အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အပိုင်း ၄၀၉ : အလုပ်အကိုင်အသစ် : သိပ္ပံပညာရှင်
ယဲ့ချန်းက ရုံးခန်းထဲတွင်ထိုင်နေချေသည်။ ဓာတ်အားပြတ်တောက်သွားသောအခါ သူတို့၏စမ်းသပ်မှု ကျရှုံးသွားကြောင်း သိလိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင်။
တစ်ပြိုင်တည်းမှာပင် စတားတက္ကသိုလ်နှင့် အနီးတစ်ဝိုက်နေရာများရှိ ရပ်ကွက်များနှင့် ကျောင်းများလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသည်။
ဓာတ်အားပေးကုမ္ပဏီ၏ ဖုန်းလိုင်းများမှာ ဖုန်းခေါ်ဆိုမှုပေါင်းများစွာကြောင့် လုံးဝပြည့်ကျပ်နေချေသည်။ ထိုကုမ္ပဏီအကြီးပိုင်များလည်း သူတို့၏နည်းပညာဝန်ထမ်းများကို ဖုန်းဆက်လိုက်ကြသည်။
သို့သော် နည်းပညာရှင်များလည်း နားမလည်နိုင်လောက်အောင်ဖြစ်သွားလေသည်။ လက်ရှိအချိန်တွင် သူတို့လည်း ဘာထိန်းသိမ်းပြုပြင်မှုမှ မလုပ်ထားပေ။
"အကြောင်းအရင်းကို အခုချက်ချင်းအဖြေရှာလိုက်"
ခေါင်းဆောင်ဖြစ်သူက ဒေါသတကြီးပြောလိုက်သည်။
အခြားနေရာများမှာ ဓာတ်အားပြတ်တောက်နေသော်ငြား စတားတက္ကသိုလ်ကတော့ ကျောင်းရှိ အရန်ဓာတ်အားပေးစနစ်ဖြင့် ချက်ချင်း လျှပ်စစ်မီးထုတ်လုပ်လိုက်သည်။
ထို့နောက် ယဲ့ချန်းက ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။
ထိုအခိုက်ဝယ် ကျောင်းသားများမှာ စိတ်ပူပင်ပြီး လမ်းပျောက်နေကြသည်။ စမ်းသပ်မှုတွင် ဘာမှားသွားကြောင်း သူတို့ နားမလည်နိုင်ကြပေ။
"ငါတို့ ထပ်စမ်းသပ်ကြည့်ကြမလား"
ဝမ်မုန့်က အံတင်းတင်းကြိတ်၍ အကြံပေးလိုက်သည်။
"မလိုဘူး။ ထပ်စမ်းသပ်လည်း ကျရှုံးမှာပဲ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။
ယဲ့ချန်းကိုမြင်သော် သူတို့တစ်သိုက် ခဏမျှတုံ့ခနဲဖြစ်သွားသည်။
ယဲ့ချန်းက အကာအကွယ်ဝတ်စုံကိုဝတ်ထားရင်း ဓာတ်ခွဲခန်းထဲသို့ လျှောက်ဝင်လာသည်။
"မင်းတို့ရဲ့စမ်းသပ်မှုကြောင့် ငါတို့ကျောင်းရဲ့လျှပ်စစ်မီးတွေ ပြတ်တောက်သွားပြီ"
ကျောင်းသားများကို ဝန်မလေးစေရန်အတွက် ယဲ့ချန်းမှာ ထိုအကြောင်းကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ တောင်းပန်ပါတယ်"
သူတို့ တောင်းပန်လိုက်လေသည်။
ယဲ့ချန်းကမူ ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"စမ်းသပ်မှုကျရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ။ အရေးအကြီးဆုံးက ဘယ်နေရာက မှားသွားလဲဆိုတာကို သိဖို့ပဲ"
ထိုအချိန်တွင် ကျောင်းသားများက ခေါင်းညိတ်ပြကြသည်။
"ကျွန်တော်တို့ အကြောင်းအရင်းကို ချက်ချင်းရှာလိုက်ပါ့မယ်"
"မလိုပါဘူး။ ငါ ကူညီပေးမယ်"
အစောပိုင်းက ကျောင်းသားများ၏ စမ်းသပ်မှုကြောင့် ပတ်ပတ်လည်ရှိ နေရာတိုင်း လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်။
အနီးအနားရှိ ရပ်ကွက်များက ဓာတ်အားပေးကုမ္ပဏီသို့ အသည်းအသန်ဖုန်းဆက်နေကြလောက်ပြီဖြစ်၏။ ထို့ကြောင့် ထိုပြဿနာကို ချက်ချင်းဖြေရှင်းနိုင်လိမ့်မည်။
ယဲ့ချန်းလည်း သူတို့၏စမ်းသပ်ရေးကိရိယာကို ကောက်ကိုင်လိုက်၏။
ဝမ်မုန့်၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားပြီး အားတုံ့အားနာဖြင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး ခင်ဗျား ဒီတိုင်း..."
သူ့စကားမဆုံးသေးခင်မှာပင် ယဲ့ချန်းက ထိုစက်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြုတ်လိုက်ကြောင်း မြင်လိုက်ရသည်။
"ဝိုး"
သူတို့တစ်သိုက်လည်း လုံးဝကြောင်အသွားသည်။
ဤစက်ပစ္စည်းကို တပ်ဆင်ရန်အတွက် သူတို့ တစ်လလုံး အချိန်ယူခဲ့ရသော်လည်း ယဲ့ချန်းကတော့ အရုပ်တစ်ရုပ်အလား အသာလေးဖြုတ်ပစ်လိုက်သည်။
ကျောင်းအုပ်ယဲ့က နျူကလီးယားနည်းပညာအကြောင်း နားလည်တာများလား...
ယဲ့ချန်းလည်း ကွင်းတစ်ကွင်းကို ဂရုတစိုက်ချွတ်လိုက်သည်။
ကျောင်းသားတစ်သိုက်လည်း ရင်ထိတ်နေရှာသည်။
ထိုအရာမှာ ဤစက်၏ဗဟိုချက်ဖြစ်သော ဓာတ်ပေါင်းဖိုအသေးစားလေးတစ်ခုပင်။
တစ်ခုခုမှားယွင်းသွားလျှင် လက်ပစ်ဗုံးတစ်ခုအလား အင်အားကြီးမားလှသည်.
