အခန်း (၁၄၂၃-၁၄၂၅)
Vol. 95 Ch. 1423-1425
အခန်း( ၁၄၂၃ )
စကြဝဠာကြီး ကစဉ့်ကလျား ဖြစ်လာတော့မယ်
ကြောက်ရွံ့မှု အငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားခြင်းက အာကာသ ဟင်းလင်းပြင်အတွင်းရှိ ကောင်းကင်နတ်ဆိုးများကို အလွန် မကျေမနပ် ဖြစ်သွားစေသည်။
စားသောက်ပွဲတော် ဆင်နွှဲရန် ပြင်နေစဉ်မှာပင် ရုတ်တရက် အနှောင့်အယှက် ပေးခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက တစ်လလောက် အငတ်ဘေးကြုံနေရသော လူတစ်ဦး စတင်စားသောက်ခါနီးမှ သူ၏ အစာကို လုယူခံလိုက်သကဲ့သို့ ဖြစ်၏။
ခဏချင်းမှာပင် ကောင်းကင်နတ်ဆိုးများ ဒေါသထွက်သွားကြ၏။ ဤလူသားများထံမှ ကြောက်ရွံ့မှု အငွေ့အသက်များ အဘယ်ကြောင့် ပျောက်ကွယ်သွားကြောင်း သူတို့ မသိသော်လည်း ကြောက်ရွံ့မှုကို မပေးစွမ်းနိုင်သော ဤသက်ရှိများသည် ၎င်းတို့၏ ခန္ဓာကိုယ်များဖြင့် ပေးဆပ်ရမည် ဖြစ်သည်။ ခဏအကြာတွင် နဂါးတပ်မတော်မှ စစ်သားများနှင့် ကောင်းကင်နတ်ဆိုးများ ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။
စစ်သားများ ကောင်းကင်နတ်ဆိုးများကို စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရွှေနက်လက်နက်များသည် ကြီးမားသော ထိခိုက်မှုကို ပေးနိုင်ကြောင်း သိလိုက်ကြရသည်။ ယခင်က ရွှေနက်အမြောက်များပင် ဤနတ်ဆိုးများကို မချေမှုန်းနိုင်ခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ လက်နက်များ အလွန် အစွမ်းထက်နေသည်။
ဓားတစ်ချက်ဝေ့လိုက်ရုံဖြင့် ကောင်းကင်နတ်ဆိုးတစ်ကောင်၏ လက် သို့မဟုတ် ခြေထောက်တစ်ဖက် ပြတ်တောက်သွားသည်။ ကောင်းကင်နတ်ဆိုး စွမ်းအားများသည် စစ်သားများ၏ ရွှေနက်လက်နက်များရှေ့တွင် ကူကယ်ရာ မဲ့နေတော့၏။
မကြာမီမှာပင် ထိုအရာသည် ရွှေနက်လက်နက်များ၏ အာနိသင်ကြောင့် သက်သက်မဟုတ်ပဲ ၎င်းတို့အတွင်းရှိ နတ်ဆိုးမြေမြုပ်ကျင့်စဉ် ကြောင့်ဖြစ်ကြောင်း ထင်ရှားလာသည်။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားသော စစ်သားများ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် သန့်စင်စေသော အာနိသင် ပါရှိနေပြီး နတ်ဆိုးစွမ်းအားနှင့် ကောင်းကင်နတ်ဆိုး စွမ်းအားများကို အလွယ်တကူ ဖိနှိပ်နိုင်သည်။
ချက်ချင်းဆိုသလိုပင် လေဟာနယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးများထံမှ အသည်းခိုက်မတတ် အော်ဟစ်သံများ ထွက်ပေါ်လာ တော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းတို့လို အရေးမပါတဲ့ ပုရွက်ဆိတ်တွေ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်လား။”
“ဒါက ဘယ်လို စွမ်းအားမျိုးလဲ...ငါ့ရဲ့ ကောင်းကင်နတ်ဆိုး စွမ်းအားကိုတောင် ဖိနှိပ်နိုင်တယ်။”
“မဟုတ်ဘူး... မဖြစ်နိုင်တာ။ မင်းတို့က အစာပဲလေ။ အစာက ဘယ်လိုလုပ် ဒီလောက် အားကောင်းတဲ့ စွမ်းအားကို ပြနိုင်ရတာလဲ။”
“အား... ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ မင်းတို့အားလုံးကို ငါ အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်။”
ကောင်းကင်နတ်ဆိုးများနှင့် ပထမဆုံးအကြိမ် အနီးကပ် တိုက်ခိုက်မှုတွင် နဂါးတပ်မတော်သားများ၏ စွမ်းဆောင်ရည်က ချီးကျူးဖွယ် ကောင်းလောက်အောင် စွမ်းနေသည်ကို မြင်လျှင် လုချန်း ကျေနပ်စွာ ပြုံးလိုက်သည်။ နတ်ဝိညာဉ်ထီးက ရှနိုင်ငံတစ်ခုလုံးကို ကာကွယ်ပေးထားနိုင်သော်လည်း နဂါးတပ်မတော်၏ နတ်လှေအများစုသည် ထိုအကာအကွယ်၏ အပြင်ဘက်တွင် ကင်းလှည့်နေကြရသည်။
၎င်းတို့သည် ရှနိုင်ငံ၏ ကံစွမ်းအား လွှမ်းခြုံထားသော နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ လုချန်းအနေနှင့် ထိုနယ်မြေများကို ကာကွယ်ရန် သူ၏ စွမ်းအင်များကို မသုံးစွဲနိုင်ပေ။ စစ်သားများသည် ကောင်းကင်နတ်ဆိုးများနှင့် တွေ့ဆုံချိန်တွင် တကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိပဲ ကြောက်ရွံ့မှုကိုသာ သိနေမည်ဆိုလျှင် ကောင်းကင်နတ်ဆိုးများကို ခုခံရန် ခက်ခဲပေလိမ့်မည်။
ဤတိုက်ပွဲက နဂါးတပ်မတော်သားများ၏ စိတ်ဓာတ်ခွန်အားကို ကြီးမားစွာ မြှင့်တင်ပေးလိုက်သည်။ နောင်တွင် ကင်းလှည့်စဉ်အတွင်း ပို၍သန်မာသော ကောင်းကင်နတ်ဆိုးများနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့သည် ကြောက်ရွံ့မှုမရှိပဲ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မည် ဖြစ်၏။
ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရာတွင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိရပေ။ လူသားများ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုအားလုံးသည် ၎င်းတို့၏ အာဟာရဖြစ်သောကြောင့် ထိတ်လန့်မှု ပိုကြီးလေလေ နတ်ဆိုးများ ပို၍သန်မာလာလေ ဖြစ်သည်။
