အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အပိုင်း ၄၀၆ : အကြီးဆုံးရှယ်ယာရှင်
ယဲ့ချန်းက စင်မြင့်ထက်သို့ လျှောက်လှမ်းသွားပြီးနောက် လက်ဆောင်ဘူးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုယူကာ လော့ကောဖုထံသို့ အားရပါးရပြုံးလျက် လျှောက်သွားလိုက်သည်။
"မစ္စတာလော့... ကျွန်တော်တို့ဂူချီကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြယ်တာရာတို့ရဲ့ကြယ်ပွင့်ကို ခင်ဗျားက သန်းတစ်ရာ့ငါးဆယ်နဲ့ ဝယ်ယူခဲ့တာဆိုတော့ ခင်ဗျားချစ်သူတော့ အရမ်းပျော်နေမှာသေချာတယ်"
ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"ပျော်တာတဲ့လား။ ငါကတော့ မင်းကို တစ်စစီဖြစ်အောင် ခုတ်ပစ်ချင်နေတာ။ သေစမ်း"
လော့ကောဖုမှာ ရူးသွပ်တော့မတတ်ပင်။ ယဲ့ချန်းထံက လှည့်စားခံရရုံသက်သက်လျှင် အဆင်ပြေသေးသည်။ သို့သော် ယခုမူ ယဲ့ချန်းက ဂူချီ၏ ဥက္ကဋ္ဌဖြစ်နေပေသည်။
ငါက သူများကို နာမည်ကြီးအောင် ငွေသုံးပေးခဲ့တဲ့ ငတုံးလား...
သို့သော် ယဲ့ချန်း၏အဆင့်အတန်းကြောင့် လော့ကောဖုခမျာ ယဲ့ချန်းကို ဘာမှမလုပ်ရဲပေ။ သူက အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော့်ချစ်သူက သဘောကျတယ်ဆိုမှတော့ ဘယ်လောက်ကုန်ကုန် ကိစ္စမရှိပါဘူး"
သူ့ပုံစံမှာ တည်ငြိမ်နေဟန်တူသော်ငြား စိတ်ထဲတွင်မူ အလွန်ဒေါသထွက်နေပေသည်။
ယဲ့ချန်းက သူ့ထံမှ သန်းနှစ်ရာ့ငါးဆယ်ကို စားသွားခဲ့သည်။
လော့ကောဖုက ချမ်းသာပါသော်ငြား သန်းနှစ်ရာ့ငါးဆယ်ကို တစ်ခါတည်းဆုံးရှုံးလိုက်ရခြင်းမှာမူ အလွန်အထိနာဆဲသာ။
ယဲ့ချန်းက ရန်ဖေးကိုပြုံးပြပြီး ပြောလိုက်၏။
"ဥက္ကဋ္ဌရန်.. သဘောကျရဲ့လား"
ရန်ဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အစတုန်းက အဲဒါကို ကျုပ်သမီးအတွက် ဝယ်ပေးချင်ခဲ့တာ"
ယဲ့ချန်းက ရယ်လိုက်သည်။
"ဥက္ကဋ္ဌရန်... ခင်ဗျား သန်းတစ်ရာ့ငါးဆယ်လောက် လေလံဆွဲစရာမလိုပါဘူး။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ရဲ့'ကြယ်တာရာရဲ့ကြယ်ပွင့်'ကို မူလဈေးနှုန်းသန်းခုနစ်ဆယ်နဲ့ရောင်းပေးမှာပါ"
ယဲ့ချန်း၏စကားကိုကြားသော် လော့ကောဖုခမျာ ရူးတော့မတတ်ပင်။ အခြားလူတစ်ယောက်က ထိုအရာကို သန်းခုနစ်ဆယ်ဖြင့် ဝယ်နေချိန်မှာ သူကတော့ သန်းတစ်ရာ့ငါးဆယ်နှင့်ဝယ်လိုက်ရသည်။ ဤသည်မှာ သူ့ကို ရန်စနေခြင်းသာ။
လော့ကောဖု၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ပေါ်ပေါက်လာသည်။
"လူယုတ်မာ.. မင်း နောက်နောင် ငါ့လက်ထဲ ရောက်မလာစေနဲ့။ မဟုတ်လို့ကတော့ ငါ မင်းကို လက်စားချေပြမယ်"
စိတ်ထဲမှာတော့ ယဲ့ချန်းကို တိတ်တိတ်ဆဲဆိုနေသော်ငြား ဟန်ဆောင်အပြုံးကိုတော့ ဆင်မြန်းထားရဆဲသာ။
လက်ဆောင်များကို ပေးအပ်ပြီးနောက် ယဲ့ချန်းလည်း သူ့ထိုင်ခုံသို့ ပြန်လာခဲ့လိုက်သည်။
အစောက လူတိုင်းမှာ ယဲ့ချန်း၏သရုပ်မှန်ကို ခန့်မှန်းနေကြသည်။ ယခုမူ သူသည် ဂူချီ၏ဥက္ကဋ္ဌဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သဖြင့် ယဲ့ချန်းကိုကြည့်သော အကြည့်များက ပြောင်းလဲသွားကြသည်။
ယဲ့ချန်းကမူ အရေးမစိုက်ပါဘဲ လေလံပွဲကိုသာ ဆက်ကြည့်နေလိုက်သည်။
လက်ကျန်လေလံပစ္စည်းများအားလုံးကို ယဲ့ချန်းကပင် အောင်အောင်မြင်မြင်လေလံဆွဲလိုက်နိုင်သည်။
ဤတစ်ခေါက်တွင် ပြန်အမ်းငွေကတ်မှတစ်ဆင့် စုစုပေါင်းတစ်ဘီလျံရလိုက်သည်။
လေလံပွဲ ပြီးဆုံးသွားလေပြီ။ ညစာစားချိန်လည်း ကျရောက်ပြီဖြစ်၏။
လီရုန်ရုန်က ပွဲတက်ဝတ်စုံတစ်ထည်ကို လဲဝတ်ပြီး ယဲ့ချန်းအနားသို့ ချဉ်းကပ်သွားလိုက်သည်။
"ယဲ့ချန်း.. ကျွန်မတို့လေလံပွဲအတွက် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
ဤတစ်ခေါက်တွင် ယဲ့ချန်း၏ကျေးဇူးကြောင့် လီရုန်ရုန်၏ကုမ္ပဏီမှာ ငွေအမြောက်အများရလိုက်သည်။
ထို့ကြောင့် လီရုန်ရုန် အလွန်ရှက်သွားရသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်လေသည်။
"ရပါတယ်။ ဒီအစ်ကိုကြီးမှာ ပိုက်ဆံအများကြီးရှိတယ်။ ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး"
လီရုန်ရုန်၏စိတ်ထဲ နွေးထွေးသွားရသည်။
မည်သို့ပင်ဖြစ်စေ သူ(မ)အနေနှင့် လေလံပွဲတစ်ခုကို ပထမဆုံးအကြိမ် ကျင်းပဖူးခြင်းဖြစ်လေရာ အလွန်စိတ်လှုပ်ရှားနေမိသည်။ ယဲ့ချန်းကြောင့် လေလံပစ္စည်းအားလုံး အမြင့်ဆုံးဈေးနှုန်းနှင့် ရောင်းချနိုင်ခဲ့ရုံသာမက ဂုဏ်သတင်းကောင်းလည်း ရရှိခဲ့သည်။
တစ်ဖက်တွင်မူ လော့ကောဖုခမျာ ထိုအကြောင်းကိုတွေးလေလေ ဒေါသထွက်ရလေလေပင်။
ယခင်တုန်းက သူကသာ သူများကို အရူးလုပ်ခဲ့ခြင်းဖြစ်၏။ ယနေ့တွင်မူ ယဲ့ချန်းက သူ့ကို လှည့်စားသွားလေပြီ။
