ဒီနေ့ မင်း အသက်ရှင်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့ ၂
Vol. 20 Ch. 194
မဟာအကြီးအကဲ၏စကား အဆုံးသတ်သွားသည်နှင့် ကျုံးချင်၏ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိသော်လည်း မင်ဆုရှင်းကမူ အံ့အားသင့်သွားသည်။
"ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်..."
ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ သူတော်စင်မလေးတစ်ဦးအနေဖြင့် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်တစ်ခုသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိရှိထားသည်။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးသည် အဆင့်တူများအကြား၌ ပြိုင်ဘက်ကင်းလုနီးပါးပင်။ ထို့ပြင် တချို့အခြေအနေမျိုးတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် ကျော်လွန်၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ် မဟုတ်ချေ။
ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်သော ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို စိတ်ကူးယဉ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
သာမန်ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် သူ့အတွက် ထမင်းစားရေသောက်နေရသကဲ့သို့ လွယ်ကူရိုးရှင်းပေလိမ့်မည်။
သူမသည် ခရီးစဉ်တစ်လျှောက်လုံး ကျုံးချင်၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ဖြစ်သော်လည်း ထိုယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲများသည် သူနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်သော ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ကျုံးချင်သည် လွယ်လင့်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပါအုံးမည်လော....
မင်ဆုရှင်းပင်လျှင် ဤှကိစ္စအပေါ် ယုံကြည်ချက် သိပ်မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ နဂါးနက်ဂိုဏ်းသည် ကျုံးချင်၏လက်ချက်ဖြင့် အမြစ်ပြတ်သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့စဥ်ကတည်းက သူတို့သည် သူ၏စွမ်းအားကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေမည်။
ထိုသို့ဆိုသည့်တိုင် သူတို့သည် အနက်ရောင်ဝတ်ရုံဝတ်လူကို အားကိုးခြင်းအားဖြင့် ကျုံးချင်ကို နှိမ်နင်းနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်ရာ အကြောင်းမဲ့သက်သက် မဟုတ်နိုင်ချေ။
မင်ဆုရှင်းထံ၌ ယုံကြည်ချက် ကင်းမဲ့နေသော်လည်း နဂါးနက်ဂိုဏ်းသားများကမူ ယုံကြည်ချက်အပြည့် ရှိနေကြသည်။
မူလက သူတို့ထံ၌ ကျန်ရှိနေသော အင်အားအနည်းငယ်ဖြင့်ဆိုလျှင် သူတို့သည် ဤနေရာသို့ လုံးဝရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ချေ။
သူတို့သည် လျှို့ဝှက်နယ်မြေ ဝင်ပေါက်အထိ တောက်လျှောက် အပြေးအလွှား လာရောက်နိုင်ခဲ့ခြင်းနှင့် ကျုံးချင်နှင့်သူ၏အဖော်တို့ထက် သိပ်နောက်မကျခြင်းမှာ ဟေးပိုင်၏ စွမ်းအားကြီးမားမှုကြောင့်ပင်။
လမ်းတလျှောက်တွင် ဟေးပိုင်သည် ကြုံတွေ့ခဲ့ရသမျှ သားရဲတိုင်းကို သတ်ဖြတ်ခဲ့ပြီး ရင်ဆိုင်ခဲ့ရသမျှ ဝင်္ကပါတိုင်းကို ဖျက်ဆီးခဲ့သည်ဟု ပြောနိုင်သည်။
ဟေးပိုင် ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုက်သော မရေမတွက်နိုင်သည့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်နှင့် ယင်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲများကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ဝင်္ကပါခံနိုင်နိုင်စွမ်း အရှိန်အဝါ ရှိပြီး ဝင်္ကပါများကို လုံးဝအသက်ဝင်စေမည် မဟုတ်သော ကျုံးချင်နှင့် မတူညီဘဲ ဟေးပိုင်ထံတွင် ထိုကဲ့သို့ လှည့်ကွက်မျိုး မရှိပေ။ သူသည် ဝင်္ကပါပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသဖြင့် ကွေကွင်းသွားခြင်းမရှိဘဲ တန်းတန်းမတ်မတ် လမ်းလျှောက်လေ့ရှိရာ မရေမတွက်နိုင်သော ဝင်္ကပါများကို အသက်ဝင်စေခဲ့သည်။
သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း မဟာဝင်္ကပါကြီးများ အားလုံးသည် ဟေးပိုင်၏ ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် တိုက်ရိုက်ဖျက်ဆီးခံလိုက်ရသည်။ သူ၏ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားသည် နဂါးနက်ဂိုဏ်းသားများကို ထိတ်လန့်တုန်လှုပ်စေခဲ့ပေ၏။
ထိုအကြောင်းပြချက်ကြောင့် ဟေးပိုင်အပေါ် သူတို့၏ယုံကြည်မှုသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦးသည် သူတို့၏နံဘေးတွင် ရှိနေသဖြင့် ထိုမိစ္ဆာကောင် စွမ်းအားကြီးမားလျှင်ပင် ဘာဖြစ်လာနိုင်မည်နည်း။
မင်း ဘယ်လောက်ပဲ သန်မာပါစေ... သခင်ကြီး ဟေးပိုင်ထက် ပိုပြီးသန်မာနိုင်ပါ့မလား...
