လျှို့ဝှက်နယ်မြေသို့ ရောက်ရှိခြင်း
Vol. 20 Ch. 192
မိုင်ပေါင်းတစ်သောင်းအကွာရှိ လျှို့ဝှက်နယ်မြေ၏အတွင်းပိုင်း နက်ရှိုင်းသောနေရာအနီးတွင်....
အရှေ့တစ်ယောက် အနောက်တစ်ယောက်ဖြင့် ပုံရိပ်နှစ်ခုသည် မြောက်ဘက်သို့ ဦးတည်၍ သွားနေကြ၏။
လမ်းခရီးတစ်လျှောက်တွင် အန္တရာယ်များ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
သူတို့သည် ယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲများနှင့် တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ရသည်။
လျှို့ဝှက်နယ်မြေ၏အတွင်းပိုင်း နက်ရှိုင်းသောနေရာသို့ နီးကပ်လာလေလေ ရက်စက်ကြမ်းကြုတ်သားရဲများ ပို၍သန်မာလာလေလေပင်။
လေဖြူသည်လည်း နှင်းလွင်ပြင်အတွင်းပိုင်းမှ မြစ်ဖျားခံပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားချိန်၌ အားနည်းသွားသည် ဖြစ်သောကြောင့် ဤအချက်သည် သဘာဝကျပေ၏။
ဤအချက်ကို ထောက်ရှုလျှင် လွင်ပြင်၏အတွင်းပိုင်း နက်ရှိုင်းသောနေရာတွင် နေထိုင်နိုင်သော ရက်စက်ကြမ်းကြုတ်သားရဲများသည် ပို၍သန်မာအားကောင်းကြပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် သူတို့ အစောပိုင်းက တွေ့ရှိခဲ့သော တောင်ကုန်းတစ်လုံးကဲ့သို့ ကြီးမားသည့် ဧရာမလိပ်ကြီးနှင့် နှိုင်းယှဉ်နိုင်သော ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်သားရဲများသည် ရှားပါးနေဆဲပင်။
ထို့ပြင် လက်တံရှည်သားရဲကြီးနှင့် နှိုင်းယှဉ်နိုင်သော သားရဲများသည် ပို၍ပင် ရှားပါးလှပြီး လက်တွေ့အားဖြင့် မရှိသလောက်နီးပါးပင် ဖြစ်နေပေ၏။
လက်တံရှည်သားရဲကြီးသည် မူလက ပိုင်ဖုန်းလွင်ပြင်၏ သားရဲအရှင်သခင် ဖြစ်နေနိုင်သည်ဟု ကျုံးချင်က ခန့်မှန်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုသားရဲသည် မြေအောက်နက်ရှိုင်းသောနေရာတွင် နေထိုင်ပြီး မည်သည့် ရက်စက်ကြမ်းကြုတ်သားရဲကမျှ သူ၏ပင်မခန္ဓာကိုယ်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိသလောက်နီးပါးပင်။ မြေပြင်ပေါ်ရှိ လေဖြူသည်လည်း သူ့အပေါ် လုံးလုံးလျားလျား သက်ရောက်မှု မရှိချေ။
သူ၏လက်တံများနှင့် မြေအောက်တွင် လျင်မြန်စွာ ရွေ့လျားနိုင်မှုတို့မှတစ်ဆင့် သူသည် အချိန်တိုအတွင်း၌ ပိုင်ဖုန်းလွင်ပြင်၏မည်သည့် အစိတ်အပိုင်းကိုမဆို ရောက်ရှိလာနိုင်သည်။
တစ်စုံတစ်ယောက်၏စွမ်းအားသည် သူ၏ ကျင့်ကြံဆင့်နယ်ပယ်ထက် များစွာသာလွန်ပြီး သူ၏လက်တံများမှတဆင့် ပင်မခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်လိုက်ပါသွားကာ လျင်မြန်စွာ သတ်ဖြတ်နိုင်စွမ်း မရှိလျှင် သူသည် ဤနေရာ၌ ပြိုင်ဘက်ကင်း ဖြစ်နေပေမည်။
