အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အပိုင်း ၄၁၈ : မင်းတို့အဖွဲ့ထဲကို ငါဝင်လို့ရမလား
နျူကလီးယားဓာတ်ပေါင်းဖိုက နိုင်ငံတကာတွင် စာရွက်စာတမ်းများနှင့် သီအိုရီအဆင့်မျှသာ ရှိသေးသည်။
သို့သော် ယခုမူ တက္ကသိုလ်ကျောင်းသားတစ်စုက ပုံကြမ်းတစ်ခုကိုပင် ဖန်တီးပြီးသွားလေပြီ။ ဤအဖြစ်ကြောင့် ချန်ဟွား ထိတ်လန့်သွားရလေသည်။
အထူးသဖြင့် တစ်ဝက်ပြီးစီးထားပြီဖြစ်သော ထိုပစ္စည်းတွင် တည်ဆောက်ပုံနှင့် ဒီဇိုင်းပိုင်းမှာ အလွန်ခေတ်ဆန်လှသည်။
"ကျောင်းအုပ်ယဲ့... ငါကြည့်ဖို့အတွက် သူတို့ကို လက်တွေ့စမ်းသပ်မှုတစ်ခုလောက် လုပ်ပြခိုင်းလို့ရမလား"
ချန်ဟွားလည်း မမေးဘဲ မနေနိုင်တော့ချေ။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ရတာပေါ့"
ထို့နောက် ယဲ့ချန်းက ဝမ်မုန့်ကို ပြောလိုက်သည်။
"အရင်က စမ်းသပ်မှုကို ပြန်လုပ်ကြ"
"ဒါပေမဲ့ ကျောင်းအုပ်ယဲ့.. ဒါက ပုံကြမ်းပဲရှိသေးတယ်။ နျူကလီးယားပေါင်းစပ်မှုက ထုတ်လုပ်တဲ့ စွမ်းအင်က တော်တော်နည်းတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အဆင်ပြေပါတယ်။ ပါမောက္ခချန် သေချာပေါက်အံ့သြသွားမှာ"
ဝမ်မုန့်လည်း ခေါင်းညိတ်ပြပြီးနောက် သူ့အဖွဲ့ဝင်များနှင့်အတူ စမ်းသပ်မှုကို လုပ်ဆောင်လိုက်သည်။
နျူကလီးယားဓာတ်ပေါင်းဖိုမှ ထုတ်လွှတ်လိုက်သော စွမ်းအင်ကို မြင်သောအခါ ချန်ဟွားခမျာ လုံးဝထိတ်လန့်သွားရသည်။
ချန်ဟွား၏ခန္ဓာကိုယ်ကား တုန်ယင်လျက်ရှိ၏။
ဤသည်မှာ ပုံကြမ်းအဆင့်မျှသာ ရှိသေးသော်လည်း တိုးတက်ဖွံ့ဖြိုးမှုများအပြင် သူ အမြဲအိပ်မက်မက်ခဲ့ရသော စွမ်းအင်အသစ်ကိုပါ ထုတ်လုပ်နိုင်ခဲ့သည်။
သူ့အိပ်မက်ကို ကျောင်းသားများက ဖော်ဆောင်နိုင်ခဲ့သည်။
"ငါ စမ်းသပ်ဖို့အတွက် ဒြပ်စင်တချို့ကို ထုတ်ယူလို့ရမလား"
ချန်ဟွားက စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဟိုနားမှာ စမ်းသပ်ရေးကိရိယာတွေရှိပါတယ်။ စိတ်ကြိုက်သုံးလို့ရပါတယ်"
ချန်ဟွားက ထုတ်ယူထားသော ကုန်ကြမ်းပစ္စည်းများကို စမ်းသပ်လိုက်လေရာ ရလဒ်ကြောင့် ဆွံ့အသွားချေသည်။
သာမန်နျူကလီးယားစွမ်းအင်က နျူကလီးယားရောင်ခြည်ကို ထုတ်လွှတ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ထိုသို့သောပစ္စည်းများကို ဂရုတစိုက်ကိုင်တွယ်ရသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဂျပန်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ယိုစိမ့်မှုကြောင့် ဆုံးရှံးနစ်နာမှုများစွာရှိခဲ့သည်။
သို့သော် ယဲ့ချန်းထုတ်ယူထားသော ကုန်ကြမ်းပစ္စည်းက ခန္ဓာကိုယ်ကို မထိခိုက်စေသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း မဖြစ်စေပေ။
ဤသည်မှာ တစ်ကမ္ဘာလုံးရှိ သိပ္ပံပညာရှင်များ အသည်းအသန်သုတေသနလုပ်နေသော စွမ်းအင်အသစ်ပင်။
ဤသို့သောနည်းပညာကို ယဲ့ချန်းက ရှာဖွေတွေ့ရှိထားမည်ဟု ချန်ဟွား လုံးဝထင်မထားပေ။
အကြီးအကဲချန်၏ စိတ်လှုပ်ရှားနေသော အမူအရာကိုမြင်သည့်တိုင် ယဲ့ချန်းကမူ မတုန်လှုပ်ချေ။
သီအိုရီက မှန်ကန်သော်ငြား ထုတ်လုပ်လိုက်သည့် စွမ်းအင်ကမူ ရေနွေးတစ်အိုးပင် မဆူစေနိုင်ချေ။
ယဲ့ချန်း၏အမြင်တွင်မူ ဤသည်မှာ အသုံးမဝင်ပေ။
သူတို့ ဘယ်နေရာတွင် ကျရှုံးသွားသလဲဆိုသည်ကို ယဲ့ချန်း ချက်ချင်းသိလိုက်သည်။
နျူကလီးယားပေါင်းစပ်မှုဆိုသည်မှာ နျူထရွန်နှင့် အင်တမ်တို့၏ ပေါင်းစပ်မှုဖြစ်၏။ သူတို့၏ဖော်မြူလာထဲတွင် အဆင့်တစ်ဆင့်ကို မေ့ကျန်ခဲ့သည်။
ထို့ကြောင့် နျူထရွန်အရေအတွက်က အက်တမ်နှင့် အချိုးအစားမညီမျှတော့သဖြင့် ပြဿနာပေါ်လာခြင်းဖြစ်၏။
ပြဿနာကို သူသိပါသော်ငြား ထုတ်မပြောချေ။
ဤသို့သောအရာများမှာ သူတို့ကိုယ်တိုင် အဖြေရှာတွေ့မှ တန်ဖိုးရှိမည်ဖြစ်၏။
ယဲ့ချန်သာ ရှင်းပြလိုက်လျှင် လုပ်ငန်းစဉ်ကို မြန်သွားစေမည်ဖြစ်သော်လည်း ကျောင်းသားများ၏တိုးတက်မှုအတွက် အထောက်အကူမဖြစ်တော့ချေ။
သို့သော် ထိုအချိန်တွင် ချန်ဟွားကမူ ထိုကိရိယာကို ရတနာတစ်ပါးနှယ်ကိုင်ထားပြီး ကြည့်နေသည်။
ချန်ဟွားက စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလိုက်၏။
"ကျောင်းအုပ်ယဲ့.. ငါ့မှာ တောင်းဆိုစရာတစ်ခုရှိတယ်။ မင်းတို့ရဲ့သုတေသနအဖွဲ့ထဲကို ငါဝင်လို့ရမလား"
