အခန်း (၁၉၂၆)
Vol. 138 Ch. 1926
“ဘာတွေဖြစ်နေတာလဲ...”
ချောင်စွေ့ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ ဘာတွေ ဖြစ်နေကြောင်း တိတိကျကျ မသိသော်လည်း အခြားလူများ၏ တုံ့ပြန်မှုများကို ကြည့်ကာ သူမပါ လိုက်လံစိုးရိမ်လာမိသည်။ ထိတ်လန့်တုန်လှုပ်ခြင်း မရှိသေးသော်လည်း ပတ်ဝန်းကျင်ရှိ တင်းမာမှုကို သူမ ခံစားနေရသည်။ ဝေ့ဝူယင်၏ တည်ငြိမ်နေသည့် အမူအရာကို မြင်လိုက်ရသော အခါမှသာ ထိုစိုးရိမ်စိတ်များ ပြေပျောက်သွားတော့သည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“အချိန် သံသရာ စက်ကွင်းဆိုတာ ‘အတိတ်’ နဲ့ ‘အနာဂတ်’ ဆိုတဲ့ အချိန်နှစ်ခုဟာ စက်ဝိုင်းတစ်ခုလို ရောယှက်သွားပြီး ‘ပစ္စုပ္ပန်’ ဆိုတာ လုံးဝပျောက်ကွယ်သွားတဲ့ အခြေအနေမျိုးပဲ...”
သူမက တည်ငြိမ်အောင် ထိန်းရင်း ရှင်းပြလိုက်သည်။
ခရမ်းရောင် ပင်လယ်ကလည်း လေးနက်သောအသံဖြင့် ဖြည့်စွက်ပြောကြားလိုက်၏။
“ပုံမှန်အားဖြင့် အချိန် ရပ်တန့်မှု တစ်ခုကို ဖန်တီးဖို့ဆိုရင် ပစ္စုပ္ပန်အချိန်စွမ်းအင်တွေပဲ လိုအပ်တာ... အဲဒါက ရှေ့ကိုလည်း မတိုး၊ နောက်ကိုလည်း မဆုတ်တဲ့ အခြေအနေမျိုးပေါ့... အာဏာရှင် ရှန့်ထိုတွေအတွက် ဒါကို ဖန်တီးဖို့ မခက်ခဲဘူး... မြေကြီးရှန့်ထို အဆင့်တွေတောင် ဒါမျိုး လုပ်နိုင်ကြတယ်...
ဒါပေမဲ့ အခုဟာက အချိန်ရပ်တန့်နေတဲ့ သံသရာစက်ကွင်း... အဲဒါက ရပ်တန့်နေခြင်းလည်း မရှိသလို ရွေ့လျားခြင်းလည်း မရှိဘူး... အတိတ်နဲ့ အနာဂတ်၊ အမှတ်နှစ်ခုကြားမှာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ အမြဲတမ်း တဝဲလည်လည် ဖြစ်နေတာ...”
မျှော်လင့်ချက်ကင်းမဲ့နေသည့် အသံမျိုး ဖြစ်နေသော်လည်း သူမသည် စိတ်ကိုအနိုင်နိုင်ထိန်းကာ ချောင်စွေ့ဖုန်းနှင့် အခြားသူများအား အခြေအနေမှန်ကို ရှင်းပြနေရှာသည်။
“ကျွန်မတို့ ဒါကို ဖောက်ထွက်လို့ မရဘူးလား... နားထောင်ရတာ အဲလောက်ကြီး အန္တရာယ်ရှိပုံမရပါဘူး...”
ယွီစွန်းလီက မေးလိုက်သည်။ ဝေ့ဝူယင်၏ ကျွမ်းကျင်လှသော လက်အစုံကြောင့် သူမ၏မျက်နှာမှာ နီမြန်းနေဆဲဖြစ်သော်လည်း စူးစမ်းလိုစိတ်ကတော့ လျော့မသွားချေ။ သူမသည်လည်း ကြောက်ရွံ့ပုံမပြပေ။
“အဲဒီလိုသာ လွယ်ရင် သိပ်ကောင်းမှာပေါ့ မိန်းကလေးယွီရယ်... ဒါပေမဲ့ ပြဿနာက ယုတ္တိမဲ့ အချိန်စွမ်းအင် တွေ ဖြစ်နေတာပဲ...”