သို့သော် ယဲ့ချန်းကတော့ သူတို့ထက် ပိုကျွမ်းကျင်နေဟန်ပင်။
သူက ဓာတ်ပေါင်းဖိုကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့ နောက်ပြန်ကြီးတပ်ထားတာ။ အဲဒါကြောင့် ပါဝါက ထုတ်လွှတ်ရမဲ့အစား စုပ်ယူသွားတာ"
ယဲ့ချန်း၏စကားကြောင့် သူတို့၏မျက်ဝန်းအစုံကား လင်းလက်သွားလေသည်။
"ဟုတ်သားပဲ။ ငါတို့ အဲဒါကို ဘာလို့မစဉ်းစားခဲ့မိတာလဲ"
ဤလူငယ်လေးများအတွက် နျူကလီးယားနည်းပညာဆိုသည်မှာ အလွန်ရှုပ်ထွေးလှသော ဘာသာရပ်တစ်ခုပင်။
သို့သော် ယဲ့ချန်းအတွက်မူ ဤနည်းပညာက ဂဏန်းသင်္ချာအလား ရိုးရှင်းလှပေသည်။
ထို့ကြောင့် ပြဿနာအရင်းအမြစ်ကို အလွယ်တကူထောက်ပြလိုက်နိုင်သည်။
ထို့နောက် ထိုစက်ကို ပြန်တပ်ပေးလိုက်သည်။
သူအလုပ်လုပ်ပုံမှာ မြန်ဆန်လွန်းလှသဖြင့် ဘေးနားက ကြည့်နေသူများပင် မျက်လုံးအပြူးသားဖြစ်သွားသည်။
ယခင်က သူတို့ခမျာ တစ်ဆင့်ချင်းစီလုပ်ရန် တစ်ရက်လုံးအချိန်ယူရသည်။ အလွန်တရာလည်း သတိကြီးကြီးထားရသည်။
သို့သော် ယဲ့ချန်း၏လက်ထဲတွင်မူ အရုပ်အကြီးစားတစ်ခုအလားပင်။ မသိလျှင် ယဲ့ချန်း၏စိတ်ထဲတွင် ထိုအဆင့်များက အသေရိုက်နှိပ်ထားသလိုပင်။
မကြာခင်မှာပင် အရာအားလုံးကို တပ်ဆင်၍ပြီးစီးသွားသည်။
ထိုအခါ ယဲ့ချန်းလည်း ခလုတ်နှိပ်လိုက်ပြန်သည်။
ဤတစ်ခေါက်တွင် အတွင်းဘက်ရှိ အလင်းဒိုင်းကာထဲက ဖိတ်ဖိတ်လက်နေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
"အောင်မြင်သွားပြီ"
ကျောင်းသားတစ်သိုက် ပျော်ရွှင်သွားကြသည်။
"အောင်မြင်သွားပြီဆိုပေမဲ့ မင်းတို့ရဲ့ပစ္စည်းက လက်တွေ့သုံးဖို့အတွက် အရမ်းအကြမ်းထည်ဆန်လွန်းတယ်။ မနက်ဖြန်ကျရင် ဒီပရောဂျက်အတွက် ငါ့ဆီက သင်ယူကြ"
ယဲ့ချန်းက တဲ့တိုးပြောလိုက်သည်။
ယဲ့ချန်း၏စကားကြောင့် သူတို့၏မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။
ဤကျောင်းသားများအားလုံးက နျူကလီးယားစမ်းသပ်မှုကို အလွန်စိတ်ပါဝင်စားကြသဖြင့် ဗဟုသုတရလိုသော သူတို့၏စိတ်က သာမန်ကျောင်းသားများထက် သာလွန်ချေသည်။
ယဲ့ချန်း၏စကားများနှင့် နည်းပညာကျွမ်းကျင်မှုကို ကြည့်ရုံမျှဖြင့် သူသည် စစ်မှန်သောပညာရှင်တစ်ယောက်ဖြစ်ကြောင်း အတပ်သိနိုင်သည်။
ထို့ကြောင့် ယဲ့ချန်းထံက သင်ယူလျှင် သူတို့အတွက် အကျိုးအမြတ်ကြီးကြီးမားမားရနိုင်ပေသည်။
ထိုအခိုက်ဝယ် ဖုတန်တက္ကသိုလ်မှာ မှောင်အတိကျသွားလေသည်။
စာလေ့လာနေသော ကျောင်းသားများမှာ အားကစားကွင်းပြင်တွင် စုဝေးနေကြသည်။
"ရုတ်တရက်ကြီး ဘာလို့မီးပျက်သွားတာလဲ"
"စိတ်ညစ်ဖို့ကောင်းလိုက်တာ။ ငါ စာတမ်းလုပ်နေတုန်းပဲရှိသေးတာကို"
"ကြည့်လိုက်။ အနီးအနားက ရပ်ကွက်တွေအကုန်လုံး မီးပျက်သွားတာ"
"ဟုတ်တယ်။ ဒါပေမဲ့ စတားတက္ကသိုလ်ကတော့ မီးလာနေတုန်းပဲ"
...
"ဟေး.. ငါတို့ဖုတန်တက္ကသိုလ်က ဂုဏ်သတင်းကြီးမားတဲ့ကျောင်း မဟုတ်ဘူးလား။ အခုတော့ စတားတက္ကသိုလ်ထက်တောင် အဆင့်နိမ့်နေသေးတယ်"
"ဟုတ်တယ်။ ဒီလိုမှန်းသာကြိုသိခဲ့ရင် ငါလည်း စတားတက္ကသိုလ်မှာ လျှောက်တာပေါ့"
ယခုအချိန်တွင် ဖုတန်တက္ကသိုလ်ကျောင်းသားများမှာ စတားတက္ကသိုလ်ကို ယခင်ကထက်ပင် ပိုအားကျနေကြတော့သည်။
မီးပျက်သွားခြင်းမှာ သိသာလှသော အကျိုးဆက်များရှိ၏။
စွမ်းအင်အရင်းအမြစ်ဌာန၏ စုံစမ်းစစ်ဆေးမှုများအရ စတားတက္ကသိုလ်တစ်ခုတည်းကသာ ထိုနေရာတစ်ဝိုက်တွင် ဓာတ်အားရရှိနေကြောင်း သိရသည်။
စတားတက္ကသိုလ်က အရန်ဓာတ်အားပေးစနစ်ကို အသုံးပြုထားခြင်းပင်။
တစ်ဆက်တည်းမှာပင် နည်းပညာဌာနက အကြောင်းအရင်းကို ရှာဖွေတွေ့ရှိသွားသည်။
ပြင်းထန်လှသော စွမ်းအင်အတက်အကျတစ်ခုက စတားတက္ကသိုလ်တွင် ထွက်ပေါ်လာခဲ့သဖြင့် လျှပ်စစ်စွမ်းအင်ကို စုပ်ယူရာမှ ယခုလိုဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းပင်။
နောက်တစ်နေ့မနက်တွင် အိပ်ရာနိုးလာပြီးနောက် ယဲ့ချန်း တက္ကစီဆက်မောင်းလိုက်သည်။
ဓာတ်အားပြတ်တောက်သွားသည့် ကိစ္စအတွက် စွမ်းအင်အရင်းအမြစ်ဌာနက စတားတက္ကသိုလ်ကို သေချာပေါက်ဆက်သွယ်မည့်အကြောင်း ယဲ့ချန်းသိသည်။
သို့သော် ဖြစ်ပြီးသွားပြီမို့ တာဝန်ယူရတော့မည်သာ။
အလွန်ဆုံးရှိလှ ဒဏ်ကြေးဆောင်ရန်ပင်။
ထိုအချိန်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ယောက် ကားထဲသို့ ဝင်လာသည်။
ထိုလူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်နေဟန် အမူအရာတစ်ခု ရှိနေချေသည်။
ထိုအချိန်တွင် ထိုအမျိုးသားကြီး၏ဖုန်းက ထမြည်လာသည်။
"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့စွမ်းအင်သစ်နည်းပညာက အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီလေ။ သူတို့က ဘာလို့ထွက်သွားတာလဲ"
"လစာပိုတောင်းတာလား။ သန်းဂဏန်းတောင် ပေးရမယ်ပေါ့"
