အခန်း (၁၂၄၆-၁၂၄၈)
Vol. 84 Ch. 1246-1248
အခန်း ၁၂၄၆: မညှာမတာ! ၃
မင်မြို့တော်လေယာဉ်ကွင်းအပြင်ဘက်တွင်လည်း သူ့ကိုကြိုပြီးရုံချန်းပို့ပေးမည့်ဇိမ်ခံကားယာဉ်တန်းက အသင့်စောင့်နေသည်။
Carlton မှာ ခရီးပန်းပြီး ကားထဲတွင်နွမ်းနယ်စွာအိပ်ပျော်သွား၏။
အချိန်မည်မျှကြာသွားသည်မသိ။ ရုတ်တရက် သူလန့်နိုးလာသည်။ သူ့အရေပြားမွေးညင်းပေါက်များပြေလျော့ပြီး သက်သောင့်သက်သာရှိလာသောကြောင့်ပင်။
သူနိုးလာသောအခါ ထူးထူးခြားခြားလတ်ဆတ်သောလေကိုခံစားမိသည်။လေအရည်အသွေးကြောင့် သူသဘောကျသွားသည်။
အမေရိကမှာ ဒီလိုခံစားချက်မျိုးမကြုံဖူး။
"မစ္စတာ Carlton.. မကြာခင် ရုံချန်းဝင်တော့မယ်တဲ့''
အတွင်းရေးမှူးက ပြောသည်။
"ရုံချန်းရောက်ပြီလား? ဒါသန့်စင်မြက်အာနိသင်လား?''
Carlton က မေးသည်။
သူနေမကောင်းသော်လည်း နိုင်ငံတကာမှအဓိကအကြောင်းအရာတချို့ကိုသိသေးသည်။ အထူးသဖြင့် သန့်စင်မြက်ပင်။ ဒါဘယ်လောက်အံ့ဩစရာကောင်းလဲ သူသိသည်။
နောက်ပြီး သန့်စင်မြက်ရဖို့ကြိုးစားနေသောလူတချို့ရှိကြောင်းလည်း သူသိသည်။ သို့သော် မအောင်မြင်ကြ။
သူသာနေကောင်းရင် သူလည်းဝင်ပါဖြစ်မည်။
အခုသန့်စင်မြက်အာနိသင်ကိုကိုယ်တိုင်ကြုံပြီးနောက် ဒီပစ္စည်းက မြို့ထဲကလေအရည်အသွေးကိုဘယ်လောက်ကောင်းအောင်လုပ်ပေးနိုင်မလဲ မတွေးတတ်အောင်ပင်။
မြို့ထဲမရောက်သေးပေမဲ့ ဒီလိုဖြစ်နေပြီ။ မြို့ထဲမှာ ဘယ်လောက်များကောင်းလိုက်မလဲ?
နောက်ဆုံး ယာဉ်တန်းကရုံချန်းထဲဝင်လာပြီး လေအရည်အသွေးအလွန်ကောင်းသောကြောင့် Carlton ပိုလန်းဆန်းလာသည်။
Carlton မှာစိတ်လှုပ်ရှားပြီး သက်ပြင်းချကာ_
"ဒီလေအရည်အသွေးကိုအားကျလိုက်တာ... ငါတို့အမေရိကမှာ ဘာလို့သန့်စင်မြက်မဖြစ်တာလဲ?''
သက်ပြင်းချပြီးနောက် သူကသူ့ဘေးမှဆရာဝန်ဘက်လှည့်ကာ_
"လက်ဖက်က ကင်ဆာနောက်ဆုံးအဆင့်အပေါ်အာနိသင်ရှိမရှိအတည်ပြုရဦးမယ်... မဟုတ်ရင် ငါ့ပိုင်ဆိုင်မှုတွေမလှူဘူး''
"ကောင်းပါပြီ မစ္စတာ Carlton... သူတို့လက်ဖက်က အာနိသင်ရှိမရှိသေချာကြည့်ပေးပါမယ်''
မကြာမီ Carlton တို့က ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းကိုဆက်သွယ်ပြီး ဧည့်ကြိုနေရာရောက်လာသည်။
သူတို့ရောက်သောအခါ လူချမ်းသာတချို့ရောက်နေကြောင်းသတိထားမိသည်။
သူဌေးကြီးတစ်ဦးက ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းနှင့်တောင် အငြင်းအခုံဖြစ်နေသေးသည်။
"လက်ဖက်အာနိသင်အတည်မပြုရဘဲနဲ့ ငါ့ပိုင်ဆိုင်မှုတွေလှူစေချင်တာလား? မဖြစ်နိုင်ဘူး.. ငါအရူးမဟုတ်ဘူး... အာနိသင်အတည်ပြုပြီးမှကျေနပ်မယ်''
သူဌေးက ထိုင်ခုံပေါ်ထိုင်ပြီးအော်နေသည်။
သူ့အတွေးက Carlton နှင့်တထပ်တည်း။
ထိုသူဌေးငြင်းခုံသံကြောင့် တခြားသူဌေးများလည်းစိတ်ဝင်စားနေသည်။
ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းကပြုံးပြီး_
"ကောင်းပါပြီ လူကြီးမင်း.. ကျွန်မတို့စကား ဒီမှာတင်ပြီးပါပြီ... ထပ်မပြောတော့ပါဘူး... လျှောက်လွှာကိုလည်း လက်မခံပါဘူး... သက်သေပြစရာလည်းမလိုပါဘူးရှင်''
"သော*က်စကားက ဘာသဘောလဲ?''
