← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အပိုင်း ၄၁၂ - သိပ္ပံတက္ကသိုလ်ကို ထိတ်လန့်သွားစေခြင်း

လီစန်းက နျူကလီးယားနည်းပညာကို သုတေသနပြုလုပ်နေခြင်းဖြစ်ရာ ဤသည်မှာ ဓာတ်ပေါင်းဖိုတစ်ခုဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

ထို့ပြင် တည်ဆောက်မှုူပုံစံအရ ဤဒီဇိုင်းက အလွန်သင့်တော်မှန်ကန်ပေသည်။

သူတို့ကိုယ်တိုင်လည်း ဤနည်းပညာကို သုတေသနလုပ်နေပါသော်ငြား သီအိုရီပိုင်းဆိုင်ရာအဆင့်တွင်သာ ရှိသေးသည်။ သို့သော် စတားတက္ကသိုလ်ကတော့ ထိုအရာကို ထုတ်လုပ်ဖန်တီးသည့်အဆင့်သို့ ရောက်နေချေပြီ။

"ဒီဟာဖန်တီးဖို့ မင်း သူတို့ကိုလမ်းပြပေးခဲ့တာလား"

လီစန်း တအံ့တဩမေးလိုက်သည်။

ယဲ့ချန်းလည်း ခေါင်းခါယမ်းပြလိုက်သည်။

"မဟုတ်ပါဘူး။ ဒါက ကျောင်းသားတွေကိုယ်တိုင် ဖန်တီးထားတာပါ။ ဒါပေမဲ့ လက်တွေ့စမ်းသပ်မှုကျရှုံးသွားလို့ သူတို့နည်းလမ်းကို ကျွန်တော်အမှန်ပြင်ပေးထားပါတယ်"

ယဲ့ချန်း၏စကားကြောင့် အားလုံး အံ့ဩမှင်တက်သွားသည်။

ဤမျှအထင်ကြီးဖို့ကောင်းသော စက်ကိရိယာတစ်မျိုးကို ကျောင်းသားများက အောင်အောင်မြင်မြင်ဖန်တီးနိုင်ခဲ့လေသည်။

စတားတက္ကသိုလ်၏ကျောင်းသားများက စာညံ့သူများဟု ဆိုထားကြသည်မဟုတ်လော။

တကယ်တမ်းတွင် သူတို့သည် ပါရမီရှင်များသာ။

ထို့ပြင် ဤနည်းပညာက သူတို့အတွက် ခေတ်သစ်တစ်ခုကို ဆောင်ကြည်းမည့် နည်းပညာပင်။

သို့သော် ယဲ့ချန်းနှင့် သူ့အဖွဲ့ကတော့ ဤနည်းပညာကို စွန့်ပစ်လိုက်ကြသည်။

လီစန်းလည်း အသက်ပြင်းပြင်းရှူသွင်း၍ မေးလိုက်သည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျား ကျောင်းသားတွေကို သင်ပေးနေတဲ့ သီအိုရီတွေက တကယ်ဖြစ်လာနိုင်လား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ဒါပေါ့။ ကျွန်တော် ကျောင်းသားတွေကို သုတေသနဆက်လုပ်ခိုင်းထားပြီးပြီ။ မကြာခင် အောင်မြင်တော့မှာပါ"

လီစန်းမှာ 3Dပုံရိပ်ကိုကြည့်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။

ဤမျှသေးငယ်သော အရာလေးက မြောက်များလှစွာသော စွမ်းအင်ကို ထုတ်နိုင်မည်လော။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဒီဓာတ်ပေါင်းဖိုသေးသေးလေးက မိုတုမြို့တစ်ဝက်စာကို လျှပ်စစ်မီးလိုအပ်လာတိုင်း ထောက်ပံ့ပေးနိုင်တဲ့အထိ စွမ်းအင်လုံလောက်မှုရှိပါ့မလား"

ဤသည်မှာ မဖြစ်နိုင်ပေ။

မိုတုမြို့တစ်ဝက်စာကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနိုင်ခြင်းမှာ အလွန်ထိရောက်မှုရှိလှသောအရာပင်။

ပါမောက္ခလု၏မျက်ဝန်းများမှာ တောက်ပလာသည်။ ဤနည်းပညာကိုသာ ဒုံးပျံလွှတ်တင်ရေးတွင် အသုံးချနိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပေလိမ့်မည်။

လီစန်းနှင့် ပါမောက္ခလုတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန်အမူအရာများ ပြည့်နှက်သွားသည်။

ဤပရောဂျက်ကြောင့် စီနီယာပါမောက္ခနှစ်ယောက် ထိတ်လန့်သွားကြသည်။

အပြောသက်သက်ဆိုပါက ဤစကားကို သူတို့ ယုံမည်မဟုတ်ပေ။ သို့သော် ယဲ့ချန်းက အခြေခံသဘောတရားများကို ယခုလေးတင် ရှင်းပြထားပေသည်။

တစ်ဖက်လူ ပြောပြထားသည့် သဘောတရားများကို လီစန်း လေ့လာဆန်းစစ်လိုက်သောအခါ ဤကောက်နုတ်ချက်က အမှန်တကယ်ဖြစ်လာနိုင်ကြောင်း သိလိုက်ရသည်။

ထို့ပြင် ယဲ့ချန်း သူတို့ကိုပြထားသည့် စမ်းသပ်မှုကျရှုံးသွားသော ပစ္စည်းက ယခုလက်ရှိ သူတို့လုပ်ဆောင်နေသော နည်းပညာထက် သိသိသာသာအဆင့်မြင့်နေချေသည်။

"ကျောင်းအုပ်ယဲ့.. ခင်ဗျားရဲ့ပရောဂျက် တကယ်အောင်မြင်ခဲ့ရင် ဟွားနိုင်ငံရဲ့ စွမ်းအင်သစ်နည်းပညာလည်း ကမ္ဘာ့အဆင့်မီသွားတော့မှာ"

"ဒီနည်းပညာနဲ့ပတ်သက်ပြီး ရန်ပုံငွေ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ အကူအညီတစ်ခုခုလိုအပ်ခဲ့ရင် နိုင်ငံတော်ကို လျှောက်ထားလို့ရတယ်နော်"

"ပြီးတော့ လျှပ်စစ်မီးလိုအပ်ရင် ကျုပ်တို့လျှပ်စစ်ဌာနက အပြည့်အဝကူညီပေးနိုင်ပါတယ်"

အစတုန်းက ဝေဖန်ပြစ်တင်ရန် လာခဲ့ပါသော်ငြား ပါမောက္ခနှစ်ယောက်၏စကားကိုကြားပြီးနောက် သဘောထား လုံးဝပြောင်းသွားသည်။

သူ့လို ခေါင်းဆောင်ပိုင်းရှိ လူတစ်ယောက်အနေနှင့် ယခုလိုအမြင်ကျယ်မှုမျိုးမှာ ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စပင်။

ထိုလူများ၏ စိတ်လှုပ်ရှားတက်ကြွနေသော အမူအရာများကိုကြည့်လျှင် နားလည်ရန် လွယ်ကူပေသည်။

ဤနည်းပညာက အနည်းဆုံးတော့ လက်ရှိကမ္ဘာထက် ဆယ်စုနှစ်တစ်ခုစာလောက် ရှေ့ရောက်နေပေသည်။

ဤနည်းပညာသာ အောင်မြင်သွားခဲ့လျှင် ဟွားနိုင်ငံအတွက် စွမ်းအင်သစ်နယ်ပယ်တွင် အောင်မြင်မှုရရန် သေချာသွားပြီဖြစ်၏။