သေချာသည်မှာ ဤအချက်မှတဆင့် လက်တံရှည်သားရဲကြီး၏ ခြိမ်းခြောက်မှုအောက်တွင် အသက်ရှင်ကျန်ရစ်သော ရက်စက်ကြမ်းကြုတ်သားရဲအားလုံးနီးပါးတွင် ထူးခြားသောအားသာချက်များ ရှိနေကြကြောင်း ဆိုလိုခြင်းပင်။
ဥပမာအနေဖြင့် ယခင်က ဧရာမလိပ်ကြီးသည် တောင်ကုန်းကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်နှင့် ပြိုင်ဘက်ကင်း ကာကွယ်ရေးစွမ်းအား ရှိသဖြင့် လက်တံရှည်သားရဲကြီးသည် သူ၏လက်တံများဖြင့် ထိခိုက်အောင်လုပ်ရန် ခက်ခဲစေခဲ့သည်။
ယင်သုံးပါးနယ်ပယ်အတွင်း၌ ထိုကဲ့သို့ ကြီးမားသည့် ဧရာမလိပ်ကြီးကို ကိုင်တွယ်နိုင်သူ အလွန် နည်းပါးသည်ဟု ဆိုရပေမည်။
တခြားရက်စက်ကြမ်းကြုတ်သားရဲများတွင် အလွန်အားကောင်းသော ကိုယ်ပျောက်နိုင်စွမ်း သို့မဟုတ် အလွန်မြန်ဆန်သော အရှိန်နှုန်းများ ရှိကြသဖြင့် လက်တံများထံမှ လွတ်မြောက်ရန် သို့မဟုတ် ရှာဖွေတွေ့ရှိခြင်းမှ ရှောင်ရှားရန် ခွင့်ပြုပေးသည်။
အတိုချုပ်ပြောရလျှင် လေဖြူနှင့် လက်တံရှည်သားကြီးကို ဗဟိုပြု၍ ဤလွင်ပြင်သည် ထူးခြားဆန်းပြားသော သဘာဝစနစ်တစ်ခုကို ဖွဲ့စည်းထားခြင်းပင်။
ကျုံးချင်သည် လက်တံရှည်သားရဲကြီး၏ ပင်မခန္ဓာကိုယ်ကို နှိမ်နင်းကာ ခေါ်ဆောင်သွားပြီးနောက် ဤလွင်ပြင်အပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်သည်။
သေချာသည်မှာ ကျုံးချင်သည် ဤအရာများကို ထည့်သွင်းစဉ်းစားမှု မရှိခြင်းပင်။ ထိုအစား သူသည် လက်တံရှည်သားရဲကြီးကို ခေါ်ဆောင်သွားပြီးနောက် ပို၍သတိထားရန် လိုအပ်မည်လော သို့မဟုတ် ထိုသားရဲ၏ လှုပ်ရှားမှုနယ်ပယ်ကို ကန့်သတ်ထားသင့်သလောဟူ၍ စဉ်းစားနေသည်။
ရှန်ကျန်းဂိုဏ်း၏တောင်ခုနစ်လုံးမှ အခြေခံအုတ်မြစ်များကို အခေါင်းပေါက် ဖြစ်သွားစေမည်အား သူ မလိုလားချေ။
တစ်နေ့တွင် သူ မူဖူတောင်ပေါ်၌ လက်ဖက်ရည် သောက်နေစဉ် တောင်နှင့်အတူ သူလည်း မြေကြီးထဲသို့ နစ်မြုပ်သွားလျှင် အတော်လေး ကြည့်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ကြုံတွေ့ရသော ရက်စက်ကြမ်းကြုတ်သားရဲများ အတွက်မူ သူသည် ပေါ့ပေါ့ပါးပါး ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ယင်သုံးပါးနယ်ပယ်၏ စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် အနည်းငယ်ပို၍သန်မာသော ရက်စက်ကြမ်းကြုတ်သားရဲများကို တိုက်ခိုက်ရန် သူ စိတ်ဝင်စားနေဆဲပင်။
