ကြေးနီတံခါး
Vol. 20 Ch. 199
"မဟာနှင်းတောင်ဂိုဏ်း ဘာလို့ ပျက်စီးသွားလဲ ဆိုတာ မင်း သိလား..."
ဆရာသခင်မင်ရှဲ့က မေးမြန်းသည်။
ကျုံးချင်က ခေါင်းယမ်းလိုက်သည်။ မင်ဆုရှင်းက ဤအကြောင်းအား ပြောပြသည်ကို သူ ကြားဖူးပြီး သူ အတော်လေး သိချင်နေခဲ့သည်။
ဆရာသခင်မင်ရှဲ့က သက်ပြင်းချလိုက်သည်။
"မဟာနှင်းတောင်ဂိုဏ်းက သူတို့ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေထဲမှာ တားမြစ်ထားတဲ့ အရာတစ်ခုကို တူးဖော်မိပြီးတော့..အဲ့ဒီအရာရဲ့ စွမ်းအားကို အသက်သွင်းလိုက်မိလို့ တစ်ညတည်းနဲ့ ပျက်စီးသွားခဲ့ရတယ်လို့ ဆိုကြတယ်... အဲ့ဒီအချိန်တုန်းက ဒီကိစ္စက လျှို့ဝှက်ချက် တစ်ခု ဖြစ်ခဲ့ပေမယ့် အလယ်ပိုင်းဒေသက စူးစမ်းလိုတဲ့သူတွေ အများကြီးက လာရောက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်..."
"မဟာနှင်းတောင်ဂိုဏ်း ပျက်စီးပြီးကာစ အချိန်တုန်းက ပိုင်ဖုန်းလွင်ပြင်က အခုထက် အများကြီး ပိုပြီးအန္တရာယ်များခဲ့တယ်..."
"ဒီနေရာကိုလာပြီး စူးစမ်းစစ်ဆေးတဲ့သူတွေထဲက အများစုက ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ကြဘူး..."
"ဒါကြောင့် ဒီနေရာက တဖြည်းဖြည်း ခြောက်ကပ်တဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီးတော့ အဲ့ဒီ ခေတ်ကာလ တလျှောက်လုံးမှာ ဘယ်သူမှ ခြေမချရဲတော့ဘူး..."
ထို့နောက် ရှေးဟောင်းခေတ် ကုန်ဆုံးသွားပြီး ယခုခေတ်ကာလ၏အစပိုင်းတွင် ဆရာသခင်မင်ရှဲ့သည် အလယ်ပိုင်းဒေသ၏ မဟာလျှို့ဝှက် စာကြည့်တိုက်ကြီးအတွင်းရှိ ရှေးဟောင်း စာအုပ်တစ်အုပ်တွင် ဤကိစ္စ မှတ်တမ်းတင်ထားသည်ကို တွေ့ရှိခဲ့သည်။
ဤကိစ္စကို အလွန်စိတ်ဝင်စားသွားသော ဆရာသခင်မင်ရှဲ့သည် ဤနေရာသို့ လာရောက်၍ စူးစမ်းစစ်ဆေးခဲ့ပေ၏။
"မဟာနှင်းတောင်ဂိုဏ်း ပျက်စီးခဲ့တဲ့ ရှေးဟောင်းခေတ်က အကျပ်အတည်းတွေက ဒီခေတ်ကာလကို ရောက်တဲ့အချိန်မှာ အများကြီး လျော့နည်းသွားခဲ့တာကြောင့် ငါ ဝင်ရောက်ခွင့် ရခဲ့တာပါ..."
"ငါ ဒီနေရာကို စရောက်တုန်းက အခုလိုမျိုး လုံးဝမဟုတ်ခဲ့ဘူး..."
"အဲ့ဒီအချိန်တုန်းက ဒီနေရာက ကောင်းကင်နဲ့ မြေပြင် ဥပဒေသတွေ ဖရိုဖရဲ ဖြစ်နေပြီးတော့ အချိန်နဲ့လေဟာနယ်တွေ ပျက်စီးနေတာကြောင့် မှောင်မိုက်ပြီး အုံ့မှိုင်းနေခဲ့တယ်... ဘယ်သက်ရှိသတ္တဝါမှ ဒီနယ်မြေအထဲမှာ အသက်ရှင်မနေနိုင်ခဲ့ဘူး..."
"ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးတောင်မှ ဒီနယ်မြေထဲမှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ထက် ပိုပြီးတောင့်မခံနိုင်ဘူး..."
"ခေတ်ကာလ တစ်ခုလုံးစာ ကြာမြင့်နေတာတောင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ဒီလောက်ထိ အံ့အားသင့်စရာ ကောင်းနေတုန်းပဲ... ရှေးဟောင်းခေတ်တုန်းက မဟာနှင်းတောင်ဂိုဏ်းကို ပျက်စီးစေခဲ့တဲ့ ဘေးဒုက္ခက ဘယ်လောက်ထိ ကြောက်စရာ ကောင်းမလဲ ဆိုတာ တွေးကြည့်လို့ ရတယ်..."
"ကံကောင်းလို့ ငါ့ရဲ့ကျင့်ကြံဆင့်က ဒီနယ်မြေရဲ့အတွင်းပိုင်း နက်ရှိုင်းတဲ့နေရာကို ဝင်ရောက်နိုင်လောက်အောင် နက်နဲသိမ်မွေ့ခဲ့တယ်..."
"လွင်ပြင်ရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာမှာ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုကို ငါ တွေ့ခဲ့တယ်... ပြီးတော့ တွင်းနက်ကြီးရဲ့ အောက်ခြေမှာ တံခါးတစ်ချပ်ကို ငါ တွေ့ခဲ့တယ်..."
"တံခါးတစ်ချပ်.... ဟုတ်လား..."
ဤအချက်သို့အရောက်တွင် ကျုံးချင်သည်လည်း ဆရာသခင်မင်ရှဲ့၏စကားများကြောင့် စိတ်ဝင်စားသွားပြီး အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"အတိအကျပဲ..."
ဆရာသခင်မင်ရှဲ့က ခေါင်းညိတ်ပြပြီး ဆက်လက်၍ ပြောဆိုသည်။
သူ၏ ကောက်ချက်ချမှုများနှင့် စုံစမ်းစစ်ဆေးမှုများအရ ဤတွင်းနက်ကြီး၏ မူလတည်နေရာသည် မဟာနှင်းတောင်ဂိုဏ်း၏ မြင့်မြတ်နယ်မြေ တည်ရှိခဲ့သော နေရာပင်။
ထိုဂိုဏ်းမှလူများမှ တားမြစ်ထားသော အရာကို တူးဖော်တွေ့ရှိခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်နေသော နေရာလည်း ဖြစ်ပေ၏။
တွင်းနက်ကြီး၏အောက်ခြေတွင် ဆရာသခင်မင်ရှဲ့သည် မည်သည့်သက်ရှိ သို့မဟုတ် အပျက်အစီးများကိုမျှ မတွေ့ရှိခဲ့သော်လည်း ကြီးမားသော ကြေးနီတံခါးကြီးတစ်ချပ်ကို တွေ့ရှိခဲ့သည်။
ထိုတံခါးကြီးသည် မြေအောက်တွင် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း မည်မျှထိ ကြာမြင့်နေပြီကို မသိရဘဲ ရှေးဟောင်းခေတ်ကတည်းက ထိုနေရာတွင် တည်ရှိနေခဲ့သည့်အလားပင်။