ချန်းမူကလည်း ကတိပေးလိုက်သည်။

"ကျောင်းအုပ်ယဲ့.. ခင်ဗျားတို့ကျောင်းက ဘာပဲလိုလို ကျုပ်တို့ပညာရေးဌာနက အပြည့်အဝပူးပေါင်းကူညီပေးမှာပါ"

ယဲ့ချန်းလည်း ခေါင်းခါယမ်းပြလိုက်သည်။

"မလိုပါဘူးဗျာ။ ကျွန်တော်တို့ကျောင်းမှာ ရန်ပုံငွေရော ပစ္စည်းကိရိယာတွေရော ရှိပါတယ်"

"ဪ.. ဒါဆိုလည်း ဟုတ်ပါပြီ။ ခင်ဗျားတို့ရဲ့သုတေသနကို ဆက်လုပ်ကြပါ။ ကျုပ်တို့ မနှောင့်ယှက်တော့ပါဘူး"

လီစန်းနှင့် အခြားလူများလည်း အလျင်စလိုရောက်လာပြီး သုတ်သုတ်ပျာပျာပြန်ထွက်သွားခဲ့သည်။

သို့သော် ဤခရီးက လီစန်းအတွက် အများကြီးအကျိုးရှိခဲ့သည်။ စတားတက္ကသိုလ်၏သုတေသနစီမံကိန်းအကြောင်း အထက်လူကြီးများကို တင်ပြရမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤပရောဂျက်ကို နိုင်ငံခြားသားများ၏လက်ထဲသို့ ရောက်သွားခွင့်မပြုနိုင်ပေ။

ချန်းမူလည်း စတားတက္ကသိုလ်ကို ဆုချီးမြှင့်၍ ပြန်လာခဲ့လိုက်သည်။

ခေါင်းဆောင်များက ဤအခြေအနေအကြောင်း သက်ဆိုင်ရာဌာနမှူးများကို တင်ပြလိုက်ပြီး စတားတက္ကသိုလ်ကို အပြည့်အဝထောက်ပံ့ပေးရန် အမိန့်ကျလာလေသည်။

စတားတက္ကသိုလ်၏ပရောဂျက်သာ အောင်မြင်သွားခဲ့လျှင် ထိုဩဇာလွှမ်းမိုးမှုက ဟွားနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက် ပြင်းထန်လိမ့်မည်သာ။

ဟွားချင်းတက္ကသိုလ်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် အသက်ခုနစ်ဆယ်အရွယ်ရှိ အဘိုးကြီးတစ်ယောက်က သူ့ကျောင်းသားများနှင့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်နေပေသည်။

လူတိုင်းက အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အမူအရာကလည်း တင်းမာနေပေသည်။

သို့သော် လက်တွေ့စမ်းသပ်မှုလုပ်ပြီးနောက် ထိုအဘိုးကြီးက အကာအကွယ်ဝတ်စုံကိုချွတ်လိုက်ချိန်ဝယ် သူ့အမူအရာကား မျှော်လင့်ချက်ပျက်သုဉ်းနေချေသည်။

ဤလက်တွေ့စမ်းသပ်မှုလည်း ထပ်ကျရှုံးပြန်လေပြီ။

အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံက လက်တွေ့စမ်းသပ်မှုများ အောင်မြင်ခဲ့သည်ဟု ကြားထားသော်ငြား သူတို့ကတော့ တိုးတက်မှုမရှိပါချေ။

ချန်ဟွားက ဟွားနိုင်ငံရှိ စွမ်းအင်သစ်နယ်ပယ်တွင် နာမည်ကြီးပညာရှင်တစ်ယောက်ပင်။

အသက်ခုနစ်ဆယ်ကျော်သည့်တိုင် သူသည် သုတေသနနယ်ပယ်၏ ရှေ့တန်းတွင် ဆက်လက်တိုက်ပွဲဝင်နေဆဲသာ။

ဤတစ်ခေါက်တွင် သူသည် နျူကလီးယားစွမ်းအင်သစ်သုတေသနကို ဦးဆောင်နေချေသည်။

သို့သော် ဤနယ်ပယ်တွင် ဟွားနိုင်ငံ၏စမှတ်ကား အမေရိကန်နိုင်ငံထက် ပိုအားနည်းနေချေသည်။

လက်ရှိအချိန်တွင် ပရောဂျက်က တိုးတက်မှုပိတ်ဆို့နေသဖြင့် လက်တွေ့စမ်းသပ်မှုများလည်း အကြိမ်ကြိမ်ကျရှုံးနေသည်။

ထိုအချိန်မှာပင် လီစန်းက အထဲသို့ ကပျာကယာဝင်လာသည်။

"ခေါင်းဆောင်ချန်.. ကျွန်တော် ခင်ဗျားအတွက် သတင်းကောင်းယူလာတယ်"

လီစန်းက ထိုသို့ပြောပြီးနောက် ဘူးတစ်ဘူးကို ဂရုတစိုက်ဖွင့်ပြီးနောက် ယဲ့ချန်းနှင့် သူ့အဖွဲ့၏ ကျရှုံးထားသောထုတ်ကုန်ကို ထုတ်ပြလိုက်သည်။

"ဒါကဘာလဲ"

ချန်ဟွားမှာ ထိုအရာကိုမြင်သော် တုံ့ခနဲရပ်တန့်သွားသည်။

လီစန်းက ပြန်ဖြေလိုက်၏။

"ဒါက စတားတက္ကသိုလ်က ကျောင်းသားတွေဖန်တီးထားတဲ့ ဓာတ်ပေါင်းဖိုအသေးစားလေးတစ်ခု"

"ဘာ? စတားတက္ကသိုလ်ကျောင်းသားတွေလား။ ကျောင်းသားတွေက ဒီလိုအဆင့်မြင့်ပစ္စည်းကို ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်တာလဲ"

ခေါင်းဆောင်ချန်လည် ချက်ချင်းပင် အံ့ဩမှင်တက်သွားသည်။

လီစန်းခမျာ ခပ်မဲ့မဲ့ပြုံးလိုက်ချေသည်။

"အစတုန်းကတော့ ကျုပ်လည်း အဲဒီလိုပဲထင်ခဲ့တာ။ ဒါပေမဲ့ သူတို့ တကယ်လုပ်ထားတာ။ ပထမဆုံးလက်တွေ့စမ်းသပ်မှုက ကျရှုံးသွားတာ။ အဲဒါကြောင့်ပဲ မိုတုမြို့ထဲက ခရိုင်တစ်ခုလုံးကို လျှပ်စစ်မီးပြတ်တောက်မှုဖြစ်သွားစေတာလေ"

"ဘာ"

လီစန်း၏စကားကြောင့် ပါမောက္ခချန်ခမျာ ကြောင်အသွားရလေသည်။

ချန်ဟွားလည်း ထိုစက်ကို ဂရုတစိုက်ကောက်ကိုင်လိုက်လေရာ သူ့အမူအရာကား ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။

ဤသည်မှာ သူတို့ အကြိမ်ကြိမ်စမ်းသပ်ခဲ့ရသည့် ပရောဂျက်ပင်။ သူတို့မှာ ယခုအထိ တပ်ဆင်မှုအဆင့်သို့ မရောက်သေးပါသော်ငြား စတားတက္ကသိုလ်ကတော့ အောင်မြင်သွားသည်။

ချန်ဟွား၏မျက်နှာထက်ရှိ အံ့အားသင့်နေဟန်အမူအရာကို မြင်သောအခါ လူတိုင်း ကြက်သေသေသွားကြသည်။