အားနည်းသော သားရဲများကိုမူ သူသည် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲလိုက်၏။
သူ၏နောက်မှ လိုက်ပါလာသော မင်ဆုရှင်း အတွက်မူ သူမသည် အစပိုင်းတွင် အမြဲတစေ တုန်လှုပ်နေခဲ့ရာမှ နောက်ပိုင်းတွင် အနည်းငယ် ထုံထိုင်းသွားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
မည်သည့်အရာကမျှ ကျုံးချင်ကို အနည်းငယ်မျှပင် အနှောင့်အယှက် မပေးနိုင်သကဲ့သို့ ဖြစ်နေသည်။ မည်သည့် ရက်စက်ကြမ်းကြုတ်သားရဲမဆို သူ၏လက်ဟန်သင်္ကေတ တစ်ခုတည်းဖြင့် လွယ်လင့်တကူ နှိမ်နင်းခြင်းခံလိုက်ရသည်။
ရက်စက်ကြမ်းကြုတ်သားရဲများအပြင် ပိုင်ဖုန်းလွင်ပြင်တွင် အန္တရာယ်အရှိဆုံး ဝင်္ကပါများသည်လည်း ကျုံးချင် ရှိနေသဖြင့် ထိုအရာအားလုံး အသုံးမဝင် ဖြစ်သွားခဲ့သည်။
သူ သွားလေရာ နေရာတိုင်း၌ ဝင်္ကပါများအားလုံးသည် အကျိုးသက်ရောက်မှု မရှိတော့သည့်အလားပင်။
လမ်းတလျှောက်၌ အသက်ဝင်လာသော ဝင်္ကပါတချို့သည် အမှန်အားဖြင့် သူ လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သော ရက်စက်ကြမ်းကြုတ်သားရဲများကြောင့် သက်ဝင်လှုပ်ရှားလာခြင်းဖြစ်သည်။
ဤအန္တရာယ်များသော ပိုင်ဖုန်းလွင်ပြင်ကို ဖြတ်ကျော်ရာတွင် ကျုံးချင်၏နောက်သို့ လိုက်ပါခြင်းသည် မင်ဆုရှင်းအတွက် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ရိုးရှင်းပြီး သက်တောင့်သက်သာ ရှိလှသည်။
မရပ်မနား တိုက်ခတ်နေသော လေနှင့်နှင်းများ ရံဖန်ရံခါ ဟိန်းဟောက်နေသော ရက်စက်ကြမ်းသားရဲများသာ မရှိခဲ့လျှင် မင်ဆုရှင်းသည် သူမ၏ဂိုဏ်းဖြစ်သော ကြေးမုံနှလုံးသားရေကန်သို့ ပြန်ရောက်နေပြီဟု သံသယဝင်မိပေလိမ့်မည်။
ယခုချိန်မှသာ ကျုံးချင်သည် လျှို့ဝှက်နယ်မြေ အတွင်း၌ တစ်ရက်တည်းဖြင့် မိုင်တစ်သောင်း ခရီးနှင်နိုင်ခဲ့သည့် အကြောင်းအရင်းကို သူမ နားလည်သွားသည်။
အကယ်၍ သူသည် အေးအေးလူလူ လမ်းလျှောက်မနေဘဲ အမြန်ဆုံးနှုန်းဖြင့် ခရီးနှင်ခဲ့လျှင် တစ်ရက်လျှင် မိုင်တစ်သောင်း မဆိုထားနှင့် မိုင်တစ်သိန်းဆိုလျှင်ပင် မဖြစ်နိုင်ရန် အကြောင်းမရှိချေ။
သူမ၏ရှေ့ မနီးမဝေးနေရာတွင် ရှိနေသည့် ကျုံးချင်၏ တည်ငြိမ်သော နောက်ကျောပြင်ကိုကြည့်ရင်း မင်ဆုရှင်း၏စိတ်နှလုံးသားထဲတွင် ရှုပ်ထွေးသော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
သူမ၏ဂိုဏ်းနှင့် လူစုကွဲသွားခြင်း သူမဆရာနှင့်ဂိုဏ်းသားများ အကြီးအကျယ် ဆုံးရှုံးမှုကို ခံစားခဲ့ရခြင်းတို့သည် သူမ၏စိတ်နှလုံးသားကို လေးလံစေသော်လည်း...