ဤစကားကိုကြားသော် ထိုအဘိုးကြီး တိတ်ဆိတ်သွားသည်။
အဘိုးကြီးက ဖုန်းချလိုက်ပြီးနောက် မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့လေဟန် အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။
[တင်! တက္ကစီရွေးချယ်ရေးစနစ် အသက်ဝင်ပါပြီ။ အပတ်တိုင်း အထူးအရည်အသွေးရှိတဲ့ ခရီးသည်တစ်ယောက်နဲ့တွေ့ဆုံပြီး ရွေးချယ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရင်း အကောင်းဆုံးဆုလာဘ်တွေကိုအရယူကာ ကမ္ဘာ့ထိပ်တန်းသူဌေးတစ်ယောက် ဖြစ်အောင်ကြိုးစားလိုက်ပါ]
[ခရီးသည်၏အလုပ်အကိုင် : သိပ္ပံပညာရှင်]
[ရွေးချယ်စရာနံပါတ်တစ် : ပါမောက္ခလီစန်းကို အဆင့်မြင့်နိုင်ငံခြားကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ ဖျောင်းဖျပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ နတ်ဘုရားအဆင့်ပါရမီရှင်ရှာဖွေရေးစွမ်းရည်နဲ့ အမေရိကန်နိုင်ငံက စတန်တက္ကသိုလ်ရဲ့ ရှယ်ယာ၁၀ခိုင်နှုန်းကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ဒါက လောကဓံဖြစ်ကြောင်း ပါမောက္ခအိုကြီးကို ပြောပြပြီး သူ့ကို အသိတရားဝင်အောင်လုပ်ပေးရင်း စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ထိပ်တန်းအဆင့်သရုပ်ဆောင်ဖန်လန်လင်းရဲ့နှလုံးသားနဲ့ ယွမ်သန်းတစ်ရာဆုငွေကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်သုံး : ပါမောက္ခအိုကြီးကို ဟွားနိုင်ငံရဲ့စွမ်းအင်သစ်လုပ်ငန်းကို ပြန်ထူထောင်နိုင်ရန် ကူညီပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ နတ်ဘုရားအဆင့်လူသစ်ခန့်အပ်ရေးစနစ်နဲ့ စတားတက္ကသိုလ်ရဲ့ သုတေသနအဆောက်အအုံကို အရယူလိုက်ပါ]
ပထမဆုံးရွေးချယ်စရာက ဆုလာဘ်များ ကောင်းမွန်သော်ငြား ယဲ့ချန်းက မျိုးချစ်စိတ်ရှိသူတစ်ယောက်ဖြစ်သောကြောင့် ပြည်တွင်းသိပ္ပံပညာရှင်တစ်ယောက်ကို နိုင်ငံခြားတွင် အမှုထမ်းရန် မည်သို့သိမ်းသွင်းနိုင်မည်နည်း။
ဒုတိယရွေးချယ်စရာကား စူပါစတားအလှလေး၏ ချစ်ခင်မြတ်နိုးမှုကို ရရှိမည်ဖြစ်သော်ငြား ယဲ့ချန်းတွင် မိန်းကလေးများ ချို့တဲ့နေလေသလော။ သူ့အနားတွင် ရုပ်ရည်ရမှတ်၉၅အထက်ရှိသော မိန်းမလှလေးများစွာ ရှိပေသည်။
ထို့ကြောင့် ယဲ့ချန်းလည်း နံပါတ်သုံးကိုသာ ရွေးချယ်လိုက်သည်။
[တင်! စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ နတ်ဘုရားအဆင့်လူသစ်စုဆောင်းရှာဖွေရေးစနစ်နဲ့ စတားတက္ကသိုလ်ရဲ့ သုတေသနအဆောက်အအုံကို ရရှိလိုက်ပါပြီ]
ယဲ့ချန်း ပြုံးလျက် မေးလိုက်သည်။
"ဆရာ.. ဘာဖြစ်လို့လဲ"
လီစန်းကမူ သက်ပြင်းချလိုက်၏။
"အာ.. ဒီနေ့ခေတ်လူငယ်တွေက ငါတို့ခေတ်တုန်းကနဲ့ မတူတော့ဘူး"
"ဘာကိုဆိုလိုချင်တာလဲဗျ"
ယဲ့ချန်းက မေးလိုက်သည်။
"ငါတို့ခေတ်တုန်းက ဆောင်ပုဒ်လေးတစ်ခုတည်းနဲ့တင် အနောက်မြောက်ဘက်ကို အပြေးသွားနိုင်တယ်။ အိမ်ကိုလည်း နှစ်ပေါင်းများစွာကြာတဲ့အထိ မပြန်နိုင်ဘူး။ အခုကျတော့ နိုင်ငံခြားသားတွေက လစာသန်းပေါင်းများစွာ ပေးနေကြတော့ ငါတို့တွေ နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့ကြတဲ့ နည်းပညာကျွမ်းကျင်သူတွေလည်း လုယူခံလိုက်ရပြီ"
သူက ရှင်းပြလိုက်၏။
•••••••••••••••••
အပိုင်း ၄၁၀ : ကမ္ဘာကိုတုန်လှုပ်စေမည့် စွမ်းအင်သစ်နည်းပညာ
ယဲ့ချန်းလည်း ထိုစကားကိုနားထောင်ပြီး ခပ်ဖွဖွရယ်မောလိုက်သည်။
"ဆရာ.. တကယ်တော့ ဒါက ပုံမှန်ပါပဲ။ အခုခေတ်မှာ အိမ်တွေကလည်း အရမ်းဈေးကြီးနေပြီလေ။ သုတေသီတွေလည်း နေထိုင်စားသောက်ရဦးမှာမလား။ အသေးစားအနုပညာရှင်တွေကိုပဲ ကြည့်လိုက်လေ တီဗီဇာတ်လမ်းတွဲလေးတွေ ကြော်ငြာလေးတွေရိုက်ရင်း သန်းဆယ်ဂဏန်းရနေကြတာ။ သုတေသီတွေကျတော့ နေ့နေ့ညညပင်ပင်ပန်းပန်းအလုပ်လုပ်တာတောင် ထောင်ဂဏန်းပဲရတယ်"
လီစန်းလည်း ခါးသက်သက်ရယ်မောလိုက်မိသည်။
"ဟုတ်တယ်။ ဒါပေမဲ့ ငါလည်း မတတ်နိုင်ဘူးလေ။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက စွမ်းအင်သစ်နည်းပညာအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်နေပြီ။ ငါတို့က အခုမှစရုံပဲရှိသေးတယ်။ ငါတို့သာ နောက်ကောက်ကျကျန်နေခဲ့ရင် ဆယ်စုနှစ်ပေါင်းများစွာ ခေတ်နောက်ကျသွားနိုင်တယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မဖြစ်ပါဘူး။ ကျွန်တော်တို့နည်းပညာက ပိုသာပါတယ်"
"ဒါနဲ့ ဆရာ... ခင်ဗျား အလုပ်ကိစ္စနဲ့ ခရီးထွက်မလို့လား"
ယဲ့ချန်းက မေးလိုက်သည်။
"ငါ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က မိုတုမြို့ကိုလာမလို့တဲ့။ ဟားဟား... စတားတက္ကသိုလ်က တလောတုန်းက ဒုံးပျံလွှတ်တင်ခဲ့တာကို မင်းသိတယ်မလား"
ယဲ့ချန်းလည်း အငေးသားခေါင်းညိတ်ပြလိုက်သည်။