သွေးရောင်ဓားက ဒေါသတကြီး ဟိန်းဟောက်လိုက်ချင်သော်လည်း၊ သူစကားပြောနေသူက မည်သူ ဖြစ်သည်ဟု သတိရသွားသည့်နှယ် အသံကို ချက်ချင်းပြန်နှိမ့်ကာ အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
“ဒါက အဖြူရောင် အဘိဿဲလ်ရဲ့ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ခုလား...”
ချောင်စွေ့ဖုန်းက မေးသည်။
“မဟုတ်ဘူး...”
ခရမ်းရောင် ပင်လယ်၏ လက်များ တုန်ရင်နေ၏။
“တစ်ခုခု လုပ်ကြပါဦးလား...”
မီးခိုးရောင် နှင်းဆီက အခြား လျှို့ဝှက်အရှင် သုံးဦးကို တိုက်တွန်းလိုက်သည်။ သူတို့ အခြေအနေကို စစ်ဆေးနေကြသည်မှာ သိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အဖြေမှ ထွက်မလာသည်မှာလည်း အထင်အရှားပင်။ သူမကိုယ်တိုင်လည်း ဤအချိန် သံသရာစက်ကွင်းကို ဖောက်ထွက်နိုင်လောက်အောင် မသန်မာကြောင်း သိနေသည်။
“...”
လျှို့ဝှက်အရှင် သုံးဦးမှာ တိတ်ဆိတ်နေကြဆဲပင်။ တင်းမာမှုများမှာ တစ်စထက်တစ်စ မြင့်တက်လာသည်။
သခင်လေးရှန့်ပင်လျှင် မျက်မှောင်ကြုတ်လိုက်၏။ သူတို့ မည်မျှအထိ ဒုက္ခရောက်နေပြီ ဆိုသည်ကို သူ အမှန်တကယ် နားလည်နေသည်။
“ဘာလို့ ဒီ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေက ဒီလို အချိန် သံသရာစက်ကွင်းကို မွေးဖွားပေးနိုင်ရတာလဲ... ကျုပ်တို့ ဒီစက်ကွင်းထဲမှာ လည်နေတာ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ”
“ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ အရေးကြီးလို့လား...”
ချင်ချူးမူက မျက်တောင်ခတ်ရင်း မေးသည်။
“အရေးကြီးတာပေါ့... ယုတ္တိမဲ့အချိန်ဆိုတာ... နားလည်ရ ခက်လွန်းတယ်... အဲဒါနဲ့ ထိတွေ့မိရုံနဲ့တင် တည်ရှိမှုတစ်ခုလုံး ပျောက်ကွယ်သွားနိုင်တယ်... ယုတ္တိမဲ့အချိန် ဖြစ်ပေါ်နေတဲ့ အမှတ်တစ်ခုထဲမှာ ကျင့်ကြံသူတစ်ယောက်က အချိန်ကြာကြာ နေလေလေ၊ သူ့ခန္ဓာကိုယ်ထဲမှာ အဲဒီစွမ်းအင်တွေ ပိုပြီး စုမိလာလေလေပဲ...
ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေက အရင်အတိတ်နဲ့ရော၊ ဖြစ်လာနိုင်တဲ့ အနာဂတ်နဲ့ပါ အမြဲတမ်း ကွဲလွဲနေတဲ့အတွက်၊ ကျွန်မတို့ဟာ ဖြစ်ခဲ့ပြီးသားရော၊ မဖြစ်သေးတာရော အားလုံးရောထွေးနေတဲ့ ယုတ္တိမဲ့အမှတ်အသားကြီးတွေ ဖြစ်လာနေတာ...”
နတ်မိမယ် တိတ်ဆိတ်ခြင်းက အသံတိုးတိုးဖြင့် ဖြေကြားလိုက်သည်။
“အကြိမ်ပေါင်း နှစ်သန်းလောက် ရှိပြီ... နည်းနည်းတော့ ပိုချင်လည်း ပိုလိမ့်မယ်”
ဝေ့ဝူယင်က ဘေးမှနေ၍ အေးအေးလူလူ ဝင်ပြောလိုက်သည်။
“ဘာ...”