ဆူးထျန်းလေ၏ ဦးဆောင်မှုအောက်တွင် ဟင်းလင်းပြင်ထဲမှ ကောင်းကင်နတ်ဆိုးများကို နဂါးစစ်သည်များက လျင်မြန်စွာ ဖြေရှင်းလိုက်ကြသည်။ တစ်ချို့စစ်သည်များ ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း မည်သူမှ သေဆုံးခြင်း မရှိပေ။ ကောင်းကင်နတ်ဆိုးများနှင့် ပထမဆုံးအကြိမ် ထိတွေ့မှုတွင် ဤကဲ့သို့သော ရလဒ်များကို ရရှိခြင်းက နဂါးတပ်မတော် အနေနှင့် ကောင်းကင်နတ်ဆိုး တပ်မတော်ကို ကိုင်တွယ်နိုင်စွမ်း ရှိကြောင်းကို ဖော်ပြနေသည်။
ထို့နောက် လုချန်းက သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ဖန်တီးခြင်း လမ်းစဉ် စွမ်းအားများက ဒဏ်ရာရနေသော စစ်သည်များ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ခဏခန့်မှာပင် ဒဏ်ရာများကို ပျောက်ကင်းသွားစေသည်။ ထိုအခါ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ပါဝင်ကူညီပေးသည်ကို စစ်သည်များ ချက်ချင်း သိသွားကြပြီး လုချန်း၏ နတ်လှေရှိရာဘက်သို့ ရိုသေစွာ ဂါရဝပြုလိုက်ကြ၏။
……
လုချန်း၏ နတ်လှေအတွင်း၌။
ချီချင်းဟန်သည် လုချန်း၏ နောက်မှ ချဉ်းကပ်လာပြီး သူ၏ ကျယ်ပြန့်သော ပုခုံးများကို ကြည့်ကာ ဘာပြောရမှန်းမသိပဲ ငေးကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် လုချန်းက ချီချင်းဟန်ကို လှည့်ကြည့်လိုက်ပြီး
“ချင်းဟန်... ကိုယ် အရင်ပြန်တော့မယ်။ ဂရုစိုက်ပါ။ အကယ်၍ မင်း တစ်ခုခု အန္တရာယ်တွေ့ရင် ကိုယ့်ရဲ့ ရုပ်သေးကို သုံးပြီး ကိုယ့်ကို ချက်ချင်း အသိပေးလိုက်။”
ထိုသို့ ပြောပြီးနောက် လုချန်းက သူ၏ ကိုယ်ပွား ရုပ်သေးလေးတစ်ခုကို ထုတ်ပေးလိုက်၏။ သူသည် ချီချင်းဟန်အပေါ်တွင် အချစ်ရေးဆိုင်ရာ ဆန္ဒများ မရှိသော်လည်း သူမသည် စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ဖြစ်သောကြောင့် အထူးကာကွယ်မှု ပေးအပ်ရန် ထိုက်တန်သည်။ ရုပ်သေးရုပ်လေး သူမထံ ပျံသန်းလာသည်ကို မြင်လျှင် ချီချင်းဟန် အနည်းငယ် ချီတုံချတုံဖြစ် သွားသည်။
မှော်အတတ် ဆိုသည်မှာ အင်ပါယာတစ်ခု အတွက်ပင် သတိထားရမည့် အရာဖြစ်၏။ ၎င်းကို မကောင်းဆိုးဝါး နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ကြသည်။ ဧကရာဇ်၏ ပုံတူရုပ်သေး ပြုလုပ်ခြင်းက ကြီးမားသော ပြစ်မှုတစ်ခုဖြစ်၏။ ယခု လုချန်းက သူ့ကိုယ်ပွား ရုပ်သေးကို သူမအား ပေးလိမ့်မည်ဟု ချီချင်းဟန် မမျှော်လင့်ထားသဖြင့် လက်ခံရန် ဝန်လေးနေခြင်း ဖြစ်၏။
ချီချင်းဟန်က ရုပ်သေးကို မယူသေးတာ သတိပြုမိသဖြင့် လုချန်းက
“ဘာဖြစ်လို့လဲ”
ချီချင်းဟန်က
“မင်းကြီး အဲ... ကောင်းကင်ဧကရာဇ် အစ်ကို။ လူစင်စစ်ကို ရုပ်သေးလုပ်ထားတာက မသင့်တော်ဘူး မဟုတ်လား။”
ချီချင်းဟန်၏ စိုးရိမ်မှုကို လုချန်း ချက်ချင်း နားလည်သွားပြီး ပြုံးလျက်
“ကိုယ့်ရဲ့ အမျိုးသမီးတိုင်းမှာ ကိုယ်ရဲ့ ရုပ်သေးတစ်ရုပ်စီ ရှိကြတယ်။ ဒီရုပ်သေးကို ကိုယ့်ရဲ့ ကိုယ်ပွားလို့ပဲ မှတ်ယူလိုက်ပါ။ တခြားသူတွေ ပြောတာကို စိတ်မပူနဲ့။”
ဒါက...
ချီချင်းဟန် ချက်ချင်းပင် ဆွံ့အသွားသည်။ လုချန်း၏ အမျိုးသမီးအားလုံးတွင် ဤကဲ့သို့သော ရုပ်သေးများ ရှိတယ်တဲ့လား။
ယခု သူက ဤရုပ်သေးကို သူမအား ပေးလိုက်ခြင်းက သူ၏ အမြင်တွင် သူမသည်လည်း သူ၏ အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ဤအချက်ကို စဉ်းစားမိလျှင် ချီချင်းဟန်၏ ပါးပြင်များမှာ ပူထူပြီး နီမြန်းသွားကာ သူမအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း မတည်မငြိမ် ဖြစ်ကုန်၏။ သူမ သတိပြန်ဝင်လာလျှင် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမရှေ့တွင် လွင့်မျောနေသော ရုပ်သေးကို ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပဲ အာကာသ ကူးပြောင်းခြင်းကို အသုံးပြု၍ နဂါးတပ်မတော်သားများနှင့် ကောင်းကင်နတ်ဆိုးများ တိုက်ခိုက်ခဲ့သည့် နေရာသို့ ရောက်ရှိသွားတော့သည်။
လုချန်း သူ၏ စိတ်အာရုံကို ထပ်မံထုတ်လွှတ်၍ ထိုနေရာကို စစ်ဆေးကြည့်ရာ ကောင်းကင်နတ်ဆိုး စွမ်းအားသစ်များ ထပ်မံထွက်ပေါ်လာခြင်း မရှိကြောင်း အတည်ပြုလိုက်၏။ ထို့ကြောင့် ဤကြယ်နယ်မြေတွင် ကောင်းကင်နတ်ဆိုးအသစ်များ ထပ်မံပေါ်ပေါက်လာမည် မဟုတ်ကြောင်း သေချာသွားသဖြင့် သူ ထွက်ခွာရန် ပြင်ဆင်လိုက် တော့သည်။
သူ ထွက်ခွာတော့မည့် အချိန်မှာပင် ရုတ်တရက် ထျန်းဟုန် ဧကရီ၏ အသံဝင် ရောက်လာ၏။
“ရွှမ်ယန် ကြယ်နယ်မြေမှာ ကောင်းကင်နတ်ဆိုးတွေ ပေါ်လာပြီ။”