ထိုအခိုက်ဝယ် ချန်ဟွား၏အမူအရာမှာ သိပ္ပံတက္ကသိုလ်၏ခေါင်းဆောင်တစ်ယောက်နှင့် မတူတော့ဘဲ ပညာလိုချင်နေသော ကျောင်းသားတစ်ယောက်နှယ်။
သို့သော် ချန်ဟွား၏ရည်ရွယ်ချက်ကို ယဲ့ချန်း ချက်ချင်းနားလည်လိုက်သည်။
ယဲ့ချန်းက ပြောလိုက်၏။
"ကျွန်တော်ကတော့ ဒီကိစ္စကိုဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ဒီပရောဂျက်က ကလေးတွေပိုင်တာလေ"
ယဲ့ချန်း၏စကားကိုကြားသော် ယဲ့ချန်းက ကျောင်းသားများကို ဆုံးဖြတ်ခွင့်ပေးလိုက်ကြောင်း ချန်ဟွား သဘောပေါက်လိုက်သည်။
အကြီးအကဲချန်က ကိုးရိုးကားရားပြုံးပြပြီး ဝမ်မုန့်ကို ပြောလိုက်၏။
"ကျောင်းသားလေး.. မင်းတို့အဖွဲ့ထဲကို ငါဝင်လို့ရမလား"
အပြင်လူများသာ ဤမြင်ကွင်းကိုမြင်ပါက ထိတ်လန့်သွားပေလိမ့်မည်။
လေးစားရပါသော ပါမောက္ခချန်ဟွားက ကျောင်းသားအဖွဲ့တစ်ဖွဲ့သို့ ဝင်ရောက်ရန် တောင်းဆိုနေခြင်းမှာ မယုံနိုင်စရာကောင်းလှသည်။
ချန်ဟွား၏စကားကို ကြားလိုက်ရသောအခါ ဝမ်မုန့်လည်း အံ့အားသင့်သွားလေသည်။
နာမည်ကျော်ပါမောက္ခချန်က သူတို့၏အဖွဲ့ထဲသို့ ဝင်ချင်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။
"အကြီးအကဲချန်.. နောက်နေတာမလား"
ချန်ဟွား၏ပုံစံကမူ စိတ်ရင်းစစ်မှန်လေသည်။
"တကယ်ပြောနေတာပါ။ ကျောင်းသားတို့.. ငါ တကယ် မင်းတို့အဖွဲ့ထဲကိုဝင်ချင်တာ။ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးလေးပေးပါ"
ဝမ်မုန့်ခမျာ ကြောင်အသွားလေသည်။
အစတုန်းက စနောက်နေသည်ဟု ထင်ပါသော်ငြား အကြီးအကဲချန်က တကယ်ပြောနေခြင်းပင်။
ဝမ်မုန့်က ပြောလိုက်၏။
"ဆုံးဖြတ်ချက်မချခင် ကျွန်တော်တို့ အရင်ဆွေးနွေးရဦးမယ်ဗျ"
ချန်ဟွားလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေပေသည်။
ဝမ်မုန့်က ဆွေးနွေးရန်အတွက် လူစုလိုက်၏။
မကြာခင်မှာပင် ဝမ်မုန့်က အားနာနေဟန်အမူအရာဖြင့် ပြန်ရောက်လာသည်။
"တောင်းပန်ပါတယ် အကြီးအကဲချန်.. ကျွန်တော်တို့ ဒီပရောဂျက်ကို ကိုယ့်ဘာသာပြီးအောင်လုပ်ချင်ပါတယ်"
ဝမ်မုန့်တို့အဖွဲ့က ချန်ဟွား၏ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လိမ့်မည်ဟု မည်သူမှထင်မထားပေ။
ချန်ဟွားလည်း ကြက်သေသေသွားသည်။
သူအငြင်းခံရလိမ့်မည်ဟု လုံးဝထင်မထားချေ။
သူသည် နျူကလီးယားစွမ်းအင်နယ်ပယ်တွင် သြဇာညောင်းသူတစ်ယောက်ဖြစ်၏။ အကယ်၍ သူသာ အဖွဲ့ထဲသို့ ဝင်လာပါက ပရောဂျက်လုပ်ငန်းစဉ်လည်း သေချာပေါက်မြန်ဆန်သွားပေလိမ့်မည်။
သို့သော် ဤကျောင်းသားများကတော့ ငြင်းလိုက်လေသည်။
ဝမ်မုန့်တို့တစ်သိုက်က ဖြတ်လမ်းမလိုက်ချင်သလို မစဉ်းစားဘဲ အဖြေထုတ်ခြင်းကိုလည်း မလိုလားပေ။ သူတို့အနေနှင့် ကိုယ့်အားကိုယ်ကိုး၍ ပရောဂျက်ကို အပြီးသတ်ချင်သည်။
သို့မှသာ သူတို့အနေနှင့် များများတိုးတက်နိုင်မည်ဖြစ်၏။
ချန်ဟွားကမူ သူ့အဆင့်အတန်းနှင့် ကျောင်းသားများထံမှ အငြင်းခံရလိမ့်မည်ဟု ထင်မထားပေ။
သို့သော် ဘာမှလည်းမတတ်နိုင်ပေ။ ဤကျောင်းသားများက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။ သူ့အနေနှင့် ကျောင်းသားများကို အာဏာသုံး၍မရပေ။ ထိုပုံစံမှာ သူ့ပုံစံလည်း မဟုတ်ချေ။
အဖွဲ့ထဲသို့ မဝင်နိုင်သည့်အတွက် ယဲ့ချန်း အလွန်စိတ်ပျက်သွားရသည်။
သို့သော် ယဲ့ချန်းကမူ အားရကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ချန်ဟွားသာ အဖွဲ့ထဲသို့ဝင်လာလျှင် ပရောဂျက်လုပ်ငန်းစဉ်မှာ အများကြီးအရှိန်မြင့်လာမည်ဖြစ်၏။
ချန်ဟွားက ထိပ်တန်းပညာရှင်တစ်ယောက်ပင်။ သို့သော် ထိုသို့ဆိုလျှင် ကျောင်းသားများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်မဟုတ်ပေ။
ယဲ့ချန်းက စနစ်ရှိနေသောကြောင့် အောင်မြင်ခြင်းပင်။
သို့သော် သူတို့ကတော့ ကိုယ်ပိုင်ကြိုးစားမှုဖြင့် အောင်မြင်ခဲ့သည်။
ထို့နောက် ယဲ့ချန်းက ချန်ဟွားကို ဓာတ်ခွဲခန်းထဲသို့ လိုက်ပြခဲ့သည်။
ချန်ဟွားခမျာ ယဲ့ချန်းကြောင့် ထိတ်လန့်သွားရသည်။
နျူကလီးယားရောင်ခြည်ကို ဖယ်ရှားနိုင်သည့် ကိရိယာတစ်ခုကို မြင်သောအခါ သူ စိတ်လှုပ်ရှားစွာ မေးလိုက်၏။
"ဒီလိုစက်မျိုး နောက်တစ်ခုရှိသေးလား။ ငါတို့ကို ရောင်းပေးလို့ရမလား"
ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်၏။
"တောင်းပန်ပါတယ်။ ဒီစက်က တစ်လုံးတည်းပဲရှိတာပါ"
ချန်ဟွားလည်း နောင်တတကြီးခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စတားတက္ကသိုလ်ကို ပိုစိတ်ဝင်စားလာသည်။
စတားတက္ကသိုလ်၏ နည်းပညာမှာ ကမ္ဘာ့အဆင့်မီနေလေပြီ။
လှည့်ပတ်ကြည့်ရှုပြီးနောက် ယဲ့ချန်းနှင့် ချန်ဟွားလည်း ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်ရှိ သတင်းထောက်များက ချန်ဟွားကို အင်တာဗျူးချင်ပါသော်ငြား သူတို့က ငြင်းလိုက်၏။
စတားတက္ကသိုလ်၏ပရောဂျက်က ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လေရာ သူ့အနေနှင့် ဖော်လိုက်၍မဖြစ်ပါချေ။
သို့မဟုတ်ပါက အခြားနိုင်ငံများက သေချာပေါက်ဝင်နှောင့်ယှက်လိမ့်မည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများက ဟွားနိုင်ငံ အင်အားကြီးလာမည်ကို မမြင်ချင်ကြပေ။
အကြီးအကဲချန်က အင်တာဗျူးဖြေရန် လက်မခံသော်ငြား စတားတက္ကသိုလ်သို့ ချန်ဟွားလာရောက်လည်ပတ်သွားသည့်သတင်းက လူအများကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
အကြီးအကဲချန်က အချိန်အများစုကို ဓာတ်ခွဲခန်းထဲတွင်သာ နေတတ်သူဖြစ်ပြီး လူရှေ့သို့ မထွက်သည်မှာ ကြာလှလေပြီ။ စတားတက္ကသိုလ်သို့ သွားရောက်လည်ပတ်ချိန်မှာ ပထမဆုံးအကြိမ် လူရှေ့သို့ထွက်ခြင်းပင်။
စတားတက္ကသိုလ်နှင့် တရုတ်သိပ္ပံတက္ကသိုလ်က ပူးပေါင်းမှုတစ်ခုကို ဆောင်ရွက်ကြလိမ့်မည်ဟု လူအများစုက ခန့်မှန်းနေကြသည်။
ဖုတန်တက္ကသိုလ်တွင် ကျောင်းအုပ်ရှန့်ချန်ခမျာ မကျေမနပ်ဖြစ်နေပေသည်။
အကြီးအကဲချန်ကဲ့သို့ အထင်ကရပုဂ္ဂိုလ်တစ်ယောက်က ဖုတန်တက္ကသိုလ်ကိုသာ လာရောက်လည်ပတ်သင့်သည်။ သို့သော် ထိုအစား စတားတက္ကသိုလ်ကို သွားခဲ့ပေသည်။
ဤသည်မှာ ဖုတန်တက္ကသိုလ်ကို ပါးဖြတ်ရိုက်လိုက်ခြင်းမဟုတ်လော။
ပိုအရေးကြီးသည်မှာ အကယ်၍ အကြီးအကဲချန်က စတားတက္ကသိုလ်သို့သွားသည်ဆိုခြင်းမှာ သိပ္ပံသုတေသနပရောဂျက်တစ်ခုကို လုပ်ဆောင်ဖို့လေလား။
ဖုတန်တက္ကသိုလ်က နိုင်ငံအတွင်း ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်၏။ ယခုမူ ရှန်ချန်တစ်ယောက် ဖိအားများနေလေပြီ။
ရှန့်ချန်၏အကြောက်တရားမှာ အမှန်တကယ်ဖြစ်လာလေပြီ။ အကယ်၍ ဤအရာသာတကယ်ဖြစ်လာပါက စတားတက္ကသိုလ်က ဟွားနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များကို ကျော်တက်ကာ ဖုတန်တက္ကသိုလ်၏အဆင့်အတန်းကိုပင် ခြိမ်းခြောက်လာနိုင်သည်။
•••••••••••••••••
အပိုင်း ၄၁၉ : အတန်းဖော်ကိုဆုချခြင်း
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီဆက်မောင်းခဲ့သည်။
ဤတစ်ခေါက်တွင် ဝမ်ရှန်းမြို့မှ အော်ဒါတစ်ခုကို လက်ခံလိုက်သည်။
ခရီးသည်က ကောက်ကြောင်းလှပပြီး နေကာမျက်မှန်တပ်ထားသော မိန်းမလှလေးတစ်ယောက်ပင်။
"ကြိုဆိုပါတယ်"
ယဲ့ချန်းက သူ(မ)ကားထဲသို့ ဝင်လာသောအခါ ပြုံးလျက် ပြောလိုက်လေသည်။
ထိုမိန်းကလေးက ကားထဲသို့ ဝင်လာပြီးနောက် ယဲ့ချန်း၏ဘေးတိုက်မျက်နှာကို လှမ်းကြည့်လိုက်ချိန်ဝယ် အစတုန်းက မှင်တက်သွားသော်ငြား နောက်ပိုင်းတွင် အံ့သြသွားသည်။
"ယဲ့ချန်းလား"
ယဲ့ချန်းလည်း အံ့အားသင့်သွားလေသည်။ တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ရုပ်ရည်ရမှတ်၉၈ရှိသော မျက်နှာလှလှလေးတစ်ခုကို တွေ့လိုက်ရသည်။
ထိုမိန်းကလေး၏ ရှည်လျားဖြောင့်စင်းနေသောဆံနွယ်၊ ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော ကိုယ်လုံးကိုယ်ဖန်နှင့် ရှည်လျားသွယ်လျသော ဖြူဖွေးဖွေးခြေထောက်လေးများက ညှို့ငင်နေချေသည်။
ယဲ့ချန်းလည်း တဒင်္ဂမျှ တုံ့ဆိုင်းသွားသည်။
"မိန်းကလေး.. ကျွန်တော်တို့ သိလို့လား"
ထိုမိန်းကလေးကမူ ယဲ့ချန်း၏စကားကြောင့် စိတ်ပျက်သွားဟန်ပင်။
"ကျွန်မကို မမှတ်မိဘူးပဲ။ ကျွန်မက ထန်ရှောင်ဖေးလေ"
ဤနာမည်ကိုကြားသော် ယဲ့ချန်း ရုတ်တရက်အမှတ်ရလိုက်သည်။
"သြော်.. မင်းက ငါ့ထိုင်ခုံဖော်ပဲ။ ဒါပေမဲ့ ဂျူနီယာအထက်တန်းကျောင်းတုန်းက မင်း ကျောင်းပြောင်းသွားတာနော်"
ယဲ့ချန်း၏စကားကြောင့် ထန်ရှောင်ဖေးလည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ မှတ်မိပြီပဲ...
