ကို ကျင့်စဉ်ကျင့်ဖို့ အတင်းမတိုက်တွန်းခဲ့ဘူး” တွေးနေမိသည်။

ကျောင်းရှောင်ရှောင်ကို စိုက်ကြည့်နေသော ကျောင်းယိုယိုကို ကြည့်ကာ လုချန်းက ပြုံး၍

“မင်းရဲ့ အစ်မကို ကြည့်မနေနဲ့တော့...ဆက်ကျင့်တော့။ စွမ်းအားတွေကို မြန်မြန် လှည့်ပတ်လိုက်။”

လုချန်းက သူမကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြောင်းကို မြင်သောကြောင့် ကျောင်းယိုယိုလည်း စွမ်းအားများကို ဆက်လက်လှည့်ပတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် တံခါးဝမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“မင်းကြီး... အရေးကြီးတဲ့ သတင်းတစ်ခု ရထားပါတယ်။”

ထိုစကားကို ကြားလျှင် ကျောင်းယိုယို၏ မျက်လုံးများ တောက်ပသွားသည်။ လုချန်းတွင် ကိုယ်ပွားများစွာ ရှိသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် ကိစ္စရပ်များကို ကိုင်တွယ်ရန် ကိုယ်ပွားတစ်ခုကို အမြဲတမ်း အားလပ်အောင် ထားရမည် ဖြစ်၏။ သူမ နားခွင့်ရတော့မည် မဟုတ်ပါလား။

ထိုသို့တွေးကာ ကျောင်းယိုယိုက

“မင်းကြီး... ကိစ္စတွေကို သွားကိုင်တွယ်လိုက်ပါဦး။ ကျွန်မကတော့ ကြိုးကြိုးစားစား ကျင့်နေမှာမို့လို့ ကျွန်မအတွက် စိတ်မပူပါနဲ့”

ဟု အလျင်အမြန် ပြောလိုက်သည်။

သူမ၏ စကားကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ နောက်တစ်ခဏ၌ ကိုယ်ပွားတစ်ခုကို သူ အလွယ်တကူ ဖန်တီးလိုက်၏။ အခန်းအတွင်း၌ ကိုယ်ပွားတစ်ခု ပေါ်ထွက်လာသည်ကို မြင်သောအခါ ကျောင်းယိုယိုဆွံ့အသွားတော့သည်။ ထိုကိုယ်ပွားက ချက်ချင်းပင် အခန်းထဲမှ ထွက်ခွာသွားပြီး ကျောင်းယိုယိုကတော့ လုချန်း၏ ကြီးကြပ်မှုအောက်တွင် ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေရဆဲ ဖြစ်တော့၏။

……..

အခန်းထဲမှ လုချန်း၏ ကိုယ်ပွား ထွက်လာပြီးနောက် အဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ပိုင်ချင်းချင်းကို ကြည့်လိုက်သည်။ ပိုင်ချင်းချင်း၏ သွယ်လျသော ခါးကို လှပစွာ တန်ဆာဆင်ထားသော အဖြူရောင် ချပ်ဝတ်တန်ဆာက တင်းကျပ်စွာ ပတ်ထားပြီး သူမ၏ ခန္ဓာကိုယ် အလှကို အပြည့်အဝ ဖော်ပြနေ၏။

လုချန်းက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပိုင်ချင်းချင်း အနည်းငယ် လန့်သွားသည်။ လုချန်းသည် သူ၏ အမျိုးသမီးများ ကျင့်စဉ်ကျင့်ရန် ပြင်းပြင်းထန်ထန် ကြီးကြပ်နေကြောင်း သူမ သိထားပြီး သူမကိုယ်တိုင်လည်း လုချန်း၏ ပင်မခန္ဓာက အကြိမ်ပေါင်းများစွာ ကြီးကြပ်ခြင်း ခံခဲ့ရဖူးပြီဖြစ်၏။

ပိုင်ချင်းချင်းက လုချန်း၏ အာရုံကို အမြန်လွှဲလိုက်ကာ

“မင်းကြီး... တပ်မဟာ ဆယ့်သုံးဟာ စကြဝဠာရဲ့ ပြင်ပနယ်မြေတွေကို ကင်းလှည့်နေရင်း ကောင်းကင်နတ်ဆိုး အမြောက်အမြားကို တွေ့ရှိခဲ့ပါတယ်။”

ထိုစကားကို ကြားလျှင် လုချန်းလည်း သူ၏ ကာမစိတ်များ ပါဝင်သော အကြည့်များကို ရုတ်သိမ်းလိုက်ကာ ချက်ချင်း တည်ကြည်သွားသည်။ ထို့နောက် နဂါးတပ်မတော်၏

တပ်မဟာ ဆယ့်သုံး ရှိရာနေရာကို ချက်ချင်း အာရုံခံလိုက်ပြီး နောက်တစ်ခဏ၌ သူ၏ ဧကရာဇ်အဆင့် ကိုယ်ပွားနှင့် ပိုင်ချင်းချင်းတို့လည်း တပ်မဟာ ဆယ့်သုံး၏ နတ်လှေတစ်စင်းပေါ်သို့ ရောက်ရှိသွားကြသည်။

…….

ထိုအချိန်တွင် နတ်လှေပေါ်မှ လူများ အပြင်းအထန် ဆွေးနွေးနေကြဆဲ ဖြစ်၏။

“အဲ့ဒါတွေက ကောင်းကင်နတ်ဆိုးတွေ မဟုတ်ဘူးလား။”

“ဘာလို့ ကောင်းကင်နတ်ဆိုးတွေက ဒီလောက် အားပျော့နေရတာလဲ။”

“အားပျော့တာလား... အဲ့ဒါက ကျွန်တော်တို့က အရမ်းအားကြီးနေလို့လေ။”

“တစ်နေ့မှာ ကောင်းကင်နတ်ဆိုးတွေကို အလွယ်တကူ သုတ်သင်နိုင်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။”

“ဒါနဲ့... ဘာလို့ ဒီနေရာမှာ ကောင်းကင်နတ်ဆိုးတွေ ဒီလောက် အများကြီး ပေါ်လာရတာလဲ။”

“ကပ်ဘေးကြီး မရောက်ခင် ကောင်းကင်နတ်ဆိုးတွေ အများကြီး ပေါ်လာတတ်တယ်လို့ ကြားဖူးတယ်... ဒါဆိုရင်...”