တခြားတစ်ဖက်တွင်မူ သူမသည် စိတ်သက်သာရာရမှုတချို့ကို ခံစားနေရသည်။ အကယ်၍ သရဲလေဖြူသာ သူမကို လွင့်ပါမသွားစေခဲ့လျှင် ဤအချိန်တွင် ကျုံးချင်နှင့်အတူ ခရီးသွားရန် သူမ အခွင့်အရေး ရရှိခဲ့လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ ရှုပ်ထွေးသည့် စိတ်ခံစားချက်များကို သယ်ဆောင်ရင်း သူတို့နှစ်ယောက်သား ခရီးဆက်ခဲ့ကြပြီး တတိယမြောက်နေ့၏နေ့လည်ခင်းတွင် လွင်ပြင်၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
နိမ့်သော်လည်း ရှုပ်ထွေးသော တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ကာ ရှေးဟောင်းဂိုဏ်း၏ အဆောက်အအုံအပျက်အစီးများဖြင့် ပြည့်နှက်နေသော တောင်ကြားလမ်းတစ်ခုကို ဖြတ်သန်းပြီးနောက် ရှုခင်းတစ်ခုက သူတို့၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
"ဒါက လျှို့ဝှက်နယ်မြေ တည်ရှိတဲ့ နေရာလား..."
မင်ဆုရှင်းသည် ရှေ့မှမြင်ကွင်းကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တီးတိုးရေရွတ်လိုက်သည်။
သူတို့၏ရှေ့ရှိ နှင်းလွင်ပြင်ပေါ်၌ ပေပေါင်း သောင်းနှင့်ချီမြင့်မားသော ကြီးမားသည့် နှင်းဖုံးတောင်ကြီးလေးလုံးသည် မြေကြီးထဲမှ ထိုးထွက်နေပေ၏။
ဤနှင်းဖုံးတောင်လေးလုံး၏ တောင်ခြေများသည် ဆက်စပ်နေပြီး ပိတ်လှောင်ထားသောနေရာတစ်နေရာကို ဖြစ်ပေါ်စေသည်။ ထိုတောင်များအားလုံး အလွန်မတ်စောက်သည်။
ငွေဖြူရောင်မုန်တိုင်းသည် နှင်းဖုံးတောင်လေးလုံး၏နံဘေးပတ်လည်တွင် မရပ်မနား လှည့်ပတ်နေပြီး တဝှီးဝှီးမြည်ဟီးနေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ဤငွေဖြူရောင်မုန်တိုင်းသည် လေဖြူနှင့်တူသော်လည်း အာရုံခံစားကြည့်လိုက်ချိန်၌ ထိုအရာ၏လေစွမ်းအားသည် လေဖြူထက် အဆပေါင်းများစွာ ပို၍ပြင်းထန်ပြီး လေဖြူ၏မူလအစပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤနေရာ၌ ပျံသန်းခြင်းဖြင့် တောင်ကြောများကို တိုက်ရိုက်ဖြတ်ကျော်ရန် မဖြစ်နိုင်ပုံရသည်။ ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤမုန်တိုင်းတံတိုင်းကို ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။
ထို့ပြင် လျှို့ဝှက်နယ်မြေ၏ပင်မအစိတ်အပိုင်းသည် ဤနှင်းဖုံးတောင်လေးလုံး ဝန်းရံထားသော နယ်မြေအတွင်း၌ တည်ရှိနေကြောင်း သိသာထင်ရှားသည်။
ကျုံးချင်၏အကြည့်သည် ငွေဖြူရောင်မုန်တိုင်းအပေါ်သို့ ကျရောက်သွားသည်။ ဝင်္ကပါခံနိုင်ရည်စွမ်း ရှိနေသဖြင့် သူသည် ဤမုန်တိုင်းကို တိုက်ရိုက်ရင်ဆိုင်ရန် ကြိုးစားနိုင်သော်လည်း တစ်စုံတစ်ခုကို သူ ခံစားမိနေသည်။
