အခန်း (၁၉၁၉)
Vol. 138 Ch. 1919
စုမေ့က စကားစလိုက်သော်လည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဝေ့ဝူယင်က သူမကို ကြင်နာစွာ ကြည့်လိုက်သည်။
“စုမေ့... မင်းရဲ့ ကျင့်ကြံခြင်းက ပန်းတိုင်ကို မရောက်သေးဘူး... မပူပါနဲ့... မင်း အဆင့်မတက်ခင်မှာ အကောင်းဆုံး အခြေခံအုတ်မြစ်တွေ ရဖို့အတွက် ငါ့မှာ ပစ္စည်းတွေ ကျန်ပါသေးတယ်”
“...”
စုမေ့သည် ဝေ့ဝူယင်နှင့် ဘေးချင်းယှဉ် လျှောက်နေ၏။ သူမ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာသည်။
“အဲဒါကြောင့် မဟုတ်ပါဘူး”
သူမက ဆိုသည်။
“အားလုံးတော့ မဟုတ်ဘူး ဆိုပါတော့လေ...”
“ဟုတ်လား...”
ဝေ့ဝူယင် ရပ်လိုက်ပြီး စုမေ့ကို ကြည့်လိုက်သည်။ အနက်ရောင် မျက်ဝန်းအစုံနှင့် ဆံပင်တိုတို၊ ရဲရင့်သည့် မိန်းမပျိုလေး၏ ပုံရိပ်မှာ သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားဖွယ် ကောင်းနေသည်။
“ကျွန်မ ခံစားနေရတယ်... ကျွန်မရဲ့ အတွင်းစိတ်ထဲက တစ်ခုခုကိုပေါ့... တစ်ခုခုက ကျွန်မကို ပြောနေတာက...”
သူမ၏ လေသံက စကားလုံး တစ်လုံးချင်းစီ ပြောလိုက်တိုင်း ယုံကြည်မှု လျော့နည်းသွားသကဲ့သို့ တိုးညှင်းသွားသည်။
သို့သော် ဝေ့ဝူယင်သည် စုမေ့ ခံစားချက်များကို စုစည်းပြီး အတွေးများကို ဖော်ထုတ်နိုင်သည့် အချိန် အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပေးနေခဲ့သည်။ နောက်ဆုံးတွင်တော့ စုမေ့က သူမ၏ ကြည်လင်သော မျက်ဝန်းများကို မြှင့်တင်ကာ ဝေ့ဝူယင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“ကျွန်မရဲ့ လျှို့ဝှက် ခြေချခြင်းကို ခွင့်မပြုဘူးတဲ့”
ဝေ့ဝူယင်၏ အမူအရာမှာ မပြောင်းလဲသလို အံ့ဩဟန်လည်း မရှိချေ။ ဤသည်က စုမေ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
“မင်း အဆင့်တက်ချင်လား... ဒီလမ်းကို ဆက်လျှောက်ချင်လား”
ဝေ့ဝူယင်က ရုတ်တရက် မေးလိုက်သည်။
စုမေ့၏ နှလုံးသားထဲတွင် အလင်းရောင်နှင့် နွေးထွေးမှုတို့ မွေးဖွားလာခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခိုင်မာ ပြတ်သားသော ဆုံးဖြတ်ချက်များမှာလည်း ပြန်လည် နိုးကြားလာသည်။ သူမသည် ဝေ့ဝူယင်နောက်သို့ မည်သည့်နေရာမဆို လိုက်ရန် ကျိန်ဆိုထားပြီးသား ဖြစ်သည်။
ငရဲသို့ဖြစ်စေ... ကောင်းကင်သို့ဖြစ်စေ... သို့တည်းမဟုတ်... အပြောကျယ်လှသော စကြဝဠာကြီးထဲသို့ဖြစ်စေ...
စစ်တိုက်ရန်ဖြစ်စေ၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းရန်ဖြစ်စေ၊ သို့မဟုတ် လက်ထဲတွင် ဆေဘာနှင့် ပြုံးလျက် သေဆုံးရန်ဖြစ်စေ...
