ကျိုင်းကောင်များ ဖြတ်သန်းခြင်း
Vol. 20 Ch. 197
မိုးကောင်းကင်ယံမှ ပုံရိပ်ယောင်အဘိုးအိုသည် မည်မျှပင် စိတ်နှလုံးသား ကြေကွဲနေပါစေ ကျုံးချင်နှင့်တခြားလူနှစ်ဦးသည် စမ်းသပ်မှုများကို ဖြတ်သန်းခြင်း မရှိဘဲ ရန်သူများကို တိုက်ခိုက်ခြင်း မရှိဘဲ ဒုက္ခများစွာ မတွေ့ရဘဲ လျှို့ဝှက်နယ်မြေ၏ အန္တရာယ်အရှိဆုံးအပိုင်းကို ရှောင်ကွင်းနိုင်ခဲ့ကြသည်။
သူတို့သည် အတွင်းပိုင်းနက်ရှိုင်းသောနေရာရှိ နန်းတော်အစုအဝေး၏ရှေ့သို့ ရောက်ရှိလာကြသည်။
သူတို့ ရောက်ရှိလာချိန်တွင် နန်းတော်များကြား၌ မြင့်မားစွာ တည်ရှိနေသော ရွှေရောင်မျှော်စင်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာသည် ခမ်းနားထည်ဝါပြီး ကြီးမားကာ ရှေးဟောင်းဆန်ပေ၏။
မျှော်စင်၏အပေါ်ယံသည် ခမ်းနားထည်ဝါရုံသာမက မရေမတွက်နိုင်သော သင်္ကေတအက္ခရာများသည် မျှော်စင်၏ကိုယ်ထည်အနှံ့အပြား၌ ဖျော့တော့တော့ လင်းလက်နေပြီး ရှေးဟောင်းခေတ်မှ နက်နဲသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ဒါက လျှို့ဝှက်နယ်မြေရဲ့ဗဟိုချက် ဖြစ်နေနိုင်တယ်..."
မင်ဆုရှင်း၏အကြည့်သည် နံဘေးပတ်ဝန်းကျင်ရှိ အလားတူ ခမ်းနားထည်ဝါသော နန်းတော်များထံသို့ ကျရောက်သွားပြီး သူမက ပြောဆိုလိုက်သည်။
"ဒီလျှို့ဝှက်နယ်မြေထဲမှာ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ရှိနေတယ်ဆိုရင် အဲ့ဒါက ဒီနေရာပဲ ဖြစ်လောက်တယ်..."
သို့သော် ကျုံးချင်သည် မည်သည့် ကြီးမားသော အခွင့်အလမ်းကိုမျှ ဂရုမစိုက်ပေ။
သူ ဂရုစိုက်သည်မှာ ထို ဝိုးတဝါးဆွဲဆောင်မှုသည် မည်သည့်အရာဖြစ်သည်ကိုပင်။
သူသည် မူလက ရွှေရောင်မျှော်စင် ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ပို၍နီးကပ်လာချိန်၌ ထိုဆွဲဆောင်မှုသည် မျှော်စင်အတွင်းမှ လာခြင်း မဟုတ်ကြောင်း သူ နားလည်သဘောပေါက်လိုက်၏။
အမှန်အားဖြင့် ဤနေရာသို့ ရောက်ရှိပြီးနောက် သူ သွားလေရာရာ၌ ထိုဆွဲဆောင်မှု၏ အရင်းအမြစ်သည် အနီးအနားတွင် ရှိနေသကဲ့သို့ ခံစားရသော်လည်း တိကျသော ဦးတည်ချက်ကို သူ မည်သို့မျှ မခွဲခြားနိုင်ချေ။
"ထားလိုက်ပါတော့... ငါ့ရဲ့ခံစားမှုက မရှင်းလင်းမှတော့ ဖြည်းဖြည်းချင်းပဲ ရှာတော့မယ်..."
ကျုံးချင်က သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။
'အဆိုးဆုံးအခြေအနေကတော့ ဒီနေရာတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်လိုက်ရုံပဲ... နောက်ဆုံးတော့ ဒါကို ငါ ရှာတွေ့မှာပဲလေ...'
မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ အချိန်ဖိအား လုံးဝမရှိချေ။
တခြားလူများအားလုံးကမူ အချိန်ကြာသွားလျှင် လေဖြူ ပြန်ထွက်ပေါ်လာပြီး ထွက်ခွာ၍ မရမည်ကို စိုးရိမ်ရပေ၏။
သို့ရာတွင် လေဖြူသည် ဝင်္ကပါခံနိုင်ရည်စွမ်းရှိသော ကျုံးချင်အတွက်ကမူ မည်သည့်ခြိမ်းခြောက်မှုမျှ မရှိချေ။
လေဖြူ ရောက်လာလျှင်ပင် သူသည် အရိပ်ယင်ကောင် လမ်းပြကျောက်တုံးကို မှီခိုအားကိုးပြီး လမ်းကြောင်းခွဲခြားကာ ပိုင်ဖုန်းလွင်ပြင် အပြင်ဘက်ကို တန်းတန်းမတ်မတ် ပျံသန်း၍ ထွက်ခွာသွားနိုင်သည်။
သူတို့အဖွဲ့သည် အရှေ့ဆုံးတွင်ရှိသော နန်းတော်၏ပင်မတံခါးသို့ ချဉ်းကပ်သွားသည်နှင့်အမျှ မင်ဆုရှင်း၏အကြည့်သည် ထိုအရာအပေါ်သို့ ဝေ့ဝိုက်၍ကျရောက်သွားသည်။ ထို့နောက် သူမ၏မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်သွားသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"လျှို့ဝှက်နယ်မြေသခင်ရဲ့ချမ်းသာကြွယ်ဝမှုက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ..."
သူမသည် ရွှေနီရောင်တံခါးကို ကြည့်ပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒီတံခါးတစ်ခုလုံးက တကယ်တော့ ရွှေရောင်စွန်းထင်း နှလုံးသားသစ်သားတစ်တုံးတည်းနဲ့ ပြုလုပ်ထားတာပဲ..."
"ရွှေရောင်စွန်းထင်း နှလုံးသားသစ်သားဆိုတာ သတ္တုနဲ့ မီးယှက်နွှယ်နေတဲ့ နေရာတွေမှာပဲ ပေါက်ရောက်တဲ့ နတ်ဘုရားသစ်ပင်တစ်မျိုးကရတာပဲ... သတ္တုနဲ့ မီးဂုဏ်သတ္တိရှိတဲ့ မှော်ရတနာတွေနဲ့ စိတ်ဝိညာဉ်လက်နက်တွေ ဖန်တီးဖို့အတွက် အရမ်းကောင်းမွန်တဲ့ ပစ္စည်းတစ်ခုပဲ.."
"အဲ့ဒီအပင် ကြီးထွားလေလေ အကျိုးသက်ရောက်မှု ပိုပြီးအားကောင်းလေလေပဲ... အပင်ကြီးထွားလာတဲ့ တစ်ကျန့်စီတိုင်းအတွက် သတ္တုနဲ့ မီး ပြောင်းပြန်ဖြစ်မှု ဘေးဒုက္ခကို ခံစားရပြီးတော့ ပြင်းထန်တဲ့ မီးတောက်တွေက ပင်စည်ကို လောင်ကျွမ်းစေတယ်... အသက်ရှင်ကျန်ရစ်မှဘဲ ဆက်လက်ပြီး ကြီးထွားနိုင်တယ်... ဆယ်ကျန့်ထိရောက်တဲ့ အပင်တွေက လောကကြီးထဲမှာ ရှားပါးနေပြီ... ဒီတံခါးအတွက် အသုံးပြုထားတဲ့ သစ်ပင်က ကျန့်တစ်ရာထက် သေချာပေါက် ကျော်လွန်နေတယ်..."
ကျုံးချင်က ထိုစကားကို ကြားချိန်၌ တံခါးကိုအရေးမစိုက်သည့်အကြည့် ကြည့်လိုက်ပြီး မေးမြန်းသည်။
"အရမ်း တန်ဖိုးရှိတာလား..."
"ဒါပေါ့..."
ကျုံးချင် မသိသည့်အတွက် မင်ဆုရှင်း အနည်းငယ် အံ့အားသင့်သွားသည်။
"ကျန့်တစ်ရာရှိတဲ့ ရွှေရောင်စွန်းထင်း နှလုံးသားသစ်သားဆိုရင် ယင်သုံးပါးနယ်ပယ် မှော်ရတနာတွေတောင် သွန်းလုပ်လို့ရတယ်... ဒီတံခါးတစ်ချပ်တည်းရဲ့ တန်ဖိုးက တောင်ပိုင်းဒေသက မြို့တစ်မြို့ကို ဝယ်လို့ ရလောက်တယ်..."
ကျုံးချင်က ခေါင်းညိတ်လိုက်သည်။
"အော်... ဒါကြောင့်ကိုး..."
