← Chapters

နဂါးမင်းသမီး

Vol. 20 Ch. 272

နဂါးမင်းသမီး

Vol. 20 Ch. 272

“ပေါ်လန်မြို့ကို ကာကွယ်ပေးခဲ့တဲ့အတွက် သခင်လေးအန်လင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ နာမည်က ပေလျန်ပါ။ အခုကစပြီး ကျွန်မက ပေါ်လန်မြို့ကို ကာကွယ်ပေးဖို့အတွက် တာဝန်ရှိသူ ဖြစ်လာပါပြီ။” အန်လင်း၏ရှေ့တွင် အပြာရောင်နွေရာသီဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်လာပြီး အေးစက်သည့်လေသံဖြင့် ပြောလေသည်။

သူမ၏ နှစ်သက်ဖွယ်ရာပုံပန်းသွင်ပြင်သည် နတ်မိမယ်တစ်ဦးသဖွယ်ဖြစ်ပြီး မျက်လုံးလေးများမှာ ရေကဲ့သို့ ကြည်လင်နေကာ အေးစက်မှုတို့ ထင်ဟပ်နေလေသည်။ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကျန်းမာသန်စွမ်းမှုတို့ ပေါင်းစပ်လိုက်သည့်အခါ ညှို့ဓာတ်ပြင်းသည့် ပေါင်းစပ်မှုကို ဖြစ်ပေါ်စေသည်။ ထို့ထက်ပို အရေးအကြီးဆုံးမှာ သူမထံတွင် နဂါးဦးချိုတစ်စုံ ပါရှိနေခြင်းပင်။

“သခင်မလေး ပေလျန်က အရှေ့ပင်လယ်တွေရဲ့ နဂါးမင်းပိုင်နက်က လာတာလား သိပါရစေ။” အန်လင်း အံ့ဩတကြီး မေးလိုက်သည်။

ပေလျန် ခေါင်းညိတ်လိုက်သည်။ “ကျွန်မက နဂါးမင်းပိုင်နက်ရဲ့ ၁၁ ဦးမြောက် မင်းသမီးလေ။ ပုလဲနိုင်ငံတော်ကို လွန်ခဲ့တဲ့ ရက်တွေထဲက ရောက်နေခဲ့တာ။ ဒီနေရာက အခြေအနေကို အရှင်မင်းကြီးဆီမှာ မေးမြန်းပြီးမှ လာဖို့အတွက် ဆုံးဖြတ်လိုက်တာပဲ။ နဂါးမင်းပိုင်နက်က ပင်လယ်ကမ်းခြေနိုင်ငံတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတာကြောင့် ကျွန်မကို လက်လွှဲလိုက်လို့ ရပါတယ်။”

“အဆင်ပြေပါတယ်။ ကျွန်တော်က ကူညီပေးဖို့ ဒီမှာ ရှိနေဦးမှာပါ။ ပြီးတော့ ကျွန်တော့်ဆီမှာ ရဲရဲနီမိစ္ဆာအင်ပါယာကို သတ်ဖြတ်ရမယ့်တာဝန်လည်း ရှိနေလို့လေ။ အဲဒါကြောင့် အဲဒီ ပင်လယ်မိစ္ဆာနဲ့ တိုက်ခိုက်နိုင်ဖို့ ကျွန်တာ့်ကို လွှဲပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပဲ။” အန်လင်း လေးနက်စွာဖြင့် ပြောသည်။

ရဲရဲနီမိစ္ဆာအင်ပါယာအား သတ်ဖြတ်ဖို့ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည့်အတွက် သူမအား အရာအားလုံး လွှဲမပေးနိုင်ချေ။

အန်လင်း၏ တောင်းဆိုမှုကြောင့် ပေလျန် မျက်မှောင်ကြုတ်လိုက်သည်။ “ရှင် ကျွန်မကို လာနောက်နေတာလား။ ရှင်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ပဲ ရှိနေသေးတဲ့ ကျင့်ကြံသူလေ။ ဘယ်လိုလုပ်ပြီး ရဲရဲနီမိစ္ဆာအင်ပါယာကို သတ်နိုင်မှာလဲ။”

“မစိုးရိမ်ပါနဲ့။ အခြေအနေကိုလိုက်ပြီး သုံးဖို့အတွက် ဝှက်ဖဲရှိပါတယ်။” အန်လင်း တုံ့ပြန်လိုက်သည်။

