အခန်း (၁၉၂၃)
Vol. 138 Ch. 1923
“...”
အဘိဿဲလ် အာဏာရှင် ရှန့်ထို လေးဦးမှာ ခဏတာ တိတ်ဆိတ်သွားပြီး ထိုဆုံးရှုံးမှုများကို ပူးတွဲ လက်ခံလိုက်ကြသည်။
သူတို့ လှုပ်ရှားနိုင်သော်လည်း ဟင်းလင်းပြင်မဲ့ ရေဝဲ အပါအဝင် အဖြူရောင် အဘိဿဲလ်၏ ဆန်းကြယ်သော ဖြစ်စဉ်များသည် ခန့်မှန်းရ ခက်ခဲလှသည်။ ခရီးစဉ်တစ်ခုလုံးတွင် ဖြစ်စဉ်တစ်ခုတည်းနှင့် ကြုံရနိုင်သလို တစ်ပြိုင်နက်တည်း ဆယ်ခုနှင့်လည်း ကြုံရနိုင်သည်။ ထို့အပြင် သတိမထားမိပါက သူတို့ကဲ့သို့ အာဏာရှင် ရှန့်ထိုများကိုပင် ဒုက္ခပေးနိုင်သည့် အန္တရာယ်များ ရှိနေသဖြင့် လက်အောက်ငယ်သားများ၏ မိုက်မဲမှုအတွက် မိမိကိုယ်ကိုယ် အန္တရာယ်ထဲ အကျမခံဝံ့ကြချေ။
ယွီစွန်းလီသည် ဝေ့ဝူယင်၏ လက်မောင်းများကို တင်းတင်းဆုပ်ကိုင်ထားရင်း အဝေးမှ စိမ်းဖန့်ဖန့် အလင်းရောင်နှင့် အဖြူရောင် မြူထုကြီးကို စိုက်ကြည့်နေသည်။ သူမ တစ်ခုခု ပြောရန် ပြင်နေစဉ် နတ်မိမယ် တိတ်ဆိတ်ခြင်းက ဆက်ပြောလိုက်သည်။
“အရောင်ရှိတဲ့ ဇုန်တွေကိုတော့ ဘေးကင်းတဲ့ နေရာတွေလို့ သတ်မှတ်လို့ရပါတယ်... တကယ်တမ်း လုံးဝ ဘေးကင်းတာမျိုး မဟုတ်ပေမဲ့ ဖြစ်လာမယ့် အရာတွေကို ခန့်မှန်းလို့ရတယ်။ အစိမ်းရောင်ဇုန်တွေက လှုပ်ရှားမှု မရှိတဲ့ နေရာတွေဖြစ်ပြီး ဖြစ်စဉ်တွေ ဘယ်တော့မှ မပေါ်ပေါက်ဖူးတဲ့အတွက် ငါတို့ ခြေကုပ်ယူဖို့နဲ့ ရတနာရှာဖို့ အကောင်းဆုံး နေရာပဲ...”
