စစ်မှန်သော သာလွန်ထူးကဲသည့် အင်အားစုမှ
Vol. 20 Ch. 191
ရေခဲလွင်ပြင်ကျယ်ကြီးထက်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ဦးသည် လောကကြီးအား ဂရုမစိုက်သည့်ဟန်ဖြင့် ရှေ့သို့ လျှောက်လှမ်းသွားနေသည်။
အရပ်ရှည်ရှည် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် အနက်ရောင်ဝတ် တပည့်တစ်စုကို ဦးဆောင်ကာ ထိုလူအား အရှေ့အနောက် ဝိုင်းရံ၍ စောင့်ရှောက်လိုက်ပါလာသည်။ အဘိုးအို၏မျက်နှာထက်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပေ၏။
သူ၏ မျက်နှာထားသည် ကပ်ဖားလိုသည့်ပုံစံ ပေါက်နေပြီး ထိုအမူအယာသည် ထူထပ်လွန်းသဖြင့် ရေစက်များအဖြစ် ငွေ့ရည်ဖွဲ့တော့မည့်အလားပင်။
"စီနီယာ... စီနီယာ့ရဲ့ နာမည်ကို ကျွန်တော်တို့ သိခွင့်ရှိမလား မသိဘူး... ကျွန်တော်တို့ ဂျူနီယာတွေ ခေါ်ဆိုသုံးနှုန်းဖို့ အဆင်ပြေသွားတာပေါ့..."
နဂါးနက်ဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှအထိ နှိမ့်ချဆက်ဆံဖူးမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင်မူ ထိုသို့ပြုမူနေရသည်ကိုပင် သူ နှစ်သက်သဘောကျနေသည်။
နောက်နေတာလား... ဒါက ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ထုတ်သုံးနိုင်တဲ့ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်လေ... တခြားသူတွေဆိုရင် ဒီလို အခွင့်အရေးမျိုး ရဖို့ လူသတ်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး....
အနက်ရောင်ဝတ်ရုံဝတ်လူသည် လမ်းလျှောက်နေရင်း စကားလုံးနှစ်လုံးကို တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဟေးပိုင်..."
ဤနာမည်က လူတစ်ယောက်၏ နာမည်အစစ်အမှန် မဟုတ်ကြောင်း သိသာသော်လည်း မဟာအကြီးအကဲကမူ အလွန်ဝမ်းသာနေဆဲပင်။
"အော်... သခင်ကြီးဟေးပိုင်ပါလား... ဒီဂျူနီယာက သခင်ကြီးရဲ့ နာမည်ကို နှလုံးသားထဲမှာ သေချာပေါက် ထွင်းထုထားပါ့မယ်... နေ့ရောညပါ ကျေးဇူးတင်နေပါ့မယ်..."
ဤသခင်ကြီးကို ဖားနေရခြင်းက မဟာအကြီးအကဲကို အလွန်ပျော်ရွှင်စေသော်လည်း သူ အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲပင်။
ခုဏက သူ ပြောခဲ့တာတွေထဲက ဘယ်အချက်ကများ ဒီသခင်ကြီးရဲ့စိတ်ကို လှုပ်ရှားသွားစေခဲ့တာလဲ...