“ဘယ်လို ဝှက်ဖဲလဲ။”

“ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ ယှဉ်လို့ရတဲ့ စက်ရုပ် ၂ ရုပ်။”

“... ကျွန်မ မယုံဘူး။”

ပေလျန် ခေါင်းယမ်းလိုက်သည်။

သူမသည် အန်လင်းအပေါ်၌ စိတ်ရှည်မှုတို့ ကုန်ဆုံးသွားပြီး ဖြစ်သည်။ “ပေါ်လန်မြို့ရဲ့ လုံခြုံရေးက ကျွန်မအတွက် ဦးစားပေးပဲ။ အဲဒါကြောင့် တိုက်ပွဲပြင်မှာ ရှင်လုပ်ချင်သလို လုပ်နေမှာကို ရပ်ကြည့်မနေနိုင်ဘူး။”

သူမ၏ နှလုံးသားထဲတွင် အန်လင်းမှာ မောက်မာနေသည့် အရူးတစ်ယောက်မျှသာ ဖြစ်သည်။

အင်ပါယာအဆင့်ရှိ ပင်လယ်မိစ္ဆာမှာ သာမန်သားရဲ မဟုတ်ချေ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်မျှသာ ရှိနေသေးသည့် ကျင့်ကြံသူတစ်ဦးသည် ထိုကဲ့သို့သော ရန်သူအား ရင်ဆိုင်ရန် လက်လွှဲပေးပါဟူ၍ မည်သည်ကြောင့် တောင်းဆိုရဲသနည်း။ ဘုရင်အဆင့်ရှိ မိစ္ဆာအချို့အား သတ်ဖြတ်နိုင်ရုံနှင့် လွန်စွာအစွမ်းထက်ပြီဟု ထင်နေခြင်းများလား။

ပေါ်လန်မြို့ အကူအညီ လိုအပ်ချိန်တွင် ကယ်တင်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူမအနေဖြင့် အန်လင်းကဲ့သို့သောသူအား စကားတစ်လုံးမျှပင် ပြောဆိုလိမ့်မည် မဟုတ်ချေ။

အန်လင်း သက်ပြင်းချလိုက်သည်။ “အဲဒါဆိုလည်း ဘာဖြစ်လာမလဲ စောင့်ကြည့်တာပေါ့။”

ပေလျန် အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီးနောက် စကားတစ်လုံးမျှ မဆိုတော့ဘဲနှင့် ထွက်ခွာသွားလေသည်။

တပိုင်သည်လည်း ခေါင်းတယမ်းယမ်းဖြင့် “သူတို့နှစ်ယောက်စလုံးက နဂါးမင်းပိုင်နက်ရဲ့ ပါရမီရှင်တွေပဲ။ ဒါပေမဲ့ ရှန့်ယင်က အတော်လေး ပိုယဉ်ကျေးချိုသာတယ်။”

မည်သို့မျှ မတတ်နိုင်ဘဲ ဆောင်းနဂါးသင်္ချိုင်းမှ ရှန့်ယင်နှင့် ပေလျန်အား နှိုင်းယှဉ်မိလိုက်သည်။

“သူမဘက်ကနေ ကြည့်မယ်ဆိုရင်တော့ မှန်နေတာပဲ။ ဒါပေမဲ့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတိုင်းက ငါလိုမျိုး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ ရှိနေတဲ့ ပင်လယ်မိစ္ဆာကို သတ်ဖြတ်နိုင်တဲ့ အစွမ်းထက် ပါရမီရှင် မဟုတ်ဘူးလေ။ အဲဒီတော့လည်း သူမပြောတာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့လည်း ငါက မြေပြင်ပေါ်က သတ်ဖြတ်ခြင်း ဆရာသခင် ဖြစ်နေတာကြောင့် ငါ့ဆီကနေ ခိုးယူသတ်ဖြတ်သွားမှာကို မကြောက်ပါဘူး။” အန်လင်း ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။