ထိုအရာကို ကြားလျှင် လုချန်းလည်း ရွှမ်ယန် ကြယ်နယ်မြေသို့ ချက်ချင်း ဦးတည်လိုက်တော့သည်။ ယခုအခါ ရှနိုင်ငံအတွင်း၌ သူသည် အတွေးတစ်ချက်ဖြင့် မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်နေပြီ ဖြစ်ပြီး ကြယ်နယ်မြေ ဒါဇင်ပေါင်းများစွာကိုပင် ဖြတ်ကျော်နိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထျန်းဟုန် ဧကရီ ပြောခဲ့သော ရွှမ်ယန် ကြယ်နယ်မြေသို့ ရောက်ရှိသွား၏။
ရွှမ်ယန် ကြယ်စင်နယ်မြေ၏ အပြင်ဘက်ရှိ ကောင်းကင်နတ်ဆိုးများကို ထျန်းဟုန် ဧကရီက လုံးဝ သုတ်သင်ပစ်လိုက်ပြီ ဖြစ်ရာ ၎င်းတို့၏ ခန္ဓာကိုယ်မှ ကျန်ရစ်သော ရွှေနက်များ လေဟာနယ်အတွင်း တိတ်ဆိတ်စွာ လွင့်မျောနေသည်။ စုပုံနေသော ရွှေနက်များကို ကြည့်ခြင်းအားဖြင့် ကောင်းကင်နတ်ဆိုး အရေအတွက် တစ်သောင်းထက်မနည်း ရှိနိုင်ကြောင်း ခန့်မှန်းနိုင်သည်။
ဤမျှများပြားသော ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုပါက သာမန်အင်ပါယာတစ်ခုသာဆိုလျှင် တစ်ခဏချင်း အတွင်းမှာပင် အရိုးပုံများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ဖရိုဖရဲ နတ်ဆိုးသတ် ကျင့်စဉ်ကို ကျင့်ကြံထားသော ထျန်းဟုန် ဧကရီနှင့် ရင်ဆိုင်လိုက်ရသဖြင့် ၎င်းတို့သာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။
လုချန်းက ဟင်းလင်းပြင်ထဲရှိ ရွှေနက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထျန်းဟုန် ဧကရီကို ကြည့်ကာ
“ခုလေးတင် ရောက်လာတာကို မင်းက ကောင်းကင်နတ်ဆိုးအားလုံးကို ရှင်းပစ်လိုက်ပြီပဲ။”
“သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဧကရီဆိုတော့လည်း ဒါက မထူးဆန်းပါဘူး။ ဒါပေမဲ့ တကယ့်ကို အထင်ကြီးစရာပါ။”
ထိုစကားနှင့်အတူ လုချန်း၏ အကြည့်က ထျန်းဟုန် ဧကရီ၏ ဘေးတွင် ရပ်နေသော လေဟုန်ယွမ်ထံသို့ ရောက်သွားသည်။ သူမသည် လွင့်မျောနေသော ရွှေနက်များကို ကြည့်ကာ ဆွံ့အလျက် မှင်တက်နေပုံရ၏။
ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် အဆင့်နိမ့် ကောင်းကင်နတ်ဆိုးများကို အလွယ်တကူ ချေမှုန်းနိုင်သည်မှာ မှန်သော်လည်း ယခု နတ်ဆိုးများမှာ ပြန်လည်ပျက်စီးခြင်း အဆင့်နှင့် ထိုအထက်တွင် ရှိကြသူများ ဖြစ်သည်။ ထျန်းဟုန် ဧကရီက ၎င်းတို့ကို လက်တစ်ချက်လှုပ်ရုံနှင့် ဖြေရှင်းလိုက်ခြင်းက လေဟုန်ယွမ်၏ လောကအမြင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေ၏။
ဘယ်တုန်းကများ ကျင့်ကြံသူတွေက ကောင်းကင်နတ်ဆိုးတွေကို ဒီလောက်အလွယ်တကူ ဖျက်ဆီးနိုင်စွမ်း ရသွားကြတာလဲ။ ကောင်းကင်နတ်ဆိုးများသည် ကျင့်ကြံသူများအတွက် အမြဲတစေ ရန်သူတော်ကြီးများ ဖြစ်ခဲ့သော်လည်း ယခုမူ ထျန်းဟုန် ဧကရီကသာ ၎င်းတို့အတွက် ရန်သူတော်ကြီး ဖြစ်နေပုံရသည်။
လုချန်း၏ ချီးမွမ်းမှုကို ဂရုမစိုက်ပဲ ထျန်းဟုန် ဧကရီက မျက်နှာသေဖြင့်
“ကောင်းကင်နတ်ဆိုးတွေ အလုံးအရင်းနဲ့ ပေါ်လာနေပြီ။ စကြဝဠာကြီးက ဖရိုဖရဲ ဖြစ်လာတော့မယ်။ ရှင် အဆင်သင့် ပြင်ထားသင့်တယ်။”
လုချန်းက ပြုံးလျက် ပြန်လည် တုံ့ပြန် လိုက်သည်။
“စိတ်ချပါ...ကိုယ် ပြင်ဆင်ထားတာ အစောကတည်းကပါ။”
……………
အခန်း( ၁၄၂၄ )
ထျန်းဟုန်ဧကရီ၏ အစွမ်း
ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့သော သဲလွန်စ အချို့အရ စကြဝဠာကပ်ဘေး မစတင်မီတွင် ကောင်းကင်နတ်ဆိုးများသည် စကြဝဠာအတွင်းရှိ သက်ရှိအားလုံးကို သတ်ဖြတ်ကြပေမည်။ ယခုအခါ ကောင်းကင်နတ်ဆိုးများ အုပ်စုလိုက် ပေါ်လာနေပြီ ဖြစ်သဖြင့် ၎င်းတို့၏ အရေအတွက် မလွဲမသွေ တိုးပွားလာလိမ့်မည်။
ထိုအချိန်ကျလျှင် ဤနတ်ဆိုးများသည် ရှနိုင်ငံကိုလည်း တိုက်ခိုက်လာနိုင်သည်။ ထို့ကြောင့်လည်း ထျန်းဟုန် ဧကရီက လုချန်းကို အစောကတည်းက ပြင်ဆင်ထားရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လုချန်း၏ ယုံကြည်မှုအပြည့်နှင့် တုံ့ပြန်မှုကို ကြားရလျှင် လုချန်း ထုတ်ပြခဲ့သော နတ်ဘုရားလက်နက်ကို ထျန်းဟုန် ဧကရီ ချက်ချင်း သတိရသွားသည်။ ထိုနတ်ဘုရားလက်နက်နှင့်ဆိုလျှင် ကောင်းကင်နတ်ဆိုးများသည် ရှနိုင်ငံကို ကျူးကျော်နိုင်မည် မဟုတ်ပေ။
သို့သော် တစ်ခုတော့ရှိ၏။ အကယ်၍ ကောင်းကင်နတ်ဆိုးများ ရှနိုင်ငံ အုပ်ချုပ်သော ကြယ်နယ်မြေထဲတွင် တိုက်ရိုက် ပေါ်လာမည်ဆိုလျှင်တော့ နတ်ဝိညာဉ်ထီးသည် ဘာအကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ဟု ထင်ရသည်။
လုချန်းက ဆက်လက်၍
“ကိုယ့်ရဲ့ ပင်မခန္ဓာက ရှနိုင်ငံ ကျင့်ကြံသူများ ညီလာခံကို ကျင်းပဖို့ ပြင်နေပြီ။ ပြီးရင် နဂါးတပ်မတော်ကို ရှနိုင်ငံရဲ့ အဓိက ကြယ်နယ်မြေတွေမှာ ကင်းလှည့်မှုတွေ ပိုတိုးမြှင့်ခိုင်းမှာပါ။”