သူမသည် အခြေအနေကို အကောင်းမြင်အောင် ပြောဆိုဖို့ ကြိုးစားသော်လည်း လူတိုင်း၏ မျက်နှာမှာ ညှိုးငယ်နေဆဲ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သည့် အရာများအတွက် စိတ်မကောင်း ဖြစ်နေကြခြင်းပင်။
ယွီစွန်းလီသည် စိုးရိမ်စိတ်ဖြင့် နှုတ်ခမ်းကို ဖွဖွလေး ကိုက်ထားလိုက်မိ၏။ ဤနေရာသည် ဘေးကင်းကင်းနှင့် အပန်းဖြေရမည့် နေရာဖြစ်ရမည် မဟုတ်ပါလား...။ သူမ လူများ သေဆုံးသွားသည်ကို မမြင်နိုင်ပေ။ မိန်းကလေး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာ၏။
ကျင့်ကြံသူ တစ်ဦး အနေဖြင့် သူမက နုနယ်လွန်းနေပါသလား။ ဖြစ်နိုင်ပါသည်။ ဝေ့ဝူယင်၏ အကြိမ်ကြိမ် သတိပေးချက်များကို လျစ်လျူရှုပြီး ကျိုးကြောင်း ဆင်ခြင်မှု မရှိ ဖြစ်နေသလား။ သေချာပါသည်။ သို့သော်လည်း... ဤသည်မှာ သူတို့၏ နှစ်နှစ်ကြာ ချိန်းတွေ့မှု မဟုတ်ပါလား...။
သူမ ခေါင်းကို အနည်းငယ် စောင်းလိုက်သောအခါ ဝေ့ဝူယင်၏ ဘေးတိုက်မျက်နှာကို မြင်လိုက်ရသည်။ လူငယ်၏ ငွေရောင်မျက်လုံးများမှာ ဘယ်ဘက်နံရံဆီသို့ စူးစိုက်ကြည့်နေ၏။ ယွီစွန်းလီ လူငယ့် အနားကို ပိုမို တိုးကပ်လိုက်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ကျွန်မ ဘယ်သူမှ မသေစေချင်ဘူး...”
ထိုစကားလုံးများက အဘိဿဲလ် အာဏာရှင် ရှန့်ထို လေးဦး၏ စိတ်ထဲတွင် လှောင်ပြုံးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ မည်မျှ မိုက်မဲလိုက်သနည်း။ ထိုလူများက သေသွားပြီ ဖြစ်သည်။ ဤနေရာမှာ ဂလက်ဆီ၏ နှလုံးသား၊ သမိုင်းတစ်လျှောက် အကြီးမားဆုံး တားမြစ်နယ်မြေဖြစ်သည်။ သန်းပေါင်းများစွာသော လူများ၏ အသက်များကို ခြွေယူခဲ့သည့် ‘အဖြူရောင် အဘိဿဲလ်’ ဖြစ်သည်။
‘ဘယ်သူမှ မသေစေချင်ဘူး ဟုတ်လား...’
ရေဝဲထဲ ပါသွားတဲ့သူများမှာလည်း သေခြင်ကြသူများ မဟုတ်ပါချေ။
ဝေ့ဝူယင် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ယွီစွန်းလီ၏ မျက်ရည်ဝိုင်းနေသော အမူအရာကို ကြည့်လိုက်၏။ ချင်းချူမူ၊ ချောင်စွေ့ဖုန်း၊ လျူစုယင်တို့နှင့် ခြားနားစွာပင် ယွီစွန်းလီမှာ တိုက်ပွဲ အတွေ့အကြုံ များစွာ မရှိချေ။ အခြားသူများမှာ အသက်နှင့်ရင်း၍ တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ယွီစွန်းလီမှာမူ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် အကာအကွယ်အောက်၌သာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။
သူမသည် နံပါတ်တစ် အလှ ပိုင်ရှင် အဖြစ် သတ်မှတ်ခံရပြီး သူမ၏ မိခင် ဖြစ်သူမှာလည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်တန်း ပညာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဝိညာဉ်ရှန့်ထို ဧကရာဇ် ချောင်ချောင်၏ တိုက်ရိုက် လက်အောက်ငယ်သား မဟုတ်ပါလား။
