← Chapters

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း ၁၂၅၅: မြေအောက်မြစ်ရှိရမယ်!

"မြန်မြန်.. ရေအရည်အသွေးစစ်ကြည့်!''

ချီခိုင်ရုံက သူ့နားမှလူများကိုချက်ချင်းညွှန်ကြားသည်။

မြစ်ရေရုတ်တရက်တက်လာခြင်းက ရေစီးဝင်မှုသေချာပေါက်ရှိရမည်။

တောင်ပေါ်ကဖြစ်နိုင်သလို တခြားမြစ်များကလည်းဖြစ်နိုင်သည်။

နောက်ဆုံး မြေအောက်မြစ်ဖြစ်ရင်ဖြစ်မည်။

မြေအောက်မြစ်နှင့်ကုန်းပေါ်မြစ်မှာ နေရာအတော်များများတွင်ဆက်စပ်နေသည်။ ထို့ကြောင့် မြေအောက်မြစ်ကလည်း ကုန်းပေါ်မြစ်ရေအပေါ်သက်ရောက်မှုရှိနိုင်သည်။

တိတိကျကျအကြောင်းရင်းကိုမူ ရေအရည်အသွေးစစ်ဆေးပြီးမှသိရမည်။

တောင်ပေါ်ရေဖြစ်စေ၊ မြေအောက်မြစ်ရေဖြစ်စေ၊ ရေတွင်အထူးဖွဲ့စည်းပုံရှိသည်။

ထိုဖွဲ့စည်းမှုကိုယှဉ်ကြည့်လျှင် ဘာဖြစ်နေလဲအကြမ်းဖျင်းသိရမည်။

ချီခိုင်ရုံညွှန်ကြားသည်နှင့် တစ်ယောက်ကချက်ချင်းကိရိယာထုတ်ပြီး ရေစီးစမ်းသပ်သောစာရွက်အမျိုးမျိုးထုတ်သည်။

ကျွမ်းကျွမ်းကျင်ကျင်ဆက်တိုက်စမ်းသပ်ပြီးနောက် တစ်ယောက်ကအံ့ဩသံနှင့်ထပြောသည်_

"မစ္စတာချီ.. ခင်ဗျားအထင်မှန်ပုံပဲ''

"ဘာဖြစ်လို့လဲ?''

ချီခိုင်ရုံကတန်းမေးသည်။

ထိုလူက_

"ဒီရေမှာ မြေအောက်မြစ်ဖွဲ့စည်းပုံတွေအများကြီးပါတယ်... နမူနာယူတုန်းက ဘာမှမတွေ့ဘူးဆိုတော့ မြေအောက်မြစ်ကနေစီးလာတာ နှစ်ရက်ပဲရှိသေးတာပေါ့''

"ဟုတ်လား? ကောင်းတာပေါ့''

ချီခိုင်ရုံ ချက်ချင်းစိတ်လှုပ်ရှားသွားသည်။

သူတို့အထင်မှန်ရင် ရုံချန်းရဲ့ထူးခြားတဲ့အခြေအနေက ငါးအတွက်အရေးအကြီးဆုံးစူးစမ်းရှာဖွေမှုဖြစ်ပြီ။

ဒီအယူအဆကိုအတည်ပြုပြီး မြေအောက်မြစ်ရှိကြောင်းသက်သေပြနိုင်ပြီ။ ဒီတစ်ခါသူတို့လေ့လာစူးစမ်းမှုက သက်ဆိုင်ရာစာအုပ်များတွင်ပါနိုင်သည့်အဓိပ္ပါယ်လည်းဖြစ်သည်။

ချီခိုင်ရုံကစမ်းသပ်ချက်ယူကြည့်ရာ အထူးသတ္တုဓာတ်များဖွဲ့စည်းပုံကိုတွေ့ရသည်။

ထိုအချိန်တွင် သူ့ဖုန်းမြည်လာသည်။ နောက်ထပ်ပညာရှင်တစ်ဦးပင်။ တခြားမြစ်မှအဖွဲ့ကိုဦးဆောင်နေသူဖြစ်သည်။