သူဌေးကြီး ကြောင်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းများက ပြုံးပြုံးနှင့်ပြောသည်_
"လူကြီးမင်း.. ဒီလက်တွေ့စမ်းသပ်ချက်အခွင့်အရေးနဲ့လွဲသွားပြီဆိုတော့ သွားလို့ရပါပြီ''
"အာယိုး!''
ထိုစကားကြောင့် သူဌေးမျက်နှာသွေးဆုတ်သွားပြီး ရေရွတ်လိုက်သည်။
တုံ့ပြန်သည့်နည်းက ဒီလောက်တင်းမာပြတ်သားမည်ဟု သူမထင်မိ။
"ဟူး!''
ထိုမြင်ကွင်းကြောင့် Carlton ကြောင်နေသည်။ အစက သူလည်းဒီသူဌေးလိုလုပ်ရန်ရည်ရွယ်လာသည်။
သူ့ဆရာဝန်ကလည်း သူ့ကိုငေးကြည့်ရင်း 'မစ္စတာ Carlton.. အခုဘယ်လိုလုပ်ကြမလဲ? သူ့မှာအတည်ပြုခွင့်တောင်မရှိပါလား'ဟု မေးလိုက်ချင်သည်။
လှူရင်လှူ၊ မလှူရင်သွားပေါ့။
Carlton ကိုယ်တိုင်တောင် ဒီလိုဖြစ်မည်မထင်ခဲ့။ သူ့အစီအစဉ်က ရယ်စရာဖြစ်သွားပြီထင်သည်။
အခန်း ၁၂၄၇: လောဘစိတ်!
Carlton ခဏတွေဝေသွားသည်။
သူဒီရောက်လာပြီးမှတော့ 'သူ့အသက်ကပိုအရေးကြီးသည်၊သူ့ပိုင်ဆိုင်မှုတွေလှူမည်'ဟုတွေးမိသည်။
အစက စောစောကသူဌေးလိုပင်၊ သူ့ပိုင်ဆိုင်မှုတွေမလှူခင် အာနိသင်ကိုသိချင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် အမြတ်ထုတ်မခံချင်။
သို့သော် ထိုသူဌေးဖြစ်ပုံကိုသူမြင်ခဲ့ပြီ။
မလှူခင် အာနိသင်ကြည့်မည်ဟုပြောလိုက်ရင် ထိုသူဌေးလိုအဆုံးသတ်ရမည်။
သူဌေးလည်းမွှန်ထူသွားပြီး ချင်းလင်ဓာတ်ခွဲခန်းမှလူများအား_
"မဟုတ်ဘူး.. အဲလိုလုပ်လို့မရဘူး.. ငါအရင်ရောက်တာလေ... ဆေးမကုခင် ငါ့ပိုင်ဆိုင်မှုတွေလှူမယ်ကွာ''
ချင်းလင်ဓာတ်ခွဲခန်းတာဝန်ခံက ကြက်သတ်ပြီးမျောက်ကိုသတိပေးခြင်းဖြစ်၍ ထိုသူဌေးကိုအာရုံမစိုက်တော့ချေ။
မျောက်နေရာမှလူကလည်း ပေါ့သေးသေးမဟုတ်၊ သူဌေးတစ်ဦးဖြစ်သည်။
တခြားသူဌေးများလည်း ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားသည်။
သူတို့လည်း အတွေးတူသည်။ သူတို့ပိုင်ဆိုင်မှုမလှူခင် အာနိသင်ကိုအရင်ကြည့်ချင်သည်။
ဒါပေမဲ့အခု ကြက်ဖြစ်သွားတဲ့သူဌေးကိုကြည့်ပြီး ပြောရဲပါတော့မလား?