"ဂူချီရဲ့ဥက္ကဋ္ဌလား။ အဲဒါက ဘာတွေအံ့ဩဖို့ကောင်းနေလို့လဲ။ ဂူချီရဲ့ဌာနချုပ်က နိုင်ငံခြားမှာရှိတာလေ"
လော့ကောဖုမှာ ယဲ့ချန်းကို မည်သို့ပညာပြရမလဲဟု စဉ်းစားနေခိုက်မှာပင် ဖုန်းသံက ရုတ်တရက်ထမြည်လာသည်။
အစောက လေလံပွဲကြောင့် လော့ကောဖုသည် သူ့ဖုန်းကို အသံပိတ်ထားခဲ့သည်။ ထို့ကြောင့် မကိုင်လိုက်ရသောဖုန်းခေါ်ဆိုမှုများကို တွေ့လိုက်ရသည်။
ဖုန်းခေါ်ဆိုထားသူမှာ သူ့အတွင်းရေးမှူးဖြစ်လေရာ လော့ကောဖုလည်း ဖုန်းကိုင်လိုက်သည်။
"တစ်ခုခုဖြစ်လို့လား"
"ဥက္ကဋ္ဌလော့... မကောင်းတော့ဘူး။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ရှယ်ယာလေးဆယ်ရာခိုင်နှုန်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဝယ်သူတစ်ယောက်က ဝယ်သွားပါတယ်။ အခု အဲဒီဝယ်သူက ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဖြစ်သွားပါပြီ"
"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်သူမှတောင်မသိလိုက်ဘဲ ငါတို့ရှယ်ယာတွေကို ဘယ်သူက ဝယ်သွားတာလဲ"
အတွင်းရေးမှူးက ပြောလိုက်၏။
"ကျွန်တော်တို့ ဝယ်သူရဲ့သတင်းအချက်အလက်တွေ ရထားပြီးပါပြီ။ သူ့နာမည်က ယဲ့ချန်းပါ"
"ဘာ? ယဲ့ချန်းလား"
လော့ကောဖုခမျာ ကြောင်အသွားလေသည်။
"သူက အသက်နှစ်ဆယ်အရွယ် လူငယ်လေးလား"
လော့ကောဖုက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် မေးလိုက်လေသည်။
"ဟုတ်ပါတယ် ဥက္ကဋ္ဌလော့.. ခင်ဗျား သူ့ကိုသိလို့လား"
လော့ကောဖုလည်း ဆွံ့အသွားရတော့သည်။
"ဘယ်လိုလုပ်ပြီး သူပဲ ဖြစ်နေရတာလဲ"
လော့ကောဖု တအံ့တဩရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လူတိုင်းက လော့ကောဖုရှိရာဘက်သို့ လှမ်းကြည့်ရင်း ဘာဖြစ်သွားသလဲဟု တွေးနေကြသည်။
လော့ကောဖု၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးများကလည်း ငေးတိငေးကြောင်ဖြစ်နေချေသည်။
လူတိုင်း၏ အံ့အားသင့်နေဟန် မျက်ဝန်းများအောက်တွင် လော့ကောဖုလည်း ယဲ့ချန်းနားသို့ လျှောက်လာသည်။
ယဲ့ချန်းက ရန်ဖေးနှင့် စကားပြောနေခိုက် လော့ကောဖုတစ်ယောက် ငေးတိငေးကြောင်ဖြင့် အနားသို့ချဉ်းကပ်လာကြောင်း မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားပေသည်။
လော့ကောဖု၏အမူအရာကိုမြင်သောအခါ ရန်ဖေးလည်း ကြက်သေသေသွားချေသည်။
လော့ကောဖုသည် မောက်မာပြီး ဒေါသကြီး၏။
အစောကပင် ယဲ့ချန်းက သူ့ကို နှစ်ကြိမ်တိတိ အရူးလုပ်ထားသည်ဖြစ်ရာ လော့ကောဖုကဲ့သို့သော လူတစ်ယောက်အနေနှင့် ယဲ့ချန်းကို သေချာပေါက်မုန်းနေမည်သာ။
သို့သော် ယခုမူ လော့ကောဖုက ယဲ့ချန်းကို တအံ့တဩကြည့်နေချေသည်။
ပတ်ပတ်လည်ရှိ လူတိုင်းလည်း မှင်တက်သွားကြသည်။ လော့ကောဖု၏အမူအရာက ထူးဆန်းနေကြောင်း သူတို့အားလုံး သတိထားမိကြသည်။
"ဒီနေ့ ဥက္ကဋ္ဌလော့ကို ယဲ့ချန်းက လုံးဝအရူးလုပ်ပစ်လိုက်တာ။ သူ အသာငြိမ်နေမှာတော့မဟုတ်ဘူး"
"ဟုတ်တယ်။ ဥက္ကဋ္ဌလော့က တစ်ခါမှမရှုံးဖူးဘူးလို့ ကြားဖူးတယ်"
"ဥက္ကဋ္ဌလော့က ဘယ်သူ့ကိုမှ မကြောက်ဘူးတဲ့။ အစ်ကိုမာနဲ့ အစ်ကိုထန်ကိုတောင် ထိပ်တိုက်တွေ့တာတဲ့"
"ယဲ့ချန်းက ငယ်လည်းငယ်သေးတယ်လေ။ လူတွေအများကြီးထဲကမှ လော့ကောဖုကို သွားရန်စရတယ်လို့"
...
လော့ကောဖုတစ်ယောက် ယဲ့ချန်းနှင့် ထိပ်တိုက်ရင်ဆိုင်မည့်အဖြစ်ကို လူတိုင်း မျှော်လင့်စောင့်စားနေကြသည်။
လူအများစုမှာ ထိုဖြစ်ရပ်ကို ဗီဒီယိုရိုက်၍ လိုင်းပေါ်သို့တင်ရန်အတွက် ဖုန်းများပင် ထုတ်ထားလေပြီ။
သို့သော် လော့ကောဖုက ယဲ့ချန်းအနားသို့ ရောက်သောအခါ တလေးတစားအမူအရာဖြင့် ခယနေချေသည်။
"မစ္စတာယဲ့.. ခုနတုန်းက ကိစ္စအတွက် တောင်းပန်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့ ဒိုင်းကာလုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်ဖြစ်သွားမှန်း ကျွန်တော် မသိလိုက်ဘူး"
လော့ကောဖုခမျာ အလွန်ရှက်ရွံနေမိသည်။
သို့သော် ယဲ့ချန်းကမူ ခပ်ဖွဖွသာပြုံး၏။
"ဥက္ကဋ္ဌလော့.. ခင်ဗျားက အားနာနေပြန်ပြီ။ နောက်နောင် အတူပူးပေါင်းပြီး ကြိုးစားကြတာပေါ့"
ယဲ့ချန်းက အမြင်ကျယ်သူတစ်ယောက်ဖြစ်၏။ အစောတုန်းက ဖြစ်ပျက်ခဲ့သည့်အဖြစ်မှာ သူ့အတွက်တော့ ဖြစ်နေကျကိစ္စတစ်ခုသာဖြစ်သဖြင့် တေးမှတ်ထားစရာမလိုပေ။
ရန်ဘက်ထားစရာလည်း မလိုပေ။ အကျိုးအမြတ်သာ သင်တင့်နေသရွေ့ အရာအားလုံးကို ညှိနှိုင်း၍ရသည်။
ထို့ပြင် ဒိုင်းကာလုပ်ငန်းစု၏တာဝန်ရှိသူတစ်ယောက်အနေနှင့် လော့ကောဖုက မရှိမဖြစ်သော ရွေးချယ်မှုတစ်ခုပင်။
ထို့ကြောင့် ယဲ့ချန်းကလည်း အသေးအဖွဲကိစ္စလေးတစ်ခုအတွက်နှင့် စကားများနေမည်မဟုတ်ပေ။
ဘာ... ယဲ့ချန်းက ဒိုင်းကာလုပ်ငန်းစုရဲ့အဓိကရှယ်ယာရှင်တဲ့လား...