တစ်နာရီအတွင်း အကြိမ်ပေါင်း နှစ်သန်းတောင် မည်ကဲ့သို့ လည်ပတ်သွားနိုင်မည်နည်း။
“ဒါဆိုရင် ဒီသံသရာစက်ကွင်း တစ်ပတ်လည်ဖို့က တစ်မိုက်ခရိုစက္ကန့် တောင် မရှိဘူးပေါ့လေ...”
သွေးရောင်ဓားမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။
“အဲဒါထက် နည်းနည်းလေးပဲ ပိုတယ်...”
ဝေ့ဝူယင်က ပြန်ဖြေသည်။
လျှို့ဝှက်အရှင်များသည် သူတို့၏ ‘လောကီမျက်လုံး’ များကို အစွမ်းကုန်အသုံးချကာ မိမိတို့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ကြသည်။ ထို့နောက် မြင်တွေ့လိုက်ရသည့် အရာကြောင့် သူတို့ အစွမ်းကုန် ထိတ်လန့်သွားကြတော့သည်။ သူတို့၏ အရိုးများ၊ အင်္ဂါများ၊ ဆဲလ်များနှင့် ဝိညာဉ်များထဲတွင် အလွန်သေးငယ်လှသော ‘ယုတ္တိမဲ့အချိန် အမှုန်အမွှားလေးများ’ ကပ်ငြိနေချေပြီ ဖြစ်သည်။
“အခုချိန်မှာ ငါတို့သာ အတင်းဖောက်ထွက်ဖို့ ကြိုးစားရင် အချိန်စောင့် နတ်ဘုရားရဲ့ တန်ပြန် ဒဏ်ခတ်မှုကို ခံရလိမ့်မယ်... အဲဒီဒဏ်က ပြင်းထန်လွန်းလို့... ငါတို့ တည်ရှိမှုတစ်ခုလုံး အမှုန့်ဖြစ်သွားလိမ့်မယ်... ငါတို့တော့...”
ခရမ်းရောင် ပင်လယ်မှာ လက်ထဲမှ ကျာပွတ်နှစ်ချောင်းလုံးကို လွှတ်ချလိုက်မိသည်။
အချိန်စောင့် နတ်ဘုရား...
အချို့က ထိုသို့ခေါ်ဝေါ်ကြသော်လည်း အမှန်စင်စစ် ၎င်းသည် အချိန်မြစ်၏ အချိန်ပျက်ယွင်းမှုများကို ထိန်းညှိပေးသည့် တာအိုဝိညာဉ် အပိုင်းအစလေးသာ ဖြစ်သည်။ ဝေ့ဝူယင်သည် တစ်ခါက ထိုဒဏ်ခတ်မှုကို ခံစားဖူးပြီး ဖူရှီက ကယ်တင်ခဲ့ရဖူးသည်။ အခြားသော ကျင့်ကြံသူလောကများတွင် ထိုတန်ပြန်ဒဏ်ခတ်မှုကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်တတ်ကြသည်။
“သွားပြီ... ငါတို့တော့ သွားပြီ... တစ်မိုက်ခရိုစက္ကန့်တည်းနဲ့...”
သွေးရောင်ဓားမှာလည်း ဒေါသတကြီး အော်ဟစ်၏။ ဤအရာသည် သာမန် ခွန်အားရှိရုံဖြင့် ဖြေရှင်းနိုင်သောအရာ မဟုတ်ပေ။ မိနစ်ပိုင်းလောက်ဆိုလျှင် တော်သေးသည်။ ယခုမူ တစ်မိုက်ခရိုစက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ လည်ပတ်နေသဖြင့် သူတို့ကိုယ်ထဲတွင် ယုတ္တိမဲ့စွမ်းအင်များ အများအပြား စုမိနေပြီ ဖြစ်သည်။
ယွီစွန်းလီက မျက်တောင်လေးခတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ကျွန်မတို့ ပိတ်မိနေပြီလား...”