တပိုင် မျက်နှာမဲ့ကာဖြင့် “တစ်စုံတစ်ယောက်က အထင်သေးခံရပြီးတဲ့နောက်မှာ အခုလိုမျိုး အရှက်မရှိ ကြွားဝါတာမျိုး ကျွန်တော့်အနေနဲ့ ပထမဆုံး မြင်ဖူးတာပဲဗျ။ အစ်ကိုကြီး အန် ရဲ့ အရှက်မဲ့မှုကို ထောက်ခံပါတယ်။”

ပေလျန် ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အနေဖြင့် ပုလဲဘုရင်မှ စားသောက်ပွဲကြီးတစ်ခု ကျင်းပပေးလေသည်။ အန်လင်းတို့လည်း ဖိတ်ကြားခံရသည့်အတွက် သူတို့အရှေ့ရှိ ပင်လယ်စာများအား ချက်ချင်းဆိုသလို အားပါးတရ စားသောက်တော့သည်။

ပုလဲဘုရင်သည် သူ၏ခွက်အား မြှောက်ကာဖြင့် “ငါတို့က အရမ်းကံကောင်းတဲ့ အတွက်ကြောင့် ရဲရဲနီမိစ္ဆာအင်ပါယာကို ကူညီတိုက်ခိုက်ဖို့အတွက် ငါတို့ရဲ့မြို့ကို နဂါးမင်းသမီး ရောက်ရှိလာခဲ့တယ်။ နဂါးမင်းသမီးအတွက် တစ်ခွက်သောက်ပါမယ်။”

“ဖူးးးး အဟွတ် အဟွတ်” အန်လင်းမှာ ‘နဂါးမင်းသမီး’ ဟူသည့် ဂုဏ်ပုဒ်အား ကြားလိုက်သည့်အခါ စားသောက်ရာမှ သီးလေတော့သည်။ (နဂါးမင်းသမီးဆိုတာ တရုတ် နာမည်ကြီးသိုင်းဝတ္ထုထဲက အမျိုးသမီးဇာတ်ကောင်နဲ့ နာမည်တူနေလို့ပါ_)

သူ့ထံသို့ ကျရောက်လာသည့် အကြည့်များအား အန်လင်း လက်မြှောက်ကာဖြင့် တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်ဗျ။ ကျွန်တော်က အရမ်းမြန်မြန် စားလိုက်မိလို့ သီးသွားတာပါ။”

ပေလျန် မျက်မှောင်ကြုတ်လိုက်ပြီး သူမနှလုံးသားထဲ၌ အန်လင်းအား ‘အရိုင်းအစိုင်းကောင်’ ဟု ထပ်ပေါင်းမှတ်သားထားလိုက်သည်။

အန်လင်းသည် ရယ်ချင်စိတ်အား ဖိနှိပ်ပြီးနောက် ဖန်ခွက်မြှောက်ကာဖြင့် နဂါးမင်းသမီးအား တစ်ခွက်ဂုဏ်ပြုလိုက်သည်။

ရှန့်ယင်သည် ကောင်းကင်နဂါးမယ် ဟူသည့် ဂုဏ်ပုဒ်အား ပိုင်ဆိုင်ထားပြီး ပေလျန်မှာမူ နဂါးမင်းသမီးဟူသည့် ဂုဏ်ပုဒ်ဖြင့် ဖြစ်သည်။

ထိုအခြင်းအရာနှင့် ပတ်သက်၍ ပြဿနာ မရှိချေ။

သူမ၏ ယန်ကော မည်သည့်နေရာသို့ ရောက်နေခြင်းအား အန်လင်း မသိလို။ သို့သော်လည်း သူမသည် တောက်ဘုန်းကြီး ယီ ၏ ကျူးလွန်မှုအား မခံရဖို့ရန် မျှော်လင့်မိပါသည်။ (ယန်ကောဆိုတာ အပေါ်မှာ ဖော်ပြခဲ့ပြီးသား နဂါးမင်းသမီးရဲ့ ချစ်သူဖြစ်ပြီး ထိုဝတ္ထုထဲတွင် နဂါးမင်းသမီးသည် တောက်ဘုန်းကြီး ယီ၏ အဓမ္မပြုကျင့်ခြင်းအား ခံလိုက်ရသည်။ သို့သော်လည်း သူမအား အဓမ္မ ပြုကျင့်သွားသူကို မသိခဲ့ချေ_)