ယဲ့ချန်းက ရယ်လိုက်၏။
"တိုက်ဆိုင်လိုက်တာ။ အခုလိုမျိုးဆုံရတယ်လို့"
ထန်ရှောင်ဖေးက စာသင်နှစ်တစ်နှစ်စာမျှ ယဲ့ချန်း၏ထိုင်ခုံဖော် ဖြစ်ခဲ့ဖူးသည်။ ယခင်က သူ(မ)သည် အတန်းထဲတွင် အလှဆုံးမိန်းကလေးပင်။ သို့သော် တတိယနှစ်တွင် သူ(မ)က ကျောင်းပြောင်းသွားခဲ့သည်။
ဂျူနီယာအထက်တန်းနှင့်ယှဉ်လျှင် ယခု ထန်ရှောင်ဖေးမှာ ပိုဆွဲဆောင်မှုရှိနေလေပြီ။
အထူးသဖြင့် နတ်ဘုရားမအလား ရုပ်ရည်နှင့် ဖမ်းစားနိုင်စွမ်းရှိသော ကိုယ်လုံးကိုယ်ဖန်နှင့် ပေါင်းစပ်လိုက်သောအခါ ပုရိသများအနေနှင့် ခုခံနိုင်စွမ်းကင်းမဲ့သွားသည်။
"ဟမ့်... ခုနတုန်းက ကျွန်မကိုမမှတ်မိဘူးနော်။ အရမ်းဝမ်းနည်းတာပဲ"
ထန်ရှောင်ဖေးခမျာ နာကျင်သွားလေဟန်အမူအရာမျိုး လုပ်ပြနေလေသည်။
ယဲ့ချန်းလည်း ရှက်ရွံ့လေဟန်ဖြင့် ပြုံးလိုက်လေသည်။
"မင်း အများကြီးပြောင်းလဲသွားပြီနော်။ နေကာမျက်မှန်တပ်ထားတော့ မမှတ်မိဘူး"
"တအားပြောင်းလဲသွားလို့လား"
ထန်ရှောင်ဖေးက မေးလိုက်လေသည်။
"ဒါပေါ့။ အများကြီးပိုလှလာတယ်"
ယဲ့ချန်းက ပြုံးလိုက်၏။
"ဟွန်း.. ရှင်လည်း မိန်းကလေးတွေကို ပျော်အောင်လုပ်တဲ့နေရာမှာ ပိုတော်လာပါတယ်"
ထန်ရှောင်ဖေးက ပြုံးပြလိုက်သည်။
"ဒါပေမဲ့ ရှင်လည်း အများကြီးပြောင်းလဲသွားတယ်
"တကယ်လား"
ယဲ့ချန်းမှာ အနည်းငယ်အံ့အားသင့်သွားသည်။
"ဟုတ်တယ်။ ရှင် အရမ်းချောလာတယ်။ အပြောကလည်း ပိုချိုလာတယ်"
"တကယ်လား"
ယဲ့ချန်း ကိုးရိုးကားရားပြုံးလိုက်လေသည်။
အနားမှာ မိန်းမလှလေးများ ဝိုင်းနေလေရာ အပြောချိုအောင် လေ့ကျင့်ထားရမည်သာ။
ထန်ရှောင်ဖေး ရယ်လိုက်မိသည်။
"ရှင့်ရုပ်ရည်နဲ့ အပြောချိုပုံအရဆိုရင် မိန်းကလေးတွေကြားမှာ တော်တော်နာမည်ကြီးမှာသေချာတယ်။ ကျောင်းမှာတုန်းက ရှင်က တစ်ယောက်တည်းနေတတ်တာ။ မိန်းကလေးတွေဘယ်နှယောက်လောက်တောင် ရှင့်ကို ကြိတ်သဘောကျခဲ့မှန်းမသိဘူး"
ယဲ့ချန်းက ရယ်လိုက်သည်။
"တကယ်လား။ ငါတော့မသိပါဘူး"
ထန်ရှောင်ဖေး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ရှင်က ကျွန်မတို့ကျောင်းမှာ အသည်းကျော်လေးလေ"
ယဲ့ချန်းမှာမူ ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။
"ကဲ နောက်မနေနဲ့တော့... အသည်းကျော်လေးတဲ့... မင်းကရော ကျောင်းရဲ့အလှလေးမဟုတ်ဘူးလား။ မင်း ရုတ်တရက်ကြီးကျောင်းပြောင်းသွားလို့ ယောကျ်ားလေးတွေအများကြီး အသည်းကွဲကုန်ကြမှာပဲ"
ထန်ရှောင်ဖေးကမူ လှောင်ရယ်လိုက်သည်။
"အရင်တုန်းက ရှင် ကျွန်မကို သိပ်အရေးမလုပ်ခဲ့ဘူးနော်။ တစ်ချက်လေးတောင်မကြည့်ဘူး"
ယဲ့ချန်းခမျာ ကိုးရိုးကားရားရယ်လိုက်သည်။
"တကယ်လား။ မင်း အခု ဘာအလုပ်လုပ်လဲ"
ထန်ရှောင်ဖေး၏ စုပုပ်ပုပ်မျက်နှာကို မြင်သောအခါ ယဲ့ချန်းလည်း စကားလမ်းကြောင်းလွှဲလိုက်ရသည်။
"အခု ကျွန်မ ဝတ္ထုရေးနေတယ်။ အွန်လိုင်းစာရေးသူပေါ့"
ထန်ရှောင်ဖေးက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။
"အွန်လိုင်းစာရေးဆရာမလား။ မိုက်တာပေါ့။ ဒီလောက်လှတဲ့ စာရေးဆရာမမှာ ပရိသတ်တွေအများကြီးရှိမှာပဲ"
ထန်ရှောင်ဖေးခမျာ ရှက်သွေးဖြာသွားလေသည်။
"မဟုတ်ပါဘူး။ ကျွန်မက ရုန်းကန်နေရတဲ့ စာရေးသူတစ်ယောက်ပါ။ သိပ်နာမည်မကြီးပါဘူး။ ပြီးတော့ အခုမှ ကျောင်းတက်နေရတုန်းဆိုတော့ ဝတ္ထုရေးတာက ကုန်ကျစရိတ်ကာမိရုံပဲရှိတာ။ သိပ်မရပါဘူး"
"ဟုတ်တယ်။ မင်းက ကျောင်းမှာတုန်းကလည်း စာစီစာကုံးရေးတာ အရမ်းတော်ခဲ့တာလေ။ စာရေးဆရာမဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်းက ပြုံးလိုက်၏။
"ဒါနဲ့ ရှင် တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်နိုင်တယ်လို့ သတင်းကြားတယ်။ ဘာလို့ တက္ကစီမောင်းနေရတာလဲ"
ထန်ရှောင်ဖေးမှာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
သူ(မ)၏စိတ်ထဲတွင်မူ ယဲ့ချန်းသည် ကျောင်းတုန်းက ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး အနာဂတ်ကလည်း တောက်ပနေပေသည်။
"ဪ.. တက္ကစီမောင်းတာလည်း ကောင်းပါတယ်။ မဟုတ်ရင် မင်းနဲ့ ဘယ်ဆုံပါ့မလဲ"
ယဲ့ချန်းက ရယ်လိုက်လေသည်။
"ဟုတ်တယ်။ ကံကြမ္မာပဲပေါ့။ တက္ကစီမောင်းတာလည်း မဆိုးပါဘူး။ လွတ်လပ်တယ်။ ရှင့်စရိုက်နဲ့ကိုက်ညီတာပေါ့"
"ဒါနဲ့ တွေ့လက်စနဲ့ ရှင့်ဖုန်းနံပါတ်လေး ပေးခဲ့ပါ့လား။ ဆက်သွယ်လို့ရအောင်လို့"
ထန်ရှောင်ဖေးက ပွင့်ပွင့်လင်းလင်းပြောလိုက်၏။