"အင်း... သိပါတယ်"
လီစန်းက ပြောလိုက်သည်။
"ငါ့လုပ်ဖော်ကိုင်ဖက်ဟောင်းက အဲဒီကိစ္စအတွက် လာတာလေ"
"ငါ စတားတက္ကသိုလ်ကို စောင့်ကြည့်နေတာ တော်တော်ကြာပြီ။ အဲဒီကျောင်းအုပ်ကြီးက အရည်အချင်းတော့ ရှိသားပဲ။ သူက ငါတို့ဟွားနိုင်ငံရဲ့ ဦးဆောင်တက္ကသိုလ်ဖြစ်နိုင်လောက်တယ်။ ဟွားနိုင်ငံရဲ့ပညာရေးစံနှုန်းကို ပြုပြင်ပြောင်းလဲဖို့လိုပြီ"
သူ့တက္ကသိုလ်ကို ချီးကျူးနေကြောင်း ကြားလိုက်ရသောအခါ ယဲ့ချန်း၏ရင်ထဲတွင် ကျိတ်ဝမ်းသာနေမိသည်။
ပါမောက္ခလီကို လေဆိပ်သို့ ပို့ပေးပြီးနောက် ယဲ့ချန်းလည်း ကျောင်းသို့ ပြန်လာခဲ့လိုက်သည်။
မနေ့က သူသည် နျူကလီးယားဓာတ်ပေါင်းဖိုအသစ်တစ်မျိုးအတွက် ပုံကြမ်းရေးဆွဲထားပြီး သူ့ကျောင်းသားများကို သင်ပြပေးရန် ဆုံးဖြတ်ချက်ချထားသည်။
လျှပ်စစ်ဓာတ်အားပြန်ရပြီဖြစ်ရာ ဤဖြစ်စဉ်ကို ဖြေရှင်းချက်ထုတ်ရန် လိုအပ်လေသည်။
လျှပ်စစ်ဓာတ်အားပေးဌာနခေါင်းဆောင်ဖန်မင်က နည်းပညာရှင်တစ်စုကို ဦးဆောင်၍ စတားတက္ကသိုလ်သို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ချန်းမူကလည်း ပညာရေးဌာနခေါင်းဆောင်များနှင့် ပညာရှင်တစ်ယောက်ကိုခေါ်၍ စတားတက္ကသိုလ်ကို ရောက်ချလာသည်။
ထိုပညာရှင်မှာ ပါမောက္ခလီပင်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယဲ့ချန်း၏ကျောင်းက E-sportsချန်ပီယံပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး ဒုံးပျံလွှတ်တင်မှုကလည်း စီစီတီဗီသတင်းအထိ ပါသွားခဲ့သဖြင့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ချန်းမူလည်း မလာဘဲနေနိုင်ရိုးလား။
သို့သော် အဝင်ဝတွင် ဖန်မင်နှင့် ထိပ်တိုက်တိုးလေသည်။
ချန်းမူနှင့် ဖန်မင်တို့က အချင်းချင်းသိထားကြပြီးသားပင်။ ထို့ကြောင့် ယခုလိုမြင်လိုက်ရချိန်မှာ အံ့အားသင့်သွားသည်။
"လောင်ဖန်... စတားတက္ကသိုလ်ကို ဘာလာလုပ်တာလဲ"
ချန်းမူက မေးလိုက်လေသည်။
ချန်းမူကလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို လာရှာမလို့ပဲ။ မနေ့တုန်းက စတားတက္ကသိုလ်က ကိစ္စတစ်ခုလုပ်ခဲ့လို့ ပတ်ပတ်လည်က နေရာတွေအကုန်လုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတယ်လေ။ အဲဒါကြောင့် အခြေအနေကို မေးမြန်းဖို့အတွက် ရောက်လာတာ။ အဲဒါသာ တကယ်ဆိုရင် စတားတက္ကသိုလ်အနေနဲ့ အပြစ်ပေးခံရမှာပဲ"
တစ်ဖက်တွင်မူ ပါမောက္ခလီက စိတ်ဝင်စားသွားသည်။
"ဘာပြောလိုက်နယ်။ ရုတ်တရက်ကြီး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတာလား"
ဖန်မင် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ မနေ့ည ရှစ်နာရီခွဲတုန်းက စတားတက္ကသိုလ်နဲ့ ဆယ်မိုင်ပတ်လည်မှာရှိတဲ့ နေရာတွေအကုန်လုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတာ။ ကျုပ်တို့ စုံစမ်းစစ်ဆေးထားသလောက်တော့ လျှပ်စီးကြောင်းတွေအားလုံးက စတားတက္ကသိုလ်ကို စီးဆင်းသွားတာ"
ဖန်မင်၏စကားကို ကြားသောအခါ ပါမောက္ခလုလည်း အံ့သြမှင်တက်သွားချေသည်။
ထိုအရာမှာ လျှပ်စစ်ဓာတ်အားများကို စတားတက္ကသိုလ်သို့ စုပ်ယူပေးနိုင်သည့် စမ်းသပ်မှုတစ်ခုဖြစ်ရမည်ဟု သူ ခံစားမိသည်။
နောက်ဆုံးတစ်ခေါက် ဒုံးပျံလွှတ်တင်ရေးစမ်းသပ်မှုအပြီးတွင် စတားတက္ကသိုလ်ကို သူ စိတ်ဝင်စားသွားသည်။
စတားတက္ကသိုလ်က သာမန်တက္ကသိုလ်လေးတစ်ခုဖြစ်ပြီး ကျောင်းသားများကလည်း အခြားတက္ကသိုလ်များတွင် ဝင်ခွင့်ရမှတ်မပြည့်မီသော်လည်း ဒုံးပျံတစ်ခုကို လွှတ်တင်နိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ သူ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်။
ပါမောက္ခလုက ရယ်မောလိုက်ချေသည်။
"ဘယ်လိုလဲ။ အတူလိုက်လာတာ အလကားမဖြစ်ဘူးမလား"
ပါမောက္ခလီစန်းကလည်း စွမ်းအင်ကိုစုပ်ယူနိုင်သော စမ်းသပ်မှုအကြောင်း စိတ်ဝင်တစားဖြစ်လာသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချန်းမူက ဆို၏။
"လောင်ဖန်... စတားတက္ကသိုလ်က အခုတလော အရမ်းနာမည်ကြီးနေတာ။ သူတို့က ကမ္ဘာ့Esportsချန်ပီယံဆုကို ရထားတာနော်။ ပြီးတော့ မကြာသေးခင်ကမှ ဒုံးပျံကို အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့သေးတယ်။ ကျုပ်မျက်နှာကိုထောက်ထားပါဦး။ အထဲကိုဝင်ပြီး အခြေအနေကို အရင်စနည်းနာကြတာပေါ့။ တအားမပြင်းထန်ဘူးဆိုရင် အပြစ်မပေးပါနဲ့"
ဖန်မင်ကလည်း ခေါင်းညိတ်ပြလေသည်။
"ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်ကို ရှင်းပြမှဖြစ်မယ်"
သူတို့လည်း စတားတက္ကသိုလ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်းက ကျောင်းသားများနှင့်အတူ ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်မှုလုပ်ဆောင်နေသည်။
...