ထိုအချိန်က ဆရာသခင်မင်ရှဲ့၏ ကျင့်ကြံဆင့်စွမ်းအားဖြင့်ဆိုလျှင် အလယ်ပိုင်းဒေသတွင်ပင် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် သူ မည်သို့ပင် အာရုံခံကြည့်ပါစေ တံခါးအတွင်း၌ မည်သည့်အရာ ရှိသည်ကို သူ အာရုံမခံနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ တင်းကြပ်စွာ ပိတ်ထားသော ဤတံခါးသည် သူ့ကို ထူးဆန်းသော ဆွဲဆောင်မှု အာရုံတစ်ခုကို ပေးစွမ်းနေပြီး ဝင်ရောက်ချင်စိတ် ပေါက်ဖွားစေသည်။
ထိုအချိန်က ဆရာသခင်မင်ရှဲ့သည် သက်တမ်းကုန်လုဆဲဆဲ ဖြစ်နေပြီး ဘဝ၏နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သေရေးရှင်ရေးကို အလွန်အမင်း ဂရုမစိုက်တော့ပေ။ ထို့ကြောင့် သူသည် တံခါးထဲသို့ ဝင်ရောက်ပြီး လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်၏။
ထိုအချိန်က သူ၏စွမ်းအားဖြင့်ဆိုလျှင် အစွမ်းကုန် အားထုတ်ပါက တံခါးတစ်ချပ်ကို မဆိုထားနှင့် တောင်တန်းတစ်ခုလုံးကိုပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ပြားချပ်သွားစေနိုင်သော်လည်း သူသည် ကြေးနီတံခါးကို အနည်းငယ်မျှပင် ရွေ့လျားသွားအောင် မလုပ်နိုင်ခဲ့ချေ။
စူးစမ်းလိုစိတ်နှင့် ထူးဆန်းသော ဆွဲဆောင်မှုတို့ကြောင့် နောက်ပိုင်းနှစ်အနည်းငယ်အတွင်းတွင် ဆရာသခင်မင်ရှဲ့သည် တွင်းနက်ကြီး၏ အောက်ခြေတွင်သာ နေထိုင်ခဲ့သည်။
သူသည် ကြေးနီတံခါးကို နေ့ရောညပါ လေ့လာခဲ့ပေ၏။
ဤကြေးနီတံခါးသည် အတိတ်တွင် မဟာနှင်းတောင်ဂိုဏ်းမှ တူးဖော်တွေ့ရှိခဲ့သော တားမြစ်ထားသည့် အရာဖြစ်ပြီး မဟာနှင်းတောင်ဂိုဏ်း ပျက်စီးရခြင်း၏ အကြောင်းအရင်း ဖြစ်နိုင်ခြေ အလွန်များကြောင်း သူ ခန့်မှန်းခဲ့သည်။
သို့သော် နှစ်အနည်းငယ် ကြာမြင့်လာသည့်တိုင် သူသည် ဤတံခါးကို မည်သို့ ဖွင့်ရမည်အား မသိနိုင်သေးချေ။ ထိုမျှသာမက သူသည် တံခါးကို ရွှေ့ပြောင်းရန်လည်း စဉ်းစားခဲ့သော်လည်း နည်းလမ်းပေါင်းစုံ ကုန်ခမ်းသွားသည့်တိုင် လက်မဝက်မျှပင် ရွေ့လျားအောင် မလုပ်နိုင်ခဲ့သဖြင့် လက်လျှော့လိုက်ရသည်။
သို့သော် ဆရာသခင်မင်ရှဲ့သည် အကျိုးအမြတ်များကို လုံးလုံးလျားလျား မရရှိခဲ့သည်တော့ မဟုတ်ချေ။
သူသည် ကြေးနီတံခါးနှင့် ပတ်သက်၍ များများစားစား စူးစမ်းလေ့လာနိုင်ခြင်း မရှိခဲ့သော်လည်း...