နောက်ထပ်အချိန်တခဏတွင် သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး လက်ကို ဆန့်တန်းလိုက်ရာ အပေါ်ယံကြည့်လျှင် သူ တံခါးကို တွန်းဖွင့်တော့မည့်ပုံ ပေါက်နေသည်။
ထို့နောက် တံခါးတစ်ခုလုံး ပျောက်ကွယ်သွားပေ၏။
သူ၏နောက်မှ မင်ဆုရှင်းနှင့် သူတို့ကို စောင့်ကြည့်နေသော မိုးကောင်းကင်ယံမှ ပုံရိပ်ယောင် အဘိုးအိုတို့ မှင်သက်သွားကြသည်။
အချိန်အတော်ကြာပြီးနောက် ဗလာဟင်းလင်းဖြစ်နေသော တံခါးဘောင်ကို ကြည့်ရင်း သူတို့နှစ်ယောက်သား နောက်ဆုံးတွင် အသိဝင်လာခဲ့ကြသည်။
ကျုံးချင်က တံခါးတစ်ချပ်လုံးကို ယူလိုက်တာပဲ...
အချိန်တခဏကြာသည်အထိ မင်ဆုရှင်းသည် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ တံခါးသည် တန်ဖိုးရှိသည်ဟု သူမ ပြောခဲ့သော်လည်း ဖြုတ်ယူရန် ပြောခဲ့ခြင်း မဟုတ်ချေ။
လျှို့ဝှက်နယ်မြေသခင်သည် ဤတံခါးတစ်ချပ်လုံးကို ရောက်ရှိလာသောလူများ ယူဆောင်သွားရန်အတွက် တပ်ဆင်ထားခြင်း မဟုတ်လောက်ပေ။
မိုးကောင်းကင်ယံ၏ မြင့်မားသောနေရာတွင် ရှိနေသော လျှို့ဝှက်နယ်မြေသခင်ကမူ အလွန်ဒေါသထွက်နေသဖြင့် သူ၏မုတ်ဆိတ်မွှေးများ တုန်ခါပြီး သူ၏မျက်လုံးများ ပြူးကျယ်နေသည်။
"ဒီကောင်လေးက ဘာလုပ်လိုက်လာလဲ.. သူက ငါ တပ်ထားတဲ့တံခါးကို တကယ်ကြီး ဖြုတ်ယူလိုက်တာလား..."
ဤမျှထိ ကျင့်ဝတ်ထုံးတမ်းမရှိသောလူကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သို့သော် သူ မသိသည်က ဤသည်မှာ အစပျိုးခြင်းသာ ရှိသေးသည်ဆိုသော အချက်ပင်။
သူတို့သုံးယောက်သား ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြပြီး မင်ဆုရှင်းသည် မြင့်မားသောနေရာတွင် ချိတ်ဆွဲထားသော နန်းတော်မီးအိမ်များကို မြင်တွေ့ချိန်၌ အံ့အားတသင့် ရေရွတ်လိုက်၏။
"ဒါတွေက ရေသူမဘုရင် မီးအိမ်တွေပဲ..."
ကျုံးချင် လက်ဝှေ့ယမ်းလိုက်ရာ နန်းတော်အတွင်းရှိ မီးအိမ်များအားလုံး ပျောက်ကွယ်သွားသည်။
သူတို့သုံးယောက်သား ရှည်လျားသော စင်္ကြန်လမ်းကို ဖြတ်သန်းသွားစဉ်တွင် မင်ဆုရှင်းသည် နန်းတော်နံရံများပေါ်ရှိ နံရံဆေးရေးပန်းချီများကိုကြည့်ရင်း အတွေးနက်နေသည်။
"ဒီနံရံဆေးရေးပန်းချီတွေကို ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက ရေးဆွဲထားတာ ဖြစ်ရမယ်... လျှို့ဝှက်နယ်မြေသခင် ကိုယ်တိုင်လည်း ဖြစ်နိုင်တယ်... ဒီအရာတွေထဲမှာ ဖုံးကွယ်ထားတဲ့ ဥပဒေသတွေနဲ့ တာအိုထိုးထွင်းသိမြင်မှုတွေ ပါဝင်တယ်... ဒီနံရံဆေးရေးပန်းချီတွေ ရှေ့မှာ ကျင့်ကြံပြီးတော့ လေ့လာဆင်ခြင်ရင် ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို အများကြီး အကျိုးရှိစေလိမ့်မယ်..."