ထန်ရှောင်ဖေးက အခြားမိန်းကလေးများလို သူ့အား တက္ကစီမောင်းသည့်အတွက် အထင်မသေးပေ။
ယဲ့ချန်းလည်း ထန်ရှောင်ဖေး၏စရိုက်ကို သဘောကျမိသည်။
"ကိစ္စမရှိပါဘူး"
ယဲ့ချန်းနှင့် ထန်ရှောင်ဖေးက ဝေ့ရွှင်းအကောင့်နှင့် ဖုန်းနံပါတ်ချင်း လဲလိုက်ကြသည်။
ယဲ့ချန်း ရယ်လိုက်မိသည်။
"စကားမစပ် မင်းရဲ့ကလောင်နာမည်က ဘာလဲ။ အားတဲ့အချိန်ကျရင် ရှာကြည့်လိုက်မယ်လေ"
"ကလောင်နာမည်က ဖေးဖေးတဲ့။ ဟားဟား.. ကျွန်မရဲ့စာအုပ်ကတွေက နာမည်မကြီးပါဘူး။ ရလဒ်တွေကလည်း သိပ်မကောင်းဘူးလေ။ ကျွန်မကို မလှောင်နဲ့နော်"
ယဲ့ချန်း ရယ်လိုက်လေသည်။
"လှောင်စရာလား။ နတ်ဘုရားမရဲ့လက်ရာတွေကိုဖတ်ရမှာဆိုတော့ သေချာဖတ်လိုက်မယ်"
"ဟွန်း.. လာစနေပြန်ပြီ။ နောက်တစ်ခွန်းထပ်ပြောလို့ကတော့ ကျွန်မ ရှင့်ကို စကားမပြောတော့ဘူးနော်"
ယဲ့ချန်းနှင့် ထန်ရှောင်ဖေးတို့ လမ်းတစ်လျှောက် စကားတပြောပြောဖြင့် အတိုင်အဖောက်ညီနေကြသည်။
လိုရာခရီးသို့ရောက်သောအခါ ထန်ရှောင်ဖေးက ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်.. ပထမဆုံးကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် နတ်ဘုရားအဆင့်စာပေပါရမီရှင်စနစ်ကို ရရှိပါတယ်]
နတ်ဘုရားအဆင့်စာပေပါရမီရှင်လား။
ယခင်ဘဝတုန်းက ယဲ့ချန်းသည် ဝတ္ထုအမြောက်အများ ဖတ်ခဲ့ဖူးသော်ငြား ဖတ်ပြီးနောက် တန်းမေ့သွားတတ်သည်။
ဤကမ္ဘာတွင်လည်း အွန်လိုင်းဝတ္ထုများကို မကြာခဏဖတ်လေ့ရှိပြီး ယခင်ဘဝက ဝတ္ထုများကို ဤကမ္ဘာသို့ ဆောင်ယူလာရန် စိတ်ကူးရှိသည်။
သို့သော် စာဖတ်ခြင်းနှင့် စာရေးခြင်းမှာ မတူညီသောအရာများပင်။ ထို့ကြောင့် သူ ဘယ်တုန်းကမှ အကောင်အထည်မဖော်ခဲ့ပေ။
နတ်ဘုရားအဆင့်စာပေပါရမီရှင်စနစ်ကြောင့် ယခင်က သူဖတ်ဖူးသော ဝတ္ထုများက အာရုံထဲသို့ ပေါ်ပေါက်လာသည်။
အချိန်ရရင် ငါ ဝတ္ထုရေးကြည့်သင့်တယ်ထင်တယ်...
ယဲ့ချန်းလည်း ဝတ္ထုအက်ပလီကေးရှင်းတစ်ခုကို ဒေါင်းလုတ်လုပ်လိုက်သောအခါ ဤကမ္ဘာတွင် အတော်ဆုံးစာရေးသူမှာ "ဓားလိုထက်ရှတဲ့ဒီရေ"ဖြစ်ကြောင်း သိလိုက်ရသည်။ "ဘီလျံပေါင်းများစွာတန်သောလုပ်ငန်းစုတစ်ခု၏ ဥက္ကဋ္ဌအဖြစ် စတင်ခြင်း"ဟူသော ဝတ္ထုက ထိပ်တန်းလက်ရာတစ်ခုပင်.
ရှာဖွေရေးစနစ်မှတစ်ဆင့် ယဲ့ချန်းလည်း ထန်ရှောင်ဖေး၏ဝတ္ထုကို ရှာဖတ်လိုက်သည်။
ထိုဝတ္ထု၏လုပ်ဆောင်ရည်က သာမန်မျှသာဖြစ်ပြီး စာလုံးရေပေါင်းသုံးသိန်းရှိ၏။ အခြေအနေ သိပ်မကောင်းလှပေ။
အံ့ဩဖို့ကောင်းလောက်အောင်ပင် ထန်ရှောင်ဖေးက "ကမ္ဘာကြီးကိုဖြိုခွင်းခြင်း"ဟူသော အမျိုးသားအသားပေးဝတ္ထုတစ်ပုဒ်ကို ရေးထားသည်။
အချက်အလက်များက အလွန်သာမန်ဆန်လှသဖြင့် စပွန်ဆာတစ်ယောက်ပင် မရှိပေ။
တကယ်တမ်းတွင် ထန်ရှောင်ဖေး၏အရေးအသားက သိပ်မကောင်းလှပေ။ သို့သော် မိန်းကလေးတစ်ယောက်အနေနှင့် အမျိုးသားအသားပေးဝတ္ထုတစ်ပုဒ်ကို ရေးနေခြင်းအတွက် သဟဇာတမဖြစ်သော အချက်တချို့ရှိသည်။
အကြောင်းအရာက အလွန်နူးညံ့ပါသော်ငြား ယနေ့ခေတ်လူငယ်များက ပေါ့ပေါ့ပါးပါးဝတ္ထုများကိုသာ သဘောကျသည်။
သူတို့က ယခုလို သေသေကျနစွာ ရေးသားထားသော ဝတ္ထုမျိုးကို သိပ်ဂရုမစိုက်ပေ။
ယဲ့ချန်းလည်း အကြမ်းဖျင်းဖတ်ကြည့်ပြီးနောက် အကြောင်းအရာက အလွန်ကောင်းမွန်ကြောင်း သိလိုက်ရသည်။ စာဖတ်ရသည်မှာ အဆင်ချောပြီး စာလုံးရွေးချယ်မှုကလည်း ကောင်းမွန်သည်။ စိတ်လှုပ်ရှားစရာကောင်းသော အချက်များသာ ကျန်နေခဲ့သည်။
အတန်းဖော်ဟောင်း၏ လက်ရာကို ဖတ်ပြီးနောက် ယဲ့ချန်းလည်း အလကားဖတ်နေချင်သဖြင့် စတားလိုက်ဟူသော အကောင့်တစ်ကောင့်ကို ဖွင့်လိုက်သည်။
ထို့နောက် တစ်သန်းငွေဖြည့်လိုက်သည်။
တစ်ထောင်ဆိုလျှင် စပွန်ဆာတစ်ယောက်စာပင်။
ယဲ့ချန်းလည်း တစ်ချီတည်းနှင့် တစ်သန်းဆုချလိုက်သည်။
ရုတ်ခြည်းပင် ဖန်တီးသူရိပ်မြုံအက်ပလီကေးရှင်းပေါ်တွင် အသိပေးစာတစ်စောင်တက်လာလေသည်။
"ဖေးဖေးကို ပွိုင့်တစ်သန်းဆုချတဲ့အတွက် စတားလိုက်ကို ဂုဏ်ပြုပါတယ်"
"ဝိုး.. ပွိုင့်တစ်သန်းတဲ့... မိုက်လိုက်တာ။ ဒဏ္ဍာရီလာသူဌေးကြီးပဲ"
"တစ်ချီတည်းနဲ့ တစ်သန်းတောင်ဆုချတာကွ။ မိုက်လိုက်တာ။ အဲဒီစာရေးသူတော့ ကံကောင်းတာပဲ"
"ဒါက ဘယ်လိုစာအုပ်မျိုးမို့လို့လဲ။ တစ်သန်းတောင် ဆုချသွားတယ်ဆိုတော့ သွားဖတ်ကြည့်ရမယ်"
"နတ်ဘုရားရေ.. ကျွန်တော့်စာအုပ်ကိုလည်း လာဖတ်ပေးပါဦး။ သဘောကျရင် ဆုချသွားလို့ရပါတယ်"
...