“သက်ပြင်းချချင်စရာပဲ... ကပ်ဘေးက တကယ်ပဲ ရောက်လာတော့မှာလား။”

နဂါးတပ်မတော်၏ နတ်လှေပေါ်မှ စစ်သားများ ဆွေးနွေးနေကြစဉ် လှေပေါ်၌ လူရိပ်နှစ်ရိပ် ပေါ်လာ၏။ လုချန်း ရောက်လာသည်ကို မြင်သောအခါ စစ်သားများလည်း ချက်ချင်း စကားဖြတ်လိုက်ကြပြီး ညီညီညာညာ ဂါရဝပြုလိုက်ကြ၏။

“ကောင်းကင်ဧကရာဇ်ကို ဂါဝရပြုပါတယ်”

လုချန်းက ခေါင်းညိတ်ပြကာ

“ထုံးစံတွေ ထားလိုက်ပါ...ကောင်းကင်နတ်ဆိုးတွေနဲ့ တွေ့ခဲ့တဲ့ မှတ်တမ်းကို ပြပါ။”

တပ်မှူးက ပုံရိပ်ယောင်ပြစက်ကို အမြန်ထုတ်ယူကာ နတ်လှေမှ မှတ်တမ်းတင်ထားသော ရုပ်သံမှတ်တမ်းကို ဖွင့်ပြလိုက်သည်။ ရုပ်သံမှတ်တမ်းထဲတွင် နဂါးတပ်မတော် ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသမီးစစ်သည်တစ်ဦးသည် အာကာသယာဉ်ငယ်လေးဖြင့် ကင်းလှည့်နေ၏။ ထိုစဉ် ရုတ်တရက် မှောင်မည်းနေသော စကြဝဠာ အစွန်းတစ်နေရာတွင် ဧရာမ ရေဘဝဲကြီးကဲ့သို့ ဘီလူးကြီးတစ်ကောင် ပေါ်လာသည်။ ဘီလူးကြီး၏ အမည်းရောင် လက်တံများက အာကာသယာဉ်ကို အမြန်ပတ်လိုက်၏။ ထိုအချိန်တွင် အာကာသယာဉ်အတွင်းရှိ အမျိုးသမီးက လက်နက်အားလုံးကို ပစ်ခတ်လိုက်ရာ ခဏအတွင်းမှာပင် ဂြိုဟ်ငယ်တစ်ခုခန့် ကြီးမားသော ကောင်းကင်နတ်ဆိုးလည်း အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

ထို့နောက် စကြဝဠာ အစွန်းတစ်နေရာမှ အမည်းရောင် မြူခိုးများ ထွက်ပေါ်နေသော ဘီလူးအမျိုးမျိုး ထွက်ပေါ်လာသည်။ တပ်မဟာ ဆယ့်သုံး၏ တပ်မှူးက စစ်နတ်လှေများအားလုံးကို တန်းစီရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး လက်နက်အမျိုးမျိုးကို အသုံးပြုလိုက်၏။

မကြာမီမှာပင် အမည်းရောင် မြူခိုးများ ထွက်နေသော ဘီလူးများကို တပ်မဟာ ဆယ့်သုံး၏ နတ်လှေများက လုံးဝ ချေမှုန်းပစ်လိုက်ကြသည်။ နောက်ပိုင်းတွင် တပ်မှူးက ထိုဘီလူးများကို စစ်ဆေးရန် လူလွှတ်လိုက်ရာ ၎င်းတို့အားလုံး၌ ထူထပ်သော ကောင်းကင်နတ်ဆိုး စွမ်းအားများ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်နတ်ဆိုး စွမ်းအားသာမက ရွှေနက်များကိုလည်း တွေ့ရှိခဲ့ရသည်။ ရွှေနက်ဆိုသည်မှာ ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်းရှိ သောင်းကျန်းမှုများကို တားဆီးပေးသည့် အရာဝတ္ထု ဖြစ်၏။ ရွှေနက်များကို တွေ့ရှိသောအခါ ထိုဘီလူးများသည် ကောင်းကင်နတ်ဆိုးများ ဖြစ်ကြောင်း တပ်မဟာ ဆယ့်သုံးကသိသွားပြီး ဖြစ်ပျက်သမျှကို အလျင်အမြန် အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲမှတ်တမ်း ရုပ်သံကို ကြည့်ပြီးနောက် လုချန်း အတွေးထဲနစ်မြောသွား၏။ ဤအရာများအားလုံးက သူရရှိထားသော သတင်းအချက်အလက်များနှင့် ကိုက်ညီနေ၏။

ကပ်ဘေးကြီး မစတင်မီတွင် စကြဝဠာ တစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်နေသော အမှောင်ထုထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးများ အမြောက်အမြား ကျူးကျော်လာမည် ဖြစ်သည်။ ကပ်ဘေးကြီး ရောက်လာရန် နှစ်ပေါင်း တစ်သောင်းပင် မလိုတော့ရာ ကောင်းကင်နတ်ဆိုးများ ပေါ်လာသင့်သည့် အချိန်လည်း ဖြစ်နေ၏။

……………

အခန်း (၁၄၂၁ )

ပြောင်းလဲသွားသော ချီချင်းဟန်

လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးနောက်

တပ်မဟာ ဆယ့်သုံး၏ တပ်မှူးကို

“ခင်ဗျား ဒီတစ်ခေါက် တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ခင်ဗျားတို့ တပ်အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ကျုပ် မှတ်တမ်းတင်ပေးမယ်။”

ထိုစကားကို ကြားလျှင် တပ်မဟာ ဆယ့်သုံး၏ တပ်မှူး စိတ်လှုပ်ရှားသွားပြီး

“ကျေးဇူးတင်ပါတယ် မင်းကြီး... ဒါတွေက ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့ တာဝန်တွေပါ။”

ရုပ်သံမှတ်တမ်းကို ပိတ်လိုက်ပြီးနောက် အဝေးတစ်နေရာသို့ လုချန်း လှမ်းကြည့်လိုက်သည်။ ထောင့်တစ်နေရာတွင် နဂါးတပ်မတော်၏ အမည်းရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမသည် အရပ်ရှည်ပြီး ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားကာ လတ်ဆတ်သော မျက်နှာထားနှင့် သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ထိုအမျိုးသမီးသည် လုချန်း၏ အကြည့်ကို သတိပြုမိသွားသောအခါ သူမ၏ မျက်လုံးများ အနည်းငယ် ပျာယာခတ်သွားပြီး သူ့ကို တည့်တည့်မကြည့်ဝံ့ပဲ ရှောင်ဖယ်လိုက်သည်။ နောက်တစ်ခဏ၌ စနစ်ကို အသုံးပြု၍ ထိုအမျိုးသမီး၏ ကိုယ်ရေးအချက်အလက်ကို လုချန်း စစ်ဆေးကြည့်လိုက်၏။