ထိုတခိုက်တွင် သူဌေးအားလုံးစိတ်ရှုပ်တွေဝေသွားကြသည်။
သူတို့ပိုင်ဆိုင်မှုကိုလှူ၊စာချုပ်လက်မှတ်ထိုးပြီးမှ ဆေးကုရတော့မည်ထင်သည်။ တခြားနည်းမရှိ။
နောက်ပြီး အားလုံးနေရာရဖို့ကြိုးစားနေကြစဉ် အရင်ဆုံးအပေးအယူလုပ်လိုက်သောသူဌေးကြောင့် အခြေအနေတမျိုးဖြစ်သွားသည်။
သူဌေးများအတွေးများနေချိန်တွင် တစ်ယောက်ကအံကြိတ်ပြီးပြောလာသည်_
"ကျုပ်စာချုပ်လက်မှတ်ထိုးပြီး ပိုင်ဆိုင်မှုတွေလှူဒါန်းချင်ပါတယ်''
ဘာပဲဖြစ်ဖြစ် ကိုယ့်အသက်ကိုယ်တန်ဖိုးထားပြီး သေမှာကြောက်သူတွေရှိသည်။
ပိုချမ်းသာလေ ပိုတန်ဖိုးထားလေပင်။
ထိုသူဌေးကပြောလိုက်သည်နှင့် တခြားသူဌေးများလည်းစိတ်လောသွားသည်။ ဘာပဲဖြစ်ဖြစ် ၁၀ နေရာတည်း။
Carlton က သူ့အတွင်းရေးမှူးကိုချက်ချင်းညွှန်ကြားလိုက်သည်_
"မြန်မြန်သွား.. ငါအရင်လှူချင်တယ်လို့ပြောလိုက်''
သူနေရာမရမှာကြောက်ပြီးပြာသွားသည်။ သေရေးရှင်ရေးမှာ စောစောကသူ့အစီအစဉ်ကိုသတိရပါဦးမလား?
အခုသူလုပ်ရမှာက နေရာရဖို့ပဲ။
ခပ်လှမ်းလှမ်းတွင် တန့်ကွမ်းက ထိုမြင်ကွင်းကိုပြုံးပြီးကြည့်နေသည်။
ဒီသူဌေးတွေအကြောင်း၊ပိုက်ဆံဘယ်လောက်ရှိကြောင်း သူတို့သိပြီးပြီ။ ကမ္ဘာမှာပုံရိပ်ကြီးသည်ဟုဆိုနိုင်သော်လည်း အခုလောဘကဦးဆောင်နေပြီ။
ထို့ကြောင့် စိတ်လှုပ်ရှားပြီးသက်ပြင်းချမိသည်။ သေခြင်းရဲ့ခြိမ်းခြောက်မှုအောက်မှာ ဘယ်သူကတည်တည်ငြိမ်ငြိမ်နေနိုင်မလဲ?
တချိန်တည်း၌_
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က လူနှစ်ယောက်ကိုဧည့်ခံနေသည်။
တစ်ယောက်က ဝန်ကြီးလု။
နောက်တစ်ယောက်က သေချာဝတ်စားထားသောသက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။
"သူဌေးချင်.. သူက မစ္စတာကျူး.. ကျူးဝေတဲ့... အစိုးရလုပ်ငန်းရံပုံငွေကိုင်တဲ့သူလုပ်ခဲ့တာ''
ဝန်ကြီးလုကထိုင်ပြီးနောက် သက်လတ်ပိုင်းလူနှင့်မိတ်ဆက်ပေးသည်။
"မင်္ဂလာပါ မစ္စတာကျူး''
ချင်လင်လည်းပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဒီလူက ရှေ့လျှောက်ရံပုံငွေခေါင်းဆောင်ဖြစ်လာမည်မှန်း သူသိသည်။
"သူဌေးချင်.. မင်းအကြောင်းတွေအများကြီးကြားဖူးပါတယ်!''