အစောပိုင်းက ဟေးပိုင်ကို စိတ်ကျေနပ်စေရန်အတွက် မဟာအကြီးအကဲသည် မြှောက်ပင့်ပြောဆိုရာတွင် တွန့်ဆုတ်မနေဘဲ သူ တတ်နိုင်သမျှ အရာအားလုံးနီးပါးကို ကတိပေးခဲ့သည်။ ဟေးပိုင် မည့်သည့်အရာအား စိတ်ဝင်စားသည်ကိုသူ အမှန်တကယ် စဉ်းစား၍ မရနိုင်ပေ။
သို့ရာတွင် ဤသည်က သိပ်အရေးမကြီးချေ။ အတိုချုပ်ပြောရလျှင် မျက်နှာလိုမျက်နှာရ လုပ်သည်က အကောင်းဆုံးနည်းလမ်းပင်။
ထိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ ခြေထောက်ကို ဖက်တွယ်ထားနိုင်ရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရကျိုးနပ်သည်။
အကယ်၍ ဤသခင်ကြီးဟေးပိုင်သာ သူ၏တာအိုလက်တွဲဖော်ကို သဘောကျသည်ဆိုလျှင်ပင် သူ တွန့်ဆုတ်ခြင်းမရှိဘဲ သူမကို သန့်စင်အောင်ပြင်ဆင်ပေးပြီး ပို့ပေးလိုက်မည်ဟု သူ ရဲရဲဝံ့ဝံ့ အာမခံနိုင်သည်။
လမ်းခရီးတွင် သူတို့သည် ရက်စက်ကြမ်းကြုတ်သားရဲများနှင့် အကြိမ်အနည်းငယ်ခန့် ထပ်မံ၍တွေ့ဆုံခဲ့ရသည်။ သို့ရာတွင် ဟေးပိုင်၏ ပေါ့ပါးသော လက်တစ်ချက်ဝှေ့ယမ်းမှုအောက်တွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် သားရဲများဖြစ်စေ သို့မဟုတ် ယင်သုံးပါးနယ်ပယ် သားရဲများ ဖြစ်စေ ကောက်ရိုးမျှင်များအလား ကျိုးပဲ့လွယ်နေသည်။
မတော်တဆ အသက်ဝင်လာသော ရှေးဟောင်း ဝင်္ကပါတစ်ခုပင်လျှင် ဟေးပိုင်၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် လွယ်လင့်တကူ ကြေမွှပျက်စီးသွားခဲ့သည်။
မဟာအကြီးအကဲနှင့်တခြားလူများ ထိတ်လန့်တုန်လှုပ်နေပြီးနောက် သူတို့သည် ယခက်ထက် ပို၍ပို၍ပျော်ရွှင်လာကြသည်။
ဤစီနီယာ ပြသခဲ့သော စွမ်းအားဖြင့်ဆိုလျှင် သူသည် ပိုင်ဖုန်းလွင်ပြင်တစ်ခုလုံးကို ရှင်းလင်းသုတ်သင်ပစ်ရန် လုံလောက်ပေ၏။ သူတို့သည် မည်သည့်အရာကို ကြောက်ရွံနေရအုံးမည်နည်း။
တစ်ချိန်တည်းမှာပင် သူ့အတွက် စိတ်ဒဏ်ရာ အရိပ်မည်းတစ်ခု ဖြစ်လာခဲ့သော နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့သော ထိုပုံရိပ်သည် မဟာအကြီးအကဲ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ယခုချိန်၌ သူ၏နံဘေးတွင် သခင်ကြီး ဟေးပိုင်ကဲ့သို့ ထိပ်သီးကျင့်ငြံသူတစ်ဦး ရှိနေပြီဖြစ်ရာ ထိုမိစ္ဆာကောင်ကို သူ ကြောက်နေရအုံးမည်လော....
မဟာအကြီးအကဲ၏စိတ်ထဲ၌ အကြံတစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွှတ်ကာ ပြောဆိုလိုက်သည်။
"သခင်ကြီးဟေးပိုင်... ကျွန်တော်တို့ဂိုဏ်းက ဒီတစ်ခါ ပိုင်ဖုန်းလွင်ပြင်ထဲ ဝင်လာတုန်းတဲ့အချိန်မှာ အစကတော့ အင်အားတောင့်တင်းပြီးတော့ လိုအပ်တာတွေကို အပြည့်အစုံ ပြင်ဆင်လာခဲ့ကြတာပါ..."
"ဒါပေမဲ့ လမ်းတစ်ဝက်မှာ ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့တယ်..."
"အဲ့ဒီရန်သူက ကျွန်တော်တို့ဂိုဏ်းရဲ့ ရတနာတွေကို လုယူပြီးတော့ ကျွန်တော်တို့ရဲ့ တပည့်တွေကို အကြောင်းပြချက် မရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်... ဟူး... ကျွန်တော်တို့ရဲ့ တပည့်တွေထဲက အများစုနဲ့ ကျွန်တော်တို့ဂိုဏ်းချုပ်တောင်မှ သူ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်..."
မဟာအကြီးအကဲသည် ဝမ်းနည်းပူဆွေးသော ညည်းတွားသံအချို့ကို ဟန်ဆောင်ပန်ဆောင် ရေရွတ်လိုက်၏။
"ဒီလူက အရမ်းယုတ်မာတယ်... သူ့ရဲ့ စွမ်းအားကို အားကိုးပြီးတော့ ထင်ရာစိုင်းနေတာပါ..."