ဟွားနိုင်ငံ၏ နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အတွေ့အကြုံနှံ့စပ်သော ခေါင်းဆောင်ချန်ထံမှ ဤသို့သောအမူအရာမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

"ဒီဓာတ်ပေါင်းဖိုကို စတားတက္ကသိုလ်ကျောင်းသားတွေ လုပ်ထားတာတဲ့"

"အမှန်ပဲ။ ဒါပေမဲ့ ဒီပရောဂျက်ကို သူတို့က စွန့်လွှတ်လိုက်ပြီ"

လီစန်းက အတန်ငယ်ကိုးရိုးကားရားဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

"စွန့်လွှတ်လိုက်တာလား။ ဘာလို့လဲ"

ချန်ဟွားခမျာ ဗျာများသွားရသည်။

သူတို့မှာ ဤသို့သောဓာတ်ပေါင်းဖိုမျိုး ဖန်တီးနိုင်ရန် ကြိုးစားနေရသော်ငြား သူတို့ကတော့ ဖန်တီးနိုင်ခဲ့သည့်တိုင် စွန့်လွှတ်လိုက်လေပြီ။

လီစန်းက နေရခက်နေဟန်ဖြင့် ရှင်းပြလေသည်။

"စတားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ယဲ့က ဒီပစ္စည်းက ကုန်ကျစရိတ်အရမ်းများတယ်တဲ့။ သူတို့က ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ စွမ်းအင်ချွေတာနိုင်မဲ့ ဓာတ်ပေါင်းဖိုမျိုးကို သုတေသနလုပ်နေကြတယ်"

ချန်ဟွားခမျာ ဤစကားကိုကြားသော် လုံးဝကြောင်အသွားသည်။

နေ့စဉ်နေ့တိုင်း လက်တွေ့စမ်းသပ်နေသော ဤသုတေသီများမှာ သူတို့ သုတေသနပြုလုပ်နေသော အရာများမှာ စွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုံးဝကြောင်အကုန်သည်။

"ပါမောက္ခလီ... ခင်ဗျားပြောတာ အမှန်ပဲလား။ တက္ကသိုလ်ကျောင်းသားတွေက ဘယ်လိုလုပ်ပြီး ဒီလိုအရည်အသွေးရှိတဲ့ ဓာတ်ပေါင်းဖိုမျိုးကို ဖန်တီးနိုင်မှာလဲ"

"ဟုတ်တယ်။ စတားတက္ကသိုလ်တဲ့လား။ တစ်ခါမှမကြားဖူးဘူး။ နိုင်ငံခြားက ပစ္စည်းကြီးကိုယူလာပြီး ကျုပ်တို့ကို လာနောက်နေတာလား"

သုတေသီများမှာ ဤအရာကို တက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည်ဆိုခြင်းကို မယုံနိုင်ကြသေးပေ။

လီစန်းလည်း ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။

"ဒါက ကျုပ် စတားတက္ကသိုလ်ကရလာတဲ့ လက်တွေ့စမ်းသပ်မှုကျရှုံးထားတဲ့ ပစ္စည်းတစ်ခုပါဆိုမှ"

ချန်ဟွားလည်း ဤဓာတ်ပေါင်းဖိုကို လေးလေးနက်နက်အကဲခတ်ကြည့်ပြီးနောက် ပြောလိုက်သည်။

"ဒီစက်က အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်။ သူတို့က ဖြတ်လမ်းနည်းလိုက်ထားတာ။ ကျုပ်တို့ ဘာလို့ ဒီလိုမတွေးမိတာလဲ။ လူငယ်မျိုးဆက်တွေက သိပ်ကြောက်ဖို့ကောင်းလိုက်တာ"

"စကားမစပ် လီစန်း.. ကျုပ် အဲဒီစတားတက္ကသိုလ်ကျောင်းသားတွေကို လိုချင်တယ်"

ချန်ဟွားက စိတ်လှုပ်ရှားတက်ကြွစွာ ပြောလိုက်လေသည်။

"ဒီလိုပါရမီမျိုးနဲ့ဆိုရင် သူတို့ရဲ့အရည်အချင်းကို သိပ္ပံတက္ကသိုလ်တွေမှာ အသုံးချလို့ရတယ်။ တက္ကသိုလ်မှာနေနေတာက သူတို့ရဲ့ပါရမီကို ဖြုန်းတီးသလိုဖြစ်နေမှာ"

ချန်ဟွားမှာ ဤကျောင်းသားများ၏ဉာဏ်ရည်ကြောင့် အံ့အားသင့်သွားရသည်။

ဤစကားကိုကြားသော် လီစန်းက အနေခက်ဟန်ဖြင့် ပြောလိုက်၏။

"ပါမောက္ခချန်.. အဲဒါကတော့ နည်းနည်းခက်လိမ့်မယ်"

•••••••••••••••••

အပိုင်း ၄၁၃ - ပြဿနာရှာနေသော တိုက်ရိုက်ထုတ်လွှင့်သူ

ချန်ဟွားက စတားတက္ကသိုလ်ကျောင်းသားများကို သူ့အလုပ်သင်အဖြစ် ခေါ်ယူချင်နေပေသည်။

သို့သော် လီစန်းက နည်းနည်းခက်သည်ဟု ဆိုလာချေသည်။

ချန်ဟွားမှာ ခဏမျှကြက်သေသေသွားသည်။

"ငါတို့သိပ္ပံတက္ကသိုလ်ရဲ့သုတေသနကိရိယာတွေနဲ့ရော နည်းပညာနဲ့ရော သူတို့ကိုဆွဲဆောင်လို့မရဘူးလား"

လီစန်းက အနေခက်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဆရာချန်.. အမှန်အတိုင်းပြောရရင် ကျုပ်တို့ရဲ့သုတေသနကိရိယာတွေက စတားတက္ကသိုလ်လောက် မကောင်းဘူး။ ပြိးတော့ သူတို့ဆရာက နျူကလီးယားစွမ်းအင်ဘာသာရပ်မှာ ကျုပ်တို့ထက် ပိုသာတဲ့ ပါမောက္ခယဲ့နော်"

လီစန်းမှာ သူ့ဆရာကို စိတ်ဓာတ်ကျအောင် မလုပ်ချင်သော်လည်း အဆုံးတွင်မူ အမှန်တရားကို ပြောလိုက်ရသည်။

"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လီစန်းက ဆက်ပြောလိုက်၏။

"ပြီးတော့ အခု သူတို့က ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး စွမ်းအင်ချွေတာနိုင်တဲ့ ပရောဂျက်အသစ်တစ်ခုကို သုတေသနလုပ်နေကြတယ်။ အဲဒီကျောင်းသားတွေ လာမှာမဟုတ်လောက်ဘူး"

"ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေပြီး စွမ်းအင်ချွေတာနိုင်မယ်တဲ့လား"

ချန်ဟွားခမျာ တစ်ဖန်အံ့ဩသွားရပြန်သည်။

ထိုအခါ လီစန်းလည်း ယဲ့ချန်းထံမှ သူကြားခဲ့ရသော သင်ခန်းစာများအကြောင်း ပြန်ပြောပြလိုက်သည်။

လီစန်းပြောပြသော သီအိုရီကိုကြားသောအခါ ထိုနေရာရှိလူတိုင်း ကြောင်အသွားသည်။

အထူးသဖြင့် ချန်ဟွားပင်။

လီစန်းပြောပြသည့် နျူကလီးယားပေါင်းစပ်မှုကို အသုံးပြု၍ ဓာတ်ပေါင်းဖိုများ ဖန်တီးမည့်အကြောင်းအရာကား သူတို့၏နားလည်နိုင်စွမ်းကို ကျော်လွန်နေပေသည်။