ကွဲပြား ခြားနားမှု မရှိပါချေ။ သူမက ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။
“ဆက်လျှောက်ချင်တယ်...”
“ဒါဆို ငါ မင်းကို အဆင့်တက်ဖို့ ခွင့်ပြုတယ်”
ဝေ့ဝူယင်သည် ဧကရာဇ် တစ်ပါး၏ အမိန့်တော်ကဲ့သို့ ငြင်းပယ်၍မရနိုင်သော လေသံဖြင့် ပြောလိုက်သည်။
“ငါကလွဲလို့ ကျန်တဲ့သူ ဘယ်သူ့မှာမှ မင်းကို တားပိုင်ခွင့် မရှိစေရဘူး... ငါပြောတာ နားလည်လား”
“...”
နှလုံးသားထဲမှ နွေးထွေးမှုနှင့် အလင်းရောင်တို့မှာ သူမ၏ ဝိညာဉ်တစ်ခုလုံးသို့ စီးဝင်သွား၏။ သို့သော်လည်း မိန်းကလေးမှာ လွယ်လွယ်နှင့် ငိုတတ်သူ သို့မဟုတ် ခံစားချက်များကို ထုတ်ပြတတ်သူ မဟုတ်ချေ။ သူမက ဝေ့ဝူယင်ကို မတုန်မလှုပ် စိုက်ကြည့်လိုက်၏။
“နားလည်ပါပြီ”
“ဘာပဲဖြစ်ဖြစ်... ငါတို့ အတူတူ ရှိနေတာပဲ မဟုတ်လား”
ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်သည်။
“ဟုတ်တယ်...”
စုမေ့က ရင်ဘတ်ကို မတ်၍ ပြောလိုက်သည်။
“ကောင်းပြီလေ... မင်း ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်သလို၊ ငါလည်း ဒါကို မေ့မှာ မဟုတ်ဘူး... အဲဒီ ကိစ္စက သေချာစေရမယ်”
ဝေ့ဝူယင်က ပြောပြီး ထွက်ခွာသွားသည်။ စုမေ့မှာမူ လူငယ်၏ ပုံရိပ် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေမိတော့သည်။
အဂ္ဂိရတ် ခန်းမသို့ ပြန်ရောက်သောအခါ ဝေ့ဝူယင် လက်သီးများကို တင်းတင်းဆုပ်ကာ အံကို ကြိတ်လိုက်မိသည်။ သူ၏ စိတ်ထဲတွင် အခြား အချိန်စီးကြောင်း တစ်ခုမှ စုမေ့ သေဆုံးခဲ့ရသော ပုံရိပ်များ ဖြတ်ပြေးသွားသည်။ သူ၏ ပေါ့ဆမှု သို့မဟုတ် မစွမ်းဆောင်နိုင်မှုကြောင့် စုမေ့ကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ဝေ့ဝူယင် ဆိုသည့် ဖြစ်တည်မှုမှာ အဘယ်ကြောင့် အန္တရာယ်များကို အကြိမ်ကြိမ် ရင်ဆိုင်နေရသနည်း။ အဘယ်ကြောင့် ချစ်ရသူများကို ဆုံးရှုံးရသနည်း။ သို့သော်လည်း ယခုအခါ၌ သူသည် အားနည်းသူ တစ်ယောက် မဟုတ်တော့ချေ။ သူချစ်ရသူများကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့ချေ။
အကယ်၍ ကောင်းကင်တာအိုကိုယ်တိုင် သူတို့ထဲမှ တစ်ဦးဦးကို သတ်ရန် ကြိုးစားပါက သူ၏ ဆေဘာနှင့် အရင် ရင်ဆိုင်ရမည် ဖြစ်သည်။
“အရင်တစ်ခါတုန်းကလို ထာဝရ ခြေချခြင်း ဆေးလုံးနဲ့ ဆိုရင် ပြေနိုင်လောက်လား...”