ရုံချန်းမှာစီရင်စုငယ်လေးဖြစ်သော်လည်း နယ်မြေကကျဉ်းကျဉ်းမဟုတ်။ မင်မြစ်နှင့်မြစ်လက်တက်များအပြင် တခြားမြစ်များလည်းရှိသည်။

ထို့ကြောင့် ဒီမြစ်များကိုစစ်ဆေးရုံနှင့် မြေအောက်မြစ်မတွေ့နိုင်။ ရုံချန်း၏တခြားနေရာမှမြစ်များကိုလိုက်စစ်ဆေးသောပညာရှင်များရှိသည်။

ဖုန်းဝင်ဝင်ချင်း ထိုပညာရှင်၏စိတ်လှုပ်ရှားသံကိုကြားရသည်_

"ကျုပ်တို့တစ်ခုတွေ့ထားတယ်... မြစ်ရေက ရုတ်တရက်တက်နေတာ... စမ်းသပ်ကြည့်တော့ ရေဖွဲ့စည်းမှုက မြေအောက်ရေပဲ... ဒီတော့ ရုံချန်းမှာမြေအောက်မြစ်ရှိရမယ်... မကြာခင်ရှာတွေ့မှာပါ''

ချီခိုင်ရုံကသတင်းကြားပြီး စိတ်လှုပ်ရှားသွားသည်_

"ဟုတ်လား? ငါတို့လည်း ဒီမှာတွေ့ထားတယ်''

ထိုပညာရှင်လည်းအံ့ဩပြီး စိတ်လှုပ်ရှားသွားသည်။

သူတို့လိုပညာရှင်များအဖို့အပျော်ဆုံးက သုတေသနအောင်မြင်ပြီး သူတို့အယူအဆကိုအတည်ပြုနိုင်ခြင်းပင်။

ချီခိုင်ရုံဖုန်းချပြီးနောက် နောက်ပညာရှင်တစ်ဦးဆီမှဖုန်းဝင်လာသည်။ သူတို့လည်းမြစ်ရေတက်ကြောင်း၊ မြစ်ရေမှာအထူးဖွဲ့စည်းမှုရှိကြောင်းသတင်းရသည်။

ဒီတစ်ခါ ချီခိုင်ရုံအံ့ဩရသည်။

အကွာအဝေးတစ်ခုရှိတဲ့မြစ်တွေမှာ ဒီလိုအခြေအနေမျိုးဖြစ်တာ မြေအောက်မြစ်ကအလွန်ကျယ်ပြီး မြစ်လက်တက်များသည့်သဘောဖြစ်သည်။

နောက်ပြီး ဒီလိုအခြေအနေမျိုးတပြိုင်တည်းဖြစ်လာတာ အကြောင်းရင်းရှိရမည်။

ချီခိုင်ရုံကစဉ်းစားကြည့်ပြီး ထိုပညာရှင်များကိုဖုန်းပြန်ဆက်ကာ ရုံချန်းတွင်အစည်းအဝေးလုပ်မည်ဟုပြောသည်။

ဒီနေ့မြေအောက်မြစ်စူးစမ်းရေးက သိသိသာသာတစ်ဆင့်တက်ခဲ့ပြီ။ နောက်တစ်ဆင့်က မြေအောက်မြစ်ရှာရမည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကဂိမ်းထဲမှထွက်ပြီး ရုံးခန်းထဲပေါ်လာသည်။

သူ့လက်ထဲတွင် Kappa သခွားမျိုးစေ့အိတ်တစ်အိတ်ပါလာသည်။

သူ့ဂိမ်းဇာတ်ကောင်အား မျိုးစေ့ထုတ်စက်တွင်ထုတ်စေပြီးနောက် အထွက်နှုန်းတက်လာ၏။

ချင်လင်က မျိုးစေ့အိတ်ကိုရုံးခန်းအပြင်ယူသွားပြီး ပေါက်ပြားလေးတစ်လက်ကိုင်ကာ ဝါးတောဆီလျှောက်သွားသည်။

ထို့နောက် ဝါးပင်များဘေးတွင်တွင်းတူးပြီး Kappa သခွားမျိုးစေ့စိုက်သည်။

ဒီလိုမှ သခွားမျိုးစေ့ပေါက်လာရင် ဝါးပင်ပေါ်တွယ်တက်သွားမည်။ စင်ဆောက်စရာမလိုတော့။

သူအပျင်းကြီးတာပေါ့!