ကျူးဝေကလည်း ချီးကျူးစကားပြောသည်။
ဒီမလာခင် သူ့ရှေ့ကလူကို ဉာဏ်ကြီးရှင်ရှောင်ချင်အဖြစ်သာသိထားခဲ့သည်။ ချင်းလင်ကုမ္ပဏီသူဌေးမှန်းမသိခဲ့။ လမ်းမှာဝန်ကြီးလုမိတ်ဆက်ပေးမှသာသိသည်။
နောက်ပြီး ဝန်ကြီးလုဆီမှအများကြီးကြားခဲ့ရသည်။ အမှန်အတိုင်းပြောရရင် သူလုပ်ခဲ့သမျှက အတော်လေးအထင်ကြီးစရာကောင်းသည်။
အထူးသဖြင့် ဒီတစ်ကြိမ်တွင် နိုင်ငံတကာသူဌေးများကိုပစ်မှတ်ထားခဲ့သည်။ ရံပုံငွေတည်ထောင်ပြီးရင် တချို့နိုင်ငံတွေဘယ်လောက်အသည်းပေါက်မလဲတွေးကြည့်နိုင်သည်။
သူဌေးချင်လိုလူမျိုးကိုသာ ရှင်သန်နေသည်ဟုဆိုရမည်။ သူတို့တွေက အချိန်ဖြုန်းနေသည်နှင့်တူ၏။
"မစ္စတာကျူးက ချီးကျူးလွန်းနေပါပြီ''
ချင်လင်လည်း ကျူးဝေကိုနေရာပေးလိုက်သည်။
သုံးယောက်သားလက်ဖက်ရည်သောက်နေစဉ် တန့်ကွမ်းကစာဖိုင်တထပ်ကြီးနှင့်ရောက်လာပြီး_
"ဝန်ကြီးလုလည်းရောက်နေတာကိုး... သူက?''
သူကကျူးဝေကိုစူးစမ်းကြည့်လိုက်သည်။
"ဒါရိုက်တာတန့်.. သူကမစ္စတာကျူးပါ... ရံပုံငွေတာဝန်ခံပေါ့... သူဌေးတွေ အာဏာရှိတွေလှူဒါန်းသမျှကို သူကတာဝန်ခံမယ်''
ချင်လင်က ချက်ချင်းရှင်းပြသည်။
တန့်ကွမ်းက ကျူးဝေဆီစာဖိုင်များတန်းပေးလိုက်သည်။
ဒီရံပုံငွေကို ချင်းလင်မိသားစုမကိုင်တွယ်နိုင်မှန်း သူလည်းသိသည်။
သူက_
"မစ္စတာကျူး.. ဒါသူဌေးတွေလက်မှတ်ထိုးထားတဲ့စာချုပ်တွေပါ... သူတို့ပိုင်ဆိုင်မှုရဲ့ ၁၀% ကို ရံပုံငွေအဖြစ်လှူတယ်... ပမာဏအတိအကျကို မစ္စတာကျူးအတည်ပြုပေးဖို့လိုပါတယ်''
ကျူးဝေကခေါင်းညိမ့်ပြီး စာဖိုင်များယူဖတ်သည်။ Carlton ၏အချက်အလက်ကိုဖတ်ပြီးနောက် သူအံ့ဩသွားသည်။
ဘီလီယံ ၆၀ ကျော်ပိုင်ဆိုင်မှုရှိသောသူဌေးဟုလူသိများသည်။
ဒီ ၁၀% က ၆ ဘီလီယံကျော်မည်။
ကျိကျိတက်ချမ်းသာသောတခြားသူဌေးများလည်းရှိသေးသည်။
အခုဒီလူတွေက ဝက်တွေသက်သက်သာ။
ဝန်ကြီးလုလည်း စာချုပ်၊စာဖိုင်များယူကြည့်သည်။ သူဌေးအားလုံးပိုင်ဆိုင်မှုအတော်များသော်လည်း အမှန်တကယ်ဟုတ်မဟုတ်သူမသိ။
သို့သော် ဒါကအရေးမကြီး။ သူတို့ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲရှာဖို့နည်းရှိသည်။ လက်ဖက်အာနိသင်ကိုသိရင် ကုသမှုရပ်တန့်မှာပိုကြောက်လာလိမ့်မည်။
မျှော်လင့်ချက်တွေ့ပြီးရင် မျှော်လင့်ချက်ပျက်စီးသွားမှာကြောက်ကြသည်။
ထို့နောက် တန့်ကွမ်းကစာဖိုင်တချို့နှင့် USB ထုတ်ပြီး ချင်လင်ဆီပေးလိုက်သည်။
“ဒါက?”