[အမည် : ချီချင်းဟန်]

[အချက်အလက် : ချင်းယွမ်နိုင်ငံ၏ နောက်ဆုံးဧကရီ ၊ အသက် ၂၃ နှစ် ၊ နတ်ဘဝပြောင်းလဲခြင်း အဆင့်ငါး။ သူမ အသက်ကြီးလာသည်နှင့်အမျှ သူမနှင့် သခင်ကြားရှိ ကွာဟချက်ကို တဖြည်းဖြည်း သတိပြုမိလာကာ သခင်နှင့် အလှမ်းဝေးကွာအောင် နေထိုင်ရန် ရည်ရွယ်ထားသူ။]

[ရမှတ် : ၉၅]

[နှစ်သက်မှု : ၁၀၀]

ချီချင်းဟန်၏ အချက်အလက်များကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ အချိန်များသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ခြင်းဖြစ်၏။ အရင်က သူ့ကို ကောင်းကင်ဧကရာဇ် အစ်ကိုဟု ခေါ်ခဲ့သော မိန်းကလေးသည် ယခု အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ချီချင်းဟန်၏ ကျင့်စဉ်ပါရမီသည် စကြဝဠာတစ်ခုလုံးတွင် အလွန်ရှားပါးလှ၏။ အသက် ၂၃ နှစ်နှင့် နတ်ဘဝပြောင်းခြင်းအဆင့် ငါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူမ ဤနှုန်းအတိုင်း ဆက်သွားမည်ဆိုပါက အသက် ၅၀ မတိုင်မီ သူတော်စင် အဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်။

လူသားလောကတွင် အသက် ၅၀ ကို လူလတ်ပိုင်းဟု သတ်မှတ်နိုင်သော်လည်း ကျင့်စဉ်လောကတွင်မူ အသက် ၅၀ ဆိုသည်မှာ ဘဝ၏ အစပျိုးမှုမျှသာ ရှိသေး၏။ ချီချင်းဟန် ဤမျှမြန်မြန် ကျင့်ကြံနိုင်သည့် ‌အကြောင်းက လုချန်းက သူမကို ကျင့်စဉ်အရင်းအမြစ်များစွာ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သော်လည်း ထိုအရာများ မရှိလျှင်ပင် သူမ၏ ပါရမီနှင့်ဆိုပါက နှစ်ပေါင်းတစ်သောင်းအတွင်း ဧကရာဇ်အဆင့်သို့ ရောက်ရှိရန်က မဖြစ်နိုင်တာ မဟုတ်ဟု လုချန်း ယုံကြည်သည်။

ချီမိသားစု၏ သူရဲဘောကြောင်သူများထဲမှ ဤမျှ ပါရမီထူးချွန်သူတစ်ဦး ကျန်ရစ်ခဲ့ခြင်းမှာ ထူဆန်းသော ကံတရားတစ်ခု ဖြစ်နိုင်သည်။ သို့သော် ချီချင်းဟန်သည် တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ လုချန်းနှင့် အလှမ်းဝေးအောင် နေထိုင်လာခဲ့၏။ သူမ ငယ်ငယ်က လုချန်းကို တွန့်ဆုတ်မှု မရှိပဲ ကောင်းကင်ဧကရာဇ် အစ်ကိုဟု ခေါ်ခဲ့ဖူးသည်။

သို့သော် သူမ အသက်ကြီးလာသည်နှင့်အမျှ လုချန်း မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို စတင်နားလည်လာခဲ့၏။ ထိုအခါမှသာ သူမ ဤနှစ်များတစ်လျှောက် အသက်ရှင်နေနိုင်ခဲ့ခြင်းမှာ အံ့ဖွယ်တစ်ခုဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။ ချင်းယွမ်နိုင်ငံမှ အကြွင်းအကျန်တစ်ဦးဖြစ်သော်လည်း သူမသည် လုချန်းမမြင်အောင် ပုန်းအောင်းမနေသည့်အပြင် သူ့အနားသို့ ချဉ်းကပ်ကာ အားနာမှုမရှိပဲ ကောင်းကင်ဧကရာဇ် အစ်ကိုဟုပင် ခေါ်ခဲ့သည်။

တကယ်တော့ မည်သည့် ဧကရာဇ်အဆင့်ကိုမှ စော်ကား၍ မရပေ။ အကယ်၍ အခြားသော ဧကရာဇ်တစ်ပါးသာဆိုလျှင် သူမ၏ အရိုးပြာပင် ကျန်ရစ်မည် မဟုတ်ပေ။

လုချန်းက

“ချင်းဟန်... ဒီကို လာခဲ့ဦး”

လုချန်းက သူမကို ခေါ်လိုက်သည်ကို ကြားလျှင် ချီချင်းဟန် အနည်းငယ် ဆွံ့အသွားသော်လည်း လုချန်း ထံသို့ ချဉ်းကပ်လာခဲ့၏။ လုချန်း၏ ရှေ့သို့ ရောက်သောအခါ ချီချင်းဟန်က ဂါရဝပြုလိုက်ပြီး

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။”

လုချန်းက

“ထပါ”

လုချန်းက

“တပ်မဟာ ဆယ့်သုံးမှာ နေရတာ အသားကျပြီလား။”

ချီချင်းဟန်က

“မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ စစ်နတ်လှေပေါ်က ဘဝကို အသားကျနေပါပြီ။”

တပ်မဟာ ဆယ့်သုံးမှ လူအားလုံးသည် ချီချင်းဟန် ချင်းယွမ်နိုင်ငံမှ ဖြစ်သည်ကို သိကြသော်လည်း သူမ ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်မှုရှိသည်ကိုလည်း နားလည်ထားကြသည်။ ချီချင်းဟန်က လုချန်းကို ကောင်းကင်ဧကရာဇ် အစ်ကိုဟု ခေါ်ဝေါ်သည်ကို တပ်မဟာ ဆယ့်သုံးမှ လူအမြောက်အမြား ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးကြ၏။ ချီချင်းဟန်၏ အခေါ်အဝေါ်ကို ကောင်းကင်ဧကရာဇ်က စိတ်ဆိုးခြင်း မရှိသည့်အပြင် သူမကို ပြုံးလျက်ပင် အသိအမှတ်ပြုခဲ့သည်။