သို့သော် ချန်ဟွားမှာ နျူကလီးယားစွမ်းအင်ပညာရှင်တစ်ယောက်အနေနှင့် ထိုသီအိုရီကို နားထောင်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ဤသီအိုရီက ဖြစ်နိုင်ခြေရှိသည်။ အောင်မြင်မှုရခြင်းကလည်း မဆန်းပါချေ။

ချန်ဟွား၏ရင်ထဲ အကြီးအကျယ်စိတ်လှုပ်ရှားသွားရသည်။ သူသည် နျူကလီးယားစွမ်းအင်သစ်အကြောင်း နှစ်ပေါင်းများစွာကြာအောင် ရှာဖွေဖော်ထုတ်ခဲ့သည်။

အသက်ခုနစ်ဆယ်ကျော်အရွယ်တွင် သူ အနားယူသင့်နေပြီဖြစ်၏။

သို့သော် သုတေသနရှေ့တန်းတွင် အလုပ်လုပ်နေဆဲပင်။

ဘာအတွက်လဲ။

ဟွားနိုင်ငံ၏စွမ်းအင်သစ်ကဏ္ဍ တိုးတက်ရန်အတွက်ပင်။

ချန်ဟွားက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်သည်။

"လီစန်း.. စတားတက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီးနဲ့ မိတ်ဆက်ပေးလို့ရမလား။ အဲဒီတက္ကသိုလ်ကိုသွားပြီး ဒီဆရာကို သွားနှုတ်ဆက်သင့်တယ်"

လီစန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။ သူတို့ကို ချက်ချင်းဆက်သွယ်လိုက်မယ်"

ထိုအချိန်တွင် ယဲ့ချန်းက တက္ကစီအမှာစာတချို့ကို လိုက်ပို့ပေးပြီးသွားသဖြင့် လက်ဖက်ရည်ဆိုင်တွင် နေ့လယ်ခင်းလက်ဖက်ရည်သောက်ရန် နားနေချေသည်။

ဤလက်ဖက်ရည်ဆိုင်က တောင်တန်းများနှင့် မြစ်ချောင်းများအနားတွင် တည်ရှိသည်။ ရနံ့မွှေးကြိုင်သော လက်ဖက်ရည်ကို သောက်ရင်း ငြိမ့်ညောင်းသောဂီတသံကို နားထောင်ရသည်မှာ အလွန်သာယာလှသည်။

ဤလက်ဖက်ရည်ဆိုင်တွင် မကြာသေးခင်က ရသစုံရှိုးတစ်ခုလည်း ရိုက်ထားသေးသဖြင့် ငြိမ်းချမ်းဆိတ်ငြိမ်လှသော ပတ်ဝန်းကျင်က လူတော်တော်များများကို လက်ဖက်ရည်သောက်ချင်လာအောင် ဆွဲဆောင်နေပေသည်။

ဤသို့ဖြင့် ဤလက်ဖက်ရည်ဆိုင်တွင် ပုံမှန်ထက်ပိုပြီး ဧည့်သည်ပိုများနေသည်။

ဤနေရာကား အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပင်။

ယဲ့ချန်း၏ဘဝကား လိုတရနေချေသည်။ မနက်ပိုင်းတွင် ကျောင်းသားများကို နှစ်နာရီခန့် စီမံကိန်းသုတေသနအတွက် သင်ကြားပေးပြီးနောက် တက္ကစီမောင်းသည်။

တကယ်တမ်းတွင် ယဲ့ချန်းမှာ ငွေကြေးချို့တဲ့မနေပေ။ သူ့အနေနှင့် အိမ်မှာနေလျှင်ပင် ပိုက်ဆံများက သူ့အကောင့်ထဲသို့ ဆက်တိုက်ဝင်နေမည်သာ။

သို့သော် ယဲ့ချန်းက လေ့လာလိုက်စားရသည်ကို ဝါသနာပါသောကြောင့် မတူညီသော နေထိုင်မှုပုံစံများကို အမျိုးမျိုးကြိုးစားကြည့်ချင်သည်။

ယဲ့ချန်း လက်ဖက်ရည်သောက်နေချိန်မှာပင် ဘေးနားရှိ စားပွဲမှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ဒုံးပျံလက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုထျန်းရှန်"

"အရမ်းကျေးဇူးတင်ပါတယ် မွမွ"

...

လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လက်ဖက်ရည်သောက်သည့် နေရာဖြစ်သဖြင့် ထိုနေရာရှိ လူများမှာ ဤပတ်ဝန်းကျင်တွင် အလွန်သတိထား၍နေကြသည်။

စကားပြောလျှင်ပင် အသံတိုးတိုးလေးဖြင့် ပြောကြသည်။

သို့သော် ဤမိန်းကလေးကတော့ တိုက်ရိုက်ထုတ်လွှင့်ရင်း သူ့ပရိသတ်များနှင့် စကားပြောနေချေသည်။

အရေးအကြီးဆုံးမှာ သူ(မ)၏အသံက အလွန်ကျယ်လောင်လှသည်။ သူ(မ)၏အသံက လက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံးတွင် ဟိန်းနေချေသည်။

"ဒီနေ့ ကျွန်မ နာမည်ကြီးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တာ။ ဒီနေရာရဲ့ရှုခင်းက ဘယ်လောက်လှလဲဆိုတာ ကျွန်မပြမယ်။ ဟားဟား.. ခဏနေရင် လက်ဖက်ရည်သောက်ရင်း တိုက်ရိုက်ထုတ်လွှင့်ဦးမှာမို့ လာကြည့်ပေးကြဦးနော်"

ထိုတိုက်ရိုက်ထုတ်လွှင့်သူက ထိုသို့ပြောရင်း အချိုပွဲပန်းကန်ကို ဆွဲယူလိုက်သည်။

"ဝိုး.. ဒီကိတ်က အရမ်းချိုပြီး အရမ်းအရသာရှိတာပဲ"

ထိုအခိုက်ဝယ် လူတိုင်းက ထိုတိုက်ရိုက်ထုတ်လွှင့်သူကို မျက်စောင်းထိုး၍ ကြည့်လိုက်ကြသည်။

လူအမြောက်အများက ဤနေရာမှာ ရှုခင်းလှပြီး ငြိမ်းချမ်းဆိတ်ငြိမ်ကာ လက်ဖက်ရည်သောက်ရင်း အပန်းဖြေနိုင်သောကြောင့် လက်ဖက်ရည်လာသောက်ကြခြင်းပင်။

သူ(မ)၏အော်ဟစ်သံကြောင့် လက်ဖက်ရည်ဆိုင်၏လေထုကား လုံးဝပျက်စီးသွားလေပြီ။

"ဟေး.. မင်း တခြားနေရာမှာ လိုက်ဖ်သွားလွှင့်လို့မရဘူးလား။ ဒီနေရာက လက်ဖက်ရည်ဆိုင်နော်။ အပြုအမူဆင်ခြင်စမ်းပါ"

"ဟုတ်တယ်။ တိတ်တိတ်လေးနေစမ်းပါ။ မင်းကြောင့် သာယာနေတဲ့ပတ်ဝန်းကျင်က ပျက်စီးသွားပြီ"

"ငါတို့က အနားယူဖို့အတွက် ဒီနေရာကို လက်ဖက်ရည်လာသောက်တာ။ မိန်းကလေး... မင်းလုပ်ရပ်က လွန်သွားပြီ"

...