ဤကြေးနီတံခါး တည်ရှိနေခြင်း တစ်ခုတည်းဖြင့်ပင် မိုင်တစ်သောင်းပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေပြင် ဥပဒေသများကို လွှမ်းမိုးနိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။
မဟာနှင်းတောင်ဂိုဏ်း ပျက်စီးသွားစဉ်က စွမ်းအားကြီးမားသော အင်အားတစ်ရပ်၏ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ရှိ ဥပဒေသများ အချိန်နှင့် လေဟာနယ်တို့ကို မယုံကြည်နိုင်လောက်အောင် ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
မူလက ဤကဲ့သို့ ဖရိုဖရဲဖြစ်မှုသည် ဥပဒေသများ အချိန်နှင့် လေဟာနယ်တို့၏ အလိုအလျောက် ပြန်လည်ပြုပြင်မှုအောက်တွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသင့်ပြီး အများဆုံးအနေဖြင့် ဆယ်စုနှစ်အနည်းငယ်အတွင်း၌ ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသင့်သည်။
သို့သော် ကြေးနီတံခါးကြောင့် ဥပဒေသများ အချိန်နှင့် လေဟာနယ်တို့၏ အလိုအလျောက်လည်ပတ်မှုသည် နှောင့်ယှက်ခံခဲ့ရသဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သည့်တိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိနိုင်ခဲ့ပေ။
ထိုအရာ၏ တည်ရှိမှု တစ်ခုတည်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ ဥပဒေသများ အချိန်နှင့် လေဟာနယ်တို့အားလုံးကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ဆရာသခင်မင်ရှဲ့သည် ဉာဏ်အလင်းပွင့်သွားပြီး ဥပဒေသများကို ဖိနှိပ်ရန် ကြေးနီတံခါး၏စွမ်းအားကို စတင်၍အသုံးပြုကာ ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲခဲ့သည်။
နောက်ဆုံးတွင် သူသည် လက်ရှိ ပိုင်ဖုန်း လျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သည့် အချိန်ကာလက မဟာနှင်းတောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါကြီးမှ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုလည်း ပြန်လည်၍ စုစည်းနိုင်ခဲ့သည်။ ထိုအရာကို လက်ရှိလျှို့ဝှက်နယ်မြေအား ဝိုင်းရံထားသော ငွေဖြူရောင်မုန်တိုင်းအဖြစ် တွေ့မြင်နိုင်ပြီး ပိုင်ဖုန်းလွင်ပြင်ပေါ်ရှိ လေဖြူသည်လည်း ဤအရာ ဖြစ်ပေါ်ပြီးနောက်မှသာ ပြန်လည်၍ အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။
ဤနေရာသည် မူလကမ္ဘာနှင့် ကင်းကွာနေခြင်း မဟုတ်ဘဲ လျှို့ဝှက်နယ်မြေ တစ်ခုမျှသာ ဖြစ်သော်လည်း သဘောတရားအရ ကမ္ဘာငယ်လေး တစ်ခုနှင့် တူညီနေလုနီးပါးပင်။
ဤသည်မှာ ကြေးနီတံခါး၏စွမ်းအားမှ လွှမ်းမိုးမှုအောက်တွင် ဤနေရာရှိ အချိန်နှင့်လေဟာနယ်ဥပဒေသများသည် ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသောကြောင့်ပင်။
ထို့ကြောင့် ကျုံးချင်သည် ယခင်က ငွေဖြူရောင်မုန်တိုင်းကို အတင်းအကြပ် ဖြတ်ကျော်ဝင်ရောက်ခဲ့လျှင်ပင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ခဲ့မည် မဟုတ်ချေ။
ဤအကြောင်းကို ကြားချိန်၌ ကျုံးချင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
စနစ်က ဆုချီးမြှင့်ခဲ့သော ကမ္ဘာငယ်လေးသည် အစပထမတွင် အချင်းဝက် တစ်မိုင်ခန့်သာ ရှိနေပေ၏။
မကြာသေးမီကစတင်၍ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ယခုချိန်၍ ယခင်ထက်ပို၍ ကြီးမားလာပြီ ဖြစ်သော်လည်း မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ပိုင်ဖုန်းလျှို့ဝှက်နယ်မြေနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
ထို့ပြင် ဤလျှို့ဝှက်နယ်မြေကို ကြေးနီတံခါးတည်ရှိမှု၏လွှမ်းမိုးမှုအား အသုံးချပြီး ဆရာသခင်မင်ရှဲ့က ဖန်တီးခဲ့ခြင်းသာဖြစ်သည်။
ဤကြေးနီတံခါးသည် မည်သည့်အဆင့်မျိုး၌ရှိသော တည်ရှိမှုမျိုး ဖြစ်မည်နည်း။
ကျုံးချင်သည် ဤနေရာသို့ လာရောက်ရန် စနစ်၏ ထပ်ခါတလဲလဲ သတိပေးချက်များနှင့် သူ့အတွက် အလွန်အရေးကြီးသော အရာ ဆိုသည်မှာ...