"ညီလေးချင်.. ဒီတစ်ခါဘာစိုက်ပြန်ပြီလဲ?''

ရုတ်တရက် လီခိုင်အသံကြားရသည်။

ချင်လင်ကနောက်ပြန်လှည့်လိုက်ရာ လီခိုင်ကိုမြင်ပြီး စနောက်သံနှင့်မေးသည်_

"အစ်ကိုလီ.. အနားယူပြီးခါစရှိသေးတယ်... ဆေးရုံတက်နေတာမလား.. အခုဘာဖြစ်လို့လဲ?''

အရင်တစ်ခါ ချင်းလင်ဆေးဖက်ဝင်ဝိုင်၊ အရည်အသွေး ၂ ရုံးပတီသီးနှင့် အရည်အသွေး ၂ ဟိုင်ကွားကို လီခိုင်တပြိုင်တည်းစားပြီး ဆေးရုံတောင်တက်လိုက်ရသည်။

တန်ဆေးလွန်ဘေးပင်။

ချင်လင်စကားကို လီခိုင်သဘောပေါက်ပြီးရှက်ကိုးရှက်ကန်းဖြစ်သွားကာ_

"ညီလေးချင်.. နောက်ဆို မင်းအဲဒါတွေပေါင်းကျွေးလို့မရဘူးနော်... လူကိုသတ်နေသလိုပဲ''

"အစ်ကိုလီ.. နေကောင်းပြီဆိုတော့ ရေတစ်ပုံးလောက်ဆွဲပေးပါလား?''

ချင်လင်မပြုံးဘဲမနေနိုင်။

"အင်း!''

လီခိုင်ကခေါင်းညိမ့်ပြီး ရေပုံးဆွဲမည်အပြုတွင် ရုတ်တရက်တစ်ခုသတိရသွားသည်။ သူကဖုန်းထုတ်ပြီး ချင်လင်ကိုဓာတ်ပုံများရိုက်၏_

"ညီလေးချင်.. ဒီတစ်ခါဘာမျိုးစေ့စိုက်တာလဲ?''

"သခွားမျိုးစေ့ပဲ... ဒါပေမဲ့ ဘယ်လိုပုံထွက်လာမလဲမပြောတတ်ဘူး''

ချင်လင်က ဆဲချင်စိတ်နှင့်အံကြိတ်ပြောလိုက်သည်။

အစ်ကိုလီက သူ့နည်းအတိုင်းဆက်လုပ်နေပြီ။ သူလွတ်လမ်းမရှိတော့။

နောက်ဆို အစ်ကိုလီကိုခေါင်းခံခိုင်းဖို့မလွယ်။

ချင်လင်က သခွားမျိုးစေ့များစိုက်ရန်ဆက်တူးသည်။

ခဏအကြာ လီခိုင်လည်းရေပုံးနှင့်ရောက်လာသည်။

အခန်း ၁၂၅၆: မြေအောက်မြစ်ရှိရမယ်! ၂

မကြာမီ သခွားမျိုးစေ့စိုက်ပြီး လီခိုင်ကရေလောင်းသည်။

သခွားသီးအခြေအနေကို ချင်လင်သိသည်။ အပင်ကြီးလာပြီးအသီးသီးချိန် စောင့်ရုံသာ။

သူတစ်ခုတွေးမိသည်။ သခွားသီးကိုငါးကျွေးလို့ရတယ်ဆိုတာ ဘယ်လိုသက်သေပြရမလဲ?