"ဒီလိုလူမျိုးက ပိုင်ဖုန်းလွင်ပြင်မှာ ပြဿနာတွေကို သေချာပေါက် ဖြစ်စေမှာပါ..."
"သခင်ကြီး ဟေးပိုင် အနေနဲ့ ဝင်ရောက်စွက်ဖက်ပြီး သူ့ကို ဖမ်းဆီးပေးဖို့ ဆန္ဒရှိမလားဆိုတာ ကျွန်တော်က သိချက်မိတယ်..."
ဟေးပိုင်သည် ယခင်အတိုင်း အေးစက်နေပြီး သူ၏ခြေလှမ်းများ မရပ်တန့်ဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ ပြောခဲ့သလိုပဲ... လိုအပ်လာရင် ငါ လှုပ်ရှားပေးမယ်..."
ဟေးပိုင်၏စကားများကို ကြားချိန်၌ မဟာအကြီးအကဲ၏စိတ်နှလုံးသားအတွင်းတွင် ချက်ချင်းဝမ်းသာပျော်ရွှင်သွားသည်။
သူတို့သည် ယခုချိန်၌ လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်သွားနေပြီဖြစ်ကာ လျှို့ဝှက်နယ်မြေ သံမဏိပြားကို ပိုင်ဆိုင်ထားသော ထိုမိစ္ဆာကောင်သည်လည်း ထိုနေရာသို့ ရောက်ရှိလာပေလိမ့်မည်။
ဆိုလိုသည်မှာ နှစ်ဖက်လုံး သေချာပေါက် ပြန်လည်တွေ့ဆုံရမည် ဖြစ်ခြင်းပင်။
သခင်ကြီးဟေးပိုင် ရှိနေသဖြင့် သူ ဤသွေးကြွေးကို ပြန်ဆပ်ရန်အတွက် အင်အားစိုက်ထုတ်ရန် လိုအပ်အုံးမည်လော...
ထိုမိစ္ဆာကောင်၏စွမ်းအားသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ဂိုဏ်းချုပ်သည် ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူဖြစ်သည့်တိုင် သူ့ကို ခုခံတိုက်ခိုက်နိုင်စွမ်း မရှိခဲ့သော်လည်း...
သခင်ကြီးဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို တတ်မြောက်ထားသူပင်။ ထိုကဲ့သို့ တည်ရှိမှုမျိုးကို ယင်သုံးပါးနယ်ပယ်သို့ ဝင်ရောက်ကာစဖြစ်သော ကုန်းစွန်းလျောင်ကဲ့သို့ ကျင့်ကြံသူတစ်ဦးနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်ထားသူများသည် အဆင့်တူများအကြား၌ ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ထားကြ၏။
ဤသည်မှာ တောင်ပိုင်းဒေသနှင့် ကုန်းမြေတစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ယေဘုယျ နားလည်သဘောပေါက်ထားမှုပင်။
"ဟမ့်... ကောင်စုတ်လေး... ငါတို့နဲ့ စောစောစီးစီး မတွေ့မိပါစေနဲ့လို့ မင်း ဆုတောင်းထားတာ ပိုကောင်းမယ်..."
မဟာအကြီးအကဲက သူ၏စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
"နောက်ကျရင်တော့ ဒီသွေးကြွေးကို ငါ အကုန် ပြန်ဆပ်မယ်..."