လော့ကောဖု၏စကားကိုကြားသော် လူတိုင်း ကြောင်အသွားကြသည်။
ဘေးနားရှိ ပွဲကြည့်နေသူများမှာ ယဲ့ချန်း၏သရုပ်မှန်ကြောင့် ကြောင်အသွားကြသည်။
"ဝိုး.. ဒီလူငယ်လေးက အံ့ဩဖို့ကောင်းချက်။ သူက ဂူချီရဲ့အဓိကရှယ်ယာရှင်ဖြစ်ရုံတင်မကဘူး။ ဒိုင်းကာလုပ်ငန်းစုရဲ့ရှယ်ယာရှင်လည်း ဖြစ်သွားပြန်ပြီ"
"မိုက်လိုက်တာ"
"ဒီကောင်လေးမှာ ငွေဘယ်လောက်တောင်ရှိတာလဲ"
"လော့ကောဖု ဒီလောက်အထိဖားနေတာလဲ မဆန်းပါဘူး။ ဟားဟား.. ဒီဇာတ်လမ်းကတော့ ရယ်ရတယ်ဟေ့"
နောက်တစ်နေ့တွင် ယဲ့ချန်းလည်း တက္ကစီဆက်မောင်းခဲ့သည်။ လူငယ်စုံတွဲတစ်တွဲကို သူ သွားကြိုပေးရသည်။
ထိုလူက ကားထဲသို့ရောက်သည်နှင့် သူ့မိသားစု၏ ကြွယ်ဝချမ်းသာမှုအကြောင်း ကြွားလုံးထုတ်လေတော့သည်။
သူ့မိသားစုက ရွှေတွင်းတစ်တွင်းပိုင်ပြီး ဇိမ်ခံကားများစွာရှိသည်ဟု ဆို၏။ ဤစကားကိုကြားသော် ကောင်မလေးကလည်း စိတ်လှုပ်ရှားနေသည်။
"ကိုကို.. ဟိုတယ်မှာ ဘိုကင်ချိတ်ထားပြီးပြီလား"
ထိုကောင်လေးက ပြန်ဖြေသည်။
"ကိုယ် မာရီယော့ဟိုတယ်မှာ ဘိုကင်တင်ချင်တာ။ ဒါပေမဲ့ အခန်းတွေအကုန် လူပြည့်နေလို့တဲ့။ နှမြောဖို့ကောင်းလိုက်တာ"
"ဪ.. မာရီယော့ဟိုတယ်ဆိုရင် အရမ်းမိုက်မှာ"
ထိုလူက သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ ပိုက်ဆံအများကြီးရှိနေတာတောင် သုံးစရာနေရာမရှိဘူး။ တော်တော်မွန်းကျပ်ဖို့ကောင်းတာပဲ"
ယဲ့ချန်းလည်း သည်းမခံနိုင်တော့ပေ။
ဤလူက ငကြွားတစ်ကောင်သာ။
ထိုမိန်းကလေးကမူ ပျော်သွားလေဟန်ပင်။
"ငါ့ယောက်ျားက ငါ့အပေါ် အရမ်းကောင်းတာပဲ။ မာရီယော့ဟိုတယ်မှာ မင်္ဂလာဆောင်ရရင် သိပ်ကောင်းမှာပဲ"
"ဟုတ်တယ်။ မာရီယော့ဟိုတယ်က မိုတုမြို့ရဲ့အခမ်းနားဆုံးဟိုတယ်တွေထဲက တစ်ခုလေ။ အဲဒီမှာ မင်္ဂလာဆောင်ရင် လေးသန်းငါးသန်းလောက်ကုန်တယ်တဲ့။ ဒါပေမဲ့ ငွေက အဓိကမဟုတ်ပါဘူး။ သုံးစရာနေရာရှိမနေတာ"
တကယ်တမ်းတွင် ဤလူက ကြွားနေခြင်းသက်သက်သာ။
ဤလူ၏မိသားစုက ပိုက်ဆံရှိပါသော်ငြား မင်္ဂလာပွဲတစ်ပွဲအတွက် လေးသန်းငါးသန်းခန့် သုံးစွဲရန်မှာမူ မတတ်နိုင်ပေ။
ထိုအချိန်တွင် ယဲ့ချန်းက ရုတ်တရက်ပြောလိုက်လေသည်။
"ကိုယ့်လူ.. မင်း မာရီယော့ဟိုတယ်မှာ ဘိုကင်တင်ချင်တယ်ဆိုရင် ငါ့ဆီမှာ အဆက်အသွယ်ရှိတယ်"
••••••••••••••••
အပိုင်း ၄၀၇ : မင်းအတွက် ဘိုကင်တင်ပေးမယ်
ထိုလူငယ်လေးခမျာ တဒင်္ဂမျှ ကြက်သေသေသွားသည်။
"ခင်ဗျားမှာ အဆက်အသွယ်တွေရှိတာလား"
ယဲ့ချန်းက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"မဖုံးကွယ်ထားတော့ပါဘူး။ တကယ်တော့ ငါက ဒီဟိုတယ်ရဲ့ပိုင်ရှင်လေ"
"ဘာ.. ခင်ဗျားက ပိုင်ရှင်လား"
ထိုကောင်လေးခမျာ အံ့အားသင့်သွားလေသည်။
သူ့ဘေးရှိ မိန်းကလေးလည်း အံ့ဩသွားသည်။
သူတို့နှစ်ယောက်သား ယဲ့ချန်းကိုကြည့်ရင်း အတန်ငယ်ကြောင်အသွားသည်။
မာရီယော့ဟိုတယ်ရဲ့ပိုင်ရှင်က တက္ကစီမောင်းသတဲ့.. အဓိပ္ပာယ်မရှိလိုက်တာ...
ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
"ခုနတုန်းက မင်းတို့နှစ်ယောက်ရဲ့အချစ်ကြောင့် စိတ်လှုပ်ရှားသွားလို့ ဒီလိုလုပ်ရင်ရော.. ငါ မင်းတို့ကို ဘိုကင်တင်ပေးမယ်။ မင်းတို့မှာ ပိုက်ဆံရှိတယ်ဆိုရင် အကုန်ဖြစ်နိုင်ပါတယ်"
"တက္ကစီဒရိုင်ဘာ.. ခင်ဗျား လာနောက်နေတာလား။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဟိုတယ်တစ်လုံးကို ပိုင်မှာလဲ။ ကျုပ်ကို ငတုံးများမှတ်နေလား"
ယဲ့ချန်းက ပြုံးရုံသာပြုံးသည်။
"မယုံဘူးလား။ ကိစ္စမရှိပါဘူး။ ငါ မင်းတို့ကိုခေါ်သွားပေးမယ်လေ။ သွားကြစို့"
ဤသို့ပြောပြီးနောက် ယဲ့ချန်းလည်း ကားပြန်လှည့်၍ မာရီယော့ဟိုတယ်သို့ တန်းတန်းမတ်မတ်မောင်းသွားလေသည်။
မိန်းကလေးကလည်း အံ့ဩမှင်တက်သွားသည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြိး.. ရှင်က မာရီယော့ဟိုတယ်ရဲ့ပိုင်ရှင်ဆိုတာ တကယ်ပြောတာလား"
"ဒါပေါ့။ တက္ကစီမောင်းတယ်ဆိုတာက ဘဝအတွေ့အကြုံယူနေတာ"
တက္ကစီဒရိုင်ဘာက သူတို့အတွက် မာရီယော့ဟိုတယ်တွင် ဘိုကင်ယူပေးမည်ဟု ပြောလာချိန်တွင် ထိုကောင်လေးခမျာ ကြောင်အသွားသည်။
အစောတုန်းက ကြွားလုံးထုတ်နေခဲ့ပါသော်ငြား တကယ်တမ်းတွင်မူ သူသည် မာရီယော့ဟိုတယ်က ဘယ်လောက်ဈေးကြီးသလဲဆိုသည်ကိုပင် မတွေးရဲပေ။
မာရီယော့ဟိုတယ်တွင် မင်္ဂလာဆောင်လျှင် လေးငါးသန်းခန့်ကုန်ကျသည်ဟု ကြားဖူးသည်။
ဤကုန်ကျစရိတ်ကား သင့်တင့်မျှတပေသည်။ ထိုဟိုတယ်ကလည်း ခမ်းနားလှသည်မဟုတ်လား။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး ခင်ဗျား ကျွန်တော်တို့ကို လာနောက်နေတာပဲ"
"ကိုကို.. စမ်းကြည့်ရအောင်လေ။ အတုဆိုရင်တောင် ဘာမှဖြစ်သွားတာမှမဟုတ်တာ။ ကျွန်မတို့သာ မာရီယော့ဟိုတယ်မှာ ဘိုကင်တင်နိုင်ရင် အရမ်းမိုက်မှာ။ အာ.. မိုတုမြို့ထဲက ဈေးအကြီးဆုံးဟိုတယ်မှာ မင်္ဂလာဆောင်ခွင့်ရမယ်လို့ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ"
ကောင်လေးခမျာ မျက်ရည်ကျလုမတတ်ပင်။
မင်းကသာ စိတ်လှုပ်ရှားနေတာ.. ငါက သောက်သောက်လဲကုန်မှာလေ...
ယခုမူ ယဲ့ချန်းက ပေါက်ကရဖြီးဖြန်းနေခြင်းဖြစ်ဖို့သာ ဆုတောင်းရတော့မည်။
သို့သော် မကြာခင်မှာပင် သူ့နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေးမှာ ပျောက်ကွယ်သွားရတော့သည်။
ယဲ့ချန်း ဟိုတယ်ထဲသို့ လျှောက်ဝင်သွားလိုက်ချိန်ဝယ် လုံခြုံရေးများနှင့် ဧည့်ကြိုများက ယဲ့ချန်းကို တလေးတစားဦးညွတ်၍ ပြောလိုက်သည်။
"သူဌေး"
ထိုလူတစ်သိုက်က အလွန်ညီညာသပ်ရပ်လှလေရာ ခန့်ညားလှသော ဟန်ပန်မျိုးပေါက်နေချေသည်။
ယဲ့ချန်းက ဟိုတယ်သို့ မကြာခဏလာတတ်လေရာ ဟိုတယ်ဝန်ထမ်းများအားလုံးက သူ့ကို မှတ်မိနေကြသည်။
ခရီးသည်အမျိုးသမီးမှာ မာရီယော့ဟိုတယ်ဝန်ထမ်းများက ယဲ့ချန်းကို သူဌေးဟုခေါ်လိုက်သည်ကို ကြားလိုက်ရချိန်ဝယ် အလွန်စိတ်လှုပ်ရှားပျော်ရွှင်သွားသည်။
"ကိုကို.. ကျွန်မတို့ ကံကောင်းလိုက်တာ။ သူက တကယ်ပိုင်ရှင်အစစ်ပဲ"
ခရီးသည်ယောကျ်ား၏ အမူအရာမှာ ပျက်ယွင်းသွားသည်။ အစောတုန်းက သူ သက်သက်ကြွားနေခဲ့ခြင်းသာ။
မာရီယော့ဟိုတယ်ဆိုသည်မှာ နှစ်ဝက်ခန့်ကြိုဘိုကင်တင်ရန် လိုအပ်ကြောင်း သူသိထားသောကြောင့် အချိန်တိုအတွင်း ဘိုကင်တင်၍ မရနိုင်ပေ။
သို့သော် ဤတက္ကစီဒရိုင်ဘာက မာရီယော့ဟိုတယ်၏ပိုင်ရှင်ဖြစ်နေသည့်အပြင် သူတို့ကို အားတက်သရောကူညီလာလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ဂုဏ်သိက္ခာကို တန်ဖိုးထားသော ထိုလူက ယခုအချိန်ရောက်မှတော့ နောက်ပြန်ဆုတ်၍ မရနိုင်ပေ။ ထို့ကြောင့် အားတင်း၍သာ ယဲ့ချန်းအနောက်ကတစ်ဆင့် ဟိုတယ်ထဲသို့ လိုက်ဝင်သွားချေသည်။
စိတ်အားထက်သန်နေသော ယဲ့ချန်းကိုကြည့်ရင်း သူ့မှာ ဒေါသထွက်နေပေသည်။
မင်းက ဘာဖြစ်နေတာလဲ...
ဘီလျံပေါင်းများစွာပိုင်ဆိုင်ထားသော မာရီယော့ဟိုတယ်ပိုင်ရှင်က တက္ကစီမောင်းနေတယ်တဲ့လား..
ဒါက သက်သက်လိမ်စားနေတာမဟုတ်လား...
ငါက သိန်းဂဏန်းလောက်ပဲကုန်မဲ့ မင်္ဂလာဆောင်တစ်ခုကို ကျင်းပမလို့လေ...