ဤတိုက်ရိုက်ထုတ်လွှင့်သူက အသံကျယ်လွန်းလှသဖြင့် လက်ဖက်ရည်လာသောက်ကြသော လူကုံထံများမှာ မနေနိုင်တော့သည့်အဆုံး သူ(မ)ကို ပြောဆိုကြလေတော့သည်။

သို့သော် ထိုမိန်းကလေးကတော့ ဂရုမစိုက်ပေ။

မန်နေဂျာဖြစ်သူက ဤအခြင်းအရာကိုမြင်သော် မျက်မှောင်ကြုတ်၍ သူ့ဘေးရှိ စားပွဲထိုးကို မျက်ရိပ်ပြလိုက်သည်။

စားပွဲထိုးကလည်း ခေါင်းညိတ်ပြပြီး ထိုမိန်းကလေးနားသို့ လျှောက်သွားလိုက်၏။

"မိန်းကလေး.. ခအသံလျှော့ပေးလို့ရမလား။ တခြားဧည့်သည်တွေ လက်ဖက်ရည်သောက်နေတာကို အနှောင့်အယှက်မပေးပါနဲ့လား"

တိုက်ရိုက်ထုတ်လွှင့်ရင်း ပျော်ရွှင်နေသော ထိုမိန်းကလေးမှာ စားပွဲထိုးက သူ(မ)အား တိတ်တိတ်နေခိုင်းနေသဖြင့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိသည်။

ဖော်လိုဝါတစ်သန်းရှိသော ဆယ်လီတစ်ယောက်ဖြစ်သည့် ဟုန်းဟုန်းခမျာ သာမန်စားပွဲထိုးတစ်ယောက်ထံမှ ဆူပူခံလိုက်ရသည့်အတွက် ဒေါသထွက်သွားလေသည်။

"ငါလည်း ပိုက်ဆံပေးထားတဲ့ ဧည့်သည်ပါနော်။ ပိုက်ဆံပေးထားပြီးသား။ ငါ့ဘာသာ လက်ဖက်ရည်သောက်ရင်း စကားကျယ်ကျယ်ပြောတာ ပြောလို့မရဘူးလား"

"ဒါပေမဲ့ ကျွန်မတို့ဧည့်သည်တွေက ဒီနေရာမှာ ဆိတ်ငြိမ်အေးချမ်းလို့ လက်ဖက်ရည်လာသောက်ကြတာပါ။ ရှင်က တခြားလူတွေကို နှောင့်ယှက်သလိုဖြစ်နေတယ်"

"ဟမ့်.. နင်က သက်သက်လူတန်းစားခွဲခြားနေတာ။ တခြားလူတွေလည်း စကားပြောနေကြတာပါပဲ။ ငါ့ကိုမှ ဘာလို့လာပြောနေတာလဲ"

"ဒါပေမဲ့ တခြားဧည့်သည်တွေက ရှင့်ကို ကွန်ပလိန်းတက်နေကြတယ်လေ"

"ကွန်ပလိန်းတက်တာလား။ သူတို့ သည်းမခံနိုင်ရင်လည်း ဒီမှာဆက်မနေနဲ့ပေါ့။ တိတ်တိတ်လေးနေချင်ရင် အိမ်မှာနေလေ။ အပြင်ကို ဘာလို့ထွက်လာတာလဲ"

ထိုမိန်းကလေးက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ပြဿနာရှာနေလေသည်။

စားပွဲထိုးကလည်း နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"မိန်းကလေး.. ကျွန်မကို အကျပ်ရိုက်အောင်မလုပ်ပါနဲ့။ အသံနည်းနည်းတိုးပေးလို့ရမလား"

ယခုမူ စားပွဲထိုးက သူ(မ)ကို တောင်းပန်ရလုမတတ်ပင်။

"မရဘူး။ တိုက်ရိုက်ထုတ်လွှင့်တာက ငါ့အလုပ်ပဲ။ နင်က ငါတို့တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဘာလို့ ခွဲခြားဆက်ဆံနေတာလဲ"

ထိုမိန်းကလေးက ထိုသို့ပြောရင်း သူ(မ)၏ဖုန်းကို ကောက်ကိုင်လိုက်သည်။ သို့သော် တိုက်ရိုက်ထုတ်လွှင့်ချိန်တွင်မူ အစောတုန်းက မောက်မာနေသောပုံစံမှာ ပျောက်ကွယ်သွားပြီး သနားစရာလေးဖြစ်သွားလေသည်။

"သူတို့ ကျွန်မကို အရမ်းအနိုင်ကျင့်ကြတာပဲ။ ကျွန်မက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ဟာကို မောင်းထုတ်နေကြတယ်။ ကျွန်မက ဒီလိုနေရာမျိုးမှာ လက်ဖက်ရည်သောက်ခွင့်မရှိဘူးတဲ့။ စားပွဲထိုးကလည်း ရိုင်းလိုက်တာ။ ကျွန်မကို တွန်းထုတ်လိုက်သတဲ့။ တိုက်ရိုက်ထုတ်လွှင့်သူဘဝက ခက်ခဲလိုက်တာနော်"

ထိုမိန်းကလေးက အလွန်ပါးနပ်ချေသည်။ သူ(မ)က စားပွဲထိုးနှင့် စကားများနေချိန်တွင် ကင်မရာပိတ်ထားသည်။

သို့သော် ယခုမူ တိုက်ရိုက်ထုတ်လွှင့်မှု ပြန်စချိန်၌ သနားစရာကောင်းအောင် လုပ်ပြနေပေသည်။

ယခုလို ပန်းနုသွေးသည့် နည်းလမ်းက အလွန်ထိရောက်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များမှာ ချက်ချင်းဆိုသလို ဒေါသထွက်သွားကြသည်။

"သေစမ်း... တိုက်ရိုက်ထုတ်လွှင့်သူက ဘာဖြစ်နေလို့လဲ။ တိုက်ရိုက်ထုတ်လွှင့်သူတွေကရော လူတွေမဟုတ်ဘူးလား"

"ငါတို့ဟုန်းဟုန်းကိုများ အနိုင်ကျင့်ရဲတယ်ပေါ့။ စိတ်မပူနဲ့။ ငါတို့ပရိသတ်တွေ မင်းအတွက် တရားမျှတအောင်လုပ်ပေးမယ်"

"ဟုတ်တယ်။ ဒီလက်ဖက်ရည်ဆိုင်က မေ့ထွမ်မှာ အဆင့်သတ်မှတ်ချက်ပေးရတာ။ အားလုံးပဲ.. မကောင်းတဲ့ရီဗျူးတွေသွားပေးကြ"

"ဟုတ်တယ်။ စားသုံးသူအဖွဲ့အစည်းကို ဒီလက်ဖက်ရည်ဆိုင်အကြောင်း တိုင်ချက်ဖွင့်ရအောင်"

"ပြီးတော့ မောက်မာတဲ့ အဲဒီစားပွဲထိုးရဲ့သတင်းအချက်အလက်ကိုလည်း ရှာကြ"

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် မှတ်ချက်များဖြင့် ပြည့်နှက်နေသည်။

ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဆိုလျှင် ဟုန်းဟုန်း၏ ဒဏ်ရာရသွားသော နှလုံးသားလေးကို ပြန်ကုစားရန်အတွက် ဒုံးပျံများ လက်ဆောင်ပေးလိုက်သေးသည်။

စားပွဲထိုးက ကျေးလက်ဘက်က တက်လာသည့် မိန်းမငယ်လေးတစ်ယောက်မျှသာ။ ထို့ကြောင့် ယခင်က ယခုလိုအဖြစ်မျိုးကို လုံးဝမမြင်ဖူးပေ။

ဒိတ်ဒိတ်ကြဲသူဌေးကြီးများက လက်ဆောင်များစွာ ပေးနေကြကြောင်း မြင်လိုက်ရချိန်ဝယ် ဟုန်းဟုန်းခမျာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"ဟေ့... နင် ငါ့ကို ဘာလို့တွန်းတာလဲ။ နင်တို့ဆိုင်က စားသုံးသူတွေကို အနိုင်ကျင့်နေတာလား"

...