ညစာစားပွဲ ပြီးဆုံးသွားသည့်အခါ ဧည့်ပရိသတ်များ ထွက်ခွာသွားလေသည်။

တိတ်ဆိတ်နေသည့် ညအချိန်တွင် မြို့ရိုးထိပ်၌ မီးဓာတ်လုံးတစ်ခု တောက်ပစွာ ထွန်းလင်းလျက်ရှိသည်။

ပုံမှန်ထက် အနည်းငယ်ကြမ်းတမ်းသည့် လေများ တိုက်ခတ်နေလေသည်။

မြို့တံခါးအား လှည့်လည်စောင့်ကြပ်နေသည့် ပုလဲစစ်သည်တော်များစွာလည်း ရှိသည်။ ရဲရဲနီမိစ္ဆာအင်ပါယာသည် ရက်အနည်းငယ်အတွင်း တိုက်ခိုက်လာပေလိမ့်မည်။ ထို့ကြောင့် ပုလဲနိုင်ငံတော်၏ အခြားသော အရပ်ဒေသများမှ အစွမ်းထက်ကျင့်ကြံသူ အများအပြားသည်လည်း ပေါ်လန်မြို့သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။

မြို့ရိုးထိပ်တွင် အပြာရောင်နွေရာသီဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရပ်နေလေသည်။

လေပြင်းများ တိုက်ခတ်မှုကြောင့် သူမ၏ ဝတ်စုံမှာ ခန္ဓာကိုယ်တွင် ကပ်ငြိနေပြီး တင့်တယ်ကျော့ရှင်းသည့် ခန္ဓာကိုယ် ကောက်ကြောင်းများအား ပေါ်လွင်နေစေသည်။

အန်လင်း မြို့ရိုးပေါ်သို့ ခြေချလိုက်ပြီး ထိုအမျိုးသမီးအား လက်ဝှေ့ယမ်းပြလိုက်သည်။ “ဟေးးး နဂါးမင်းသမီး ဒီလောက် နောက်ကျနေမှ ဘာလုပ်နေတာလဲ။”

ထိုအမိုးသမီးသည် အန်လင်းအား ခံစားချက်ကင်းမဲ့စွာဖြင့် လှည့်ကြည့်လိုက်ပြီးနောက် ပင်လယ်ဘက်သို့ အကြည့်ပြန်လွှဲသွားသည်။ “အဲတော့ ရှင်ကကော ဒီကိုဘာလာလုပ်တာလဲ။ ညရှုခင်း လာကြည့်တာလား။”

အန်လင်းသည် သူမ၏ စကားများကြောင့် အနည်းငယ်မျှ အံ့အားသင့်သွားပြီး နဂါးမင်းသမီးထံမှ ထိုကဲ့သို့ တန်ပြန်ပြောဆိုမှုအား မျှော်လင့်မထားခဲ့ချေ။

“အာာ ကျွန်တော်က အိပ်မရလို့လေ။ အဲဒါကြောင့် လမ်းလေးဘာလေး လာလျှောက်တာ။”

“ဟက် အဲဒီတော့ ရှင့်ပခုံးပေါ်က မျောက်ရယ် ရှင့်နောက်က ခွေးဖြူရယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ကို အိပ်မရကြဘူးပေါ့နော်။”

“အာာာ”

အန်လင်း၏ အမူအရာမှာ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားသည်။ ရဲရဲနီမိစ္ဆာအင်ပါယာအား စောင့်မျှော်နေခြင်းဖြစ်ကာ နဂါးမင်းသမီးအား တိုက်ပွဲတွင် အစွမ်းပြရန်အတွက် ရောက်ရှိလာခြင်းဟု ဆိုရပေမည်။

ပေလျန်သည် အဝေးအားကြည့်ကာဖြင့် သူမ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားလေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် “ဒီရေနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲချော်နေပုံပဲ။ လေထဲမှာလည်း အန္တရာယ်အငွေ့အသက်တွေ ရနေတယ်။ ရန်သူတွေကို ညအချိန်မှာ ရင်ဆိုင်ရမယ်ဆိုရင် လွယ်မှာမဟုတ်ဘူး။ ရှင့်ကိုယ်ရှင်သာ စောင့်ရှောက်ပါ။ တိုက်ပွဲထဲရောက်ရှင် ရှင့်ကို ကာကွယ်ပေးနိုင်စွမ်း ရှိမှာမဟုတ်ဘူး။”