ကျုံးချင် လက်ဝှေ့ယမ်းလိုက်ရာ နံရံဆေးရေးပန်းချီများနှင့်အတူ နံရံတစ်ချပ်လုံး ပျောက်ကွယ်သွားသည်။
သူတို့ ခြံဝန်းကို ဖြတ်သန်းသွားစဉ် စိမ်းလန်းစိုပြေသော သစ်ပင်အိုကြီးတစ်ပင်ကို ကြည့်ရင်း မင်ဆုရှင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထင်ဟပ်လာသည်။
"ဒီသစ်ပင်က... ဒဏ္ဍာရီလာ စိတ်တည်ငြိမ်ခြင်း မိုးမခပင် ဖြစ်ပုံရတယ်..."
ကျုံးချင်က လက်ဝှေ့ယမ်းလိုက်ရာ သစ်ပင်တစ်ပင်လုံးသည် အမြှစ်များနှင့် အောက်ရှိ မြေကြီးများပါမကျန် ပျောက်ကွယ်သွားလေ၏။
ကျုံးချင်ကိုယ်တိုင်အတွက် ဤပစ္စည်းများကို အမှန်တကယ် မလိုအပ်သော်လည်း...
ကျင့်ကြံနည်းစနစ်များ ဆန်းကြယ်စွမ်းရည်များနှင့် ပစ္စည်းတချို့သည် ကျုံးချင်အတွက် ပြောပလောက်စရာ မရှိသော်လည်း စနစ်မှ ထုတ်ယူ၍မရနိုင်သော အရာများစွာလည်း ရှိနေဆဲပင်။ ဤနေရာရှိ ပစ္စည်းများသည် ရှန်ကျန်းဂိုဏ်းနှင့် သူ၏တပည့်များအတွက် အသုံးဝင်နေသဖြင့် သူ ယူဆောင်ရန်အတွက် အားနာနေမည် မဟုတ်ချေ။
လျှို့ဝှက်နယ်မြေထဲမှ ရတနာများဆိုသည်မှာ လူအများ ယူဆောင်ရန်အတွက်သာ မဟုတ်လော...
ထို့ပြင် ပစ္စည်းအမြောက်အများအကို သူ၏ ကမ္ဘာငယ်လေးထဲသို့ ထည့်ထားနိုင်ပေ၏။
...
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံရှိ ပုံရိပ်ယောင်ပုဂ္ဂိုလ်သည် မျက်လုံးအပြူးသားဖြင့် ဤမကြုံစဖူးသော စမ်းသပ်ခံသူကို စူးစိုက်၍ ကြည့်နေမိသည်။
အစပိုင်းတွင် ကျုံးချင်သည် ပစ္စည်းများ ဖြုတ်ယူနေသည်ကို မြင်တွေ့ချိန်၌ သူ ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ အနည်းငယ် ထုံထိုင်းသွားသည်။
"တကယ်ပဲ ဒီလောက်ထိ ကျင့်ဝတ်ထုံးတမ်း မရှိတဲ့လူ ရှိသေးတာပါလား..."
သူ၏မျက်နှာသည် ဝေဝါးနေသဖြင့် အကဲခတ်၍ မရနိုင်သော်လည်း အဘိုးအို၏ဒေါသကို သူ၏ တုန်ရီနေသော လေသံမှတဆင့် ခံစားနိုင်သည်။
"သူ စမ်းသပ်မှုကို အောင်မြင်တာပဲဖြစ်ဖြစ် မအောင်မြင်တာပဲဖြစ်ဖြစ်... ငါသာ သူ့ကို အမွေအနှစ် ပေးမိရင်... ငါ့ရဲ့ 'ဆရာသခင် မင်ရှဲ့'ဆိုတဲ့ ဘွဲ့နာမည်ကို ပြောင်းပြန် ရေးလိုက်တော့မယ်..."
ကျုံးချင်၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှ၏။ သူသည် လမ်းတစ်လျှောက်၌ လမ်းလျှောက်ရင်း စုဆောင်းလာခဲ့ရာ မကြာမီမှာပင် နန်းတော်အစုအဝေး၏ အလယ်ဗဟိုဖြစ်သော ရွှေရောင်မျှော်စင်၏ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။
မျှော်စင်မှထွက်ပေါ်နေသော ကြီးမားသည့် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ဤလျှို့ဝှက်နယ်မြေအတွင်း၌ အမွေအနှစ် အခွင့်အလမ်း တစ်ခုခု ရှိခဲ့လျှင် ဤမျှော်စင် အတွင်း၌သာ ရှိရမည်ဟု မင်ဆုရှင်းက သေချာသလောက်နီးပါး ပြောဆိုနိုင်သည်။
"ကျွန်မတို့ ဝင်ကြမလား..."