ထိုစားပွဲထိုးလေးခမျာ ကြောင်အနေပေသည်။

သူ(မ)မှာ ထိုမိန်းကလေးကို ထိပင်မထိရသေးပေ။ သူ(မ) ဘယ်တုန်းက တွန်းမိလို့လဲ။

"ဘာ.. ငါတို့ဟုန်းဟုန်းကိုများ တွန်းရဲတယ်ပေါ့။ မဖြစ်ဘူး။ ငါတို့ ဒီအတိုင်းထားလို့မဖြစ်တော့ဘူး"

"အမလေး သူတို့က ကျွန်မဖုန်းကိုလုပြီး ကျွန်မကိုရိုက်ကြမလို့တဲ့"

လူတွေအများကြီးက လက်ဆောင်များပေးနေကြကြောင်း မြင်လိုက်ရသောအခါ ဟုန်းဟုန်းလည်း ပို၍ပင် ဝမ်းသာသွားသည်။

ဤအဖြစ်မှာ ကောင်းမွန်စွာ ထိန်းချုပ်ထားခြင်းဖြစ်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်းဟုန်းလည်း ဒိတ်ဒိတ်ကြဲသူဌေးကြီးများထံမှ ဒုံးပျံအများကြီးကို လက်ခံရရှိလိုက်သည်။

သူ(မ)က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များကို အမြဲသရုပ်ဆောင်ပြပြီး အရူးလုပ်ခဲ့သည်။

သူ(မ)ဘက်က အမှားလုပ်ထားသည်မှာ သိသာသော်ငြား စားပွဲထိုးနှင့် လက်ဖက်ရည်ဆိုင်ကို အပြစ်ပုံချလိုက်သည်။

ဤပရိသတ်များအားလုံးက ဟုန်းဟုန်း၏အမာခံပရိသတ်များဖြစ်လေရာ သူ(မ)၏စကားကို အပြည့်အဝယုံကြည်ကြသည်။

သူတို့၏တိုက်ရိုက်ထုတ်လွှင့်သူလေး အနိုင်ကျင့်ခံနေရကြောင်း မြင်လိုက်ရချိန်မှာ သူတို့လည်း ချက်ချင်းဒေါသူပုန်ထကုန်ကြသည်။

•••••••••••••••••

အပိုင်း ၄၁၄ : မောက်မာသော တိုက်ရိုက်ထုတ်လွှင့်သူအမျိုးသမီး

ဟုန်းဟုန်း၏တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် မှတ်ချက်များ ပလူပျံနေပေသည်။

"လွန်လိုက်တာ။ ဒါက ဘယ်လက်ဖက်ရည်ဆိုင်လဲ"

"အဲဒီစားပွဲထိုးကို လိုက်ရှာကြ။ အရမ်းမောက်မာလွန်းတယ်"

"ဟားဟား... လက်ဖက်ရည်ဆိုင်က တော်တော်ကောင်းလှပြီထင်နေတာ။ ငါ လင့်ခ်ရှာတွေ့ထားလို့ ဂရုထဲမှာ ရှဲထားတယ်။ အားလုံးပဲ.... ရီဗျူးမကောင်းကြောင်း သွားရေးကြ"

အသံခပ်တိုးတိုးပြောရန် ဖျောင့်ဖျမိခြင်းမှာ ပယခုလိုရုတ်ရုတ်သဲသဲဖြစ်သွားစေလိမ့်မည်ဟု စားပွဲထိုးလေးကလည်း ထင်မထားချေ။

သူ(မ)ခမျာ အလွန်ထိတ်လန့်သွားသဖြင့် အမြန်ပြောလိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်မကို ပစ်မှတ်မထားကြပါနဲ့။ ကျွန်မ မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ"

ဟုန်းဟုန်းက အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့၍ ထိုစားပွဲထိုးတောင်းပန်နေချိန်မှာ ကင်မရာကို တမင်ပိတ်ထားလိုက်သည်။

"သူတို့က ကျွန်မဖုန်းကိုတောင် လုချင်နေကြတာ။ လွန်လွန်းတယ်"

"အမလေး... စားပွဲထိုးက ကျွန်မကို ရိုက်မလို့လုပ်သေးတယ်"

ဤအင်တာနက်ဆယ်လီက ကိုယ့်ဘာသာဇာတ်လမ်းဆင်၍ ကိုယ့်ဘာသာသရုပ်ဆောင်နေချေသည်။ သူ(မ)၏သရုပ်ဆောင်စွမ်းရည်က ရုပ်ရှင်ဧကရာဇ်အဆင့်ရှိသည်။

သူ(မ)က မောက်မာနေမှန်း သိသာပါသော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်မူ အနိုင်ကျင့်ခံနေရသူနှယ် ပြုမူနေသည်။

ဟုန်းဟုန်းက ယခုလိုကျွမ်းကျင်မှုကြောင့် အင်တာနက်ဆယ်လီဖြစ်လာခြင်းပင်။

သူ(မ)က ဖန်သားပြင်အလှည့်အပြောင်းနှင့် လေသံအဖိအဖော့များတွင် အလွန်ကျွမ်းကျင်သည်။ သူ(မ)၏ပရိသတ်များကလည်း အလံန်သစ္စာရှိကြသဖြင့် သူ(မ)ပြောသမျှကို ယုံကြည်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လက်ဖက်ရည်ဆိုင်နှင့် စားပွဲထိုးကို ဝေဖန်ရှုတ်ချထားသည်။

ဟုန်းဟုန်းက လေသံပြောင်းပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်ကာ မန်နေဂျာကိုပြောလိုက်သည်။

"နင်တို့ဆိုင်က လက်ဖက်ရည်ဆိုင်သေးသေးလေးတစ်ဆိုင်နော်။ ငါ့ကို ရန်စရဲတယ်ပေါ့။ ငါ ဘယ်သူလဲဆိုတာသိလား။ ငါက ပရိသတ်သိန်းဂဏန်းလောက်ရှိတဲ့ အင်တာနက်ဆယ်လီနော်။ နင်တို့ရဲ့ရီဗျူးကိုလည်း ကြည့်ဦး။ အခုဆိုရင် ၆အောက်ကိုတောင် ရောက်နေပြီ။ နင်တို့ ငါ့ကို တရားဝင်မတောင်းပန်ဘူးဆိုရင် နင်တို့ဆိုင်ကို ရီဗျူးအနိမ့်ဆုံးဖြစ်အောင်လုပ်ပြမယ်"

ဤအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူ၏ ခြိမ်းခြောက်မှုကြောင့် လူတော်တော်များများမှာ မကျေမနပ်ဖြစ်သွားကြသည်။

ဤမိန်းကလေးက အမှားလုပ်ထားသည်မှာ သိသာလှသည်။ အစတုန်းက လက်ဖက်ရည်ဆိုင်လေးက အလွန်အေးချမ်းဆိတ်ငြိမ်ပါသော်ငြား သူ့ကြောင့် ဝရုန်းသုန်းကားဖြစ်သွားရသည်။ သူတို့ဘက်က သူ(မ)ကို အသံလျှော့ရန် တောင်းဆိုခဲ့ပါသော်ငြား သူ(မ)ကတော့ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရင်း ကိစ္စကို အကြီးအကျယ်ဖြစ်အောင် လုပ်ပစ်ခဲ့သည်။