ယဲ့ချန်းက ကျောင်းသားများကို ပြောလိုက်၏။
"မနေ့တုန်းက မင်းတို့ရဲ့လက်တွေ့စမ်းသပ်မှုအစီအစဉ်က တီထွင်ဖန်တီးနိုင်စွမ်းရှိပေမဲ့ လက်တွေ့ကျမှုတော့ မရှိဘူး။ အဲဒါကြောင့် မနေ့ညတုန်းက ငါ နည်းနည်းပြုပြင်ထားတယ်"
ကျောင်းသားများမှာ ယဲ့ချန်း၏စကားကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားကြသည်။
"ကျောင်းအုပ်ကြီး.. အစီအစဉ်အသစ်က ဘာများလဲ"
ဝမ်မုန့်က မေးလိုက်လေသည်။
ယဲ့ချန်းကလည်း ပြန်ဖြေ၏။
"မင်းတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းက ကောင်းပေမဲ့ ပြဿနာတွေအများကြီး ပါနေတယ်။ နျူကလီးယားကွဲပွားမှုရဲ့အခြေခံက နျူကလီးယားပေါင်းစပ်မှုပဲ။ ဒီနယ်ပယ်မှာ မင်းတို့ ဗဟုသုတနည်းနေသေးတယ်။ အဲဒါကြောင့်ပဲ မင်းတို့ရဲ့လက်တွေ့စမ်းသပ်မှု ကျရှုံးရတာ"
မနေ့က ကျောင်းသားများ၏အစီအစဉ်ကို ယဲ့ချန်း ဂရုတစိုက်ကြည့်ခဲ့သည်။ စမှတ်က ကောင်းသော်လည်း အဆုံးတွင်မူ သူတို့သည် နျူကလီးယားပေါင်းစပ်မှုအကြောင်း သိပ်နားမလည်သေးသည့် တက္ကသိုလ်ကျောင်းသားများပင်။
ဤလက်တွေ့စမ်းသပ်မှုပရောဂျက်က အိုင်ဒီယာကောင်းသော်ငြား လက်တွေ့ကျကျပြောရလျှင် အသုံးချရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ယနေ့တွင် ယဲ့ချန်းက သူတို့ကို နျူကလီးယားကွဲပွားမှုနှင့် နျူကလီးယားပေါင်းစပ်မှုအကြောင်း သင်ပြပေးရန် စီစဉ်ထားသည်။
ယဲ့ချန်းက ပြောလိုက်၏။
"မင်းတို့ရဲ့သီအိုရီက နျူထရွန်တွေကို ပြင်းထန်တဲ့စွမ်းအင်အဖြစ် ထုတ်လုပ်ပြီး လွှတ်ထုတ်တဲ့အကြောင်းလေ။ ဒီအကြံကကောင်းပေမဲ့ မင်းတို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းက အရမ်းဈေးကြီးတယ်ဆိုတာ တွေးမိကြလား။ အရေးအကြီးဆုံးကတော့ ထုတ်လုပ်တဲ့ရေဒီယိုသတ္တိကြွပစ္စည်းက နျူကလီးယားစွန့်ပစ်ပစ္စည်းအများကြီးကို ထုတ်လုပ်ပေးနိုင်တယ်။ အဲဒါကြောင့် ကုန်ကျစရိတ်တွက်တဲ့အခါ လက်တွေ့အသုံးချနိုင်တဲ့တန်ဖိုးမရှိဘူး"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ကျောင်းသားများ၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
ယဲ့ချန်း ဆက်ပြောလိုက်၏။
"တကယ်ဆိုရင် နျူကလီးယားပေါင်းစပ်ခြင်းသီအိုရီကိုသုံးပြီး မင်းတို့ရဲ့ရှုထောင့်ကိုပြောင်းပြီး ဦးတည်ချက်ကို ဆန့်ကျင်ဘက်ထားလို့ရတယ်လေ"
"နျူကလီးယားပေါင်းစပ်မှုလား"
လူတိုင်း ခဏမျှကြက်သေသေသွားသည်။
ယဲ့ချန်းက ဝှိုက်ဘုတ်ပေါ်တွင် ညီမျှခြင်းများကို ချရေးပြီး ပြောလိုက်၏။
"ဒီယူဆချက်ကို အရင်ကတည်းက သိပ္ပံပညာရှင်တွေ အဆိုတင်သွင်းထားတာကြာပြီ။ ဒါပေမဲ့ အခုထိ တရားဝင်မသုံးရသေးဘူး။ တကယ်တော့ ဒီသီအိုရီက တကယ့်လက်တွေ့မှာ အသုံးချလို့ရတယ်"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် လူတိုင်း အံ့သြမှင်တက်သွားလေသည်။
ယဲ့ချန်း၏ဓာတ်ပုံက ကျောင်းသားများ၏စိတ်ထဲတွင် ပိုကြီးကျယ်ခမ်းနားသွားသည်။
တကယ်တမ်းတွင် ဤခေတ်သစ်သိပ္ပံယူဆချက်များမှ ပုံကြမ်းသက်သက်မျှသာ။
သို့သော် ယဲ့ချန်းက နတ်ဘုရားအဆင့်နည်းပညာကို ပိုင်ဆိုင်ထားသဖြင့် သူ့စိတ်ထဲရှိ နည်းပညာဗဟုသုတက လက်ရှိခေတ်ထက် အများကြီးပိုသာသည်။
ထို့ပြင် ဤနည်းပညာများမှာ တိုးတက်ပြီးသားဖြစ်သဖြင့် အကောင်အထည်ဖော်ရန်သာ လိုတော့သည်။
နျူကလီးယားပေါင်းစပ်မှုက အဓိကအားဖြင့် အသုံးပြုရန်အတွက် ယဲ့ချန်းကိုယ်တိုင် ထုတ်နုတ်ထားခြင်းဖြစ်၏။ အကြောင်းမှာ ကုန်ကျစရိတ် အလွန်သက်သာသောကြောင့်ပင်။
လိုအပ်သော ကုန်ကြမ်းပစ္စည်းများကိုလည်း သာမန်သတ္တုများမှ မွမ်းမံနိုင်သည်။
ဒုတိယအချက်အနေနှင့် နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုထဲရှိ ပစ္စည်းက ဓာတ်ပြုနေစဉ်အတွင်း ကုန်ခမ်းသွားသဖြင့် ဘာညစ်ညမ်းမှုမှမဖြစ်စေဘဲ အစိမ်းရောင်စွမ်းအင်ကိုသာ ဖြစ်ပေါ်စေသည်။
ဤနည်းပညာက ကမ္ဘာ့စွမ်းအင်တိုးတက်ဖွံ့ဖြိုးမှုတွင် သိသိသာသာအောင်မြင်မှုကို ကိုယ်စားပြုသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ငါ ဒီပစ္စည်းအတွက် ပုံကြမ်းကို ဒီဇိုင်းဆွဲပြီးပြီ။ သေချာကြည့်ကြည့်လိုက်"
ယဲ့ချန်းက ထိုသို့ပြောရင်း ဆွဲထားသောပုံကြမ်းတစ်ခုကို ထုတ်ပြလိုက်သည်။