သခွားသီးကိုဒီအတိုင်းယူပြီးငါးကျွေးလို့မဖြစ်။ ဒါဆို အရမ်းထူးဆန်းနေမည်။

အချိန်တန်ရင် သခွားသီးကို အလှမွေးငါးများရှိသောမျောကျောက်စမ်းရေထဲချလိုက်ရင် လက်သင့်ခံနိုင်စရာရှိသည်။

အလုပ်ပိုသည်ဟု ချင်လင်ကခံစားရပြီး မျိုးစေ့နှစ်စေ့ကိုတူးထုတ်ကာ မျောကျောက်ရှိသောစမ်းရေနားသွားစိုက်သည်။

"ညီလေးချင်.. မင်းကမျိုးစေ့ကို မြေကြီးသက်သက်နဲ့စိုတဲ့မြေ နေရာမတူအောင်စမ်းစိုက်ချင်တာလား?''

"မှန်တယ် အစ်ကိုလီ.. ခင်ဗျားက အံဩစရာပဲ''

ချင်လင်ကပြောသည်။

"အဲလောက်လည်းမဟုတ်ပါဘူး... ဒါပေမဲ့ ဒီလိုရိုးရှင်းတာတော့သိပါတယ်''

လီခိုင်ကနှိမ့်ချပြော၏။

ချင်လင်ကပြုံးပြီး ဘာမှမပြောတော့။ သူတို့စိုက်ပြီးသောအခါ လီခိုင်ကိုရုံးခန်းထဲခေါ်ပြီးလက်ဖက်ရည်သောက်သည်။

လီခိုင်ပြန်သောအခါ ဖုန်းထုတ်ပြီးလိုင်းပေါ်သတင်းများစဖတ်သည်။

ချင်းလင်ဓာတ်ခွဲခန်းကနာမည်ကြီးနေဆဲဖြစ်သော်လည်း ကင်ဆာလက်ဖက်ခြောက်နှင့်ရံပုံငွေကိုစိတ်ဝင်စားမှုနည်းသွားပြီ။

ဒါအချက်အလက်တစ်ခုဖြစ်သွား၍ ပြည်သူများအာရုံကလည်း တခြားနေရာရောက်သွားသည်။

မိန်းမလှလေးဆိုရင်တောင် နေ့တိုင်းမြင်နေရရင် ငြီးငွေ့သွားတတ်သည်။

သို့ရာတွင် ရေပန်းစားသတင်းတစ်ခုကို ချင်လင်စိတ်ဝင်စားမိသည်။

ဆည်မြောင်းသတင်းဖြစ်ပြီး ရုံချန်းမှသတင်းတက်လာခြင်းပင်။

(ရုံချန်းတွင် မျိုးတုံးငါးပိုင်ရွှင်နှင့်ပိုင်ကျီပေါ်ပြီးနောက် ထိုမျိုးတုံးငါးများသည် မြေအောက်မြစ်တွင်နေပြီး ရုံချန်းရာသီဥတုပြောင်းခြင်းကြောင့်ရောက်လာခြင်းဖြစ်မည်ဟုပညာရှင်များကတွက်ဆထားကြသည်။

မကြာသေးခင်က ရုံချန်းမြစ်ရေများတက်လာကြောင်း ပညာရှင်များသတိထားမိသည်။ စမ်းသပ်ကြည့်ပြီးနောက် မြစ်ရေတွင် မြေအောက်မြစ်ရေကဲ့သို့သတ္တုဓာတ်များစွာပါနေသည်ကိုတွေ့ရသည်။

ထို့ကြောင့် ရုံချန်းတွင်မြေအောက်မြစ်ရှိကြောင်းသေချာသွားသည်။ ပညာရှင်များကစူးစမ်းစစ်ဆေးပြီး တစ်နေ့မြေအောက်မြစ်ကိုတွေ့ခဲ့သည်။)

ထိုသတင်းတွင်ပိုင်ရွှင်နှင့်ပိုင်ကျီကဲ့သို့မျိုးတုံးငါးများပါနေသောကြောင့် ချက်ချင်းပေါက်သွားခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အရင်ကမျိုးတုံးငါးများနာမည်ကြီးခဲ့သည်။