ထိုအချိန်တွင် ဟေးပိုင်သည်လည်း တိတ်ဆိတ်နေပြီး ကျုံးချင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေသည်။
နဂါးနက်ဂိုဏ်းသားများ၏မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအယာများ ထင်ဟပ်လာကြ၏။
ဤတစ်ကြိမ်တွင် သူတို့သည် ယခင်က မြင်တွေ့ခဲ့ရသော မရေမတွက်နိုင်သည့် မြင်ကွင်းများကို ပြန်လည်မြင်တွေ့ရတော့မည့်ပုံရသည်။ မည်သည့် ရန်သူ သို့မဟုတ် မည်သည့် ဝင်္ကပါနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သခင်ကြီး ဟေးပိုင်သည် တိတ်ဆိတ်စွာ လမ်းလျှောက်သွားပြီး ရန်သူကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပေမည်။
"သခင်ကြီး ဟေးပိုင် လှုပ်ရှားတော့မယ်... ကောင်လေး... မင်း သေပြီ..."
နဂါးနက်ဂိုဏ်းတပည့်တစ်ဦးက အော်ဟစ်ရယ်မောလိုက်ပြီး မဟာအကြီးအကဲ၏မျက်နှာပေါ်တွင်လည်း စိတ်ကျေနပ်အားရသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ကျုံးချင်ကို သူ ကိုယ်တိုင်ကိုယ်ကျ မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် နောင်တရမိသော်လည်း သခင်ကြီးဟေးပိုင်၏ လက်ဝါးအောက်တွင် သနားစဖွယ် သေဆုံးသွားသည်ကို မြင်တွေ့ရခြင်းက သူ၏နှလုံးသားထဲမှ နာကျည်းမုန်းတီးမှုကို ပြေပျောက်စေနိုင်သည်။
ဟေးပိုင် နီးကပ်လာသည်နှင့်အမျှ မင်ဆုရှင်း ပို၍ပို၍စိုးရိမ်ပူပန်လာသည်။
လူများအားလုံးသည် ဤအစွမ်းထက်ထိပ်သီးကျင်ကြံသူနှစ်ဦးကြားတွင် မမြင်နိုင်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ရပ်ကို အာရုံခံစားမိလိုက်ကြသည်။
သူတို့နှစ်ဦးကြားရှိ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ဤသတ်ဖြတ်လိုစိတ်သည် ပို၍ ပို၍ ပြင်းထန်လာပေ၏။
ကျင့်ကြံဆင့် အနည်းငယ် အားနည်းသော ကျင့်ကြံသူများသည် ဤစွမ်းအားကြီးမားသော သတ်ဖြတ်ခြင်း အရှိန်အဝါအောက်တွင် သတိလစ်မေ့မြောလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့နောက် ဤ "သတ်ဖြတ်ခြင်း အရှိန်အဝါ" အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ဟေးပိုင်သည် ကျုံးချင်၏ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့လေ၏။
လူများအားလုံး၏ စူးစိုက်နေသော အကြည့်များအောက်တွင်...
ကျုံးချင်သည် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကို အောက်သို့ချလိုက်သည်။
ထို့နောက် ရွှေတောင်ကြီး ပြိုကျလာကာ ကျောက်စိမ်းတိုင်ကြီး လဲကျသွားသည့်အလား ဟေးပိုင်၏ ဖြောင့်မတ်သော ခန္ဓာကိုယ်သည်.ဒူးထောက်လိုက်၏။
ဟေးပိုင်သည် ဒူးတစ်ဖက်ထောက်ပြီး ကျုံးချင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"သခင်... ကျွန်တော် နောက်ကျသွားတယ်..."
ကျုံးချင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
"မင်း အချိန်မီ ရောက်လာတာပဲ..."
နဂါးနက်ဂိုဏ်းသားများ၏ မျက်နှာများပေါ်မှ မောက်မာပြီး သွေးဆာနေသော စိတ်ကျေနပ်အားရသည့် အပြုံးများ ထိုအချိန်အခိုက်အတန့်တွင် တောင့်တင်းအေးခဲသွားကြသည်။
မဟာအကြီးအကဲသည် သူ၏ခေါင်းထဲတွင် တဝီဝီမြည်သံများကို ကြားလိုက်ရပြီး သူ၏စိတ်ကူးယဥ်အတွေးများ တစစီကြေမွှပျက်စီးသွားသည်။
သူသည် ဒူးတစ်ဖက်ထောက်နေသော ဟေးပိုင်နှင့် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှိနေသည့် ကျုံးချင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
"မင်း... ဒါ... ဒါ..."