လုချန်းက ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီက ဘာမှထပ်မပြောတော့ပဲ သူမ၏ ကျင့်ကြံရာ နန်းဆောင်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ သူမ ထွက်ခွာတော့မည့် အချိန်တွင်မှ လေဟုန်ယွမ်က ရုတ်တရက်
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဤမေးခွန်းသည် ထျန်းဟုန် ဧကရီကို ရည်ရွယ်၍ မေးမြန်းခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ထျန်းဟုန် ဧကရီက သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ လေဟုန်ယွမ်ကို မျက်စောင်းဖြင့် အေးစက်စက် ကြည့်ကာ စကားတစ်ခွန်း ချန်ထားခဲ့သည်။
“သူ့ရဲ့ မိန်းမ ဖြစ်လာရင် ရှင် သိရလိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် အာကာသ ကူးပြောင်းခြင်းကို အသုံးပြု၍ ထျန်းဟုန် ဧကရီရွှမ်ယန် ကြယ်နယ်မြေမှ ထွက်ခွာသွားတော့သည်။
ထျန်းဟုန် ဧကရီ ထွက်ခွာသွားပြီးနောက်ဟင်းလင်းပြင်အတွင်း လုချန်းနှင့် လေဟုန်ယွမ်တို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြသည်။ လေဟုန်ယွမ်က လုချန်းကို လှည့်ကြည့်လိုက်သည်။ စကားပြောချင်ဟန် ရှိသော်လည်း သူမ ချီတုံချတုံ ဖြစ်နေ၏။
သူမ ထိုမေးခွန်းကိုသာ ထပ်မံမေးမြန်းချင်နေခြင်း ဖြစ်သည်။ သို့သော် ထျန်းဟုန် ဧကရီက အဖြေပေးသွားခဲ့ပြီ ဖြစ်၏။ အဖြေမှာ ကောင်းကင်နတ်ဆိုးများကို အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ ရှင်းလင်းနိုင်ရသလဲ ဆိုတာကို သိချင်လျှင် လုချန်း၏ မိန်းမ ဖြစ်လာရမှ သိမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယခုအချိန်အထိ သူမ ပိုသန်မာလာရန်အတွက် အမျိုးသားတစ်ယောက်အပေါ် မှီခိုရမည်ကို စိတ်ထဲလက်မခံနိုင် ဖြစ်နေဆဲဖြစ်၏။ သို့သော် သူတို့၏ လက်ထပ်ခြင်းကြိုးက ဆွဲငင်နေခြင်းကြောင့် အလျှော့ပေးလိုက်ရခြင်းကလွဲ၍ ပိုကောင်းသော နည်းလမ်း မရှိဟု ထင်ရသည်။ အတော်ကြာအောင် စဉ်းစားပြီးနောက် လေဟုန်ယွမ်က လုချန်းကို နောက်ဆုံးတွင်
“ကျွန်မ ရှင့်ရဲ့ မိန်းမ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် အဲဒီ ကောင်းကင်နတ်ဆိုးတွေကို ဒီလောက် လွယ်လွယ်ကူကူ နှိမ်နင်းနိုင်ရတာလဲဆိုတာ ကျွန်မ သိချင်တယ်။”
ကပ်ဘေးကြီးက နီးကပ်လာနေပြီ ဖြစ်သလို ဤစကြဝဠာအတွင်းမှ ကောင်းကင်နတ်ဆိုး အဖွဲ့ဝင်များလည်း တိုးပွားလာနေသည်။ သမိုင်းမှတ်တမ်းများအရ စကြဝဠာကပ်ဘေး တစ်ခုစီ မစတင်မီတွင် ဧကရာဇ်အဆင့် အမြောက်အမြားသည် ကောင်းကင်နတ်ဆိုးများ၏ လက်ချက်နှင့် သေဆုံးခဲ့ကြရသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်မည်ဆိုလျှင်တော့ ကပ်ဘေးကြီး ရောက်လာသည်အထိ အသက်ရှင်နိုင်ဖို့ သေချာစေမည်။
ကပ်ဘေးကြီး ကျရောက်လာသည့် အချိန်ကျမှ ကပ်ဘေးကြောင့် သေခြင်းကို သူမလက်ခံနိင်သေးသော်လည်း ထိုကောင်းကင်နတ်ဆိုးများ၏ အစာအဖြစ်နှင့်တော့ မသေချင်ပေ။ ကျင့်ကြံသူ အများစုသည် ကောင်းကင်နတ်ဆိုးများ၏ အစာဖြစ်ရမည့်အစား မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်ရန်သာ ပို၍ လိုလားကြသည်။
လေဟုန်ယွမ်၏ တောင်းဆိုမှုကို ကြားလျှင် လုချန်း အနည်းငယ် ပြုံးလိုက်ပြီး
“ခင်ဗျား မပြောရင်တောင် သူ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ကျွန်တော်ပြောပြမှာပါ။ ခင်ဗျား ကျွန်တော်ရဲ့ မိန်းမ ဖြစ်လာရင်တော့ ကောင်းကင်နတ်ဆိုးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကျွန်တော် ခင်ဗျားကိုပြောပြပါ့မယ်။”
လုချန်း၏ စကားများကြောင့် လေဟုန်ယွမ်၏ စိတ်ထဲရှုပ်ထွေးသွားသည်။ တစ်နေ့တွင် သူမသည် အကျိုးအမြတ်တစ်ခုအတွက် ခန္ဓာကိုယ်နှင့် လဲလှယ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူမ၏ အတိတ်ဘဝတုန်းက သူမသည် နှလုံးသားမဲ့ လမ်းစဉ်ကို လိုက်စားခဲ့သည့် ဧကရာဇ်တစ်ဦး ဖြစ်ခဲ့သည်ကို ထည့်သွင်း စဉ်းစားရပေလိမ့်မည်။ ယခု ပြန်လည်ဝင်စားသည့် အချိန်တွင်မူ အမျိုးသားတစ်ယောက်နှင့် စုံတွဲ ကျင့်စဉ်ကို ကျင့်ရတော့မည် ဖြစ်သဖြင့် သူမ၏ အတိတ်ဘဝမှ လမ်းစဉ်ကို လုံးဝ ပြောင်းပြန်လှန်လိုက်သလို ဖြစ်နေသည်။
ကံကောင်းသည်က ဤဘဝတွင် သူမသည် နှလုံးသားမဲ့ လမ်းစဉ်ကို မကျင့်ကြံထားခြင်း ဖြစ်သည်။ မဟုတ်လျှင်တော့ သူမ၏ ကျင့်စဉ်နှလုံးသား အခုလောက်ဆိုလျှင် ပြိုလဲနေလောက်ပြီ ဖြစ်သည်။
လုချန်းက ဆက်လက်၍
“ခင်ဗျား သဘောတူပြီဆိုမှတော့ ကျွန်တော်နဲ့အတူ ထျန်းချန်းကမ္ဘာကို လိုက်ခဲ့ပါ။”
စကားအဆုံးမှာပင် လုချန်းသည် အာကာသ ကူးပြောင်းခြင်းကို အသုံးပြု၍ လေဟုန်ယွမ်ကို ထျန်းချန်းကမ္ဘာသို့ ခေါ်ဆောင်သွားတော့သည်။
……..