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"အခု မင်းတို့တာဝန်က နျူကလီးယားပေါင်းစပ်မှုကို နားလည်ဖို့ပဲ။ နျုကလီးယားပေါင်းစပ်မှုကိုနားလည်တာနဲ့ ပုံကြမ်းထဲကအတိုင်း ဒီစက်ပစ္စည်းကို ဖန်တီးနိုင်ပြီ။ သြော်.. ဒါကို ငါ ကြယ်တာရာအရင်းအမြစ်လို့ နာမည်ပေးထားတယ်"
"ကြယ်တာရာအရင်းအမြစ်လား"
ဝမ်မုန့်တို့တစ်သိုက်လည်း ထိုပုံကြမ်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ဤနည်းပညာက သူတို့၏အိပ်မက်ဖြစ်ပေသည်။
ယနေ့တွင် ယဲ့ချန်းက သူတို့၏အိပ်မက်ကို အကောင်အထည်ပေါ်လာအောင် ကူညီပေးလိမ့်မည်ဟု ထင်မထားပေ။
သူတို့က နျူကလီးယားစွမ်းအင်နည်းပညာကို မကြာသေးခင်ကမှ သုတေသနလုပ်ခဲ့ခြင်းဖြစ်လေရာ ဤပုံကြမ်းကို နားလည်ကြသည်။
ဤစက်ကိရိယာကို ဖန်တီးလိုက်သည်နှင့် လက်ရှိကမ္ဘာ့စွမ်းအင်ကို အသွင်ပြောင်းပေးနိုင်သည့် ခေတ်တစ်ခေတ်ကို ပြောင်းလဲပေးနိုင်သော နည်းပညာဖြစ်သွားပေလိမ့်မည်။
•••••••••••••••••
အပိုင်း ၄၁၁ - သင်ခန်းစာများကြောင့် ပါမောက္ခကြီး ထိတ်လန့်သွားခြင်း
ဝမ်မုန့်နှင့် အခြားကျောင်းသားများမှာ ယဲ့ချန်းကို လေးစားအားကျနေသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေသည်။
ဤလက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခွင့်ရသည့်အတွက် သူတို့အနေနှင့် ဤနယ်ပယ်ထဲတွင် လမ်းဖောက်နိုင်ပြီဖြစ်၏။
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြီးတော့ မင်းတို့ကို သီအိုရီပိုင်းဆိုင်ရာဗဟုသုတတွေကို ငါ ရှင်းပြမယ်။ အသေးစိတ်ကတော့ မင်းတို့ရဲ့သုတေသနကိုပဲ အားကိုးရမှာ"
သိပ္ပံပညာဆိုသည်မှာ အနည်းငယ်မျှပင် အမှားမခံပေ။ ယဲ့ချန်းက ဤလမ်းကြောင်းတွင် ခွန်အားများစွာ စိုက်ထုတ်ရန် စီစဉ်မထားပေ။ ထို့ကြောင့် သူ့အနေနှင့် ဤသိပ္ပံသုတေသနပညာရှင်တစ်စုကို ပြုစုပျိုးထောင်ပေးရန်သာ လိုအပ်ပေသည်။
သူသာ ဤကျောင်းသားများအား ရလဒ်များကို ထုတ်ပြလိုက်ပါက သူတို့၏တိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်တော့မည်မဟုတ်ပေ။
ယဲ့ချန်းက သူတို့အား လုပ်နည်းကိုင်နည်းများကို တန်းပြောပြလိမ့်မည်ဟု ဝမ်မုန့်တို့ ထင်ထားကြသည်။ ထို့ကြောင့် အခြေခံအချက်အလက်များဖြစ်ကြောင်း သိရသောအခါ သူတို့ နည်းနည်းစိတ်ပျက်အားငယ်သွားသည်။
သို့သော် ယဲ့ချန်း၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သူတို့ နားလည်သည်။
အစတုန်းက သူတို့၏စိတ်ဝင်စားမှုက ဝါသနာသက်သက်မျှသာ ဖြစ်သဖြင့် ယခင်က သူတို့က ဘာမှအရာမရောက်ခဲ့ပေ။
ယခုမူ စတားတက္ကသိုလ်က သူတို့လိုချင်သမျှအရာအားလုံးကို ပေးထားသည်ဖြစ်ရာ သူတို့စိတ်ထဲတွင် အလွန်ကျေနပ်အားရနေသည်။
အရေးအကြီးဆုံးမှာ ယခုအချိန်တွင် ယဲ့ချန်းက သူတို့၏နည်းပြဖြစ်နေချေပြီ။
နောင်အနာဂတ်တွင် သူတို့က စွမ်းအင်သစ်၏ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များဖြစ်လာလိမ့်မည်ဟု သူတို့ ယုံကြည်မှုအပြည့်ရှိသည်။
"ကျောင်းအုပ်ယဲ့.. စိတ်ချပါ။ ကျွန်တော်တို့ ကြိုးစားပါ့မယ်"
ဝမ်မုန့်က အားလုံးကိုယ်စား ကတိပေးလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။
"ကြိုးစားထား.. ဟွားနိုင်ငံရဲ့အနာဂတ်ကို မင်းတို့ပဲ ဖန်တီးရမှာ"
ယဲ့ချန်းမှာ သူတို့၏သဘောထားကြောင့် အလွန်ကျေနပ်မိသည်။
သူတို့ဘာသာ စူးစမ်းရှာဖွေမှသာ ထိုအရာများကို ပိုနားလည်နိုင်မည်ဖြစ်၏။
ဤကြယ်တာရာအရင်းအမြစ်က ဤကျောင်းသားများအတွက် စမ်းသပ်မှုတစ်ခုဟု ဆိုနိုင်ပေသည်။
သူတို့သာ ဤပရောဂျက်ကို အသေးစိတ်သုတေသနလုပ်နိုင်လျှင် အနာဂတ်တွင် သူတို့အနေနှင့် ထိပ်တန်းသိပ္ပံပညာရှင်များ ဖြစ်လာလိမ့်မည်မှာ မလွဲမသွေပင်။
ယဲ့ချန်းအနေနှင့် သူတို့ကို လမ်းမှန်ပေါ်သို့ရောက်အောင် လမ်းပြပေးရုံသာလိုသည်။
ဤကျောင်းသားများအနေနှင့် ယဲ့ချန်းပြသပေးသော လမ်းကြောင်းကို လိုက်ပြီး ကြိုးစားအားထုတ်နေသရွေ့ အောင်မြင်မှုကလည်း သေချာပေါက်ရောက်လာလိမ့်မည်သာ။
ယဲ့ချန်းက လက်ချာစင်မြင့်ထက်တွင် မတ်တတ်ရပ်ပြီး သူတို့အား နျူကလီးယားပေါင်းစပ်မှုအကြောင်း ဗဟုသုတများကို သင်ပြပေးပါတော့သည်။