မင်္ဂလာပွဲတစ်ပွဲအတွက် သန်းပေါင်းများစွာ အကုန်ခံရမည်တဲ့လား။ ရူးနေတာလား။
သူက ဤသို့တွေးနေသော်ငြား ကောင်မလေးကတော့ ဟိုတယ်ထဲသို့ ဝင်လိုက်သည်နှင့် ဟိုတယ်၏ခမ်းနားကြီးကျယ်မှုကြောင့် ဖမ်းစားခံလိုက်ရသည်။
"ကိုကို.. ကျွန်မတို့ရဲ့မင်္ဂလာပွဲကို ဒီနေရာမှာပဲ လုပ်ရမယ်နော်"
ထိုကောင်လေးခမျာ ကိုးရိုးကားရားပြုံးလိုက်သည်။
"ငှားလို့ရတယ်ဆိုရင်တော့ ဖြစ်စေရမှာပေါ့"
ထိုသို့ပြောလိုက်ပါသော်ငြား စိတ်ထဲတွင်မူ "ကျေးဇူးပြုပြီး ခန်းမမအားပါစေနဲ့။ ကျေးဇူးပြုပြီး ခန်းမမအားပါစေနဲ့"ဟု ဆုတောင်းနေချေသည်။
ထိုအခါ ယဲ့ချန်းက စိတ်အားထက်သန်စွာ ဝင်ပြောလိုက်သည်။
"လာ.. မန်နေဂျာရုံးခန်းကို သွားကြမယ်။ မန်နေဂျာလီက ခန်းမစာရင်းသွင်းရေးကို တာဝန်ယူထားတာ"
ခရီးသည်ကောင်လေးက စိတ်ညစ်နေချိန်ဝယ် မိန်းကလေးတော့ ဝမ်းသာနေချေသည်။
"ကိုကို.. မျက်နှာလည်းမကောင်းပါလား"
ထိုမိန်းကလေးက သူ့ချစ်သူကိုကြည့်ရင်း ပြောလိုက်သည်။
"ဪ.. ဘာမှမဖြစ်ပါဘူး။ မနေ့ညက ကိုယ် နည်းနည်းအိပ်ရေးပျက်သွားလို့ဖြစ်မယ်"
ဤအဖြစ်ကို မည်သို့ဖြေရှင်းရမလဲဆိုသည်ကို သူ့မှာ ဆက်တိုက်စဉ်းစားနေရသည်။
ဤမင်္ဂလာပွဲက သန်းပေါင်းများစွာကုန်ကျမည်ဖြစ်ရာ သူ့မိသားစုက တတ်နိုင်သည်ဆိုလျှင်ပင် အလွန်ဈေးကြီးလှသည်။
အထဲသို့ဝင်လာရင်း ထိုကောင်လေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဒီမင်္ဂလာပွဲက ဘယ်လောက်ပေးရမှာလဲ"
"တော်တော်ဈေးပေါပါတယ်။ ဈေးအပေါဆုံးက တစ်သန်းနှစ်သန်းပါ။ ပိုဈေးကြီးတာဆိုရင်တော့ ငါးသန်းခြောက်သန်းပေါ့။ စိတ်ချပါ.. မင်းတို့မှာ ပိုက်ဆံရှိသရွေ့ ငါက မင်းတို့အတွက် ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုကို သေချာပေါက်ကျင်းပပေးမှာပါ"
ဤစကားကိုကြားသော် ထိုကောင်လေးခမျာ ခြေခေါက်လဲတော့မတတ်ပင်။
သေစမ်း.. ဈေးအပေါဆုံးကတောင် တစ်သန်းနှစ်သန်းဆိုတော့ သက်သက်ဓားပြတိုက်နေတာပဲ...
မင်္ဂလာပွဲအတွက်နဲ့ ဒီလောက်အထိသုံးလိုက်မှတော့ နှစ်ပေါင်းများစွာရှာထားတဲ့ ပိုက်ဆံတွေ အလကားကုန်သွားမှာမဟုတ်ဘူးလား...
ထိုကောင်လေးခမျာ ကြွားလုံးထုတ်ခဲ့မိသည့် သူ့အဖြစ်ကို နောင်တရနေတော့သည်။ ယခုမူ အထင်ကြီးခံရမည့်အလား ကိုယ့်ထောင်ချောက်နှင့်ကိုယ် ပိတ်မိနေသည်။
သူ့အနေနှင့် ထိုပမာဏကို မတတ်နိုင်ဘူးဟု ပြောလိုက်ချင်ပါသော်ငြား စိတ်လှုပ်ရှားတက်ကြွနေသော သူ့ချစ်သူ၏အမူအရာကို မြင်သောအခါ သတ္တိမွေး၍ အထဲသို့ ဝင်လာခဲ့လိုက်သည်။
ယဲ့ချန်းကမူ ပြုံး၏။
"မင်းတို့မိသားစုက ရွှေတွင်းတစ်တွင်းပိုင်တယ်လို့ ပြောလိုက်တာမလား။ သန်းဂဏန်းလောက်ကတော့ ပြဿနာမရှိဘူးမလား"
ထိုကောင်လေးလည်း ကိုးရိုးကားရားပြုံးပြလိုက်သည်။
"ဟင်.. ဒါပေါ့ ဒါပေါ့.."
ယဲ့ချန်းလည်း ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ကိုယ့်လူ မပူနဲ့။ ငါတို့မာရီယော့ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပရင် အနုပညာရှင်တွေနဲ့ အထက်တန်းလွှာတွေပါ ပါတယ်။ မင်း ဒီမှာသာပွဲကျင်းပရင် လူတိုင်းက မင်းကို အထင်ကြီးလေးစားသွားမှာ။ အဲဒီအချိန်ကျရင် လုပ်ငန်းပါတနာတွေကလည်း မင်းကို အထင်ကြီးသွားလိမ့်မယ်။ နောက်ပိုင်းကျရင် မင်း ကြွားနေစရာတောင် လိုတော့မှာမဟုတ်ဘူး။ မင်းရဲ့မင်္ဂလာပွဲကို မာရီယော့ဟိုတယ်မှာ ကျင်းပတယ်လို့ပြောလိုက်တာနဲ့တင် သဘောပေါက်တယ်"
မိန်းကလေးက ဝင်ပြောလာသည်။
"ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းက မာရီယော့ဟိုတယ်မှာ မင်္ဂလာဆောင်ခဲ့တာလေ။ အဲဒီနောက် မိုတုမြို့ရဲ့အထက်တန်းလွှာအသိုင်းအဝိုင်းကို ခဏလေးအတွင်း ဝင်ဆံ့သွားတာ။ အခု သူတို့မိသားစုရဲ့စီးပွားရေးလုပ်ငန်းက အရမ်းအောင်မြင်နေပြီ"
ယဲ့ချန်းက ပြောလိုက်လေသည်။
"တွေ့လား.. ငါ မင်းကို သက်သက်လမ်းလွဲအောင်လုပ်နေတာမဟုတ်ဘူး။ မင်္ဂလာပွဲတစ်ခုအတွက် သန်းဂဏန်းလောက်သုံးလိုက်ရုံနဲ့ ကြော်ငြာပြီးသားဖြစ်သွားပြီ။ ကြော်ငြာရိုက်တာထက်တောင် ပိုသက်သာသေးတယ်"
ယဲ့ချန်း၏ အရောင်းမြှင့်တင်ရေးစကားများကို နားထောင်ရင်း ထိုကောင်လေးခမျာ မွန်းကျပ်နေချေသည်။
သို့သော် ယခုမူ သူ ချောင်ပိတ်မိနေသဖြင့် သောကရောက်နေဟန်အမူအရာဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေရုံသာ တတ်နိုင်ပေသည်။
သူတို့လည်း မန်နေဂျာရုံးခန်းသို့ ရောက်လာခဲ့ကြသည်။ ဟိုတယ်စာရင်းသွင်းမှုကို တာဝန်ယူထားသော မန်နေဂျာလီကလည်း ထိုနေရာတွင် ရှိနေပေသည်။