သူမသည် အခြားသူများကဲ့သို့ ကြမ်းတမ်းသော လောကဓံကို ရင်မဆိုင်ဖူးခဲ့ချေ။ အစစ်အမှန် မွေးဖွားခြင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတုန်းကပင် သူမက အလျှံပယ် ရင်းမြစ်များနှင့် အတူ ကျင့်ကြံဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့ရပေသည်။
သို့သော်လည်း... ယွီစွန်းလီမှာ ထိုမျှလောက် အကျိုးအကြောင်း မသိတတ်သူ တစ်ယောက်တော့ မဟုတ်ပါချေ။ ဤခရီးစဉ်သည်သာ သူမ၏ နှစ်နှစ်တာ ချိန်းတွေ့မှု မဟုတ်ခဲ့လျှင်၊ သို့မဟုတ် ဝေ့ဝူယင်သာ ဝေ့ဝူယင် မဟုတ်ခဲ့လျှင် သူမ ဤသို့ တွေးမိမည် မဟုတ်ချေ။ ထိုအရာက ဝေ့ဝူယင် အပေါ် သူမ ထားရှိသည့် ယုံကြည်မှု ဖြစ်ပေသည်။
လျူစုယင်၊ ချောင်စွေ့ဖုန်း၊ ချင်းချူမူနှင့် သခင်လေးရှန့်တို့ အားလုံး ဝေ့ဝူယင်ကို ကြည့်လိုက်ကြ၏။
ဝေ့ဝူယင် ပြုံးလိုက်သည်။ ထို့နောက် သူက မျက်ရည်ဝိုင်းနေသော ယွီစွန်းလီ၏ ပါးပြင်ကို နမ်းလိုက်၏။
“ကောင်းပြီလေ”
စကား တစ်လုံးတည်း။ ကတိတစ်ခုတည်း။
ဝေ့ဝူယင်သည် အချိန်၊ အာကာသ၊ အင်ပါယာ၊ မူလနှင့် ပျက်စီးခြင်း ဟူသော ဥပဒေသငါးမျိုးစလုံးနှင့် တပြိုင်နက်တည်း ချိတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ဖီဆန်လေးဆီမှ စွမ်းအင်များကို ရယူကာ တစ်ခုချင်းစီကို အားဖြည့်လိုက်သည်။
ဘုန်း... ဘုန်း...
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် ဟင်းလင်းပြင်နဂါး သွေးမျိုးဆက်သည် အရှိန်အဟုန်ဖြင့် လှုပ်ရှားလာ၏။ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ဝေ့ဝူယင်သည် မြင်နိုင်သောအရာနှင့် မမြင်နိုင်သောအရာ မှန်သမျှကို ဆုပ်ကိုင်လိုက်သည်။
ကြမ်းတမ်း ခက်ထန်လှသော အော်ရာ လှိုင်းလုံးကြီးတစ်ခုက အီလီစီယမ် အသေးစား တစ်ခုလုံးကို လွှမ်းခြုံသွားရာ အဘိဿဲလ် လျှို့ဝှက် အာဏာရှင်များ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“ငါ့ရဲ့ စွန်းလီက ငါတို့ရဲ့ ချိန်းတွေ့မှုမှာ ဘယ်သူ့ကိုမှ မသေစေချင်ဘူးတဲ့... ငါ့ဇနီးရဲ့ စိတ်အခြေအနေကို မဖျက်ဆီးကြနဲ့”
ဝေ့ဝူယင်က ခန့်ညားထည်ဝါစွာ ပြောလိုက်၏။ ထိုအသံက လှိုင်းဂလက်များ အလား အဖြူရောင် မြူထုကြီးအတွင်း အတိုင်းအဆမဲ့ အကွာအဝေးအထိ ပြန့်နှံ့သွားသည်။ ရုတ်တရက် ‘ဟင်းလင်းပြင်မဲ့ ရေဝဲ’ များမှာ ပြန်လည် ပေါ်ပေါက်လာပြီး နံရံများမှာလည်း မြွေတစ်ကောင် ကသကဲ့သို့ လိမ်တွန့်လာကြ၏။
အီလီစီယမ် အသေးစားမှာ ဗဟိုချက်တွင် ရှိနေသော်လည်း မည်သည့် သက်ရောက်မှုမှ မရှိချေ။
ထိုမြင်ကွင်းကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ လျှို့ဝှက် အာဏာရှင်များသည် ယခုတစ်ကြိမ်တွင်မူ လျင်မြန်စွာ တုံ့ပြန်ပြီး မိမိကိုယ်ကိုယ် ခိုင်မာအောင် ကျောက်ဆူးချလိုက်ကြသည်။
ဝေါ... ဝေါ...