ထျန်းချန်းကမ္ဘာအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်မတတ် စီးဝင်လာခြင်းကို လေဟုန်ယွမ် ခံစားလိုက်ရ၏။ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ယန်ယန် နန်းတော်၏ ပင်မကမ္ဘာထက်ပင် အများကြီး ပိုနေကြောင်း ခံစားမိသဖြင့် လေဟုန်ယွမ် နောက်တစ်ကြိမ် ထိတ်လန့်သွားပြန်သည်။
ထျန်းချန်းကမ္ဘာဆိုသည်မှာ ဖရိုဖရဲ ကြယ်ပင်လယ်အတွင်းမှ မထင်မရှား ကမ္ဘာလေးတစ်ခုသာ ဖြစ်ပြီး စကြဝဠာ၏ အစွန်းတွင် တည်ရှိသည်။ ထိုကမ္ဘာတွင် ဤမျှ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ ရှိနေရန်က လုံးဝ မဖြစ်နိုင်ပေ။
လေဟုန်ယွမ်က လုချန်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒါ ဘယ်နေရာလဲ”
လုချန်းက တည်ငြိမ်စွာဖြင့်
“ဒါ ထျန်းချန်းကမ္ဘာပဲ”
လေဟုန်ယွမ်က ချက်ချင်းငြင်းလိုက်၏။
“မဖြစ်နိုင်တာ”
သူမသည် ထျန်းချန်းကမ္ဘာသို့ တစ်ခါမှ မရောက်ဖူးသော်လည်း ၎င်းသည် သူမ အရင်ရှိခဲ့သော လေယန်ကမ္ဘာနှင့် အလွန်နီးကပ်သည်။ လေယန်ကမ္ဘာသည် ဖရိုဖရဲကြယ်ပင်လယ်အတွင်း စိတ်ဝိညာဉ်စွမ်းအင် အသင့်အတင့် သိပ်သည်းသော ကမ္ဘာတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ယခုကမ္ဘာလောက်တော့ သိပ်သည်းဆ မရှိပေ။ ဤနေရာက ဘယ်လိုလုပ်ပြီး ထျန်းချန်းကမ္ဘာ ဖြစ်နိုင်မည်နည်း။
လေဟုန်ယွမ် မယုံကြည်နိုင် ဖြစ်နေသည်ကို မြင်လျှင် လုချန်းက ပြုံး၍
“လေယန်ကမ္ဘာက ထျန်းချန်းကမ္ဘာနဲ့ ပေါင်းစည်းသွားပြီ။ အဲဒီအချိန်တုန်းက လေယန်ကမ္ဘာက အဓိက အင်အားစုတွေ အားလုံးလည်း ထျန်းချန်းကမ္ဘာထဲကို ရောက်လာကြတယ်။ ဒီနေရာက ဘာနေရာလဲဆိုတာ သူတို့ကို မေးကြည့်လို့ရပါတယ်။”
လေဟုန်ယွမ် တိတ်ဆိတ်သွားသည်။ သူမ၏ အကြည့်များသည် အဝေးတွင်ရှိသော ဧရာမ ကမ္ဘာဦးသစ်ပင်ဆီ၌ ရောက်နေ၏။ လုချန်းပြောသလို အမှန်ဆိုလျှင်တော့ လုချန်း၏ အတိတ်ဘဝသည် ဧကရာဇ်အဆင့် တစ်ယောက်မျှသာ မဟုတ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ အစွန်အဖျား ကြယ်နယ်မြေတစ်ခုမှ သက်ရှိကမ္ဘာတစ်ခုကို မြင့်မြတ်သော နယ်မြေ အဆင့်အထိ ပြောင်းလဲပစ်နိုင်ခြင်းက တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။
လုချန်းက
“အရင်ဆုံး ထျန်းချန်းကမ္ဘာနဲ့ ရင်းနှီးအောင် လုပ်လိုက်ပါဦး။ ခင်ဗျား အဆင်သင့်ဖြစ်ပြီဆိုရင်တော့ နန်းတော်ကိုလာပြီး ကျွန်တော့်ကို ရှာပါ။”
လေဟုန်ယွမ်၏ စိတ်ထဲတွင် ခုခံလိုစိတ်များ ရှိနေသေးသည်ကို လုချန်း သိသည်။ နောက်ဆုံးတော့ သူမသည် အတိတ်ဘဝတုန်းက ဧကရီတစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။
တခြားတစ်ယောက်နှင့် အတူရှိရန်က သူမအတွက် အလွယ်တကူ လက်ခံနိုင်သော အရာတစ်ခုတော့ မဟုတ်ပေ။ ဧကရာဇ်အဆင့် တစ်ယောက်၏ မာန်မာနက အခြားသူများထက် ပိုတတ်၏။
ထျန်းဟုန် ဧကရီတုန်းကလည်း အချိန်အတော်ယူခဲ့ရသည်။ ယခုအချိန်အထိပင် ထျန်းဟုန် ဧကရီသည် သူ့ကို အပြည့်အဝ လက်မခံသေးပေ။ သူမ၌ စိတ်ခုစရာလေးများ ရှိနေဆဲ ဖြစ်၏။
လုချန်းကတော့ မလောပေ။
ဘာပဲဖြစ်ဖြစ် အချိန်များစွာ ရှိသေးသည်။
လုချန်း ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လေဟုန်ယွမ် တစ်ယောက်တည်းကိုသာ လေပေါ်တွင် ချန်ထားခဲ့သည်။ လေဟုန်ယွမ်သည် ကောင်းကင်တွင် ဝဲပျံနေရင်း ထျန်းချန်းကမ္ဘာကို ကြည့်ကာ အတွေးများနက်နေသည်။ အချိန်အတော်ကြာမှ သူမ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
ထိုနောက်တွင် အရင်က လေယန်ကမ္ဘာတွင် ရှိခဲ့ဖူးသော အင်အားစုအချို့ကို သူမ လိုက်လံရှာဖွေလိုက်ရာ မကြာခင်မှာပင် သူမနှင့် အတော်လေး နီးစပ်သည့် အင်အားစုတစ်ခုကို ရှာတွေ့သွားသည်။ ထိုအင်အားစုဆီသို့ ရောက်လျှင် ရှနိုင်ငံသည် ဘုရင်နိုင်ငံလေးကနေ ယခုလက်ရှိ အခြေအနေအထိ တစ်ဆင့်ချင်း ဘယ်လို တိုးတက်လာခဲ့သလဲ ဆိုတာကို သူတို့ဆီမှ အသေးစိတ် သိရှိခဲ့ရသည်။ ရှနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်း တစ်ခုလုံးကို နားလည်သွားပြီးနောက် လေဟုန်ယွမ်လည်း လုချန်း၏ အတိတ်ဘဝအပေါ် ပို၍ပင် စိတ်ဝင်စားလာတော့သည်။
……
တစ်ချိန်တည်းမှာပင်။
ယန်ယန် နန်းတော်။
နန်းတော်သခင် ခန်းမဆောင်အတွင်း၌။
အသက်ကယ် ဧကရီသည် သူမ၏ ဖိအားအားလုံးကို ထုတ်လွှတ်လိုက်ရာ ခန်းမထဲရှိ ဧကရာဇ်အားလုံး ကြီးမားသော လေးလံမှုကို ခံစားလိုက်ရသည်။ ဧကရာဇ်များ ဖြစ်ကြသော်လည်း ဤဖိအားအောက်တွင် အသက်ရှူရန်ပင် ခက်ခဲနေကြသည်။ ခန်းမ၏ အလယ်တွင်မူ ရန်ယွဲ့ ဧကရာဇ် ခေါင်းငုံ့နေ၏။ သူမ၏ တွန့် နေသော အသားအရေပေါ်တွင်လည်း ချွေးစက်များ စိုရွှဲနေသည်။