ကောင်းကင်ဧကရာဇ် သူမအပေါ် ထားရှိသော မေတ္တာသည် သူ၏ ကိုယ်ပိုင် သားသမိီးများအပေါ် ထားရှိသော မေတ္တာထက်ပင် မလျော့နည်းဟု ပြောနိုင်သည်။ ထို့ကြောင့် ချီချင်းဟန်သည် တပ်မဟာ ဆယ့်သုံးသို့ ဝင်ရောက်ပြီးနောက်တွင် အထူးဂရုစိုက်မှုများ ခံခဲ့ရ၏။

သူမသည် အနိမ့်ဆုံးအဆင့် စစ်သားတစ်ဦးအဖြစ်မှ စတင်ခဲ့သော်လည်း ချီချင်းဟန်သည် တစ်နေ့တွင် လုချန်း၏ နန်းတော်အတွင်းသို့ ဝင်ရောက်ရမည့်သူ ဖြစ်ကြောင်း သိထားကြသဖြင့် မည်သူကမှ သူမကို အမိန့်ပေးသည့် လေသံဖြင့် မပြောဆိုဝံ့ကြပေ။

ချီချင်းဟန်က သူ့အပေါ် အလွန် ရိုသေပြနေသည်ကို မြင်သောအခါ လုချန်း စိတ်ထဲ သက်ပြင်းချမိသည်။ ချီချင်းဟန်၏ ပြောင်းလဲမှုများကို ကြည့်ရင်း လွမ်းဆွတ်မှုတစ်ခုကို သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူမသည် ယခင်က ချီချင်းဟန် ဖြစ်နေသေးသော်လည်း သူမပေးသည့် ခံစားချက်က လုံးဝကွဲပြားနေသည်။

ထိုအခိုက်အတန့်တွင် လုချန်းက ရှိနေသော စစ်သားများကို တစ်ချက်ကြည့်လိုက်ပြီး ချီချင်းဟန်ကို ဆက်လက်၍

“ကိုယ်နဲ့ လိုက်ခဲ့ဦး.....ကောင်းကင်နတ်ဆိုးနဲ့ တွေ့တုန်းက ဘာတွေတွေ့ခဲ့လဲဆိုတာ ကိုယ့်ကို ပြောပြပါဦး။”

ထိုသို့ ပြောရင်း နတ်လှေ၏ ခန်းမထဲသို့ လုချန်း လျှောက်သွားသည်။ ချီချင်းဟန်သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသော်လည်း သူ့နောက်မှ လိုက်လာခဲ့၏။

ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် တံခါးများ အလိုအလျောက် ပိတ်သွားသည်။ လုချန်းက ချီချင်းဟန်ဘက်သို့ လှည့်ကာ

“အရင်တုန်းက ကိုယ့်ကို ကောင်းကင်ဧကရာဇ် အစ်ကိုတော်လို့ လွယ်လွယ်ကူကူ ခေါ်ခဲ့ပြီးတော့ အခုကျမှ ဘာလို့ ဒီလောက်အထိ စိမ်းသွားရတာလဲ။”

ချီချင်းဟန်သည် သားသမီးများ ဆုလာဘ်များ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီလိမ့်မည်ဟု အရင်က လုချန်း မတွေးခဲ့ဖူးပေ။ သူမအပေါ် ထားရှိသော သူ၏ ကြင်နာမှုက စိတ်ခံစားမှု သက်သက်အပေါ်သာ အခြေခံခဲ့ခြင်း ဖြစ်သည်။ သူ့တွင်လည်း သမီးတစ်ဦး ရှိနေသောကြောင့် အပြစ်ကင်းစင်သော ချီချင်းဟန်အပေါ် ပို၍ ခွင့်လွှတ်ပေးနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

လုချန်း၏ မေးခွန်းကို ကြားလျှင် ချီချင်းဟန် ခဏခန့် ကြောင်အသွားပြီးနောက် ခေါင်းငုံ့ကာ

“ကျွန်မ အမှားကို သိပါတယ် မင်းကြီး။ အဲဒီတုန်းက ကျွန်မက ငယ်သေးပြီး ဘာမှမသိသေးတဲ့အတွက် မင်းကြီးကို မရိုမသေ ပြုမူမိခဲ့တာပါ။”

ချီချင်းဟန်၏ စကားများကို နားထောင်ပြီး လုချန်း နောက်ထပ်တစ်ကြိမ် ပြင်းပြင်းထန်ထန် သက်ပြင်းချမိပြန်၏။ သူမ၏ စကားများက သူ့အား ဧကရာဇ် တစ်ယောက်၏ အထီးကျန်ဆန်သော ခံစားချက်ကို နှိုးဆွပေးနေသည်။

လုချန်းက

“ကိုယ်ကတော့ ငယ်ငယ်တုန်းက မင်းကို ပိုသဘောကျတယ်။”

ချီချင်းဟန်သည် အလွန်လှပပြီး ငယ်ရွယ်နုပျိုသော စွမ်းအင်များကို ထုတ်လွှတ်နေသော်လည်း သူမသည် စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးများအနက် လုချန်းအား မည်သည့် ကာမဆန္ဒမှ မပေါ်ပေါက်စေသည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။ သူမသည် သူ့မျက်စိအောက်တွင် ကြီးပြင်းလာခဲ့သောကြောင့် လုချန်းနှင့် သူမကြားတွင် မျိုးဆက်ကွာဟမှု ခံစားချက်မျိုးကို ခံစားနေရခြင်း ဖြစ်နိုင်သည်။

လုချန်း ပြောသည်ကို ကြားသောအခါ ချီချင်းဟန်၏ မျက်နှာတွင် ရှက်သွေးများ အလျင်အမြန် ပျံ့နှံ့သွား၏။ လုချန်း၌ သူမအပေါ်တွင် အချစ်ရေးဆိုင်ရာ ဆန္ဒများ မရှိသော်လည်း ချီချင်းဟန်ကမူ လုချန်းအပေါ်တွင် ခံစားချက်များ ရှိနေသည်။