ဆုငွေတစ်သန်းကြောင့် စာဖတ်သူများအကြား အုန်းအုန်းကျက်ကျက်ဖြစ်သွားလေသည်။
စပွန်ဆာများကို နေ့တိုင်းမြင်တွေ့နိုင်သော်ငြား တစ်ချီတည်းနှင့် တစ်သန်းဆုချခြင်းမှာမူ ကြုံတောင့်ကြုံခဲပင်။
••••••••••••••••••
အပိုင်း ၄၂၀ : ရေစက်
ဆုချပြီးနောက် ယဲ့ချန်း၏အဆင့်က ရွှေရောင်မဟာမိတ်ခေါင်းဆောင်အဆင့်သို့ တက်သွားသည်။
မြောက်များလှစွာသော စာဖတ်သူများနှင့် စာရေးသူများမှာ ယဲ့ချန်း၏ ဆုငွေတစ်သန်းကြောင့် စိတ်ဝင်စားသွားပြီး ထန်ရှောင်ဖေး၏စာအုပ်ကို လာဖတ်ကြည့်ကြတော့သည်။
ခဏအတွင်းမှာပင် ထန်ရှောင်ဖေး၏စာအုပ်လည်း နာမည်ကြီးသွားလေတော့သည်။
ယခင်ဘဝတုန်းက ယဲ့ချန်း၏ဝါသနာက ဝတ္ထုဖတ်ခြင်းဖြစ်သော်ငြား ငွေကြေးအခက်အခဲကြောင့် တရားဝင်ဗားရှင်းကိုသာ အားပေးနိုင်ခဲ့သည်။
ဆုချရန်အတွက်မူ ပေးချင်စိတ်မရှိခြင်းမဟုတ်ပေ။ ပေးနိုင်စွမ်းမရှိခြင်းသာ။
ယခုမူ ပိုက်ဆံရှိနေပြီဖြစ်ရာ မဟာမိတ်ခေါင်းဆောင်ဖြစ်ရခြင်း၏ ခံစားချက်ကား စင်စစ်အံ့ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် ယခင်တုန်းက တိတ်ဆိတ်နေခဲ့သော ထန်ရှောင်ဖေး၏ကောမန့်မှာ တက်ကြွလှုပ်ရှားနေချေသည်။
"ဒူးထောက်နေပါပြီနော်။ တစ်သန်းတောင်ဆုချတာတဲ့။ မိုက်လိုက်တာ"
"အဲဒါက ငါ့တစ်နှစ်စာလောက်ရှိတယ်။ အရမ်းမိုက်တာပဲ"
"ဒါ သက်သက်ဖြုန်းတီးတာပါကွာ။ တစ်သန်းတောင်ဆုချတယ်ဆိုတော့ မများလွန်းဘူးလား"
"ဒီစာအုပ်က အဲဒီလောက်တောင်ကောင်းတာလား။ ဖတ်ကြည့်ရမယ်"
…
မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်ရှောင်ဖေး၏စာအုပ်ထဲရှိ ကောမန့်နေရာတွင် ကောမန့်များ ထောင်ဂဏန်းအထိ ရှိလာသည်။
ဖန်တီးသူရိပ်မြုံအက်ပလီကေးရှင်းလည်း ယဲ့ချန်း၏ ခမ်းနားလှသောလုပ်ရပ်ကြောင့် ထိတ်လန့်သွားရသည်။
ယဲ့ချန်း၏ဆုငွေကြောင့် ထန်ရှောင်ဖေး၏စာအုပ်မှာ နာမည်ကြီးသွားခဲ့သည်။
ယဲ့ချန်းလည်း သေချာစဉ်းစားပြီးနောက် သူကိုယ်တိုင် ဝတ္ထုတစ်ပုဒ်ရေးရန် ဆုံးဖြတ်လိုက်သည်။
မကြာခင်မှာပင် ယခင်ဘဝတုန်းက နာမည်ကျော်လက်ရာတစ်ခုဖြစ်သော "ကောင်းကင်ဘုံကို ဖြိုခွင်းခြင်း" ဟူသောဝတ္ထုက ယဲ့ချန်း၏စိတ်ထဲသို့ ရောက်လာလေသည်။
ဟားဟား.. ငါ့အတန်းဖော်ရဲ့ခြေရာကို လိုက်မှပဲ...
ထန်ရှောင်ဖေး၏စာအုပ်က "ကမ္ဘာကြီးကိုဖြိုခွင်းခြင်း"ဖြစ်ပြီး ယဲ့ချန်း၏စာအုပ်က "ကောင်းကင်ဘုံကို ဖြိုခွင်းခြင်း"ဖြစ်၏။ အကယ်၍ နာမည်ကြီးသွားပါက သူ့အတန်းဖော်လည်း နာမည်ရလာမည်သာ။
ယခင်ကသာဆိုလျှင် ယဲ့ချန်း စာရေးရန်ကြံတိုင်း ကမောက်ကမဖြစ်သွားတတ်သည်။
ယခုမူ အခြေအနေက မတူတော့ပေ။ ယဲ့ချန်းဖတ်ဖူးသော ဝတ္ထုများက စိတ်အာရုံထဲတွင် ပေါ်ပေါက်လာသည်။
"ဤသည်မှာ သုန်းချီကမ္ဘာတစ်ခုဖြစ်ပြီး တောက်ပြောင်ပြီး လက်ရာမြောက်သော မှော်ပညာများမပါဘဲ သုန်းချီကသာ ကမ္ဘာ့အထွတ်အထိပ်အထိ ကြီးစိုးနေချေမည်"
…
ယဲ့ချန်းမှာ မိတ်ဆက်စာကို ရေးပြီးသွားသောအခါ ပထမဆုံးအပိုင်း ကျရှုံးသွားသောပါရမီရှင်ကို စရေးလိုက်သည်။
သိပ်မကြာခင်မှာပင် စာလုံးတစ်သောင်းရေးပြီးနောက် ယဲ့ချန်းလည်း တင်လိုက်လေတော့သည်။
ဤစာအုပ်က ယခင်ဘဝတွင် အလွန်နာမည်ကြီးပါသော်ငြား ဤကမ္ဘာတွင် အောင်မြင်ပါ့မလားဆိုသည်ကို ယဲ့ချန်း မသေချာပေ။
သို့သော် ယဲ့ချန်းက ဤစာအုပ်ကတစ်ဆင့် ငွေရှာရန် စိတ်ကူးမရှိပေ။ အပျော်သက်သက်သာ။
ထိုအချိန်တွင် ဖန်တီးသူရိပ်မြုံ၏အယ်ဒီတာဖြစ်သူ ကျန့်ကွမ်က စနစ်ထဲရှိ ဝတ္ထုများကို မွှေနှောက်ဖတ်ရှုနေသည်။
အစောပိုင်းက လုပ်ဆောင်ရည်သိပ်မကောင်းသော စာအုပ်တစ်အုပ်က ဆုငွေတစ်သန်းရလိုက်လေသည်။
ထို့ပြင် ဤဆုငွေကြောင့် ဤစာအုပ်၏ဖတ်ရှုနှုန်းက မြင့်တက်သွားခဲ့သဖြင့် ကျန့်ကွမ် အလွန်ကျေနပ်သွားသည်။
ရုတ်ခြည်းပင် 'ကောင်းကင်ဘုံကို ဖြိုခွင်းခြင်း'ဟူသော စာအုပ်တစ်အုပ်ကို သူ သတိထားမိလိုက်သည်။
နောက်ဆက်တွဲဝတ္ထုက ထွက်တာမြန်လှချည်လား..