မန်နေဂျာမှာ ဤစကားကိုကြားသော် မျက်နှာပျက်သွားပြီး သူတို့လုပ်ငန်းစု၏ အက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်သည်။

ရုတ်ခြည်းပင် မန်နေဂျာခမျာ ထိတ်လန့်သွားသည်။

ထိုအထဲတွင် ဟုန်းဟုန်း၏ဖော်လိုဝါများ ချန်ရစ်ခဲ့သည့် မကောင်းသောရီဗျူးများဖြင့် ပြည့်နေချေသည်။

"ဒီလက်ဖက်ရည်ဆိုင်ကို လာမသောက်ကြနဲ့။ လက်ဖက်ရည်ထဲမှာ ဆေးတွေခပ်ထားတာ"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ ဒီလက်ဖက်ရည်ဆိုင်မှာသောက်ခဲ့တာ လက်ဖက်ရည်ထဲမှာ ယင်ကောင်တစ်ကောင်တွေ့တယ်"

"စားပွဲထိုးကလည်း ဧည့်သည်တွေအပေါ် အရမ်းမာရေကျောရေရှိတယ်။ ငါတော့ မသွားနဲ့လို့ ပြောချင်တယ်"

"ဆိုင်ထဲမှာ ဓားခုတ်ကောင်တွေရော ကြွက်တွေရောရှိတယ်။ တော်တော်ရွံဖို့ကောင်းတာ"

…..

အစတုန်းက ဤလက်ဖက်ရည်ဆိုင်မှာ အဆင့်၉.၈ရှိခဲ့ပါသော်လည်း ဤဆယ်လီ၏ဖော်လိုဝါများကြောင့် ၆.၂သာ ရှိတော့သည်။

မန်နေဂျာလည်း အကြောင်သားဖြစ်သွားရသည်။

ယခုလိုသာဆက်ဖြစ်နေလျှင် သူ့လက်ဖက်ရည်ဆိုင်ကို ဆက်လည်ပတ်နိုင်တော့မည်မဟုတ်ချေ။

မန်နေဂျာတွင်လည်း ရွေးချယ်စရာမရှိတော့ပေ။ ဆန္ဒမရှိပါသော်ငြား သူ့အနေနှင့် ဤအင်တာနက်ဆယ်လီကို တောင်းပန်ရပေမည်။

"မိန်းကလေး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့ဘက်က မှားသွားတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

မန်နေဂျာက စိတ်ရင်းအမှန်ဖြင့် တောင်းပန်ပြီး ထိုအင်တာနက်ဆယ်လီကိုပင် ဦးညွတ်လိုက်သေးသည်။

ထိုမိန်းကလေးကမူ အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်သည်။

"ဒီလောက်မာန်တက်နေပြီးတော့မှ အခုကျတော့ တောင်းပန်နေပြီပေါ့။ နင်တို့ပဲ ငါ့ကို အသံလျှော့ခိုင်းတာလေ။ နင်တို့က လူကို အထင်သေးခဲ့တာမဟုတ်လား"

"မဟုတ်ပါဘူး ကျွန်တော်တို့…"

မန်နေဂျာခမျာ ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။ သူက စားပွဲထိုးကတစ်ဆင့် သူ(မ)ကို အသံလျှော့ရန် ပြောခဲ့ရုံသက်သက်သာ။ ဤမိန်းမက ယခုလိုအထိ ပြဿနာရှာလိမ့်မည်ဟု ထင်မထားချေ။

လက်စသတ်တော့ ဤမိန်းမက ဖော်လိုဝါသိန်းဂဏန်းခန့်ရှိသော အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်နေပေသည်။

ရုတ်ခြည်းပင် သူတို့၏ဆိုင်မှာ သေရေးရှင်ရေးအခြေအနေနှင့် ကြုံရတော့သည်။

မန်နေဂျာက မေးလိုက်၏။

"မိန်းကလေး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ ဘာများလုပ်ပေးရမလဲ"

ထိုမိန်းကလေးက နှာရှုံ့လိုက်ပြန်သည်။

"နင်တို့ကို ခွင့်လွှတ်ရမှာလား။ ဒီစားပွဲထိုးကို အလုပ်ဖြုတ်လိုက်"

စားပွဲထိုး၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ သူ(မ)က ကျေးလက်ဘက်က မြို့ပေါ်သို့ တက်လာပြီး ခက်ခက်ခဲခဲနှင့် အလုပ်ရှာထားရသူပင်။

သူ(မ)၏အဖေက အပြင်းအထန်ဖျားနာနေသဖြင့် သူ(မ)၏လစာကိုသာ မှီခိုနေရသည်။

ယခုမူ ဤဆယ်လီက သူဌေးဖြစ်သူအား သူ(မ)ကို အလုပ်ဖြုတ်ခိုင်းနေသည်။

သူ(မ)ဘက်ကလည်း ဘာအမှားမှမလုပ်ထားပေ။

တကယ်တမ်းတွင် မန်နေဂျာကသာ သတိပေးခိုင်းခြင်းဖြစ်၏။

မန်နေဂျာကမူ အေးစက်ခက်ထန်‌သော အမူအရာဖြင့် စားပွဲထိုးမလေးကို ပြောလိုက်သည်။

"ရှောင်ချန်း.. မင်းကို အလုပ်ဖြုတ်လိုက်ပြီ"

"မန်နေဂျာ ဘာလို့လဲ"

ရှောင်ချန်းက ဝမ်းပန်းတနည်းပြောလိုက်သည်။

"ဘာလို့လဲဟုတ်လား။ ငါက မင်းကို ဒီမိန်းကလေးကို သတိပေးရုံလောက်ပဲ ပြောခိုင်းတာလေ။ အဲဒါကို နင်က သူ့ကို စော်ကားလိုက်တယ်ပေါ့။ ရှောင်ချန်း.. မစော်ကားသင့်တဲ့လူကို သွားစော်ကားမိတာ နင့်အပြစ်ပဲ"

ဤစကားကိုကြားသော် ရှောင်ချန်းခမျာ မျက်ရည်များ ကျလာတော့သည်။

သူ(မ)၏စိတ်ထဲ အလွန်နာကျည်းမိသည်။

"ကျွန်မကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ"

"စားပွဲထိုးက ဘာအမှားမှလုပ်မထားဘူးလေ။ သူ့ကို ဘာလို့အလုပ်ဖြုတ်ရတာလဲ"

"အဲဒီအင်တာနက်ဆယ်လီဘက်က အမှားလုပ်ထားတာလေ။ စားပွဲထိုးကို ဘာလို့အနိုင်ကျင့်နေတာလဲ"

ထိုအချိန်တွင် စားသုံးသူများမှာ သည်းမခံနိုင်တော့သဖြင့် ဝေဖန်ကြလေတော့သည်။

သို့သော် မန်နေဂျာကမူ သူ့ဆိုင်နှင့်ပတ်သက်ပြီး မကောင်းသည့်မှတ်ချက်များ တက်မလာအောင် ကာကွယ်ရန်အတွက် အင်တာနက်ဆယ်လီကိုသာ တောင်းပန်နေချေသည်။