ယဲ့ချန်းကိုမြင်သောအခါ မန်နေဂျာလီလည်း အမြန်မတ်တတ်ထရပ်လိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ရောက်နေတာလား"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ဒါက ခင်ဗျားအတွက် ကျုပ်ခေါ်လာတဲ့ ဧည့်သည်တွေပဲ။ သူတို့က မင်္ဂလာပွဲကျင်းပမလို့တဲ့။ ဒါနဲ့ မင်းရဲ့မင်္ဂလာဆောင်ရက်က ဘယ်တော့လဲ"
ထိုကောင်လေးမှာ နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။
"အောက်တိုဘာ ၁၈ရက်"
မန်နေဂျာလီက ကွန်ပျူတာပေါ်ရှိ စာရင်းသွင်းမှတ်တမ်းများကိုကြည့်၍ ပြောလိုက်လေသည်။
"အောက်တိုဘာ၁၈ရက်က ရက်ကောင်းပဲ။ ကျွန်တော်တို့ဟိုတယ်က ခန်းမတွေအကုန်လုံးကို ငှားပြီးသွားပြီ"
ထိုကောင်လေးခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိတော့သည်။
"အာ.. နှမြောစရာပဲ။ အချစ်... ကိုယ် မင်းကို ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ကျင်းပပေးချင်ခဲ့တာပါကွာ။ ဒါပေမဲ့ မြင်တဲ့အတိုင်း ကိုယ်တို့လို လူကုံထံတွေအတွက်တောင် မလွယ်ဘူး"
ထိုမိန်းကလေးလည်း အနည်းငယ်စိတ်ပျက်သွားသည်။
ယဲ့ချန်းက မေးလိုက်၏။
"ခန်းမတွေအကုန်လုံးကို ငှားပြီးသွားပြီလား"
မန်နေဂျာလီက ပြောလိုက်သည်။
"ပရီမီယမ်ခန်းမတစ်ခုတော့ ရှိပါတယ်။ နည်းနည်းလေးဈေးကြီးတာလေးပဲရှိတာ။ ငါးသန်းလောက် ကုန်ကျမှာပါ။ ဒါပေမဲ့ ဥက္ကဋ္ဌယဲ့အတွက် ကျွန်တော်တို့ ၄.၈သန်းနဲ့ ပေးနိုင်ပါတယ်။ သိပ်မကြာခင်ကမှ အဲဒီခန်းမမှာ ယန်းရှောင်ယင်နဲ့ ဟွမ်းရှောင်ထျန်တို့က မင်္ဂလာပွဲကျင်းပသွားတာ။ အရမ်းအကြီးအကျယ်ပဲ"
"ဝိုး... ကိုကို ကျွန်မလိုချင်တယ်။ ကျွန်မလိုချင်တယ်"
မိန်းကလေးက စိတ်လှုပ်ရှားခြင်းကြီးစွာ ရေရွတ်လိုက်သည်။
ထိုကောင်လေးလည်း မျက်နှာပျက်သွားပြန်သည်။
ထိုကောင်လေး အင်တင်တင်ဖြစ်နေသည်ကို သတိထားမိသဖြင့် ကောင်မလေးက ပြောလိုက်သည်။
"ချန်းဝေ့.. ခုနတုန်းက ရှင် ကျွန်မကိုကြွားနေတာမဟုတ်ဘူးလား။ ရှင့်မိသားစုက အဲဒီလောက်တောင် မချမ်းသာဘူးလား။ ရှင် ကျွန်မကို မချစ်ဘူးလား"
ကောင်လေးခမျာ အံတင်းတင်းကြိတ်လိုက်မိသည်။
"ဘယ်သူက မချစ်ဘူးပြောလို့လဲ။ ဒါဆို လုပ်လိုက်လေ။ သူဌေး.. ကတ်ဖြတ်လိုက်တော့"
ဤသို့ဖြင့် ကတ်တစ်ကတ်က ငွေကုန်သွားသဖြင့် ခရက်ဒစ်ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်လေရာ ငါးသန်းကို အောင်အောင်မြင်မြင်ထုတ်နိုင်ခဲ့သည်။
ယဲ့ချန်းက ထိုကောင်လေး၏ပခုံးကို ပုတ်လိုက်၏။
"မင်းက တော်တော်ရက်ရောတာပဲ။ စိတ်ချ.. ဒီမင်္ဂလာပွဲကို တစ်သက်မမေ့လောက်စရာဖြစ်သွားအောင် လုပ်ပေးမယ်"
•••••••••••••••
အပိုင်း ၄၀၈ : နျူကလီးယားစွမ်းအင်စမ်းသပ်မှု
ထိုကောင်လေးမှာ မျက်ရည်ကျလုမတတ်ပင်။ ဤအဖြစ်ကို သူ့တစ်သက် လုံးဝမေ့တော့မည်မဟုတ်။ ဤသည်မှာ လေးသန်းရှစ်သိန်းတန်မင်္ဂလာပွဲပင်။
သေစမ်း...
ထိုအချိန်တွင် ထိုကောင်လေးက နောက်နောင်ထပ်မကြွားတော့ဘူးဟု စိတ်ပိုင်းဖြတ်လိုက်သည်။
ယဲ့ချန်းက ထိုကောင်လေးနှင့် ကောင်မလေးကို အိမ်ပြန်ပို့ပေးခဲ့သည်။
မိန်းကလေးကတော့ ပြုံးပန်းဝေနေချေသည်။ ထိုအချိန်တွင် ကောင်လေးမှာ စိတ်ဓာတ်ကျနေဟန်တူသည်။
ကားထဲကထွက်ပြီးနောက် ထိုမိန်းကလေးက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ နတ်ဘုရားအဆင့်နည်းပညာကို ရရှိပါတယ်]
နတ်ဘုရားအဆင့်နည်းပညာကို ရရှိလိုက်ပြီဖြစ်ရာ နည်းပညာဗဟုသုတပေါင်းများစွာက ယဲ့ချန်း၏စိတ်ထဲသို့ စီးဝင်လာလေသည်။
ဤနည်းပညာဗဟုသုတများကို မတူညီသောနယ်ပယ်များအဖြစ် ခွဲခြားထားသည်။ နျူကလီးယားနည်းပညာလည်း ပါဝင်ပေသည်။
နျူကလီးယားနည်းပညာ၊ ကွမ်တမ်နည်းပညာ၊ စွမ်းအင်သစ်နည်းပညာ စသဖြင့် အမျိုးမျိုးပင်။
ယဲ့ချန်းရရှိလိုက်သော နည်းပညာများမှာ လက်ရှိခေတ်ကို သာလွန်သော နည်းပညာအဆင့်ပင်။
ဤနည်းပညာထဲမှ တစ်ခုမျှဖြင့် တစ်ကမ္ဘာလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားနိုင်သည်။
သို့သော် ယဲ့ချန်းကတော့ ဤနည်းပညာများကို ထုတ်ပြမည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ သူသာ ထင်ထင်ပေါ်ပေါ်နေလွန်းလျှင် ထိပ်တန်းနိုင်ငံများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
ခပ်လျှိုလျှိုနေ၍ ငွေရှာခြင်းကသာ ပိုကောင်းပေသည်။
ထို့ပြင် ဤနည်းပညာများကို စတားတက္ကသိုလ်တွင် အသုံးချရန် ကြံစည်ထားသည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
"မစ္စတာယဲ့.. ကျောင်းကိုလာပေးလို့ရမလား။ သုတေသနအသင်းထဲက ကျောင်းသားတွေက သိပ္ပံသုတေသနတစ်ခု လျှောက်ထားတယ်။ ကျွန်မလည်း ဆုံးဖြတ်ချက်ချလို့မရလို့ ရှင်လာကြည့်ပေးလို့ရမလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ အဲဒီကို အခုချက်ချင်းလာခဲ့မယ်"