'ကမ္ဘာကြီးကို ဖြိုခွင်းခြင်း'ကို ကျန့်ကွမ်ကိုယ်တိုင် စာရင်းသွင်းထားခြင်းလေရာ ထိုစဉ်တုန်းက စာရေးသူ၏အရေးအသားနှင့် အကြောင်းအရာမှန်ကန်ကောင်းမွန်မှုက သာမန်အဆင့်မျှသာ။
ထို့ကြောင့် 'ကောင်းကင်ဘုံကို ဖြိုခွင်းခြင်း'ဟူသည့် ဤစာအုပ်ကိုလည်း သူ အများကြီးမျှော်လင့်မထားပေ။
သို့သော် ဖတ်ကြည့်လိုက်သောအခါ ဝတ္ထုပါအကြောင်းအရာကြောင့် စိတ်ဝင်စားသွားသည်။
ကောင်းလိုက်တာ.. စိတ်ကျေနပ်စရာကောင်းတဲ့ အချက်တွေလည်း အများကြီးပါတယ်။ ဇာတ်လမ်းဇာတ်ကြောင်းကလည်း သေသပ်တယ်.. အထူးသဖြင့် ပထမသုံးပိုင်းက လက်ဖျားခါလောက်တယ်။ ဇာတ်ကြောင်းစီးဆင်းမှုကလည်း အရမ်းကောင်းတယ်...
ဤမျှကောင်းမွန်လှသော ဝတ္ထုတစ်ပုဒ်ကို ကျန့်ကွမ်အနေနှင့် လက်လွှတ်မခံနိုင်ပေ။ ထို့ကြောင့် ချက်ချင်းပင် စာရင်းသွင်းလိုက်လေသည်။
စာရင်းသွင်းလိုက်သည်နှင့် စာအုပ်၏ဖော်ပြချက်ကြောင့် စာဖတ်သူအမြောက်အများ စိတ်ဝင်စားသွားကြသည်။
စတားလိုက်က အစောကမှ လူတစ်ယောက်ကို ဆုငွေတစ်သန်းပေးထားပြီး ယခုမူ 'ကမ္ဘာကြီးကိုဖြိုခွင်းခြင်း'ဟူသော ခေါင်းစဉ်နှင့် ဆင်တူသော ဝတ္ထုတစ်ပုဒ်ကို ရေးထားပေသည်။
"ဝိုး... ဒိတ်ဒိတ်ကြဲသူဌေးကြီးကလည်း ဝတ္ထုရေးတာပဲလား။ ဖတ်ကြည့်ရအောင်"
"ဟားဟား.. သူဌေးတစ်ယောက်ရေးတဲ့ ဝတ္ထုက ကောင်းနိုင်မှာတဲ့လား။ ဒီအတိုင်း လျှောက်ရေးတာနေမှာပါ"
"ဝိုး.. ငါ အခုပဲဖတ်လာတာ။ အရမ်းကောင်းတယ်"
"မိုက်လိုက်တာ.. အကြောင်းအရာကြောင့် ငါ စိတ်ဝင်စားသွားတာ။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်"
ထိုအချိန်တွင် ထန်ရှောင်ဖေးက အဆောင်သို့ ပြန်ရောက်လာသည်။
သူ(မ)က ကွန်ပျူတာအဟောင်းလေးကိုထုတ်ယူကာ ဝတ္ထုရေးရန် ကြံလိုက်သည်။
"ရှောင်ဖေးက ဝတ္ထုရေးနေပြန်ပြီဟေ့"
"ဟားဟား.. သာမန်စာရေးသူတစ်ယောက်က ဒီတစ်ခေါက်ရော သုံးရာကို ရောက်နိုင်ပါ့မလား"
"ငါးရာကိုရောက်ရင် နင်နိုင်တယ်နော်"
ထန်ရှောင်ဖေးလည်း စိတ်ပျက်လက်ပျက်ပြုံးလိုက်မိသည်။
"ဒီတစ်ခေါက် ငါ့ရဲ့ရည်မှန်းချက်က ငါးရာကျော်ဖို့ပဲ။ အသုံးစရိတ်လေးနည်းနည်းရရင် ကျေနပ်ပါပြီ"
ထန်ရှောင်ဖေးက ကွန်ပျူတာဖွင့်ပြီးနောက် စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်လေသည်။
သူ(မ) စာအုပ်ကိုဖွင့်ကြည့်လိုက်တိုင်း မျှော်လင့်ချက်အပြည့်ဖြင့် လာခဲ့ပါသော်ငြား အကြိမ်တိုင်းလည်း စိတ်ပျက်ရသည်ချည်းသာ။
သို့သော် ဤတစ်ခေါက်တွင်မူ သူ(မ)၏စာအုပ်ကို ဖွင့်လိုက်သောအခါ အံ့အားသင့်သွားရသည်။
မဖြစ်နိုင်တာ.. ဒါက ငါ့စာအုပ်လား...