ချင်လင်ကမေးသည်။
တန့်ကွမ်းကပြုံးပြီး_
"အရမ်းစိတ်ဝင်စားစရာကောင်းတယ်... နိုင်ငံတကာလက်ဖက်ကုန်သည်တွေကပို့တဲ့စာနဲ့ဗီဒီယိုတွေပါ... ပူးပေါင်းချင်တဲ့အကြောင်းလည်းပြောတယ်''
“စိတ်ဝင်စားစရာပဲ''
ချင်လင်ရယ်လိုက်သည်။
ဒီလက်ဖက်ကုန်သည်တွေက နိုင်ငံတကာလက်ဖက်ရိုးရာပွဲလုပ်ဖို့စီစဉ်နေတာမဟုတ်ဘူးလား? အခုဒီလိုစာတွေပို့တာ ချင်းလင်ဓာတ်ခွဲခန်းရဲ့ကြေညာချက်ကြောင့်ဖြစ်မည်။
ဒီလိုဆို သူနဲ့ဝန်ကြီးလုက ဒီလူတွေကိုပိုတွက်မိတာပေါ့။
အခန်း ၁၂၄၈: လောဘစိတ်! ၂
သူတောင်အားကုန်မသုံးရသေး။ ဒီလူတွေကကြောက်လန့်ပြီး အရှုံးပေးနေပြီ။
Hober ဆိုသောလူဆီမှစာကိုအရင်ဖတ်ပြီး ချင်လင်အတော်စိတ်ဝင်စားသွားသည်။
ဒီလူက နိုင်ငံတကာလက်ဖက်ရိုးရာပွဲကို သူနှင့်ဘာမှမဆိုင်ကြောင်း တန်းပြောလာသည်။ ပြည်တွင်းလက်ဖက်ရိုးရာကိုလေးစားကြောင်းနှင့် ပြည်တွင်းမှာ လက်ဖက်ရိုးရာပွဲလုပ်ဖို့တောင်အကြံပြုထားသည်။
ပြည်တွင်းလက်ဖက်လုပ်ငန်းနှင့်ပူးပေါင်းဖို့လည်း မျှော်လင့်သည်တဲ့။
နောက်ပြီး ဒီလူက ဗီဒီယိုပို့ပေးထားသည်။
နိုင်ငံတကာလက်ဖက်ရိုးရာပွဲစီစဉ်ရန်ဆွေးနွေးနေကြသောကုန်သည်များ၏ဗီဒီယိုဖြစ်သည်။ ဒီအတောအတွင်း နိုင်ငံတကာလက်ဖက်ကုန်သည်များအတူတူပူးပေါင်းပြီး ကင်ဆာကုနိုင်သောလက်ဖက်ကိုအယုံအကြည်မရှိကြောင်းပြောထားကြသည်။
တဖက်တွင် Hober က ဘာမှမပြော။ ဝင်ပါမည့်ပုံမရှိ။
သို့ရာတွင် လက်ဖက်ကုန်သည်တစ်ဦးဆီမှစာကိုမြင်ပြီး ချင်လင်ရယ်လိုက်သည်။
ထိုလက်ဖက်ကုန်သည်ကလည်း သူတို့နှင့်ပူးပေါင်းချင်ကြောင်းပြောသည်။ Hober က Robert ကိုယုံကြည်ဖို့ပြောနေသည့်အကြောင်းဗီဒီယိုပို့ထား၏။
Hober နှင့် Robert က ခေါင်းဆောင်သည့်သဘောပင်။
ဒါ...
ဒီနိုင်ငံတကာလက်ဖက်ကုန်သည်တွေကို သူနှင့်ဝန်ကြီးလုက ပိုတွက်မိသွားပြီ။
ခွေးခွေးချင်းကိုက်ပြီး အမွေးတဖားဖားနှင့်။
"ဥက္ကဌချင်.. ဒါဘယ်လိုပြန်ပြောလိုက်ရမလဲ?''
တန့်ကွမ်းကမေးသည်။
ချင်လင်ပြုံးလိုက်ပြီး_
"ချင်းလင်စံအိမ်တရားဝင်အကောင့်ကနေ လှူဒါန်းတဲ့အကြောင်းသတင်းလွှင့်လိုက်... ပြီးတော့ နိုင်ငံတကာကုန်သည်တွေကို အဲဒီစာပို့လိုက်... အများသိအောင်ပို့နော်''
"နားလည်ပါပြီ!''