ယဲ့ချန်းက ကားမောင်း၍ စတားတက္ကသိုလ်သို့ ရောက်လာခဲ့သည်။
ဓာတ်ခွဲခန်းထဲတွင် အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျောင်းသားများက သုတေသနစမ်းသပ်မှုတစ်ခုကို သတိကြီးကြီးထား၍ လုပ်ဆောင်နေကြသည်။
သူတို့၏သုတေသနမှာ စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စွမ်းအင်သစ်ကို ဖန်တီးရန်အတွက် နျူကလီးယားကွဲပွားခြင်းကို အသုံးချရန်ပင်။
ဤသည်မှာ နျူကလီးယားဓာတ်ပေါင်းဖိုအသေးစားတစ်ခုနှင့် ဆင်တူပေသည်။
ဤကဲ့သို့သော စမ်းသပ်ချက်မျိုးမှာ ဖွံ့ဖြိုးပြီးနိုင်ငံတချို့မှာပင် နိုင်ငံတော်အဆင့်ရှိသော နည်းပညာအဆင့်မြင့်အသင်းများက လုပ်ဆောင်မှသာ ရနိုင်ပေသည်။
စတားတက္ကသိုလ်ရှိ ကျောင်းသားများက အံ့ဖွယ်ကောင်းလောက်အောင် ရဲဝံ့လိမ့်မည်ဟု မည်သူမှထင်မထားချေ။
ကိရိယာတပ်ဆင်ပြီးနောက် နျူကလီးယားဓာတ်ပေါင်းဖိုအသေးစားလေးတစ်ခုကား ပြီးစီးသွားပြီဖြစ်၏။
တပ်ဆင်ပြီးသွားသော စက်ပစ္စည်းကိုမြင်သောအခါ ကျောင်းသားတစ်သိုက်လည်း သက်မချလိုက်မိသည်။
သူတို့၏ရလဒ်ကို မြင်လိုက်ရသည်နှင့် ကျောင်းသားများမှာ အလွန်စိတ်လှုပ်ရှားသွားကြသည်။
ဤကာလတွင် သူတို့မှာ ဓာတ်ခွဲခန်းထဲမှာပင် စားသောက်အိပ်စက်ပြီး နားပင်မနားဘဲ ဆက်တိုက်စမ်းသပ်နေခဲ့ကြသည်။ ယခုမူ သုတေသနရလဒ်များမှာ ပြီးစီးသွားလေပြီ။
ဤမျှအားကောင်းသော နည်းပညာအထောက်အပံ့ကား ဤကဲ့သို့သော နျူကလီးယားစွမ်းအင်စမ်းသပ်မှုအတွက် လိုအပ်ပေသည်။
စတားတက္ကသိုလ်၏ အဆင့်မြင့်ဓာတ်ခွဲခန်းက သူတို့၏အိပ်မက်များကို အမှန်တကယ်ဖြစ်ပေါ်လာစေ၇န် ထောက်ပံ့ပေးထားသည်ဟု ဆိုနိုင်လေသည်။
ဝမ်မုန့်လည်း သက်မချလိုက်လေသည်။
"ကဲ ကိရိယာကို ဖန်တီးပြီးသွားပြီဆိုတော့ နောက်ဆုံးစမ်းသပ်မှုပဲ ကျန်တော့တယ်"
"စည်းမျဉ်းအရ စမ်းသပ်မှုလုပ်ဖို့ ခွင့်ပြုချက်တောင်းရမယ်။ အဲဒါက မတော်တဆမှုတွေမဖြစ်အောင် ကာကွယ်ထားတဲ့ ကျောင်းစည်းမျဉ်းပဲ"
"ကောင်းပြီ။ ငါ ကျောင်းအုပ်ယဲ့ဆီက ခွင့်ပြုချက်သွားတောင်းလိုက်မယ်"
တကယ်တမ်းတွင် ယဲ့ချန်းက ကျောင်း၏ စောင့်ကြည့်စစ်ဆေးရေးဖန်သားပြင်ကတစ်ဆင့် ကျောင်းသားများကို စောင့်ကြည့်နေခဲ့သည်။
လင်းရှစ်ယင်က ဆို၏။
"ယဲ့ချန်း.. သူတို့ ဘာစမ်းသပ်မှုတွေလုပ်နေကြတာလဲ"
ယဲ့ချန်းက သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
"လျှပ်စစ်စွမ်းအင်သစ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုကိုသုံးထားတာ။ နိုင်ငံတိုင်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံရှိကြတယ်။ အခြေခံကတော့ အတူတူပဲ။ ဒါပေမဲ့ သူတို့ဟာက ပိုရိုးရှင်းတယ်။ အောင်မြင်သွားရင် နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးဆောင်နိုင်လိမ့်မယ်"
"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က ကျောင်းသားတွေပဲ ရှိသေးတာလေ"
လင်းရှစ်ယင်ခမျာ ယဲ့ချန်း၏စကားကြောင့် ကြက်သေသေသွားလေသည်။
ယဲ့ချန်းလည်း တဟားဟားရယ်မောလိုက်သည်။
"ထင်မထားဘူးမလား။ ငါတို့ကျောင်းသားတွေထဲမှာ ပါရမီရှင်တွေနဲ့ပြည့်နေတာ"
ယဲ့ချန်းနှင့် စတားတက္ကသိုလ်သာ မရှိခဲ့ပါလျှင် သူတို့၏စမ်းသပ်မှုက သီအိုရီအဆင့်သာ ဖြစ်နေဦးမည်ဖြစ်၏။
သို့သော် ယဲ့ချန်းက သူတို့ကို ကုန်ကြမ်းပစ္စည်းများနှင့် ဓာတ်ခွဲခန်းကို ထောက်ပံ့ပေးထားသည့်အတွက် သူတို့၏သီအိုရီက တကယ့်လက်တွေ့အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယဲ့ချန်းသာမရှိလျှင် သူတို့၏သီအိုရီက ဖူးသစ်စအရွယ်မှာပင် အသတ်ခံလိုက်ရမည်ဖြစ်၏။
သူတို့သာ တက္ကသိုလ်မတက်နိုင်လျှင် ကုန်ကြမ်းပစ္စည်းများကို ရယူရန် မဖြစ်နိုင်သလို ဓာတ်ခွဲခန်းဖြင့်လည်း စမ်းသပ်မှုလုပ်နိုင်မည်မဟုတ်ပေ။
သို့သော် သူတို့၏စာမေးပွဲရမှတ်များမှာ သူတို့ကို တက္ကသိုလ်တက်နိုင်သည့် အခွင့်အရေးမျိုးမပေးချေ။
ဟွားနိုင်ငံ၏လူဦးရေ၁.၄ဘီလျံထဲတွင် ပါရမီရှင်များ ချို့တဲ့မနေပါချေ။ သို့သော် သူတို့ကို မြေတောင်မြှောက်နိုင်မည့် အရင်းအမြစ်များမှာမူ ချို့တဲ့နေချေသည်။
ပါရမီရှင်တော်တော်များများက အဖူးအသစ်အရွယ်လေးမှာတင် အညွန့်ချိုးခံလိုက်ရပြီး တဖြည်းဖြည်းဖြင့် သာမန်ဘဝသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် အပြင်ဘက်က တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ"
ဝမ်မုန့်က မှတ်စုစာအုပ်တစ်အုပ်နှင့် စာရွက်စာတမ်းအထပ်လိုက်ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်။
"ကျောင်းအုပ်ယဲ့.. ကျွန်တော်တို့ နျူကလီးယားစမ်းသပ်မှုတစ်ခု လုပ်ချင်ပါတယ်"