ဤကြေးနီတံခါးနှင့် ဆက်စပ်နေနိုင်ကြောင်း သူ သံသယ မရှိတော့ချေ။
သို့သော် ကျုံးချင်သည် ကြေးနီတံခါးကို မမြင်တွေ့ရသေးသဖြင့် အတိအကျ ဆုံးဖြတ်ချက် မချရဲသေးပေ။
"ငါ့ရဲ့ လျှို့ဝှက်နယ်မြေတင် မကဘူး... ဒီနယ်မြေထဲက ဖရိုဖရဲဖြစ်မှုတွေကို ငါ ပြောင်းလဲပြီးတော့ ငြိမ်သက်အောင် လုပ်လိုက်ပြီးတဲ့နောက်မှာတောင် ကြေးနီတံခါးရဲ့လွှမ်းမိုးမှုက ကျန်ရှိနေသေးတယ်..."
"ပိုင်ဖုန်းလွင်ပြင်တစ်ခုလုံးက ဒီအရာရဲ့ ချီစွမ်းအင်တွေ စွန်းထင်းခံထားရပြီးတော့ အချိန် နဲ့လေဟာနယ် ဥပဒေသတွေက ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တယ်... ဒါကြောင့် ဒီနေရာမှာ ထူးခြားတဲ့ ကောင်းကင်နဲ့မြေပြင် သားရဲမျိုးစိတ်တွေ အများကြီး မွေးဖွားလာခဲ့တာပဲ... မင်း ဒီအထိ ရောက်လာမှတော့ အဲ့ဒါတွေကို မြင်တွေ့ခဲ့ရမှာပါ... ဟုတ်တယ်မလား..."
ဆရာသခင်မင်ရှဲ့က သက်ပြင်းချလိုက်သည်။
ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး လက်တံရှည်သားရဲကြီးကို ချက်ချင်းသတိရသွားသည်။
လက်တံရှည်သားရဲကြီးသာမက သူ အစောပိုင်းက နင်းခြေသတ်ဖြတ်လိုက်သော ဧရာမလိပ်ကြီးလည်း ပါဝင်သည်။ ပြင်ပလောကတွင် ထိုသား ရဲများနှင့် ဆင်တူသော ထူးခြားဆန်းပြားသည့် သားရဲများ ရှိကြောင်း သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။
"ငါ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ ငါက လျှို့ဝှက်နယ်မြေထဲမှာပဲ အမြဲတမ်း နေပြီးတော့ အဲ့ဒီ ကြေးနီတံခါးကို စူးစမ်းလေ့လာနေခဲ့တယ်..."
"နောက်ဆုံးမှာ ငါ ဘာမှ များများစားစား မရရှိခဲ့ပေမယ့် ဒီကာလအတွင်းမှာ ငါက ဒီလျှို့ဝှက်နယ်မြေကို ဆက်တိုက်ပြုပြင်မွမ်းမံပြီးတော့ စီစဉ်ခဲ့တယ်..."
"ငါ့မှာအချိန် သိပ်မကျန်တော့ဘူး ဆိုတာ ငါ သိတယ်... ပြီးတော့ ဒီနေရာမှာပဲ သေဆုံးသွားနိုင်တယ်... ဒါပေမဲ့ ငါ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဒီ လျှို့ဝှက်နယ်မြေနဲ့ ကြေးနီတံခါးကို စွန့်ပစ်ဖို့ ငါ ဆန္ဒမရှိခဲ့ဘူး... ပြီးတော့ အလယ်ပိုင်းဒေသကို ပြန်တာကလည်း ငါ့အတွက်အဓိပ္ပာယ်မရှိဘူးလို့ ခံစားခဲ့ရတယ်..."
"ဒါကြောင့် ငါ့ရဲ့ ဘဝတလျှောက်လုံးမှာ စုဆောင်းထားသမျှ အရင်းအမြစ်တွေနဲ့ ငါ့ရဲ့ အမွေအနှစ်တွေအားလုံးကို ဒီနေရာမှာ ချန်ထားခဲ့တယ်... ဒီအမွေအနှစ်မျှော်စင်ကို ဖန်တီးခဲ့ပြီးတော့ အနာဂတ်မှာ သူရဲကောင်းတစ်ယောက်က ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့နဲ့....တစ်ချိန်တည်းမှာပဲ အဲ့ဒီကြေးနီတံခါးရဲ့ လျှို့ဝှက်ချက်တွေကို ဆက်ပြီးစူးစမ်းလေ့လာဖို့အတွက် ငါ့ရဲ့နောက်ဆုံးဆန္ဒကို ဆက်ခံနိုင်ဖို့ မျှော်လင့်ခဲ့တယ်..."