ရုတ်တရက် ရေဝဲများသည် တစ်ခုခုကို ပြန်အန်ထုတ်သကဲ့သို့ ဆူညံသံများကို ထုတ်လွှတ်လိုက်ပြီး၊ လူပုံရိပ်များမှာ ဖျက်ဆီးခြင်း အော်ရာများ ဖုံးလွှမ်းနေသော ပိုးအိမ်များထဲတွင် ထည့်သွင်းလျက် ပြင်းထန်သော အရှိန်ဖြင့် ပြန်လည် ထွက်ပေါ်လာကြသည်။ ထိုပိုးအိမ်များ၏ အတွင်းပိုင်းတွင် ‘မူလ အော်ရာ’ များက သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပြီး အားဖြည့်ပေးထားသည်။
ကောင်းကင်ရှန့်ထိုများမှာ ထိုသူများကို အလျင်အမြန် ဖမ်းယူလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ အလွန်အမင်း အံ့အားသင့်မှုများနှင့် ပြည့်နှက် နေကြ၏။
သူတို့... သူတို့ ပြန်ရောက်လာကြပြီလော...။
လှမ်းဖမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပိုးအိမ်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ပျောက်ဆုံးသွားသည့် လူများမှာ အချိန်နှင့် ဟင်းလင်းပြင် ပျက်ယွင်းမှုကြောင့် ဝေဝေဝါးဝါး ဖြစ်နေသော်လည်း အခြား ဒဏ်ရာအနာတရ မရှိပါချေ။
သူတို့သည် စိတ်ရှုပ်ထွေးနေကြသော်လည်း အသက်ရှင်နေကြ၏။ အားလုံးပင်။
၄,၆၁၆ ဦးမှာ မူလအတိုင်း ၅,၀၀၄ ဦး ပြန်ဖြစ်သွားခဲ့သည်။
ယွီစွန်းလီ၏ မျက်လုံးများမှာ တောက်ပသွား၏။ သူမကို ခြောက်လှန့်နေသည့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများသည် ဝေ့ဝူယင်၏ စကားတစ်ခွန်းတည်း၊ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေး၏ ပျော်ရွှင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
“သူတို့ အဆင်ပြေသွားပါပြီ... မငိုနဲ့တော့... ငါ အဲဒါကို မကြိုက်ဘူး”
ဝေ့ဝူယင်က အလွန်တောက်ပစွာ ပြုံးနေသည့် ယွီစွန်းလီ၏ ပါးပြင်ကို ထပ်မံ နမ်းလိုက်၏။ သူမကလည်း တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။
“သောက်ကျိုး... လောကရှန့်ထို အာရုဏ်ဦး... ဘယ်လိုလုပ်ပြီး သူတို့ကို ဘယ်လို ပြန်ခေါ်လာတာလဲ”
မီးခိုးရောင် နှင်းဆီမှာ ပါးစပ်မှ ဆဲမိလုနီးပါး ဖြစ်သွားရာမှ အမြန်ပြန်ထိန်းကာ မေးလိုက်သည်။ ဘာဖြစ်သွားမှန်း သူမ လုံးဝ နားမလည်နိုင်ချေ။ သို့သော်လည်း... သူမသည် မတူညီသည့် ဥပဒေသအော်ရာ ငါးမျိုးကို ခံစားခဲ့ရသည်။ ထိုအထဲမှ တစ်ခုမှာ ထိတ်လန့်စရာကောင်းလောက်အောင် အန္တရာယ်ရှိနေသည်။
“...”
ကျန်ရှိသော အာဏာရှင် ရှန့်ထိုများလည်း ဝေ့ဝူယင်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤသည်မှာ ဒဏ္ဍာရီလာ အထွတ်အထိပ် ကောင်းကင်ရတနာ တစ်ခုလော...။ သို့မဟုတ် ဝေ့ဝူယင်က သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကို ထုတ်ပြလိုက်ခြင်းလော...။
ဥပဒေသ ငါးမျိုး... ထို့အပြင် ၎င်းတို့အားလုံးမှာ ပြီးပြည့်စုံသည် ဥပဒေသများကဲ့သို့ ခံစားနေရသည်။
သာမည အာဏာ...။