ချီချင်းဟန်၏ အမြင်တွင် လုချန်းသည် နူးညံ့သိမ်မွေ့သူ၊ အင်အားကြီးသူ၊ ခန့်ညား ချောမောသူ ဖြစ်၏။ သူမ အရွယ်ရောက်လာသည်နှင့်အမျှ သူတို့၏ အဆင့်အတန်း ကွာဟမှုကို သတိပြုမိလာသော်လည်း ၎င်းက လုချန်းအပေါ် သူမ၏ ကြည်ညိုလေးစားမှုကို ပို၍သာ နက်ရှိုင်းစေခဲ့သည်။

အင်အားကြီးသလောက် နူးညံ့သိမ်မွေ့သည့်အပြင် အလွန်လည်း ခန့်ညားသည့် အမျိုးသားတစ်ဦး၏ မပြတ်တမ်း ဂရုစိုက်ပေးနေခြင်းကို ခံခဲ့ရသော မိန်းကလေးတစ်ဦး အနေနှင့် ကျောက်ဖြင့် ပြုလုပ်ထားသော နှလုံးသား မပိုင်ဆိုင်ထားပါက ခံစားချက်များ မဖြစ်ပေါ်ပဲ နေရန်က ခက်ခဲလှပေသည်။

လုချန်းက

“မင်း ကိုယ့်ကို ကောင်းကင်ဧကရာဇ် အစ်ကိုလို့ပဲ ဆက်ခေါ်သင့်တယ်။”

ထိုစကားကို ကြားလျှင် ချီချင်းဟန် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လုချန်းက

“ဒါက အမိန့်ပဲ”

ဟု ထပ်လောင်းပြောလိုက်သည်။

လုချန်းက ထိုသို့ ပြောလိုက်သောကြောင့် ချီချင်းဟန်လည်း အမိန့်ကို နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပဲ

“ဟုတ်ကဲ့ပါ မင်း... ကောင်းကင်ဧကရာဇ် အစ်ကို...”

ကောင်းကင်ဧကရာဇ် အစ်ကို ဟူသော စကားလုံးများကို ဆိုလိုက်ချိန်တွင် ချီချင်းဟန်၏ ပါးပြင်မှ လည်ပင်းတစ်ခုလုံးအထိ ရှက်သွေးများ လွှမ်းသွားသည်။

လုချန်းက ဆက်လက်၍

“ကောင်းကင်နတ်ဆိုးနဲ့ တွေ့တုန်းက မင်း ဘာတွေ မြင်ခဲ့ရလဲ။”

နတ်လှေပေါ်မှ မှတ်တမ်းတင်ထားသော ရုပ်သံများ ရှိသော်လည်း ၎င်းတို့သည် အနည်းငယ် ဝါးနေ၏။ ထိုစဉ်က ချီချင်းဟန် မောင်းနှင်ခဲ့သော ယာဉ်သည် ပင်မစစ်နတ်‌လှေနှင့် အလွန်ဝေးနေသောကြောင့် ရှင်းရှင်းလင်းလင်း မှတ်တမ်းမတင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ချီချင်းဟန် မောင်းနှင်ခဲ့သော ယာဉ်ကလည်း ပျက်စီးသွားပြီ ဖြစ်ရာ ထိုအပျက်အစီးများကို လိုက်မရှာတော့ပဲ သူမ မြင်ခဲ့သည်များကိုသာ တိုက်ရိုက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ချီချင်းဟန် သတိပြန်ဝင်လာကာ ခဏခန့် စဉ်းစားပြီးနောက်

“အဲဒီ ကောင်းကင်နတ်ဆိုးတွေက ဘယ်ကနေ ရောက်လာမှန်းမသိပဲ ရုတ်တရက် ပေါ်လာတာပါ။ သူတို့ ပေါ်လာတဲ့အချိန်မှာ အာကာသ လှိုင်းဂယက်တွေ ဒါမှမဟုတ် အာကာသ အက်ကြောင်းတွေ လုံးဝ မရှိခဲ့ပါဘူး။”

ချီချင်းဟန်၏ အဖြေကို ကြားလျှင် လုချန်း အတွေးထဲ နစ်မြောသွားသည်။ ဘယ်ကမှန်းမသိပဲ ရုတ်တရက် ပေါ်လာတယ် ဟုတ်လား။

ချီချင်းဟန်၏ ကျင့်စဉ်အဆင့်က မလုံလောက်သောကြောင့် အာကာသ လှိုင်းဂယက်များကို အာရုံမခံနိုင်ပဲ သူမ၏မြင်ကွင်းတွင် ရုတ်တရက် ပေါ်လာခြင်းလား။

လုချန်းသည် ခဏခန့် တွေးတောပြီး ချီချင်းဟန်ကို

“အင်း... ကောင်းပြီ။ ကောင်းကောင်း အနားယူလိုက်ပါဦး”

ဤစကားများနှင့်အတူ လုချန်းလည်း နတ်လှေမှ တိုက်ရိုက် ထွက်ခွာသွားပြီး ကောင်းကင်နတ်ဆိုးများ ပေါ်ထွက်ခဲ့သည့် ကြယ်နယ်မြေသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုလိုက်‌တော့သည်။

……………..

အခန်း (၁၄၂၂ )

စစ်ရေးလေ့ကျင့်မှု

နဂါးတပ်မတော်နှင့် ကောင်းကင်နတ်ဆိုးများ တိုက်ပွဲဖြစ်ပွားရာ ကြယ်နယ်မြေသို့ လုချန်း ရောက်ရှိလာခဲ့သည်။ ထိုအခါ အာကာသအတွင်း ပျံ့နှံ့နေသည့် ကောင်းကင်နတ်ဆိုး စွမ်းအားများကို သူ ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရ၏။

လုချန်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဤမျှ ထူထပ်သော ကောင်းကင်နတ်ဆိုး စွမ်းအားများကို ကြည့်ခြင်းအားဖြင့် ဤနတ်ဆိုးအင်အား၏ အရင်းအမြစ်သည် ပြန်လည်ပျက်စီးခြင်း အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။ ပြန်လည်ပျက်စီးခြင်း အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်သည် သူတော်စင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ကံကောင်းထောက်မစွာဖြင့် တပ်မဟာ ဆယ့်သုံးသည် ကင်းလှည့် ယဉ်များအတွင်း ရွှေနက်များကို ဆောင်ထားခဲ့ကြသည်။

“မဟုတ်သေးဘူး... ဒါက မမှန်ဘူး...”