သူမ၏ အသံမှာ အန္တရာယ်ရှိသည့် ဝံပုလွေဂူထဲ ရောက်နေမှန်းမသိဘဲ အစာတောင်းနေသော ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းစင်လွန်းလှသည်။ ထိုအချိန်တွင် သူမ၏ အလှမှာ သေလောက်အောင်ပင် စွဲမက်ဖွယ် ကောင်းနေတော့သည်။
ဝေ့ဝူယင်က ခေါင်းခါယမ်းလိုက်၏။
“ဒါက မင်းတို့အားလုံးအတွက် အခွင့်အရေးပဲ... မင်းတို့ကိုယ်ထဲမှာရှိတဲ့ ယုတ္တိမဲ့အချိန်စွမ်းအင်တွေကို အာရုံခံဖို့ ဒါကို အသုံးချကြ... ငါတို့ ဒီမှာ သုံးနာရီလောက် နေကြမယ်”
သူသည် ယွီစွန်းလီ၏ ခါးကို နှမြောတသစွာဖြင့်ပင် လွှတ်ပေးလိုက်သည်။ ထို့နောက် လျူစုယင်ကို လှမ်းကြည့်ရာ မိန်းကလေးက ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ စုမေ့၊ ရွှေဖုန်းပေါင်၊ ယောင်ဟုန်ရီနှင့် ထို့ပိဟန်တို့လည်း ချက်ချင်းပင် လိုက်လုပ်ကြသည်။ လော့နင်မှာ အနည်းငယ် နှေးကွေးသော်လည်း နောက်ဆုံးတွင် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
“လော... လောကရှန့်ထို အာရုဏ်ဦး... ခုနက ဘာပြောလိုက်တာလဲ”
မီးခိုးရောင် နှင်းဆီမှာ အာဏာရှင် ရှန့်ထို တစ်ဦး ဖြစ်သော်လည်း မိမိနားကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့် သူမ စိတ်ကို ဒုန်းဒုန်းချထားခြင်း ဖြစ်သည်။
ထိုယုတ္တိမဲ့စွမ်းအင်များသည် ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်တွင် အကန့်အသတ်ထက် ကျော်လွန်သွားသောအခါ အတိတ်နှင့် အနာဂတ်စွမ်းအင်များ ရောယှက်ပြီး ပစ္စုပ္ပန်စွမ်းအင်ကို ထုတ်လွှတ်ကာ သံသရာစက်ကွင်း ပေါက်ကွဲသွားလိမ့်မည်။ ထိုသို့ဖြစ်ပါက သူတို့အားလုံးသည် ရုတ်တရက် အိုမင်းကာ သေဆုံးသွားနိုင်သလို၊ တည်ရှိမှုမရှိသည့် အခြေအနေသို့လည်း ပြန်ရောက်သွားနိုင်သည်။ မည်သည့် အခြေအနေမျိုးမဆို ထိတ်လန့်စရာပင်။
သို့သော်လည်း... လောကရှန့်ထို အာရုဏ်ဦးက အခွင့်အရေးဟု ဆိုလာသည်။ ထိုအရာမှာ နားကြားလွဲမှု တစ်ခု ဖြစ်လိမ့်မည်ဟုတောင် သူမ တွေးနေမိသည်။
ဝေ့ဝူယင်က မီးခိုးရောင် နှင်းဆီ အပါအဝင် လျှို့ဝှက်အရှင် လေးပါးစလုံးကို လှည်ကြည့်လိုက်၏။
“ကျုပ် ဒီစက်ကွင်းလည်ပတ်ချိန်ကို နှစ်မိနစ်ကနေ တစ်မိုက်ခရိုစက္ကန့်အထိ လျှော့ချပေးထားတာ... ခင်ဗျားတို့ထဲက ဘယ်သူမှ ကျုပ်ရဲ့ ကြိုးစားမှုကို အလဟဿ မဖြစ်စေနဲ့လို့ မျှော်လင့်တယ်...”
“...”