"ရတယ်လေ"
ယဲ့ချန်းကလည်း စာရွက်စာတမ်းများကို တစ်ချက်မကြည့်ဘဲ သဘောတူလိုက်သည်။
ဝမ်မုန့်ခမျာ တဒင်္ဂမျှကြောင်အသွားသည်။
"ဒါကို အရင်ဖတ်မကြည့်တော့ဘူးလား"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မင်းတို့ရဲ့အိုင်ဒီယာက အရမ်းကောင်းတယ်။ နျူထရွန်ကို ပရိုတွန်အဖြစ် ပြောင်းလဲပြီး အဆုံးကျတော့ တည်ငြိမ်တဲ့နျူကလီအိုင်ဖြစ်သွားတယ်။ အဲဒီနောက် များပြားတဲ့စွမ်းအင်သစ်တွေကို ထုတ်လုပ်တယ်။ ဒီစမ်းသပ်မှုသာ အောင်မြင်ရင် မင်းတို့တွေ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို ခြေတစ်လှမ်းသာအောင် တွန်းပို့နိုင်မှာပဲ"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ဝမ်မုန့် ကြောင်အသွားသည်။
ကျောင်းအုပ်ယဲ့က နျူကလီးယားစွမ်းအင်အကြောင်း ဗဟုသုတကြွယ်လိမ့်မည်ဟု သူ ထင်မထားပေ။
သူတို့၏စမ်းသပ်မှုကို စကားတစ်ခွန်းတည်းဖြင့် အကျဉ်းချုပ်ပေးနိုင်သည်။
"ဒါဆို ကျွန်တော်တို့ စမ်းသပ်မှုကို ဆက်လုပ်လို့ရလား"
ဝမ်မုန့်က မေးလိုက်၏။
"ရတယ်။ ဒါပေမဲ့ မြေအောက်ဓာတ်ခွဲခန်းထဲမှာပဲ လုပ်ရမယ်။ အဲဒီထဲမှာ မင်းတို့လိုအပ်တဲ့အရာအားလုံးရှိတယ်"
"ဟုတ်ကဲ့"
ဝမ်မုန့်လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြသည်။
ဝမ်မုန့်ထွက်သွားပြီးနောက် လင်းရှစ်ယင်က စိုးရိမ်တကြီးပြောလိုက်၏။
"ကျောင်းအုပ်ယဲ့.. နျူကလီးယားစွမ်းအင်က အရမ်းအန္တရာယ်များတယ်လို့ ကြားဖူးတယ်။ ကျောင်းသားတွေကို စမ်းသပ်မှုုလုပ်ခွင့်ပေးရာက တစ်ခုခုဖြစ်သွားမှာမကြောက်ဘူးလား"
ယဲ့ချန်း တဟားဟားရယ်မောလိုက်သည်။
"သူတို့ရဲ့သီအိုရီက မှန်တယ်လေ။ စမ်းသပ်မှုကတော့ ကျရှုံးချင်ကျရှုံးနိုင်တယ်ဆိုပေမဲ့ အနီးအနားမှာ အကြီးစားဓာတ်အားပြတ်တောက်မှုဖြစ်ရုံလောက်ပဲရှိတာပါ။ ကျရှုံးမှုကတစ်ဆင့် သင်ယူပြီးမှ တိုးတက်ကြရတာပဲ"
"အာ"
လင်းရှစ်ယင်ခမျာ အံ့ဩမှင်တက်သွားသည်။
သူ(မ)မှာ ယဲ့ချန်းကို နားမလည်နိုင်တော့သလို ခံစားရသည်။
သူ့ပုံစံက ဗဟုသုတကြွယ်ဝလွန်းလှသော အနန္တနတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဌာန်တူချေသည်။ သူသည် ဤအကြောင်းအရာကိုပင် နားလည်ပေသည်။
ထိုအချိန်တွင် မြေအောက်ဓာတ်ခွဲခန်းထဲ၌ ဝမ်မုန့်တို့တစ်သိုက် သတ္တုစပ်သေတ္တာတစ်လုံးကို သယ်လာကြသည်။
အနီအောက်ရောင်ခြည်တစ်ဖြာက သူတို့ကို စကန်ဖတ်လိုက်၏။ အတည်ပြုခြင်းအောင်မြင်သွားသောအခါ သူတို့လေးယောက်လည်း ဓာတ်ခွဲခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
သူတို့ ဓာတ်ခွဲခန်းထဲသို့ ဝင်သွားလိုက်ချိန်ဝယ် လုံးဝကြောင်အသွားသည်။
ဤဓာတ်ခွဲခန်းက အလွန်ဆန်းကြယ်လှသည်။
နံရံများက အထူးသတ္တုစပ်ပစ္စည်းနှင့် ပြုလုပ်ထားသဖြင့် အကယ်၍ သူတို့၏ဓာတ်ခွဲခန်းက ပြင်းထန်လှသော ရောင်ခြည်ကို ထုတ်လွှတ်ခဲ့လျှင်ပင် ထိုသတ္တုစပ်နံရံများက စုပ်ယူလိုက်မည်ဖြစ်ရာ အပြင်ဘက်သို့ ဘာသက်ရောက်မှုမှရှိမည်မဟုတ်ချေ။
သူတို့က အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ပြီး သူတို့၏ သုတေသနကိရိယာကို ထုတ်ယူလိုက်သည်။
ဝမ်မုန့် သက်မချလိုက်မိသည်။
"အားလုံး အသင့်ပြင်ထား။ စမ်းသပ်မှုလုပ်ဖို့ ပြင်ဆင်ကြမယ်"
အရေးကြီးလှသော ကိရိယာတပ်ဆင်ချိန်ညှိမှုများ လုပ်ဆောင်ပြီးနောက် စက်ပစ္စည်းလည်း အဆင်သင့်ဖြစ်သွားလေပြီ။
သူတို့က သုတေသနလုပ်ထားသော ရလဒ်များကို ဓာတ်ခွဲခန်းထဲရှိ ဧရာမမှန်ခုံးတစ်ခုပေါ်သို့ တင်လိုက်သည်။
ဤမှန်ခုံးမှာ အထူးကုန်ကြမ်းပစ္စည်းနှင့် ပြုလုပ်ထားခြင်းဖြစ်၏။
စမ်းသပ်မှုအောင်မြင်သွားလျှင် စွမ်းအင်ဗို့အားတစ်သောင်းကို ချက်ချင်းထုတ်လွှတ်မည်ဖြစ်ရာ အကာအကွယ်လုပ်ထားရန် မဖြစ်မနေလိုအပ်သည်။
သူတို့အားလုံး အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ ထို့နောက် ဝမ်မုန့်က အခြားလူများကို စိတ်လှုပ်ရှားခြင်းကြီးစွာ မေးလိုက်သည်။
"အဆင်သင့်ဖြစ်ပြီလား"
"အဆင့်သင့်ပဲ"
ကျန်လူများကလည်း တစ်ညီတစ်ညာတည်း ခေါင်းညိတ်ပြသည်။
ဝမ်မုန့်လည်း အနီရောင်ခလုတ်ကို နှိပ်လိုက်တော့သည်။
ရုတ်ခြည်းပင် မှန်ခုံးထဲရှိ စက်က ဖိတ်ဖိတ်လက်နေသော ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ထိုအလင်းရောင်က တစ်ဟုန်ထိုးကြီးမားလာသည်။
သို့သော် ထိုအချိန်မှာပင် ထိုအလင်းရောင်က ရုတ်ခြည်းပျောက်ကွယ်သွားပြီး ဓာတ်ခွဲခန်းထဲရှိ မီးများအားလုံး ပြတ်တောက်သွားသည်။
ဓာတ်ခွဲခန်းတွင်သာမက စတားတက္ကသိုလ်တစ်ခုလုံးနှင့် ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်လည်း ဓာတ်အားပြတ်တောက်သွားသည်။