အိုရီက စိုးရိမ်တကြီး မေးလိုက်သည်။ သို့သော် ထိုမေးခွန်းမှာ ဝေ့ဝူယင်၏ နှလုံးသားထဲမှ စိုးရိမ်မှုကို ပိုမို ကြီးထွားစေသည်။ အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်။ သူသည် ဆေးလုံးတစ်လုံးတည်းအပေါ် အလွန်အမင်း အားကိုးမိခြင်းကြောင့် စုမေ့ကို အဆုံးရှုံး မခံနိုင်ချေ။
“အဖြူရောင် အဘိဿဲလ် ခရီးစဉ် ပြီးရင် ငါတို့ ဒါကို လုပ်ကြမယ်... အရာအားလုံး အဆင်သင့် ဖြစ်နေပါစေ”
ဝေ့ဝူယင်က ခိုင်မာစွာ ပြောလိုက်သည်။
“နားလည်ပါပြီ”
ဧဒင်က ပြန်ဖြေ၏။ သူတို့၏ သေမျိုးအနေဖြင့် နောက်ဆုံး လောင်းကြေးမှာ အရာအားလုံးအပေါ် မူတည်နေသည်။ ဧဒင် အမှားအယွင်း အနည်းငယ်မျှ အဖြစ်မခံနိုင်ချေ။
“ငါတို့ စုမေ့ကို အဆုံးရှုံး မခံနိုင်ဘူး... ဘယ်သူ့ကိုမှ အဆုံးရှုံး မခံနိုင်ဘူး”
ဘုရင်က ဆိုသည်။
“...”
အိုရီကတော့ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ခရာတိုကမူ ဟိန်းဟောက်သံ တစ်ချက်ကိုသာ ထုတ်လွှတ်လိုက်လေ၏။
...
တစ်ရက် ကြာပြီးနောက်... ဝေ့ဝူယင်တို့အဖွဲ့နှင့် အဘိဿဲလ် အာဏာရှင် ရှန့်ထိုများသည် အီလီစီယမ် အသေးစား ပေါ်တွင် ဆုံတွေ့ကြလေသည်။ အဘိဿဲလ် အာဏာရှင်များသည် သူတို့ချည်းသက်သက် လာကြခြင်း မဟုတ်ပေ။ သူတို့နှင့်အတူ ကျင့်ကြံသူ အုပ်စုကြီးတစ်ခု ပါလာပြီး ၎င်းတို့အနက် အများစုမှာ လူသားများဖြစ်သည်။ သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချထားပြီးသား ဖြစ်သည့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် အမှောင် ဟင်းလင်းပြင်ထဲတွင် ခန့်ညားထည်ဝါစွာ ပျံဝဲနေကြပြီး ရေတွက်ကြည့်ပါက ငါးထောင် အတိအကျ ရှိလေသည်။
သူတို့ တစ်ဦးစီသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၊ ဂလက်ဆီဇုံ လေးခုကို အသီးသီး ကိုယ်စားပြုသည့် ထူးခြားသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုအုပ်စုအတွင်းရှိ အဘိဿဲလ်လူမျိုးများသည် ကျင့်ကြံခြင်းအဆင့် အနိမ့်အမြင့် ရောနှောနေသော်လည်း၊ သူတို့၏ အော်ရာများမှာ အဆင့်တူ လူသားများထက် သိသိသာသာ ပိုမို သိပ်သည်းလှသည်။
အီလီစီယမ် အသေးစား ပေါ်ရှိ အဖွဲ့သားများသည် ထိုမြင်ကွင်းကို စိတ်ဝင်တစားနှင့် စိုက်ကြည့်နေမိကြသည်။ ထိုအထဲတွင် ကောင်းကင် ရှန့်ထို ကိုးဦး၊ လောကရှန့်ထို ဒါဇင်ပေါင်းများစွာ၊ မြေကြီး ရှန့်ထို ထောင်ပေါင်းများစွာနှင့် သေမျိုးတစ်ပိုင်း အရှင် ရာဂဏန်း အနည်းငယ် ပါဝင်သည်။
“ခမ်းနားလိုက်တာ... ဒါက ဂလက်ဆီအချင်းချင်း စစ်ပွဲဆင်နွှဲဖို့အတွက်တောင် လုံလောက်တဲ့ အင်အားပဲ”