ချင်လင်က ရေပန်းစားသတင်းဖတ်ပြီး ဘာတွေဖြစ်နေလဲသိလိုက်ပြီ။ Kappa ရေလွှမ်းကျောက်ဖြစ်မည်။

သူကချက်ချင်းရုံးခန်းထဲမှထွက်ပြီး ကားပါကင်သွားကာ နတ်သမီးပုံပြင်တောင်အနောက်ဘက်တောင်တန်းဆီကားမောင်းသွားသည်။

တောင်တန်းအပြင်တွင်ကားထားပြီးနောက် အရင်လမ်းကြောင်းအတိုင်း ဂူထဲသွားသည်။

ဂူထဲဝင်ပြီးနောက် ဂိမ်းထဲမှညဘုရင်မအိုးထုတ်သည်။ လမ်းအတိုင်း ဂူအောက်ဆင်းပြီးမကြာမီ မြေအောက်မြစ်ဆီရောက်လာသည်။

ဒီတစ်ခါ အရင်နှင့်မတူ။

အရင်ကကျယ်ပြောသောမြစ်ကြမ်းပြင်တွင် ရေစီးနည်းနည်းသာရှိသည်။

ယခုမူ ကမ်းခြေနှင့်ကျောက်ဆောင်ကိုရေတဖြန်းဖြန်းရိုက်သံများကြားနေရ၏။

မြစ်ကြမ်းပြင်တွင် အရှိန်အဟုန်နှင့်ရေစီးကဖုံးလွှမ်းထားပြီ။

သူ့မျက်စိနဲ့သာမမြင်ရရင် လွန်ခဲ့တဲ့သုံးရက်ကပုံကိုယုံနိုင်မှာမဟုတ်။

Kappa ရေလွှမ်းကျောက်က အံ့ဩစရာ ဒါမှမဟုတ် ပြင်ပအစွမ်းကအံ့ဩစရာဟုသာပြောရတော့မည်။

ချင်လင်ကမြေအောက်မြစ်ကိုကြည့်လိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။

အခုမြေအောက်မြစ်ရှိပြီဖြစ်၍ သူ့အစီအစဉ်နောက်တစ်ဆင့်အောင်မြင်တော့မည်။

ဂိမ်းထဲတွင်ဖမ်းမိသောပိုင်ရွှင်၊ပိုင်ကျီနှင့်မျိုးတုံးငါးအရေအတွက်က နည်းနည်းနောနောမဟုတ်။

ဒီငါးတွေအပြင်ယူသွားရင် လန့်စရာကောင်းနေမည်။ အရေအတွက်က ပိုကြောက်စရာကောင်း၏။

အရင်က ရုံချန်းမှာရုတ်တရက်အများကြီးထုတ်လိုက်ရင် လူသိသွားမည်စိုး၍ သူမထုတ်ခဲ့။

ဒီမြေအောက်မြစ်ကထုတ်ရင် ပြဿနာမရှိပေ။

နောက်ပြီး ဒီမြေအောက်မြစ်က Kappa ရေလွှမ်းကျောက်နှင့်ပြန်ကောင်းလာခြင်းဖြစ်သည်။ မြစ်ထဲငါးမရှိသောကြောင့် ဒီငါးတွေတန်းထည့်နိုင်သည်။

ဂေဟစနစ်မရှိရင် ငါးတွေငတ်သေမှာပေါ့ဟု တချို့ကပြောကြလိမ့်မည်။

သို့ရာတွင် မူလမြစ်ကြမ်းပြင်မှာ ဂေဟစနစ်ရှိပြီးဖြစ်သည်။ တိရစ္ဆာန်နှင့်အပင်သေးသေးမွှားမွှားမျိုးစုံရှိပြီး လောလောဆယ်လုံလောက်သည်။