တန့်ကွမ်းက ချက်ချင်းသဘောပေါက်သည်။
နိုင်ငံတကာလက်ဖက်ကုန်သည်များပို့သောစာဖိုင်များ၊ဗီဒီယိုများနှင့် သူတို့ကိုယ်စီလှုပ်ရှားမှုကို သူသိထားသည်။ ဒါတွေပို့လိုက်ရင် လက်ဖက်ကုန်သည်တွေဖြစ်သွားမည့်ပုံက အတော်စိတ်ဝင်စားစရာကောင်းမည်။
ချင်းလင်စံအိမ်က ကင်ဆာနောက်ဆုံးအဆင့်ကုနိုင်သောသတင်းမှာ လိုင်းပေါ်လွှမ်းမိုးထား၏။
ချင်းလင်ဓာတ်ခွဲခန်းအကြောင်းသတင်းဗီဒီယိုများလည်းပေါက်သွားပြီး ရေပန်းစားခေါင်းစဉ်ဖြစ်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းနှင့်ဘာမှမဆိုင်သောဗီဒီယိုများတောင် ချင်းလင်ဓာတ်ခွဲခန်းနာမည်ပါသည်နှင့် တန်းနာမည်ကြီးလာသည်။
ထို့ကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် နိုင်ငံတကာသူဌေးများက ပိုင်ဆိုင်မှု ၁၀% ကိုရံပုံငွေအဖြစ်လှူသည့်အကြောင်းသတင်းတက်လာသောအခါ အင်တာနက်တစ်ခုလုံးလန့်သွားပြီး အချိန်တိုအတွင်းရေပန်းစားစာရင်းထဲဝင်သွားသည်။
ပထမအချက်၊ ကင်ဆာကုသမှုက နာမည်ကြီးသည်။ ဒုတိယအချက်၊ ထိုသူဌေးများ၏ပိုင်ဆိုင်မှုက လန့်လောက်စရာဖြစ်သည်။
အထူးသဖြင့် ဘီလီယံ ၆၀ ကျော်ပိုင်ဆိုင်မှုနှင့်အမေရိကန်တွင်အဆင့် ၁၅ ရှိသော Carlton ပင်။
နောက်ပြီး ထိုသူဌေးများ၏ပိုင်ဆိုင်မှု ၁၀% က လန့်စရာဖြစ်သည်။
အစပိုင်းတွင် အတော်များများက နိုင်ငံခြားသားကို ၁၀ နေရာပေးမည်ဆို၍ ချင်းလင်ဓာတ်ခွဲခန်းကိုကန့်ကွက်ခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာလူနာတွေအများကြီး၊ နိုင်ငံခြားသားကိုဘာလို့ပေးမလဲ?
အခုကျ ဒီလိုဆိုတော့ ငြင်းစရာမရှိ၊ ကျေနပ်စရာအတိပင်။
ဝက်တွေကိုမညှာမတာသ*တ်ပေမဲ့ သူတို့ကမျောလိုက်လာသတဲ့။
"၆၆၆ ပဲပြောတော့မယ်... သော*က်ရံပုံငွေ... ဝက်သ*တ်လူသ*တ်သလိုပဲ''
"US ဒေါ်လာ ၆ ဘီလီယံကျော်တဲ့သူဌေး... အိုင်ဗန်ကြီးတွေဘယ်လောက်များဝယ်နိုင်မလဲ?''
"တစ်နေ့ ဒီငွေတွေနဲ့ အရင်းရှင်အင်အားစုတချို့ကိုဆုံးရှုံးအောင်လုပ်နိုင်ပါစေလို့... အဲဒါဆို အရမ်းကောင်းမှာပဲ''
"မင်းကိုငါကဓားပြတိုက်ပြီး မင်းပိုက်ဆံနဲ့မင်းကိုပြန်လုပ်မယ်လို့ပြောနေတာလား?''