သေချာသည်မှာ သူသည် လက်စားချေရန် သက်သက် ကြိုးစားနေခြင်း မဟုတ်ချေ။
ဤမိစ္ဆာကောင်ကို သတ်ဖြတ်နိုင်သရွေ့ လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို ရယူနိုင်ပြီး လျှို့ဝှက်နယ်မြေအတွင်းမှ အကြီးမားဆုံး ကံကြမ္မာကောင်းကို သူ ရယူနိုင်ပေမည်။
သူကိုယ်တိုင် မရနိုင်လျှင်ပင် သံမဏိပြားများကို ဟေးပိုင်ထံသို့ ဆက်သလိုက်ပါက တစ်ဖက်လူ၏မျက်နှာသာပေးမှုကို သူ ရရှိနိုင်သည်။
ထို့ပြင် ကုန်းစွန်းလျောင် သေဆုံးသွားပြီ ဖြစ်သဖြင့် နဂါးနက်ဂိုဏ်းသည် သူ၏ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားလေပြီ။
ကုန်းစွန်းလျောင်ကို ဖယ်ရှားပြီး အဆတစ်ရာ ပို၍အစွမ်းထက်သော ဟေးပိုင်ကို မျက်နှာလိုမျက်နှာရ လုပ်နိုင်သည်က သူ့အတွက် အကြီးအကျယ် အမြတ်ထွက်ခြင်းဖြစ်ပြီး မည်သို့မျှ အရှုံးမရှိနိုင်ချေ။
သူ၏အမြင်အရ တစ်ဖက်လူသည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို တတ်မြောက်ထားနိုင်သဖြင့် သာလွန်ထူးကဲသော အင်အားစု တစ်ခုမှလာခြင်း ဖြစ်နိုင်ပြီး နဂါးနက်ဂိုဏ်း၏ အဆင့်အတန်းကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် ဂိုဏ်းချုပ်ရာထူးသည် သူ၏အပိုင်သာ ဖြစ်လာပေလိမ့်မည်။
ထိုအစား သူသည် ဤထူးခြားသော သခင်ကြီးကို မြှောက်ပင့်ခြင်းအားဖြင့် အကျိုးကျေးဇူး အမျိုးမျိုးကို ရရှိနိုင်သည်။
အကယ်၍ သူသည် ဟေးပိုင်ထံမှ လမ်းညွှန်မှု ရရှိပြီး ယင်သုံးပါးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လျှင် ကုန်းစွန်းလျောင် ရှိစဉ်ကထက် ပို၍သန်မာအားကောင်းလာပေမည်။
အတွေးပေါင်းစုံ တွေးတောရင်း မဟာအကြီးအကဲ၏မျက်နှာပေါ်တွင် ဖားယားလိုသည့် အပြုံးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပေ၏။ ထို့နောက် သူတို့အဖွဲ့သည် ဟေးပိုင်ကို ဝိုင်းရံပြီး လျှို့ဝှက်နယ်မြေဆီသို့ တန်းတန်းမတ်မတ် ရှေ့ဆက်သွားကြသည်။
...
မဟာအကြီးအကဲသည် ဟေးပိုင်၏ မူရင်းဇစ်မြစ်ကို အထင်လွဲနေခဲ့သည်။
သို့ရာတွင် လူတိုင်း မသိကြသည့် အချက်မှာ ဤအချိန်အခိုက်အတန့်တွင် ပိုင်ဖုန်းလွင်ပြင်နယ်စပ်ရှိ တောင်ကြားလမ်း၌....
အဓိကဂိုဏ်းလေးဂိုဏ်းနှင့် မသက်ဆိုင်သော ပုံရိပ်တစ်ခုသည် လွင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေခြင်းပင်။
ထိုပုံရိပ်သည် လေနှင့်နှင်းများကြားတွင် မတ်တတ်ရပ်နေပြီး သူ၏ရှေ့မှ ကျယ်ပြန့်သော အဖြူရောင် ကမ္ဘာကြီးကို ငေးမောကြည့်နေသည်။
ရှည်လျားပြီး ဖရိုဖရဲဖြစ်နေသောဆံပင် ခြေဗလာနှင့် ဖော်ပြ၍မရနိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ချောမောခန့်ညားသော မျက်နှာရှိသည့် လူငယ်၏မျက်လုံးများထဲတွင် နက်နဲသိမ်မွေ့သော သင်္ကေတများ စီးဆင်းနေပုံရသည်။
သူ၏အကြည့် ကျရောက်ရာ နေရာတိုင်းတွင် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများအားလုံးကို သူ ထိုးဖောက်မြင်နိုင်ပြီး နားလည်သဘောပေါက်သွားသကဲ့သို့ ဖြစ်နေကာ မည်သည့်အရာမျှ ပုန်းအောင်းရန် နေရာမရှိချေ။
"မဆိုးဘူး... ဒီလွင်ပြင်ကို ရောက်လာတော့ အဲ့ဒီ အရှိန်အဝါကို ပိုပြီး ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ခဲ့ပြီ..."