အချိန်တစ်ခုအထိ မြေအောက်မြစ်နှင့်ကုန်းပေါ်မြစ်မှာအပြန်အလှန်ဆက်စပ်နေ၍ ဂေဟစနစ်ဖြည်းဖြည်းချင်းပြောင်းလဲပြီးသဟဇာတဖြစ်လာသည်။ ကုန်းပေါ်မြစ်ဂေဟစနစ်က မြေအောက်မြစ်ဂေဟစနစ်ကို နည်းနည်းချင်းဖြည့်ဆည်းပေးသည်။

ရှုပ်ထွေးသောကိစ္စဖြစ်ပြီး လွယ်လွယ်ရှင်းပြလို့မရ။

ရှုပ်လေရှင်းလေ နားလည်ရခက်လေပင်။

ဂိမ်းထဲဝင်ပြီးနောက် ချင်လင်ကရေကန်ဆီသွားပြီးပိုင်ရွှင်ကိုယူကာ မြစ်ကမ်းနားပြန်လာသည်။

သူ့လက်ထဲမှငါးကရုန်းကန်ပြီး သူလက်လွှတ်လိုက်သည်နှင့် ပလုံခနဲမြစ်ထဲကျသွားသည်။

တဝုန်းဝုန်းစီးနေသောမြေအောက်မြစ်က ပိုင်ရွှင်အပေါ်သက်ရောက်မှုမရှိ။ ရေပေါ်ခေါင်းဖော်ပြီးကူးနိုင်သည်။ ခဏအကြာ ရေထဲပြန်ငုပ်သွား၏။

ချင်လင်ကကြည့်ပြီးနောက် ဂိမ်းထဲပြန်ဝင်လိုက်သည်။ ပိုင်ရွှင်နောက်တစ်ကောင်ထုတ်ပြီး ဂိမ်းထဲပြန်ဝင်သည်။ ဂိမ်းထဲမှပိုင်ရွှင်များကိုချင်လင်ကဆက်ထုတ်ပြီး မြေအောက်မြစ်ထဲထည့်သည်။

ထို့နောက် ပိုင်ကျီနှင့်တခြားမျိုးတုန်းငါးများထုတ်သည်။

နေ့တိုင်းမျိုးတုံးငါးအများကြီးဖမ်းမိထားသောကြောင့် ဂိမ်းထဲမှငါးအရေအတွက်က ကြောက်စရာကောင်းလောက်အောင်များသည်။

ချင်လင်ရွှေ့သည်နှင့်အမျှ မြေအောက်မြစ်ထဲငါးပိုများလာသည်။

အထူးသဖြင့် လူနှင့်အနေနီးသောပိုင်ကျီပင်။ သူတို့ကအုပ်စုဖွဲ့ပြီးတောင် သူ့ဆီကူးခတ်လာသည်။ တဝုန်းဝုန်းနှင့်ရေသံပါကြားရ၏။

အခန်း ၁၂၅၇: မြေအောက်မြစ်ရှိရမယ်! ၃

ချင်လင်က ခဏစဉ်းစားကြည့်သည်။ မျိုးတုံးငါးတွေပဲထုတ်ရင် ထူးဆန်းနေမည်။

ထို့ကြောင့် ဂိမ်းထဲပြန်ဝင်ပြီး သာမန်သဘာဝငါးများထုတ်သည်။

အရည်အသွေး ၂ ရှိသောသဘာဝငါးများဖြစ်သောကြောင့် ရိုးရိုးငါးနှင့်ယှဉ်လျှင်အရွယ်အစားအတော်ကြီးသည်။

နောက်ပြီး ဂိမ်းရေကန်ထဲတွင် စုစုပေါင်းငါး ၂၀၀၀၀ ခန့်ရှိမည်။

၂၀၀၀၀ လုံးရွှေ့ဖို့မဖြစ်နိုင်၍ တချို့တဝက်သာရွှေ့သည်။

တစ်ကောင်ချင်းဂိမ်းထဲမှထုတ်ပြီး မြေအောက်မြစ်ထဲထည့်သည်။ တော်လောက်ပြီထင်မှသာရပ်လိုက်၏။