ဤငွေဖြူရောင်မုန်တိုင်းသည် ဝင်္ကပါ၏စွမ်းအား မဟုတ်ဘဲ လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာမှ တစ်စုံတစ်ခုက ကောင်းကင်နှင့်မြေပြင်း၏ စွမ်းအားကို နှိုးဆွလိုက်သဖြင့် ဖြစ်ပေါ်လာပုံရခြင်းပင်။
ထို့ပြင် ပိုင်ဖုန်းလွင်ပြင်ပေါ်ရှိ မရေမတွက်နိုင်သော ဝင်္ကပါများကြောင့် ဖြစ်ပေါ်လာသည့် လေဖြူသည် ဤငွေဖြူရောင်မုန်တိုင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
အမှန်တရားကို နားမလည်မီ ကျုံးချင်သည် ဤမုန်တိုင်းအတွင်းသို့ အတင်းအကြပ် တိုက်ရိုက်ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိချေ။ သူနှင့်မင်ဆုရှင်းတို့သည် တောင်ခြေသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကြ၏။
သူတို့၏ရှေ့တွင် နှင်းဖုံးတောင်နှစ်လုံး ဆုံတွေ့သောနေရာ ရှိနေသည်။
ဤနေရာတွင် ဖျော့တော့ဖျော့ အေးစိမ့်မှုကို ထုတ်လွှတ်ထားသည့် မည်းနက်သော အက်ကွဲကြောင်းတစ်ခု ရှိနေပေ၏။
သဘောတရားအရ ပြောဆိုရလျှင် ဤအက်ကွဲကြောင်းသည် လျှို့ဝှက်နယ်မြေ၏ဝင်ပေါက် ဖြစ်နိုင်သည်။ ကျုံးချင်သည် နတ်ဘုရားစိတ်အာရုံဖြင့် ထိုအက်ကွဲကြောင်းထဲသို့ စူးစမ်းကြည့်လိုက်ချိန်၌ လမ်းပိတ်နေကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် အက်ကွဲကြောင်း၏ရှေ့ရှိ ကွင်းပြင်တွင် ကျန့်ပေါင်းဆယ်နှင့်ချီ မြင့်မားပြီး ကျန့်အနည်းငယ် ထူထပ်သိပ်သည်းကာ နက်နဲသိမ်မွေ့သည့် သင်္ကေတများ ဖုံးလွှမ်းထားသည့် ကြီးမားသော တိုင်လုံးကြီးတစ်တိုင် ရှိနေသည်။
ထိုဧရာမတိုင်လုံးကြီး၏အလယ်ဗဟို တည့်တည့်တွင် ထင်ရှားသော စက်ဝိုင်းပုံစံတစ်ခု ရှိပြီး ထိုအရာ၏ဗဟိုတွင် စက်ဝိုင်းပုံချိုင့်ခွက်တစ်ခု ရှိနေသည်။
တစ်ချိန်တည်းမှာပင် ကျုံးချင်နှင့်မင်ဆုရှင်းတို့ နှစ်ဦးလုံးသည် သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ လျှို့ဝှက်နယ်မြေ သံမဏိပြားများမှ တုံ့ပြန်မှုကို ခံစားလိုက်ရသည်။
ထိုသံမဏိပြားများကို ထုတ်ယူလိုက်ချိန်၌ ခံစားမှုသည် ပို၍ရှင်းလင်းလာပြီး သူတို့နှစ်ယောက်သား တစ်စုံတစ်ခုကို ချက်ချင်းနားလည်သဘောပေါက်လိုက်ကြသည်။
မင်ဆုရှင်းက ပြောဆိုသည်။
"အက်ကွဲကြောင်းထဲက လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကို ဖွင့်ဖို့အတွက် ဒီသံမဏိပြားတွေကို အဲ့ဒီချိုင့်ခွက်ထဲထည့်ဖို့ လိုအပ်ပုံရတယ်..."