ရန်ယွဲ့ ဧကရာဇ်သည် အသက်ကယ် ဧကရီ၏ အပြစ်ပေးမှုကို ကြောက်ရွံ့သဖြင့် လေဟုန်ယွမ်ကို သူမဘာသာ ကယ်တင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် သူမ၏ အင်အားအားလုံးကို ထုတ်သုံးခဲ့သော်လည်း ရှနိုင်ငံကို ကာကွယ်ထားသည့် အတားအဆီးကို မချိုးဖျက်နိုင်ခဲ့ပေ။ သူမ ထပ်မံကြိုးစားရန် ပြင်ဆင်နေစဉ်မှာပင် ရှနိုင်ငံ၏ အစွန်အဖျား၌ ကောင်းကင်နတ်ဆိုး အမြောက်အမြား ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဧကရာဇ်အဆင့် တစ်ယောက်အနေနှင့် သာမန် ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်ရန် ပြဿနာမရှိသော်လည်း ဤမျှ များပြားသော အရေအတွက်က စကြဝဠာကပ်ဘေး မတိုင်ခင် ကောင်းကင်နတ်ဆိုး ခြိမ်းခြောက်မှု စတင်နေပြီဖြစ်ကြောင်း ပြသနေသည်။
ရှနိုင်ငံ အနီးအနားတွင် အထူးအားကြီးသော ကောင်းကင်နတ်ဆိုးများ ရှိနေနိုင်သည်။ သူမ၏ အန္တရာယ်ကို ထည့်သွင်းစဉ်းစားကာ ရှနိုင်ငံ၏ အခြေအနေကို အသက်ကယ် ဧကရီထံ အစီရင်ခံရန် ကိုယ်ပွား တစ်ခုကို ရန်ယွဲ့ ဧကရာဇ် စေလွှတ်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ အသက်ကယ် ဧကရီသည် ခန်းမသခင်များ အစည်းအဝေးကို ကျင်းပနေခြင်း ဖြစ်သည်။ လေဟုန်ယွမ် အဖမ်းခံရသည်ကို ကြားလျှင် အသက်ကယ် ဧကရီ ချက်ချင်း ဒေါသထွက်သွားခဲ့သည်။ လျိုချင်းယွမ်ပြီးလျှင် လေဟုန်ယွမ်သည် သူမ ကူးပြောင်းဝင်စားရန်အတွက် အသင့်တော်ဆုံး ခန္ဓာကိုယ် ဖြစ်သည်။ အခုတော့ လေဟုန်ယွမ်ပါ အဖမ်းခံလိုက်ရပြီ ဖြစ်သည်။
စကြဝဠာကပ်ဘေး မတိုင်ခင် သင့်တော်သော ခန္ဓာကိုယ်ကို သူမ မရှာနိုင်လျှင်တော့ သူမ ထိုကပ်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ခဏခန့် အကြာတွင် အသက်ကယ် ဧကရီက အေးစက်စက် မေးမြန်းလိုက်၏။
“ဘယ်သူလုပ်တာလဲ”
……………
အခန်း (၁၄၂၅ )
နံပါတ်ငါးမင်းသား သူတော်စင် အဆင့်သို့ တက်လှမ်းခြင်း
ရန်ယွဲ့ ဧကရာဇ်က
“ရှနိုင်ငံတော်ပါ”
ဟု အလျင်အမြန် တုံ့ပြန်လိုက်သည်။
အသက်ကယ် ဧကရီ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက်
“ဘယ်သူမှ မကြားဖူးတဲ့ နိုင်ငံတစ်ခုက ရှင့်မျက်စိရှေ့တင် လူကို လုသွားတာတောင် သူတို့ကို ဘာမှလုပ်နိုင်စွမ်း ရှင်မှာမရှိဘူးလား။”
ရန်ယွဲ့ ဧကရာဇ်၏ မျက်နှာ အလွန်ပျက် နေသည်။ ထို့နောက် သူမက
“ခွင့်လွှတ်ပေးပါ နန်းတော်သခင်..... အဲဒီနိုင်ငံမှာ စွမ်းအားကြီးတဲ့ နည်းဗျူဟာ ပုံစံ အကာကွယ် ရှိနေပုံရတယ်။ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အဲ့ဒီ နည်းဗျူဟာ ပုံစံကို မချိုးဖျက်နိုင်ခဲ့ဘူး။”
ထိုအခိုက်အတန့်တွင် ရွှမ်မင် ဧကရာဇ်က မီးလောင်ရာလေပင့်ချင်သဖြင့်
“ရန်ယွဲ့.... ခင်ဗျား မစွမ်းဆောင်နိုင်တာက မစွမ်းဆောင်နိုင်တာပဲ။ ဒီမှာ ဘာဆင်ခြေတွေ လာပေးနေတာလဲ။”
ထိုစကားများကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ် တုံ့ပြန်လိုသော်လည်း ထိုသို့ မလုပ်ရန်သာ ဆုံးဖြတ်လိုက်၏။ အခုချိန်တွင် တစ်ခုခု ပြောလိုက်လျှင် အသက်ကယ် ဧကရီကို ပို၍ စိတ်ဆိုးအောင် ဆွပေးသလို ဖြစ်နိုင်သဖြင့် သူမ အောင့်အည်း သည်းခံလိုက်ရသည်။
ကံကောင်းထောက်မစွာပင် ရွှမ်မင် ဧကရာဇ်၏ ဆွပေးမှုကြောင့် အသက်ကယ် ဧကရီ ထပ်မံ၍ ဒေါသ မထွက်လာပေ။ သူမက တည်ငြိမ်သော မျက်နှာထားဖြင့်
“အင်း... ရှင့်ရဲ့ အစွမ်းကုန် အင်အားနဲ့တောင် အဲ့ဒီနိုင်ငံရဲ့ နည်းဗျူဟာ ပုံစံကို မချိုးဖျက်နိုင်ဘူးလား။”
ရန်ယွဲ့ ဧကရာဇ်သည် အမြင့်ဆုံး အဆင့်တွင် မရှိသော်လည်း အဆင့်ငါး ဧကရာဇ် တစ်ဦးသည် စကြဝဠာရှိ ဧကရာဇ်များထဲတွင် အလယ်အလတ် အဆင့်တွင် ရှိသည်။ စကြဝဠာ အစွန်းအဖျားရှိ နိုင်ငံများမှ ဧကရာဇ်များကို ရန်ယွဲ့ ဧကရာဇ် အနေနှင့် အလွယ်တကူ ချေမှုန်းနိုင်သည်။
သို့သော် မထင်မှတ်ပဲ ရန်ယွဲ့ ဧကရာဇ်၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော နည်းဗျူဟာ ပုံစံတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအချက်က ထိုနည်းဗျူဟာ ပုံစံ၏ ကြောက်မက်ဖွယ် ကောင်းသော ခုခံနိုင်စွမ်းကို ဖော်ပြနေခြင်း ဖြစ်၏။
ရန်ယွဲ့ ဧကရာဇ်ပင် ဤနည်းဗျူဟာ ပုံစံကို မချိုးဖျက်နိုင်လျှင် ကောင်းကင်နတ်ဆိုးများကရော မည်သို့ဖြစ်မည်နည်း။ သူတို့လည်း ထိုအရာကို ချိုးဖျက်နိုင်ပါ့မလား။
ယခု ကောင်းကင်နတ်ဆိုးများ အလုံးအရင်းနှင့် ဝင်ရောက်နေကြပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုး အရေအတွက်လည်း တိုးလာတော့မည် ဖြစ်ရာ ယန်ယန် နန်းတော်သည် အနာဂတ်တွင် သူတို့ကို ရင်ဆိုင်ရန် အချိန်နှင့် အင်အား အမြောက်အမြား အသုံးပြုရပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးများကို ခံနိုင်ရည်ရှိသည့် နည်းဗျူဟာ ပုံစံတစ်ခုကိုသာ ရှာဖွေတွေ့ရှိပါက ယန်ယန် နန်းတော်သည် စကြဝဠာကပ်ဘေးကို ရင်ဆိုင်ရန် ပို၍ အာရုံစိုက်နိုင်မည် ဖြစ်သည်။