သူ့ရှေ့တွင် အပြာရောင်အရာတစ်ခု ပေါ်လာလေသည်။
ဤသည်မှာ ယဲ့ချန်းက 3Dနည်းပညာကိုအသုံးပြု၍ သူ့ကြယ်တာရာအရင်းအမြစ်၏တည်ဆောက်ပုံကို ကျောင်းသားများအား ပြသနေခြင်းသာ။
ယဲ့ချန်းက သူ့လက်ချောင်းများကို နှိပ်လိုက်သည်။
"ဒီကြယ်တာရာအရင်းအမြစ်က တကယ်တော့ ဓာတ်ပေါင်းဖိုအသေးစားတစ်ခုပဲ။ သေးပေမဲ့ သူ့တည်ဆောက်ပုံက အရမ်းရှုပ်ထွေးတယ်"
ကျောင်းသားတော်တော်များများက ယဲ့ချန်း၏ရှင်းပြချက်ကို ဂရုတစိုက်နားထောင်နေကြသည်။
စတားတက္ကသိုလ်၏နည်းပညာက ဤမျှအထိ အထင်ကြီးဖို့ကောင်းလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။ 3Dနည်းပညာကို အသုံးပြု၍ ရှုပ်ထွေးလှသော ဒီဇိုင်းတစ်ခုကို သူတို့ရှေ့တွင် ချပြနိုင်ပေသည်။
ဤကဲ့သို့သော နည်းပညာမျိုးက ထိပ်တန်းအဆင့်သုတေသနအဖွဲ့အစည်းများတွင်သာ ရှိသည်။
ထိုအချိန်တွင် လျှပ်စစ်ဌာနနှင့် ပညာရေးဌာနရှိ လူများက စတားတက္ကသိုလ်ထဲသို့ ဝင်လာကြသည်။ ထိုအခါ ကျောင်းဝင်းကြောင့် ချက်ချင်းအံ့ဩမှင်တက်သွားကြလေသည်။
ဟွားနိုင်ငံတွင် တက္ကသိုလ်ကောင်းများစွာ ရှိပါသော်ငြား ပတ်ဝန်းကျင်အနေအထားနှင့် အဆောက်အအုံအရာတွင်မူ စတားတက္ကသိုလ်က ထိပ်တန်းအဆင့်ပင်။
ဤသည်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျရှုံးခဲ့သော ကျောင်းသားများကို တက်ရောက်ခွင့်ပေးထားသည့် တက္ကသိုလ်တစ်ခုဟု မြင်ယောင်ကြည့်၍ မရပေ။
အရေးအကြီးဆုံးမှာ ဤကျောင်း၏လေထုအခြေအနေက အလွန်ကောင်းမွန်လှသည်။ ကျောင်းသားများ၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိနေလေဟန် အပြုံးများဖြင့် ပြည့်နှက်နေချေသည်။
ဤသည်မှာ သူတို့သိထားသော တက္ကသိုလ်နှင့် ကွာခြားနေပေသည်။
သင်ကြားရေးအဆောက်အအုံထဲသို့ ဝင်လာလိုက်သောအခါ ထိုလူတစ်သိုက်မှာ အဆင့်မြင့်လှသော ကျောင်းကြီးကြောင့် ကြက်သေသေကုန်ကြသည်။
"ဟွားနိုင်ငံမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ တက္ကသိုလ်မျိုးလည်း ရှိတာပါလား"
ကမ္ဘာကြီးကိုမြင်ဖူးသော လုပေါ်နှင့် လီစန်းတို့လည်း ထိတ်လန့်သွားသည်။
စတားတက္ကသိုလ်၏ အဆောက်အအုံများမှာ သူတို့၏သိပ္ပံတက္ကသိုလ်နှင့်ပင် ယှဉ်နိုင်လေသည်။
ဤသည်မှာ အလွန်တရာအံ့ဩဖို့ကောင်းလှသည်။
လင်းရှစ်ယင်လည်း အနားသို့ရောက်လာပြီးပြောလိုက်လေသည်။
"မင်္ဂလာပါ ခေါင်းဆောင်တို့.. ကျောင်းအုပ်ယဲ့က အခု ကျောင်းသားတွေကို စာသင်နေပါတယ်။ ခဏစောင့်ပေးပါ။ ကျွန်မ သူ့ကို သွားခေါ်လိုက်ပါ့မယ်"
"စာသင်နေတာလား"
လင်းရှစ်ယင်၏စကားကို ကြားသောအခါ လီစန်း၏မျက်ဝန်းအစုံကား လင်းလက်သွားချေသည်။
ကျောင်းအုပ်ယဲ့အကြောင်း သူ ပိုပိုပြီးစိတ်ဝင်စားသွားသဖြင့် အခွင့်အရေးကို လက်လွှတ်မခံချင်ပေ။
"ထားလိုက်ပါ။ ကျုပ်တို့ဘာသာ အထဲဝင်သွားပြီး နားထောင်လိုက်ပါ့မယ်"
တံခါးနားသို့ရောက်သောအခါ သူတို့တစ်သိုက် တံခါးဝတွင် မတ်တတ်ရပ်လိုက်ကြ၏။ လီစန်းခမျာ စင်မြင့်ထက်တွင် မတ်တတ်ရပ်နေသောလူကို မြင်သောအခါ ကြောင်အသွားလေသည်။
ဒါက ဟိုတက္ကစီဒရိုင်ဘာမဟုတ်ဘူးလား...
သို့သော် သူ့ကို ပိုထိတ်လန့်စေသည့်အရာမှာ ယဲ့ချန်းသင်ပြနေသည့် အကြောင်းအရာပင်။
ယဲ့ချန်းက နျူကလီးယားပေါင်းစပ်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို သင်ပြနေခြင်းပင်။
သူလည်း ဤနယ်ပယ်ထဲတွင် ပညာရှင်တစ်ယောက်ဖြစ်လေရာ ဤအကြောင်းအရာကို ကောင်းကောင်းနားလည်သည်။
လီစန်းခမျာ ပိုနားထောင်လေလေ ပိုထိတ်လန့်ရလေလေပင်။ ယဲ့ချန်း၏အဆင့်က ပြည်တွင်း၌ ထိပ်တန်းအဆင့်သို့ ရောက်နေပြီဖြစ်၏။
သိပ္ပံတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရထားသော လုပေါ်က ဤနယ်ပယ်ထဲမှ မဟုတ်သော်ငြား အကြမ်းဖျင်းနားလည်သည်။
အခြားလူများမှာ ယဲ့ချန်းသင်ပြနေသည့် အကြောင်းအရာများကို နားမလည်သဖြင့် လုံးဝစိတ်ရှုပ်ထွေးသွားရသည်။
သို့သော် ပါမောက္ခအိုကြီးနှစ်ယောက်၏ မျက်နှာထက်ရှိ အမူအရာများကို ကြည့်ခြင်းအားဖြင့် ယဲ့ချန်း၏သင်ပြမှုမှာ အလွန်ထူးချွန်ပြောင်မြောက်လှကြောင်း သူတို့ သိလိုက်သည်။
လီစန်းကို ပိုထိတ်လန့်စေသည်မှာ ယဲ့ချန်းသင်ပြနေသည့် သီအိုရီတော်တော်များများက သူ လုံးဝမကြားဖူးသောအရာများပင်။