အန်လင်းသည်လည်း သဘောတူလက်ခံလိုက်ပြီးနောက် လေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ နဂါးမျိုးနွယ်စုဝင် ပီသပေသည်။ သူ့အနေဖြင့် ဒီရေ သို့မဟုတ် လေနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ အာရုံခံမိခြင်း မရှိချေ။ ပုံမှန်ထက် အနည်းငယ် ပြင်းထန်စွာ လေတိုက်ခတ်နေခြင်းသာလျှင် ရှိသည်။

ပင်လယ်မျက်နှာပြင်ရှိ လှိုင်းလုံးများ ပိုမိုပြင်းထန်လာပြီး အနက်ရောင်တိမ်တိုက်များ တဖြည်းဖြည်း ကြီးထွားလာကာ လအား ဖုံးလွှမ်းသွားလေသည်။

“သူတို့ရောက်လာပြီ။” ပေလျန်၏ အမူအရာမှာ အလွန်အမင်း လေးနက်လာသည်။

အနက်ရောင်ပုံရိပ်သုံးခု တဖြည်းဖြည်းချင်း ပိုမို နီးကပ်လာကာ ယင်းတို့၏ အော်ရာများသည် မြို့ရိုးသို့တိုင်အောင် လွင့်ပျံလာသည်။

ပေလျန်၏ အမူအရာမှာ ချက်ချင်းဆိုသလို တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားသည်။ “ရဲရဲနီမိစ္ဆာအင်ပါယာ တစ်ယောက်တည်း မဟုတ်ဘူး။ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ သုံးဦး။ မိစ္ဆာခုနစ်ဖော်နယ်မြေက အခြားမိစ္ဆာဧကရာဇ်တွေများလား။ ဒါပေမဲ့ အဓိပ္ပါယ်မရှိဘူးလေ။ သူတို့က ဘာလို့များ ပေါင်းစည်းသွားကြတာလဲ။”

ပထမဆုံးအကြိမ်အဖြစ် သူမ မထိန်းချုပ်နိုင်ဟု ခံစားမိလိုက်လေသည်။ သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်သို့ တက်လှမ်းပြီးကာစ ဖြစ်သည့်အတွက် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာတစ်ကောင်အား ရင်ဆိုင်ဖို့ရန် လုံလောက်လေသည်။ သို့သော်လည်း ကျူးကျော်လာသူမှာ သုံးကောင်ဖြစ်သည်။

ပင်လယ်မိစ္ဆာအများအပြားသည် တိုက်ပွဲဝင်ပုံစံအား ဖော်ထုတ်ကာဖြင့် ပေါ်လန်မြို့ဆီသို့ ဦးတည်လာနေကြသည်။

ငွေရောင်သိမ်းငှက်ကြီးတစ်ကောင်သည် လေကိုခွင်းကာ ပျံသန်းလာပြီးနောက် ကောင်းကင်တွင် စက်ဝိုင်းသဏ္ဌာန် လှည့်လည်ပျံသန်းနေလေသည်။

ပျံသန်းနေသည့် အဖြူရောင်ဘီလူးကြီးတစ်ကောင်သည် ပေတစ်ထောင်အလျားရှိ အနက်ရောင်တိမ်လွှာအထပ်ထပ်ပေါ်သို့ ဆင်းသက်လိုက်သည်။

“အံ့ဖွယ်လေမိစ္ဆာဧကရာဇ်.. အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ..” ပေလျန်၏ ခန္ဓာကိုယ် ယိမ်းထိုးလာပြီး သူမမျက်နှာမှာလည်း ဖြူလျော့လာလေသည်။ “မဖြစ်နိုင်ဘူး။ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ ၅ ကောင်တောင်။ သူတို့ရဲ့ စွမ်းအားတွေ စုပေါင်းလိုက်မယ်ဆိုရင် ပုလဲနိုင်ငံတော် တစ်ဝက်ကိုတောင် ချေမှုန်းပစ်နိုင်တယ်။ ဘာလို့များ ပေါ်လန်မြို့ကို တိုက်ခိုက်ဖို့အတွက် ရောက်လာကြတာလဲ။”