ထို့ကြောင့် သူ(မ)က အလွန်မောက်မာနေချေသည်။

"ဟားဟား တွေ့လား။ ဒီအစ်မကြီးမှာ ပရိသတ်သိန်းဂဏန်းလောက်ရှိတယ်။ ငါ့ကို စော်ကားမိရင် ကိုယ့်ပြဿနာကိုယ်ရှာတာနဲ့ အတူတူပဲ။ ငါ့ကို ရန်စတဲ့လူတွေက ဒီလိုအဖြစ်နဲ့ပဲကြုံရမှာ။ အဆုံးသတ်လှမှာမဟုတ်ဘူး။ ကောင်မလေး မှတ်ထားလိုက်"

ယဲ့ချန်းလည်း ဘေးနားက စောင့်ကြည့်ရင်း အမူအရာမှာ အေးစက်ခက်ထန်သွားသည်။

ပုံမှန်ဆိုလျှင် သူသည် ကြားမဝင်တတ်ပါသော်ငြား ဤအင်တာနက်ဆယ်လီ၏ မောက်မာမှုကြောင့် ကြားဝင်ချင်စိတ်ပေါက်လာသည်။

ယဲ့ချန်းက ပျင်းနေသောကြောင့် ဖုန်းကြည့်နေမိသဖြင့် ဤဖြစ်စဉ်အစအဆုံးကို ဗီဒီယိုရိုက်ထားလိုက်သည်။

အစတုန်းက ဤအင်တာနက်ဆယ်လီသာ တိတ်တိတ်လေးနေလိုက်မည်ဆိုလျှင် ယဲ့ချန်းလည်း ဘာပြဿနာမှရှာမည်မဟုတ်။

သို့သော် ယခုမူ သူ(မ)က သက်သက်ပြဿနာရှာပြီး မန်နေဂျာကိုပါ စားပွဲထိုးမလေးအား အလုပ်ထုတ်ခိုင်းနေသည်။

အစမှ အဆုံးထိတိုင် ဤအင်တာနက်ဆယ်လီက မောက်မာနေခဲ့သည်။ ထိုဖြစ်စဉ်များအားလုံးကို သူ ဗီဒီယိုရိုက်ယူထားသည်။

စားပွဲထိုးလေးက အင်တင်တင်ဖြစ်နေပါသော်ငြား လက်ဖက်ရည်ဆိုင်ထဲက ကန်ထုတ်ခံလိုက်ရသည်။ ထိုမိန်းကလေးခမျာ အပြင်သို့ ထွက်ရင်း မျက်ရည်များကလည်း စီးကျနေချေသည်။

သူ(မ)၏အဖေက နာမကျန်းဖြစ်နေလေရာ သူ(မ)၏လစာသာ မရှိလျှင် ဆေးကုသစရိတ်လည်း ရှိမည်မဟုတ်ပေ။

လက်ဖက်ရည်ဆိုင်က အလုပ်ဖြုတ်ခံလိုက်ရပြီဖြစ်ရာ သူ(မ)တွင် နေစရာနေရာမရှိတော့ပေ။

ဤမျှကြီးမားလှသော မြို့ကြီးထဲတွင် သူ(မ)၏နေရာဟု ဆိုနိုင်မည့်နေရာတစ်ခုလေးပင် မရှိချေ။

ထို့ပြင် ထိုအင်တာနက်ဆယ်လီက သူ(မ)၏ဖော်လိုဝါများကို သူ(မ)အား ခြေရာခံရန် ခိုင်းထားသေးသည်။ အင်တာနက်အကြမ်းဖက်မှု၏ ပြင်းထန်မှုကို သူ(မ) ကောင်းကောင်းသိသည်။

သူ(မ)ခမျာ စိတ်ပူပင်သောကရောက်နေသဖြင့် ကိုယ့်အသက်ကိုယ် အဆုံးစီရင်ရန်ပင် တွေးနေမိသည်။

ရှောင်ချန်းတစ်ယောက် စိတ်ပျက်အားငယ်နေချိန်မှာပင် လူတစ်ယောက်က သူ(မ)၏ဘေးနားသို့ ရောက်ချလာသည်။

"ညီမလေး.. မငိုနဲ့။ ကိုယ် အစအဆုံးမြင်လိုက်တယ်။ မင်းအမှားမဟုတ်ပါဘူး"

တစ်စုံတစ်ယောက်က သူ(မ)ကို ချော့မော့နေသောအခါ ရှောင်ချန်းလည်း ခေါင်းမော့ကြည့်ပြီးနောက် ထိုလူ့ကို ကျေးဇူးတင်လိုက်သည်။

"အစ်ကို.. ကျွန်မ အရမ်းနာကျည်းမိတယ်။ ကျွန်မ ဘာအမှားမှလုပ်မထားဘဲနဲ့ မြို့ပေါ်ကလူတွေက ဘာလို့ ဒီလောက်တောင်ဆိုးရတာလဲ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"မြို့သားတိုင်းက မဆိုးပါဘူး။ မင်းက မကောင်းတဲ့လူတွေနဲ့ ကြုံခဲ့ရလို့ပါ။ စိတ်ချ.. ကိုယ်ရှိတယ်။ မင်းကို ကူညီပေးမယ်။ မနက်ဖြန်ကျရင် မင်း အလုပ်လာလို့ရတယ်"

"တကယ်လား"

ရှောင်ချန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"တကယ်ပြောတာ။ ဒီအင်တာနက်ဆယ်လီလည်း သူနဲ့ထိုက်တန်တဲ့အပြစ်ကို ခံရမှာ။ စိတ်ချထားလိုက်.. တရားမျှတမှုက နှောင့်နှေးချင်နှောင့်နှေးလိမ့်မယ်။ ဒါပေမဲ့ ပျောက်ကွယ်မသွားစေရဘူး"

"ကျေးဇူးတင်ပါတယ် အစ်ကို"

ရှောင်ချန်းလည်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကားမောင်းထွက်လာခဲ့သည်။

ထိုအချိန်တွင် အင်တာနက်ဆယ်လီကတော့ လက်ဖက်ရည်ကို အေးအေးလူလူသောက်နေချေသည်။ ဤဖြစ်ရပ်ကြောင့် သူ(မ)၏ပရိသတ်အရေအတွက်က ပိုတိုးလာပြီး လက်ဆောင်များကလည်း ပုံမှန်ထက် နှစ်ဆပိုများသွားခဲ့သည်။

"ငါ ဉာဏ်လျင်လို့ တော်သေးတာပေါ့။ ဒီအကြံက အရမ်းမိုက်တာပဲ"

ဖော်လိုဝါများကို ရလိုက်ပါသော်ငြား မိန်းကလေးတစ်ယောက်၏ဘဝကို ဖျက်ဆီးလိုက်မိပြီဖြစ်ကြောင်း သူ(မ) လုံးဝတွေးမိမည်မဟုတ်ချေ။

"ကျွန်မအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှင်တို့တွေက အရမ်းတော်တာပဲ"

အင်တာနက်ဆယ်လီက အသည်းပုံလေး လုပ်ပြလိုက်သည်။

သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်မှုက ဆူညံနေပါသော်ငြား မန်နေဂျာခမျာ ဘာမှမပြောရဲပေ။

ဧည့်သည်များကလည်း ဒေါသထွက်လွန်းသဖြင့် လက်ဖက်ရည်ဆိုင်ထဲက ချက်ချင်းထွက်သွားကြလေတော့သည်။

အင်တာနက်ဆယ်လီကတော့ အလွန်ကျေနပ်နေချေသည်။ ထိုအချိန်မှာပင် တော်ဝင်ဧကရာဇ်အဆင့် အကောင့်တစ်ခုက သူ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရုတ်တရက်ပေါ်လာသည်။

"အမလေး.. ဒါက ဒဏ္ဍာရီလာတက္ကစီဒရိုင်ဘာအစ်ကိုကြီးမဟုတ်လား"

All Chapters