အသက်ကယ် ဧကရီ၏ ဒေါသများ လျော့ပါးသွားသည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ်က အလျင်အမြန်ပင်
“ဟုတ်ပါတယ် နန်းတော်သခင်... ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အဲဒီ နည်းဗျူဟာ ပုံစံကို ဘယ်လိုမှ မထိခိုက်စေနိုင်ခဲ့ဘူး။”
အသက်ကယ် ဧကရီက စဉ်းစဉ်းစားစားဟန်ဖြင့်
“စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ထို့နောက် အသက်ကယ် ဧကရီက
“ကျွန်မကို တည်နေရာ ပေးပါ”
ရန်ယွဲ့ ဧကရာဇ်လည်း မဆိုင်းမတွပင် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ရှနိုင်ငံတော်၏ တည်နေရာကို အသက်ကယ် ဧကရီထံ ပေးပို့လိုက်သည်။ ထိုအခါ ရန်ယွဲ့ ဧကရာဇ်၏ နဖူးမှ ရွှေရောင် အလင်းတန်းတစ်ခု အသက်ကယ် ဧကရီထံသို့ ပျံသန်းသွားသည်။
အသက်ကယ် ဧကရီက ထိုရွှေရောင် အလင်းတန်းကို ဖမ်းယူလိုက်၏။ သူမသည် ရှနိုင်ငံတော်၏ တည်နေရာကို အတည်ပြုပြီးနောက် နည်းနည်းမှ အချိန်မဖြုန်းပဲ ကိုယ်ပွားတစ်ခုကို ခွဲထုတ်ကာ ရှနိုင်ငံတော်ဆီသို့ စေလွှတ်လိုက်တော့သည်။
အသက်ကယ် ဧကရီ သတိပြန်ဝင်လာပြီး ရန်ယွဲ့ ဧကရာဇ်ကို ကြည့်ကာ
“ဒီကာလအတွင်းက ရှင့်ရဲ့ မှတ်ဉာဏ်တွေကို ကျွန်မဆီ ပေးပို့လိုက်ပါ။”
ဧကရာဇ် အဆင့်တွင် မှတ်ဉာဏ် တစ်ခုကို အမွေဆက်ခံ မှတ်ဉာဏ်အဖြစ် ပြောင်းလဲနိုင်ပြီး အခြားသူများနှင့် မျှဝေနိုင်သည်။ ရန်ယွဲ့ ဧကရာဇ်က သူမကို လိမ်ညာနေသည်ဟု အသက်ကယ် ဧကရီ သံသယ မဖြစ်ပေ။ ရှနိုင်ငံတော်သည် မည်ကဲ့သို့သော အင်အားစု ဖြစ်၍ ယန်ယန် နန်းတော်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲသနည်း ဆိုသည်ကိုသာ သူမ သိချင်နေခြင်း ဖြစ်သည်။
ရန်ယွဲ့ ဧကရာဇ်လည်း ချက်ချင်းပင် ရှနိုင်ငံတော်တွင် ရှိစဉ်က မှတ်ဉာဏ်များကို တိုက်ရိုက် ကူးယူလိုက်သည်။ ထို့နောက် အမွေဆက်ခံ အလင်းလုံး အဖြစ် အသက်ကယ် ဧကရီထံသို့ ပေးပို့လိုက်၏။
ရန်ယွဲ့ ဧကရာဇ်၏ မှတ်ဉာဏ်ကို အသက်ကယ် ဧကရီက ခံစားကြည့်လိုက်၏။ တစ်ဖက်လူက မိမိကိုယ်မိမိ ကောင်းကင်ဧကရာဇ်ဟု ခေါ်ဝေါ်သည်ကို မြင်လျှင် သူမ၏ မျက်ခုံးများ ချက်ချင်း တွန့်သွား တော့သည်။
သူမ၏ ပထမဆုံး တုံ့ပြန်မှုက ရန်ယွဲ့ ဧကရာဇ်နှင့် အတူတူပင် ဖြစ်သည်။ စကြဝဠာ အစွန်းအဖျားမှ သာမန် ဧကရာဇ် တစ်ဦးက ဤမျှ ရဲတင်းကာ မိမိကိုယ်မိမိ ကောင်းကင်ဧကရာဇ်ဟု မည်ကဲ့သို့ ခေါ်ရဲသနည်း။
ဘယ်အရာက ဒီလူကို ဒီလို သတ္တိတွေ ပေးထားတာလဲဟု သူမ တွေးတောနေမိ၏။
သို့သော် ရန်ယွဲ့ ဧကရာဇ်က သူမ၏ စွမ်းအားအကုန်လုံးကို အသုံးပြုခဲ့သော်လည်း ရှနိုင်ငံတော်၏ နည်းဗျူဟာ ပုံစံကို မချိုးဖျက်နိုင်ခဲ့ခြင်းကို မြင်တော့မှ တစ်ဖက်လူ ဘာကြောင့် သူ့ကိုယ်သူ ကောင်းကင်ဧကရာဇ်ဟု ခေါ်ရဲမှန်း အသက်ကယ် ဧကရီ နားလည်သွားပုံရသည်။ အဆင့်ငါး ဧကရာဇ် တစ်ဦး၏ အင်အားအကုန်ဖြင့်ပင် ထိုနည်းဗျူဟာ ပုံစံကို အနည်းငယ်မျှ မလှုပ်ခါနိုင်ခြင်းဖြစ်၏။ ထိုအချက်က ထိုနည်းဗျူဟာ ပုံစံ မည်မျှ ခိုင်မာကြောင်း ပြသနေသည်။
ထိုဖြစ်နိုင်ခြေကို တွေးတောရင်း ရှနိုင်ငံတော်ဆီသို့ မြန်မြန် သွားရန်သူမ၏ ကိုယ်ပွားကို ညွှန်ကြားလိုက်သည်။
ထို့နောက်အသက်ကယ် ဧကရီ သတိပြန်ဝင်လာကာ သူမ၏ ဖိအားများကို ရုပ်သိမ်းလိုက်ရင်း စုဝေးနေသော ဧကရာဇ်များကို ကြည့်ကာ
“သူတော်စင်မ ကိစ္စကို ခဏထားလိုက်ပါဦး။ အခု အရေးကြီးတဲ့ အလုပ်က ကောင်းကင်နတ်ဆိုး ကျူးကျော်မှုတွေကို ခုခံဖို့ပဲ။”
သူမ ကူးပြောင်းမည့် ခန္ဓာကိုယ် အဖမ်းခံရခြင်းက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း ယခုအချိန်က ထိုအကြောင်းကို အာရုံစိုက်ရမည့် အချိန် မဟုတ်ပေ။ လက်ရှိတွင် စကြဝဠာ အနှံ့၌ ကောင်းကင်နတ်ဆိုးများ ပေါ်ပေါက်နေပြီဖြစ်၏။ ယန်ယန် နန်းတော်က ထိန်းချုပ်ထားသော ကြယ်နယ်မြေများတွင်ပင် ပေါ်နေသည်။
လောလောဆယ် ပေါ်ပေါက်နေသော ကောင်းကင်နတ်ဆိုးများကတော့ အဆင့် နိမ့်ကြသည်။ ယန်ယန် နန်းတော်၏ ဝင်ရောက် စွက်ဖက်မှု မလိုပဲ လက်အောက်ခံ အင်အားစုများက သူတို့ကို ကိုင်တွယ်နိုင်သည်။
သို့သော် သမိုင်းမှတ်တမ်းများ အရ စကြဝဠာကပ်ဘေး နီးကပ်လာသည်နှင့်အမျှ ကောင်းကင်နတ်ဆိုးများ၏ အဆင့်များ မြင့်တက်လာမည် ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့် ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်အတွက် ယန်ယန် နန်းတော်က ပြင်ဆင်ထားရမည် ဖြစ်၏။
အသက်ကယ် ဧကရီက အကြောင်းအရာကို ပြောင်းလဲလိုက်သည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ် သက်ပြင်း ချလိုက်တော့သည်။ ကောင်းကင်နတ်ဆိုး ပြဿနာက အခုချိန်တွင် ပေါ်လာ၍ တော်သေးသည်ဟု သူမ တွေးနေ၏။