အစတုန်းက တိတ်ဆိတ်နေခဲ့သော ကောမန့်ကဏ္ဍမှာ ယခုမူ ထောင်ဂဏန်းအထိ ရောက်နေလေပြီ။
သူ(မ)ကို ပိုထိတ်လန့်စေသောအရာမှာ သူ(မ)၏ဖော်လိုဝါပင်။ အစတုန်းက သာမန်အဆင့်ရှိနေရာမှ ယခုမူ ငါးထောင်အထိ ရောက်လာလေပြီ။
ထန်ရှောင်ဖေးခမျာ လုံးဝကြက်သေသေသွားလေသည်။
သူ(မ)ကိုယ်သူ(မ) ဆွဲဆိတ်ကြည့်လိုက်မိသည်။
သူ(မ)၏စာအုပ်က ဘာကြောင့်များ ဖတ်ရှုသူမြင့်တက်နေရသလဲ။ အိပ်မက်မက်နေခြင်းလေလား။
သို့သော် ဆွဲဆိတ်လိုက်ပြီးနောက် နာကျင်သွားသည်ဖြစ်ရာ အိပ်မက်မဟုတ်ကြောင်း ပြသနေပေသည်။
သူ(မ)၏ပရိသတ်အရေအတွက်နှင့် ရွှေရောင်မဟာမိတ်ခေါင်းဆောင်ကို မြင်သောအခါ ထန်ရှောင်ဖေး ထပ်အံ့ဩရပြန်သည်။
ဝတ္ထုရေးနေရင်း သူ(မ)တွင် မဟာမိတ်ခေါင်းဆောင်တစ်ယောက် ရှိလာရန် အမြဲအိပ်မက်မက်ခဲ့ရသည်။
သို့သော် တကယ်တမ်းတွင် ဆုလာဘ်အနေနှင့် မဲနည်းနည်းသာရခဲ့သည်။
သူ(မ)အိပ်မက်မက်ခဲ့ရသည့် မဟာမိတ်ခေါင်းဆောင်တစ်ယောက်ဆိုသည်မှာ ဘယ်တော့မှမရနိုင်သော အိပ်မက်ပင်။
သို့သော် ယခုမူ သူ(မ)ထံတွင် မဟာမိတ်ခေါင်းဆောင်တစ်ယောက်ရှိနေလေပြီ။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ဖတ်ရှုသူအရေအတွက်ကို မဆိုထားနှင့်။ ဆုငွေတစ်သန်းအတွက် ဝက်ဘ်ဆိုက်ဘက်က တစ်ဝက်ယူပြီး အခွန်အခများကို ဖြတ်တောက်ပြီးနောက် သူ(မ)အနေနှင့် လစဉ်ဝင်ငွေလေးသောင်းရနိုင်ပေသည်။
လစာအခိုင်အမာရနေသည့် စာရေးသူတစ်ယောက်ဆိုသည်မှာ အိပ်မက်တစ်ခုအလားပင်။
သူ(မ)က ဝါသနာကြောင့် ဝတ္ထုရေးနေခြင်းဖြစ်၏။ တစ်ဖက်တစ်လမ်းကလည်း သူ(မ)၏မိသားစုကို ဝန်မပိစေချင်ပေ။
သို့သော် ဝတ္ထုရေးခြင်းမှာ သူ(မ)မျှော်လင့်ထားသလို မဖြစ်ပေ။
နှစ်ပေါင်းများစွာအတွင်း သူ(မ) မရေမတွက်နိုင်သော ဝတ္ထုများကို ရေးခဲ့ပါသော်ငြား အကုန်မအောင်မြင်ခဲ့ပေ။
အရေးအကြီးဆုံးမှာ သူ(မ)၏ဖတ်ရှုသူများ မြင့်တက်လာခြင်းမှာ ထိုဆုငွေတစ်သိန်းကြောင့်ဖြစ်ကြောင်း သူ(မ) သဘောပေါက်လိုက်သည်။
သူ(မ)ကို ဒီလောက်အထိ ကူညီပေးတာ ဘယ်သူပါလိမ့်...
ဆုချသူ၏ အကောင့်နာမည်ကို မြင်လိုက်ရသည်နှင့် ထန်ရှောင်ဖေးခမျာ အံ့အားသင့်သွားလေသည်။
စတားလိုက်တဲ့.. ဒီနာမည်ကို ရင်းနှီးနေသလိုပဲ...
စတားလိုက်.. ယဲ့ချန်း.. သူများလား...
သို့သော် ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်လေရာ သူ(မ)ကို ဤမျှပိုက်ဆံအများကြီး မည်သို့ကူညီနိုင်မည်နည်း။
ယခုအချိန်အထိ ထန်ရှောင်ဖေး၏ဝတ္ထုအတွက် ဆုလာဘ်များမှာ ကွိုင်ရာဂဏန်းအထိသာ ရှိခဲ့သည်။ ယဲ့ချန်းနှင့်တွေ့ပြီးမှသာ ဆုငွေအများကြီးရရှိခဲ့သည်။
သူ တက္ကစီမောင်းရင်း စုထားတဲ့ပိုက်ဆံတွေနဲ့များ ဆုချတာလား...
ထန်ရှောင်ဖေး၏မျက်ဝန်းများမှာ စိုစွတ်လာသည်။
ယဲ့ချန်းနှင့် သူ(မ)က အလယ်တန်းတုန်းက အတန်းဖော်များဖြစ်ခဲ့သည်။ ဤတွေ့ဆုံမှုက အမှတ်မထင်ဆိုသော်ငြား သူက သူ(မ)ကို လက်ဆောင်အကြီးကြီးတစ်ခု ပေးခဲ့သည်။
ဒီအရူးကောင်ကတော့...
ထန်ရှောင်ဖေး၏ရင်ထဲ နွေးထွေးသွားရသော်ငြား တစ်ချိန်တည်းမှာပင် အပြစ်ရှိသလိုလည်း ခံစားရသည်။
တက္ကစီမောင်းခြင်းမှာ အလွန်ခက်ခဲကြောင်း သူ(မ)သိသည်။ ယဲ့ချန်းက သူခက်ခက်ခဲခဲရှာထားသော ငွေများဖြင့် သူ(မ)ကို ဆုချသည်ဟု တွေးလိုက်မိသည်နှင့် သူ(မ)၏ရင်ထဲ ထိရှသွားသည်။ သို့သော် ယဲ့ချန်းအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။
သူ(မ)ကိုဆုချသူမှာ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဖြစ်ပါလျှင် ထန်ရှောင်ဖေး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်မည်သာ။
သို့သော် ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်၏။
ရုတ်ခြည်းပင် ထန်ရှောင်ဖေး၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။
ယဲ့ချန်းက သူ(မ)ကို သဘောကျခဲ့ခြင်းများလား။ သို့မဟုတ်ပါလျှင် သူ(မ)အတွက်နှင့် အဘယ်ကြောင့် ငွေအများကြီးကို ထုတ်သုံးမည်နည်း။
ယဲ့ချန်းက အလယ်တန်းကျောင်းတုန်းက အလွန်တက်ကြွပြီး ချောမောသည်။ သူ(မ)လည်း သူ့ကို တစ်ချိန်လုံး ကျိတ်သဘောကျနေခဲ့သည်။
ဤအမှတ်မထင်တွေ့ဆုံမှုမှတစ်ဆင့် ယဲ့ချန်းကို ပြန်တွေ့လိုက်ရပြီးနောက် သူ(မ)၏ရင်ခုန်သံများ မြန်ဆန်လာသည်။
ယခု ယဲ့ချန်းက သူ(မ)ကို ဆုချလိုက်သည်။ ဤသည်မှာ သူ(မ)ကို သဘောကျနေခြင်းပင်မဟုတ်လော။
တက္ကစီထဲတွင် ယဲ့ချန်းနှင့်အတူရှိစဉ်က ခံစားခဲ့ရသော ခံစားချက်ကို ပြန်သတိရမိသောအခါ ထန်ရှောင်ဖေး၏ပါးပြင်ကား နီမြန်းလာသည်။
ဤသည်မှာ ကောင်းကင်ဘုံကပေးသော ကံကြမ္မာဖြစ်ဟန်တူသည်။ ကောင်းကင်ဘုံက သူ(မ)ကို ဤလူနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။
ဤသည်မှာ ရေစက်လေလား။