မင်ဆုရှင်းက ကျုံးချင်ဘက်သို့လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။
ကျုံးချင် ရှိနေသဖြင့် မျှော်စင်အတွင်းမှ အခွင့်အလမ်းများကို တပ်မက်ရန် သူမထံတွင် ရည်ရွယ်ချက် မရှိပေ။
သို့ရာတွင် သူမ မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းသည်လည်း အတွေ့အကြုံများစွာ ရရှိစေနိုင်သည်။
ကျုံးချင်သည် တုံ့ပြန်အဖြေမပေးချေ။ ထိုအစား သူသည် ရွှေရောင်မျှော်စင်ကို စုန်ချည်ဆန်ချည် ကြည့်ရှုလိုက်သည်။
"ဒီမျှော်စင်က မဆိုးဘူး..."
"ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ မသိဘူး..."
မင်ဆုရှင်းသည် အနည်းငယ် မှင်သက်သွားကာ မကောင်းသော နိမိတ်တစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော်လည်း သူမက လွှတ်ခနဲ တုံ့ပြန်အဖြေပေးလိုက်မိသည်။
"ကျွန်မလည်း သိပ်မပြောတတ်ဘူး... ဒါပေမဲ့ အနောက်ပိုင်းဒေသ ဧကရီရွှေနဲ့ တူတဲ့ ရှားပါးသတ္တုတစ်မျိုးမျိုး ဖြစ်ပုံရတယ်..."
"ဒါတင်မကဘူး... တာအိုထိုးထွင်းသိမြင်မှုတွေကို မျှော်စင်ပေါ်မှာ ထွင်းထုနိုင်ဖို့အတွက် တခြား ကောင်းကင်နဲ့မြေပြင်ရတနာတွေကိုလည်း ထည့်ပေါင်းထားလောက်တယ်..."
"အတွင်းထဲမှာက စမ်းသပ်မှုနဲ့တူတဲ့ နေရာတစ်ခု ဖြစ်နေနိုင်ခြေ အများကြီး ရှိတယ်..."
ထိုစကားကို ကြားချိန်၌ ကျုံးချင်သည် မည်သည့်စကားမျှ ဆက်မပြောတော့ချေ။ ထိုအစား သူသည် လက်ကို ဆန့်တန်းပြီး ရွှေရောင် မျှော်စင်ကို ထိတွေ့လိုက်၏။
ထို့နောက် မင်ဆုရှင်း အာရုံခံမိနေသော မကောင်းသောနိမိတ်က ဤအချိန်အခိုက်အတန့်တွင် ဗလောင်ဆူလာသည်။
ကျုံးချင်... သူ ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူးနော်...
"ရပ်လိုက်စမ်း..."
ထိုအချိန်မှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သူတို့၏ရှေ့ လေထုထဲတွင် ပုံရိပ်ယောင်ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာပြီး သူတို့ကို တားဆီးရန် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။
သို့သော် သူ ခြေတစ်လှမ်း နောက်ကျနေဆဲပင်။
ကျုံးချင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ရွှေရောင်မျှော်စင်၏ ဝင်ပေါက်ရှိတိုင်လုံး ပျောက်ကွယ်သွားသည်။
ထွက်ပေါ်လာကာစဖြစ်သော ပုံရိပ်ယောင် အဘိုးအို ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့တွင် ရုပ်ခန္ဓာကိုယ် မရှိတော့သော်လည်း သွေးအန်ချင်စိတ်ကို ခံစားလိုက်ရသည်။
ကျုံးချင်ကမူ မျက်မှောင်ကြုတ်လိုက်သော်လည်း ပုံရိပ်ယောင် အဘိုးအို ထွက်ပေါ်လာခြင်းကြောင့် မဟုတ်ပေ။
သူသည် မျှော်စင်တစ်ခုလုံးကို သူ၏ကမ္ဘာငယ်လေးထဲသို့ တိုက်ရိုက်ထည့်ရန် အစောပိုင်းက ကြိုးစားလိုက်သောကြောင့်ပင်။
သို့သော် သူ မအောင်မြင်ခဲ့ဘဲ သူ ထိလိုက်သော တိုင်လုံးကိုသာ ယူဆောင်နိုင်ခဲ့သည်။