သူမထံတွင် အတွေးတစ်ခု ဖြစ်ပေါ်လာပြီး အန်လင်းထံသို့လှည့်ကာ အော်ပြောလိုက်သည်။ “ပြေးတော့။ ဒီတိုက်ပွဲကို ရှင်ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဆက်နေမယ်ဆိုရင် သေသွားလိမ့်မယ်။”

အန်လင်း မျက်တောင်ခတ်လိုက်သည်။ “အဲဒါဆိုရင် ခင်ဗျားကကော”

ပေလျန်သည် သူမလက်ထဲရှိ ကျောက်စိမ်းအဆောင်လက်ဖွဲ့အား ချိုးဖြတ်လိုက်ပြီးနောက် စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် အဝေးရှိ ဧရာမသတ္တဝါကြီး ၅ ကောင်အား ကြည့်လိုက်သည်။ “ကျွန်မ မသွားနိုင်ဘူး။ ကျွန်မ ထွက်ပြေးလိုက်ရင် ပေါ်လန်မြို့ရဲ့ ခံစစ်က ချက်ချင်းဆိုသလို ပြိုပျက်သွားလိမ့်မယ်။ မြို့ထဲမှာရှိတဲ့သူ မှန်သမျှလည်း အဲဒီမိစ္ဆာတွေ သတ်ဖြတ်တာကို ခံရလိမ့်မယ်။ လျှို့ဝှက်စွမ်းအားကို သုံးပြီး နဂါးမင်းပိုင်နက်ရဲ့ တပ်ကူတွေ ရောက်မလာခင် တတ်နိုင်သလောက် သူတို့ကို အချိန်ဆွဲထားနိုင်ဖို့ ကြိုးစားရမှာပဲ။”

အန်လင်းသည် ပေလျန်အား လေးန်စွာ ကြည့်လိုက်သည်။ သူမအား ဒုတိယအကြိမ်အဖြစ် သိရှိလိုက်ရခြင်း ဖြစ်သည်။

သူမ၏ အစီအစဉ်မှာ အောင်မြင်နိုင်ချေ နည်းပါးကြောင်း သတိပြုမိပုံပင်။ သို့တည်းမဟုတ်လျှင် အန်လင်းအား ဤနေရာမှ ထွက်ခွာသွားရန် ပြောလိမ့်မည် မဟုတ်ချေ။

အန်လင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ “ခင်ဗျားကို ကူညီပါရစေ။ ချစ်ဖို့ကောင်းတဲ့ ပုလဲလေးတွေ သေဆုံးသွားမှာကို ကျွန်တော်က ကြည့်မနေနိုင်ပါဘူး။ ပြီးတော့ ကျွန်တော် ပြောခဲ့သလိုပဲ ရဲရဲနီမိစ္ဆာအင်ပါယာရဲ့ ဦးခေါင်းက ကျွန်တော့် အတွက်ပဲ။ ခင်ဗျားယူဖို့ မကြိုးစားနဲ့။”

“ရှင်...” ပေလျန် ပြောစရာစကား ပျောက်ဆုံးသွားလေသည်။

အန်လင်း၏ မျက်လုံးထဲရှိ ဆုံးဖြတ်ချက်ပြတ်သားဟန်နှင့် ယုံကြည်ချက်တို့အား မြိင်တွေ့လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိပြီး ကျိတ်မှိတ်ကာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ နှလုံးသားထဲရှိ အန်လင်း၏ ပုံရိပ်မှာ ပြောင်းလဲသွားချေပြီ။

“အဲဒါဆိုရင်လည်း ရှင်က ရဲရဲနီမိစ္ဆာအင်ပါယာကို တိုက်ခိုက်လိုက်ပေါ့။ ကျန်တဲ့ လေးကောင်ကို ကျွန်မ တာဝန်ယူလိုက်မယ်။”

“ရဲရဲနီမိစ္ဆာအင်ပါယာပဲ မဟုတ်ပါဘူး။ နောက်နှစ်ကောင်ကိုလည်း တိုက်ခိုက်ပါ့မယ်။ ခင်ဗျားက ကျန်တဲ့နှစ်ကောင်ကို ယူလိုက်လေ။”

“ရှင် ရူးနေတာလား။”

“နိုးပါ။ အံ့ဩဖို့ကောင်းတာလေးတွေ ပြမယ်။”

***

All Chapters