လျှို့ဝှက်အရှင်များမှာ ဆွံ့အ သွားကြလေ၏။ သို့သော်လည်း... သူတို့အားလုံး သဲလွန်စ ရသွားခဲ့ပြီ ဖြစ်သည်။ စောစောပိုင်းက ဝေ့ဝူယင် ထုတ်လွှတ်ခဲ့သည့် ဥပဒေသ အော်ရာများမှာ အလွန်အမင်း ရောထွေးနေသဖြင့် လူငယ် မည်သည့် လမ်းစဉ်အား နားလည်ထားသည်ကို (အထူးသဖြင့် ဝိညာဉ်အာရုံမပါဘဲ) ခွဲခြားရန် သူတို့ ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
ယခု ဝေ့ဝူယင်၏ စကားကို ကြားလိုက်မှသာ သူတို့အားလုံး၏ ဦးနှောက်ထဲတွင် လင်းခနဲ ဖြစ်သွားကြခြင်း ဖြစ်ပေသည်။
“လောကရှန့်ထို အာရုဏ်ဦးက အချိန် ဥပဒေသ အပေါ် သာမည အာဏာကို နားလည်ထားတာလား...”
လျှို့ဝှက်အရှင် လေးဦးလုံး မတည်ငြိမ်နိုင်တော့ချေ။ အချိန် ဥပဒေသမှာ နားလည်ရန် ခက်ခဲရုံတင်မကဘဲ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် ခက်ခဲလှသောအရာ ဖြစ်သည်။
ကောင်းကင်ဘုံဆီက လမ်းညွှန်ချက်တောင်းပြီး လေ့လာလျှင်တောင်မှ အနာဂတ် သို့မဟုတ် အတိတ်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဖူးမှသာ သိမြင်ခွင့် ရနိုင်သောအရာ ဖြစ်သည်။ သူတို့ကဲ့သို့ အချိန်စွမ်းအင်ပိုင်ဆိုင်သော အာဏာရှင် ရှန့်ထိုများ အတွက်ပင် ထိုသို့လုပ်ဆောင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သိမြင်ရန်အတွက်မူ... သန်မာရမည်။ အလွန်အမင်း သန်မာရမည်။
အချိန်စောင့်နတ်ဘုရား၏ တန်ပြန်ဒဏ်ခတ်မှုကို ခံနိုင်ရည်ရှိလောက်အောင် သန်မာရမည်။ သို့မဟုတ်လျှင်လည်း အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ကဲ့သို့သော ကောင်းကင်ရတနာများမှတစ်ဆင့် အချိန်ဥပဒေသ၏ အငွေ့အသက်ကို ရယူနိုင်ကောင်း ရယူနိုင်လိမ့်မည်။ သို့သော်လည်း... လူတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ သိမြင်သွားသည် ဆိုခြင်းမှာ...။
ခရမ်းရောင် ပင်လယ်၏ မျက်လုံးများ တောက်ပလာ၏။ သူမသည် လွှတ်ချလိုက်သော ကျာပွတ်များကိုပင် မေ့သွားခဲ့သည်။ ဝေ့ဝူယင်ကို ကြည့်နေသည့် သူမ၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားတော့၏။
“ကဲ... စကြတော့လေ... ယုတ္တိမဲ့အချိန်စွမ်းအင်တွေ ဒီလောက်မြန်မြန် စုဆောင်းနေတာကို အာရုံခံနိုင်ဖို့ဆိုတာ နေ့တိုင်း ကြုံရတဲ့အခွင့်အရေး မဟုတ်ဘူး...”
ဝေ့ဝူယင်က တိုက်တွန်းရင်း သူ၏ ‘ဇနီးများ’ ကို ကျင့်ကြံရန် ကူညီပေးလိုက်သည်။ အခြားလူများ၏ တုန်လှုပ်မှုကိုမူ သူ လျစ်လျူရှုထားလိုက်သည်။ ဝေ့ဝူယင် မပြောပဲ ချန်ထားခဲ့သော စကား တစ်ခု ရှိပေသည်။
“နောက် ခင်ဗျားတို့ အသက်ရှင်ပြီး ဒီဒဏ္ဍာရီတွေကို ပြန်ပြောဖို့ပေါ့လေ...”