ဤအရာကိုသာ တကယ်ထုတ်လုပ်လိုက်ပါက ဟွားနိုင်ငံနှင့် တစ်ကမ္ဘာလုံး၏ စွမ်းအင်သစ်နည်းပညာမှာ အသွင်ပြောင်းသွားပေလိမ့်မည်။
ဤယဲ့ချန်းက မည်သူလေလဲ။
နျူကလီးယားနယ်ပယ်ထဲရှိ ပညာရှင်အားလုံးကို လီစန်းသိသည်။ သို့သော် ယဲ့ချန်းကိုတော့ လုံးဝမကြားဖူးပေ။ အရေးအကြီးဆုံးမှာ ဤလူက သိပ်မကြာခင်ကပင် တက္ကစီမောင်းနေသေးသည်။ ယခုမူ စတားတက္ကသိုလ်၏ ကျောင်းအုပ်ပင် ဖြစ်နေလေပြီ။
လေထဲတွင် လွင့်မျောနေသော သုံးဖက်မြင်ပုံရိပ်ကို မြင်လိုက်ရချိန်တွင်မူ လီစန်း ရင်ခုန်သံစည်းချက်တစ်ချက်လွဲသွားရသည်။
ဤနည်းပညာက အလွန်တိုးတက်လှသဖြင့် ဤကဲ့သို့သောအရာကို ဖန်တီးထားနိုင်ခြင်းလေလား။
ပါမောက္ခအိုကြီးနှစ်ယောက်လည်း တံခါးနားတွင် မတ်တတ်ရပ်၍ နှစ်နာရီကျော်ခန့် နားထောင်ခဲ့ကြသည်။
ယဲ့ချန်း၏ဗဟုသုတကြောင့် သူတို့ လုံးဝအံ့အားသင့်သွားလေသည်။
ယဲ့ချန်းလည်း စာသင်ပြီးနောက် တံခါးနားသို့ ရောက်လာသည်။
လင်းရှစ်ယင်ကလည်း အမြန်မိတ်ဆက်ပေးလိုက်သည်။
"ကျောင်းအုပ်ယဲ့.. သူတို့တွေက လျှပ်စစ်ဌာနနဲ့ ပညာရေးဌာနက ခေါင်းဆောင်တွေပါ"
ယဲ့ချန်း တောင်းပန်လိုက်သည်။
"ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော် စာသင်နေတာမို့ ခင်ဗျားတို့ကို စောင့်ခိုင်းမိသလို ဖြစ်သွားတယ်"
"ကိစ္စမရှိပါဘူး။ ခင်ဗျားရဲ့အသင်အပြက အရမ်းကောင်းတယ်။ ကျုပ်တက်ဖူးသမျှထဲမှာ အကောင်းဆုံးသင်တန်းပဲ"
လီစန်းက ပြောလိုက်လေသည်။
လီစန်းကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း ခဏမျှကြက်သေသေသွားသည်။
"ခင်ဗျားက ပါမောက္ခလီလား"
လီစန်းကလည်း ပြုံးပြလိုက်သည်။
"ဟုတ်တယ်။ ငါတို့ ထပ်တွေ့ကြပြန်ပြီ"
လီစန်းမှာ ယဲ့ချန်းကြောင့် အလွန်ထိတ်လန့်သွားရသည်။
ယဲ့ချန်း ယခုသင်ပြပေးလိုက်သည့် အရာများမှာ နိုဘယ်ဆုပင် ရနိုင်ပေသည်။
အရေးအကြီးဆုံးမှာ ယဲ့ချန်းက အသက်အလွန်ငယ်သေးသည်။ မကြာသေးခင်ကမှ ဘွဲ့ရထားဟန်ရှိသည်။ သို့သော် အဆင့်မြင့်နျူကလီးယားနည်းပညာကို နားလည်နေပေသည်။
ယဲ့ချန်းလည်း သူတို့ကို ကျောင်းအုပ်ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
ဖန်မင်က ပြောလိုက်၏။
"ကျောင်းအုပ်ယဲ့.. မနေ့တုန်းက ခင်ဗျားတို့စတားတက္ကသိုလ်တစ်ဝိုက်မှာ အကြီးစားဓာတ်အားပြတ်တောက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်"
ယဲ့ချန်းကလည်း ရှောင်လွှဲ၍ ပြောမနေချေ။
"အဲဒါက ကျွန်တော်တို့ကျောင်းသားတွေရဲ့ စမ်းသပ်မှုကျရှုံးသွားလို့ဖြစ်တာပါ။ စတားတက္ကသိုလ်က ဆုံးရှုံးမှုတွေအတွက် တာဝန်ယူဖို့ အသင့်ပါပဲ။ လျော်ကြေးပေးဖို့ ကျွန်တော်တို့ လက်ခံပါတယ်"
ယဲ့ချန်း၏စကားကြောင့် လီစန်းခမျာ အလွန်အံ့ဩသွားရသည်။
"ဘယ်လိုစမ်းသပ်မှုမျိုုးလုပ်နေတာလဲ"
ယခုလေးတင် ယဲ့ချန်း ကျောင်းသားများကို သင်ပြပေးထားသော ဗဟုသုတများအကြောင်း တွေးလိုက်လျှင် ဤစမ်းသပ်မှုက နျူကလီးယားစွမ်းအင်နှင့် ပတ်သက်နေကြောင်း လီစန်း ခံစားမိသည်။
စတားတက္ကသိုလ်က နျူကလီးယားစွမ်းအင်အကြောင်း သုတေသနလုပ်နေခြင်းလေလား။
စွမ်းအင်သစ်နယ်ပယ်တွင် နျူကလီးယားစွမ်းအင်မှာ အလားအလာအကောင်းဆုံးဖြစ်ပြီး နိုင်ငံတော်တော်များများက သုတေသနပြုလုပ်နေကြသည်။
လီစန်း၏စီမံကိန်းအဖွဲ့ကလည်း ဤအကြောင်းအရာကိုပင် လုပ်နေသော်လည်း နည်းပညာပိတ်ဆို့မှုကြောင့် တိုးတက်မှုမရှိချေ။
ထိုအရာက ပတ်ပတ်လည်ရှိ အရာအားလုံးကို လျှပ်စစ်ဓာတ်အားဆုံးရှုံးစေသည်ဟူသော အချက်ကိုလီစန်း ထိတ်လန့်မိသည်။
စတားတက္ကသိုလ်၏သုတေသနက အလွန်အဆင့်မြင့်နေ၍များလား။
ဤဖြစ်နိုင်ခြေကိုတွေးမိသောအခါ လီစန်းလည်း ပင့်သက်ရှိုက်လိုက်မိသည်။
ယဲ့ချန်းက မနေ့တုန်းက စမ်းသပ်မှုကျရှုံးခဲ့သည့် စက်ကိရိယာကို သူ့စားပွဲပေါ်က ကောက်ယူပြီး ပြောလိုက်၏။
"ဒီဟာပါ။ ဒါပေမဲ့ ဒါက စမ်းသပ်မှုကျရှုံးထားတဲ့ ပစ္စည်းပါ။ သီအိုရီပိုင်းဆိုင်ရာလမ်းကြောင်းက မှန်ကန်ပေမဲ့ အသုံးချနိုင်စွမ်းမှာ အားနည်းနေပါသေးတယ်"
ယဲ့ချန်းနှင့် သူ့အဖွဲ့က ဤစက်ကို ဖန်တီးထားခြင်းဖြစ်ကြောင်း ကြားလိုက်ရချိန်ဝယ် လီစန်းခမျာ လုံးဝကြောင်အသွားချေသည်။