ဟု သူ့ဘာသူ ရေရွတ်လိုက်၏။

လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ ရွှေနက်သည် ကောင်းကင်နတ်ဆိုးများကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်သည်မှာ မှန်သော်လည်း ပြန်လည်ပျက်စီးခြင်း အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဤမျှလွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

နတ်လှေ၏ ရုပ်သံမှတ်တမ်းများအရ ကောင်းကင်နတ်ဆိုးများအားလုံးသည် နဂါးတပ်မတော်၏ အမြောက်များဖြင့် ချေမှုန်းခြင်း ခံခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် ထိုကောင်းကင်နတ်ဆိုးများ၏ အင်အားသည် ပြန်လည်ပျက်စီးခြင်း အဆင့်နား နီးနီးသို့ပင် ရောက်နေသူများ မဟုတ်နိုင်ပေ။

ပြန်လည်ပျက်စီးခြင်း အဆင့်ရှိ စစ်ဗိုလ်ချုပ်တစ်ဦးအနေနှင့် နတ်လှေပေါ်မှ နေ၍ ပြန်လည်ပျက်စီးခြင်း အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်မည်ဆိုပါက ပြဿနာမရှိပေ။ သို့သော် ရွှေနက် အမြောက်ကျဉ်ကို အသုံးပြုခဲ့လျှင်ပင် ပြန်လည်ပျက်စီးခြင်း အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်ခြင်းက အတော်လေး ပုံမှန်မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးများတောင်မဟုတ် အဆင့်နိမ့် နတ်ဆိုးများပင် ရွှေနက်၏ ဒဏ်ကို အပြည့်အဝ ခံရမည် မဟုတ်ပေ။ ရွှေနက်ဆိုသည်မှာ ကောင်းကင်နတ်ဆိုးများ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ရာ ကောင်းကင်နတ်ဆိုးများ၏ ကိုယ်အတွင်း၌ ရွှေနက်ကို ခုခံနိုင်စွမ်း အနည်းနှင့်အများ ရှိနေရမည် ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အပေါ် သေစေနိုင်လောက်သည့် အာနိသင်သည် သဘာဝအတိုင်းပင် အကန့်အသတ် ရှိနေပေလိမ့်မည်။

လုချန်း သူ၏ စိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး အနီးနားရှိ ကြယ်နယ်မြေ၏ အခြေအနေကို ထပ်မံစစ်ဆေးကြည့်လိုက်ရာ မကြာမီမှာပင် ထူးဆန်းမှုတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

ဖန်တီးခြင်း လမ်းစဉ်၏ လမ်းစဉ်စွမ်းအားကို ခံစားလိုက်ရသကဲ့သို့ သူ့စိတ်ထဲဖြစ်နေ၏။

ဘာတွေ ဖြစ်ပျက်နေတာလဲ....

ထိုအချိန်မှာပင် အဝေးရှိ အာကာသအတွင်း၌ အမည်းရောင် မြူခိုးအချို့ ဘယ်ကမှန်းမသိ ပေါ်ထွက်လာ၏။ ထိုမြူခိုးများသည် ဆယ့်ငါး မိနစ်မပြည့်မီမှာပင် အလင်းနှစ်ဝက်ခန့်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထိုအခါမှသာ လုချန်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ကြယ်နယ်မြေအတွင်းရှိ ကောင်းကင်နတ်ဆိုး စွမ်းအားများသည် ယခင်နတ်ဆိုးများ ချန်ထားခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်နတ်ဆိုး အသစ်များ မွေးဖွားလာခြင်းသာ ဖြစ်၏။ ထိုမှ ပေါ်ထွက်လာမည့် ကောင်းကင်နတ်ဆိုးများ၏ အင်အားသည် ပြန်လည်ပျက်စီးခြင်း အဆင့်တွင် ရှိနေကြမည် ဖြစ်သည်။

ဤအချိန်တွင် တပ်မဟာဆယ်သုံး၏ တပ်မှူးသည် ဧရာမ အမည်းရောင် မြူခိုးများ ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် အခြား တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်ရန် စစ်နတ်လှေအုပ်စုကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

လုချန်းသည် အမည်းရောင် မြူခိုးများကို လှမ်းကြည့်လိုက်သော်လည်း ချက်ချင်း အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။ သူ၏ ဧကရာဇ်အဆင့် အင်အားနှင့် ဖရိုဖရဲ နတ်ဆိုးသတ် ကျင့်စဉ်တို့ ပေါင်းစပ်လိုက်ပါက ဤကောင်းကင်နတ်ဆိုးများကို အားစိုက်စရာမလိုပဲ အပြတ်ရှင်းပစ်နိုင်သည်။

ထို့နောက် တပ်မဟာ ဆယ့်သုံး၏ နတ်လှေပေါ်သို့ လုချန်း ပြန်လာခဲ့သည်။ လုချန်း ပြန်ရောက်လာသည်ကို မြင်လျှင် တပ်မှူးဖြစ်သူ ဆူးထျန်းလေ လုချန်း၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

“မင်းကြီး... ကျွန်တော်တို့ တိုက်ခိုက်မှု စတင်ရမလား”

ဆူးထျန်းလေသည် လုချန်း အာကသထဲတွင် ဘာမှမလုပ်ပဲ ရပ်နေသည်ကို တွေ့မြင်ခဲ့သဖြင့် ကောင်းကင်ဧကရာဇ်တွင် အခြားသော အတွေးအမြင်များ ရှိနေနိုင်ပြီး ဤကောင်းကင်နတ်ဆိုးများကို စောင့်ကြည့်ချင်နေသည်ဟု သူ တွေးမိ၏။ ထို့ကြောင့် စစ်နတ်‌လှေအုပ်စုကို တိုက်ခိုက်ရန် အမိန့်မပေးသေးပဲ ကောင်းကင်ဧကရာဇ်၏ အမိန့်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

လုချန်းက

“အခု ပေါ်လာတာတွေက ပြန်လည်ပျက်စီးခြင်း အဆင့် ကောင်းကင်နတ်ဆိုးတွေပဲ။ အရင်ဆုံး ရွှေနက်အမြောက်တွေနဲ့ တိုက်ခိုက်ကြည့်။ အကယ်၍ သူတို့ကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နတ်ဆိုးသတ်ကျင့်စဉ်ကျင့်ကြံထားတဲ့ နတ်ဘဝပြောင်းခြင်း ကျင့်စဉ်အဆင့် စစ်သားတွေကို ကိုယ်တိုင် တိုက်ခိုက်ခိုင်းလိုက်။”