လိုင်းပေါ်တွင်နာမည်ကြီးနေပြီး အင်္ဂလန်၊ Robert ရဲတိုက်တွင် နိုင်ငံတကာလက်ဖက်ကုန်သည်များစုဝေးကြပြန်သည်။
ဒီရက်ပိုင်းဆွေးနွေးပြီးနောက် နိုင်ငံတကာလက်ဖက်ရိုးရာပွဲစည်းမျဉ်းစည်းကမ်းများ အကြမ်းဖျင်းပြီးသွားသည်။
ဒီနေ့ ပထမဆုံးလက်ဖက်ရိုးရာပွဲအတွက်တာဝန်ခံတင်ဆက်သူကိုရွေးရန် ထပ်စုဝေးကြခြင်းဖြစ်သည်။ အဲဒီနောက် အများသိအောင်ကြေညာမည်။
"ဟုတ်ပြီ.. ကျုပ်တို့အားလုံးဆွေးနွေးပြီးပြီ... ဒီနေ့ တာဝန်ခံရွေးကြတာပေါ့''
Robert က ပတ်ပတ်လည်မှလက်ဖက်ကုန်သည်များကို ပြုံးပြီးကြည့်လိုက်သည်။
တကယ်တော့ လက်ဖက်ကုန်သည်တချို့ကို သူအယုံသွင်းထားသည်။ သူ့ကိုထောက်ခံကြလိမ့်မည်။
Robert မိသားစုက နိုင်ငံတကာလက်ဖက်စျေးကွက်အကျိုးအမြတ်ကိုရချင်သည်။ တာဝန်ခံဖြစ်ရင် အကျိုးအမြတ်ပိုကြီးမည်။
ထိုအချိန်တွင် Hober ကရယ်ပြီး အသံကျယ်ကျယ်နှင့်_
"တာဝန်ခံလုပ်ဖို့က မစ္စတာ Robert ကိုပဲထောက်ခံတာပေါ့... မစ္စတာ Robert ပဲ ဒါကိုကိုင်တွယ်နိုင်မှာ''
Carlton က ပိုင်ဆိုင်မှု ၁၀% လှူမည်ဟုစာချုပ်လက်မှတ်ထိုးထားကြောင်း သူသတင်းရပြီးပြီ။ ဒီတော့ လက်ဖက်က ကင်ဆာကုနိုင်သည်ဆိုသောကောလာဟလကအမှန်ဖြစ်မည်။
ဒီတစ်ခါ Robert ကိုရှေ့ထုတ်ရမည်။ သူတို့ဝင်ပါလွန်းရင် ရှေ့လျှောက်အဲဒီနိုင်ငံကလူတွေနဲ့အလုပ်လုပ်ဖို့ခက်သွားမည်။
Robert စိတ်အပူဆုံးက ကမ္ဘာ့အကြီးဆုံးလက်ဖက်ကုန်သည် Hober က သူနှင့်ယှဉ်ပြိုင်လာမည်ကိုပင်။ အခုသူ့ကိုတန်းထောက်ခံသောကြောင့် အလွန်ကျေနပ်သွား၏။
Hober က ထောက်ခံသောအခါ တခြားကုန်သည်များကလည်း Robert ကိုထောက်ခံကြောင်းပြောကြသည်။
အားလုံးထောက်ခံသောကြောင့် Robert ပိုကျေနပ်သွားပြီး ပြုံးပြုံးနှင့်_
"အားလုံးကထောက်ခံမှတော့ ဒီလက်ဖက်ရိုးရာပွဲအတွက်ဆောင်ရွက်ပေးဖို့ ကျုပ်လက်ခံရတော့မှာပေါ့''
Hober မာန်တက်နေစဉ် ဆံပင်ရွှေဝါရောင်အတွင်းရေးမှူးက လောလောနှင့်ရောက်လာပြန်သည်_
"မစ္စတာ Robert.. မကောင်းတော့ဘူး... ချင်းလင်ဓာတ်ခွဲခန်းကကြေညာတယ်... သူဌေးတွေ အရှေ့တိုင်းကိုသွားပြီး ပိုင်ဆိုင်မှု ၁၀% လှူကြတယ်တဲ့''
“ဘာ?”
Robert က အလန့်တကြားမတ်တပ်ထရပ်သည်။
စောစောကမာန်တက်နေသောအပြုံးမှာ ရုတ်တရက်ရသောသတင်းကြောင့်ပျောက်ကွယ်သွား၏။
အဲဒီသူဌေးတွေ ရူးနေတာလား?
ဆေးကုသခွင့်ရဖို့ ပိုင်ဆိုင်မှု ၁၀% လှူမယ်တဲ့? ဒါသူများကိုသက်သေကူပြပေးနေတာလား?
ထိုအချိန်တွင် Robert သာမက တခြားလက်ဖက်ကုန်သည်များလည်း စာများ၊ဖုန်းများရကြသည်။ သူတို့ကအံ့ဩပြီး ရေရွတ်ကြ၏_
“တကယ်ပဲလား?''
"အားလုံး ၁၀% လှူမှာလား?''
"Carlton ရောလှူမှာလား?''
ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်အငွေ့အသက်က ထူးဆန်းလာသည်။ ဘာပဲဖြစ်ဖြစ် ဒီမှာစုဝေးရသည့်အကြောင်းရင်းကို အားလုံးသိသည်။
သို့သော် သတင်းရပြီးနောက် သူတို့လုပ်ခဲ့သမျှအချည်းနှီးဖြစ်သွားပြီထင်သည်။
ကင်ဆာကုနိုင်တဲ့လက်ဖက်နဲ့ယှဉ်ရင် သူတို့လုပ်သမျှက ရယ်စရာဖြစ်တော့မည်။
ထိုအချိန်တွင် လူတစ်ယောက်ခပ်သုတ်သုတ်ဝင်လာပြီး Robert အား_
"မစ္စတာ Robert.. နိုင်ငံတကာလက်ဖက်ရိုးရာပွဲအတွက် email ရောက်ပါတယ်''
“Mail?”