"သံမဏိတွေနဲ့ ဝင်ပေါက်ကို ဖွင့်လှစ်တဲ့လူတွေက လျှို့ဝှက်နယ်မြေရဲ့အရှိန်အဝါ လွှမ်းခြုံတာကို ခံရပြီးတော့....လျှို့ဝှက်နယ်မြေထဲမှာ ပိုပြီးကြီးမားတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တယ်လို့ ကျွန်မ ကြားဖူးတယ်..."
"ဒါပေမဲ့ လောလောဆယ်မှာ ရှင်နဲ့ကျွန်မ ပေါင်းလိုက်ရင် သံမဏိပြားသုံးခုပဲ ရှိသေးတယ်... ဝင်ပေါက်ကိုဖွင့်ဖို့ အနည်းဆုံး အပိုင်းအစ လေးခု လိုအပ်တယ်လို့ ပြောကြတယ်... ပြီးတော့ အပိုင်းအစခြောက်ခုလုံး စုစည်းမိမှ လျှို့ဝှက်နယ်မြေက အပြည့်အဝ နိုးထလာလိမ့်မယ်..."
ဤသည်မှာ ဂိုဏ်းကြီးလေးဂိုဏ်းမှလူများသည် လူခွဲပြီး ရှေ့ဆက်ကြသော်လည်း ပထမဆုံး ရောက်ရှိရန် အလွန်အမင်း မကြိုးစားကြသည့် အကြောင်းအရင်းပင်။
သူတို့ အစွမ်းကုန် အမြန်ဆုံး သွားရောက်နိုင်ရန် ကြိုးစားနေသည့် အကြောင်းအရင်းမှာ သူတို့ အလွန်နှေးကွေးနေပါက လေဖြူ ရပ်တန့်နေသည့် အချိန်ကာလကို အမီလိုက်နိုင်မည် မဟုတ်ဘဲ လွင်ပြင်ထဲတွင် ပိတ်မိပြီး ထွက်ခွာ၍ မရနိုင်မည်ကို ကြောက်ရွံ့သောကြောင့်သာ ဖြစ်သည်။
လျှို့ဝှက်နယ်မြေဝင်ပေါက်သို့ မည်သူ အရင်ရောက်သည် ဖြစ်စေကာမူ အဖွဲ့တစ်ခုတည်းမှ သံမဏိပြားများသည် ဝင်ပေါက်ကိုဖွင့်ရန် လုံလောက်မည် မဟုတ်ချေ။
သေချာသည်မှာ အဆိုးမြင်စိတ်ဖြင့် တွေးမည်ဆိုလျှင် ဤနေရာသို့ ဦးစွာရောက်ရှိလာသူများသည် နောက်မှလာသူများကို ခြုံခိုတိုက်ခိုက်ရန်နှင့် သူတို့၏သံမဏိပြားများကို လုယူရန်အတွက် ဤနေရာတွင် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားနိုင်သည်။ သို့ရာတွင် ထိုကိစ္စသည် ထည့်သွင်းစဥ်းစားရန်လိုသော အချက်တစ်ချက်သာ ဖြစ်ပေလိမ့်မည်။