ထို့နောက် သူ၏အကြည့်သည် ပိုင်ဖုန်းလွင်ပြင်၏ အတွင်းပိုင်းနက်ရှိုင်းရာနေရာသို့ ကျရောက်သွားပြီး အဆုံးမဲ့လေဟာနယ်ကို ထွင်းဖောက်၍ တချို့သော တည်ရှိမှုများကို မြင်တွေ့နေရသည့်အလားပင်။
"နှမြောဖို့ကောင်းတာကတော့ လျှို့ဝှက်နယ်မြေရဲ့လေဟာနယ်က ပိုင်းခြားထားတာကြောင့် အတွင်းထဲမှာ ဘာတွေရှိနေလဲဆိုတာကို မမြင်ရတာပဲ..."
"ကျန်းယွဲ့ဂိုဏ်း... ရေခဲဓားဂိုဏ်း... နဂါးနက်ဂိုဏ်း... ကြေးမုံနှလုံးသားရေကန်..."
"သူတို့က နိမ့်ကျတဲ့ နယ်မြေက အင်အားစုလေးတွေဆိုပေမယ့် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတချို့ ရှိနေတာပဲလေ..."
လူငယ်က တီးတိုးရေရွတ်လိုက်သည်။
"လျှို့ဝှက်နယ်မြေ မပွင့်ခင် မင်းတို့ အရမ်းမြန်မြန်ဆန်ဆန် သေမသွားကြဖို့ ငါမျှော်လင့်မိတယ်... မင်းတို့က ငါ တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရအောင် အနည်းနဲ့အများ လှုပ်ရှားပေးနိုင်လောက်ပါတယ်..."
ထို့နောက် သူ၏မျက်လုံးများထဲမှ သင်္ကေတများ လည်ပတ်သွားပြီး သူ တစ်စုံတစ်ရာကို မြင်တွေ့လိုက်ရသည့်အလား မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"အရှိန်အဝါက အများကြီး လျော့နည်းသွားပုံရတယ်... ပြီးတော့ လူတချို့က ပြန်တောင်လှည့်လာကြပြီ... သူတို့က ဒီလောက်တောင် အသုံးမကျတာလား..."
သူက ခေါင်းခါယမ်းလိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
"ကြည့်ရတာတော့ ဒီနိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူတွေအပေါ် မျှော်လင့်ချက် သိပ်ထားလို့ မရတော့ဘူး ထင်တယ်... ငါကိုယ်တိုင်ပဲ ချဉ်းကပ်ရတော့မယ်..."
သူသည် ခေါင်းခါယမ်းပြီးနောက် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်ပြီး ငွေဖြူရောင်ကမ္ဘာထဲသို့ ဝင်ရောက်သွားတော့သည်။
ပြင်းထန်သော အေးစက်သည့် လေနှင့်နှင်းများသည် သူ့ကို အနည်းငယ်မျှပင် တိုက်စားနိုင်ခြင်း မရှိချေ။
ထိုအစား သူ လမ်းလျှောက်နေစဉ်တွင် သူ၏ ပုံရိပ်သည် ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားပုံရပြီး ဤနှင်းလွင်ပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သူ၏ပုံရိပ်ကို သာမန်မျက်စိဖြင့် မြင်နိုင်လျှင်ပင် သူနှင့်သက်ဆိုင်သော အရှိန်အဝါကို အနည်းငယ်မျှပင် အာရုံခံနိုင်မည်မဟုတ်ချေ။
လေနှင့်နှင်းများကြားတွင် ခပ်အုပ်အုပ်အသံတစ်သံသာ ပဲ့တင်ထပ်နေသည်။
"ပိုင်ဖုန်းလျှို့ဝှက်နယ်မြေရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာမှာ တကယ်တမ်းကျ ဘာတွေရှိနေလဲဆိုတာ ကြည့်ရအောင်..."
"အမြတ်အစွန်း တစ်ခုခုကို ငါ ရနိုင်မယ်ဆိုရင် ဒီ နိမ့်ကျတဲ့နယ်မြေကို ဆင်းလာရတာ အလဟဿ ဖြစ်မှာ မဟုတ်တော့ဘူး..."