သူ တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်ပြီး ပြီးပြည့်စုံသော စကားတစ်ခွန်းကိုပင် မပြောနိုင်တော့ချေ။
သူ၏ရှေ့မှ မြင်ကွင်းသည် အိပ်မက်တစ်ခုအလားပင်။
ဟုတ်တယ်... ဒါက အိပ်မက်ပဲ...
ဒါ အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်...
ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်...
သူတို့၏မှီခိုအားထားရာအဖြစ် သတ်မှတ်ထားသော သခင်ကြီးဟေးပိုင်သည် ထိုမိစ္ဆာကောင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဒူးထောက်ပြီး သခင်ဟုပင် ခေါ်ဆိုလိုက်သလော...
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါက ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်ရမယ်...
"ပုံရိပ်ယောင်တွေ... ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ... မင်း ငါ့ကို မလှည့်စားနိုင်ပါဘူး..."
ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့၏ ပြင်းထန်သော သက်ရောက်မှုအောက်တွင် မဟာအကြီးအကဲသည် သူ၏ဦးနှောက်များ ဗလောငါဆူနေသကဲ့သို့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"သခင်ကြီး ... သခင်ကြီး ဟေးပိုင်... ဒီကောင်လေးကို မြန်မြန် သတ်လိုက်ပါ..."
သူ၏စိတ်နှလုံးသားထဲတွင် နောက်ဆုံးကျန်ရှိနေသေးသော စိတ်ကူးယဉ်မျှော်လင့်ချက်လေးကို ဖက်တွယ်ထားဆဲဖြစ်ပြီး မဟာအကြီးအကဲက အော်ဟစ်လိုက်သည်။
"ဒီကောင်လေးကို သတ်လိုက်.. ဒါဆိုရင် ကျွန်တော်တို့ နဂါးနက်ဂိုဏ်းက ခင်ဗျားကို ကျွန်တော်တို့ရဲ့ သခင်အဖြစ် အမှုတော်ထမ်းဖို့ ဆန္ဒရှိပါတယ်... အာဏာ စည်းစိမ်ဥစ္စာ အလှပဂေးတွေ... သခင်ကြီးလိုချင်တဲ့ ဘယ်အရာဆို ကျွန်တော်တို့နဂါးနက်ဂိုဏ်းက ဖြည့်ဆည်းပေးနိုင်ပါတယ်..."
နောက်ထပ်အချိန်တခဏတွင် ဟေးပိုင်သည် သူ စိတ်ကူးထားသည့်အတိုင်း လှုပ်ရှားလိုက်ပုံရသည်။
သို့သော် ပစ်မှတ်သည် သူ တွေးထင်ထားသကဲ့သို့ ကျုံးချင် မဟုတ်ပေ။
ထိုအစား ဟေးပိုင်သည် သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး နဂါးနက်ဂိုဏ်းသားများဆီသို့ ဖိနှိပ်လိုက်သည်။
ထိုဖြူဖပ်ဖြူရော်လက်ဝါးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားနှင့် သူ၏စိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော အဆုံးမဲ့ သေဘေးအန္တရာယ် ခံစားချက်သည် မဟာအကြီးအကဲကို နောက်ဆုံးအချိန်အခိုက်အတန့်တွင် သတိဝင်သွားစေသည်။
ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခု မဟုတ်ကြောင်းကိုလည်း သူ နားလည်သဘောပေါက်လိုက်၏။
လမ်းတလျှောက်လုံးတွင် ဟေးပိုင် တိုက်ခိုက်သည့် ကိုယ်နေဟန်ထားကို သူ အကြိမ်များစွာ မြင်တွေ့ခဲ့ရသည်။
သူ လှုပ်ရှားလိုက်တိုင်း သူ၏ ပြိုင်ဘက်တွင် သေလမ်းဟူသော ရလဒ်တစ်ခုတည်းသာ ရှိသည်။
ယခင်က ဟေးပိုင် လှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ နဂါးနက်ဂိုဏ်းသားများသည် အံ့အားသင့်မှု အားကျမှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားခဲ့ရသည်။
သို့သော် ယခုချိနိတွင်မူ သူတို့ထံ၌ အဆုံးမဲ့ ကြောက်ရွံ့မှုနှင့်နောင်တရမှုတို့သာ ကျန်ရှိတော့သည်။
သူတို့သည် လက်စားချေရန်အတွက် ဟေးပိုင်ကို အားမကိုးဘဲ ကယ်တင်ခံရပြီးနောက် လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားခဲ့လျှင် သူတို့ ဤကဲ့သို့ အဆုံးသတ်ရမည်လော...