Robert ကြောင်သွားသည်။
လက်ဖက်ရိုးရာပွဲတောင် မလုပ်ရသေးဘူး။ ဘာလို့ mail ပို့တဲ့သူရှိတာလဲ?
ထိုအခိုက် Robert မှာ လောလောလတ်လတ်သတင်းကြားပြီးဦးနှောက်ပူနေသောကြောင့် မတွေးနိုင်ဘဲ ထိုလူကိုညွှန်ကြားလိုက်သည်_
"ဘယ်သူလဲ ဖွင့်ကြည့်လိုက်''
ထိုလူကခေါင်းညိမ့်ပြီး ချက်ချင်း email ဖွင့်လိုက်သည်။ ထို့နောက် ပူးပေါင်းလျှောက်လွှာတသီကြီးထွက်လာလေသည်။
စာမြင်ပြီး သူကြောင်သွားသည်။ သူကချက်ချင်း တစ်စောင်ဖွင့်ကြည့်လိုက်သည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းရန်လျှောက်ထားသော နိုင်ငံတကာလက်ဖက်ကုန်သည်တစ်ဦးဆီမှစာဖြစ်နေသည်။
ဒီတစ်ခါ ထိုလက်ဖက်ကုန်သည်အရှက်ရသွား၏။ ဒီလိုပြန်ပို့လိမ့်မည်ဟု သူလုံးဝမထင်မိ။ ဒါသူနှင့်ပူးပေါင်းမည်မဟုတ်သည့်သဘောလည်းဖြစ်သည်။
သို့သော် သီးသန့်ပို့သောစာကို အများရှေ့မှာဖွင့်ပြခြင်းကြောင့် အတော်အရှက်ကွဲရသည်။
Robert က နောက်တစ်စောင်ကိုဖွင့်ကြည့်သည်။ Hober ပို့ထားခြင်းပင်။
သူကအမှတ်တမဲ့ Hober ကိုကြည့်လိုက်သည်။ သူ့ကိုအမြဲတမ်း အရင်ဆုံးထောက်ခံခဲ့သူက ဒီလိုလုပ်မယ်လို့ဘယ်ထင်မလဲ?
Hober ရှက်နေစဉ် Robert က ဗီဒီယိုဖွင့်ပြလိုက်သောကြောင့် ပိုအရှက်ရသွား၏။ သူ့နာမည်ရှင်းအောင်လုပ်သောဗီဒီယိုပင်။
သို့သော် အရှက်အရဆုံးအပိုင်းမဟုတ်သေး။ Robert က နောက်တစ်ပုဒ်ဖွင့်ပြသည်။ ဗီဒီယိုထဲတွင် နိုင်ငံတကာလက်ဖက်ရိုးရာပွဲအတွက် Robert ကိုထောက်ခံကြောင်း Hober ကအရင်ဆုံးပြောထားသည်။
ထိုအချိန် Hober မှာ တွင်းတူးပြီးဝင်ပုန်းချင်စိတ်ပေါက်လာသည်။ သူ့နာမည်ရှင်းရန်ဗီဒီယိုရိုက်ထားသော်လည်း သူ့ကိုတစ်ယောက်ယောက်ကပြန်ရိုက်ပြီးပို့ထားသည်တဲ့။
ဒါ …
တစ်ယောက်မှမကောင်း။
Robert မဲ့ပြုံးပြုံးလိုက်သည်။ လက်ဖက်ကုန်သည်တွေက သူ့ကိုအပေါ်ယံထောက်ခံပြီး အကွက်ရွှေ့နေမည်ဟုမထင်မိ။ အထင်နှင့်အမြင် တလွဲစီပင်။
ထိုအချိန် လက်ဖက်ကုန်သည်များ ဆက်မနေဝံ့တော့ချေ။
အရင်ဆုံး Hober က ကိုးရိုးကားရားထွက်သွားသည်။ သူဆက်နေဖို့လည်း မျက်နှာမရှိတော့။
တခြားလက်ဖက်ကုန်သည်များလည်း အလျှိုလျှိုထွက်သွားကြ၏။
နောက်ဆုံး Robert တစ်ယောက်သာ ထိုင်ခုံပေါ်မောဟိုက်ပြီးကျန်ခဲ့သည်။
ဘယ်လိုဟာသပြဇာတ်မျိုး သူကခဲ့ပါလိမ့်?