လုချန်း၏ ရည်ရွယ်ချက်ကို ဆူးထျန်းလေ ချက်ချင်း နားလည်သွားသည်။ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်နိုင်စွမ်း ရှိမရှိ စမ်းသပ်နေခြင်း ဖြစ်၏။ နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်သည် သူတို့အနား၌ အမြဲတမ်း ရှိနေပေးနိုင်မည် မဟုတ်ပေ။

ယခု ကောင်းကင်နတ်ဆိုးများ အမြောက်အမြား ပေါ်ထွက်လာနေပြီ ဖြစ်ရာ ၎င်းတို့၏ အရေအတွက် ဆက်လက်တိုးပွားနေဦးမည် ဖြစ်၏။ ရှနိုင်ငံ၏ နဂါးတပ်မတော်သည် ကောင်းကင်နတ်ဆိုးများနှင့် ပတ်သက်သည့် တိုက်ပွဲများကို ပို၍ရင်ဆိုင်ရပေလိမ့်မည်။

လက်ရှိတွင် ကောင်းကင်နတ်ဆိုးများ ပေါ်ထွက်လာစ အစောပိုင်း အဆင့်သာ ရှိသေးသဖြင့် ယခုအချိန်တွင် တပ်ဖွဲ့ဝင်များကို ကောင်းကောင်း လေ့ကျင့်ပေးထားရန် အလွန်အရေးကြီးသည်။ လုချန်း သူတို့ကို လေ့ကျင့်ပေးချင်နေသည်ကို သိသွားပြီးနောက် ဆူးထျန်းလေက

“နားလည်ပါပြီ..... မင်းကြီးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်။”

သူ စကားပြောပြီးသည်နှင့် နတ်‌လှေ၏ ကွပ်ကဲမှုခန်းမသို့ဆူးထျန်းလေ ပြန်သွားသည်။ ထို့နောက် ကျယ်ပြန့်လာသော အမည်းရောင် မြူခိုးများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

အမည်းရောင် မြူခိုးများအတွင်း ရွှေနက်ဗုံး တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားသည်နှင့်အမျှ ၎င်း၏ ပျံ့နှံ့မှု ရပ်တန့်သွားသည်။ ထိုအခါ အတွင်းရှိ ကောင်းကင်နတ်ဆိုးများကို တဖြည်းဖြည်း မြင်တွေ့လာရသည်။ ဤကောင်းကင်နတ်ဆိုးများသည် ဧရာမ ခန္ဓာကိုယ်များ ရှိကြပြီး ပုံသဏ္ဌာန် အမျိုးမျိုး ကွဲပြားနေကြ၏။ အချို့က တိရစ္ဆာန်များနှင့် တူပြီး အချို့က ပိုးမွှားများ၊ အချို့ကတော့ လူသားပုံသဏ္ဌာန် ရှိကြသည်။

ဤကောင်းကင်နတ်ဆိုးများကို မြင်လျှင် လုချန်း၏ မျက်နှာထား အလွန်တည်ကြည်သွားသည်။ ၎င်းတို့ မွေးဖွားလာမှုနှင့်အတူ စကြဝဠာ၏ ဖန်တီးခြင်း လမ်းစဉ် သည်လည်း အလိုအလျောက် နိုးထလာ၏။

ဖန်တီးခြင်း လမ်းစဉ်က လမ်းစဉ်စွမ်းအားများကို မသိမသာ အသုံးပြုနေကြောင်းကိုလည်း သူ သတိပြုမိလိုက်သည်။ ထို့ပြင် ဤကောင်းကင်နတ်ဆိုးများသည် ဘယ်ကမှန်းမသိပဲ ပေါ်ထွက်လာခြင်း ဖြစ်ရာ ၎င်းတို့အား စကြဝဠာကိုယ်တိုင်က ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်ဟု အဓိပ္ပာယ်ရနေသည်။

ကောင်းကင်နတ်ဆိုးများကို ပြင်ပမှ ကျူးကျော်လာသော မျိုးစိတ်များဟု အစက လုချန်း တွေးထင်ထားခဲ့သည်။ စကြဝဠာက ၎င်းတို့ကို ဖယ်ရှားရန်အတွက် သက်ရှိအားလုံးကို ခွဲခြားမှုမရှိပဲ သုတ်သင်ပစ်ခြင်းမှစ၍ ကပ်ဘေးကြီး စလာခဲ့ခြင်းဟု သူ ယူဆခဲ့၏။ သို့သော် ယခု သူ၏ ယူဆချက်မှာ လုံးဝ မှားယွင်းနေကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးများသည် ပြင်ပမျိုးစိတ်များ မဟုတ်ပဲ စကြဝဠာကိုယ်တိုင်က ဆင့်ကဲပြောင်းလဲလိုက်သော သက်ရှိပုံစံများ ဖြစ်နေသည်။

ကပ်ဘေးကြီး မစတင်မီတွင်ပင် စကြဝဠာက ဤမျှများပြားသော ကောင်းကင်နတ်ဆိုးများကို အဘယ်ကြောင့် ဖန်တီးရသနည်း။ ၎င်း၏ ရည်ရွယ်ချက်က အဘယ်နည်း။

ဤကောင်းကင်နတ်ဆိုးများကို အသုံးပြု၍ စကြဝဠာအတွင်းရှိ သက်ရှိအားလုံးကို မျိုးတုံးစေရန် ကြံစည်နေခြင်းလား။

အကယ်၍ သက်ရှိအားလုံးကို ဖယ်ရှားလိုပါက ကပ်ဘေးကြီးကို တိုက်ရိုက် စတင်လိုက်ရုံနှင့် လုံလောက်နေပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးများကို ဖန်တီးရန် လုံးဝ မလိုအပ်ပေ။

စကြဝဠာက ကောင်းကင်နတ်ဆိုးများကို အဘယ်ကြောင့် ဖန်တီးရသနည်းဟု သူ စဉ်းစားနေစဉ် ထိုကောင်းကင်နတ်ဆိုးများသည် တပ်မဟာဆယ့်သုံး၏ နတ်လှေများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြလေတော့သည်။

“အစာ....ဒါက အစားအစာတွေရဲ့ ရနံ့ပဲ”

“ဒီနတ်ဆိုးက နောက်ဆုံးတော့ ပြန်လည်ရှင်သန်လာပြီ။ လူသားတွေ... မင်းတို့ကို ငါ အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်”