သို့သော် ဟေးပိုင်သည် ထိုမိစ္ဆာကောင်၏ အစေခံတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးခင်မထားမိကြချေ။
သူတို့၏နဂါးနက်ဂိုဏ်းသည် မည်ကဲ့သို့ တည်ရှိမှုမျိုးနှင့် ကြုံတွေ့ခဲ့ရသနည်း...
"မလုပ်ပါနဲ့..."
မဟာအကြီးအကဲ၏ အော်ဟစ်သံ ထွက်ပေါ်မလာနိုင်မီမှာပင်သူနှင့်သူ၏နောက်ရှိ နဂါးနက်ဂိုဏ်းသားများသည် ဟေးပိုင်၏လက်ဝါးရိုက်ချက်ကြောင့် အသားစများအဖြစ် ရှင်းရှင်းလင်းလင်း အမှုန့်ကြိတ်ခံလိုက်ရတော့သည်။
ထို့ပြင် မဟာအကြီးအကဲ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်နယ်မြေ သံမဏိပြားကိုလည်း ဟေးပိုင်က ပေါ့ပေါ့ပါးပါး ယူဆောင်လိုက်သည်။
နေရာအနှံ့အပြား၌ ဖြာကျနေသော အသွေးအသားများကို ကြည့်ရင်း ကျုံးချင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။
"နောက်တစ်ခါကျရင် လှုပ်ရှားတာ နည်းနည်း သန့်ရှင်းအောင်လုပ်...ဒါက ငါ့ရဲ့အစာစားချင်စိတ်ကို ထိခိုက်တယ်..."
ဟေးပိုင်က ခေါင်းငုံ့ပြီး ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ သခင်..."
သူ၏စကားသံ ဆုံးသွားသည်နှင့် သူသည် လက်ဝါးကို ညင်သာစွာ တွန်းထုတ်လိုက်ရာ နှင်းလှိုင်းတစ်ခုက မြေပြင်ပေါ်သို့ ဖြတ်သန်းသွားပြီး အသွေးအသားများကို တိုက်ခတ်သွားသည်။ ထို့နောက် ဤလူများအားလုံး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား မြေပြင်တပြင်လုံးကို မူလအဖြူရောင်အတိုင်း ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
ထိုအချိန်တွင် မင်ဆုရှင်းသည် ကြက်သေသေနေခဲ့ရာမှ ယခုချိန်မှသာ သတိပြန်ဝင်လာပြီး ထိတ်လန့်သွားသည်။
နဂါးနက်ဂိုဏ်းက သူတို့၏မှီခိုအားထားရာအဖြစ် သတ်မှတ်ထားသော ဤလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူသည် ယခုအချိန်၌ ခေါင်းငုံ့ပြီး ကျုံးချင်၏နောက်တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေပေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ သူမသည် ကျုံးချင်ကို အတိုင်းအတာ တစ်ခုထိ နားလည်ခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း သူမ၏ရှေ့မှ မြင်ကွင်းသည် သူမ၏ခံယူချက်ကို ထပ်မံ၍ ပြောင်းပြန်လှန်ပစ်လိုက်သည်။
မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်သော ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူဟူ၍ အနည်းငယ်သာ ရှိသည်။
ထို့ပြင် ဤကဲ့သို့ တည်ရှိမှုမျိုးသည် အမှန်တကယ်ကို ကျုံးချင်၏အစေခံ ဖြစ်နေသလော...
ထို့ပြင် ကျုံးချင်သည် နဂါးနက်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်လုနီးပါးဖြစ်အောင် လုပ်ခဲ့ပြီးနောက် ကြွင်းကျန်သော ဂိုဏ်းသားတချို့က သူ့ကို တွေ့ဆုံခဲ့ရသည်။
ကျုံးချင်ကို လက်စားချေရန်အတွက် ဟေးပိုင်ကို သူတို့၏မျှော်လင့်ချက်အဖြစ် သတ်မှတ်ခဲ့ကြသော ဤနဂါးနက်ဂိုဏ်းသားအုပ်စု၏ ကံဆိုးမိုးမှောင်ကျမှုသည်...
ထိုအကြောင်းကို တွေးတောရင်း နဂါးနက်ဂိုဏ်းသားများ ရှိခဲ့သောနေရာကို မင်ဆုရှင်းသည် စာနာစိတ်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။
'ဒီလူတွေက တကယ်ကို ကံဆိုးလွန်းတာပဲ...'