သခင်လေးရှန့်က သူ၏ ဝိုင်အိတ်ကို တစ်ငုံသောက်ရင်း မှတ်ချက်ပေးလိုက်သည်။ အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ကြောက်စရာအကောင်းဆုံး စွမ်းအားမှာ သူတို့ ဖော်စပ်သည့် ဆေးလုံးများ မဟုတ်ဘဲ၊ ပညာရှင်များကို စုစည်းနိုင်စွမ်းနှင့် ရည်မှန်းချက်ကြီးသော ပါရမီရှင်များကို အဂ္ဂိရတ် သူရဲကောင်းများ သို့မဟုတ် တာအို အစောင့်အရှောက်များအဖြစ် စည်းရုံးနိုင်စွမ်းပင် ဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်များက ဂလက်ဆီတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ပြီး စစ်ပွဲကြီးများ ဆင်နွှဲခဲ့သည့် ဒဏ္ဍာရီလာ ဇာတ်လမ်းများ ရှိခဲ့ဖူးသည်။ သခင်လေးရှန့်သည် ထိုအရာများကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း ယခုမြင်ကွင်းကို ကြည့်ပြီးနောက်တွင်တော့ ထိုသို့သော အဖြစ်အပျက်များမှာ ဖြစ်နိုင်ခြေရှိကြောင်းကို သံသယ မရှိတော့ချေ။
ဝေ့ဝူယင်သည် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်မျှသာ ဖြစ်သော်လည်း ဂလက်ဆီတစ်ခု၏ အကြွင်းမဲ့ အုပ်ချုပ်သူများဖြစ်သည့် အာဏာရှင် ရှန့်ထိုများကို သူ၏ တောင်းဆိုချက်တစ်ခုတည်းဖြင့် လှုပ်ရှားစေနိုင်ခဲ့သည်။ ထို့အပြင် သူတို့သည် ဝေ့ဝူယင်ကို ကာကွယ်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများကိုပါ စုစည်း ခေါ်ဆောင်လာခဲ့သည်။ ဤမြင်ကွင်းမှာ တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
အဘိဿဲလ် အာဏာရှင် ရှန့်ထို လေးဦးနှင့် သူတို့၏ လက်အောက်ငယ်သားများသည် စစ်ဝတ်စုံများ အပြည့်အစုံ ဝတ်ဆင်ထားကြသည်။ ခန္ဓာကိုယ်နှင့် ကပ်နေသော ချပ်ဝတ်တန်ဆာများက သူတို့၏ သန်မာသော ကိုယ်လက်အင်္ဂါများကို ပိုမို ပေါ်လွင်စေပြီး သူတို့၏ အရပ်အမောင်းကိုပါ ပို၍ ထည်ဝါစေသည်။ သူတို့သည် စစ်တိုက်ရန် အသင့်ဖြစ်နေပြီဟု ဆိုပါက လွန်အံ့မထင်ချေ။
“ဂါရဝပြုပါတယ် လောကရှန့်ထို အာရုဏ်ဦး...”
လျှို့ဝှက် အာဏာရှင် ပုဂ္ဂိုလ် ငါးထောင်စလုံးသည် ဗာဂျန် ယခင်က ပြသခဲ့ဖူးသည့် ထူးခြားသော ဂါရဝပြုနည်းဖြင့် ညီညီညာညာ နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် မတူညီသည့် ဂလက်ဆီဇုံများ၊ မတူညီသည့် အုပ်ချုပ်သူများ၏ လက်အောက်မှ လာသူများ ဖြစ်ကြသော်လည်း ဝေ့ဝူယင်အပေါ်တွင်မူ တူညီသော လေးစားမှုကို ပြသကြသည်။
မကြာသေးမီက ကျင်းပခဲ့သော လေလံပွဲကြောင့် ဝေ့ဝူယင်၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်လေရာ အားလုံးက သူ့ကို အထူးလေးစားကြသည်။ အထူးသဖြင့် လူသားကျင့်ကြံသူများ၏ မျက်လုံးများမှာ တောက်ပနေပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။