“ဟားဟားဟား... ကပ်ဘေးကြီးက ပြန်စပြီပဲ။ ငါတို့ရဲ့ ခေတ်ရောက်လာပြီ”

အာကာသထဲရှိ ကောင်းကင်နတ်ဆိုးများသည် တပ်မဟာ ဆယ့်သုံး၏ နတ်လှေများကို မုန့်ကလေးများကဲ့သို့ မှတ်ထင်နေကြကာ အလွန် စိတ်လှုပ်ရှားနေကြသည်။ မကြာမီမှာပင် ထိုကောင်းကင်နတ်ဆိုးများသည် တတပ်မဟာ ဆယ့်သုံး၏ စစ်နတ်‌လှေအုပ်စုဆီသို့ ရောက်ရှိလာ၏။

၎င်းတို့က လူသားများကို အမဲဖျက်ရန် ပြင်ဆင်နေစဉ်မှာပင် နတ်လှေ၏ တံခါးအချို့ ပွင့်လာပြီး နတ်ဘဝပြောင်းခြင်း အဆင့်အထက်ရှိ နဂါးစစ်သည် တစ်ရာကျော် အာကသ ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းထွက်ပေါ်လာကြသည်။

ထိုလူများ ထို‌သေတ္တာပုံသဏ္ဍန်အရာထဲမှ ထွက်လာသည်ကို မြင်လျှင် ကောင်းကင်နတ်ဆိုးများ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

“ပုရွက်ဆိတ်တွေ... မင်းတို့က ငါရဲ့ အစာဖြစ်ဖို့ အလုအယက် ထွက်လာကြတာလား။”

“ငါ မင်းတို့ကို ကောင်းကောင်း မြည်းစမ်းပြီး ဘာမှမကျန်အောင် အကုန်ဝါးမြိုပစ်မယ်။”

ကောင်းကင်နတ်ဆိုးများ အနားရောက်လာတော့မည့် အချိန်တွင် ဆူးထျန်းလေသည် စစ်သားများကို ကိုယ်တိုင် ဦးဆောင်ကာ ရှေ့သို့ တိုးထွက်လိုက်သည်။ သူတို့ စိတ်ထဲတွင်တော့ ကြောက်ရွံ့မှု မရှိပဲ နေမည်မဟုတ်ပေ။

တကယ်တော့ ၎င်းတို့သည် ရွှေနက်အမြောက်များပင် မသတ်နိုင်သော ကောင်းကင်နတ်ဆိုးများ ဖြစ်ကြ၏။ အစပိုင်းတွင် ကောင်းကင်နတ်ဆိုးများကို ရွှေနက်ဗုံးများဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟု ယူဆခဲ့ကြသော်လည်း ထိုနတ်ဆိုးများသည် အဆင့်နိမ့် နတ်ဆိုးများသာ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် နဂါးတပ်မတော်သားများ နားလည်ထားတာ တစ်ခုရှိသည်။ ကောင်းကင်နတ်ဆိုးများ၏ ရှေ့တွင် ကြောက်ရွံ့မှု ပိုကြီးလေလေ ၎င်းတို့က ပို၍သန်မာလာလေလေ ဖြစ်၏။

ထို့ကြောင့် သူတို့ အတွင်းစိတ်ထဲမှ ထိတ်လန့်မှုကို လျှော့ချရန် အစွမ်းကုန် ကြိုးစားထားကြသည်။ ထိုအခိုက်အတန့်တွင် ဆူးထျန်းလေက နတ်လှေပေါ်မှ ထွက်လာသော စစ်သည်အားလုံးကို အသံလွှင့်ကာ ပြောလိုက်၏။

“ဒါက ကောင်းကင်နတ်ဆိုးတွေကို ကျုပ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက် ရင်ဆိုင်ရတာပဲ။ ကျုပ်တို့ရဲ့ နောက်ကွယ်မှာ မင်းကြီးက စောင့်ကြည့်နေတယ်။ မင်းကြီးကို စိတ်ပျက်အောင် ကျုပ်တို့လုံးဝမလုပ်ကြဘူး။”

ဆူးထျန်းလေ၏ စကားကို ကြားလျှင် စစ်သားများ သတိရသွားကြသည်။

သူတို့နောက်တွင် ကောင်းကင်ဧကရာဇ် ရှိနေသည် မဟုတ်ပါလား။

မကောင်းသော အင်အားစုအားလုံး၏ ရန်သူတော်ဖြစ်သော ကောင်းကင်ဧကရာဇ် ရှိနေမှတော့ သူတို့ ဘာကို ကြောက်နေရဦးမည်နည်း။ ထို့ပြင် နဂါးတပ်မတော်သား တစ်ဦးချင်းစီသည် နတ်ဆိုးစွမ်းအားနှင့် ကောင်းကင်နတ်ဆိုး စွမ်းအားများကို ချုပ်တည်းနိုင်သည့် နတ်ဆိုး‌မြေမြုပ် ကျင့်စဉ် ကျင့်ကြံထားကြသူများဖြစ်၏။ သူတို့ နည်းနည်းမှ ကြောက်ရွံ့နေရန် မလိုတော့ပေ။

ဤအချက်နှစ်ချက်ကို တွေးမိသည်နှင့် နဂါးစစ်သည်များသည် သူတို့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများကို ချက်ချင်း ဖယ်ရှားပစ်လိုက်ကြသည်။ နဂါးတပ်မတော်သားများက ကြောက်ရွံ့မှု လုံးဝမရှိပဲ ရှေ့သို့ တိုးလာသည်ကို မြင်လျှင် ကောင်းကင်နတ်ဆိုးများလည်း ကြောင်အသွားကြသည်။

“ဘာတွေ ဖြစ်နေတာလဲ။ ကျင့်ကြံသူတွေရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက ကောင်းကင်နတ်ဆိုးတွေ မဟုတ်ဘူးလား။ ဘာလို့ သူတို့မှာ ကြောက်လန့်မှု အရိပ်အယောင်တောင် မတွေ့ရတာလဲ။ တစ်ခုခုတော့ မှားနေပြီ။ အဲဒီလူသားတွေ သံသေတ္တာထဲက ထွက်လာတုန်းက ကြောက်ရွံ့မှုတွေ ရှိနေသေးတယ်။ အခုကျတော့ ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ”

ဟု ကောင်းကင်နတ်ဆိုးများ တွေးတောနေကြတော့သည်။

All Chapters