မဟုတ်လျှင် သူမ ဧကန်မုချ အပြစ်ပေးခံရပေလိမ့်မည်။
ထို့နောက် ခန်းမသခင်များက ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်ရန် အကြံပြုချက်များ စပေးလာကြကာ သူတို့၏ စိတ်ကို ထိုအရာပေါ်တွင်သာ အာရုံစိုက်ထားကြ၏။
ယန်ယန် နန်းတော်က ကောင်းကင်နတ်ဆိုးများကို မည်သို့ တားဆီးသင့်ကြောင်း ဆွေးနွေးနေစဉ် ရှန်ယွဲ့ နိုင်ငံ အပါအဝင် အခြားသော ထိပ်တန်း အင်အားစုများကလည်း ထိုအကြောင်းကိုပင် ဆွေးနွေးနေကြသည်။
ရှန်ယွဲ့ နိုင်ငံတော်တွင်မူ အပြင်းအထန် ဆွေးနွေးပြီးနောက် နယ်မြေချဲ့ထွင်ခြင်းကို ခေတ္တခန့် ရပ်တန့်ရန် ရှန်ဝူ ဧကရာဇ်က ဆုံးဖြတ်လိုက်သည်။ ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ဖို့ ပြင်ဆင်ရန်လည်း သူက ညွှန်ကြားလိုက်၏။
……
ထိုအခိုက်အတန့်တွင်။
ကောင်းကင် နန်းတော်။
ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်ကို မော့ကြည့်နေ၏။ သူ၏ မျက်နှာကလည်း အတော်လေး တည်နေ၏။ ကောင်းကင်နတ်ဆိုးများ ပေါ်လာခြင်းအပေါ် သူ တစ်မျိုး ဖြစ်နေသည်။ ရှေးဟောင်းခေတ် သမိုင်းမှတ်တမ်းများ အရ ကောင်းကင်နတ်ဆိုးများသည် ဤမျှ စောစောစီးစီး မပေါ်လာသင့်ပေ။
ကောင်းကင်နတ်ဆိုးများ ပေါ်ပေါက်လာခြင်းနှင့် စကြဝဠာကပ်ဘေး အကြား အချိန်ကွာခြားချက်သည် နှစ်ငါးရာထက် မပိုသင့်ပေ။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ ဟောကိန်းတွင် စကြဝဠာကပ်ဘေးက နောက်ထပ် နှစ်ပေါင်း တစ်သောင်းခန့် လိုသေးသည်ဟု ဆိုထားသည် မဟုတ်ပါလား။
ဘာကြောင့် ကောင်းကင်နတ်ဆိုးများက ဤမျှ စောစောစီးစီး ပေါ်လာရသနည်း။
စကြဝဠာကပ်ဘေးက ပိုပြီးစောစော ရောက်လာတာ ဖြစ်နိုင်သလား။
သို့မဟုတ် ဤခေတ်သည် ရှေးဟောင်းခေတ်နှင့် ကွာခြားနေ၍ ကောင်းကင်နတ်ဆိုးများ စောစောစီးစီး ပေါ်လာခြင်းလား။
ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန်က သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသော ရှန်ဝူ ဧကရာဇ်အတွက်ပင်လျှင် ခက်ခဲ၏။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နတ်ဆိုးများ၏ အင်အားက တိုးလာမည် ဖြစ်သည်။ ကပ်ဘေး ကျရောက်ရန် နောက်ထပ် နှစ်ပေါင်း တစ်သောင်း လိုသေးသည် ဆိုလျှင် သူတို့ မည်မျှအထိ ကြောက်စရာ ကောင်းလာမည်ကို မည်သူ သိနိုင်မည်နည်း။ ဤအရာက ရှန်ဝူ ဧကရာဇ်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်စေသည်။
မဖြစ်ပေ။ ဝိညာဉ်ကူးပြောင်းဝင်စားမည့် ကိစ္စကို အမြန်ဆုံး အပြီးသတ်ရမည် ဖြစ်သည်။
မင်းသားများ၏ ကျင့်စဉ် အခြေအနေကို အာရုံခံကြည့်ရန် ရှန်ဝူ ဧကရာဇ် ပြင်နေစဉ် သူ၏ အနောက်၌ အရိပ်ကိုယ်ရံတော် တစ်ဦး ပေါ်လာသည်။ ထို့နောက်
“မင်းကြီး နံပါတ်ငါး မင်းသား သူတော်စင် အဆင့်ကို ရောက်ရှိသွားပါပြီ။”
ထိုအရာကို ကြားလျှင် သူ၏ သွေးမျိုးဆက်စွမ်းအားကို အသုံးပြု၍ ချက်ချင်း အာရုံခံကြည့်လိုက်သည်။ ထိုခဏ၌ပင် သူ၏ မျက်နှာပေါ်ရှိ မကြည်မသာ ဖြစ်နေမှုများ ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် မင်းသား တစ်ပါးသည် သူတော်စင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခု သူ၏ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ထို့နောက် ရှန်ဝူ ဧကရာဇ်က
“အမိန့်ထုတ်လိုက်ပါ။ နံပါတ်ငါး မင်းသားက ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ထူးချွန်တဲ့ ပါရမီ ရှိသူ ဖြစ်တယ်။ ဒီနေ့ကစပြီး သူ့ကို ရှန်ယွဲ့ နိုင်ငံရဲ့ အိမ်ရှေ့မင်းသားအဖြစ် တင်မြှောက်မယ်။ သုံးရက်အတွင်း နန်းတက်ပွဲ အခမ်းအနား ကျင်းပမယ်။”
လုယန်ဟွာ သူတော်စင် အဆင့်သို့ ရောက်ရှိသွားသည့် သတင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုသတင်းသည် ထိပ်တန်း အင်အားစု အမြောက်အမြား၏ နားထဲသို့ ရောက်သွားကာ တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေ၏။ ထိပ်တန်း အင်အားစုကြီးများကတော့ ဤအရာကို သိပ်ပြီး စိတ်ဝင်စားမှု မရှိကြပေ။
တကယ်တော့ ဤအရာသည် မင်းသား တစ်ပါး အိမ်ရှေ့မင်းသား ဖြစ်လာခြင်းသာ ဖြစ်ပေသည်။ စကြဝဠာကပ်ဘေး မရောက်မီ လုယန်ဟွာက နန်းတက်နိုင်ခြင်း ရှိမရှိပင် မသေချာပေ။
သို့သော် ရှန်ယွဲ့ နိုင်ငံ အတွင်းရှိ လူများကတော့ အိမ်ရှေ့မင်းသား ရာထူးကို အလွန် အလေးထားကြသည်။ ရှန်ဝူ ဧကရာဇ်သည် စကြဝဠာကပ်ဘေး အတွက် ပြင်ဆင်ရန် တံခါးပိတ် ကျင့်စဉ်ဝင်ပြီး ပို၍မြင့်မားသော အဆင့်သို့ တက်လှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်များက သိထားကြသည်။