အချိန်ဘယ်လောက်ကုန်သွားသည်မသိ။

ပြီးမှ ချင်လင်ကဂူထဲမှထွက်ပြီး အပြင်ဘက်တောင်တန်းတွင်လမ်းဆက်လျှောက်သည်။ ထို့နောက် ချင်းလင်အပန်းဖြေစံအိမ်ဆီကားမောင်းပြန်လာသည်။

ဒီဂူဝင်ပေါက်ကိုဘယ်တော့တွေ့သွားကြမလဲ သူမသိ။

နောက်အပတ်တွင်_

လိုင်းပေါ်၌ ရုံချန်းအကြောင်းချည်းလိုလိုဖြစ်နေသည်။

ပိုင်ရွှင်နှင့်ပိုင်ကျီလိုမျိုးတုံးငါးများ ရုံချန်းတွင်ပေါ်လာပြီးနောက် ဒီငါးတွေဘယ်ကရောက်လာလဲ လူတိုင်းသိချင်နေကြသည်။

အရင်က ဒီသတင်းရေပန်းစားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်ချီမျိုးတုံးနေသောနိုင်ငံ့ရတနာက ပြန်ပေါ်လာသည်။

ပညာရှင်များက မြေအောက်မြစ်ရှိမည်၊ ထိုမြေအောက်မြစ်တွင် ဒီငါးများနေခဲ့တာဖြစ်မည်ဟုတွက်ဆခဲ့ကြသည်။

အခုပညာရှင်များက မြေအောက်မြစ်အတွက်ဦးဆောင်နေ၍ အားလုံးစိတ်ဝင်စားနေကြ၏။

ဒီအကြောင်းနောက်ဆုံးအခြေအနေကိုအစီရင်ခံသူတောင်ရှိသည်။

နောက်ပြီး ပညာရှင်များကလည်းလုပ်နိုင်ကြသည်။ ရေစီးမှတဆင့် မြေအောက်မြစ်နှင့်ဆက်စပ်နေသောရေအောက်အက်ကြောင်းကြီးကိုရှာတွေ့ခဲ့သည်။

ရေအောက်အက်ကြောင်းမှာ ရုံချန်းနယ်၊မင်မြစ်လက်တက်တွင်ရှိသည်။

ချန်လီကိုယ်တိုင် ဒီကိစ္စကိုတာဝန်ခံသည်။ မနက်အစောကြီး ချီခိုင်ရုံတို့ပညာရှင်များနောက် လူများနှင့်လိုက်သည်။

မြစ်ဆုံတစ်နေရာ_

ချီခိုင်ရုံကမြစ်ရေပြင်ကိုညွှန်ပြပြီး_

"ဒီရက်ပိုင်း ဒီနေရာတက်လာတယ်... တက်လာတာမှ တခြားနေရာတွေထက်သာတယ်... အဓိကက မြေအောက်မြစ်နဲ့ဆက်စပ်နေလို့ပေါ့''

"နောက်ပြီး ရေဒီလောက်ထိတက်လာတာ မြေအောက်မြစ်မှာရေများတဲ့သဘောပဲ... အခုမှလား အရင်ကတည်းကလားမပြောတတ်ဘူး''

ထိုစကားကြောင့် ချန်လီနည်းနည်းရှက်သွားသည်။ အမှန်အတိုင်းဆိုရရင် ချင်းလင်စံအိမ်မရှိခင်က ရုံချန်းလိုစီရင်စုသေးသေးလေးကို ဘယ်သူမှသတိမထားမိ။

ဘယ်သူကအာရုံစိုက်မှာလဲ?

ချီခိုင်ရုံက ဘေးကိုကြည့်လိုက်သည်။ ရေကူးဝတ်စုံလဲနေသောလူတစ်ယောက်ကိုတွေ့ရ၏။ သူကရေငုပ်ကျွမ်းကျင်သူ'မာတလင်'ဖြစ်သည်။

မော်တာစက်ကိုချိတ်ဆက်မှတဆင့် မြေအောက်မြစ်ထဲပို့သည်။

အချိန်ကျရင် ဖြစ်စဉ်တစ်ခုလုံးကိုအားလုံးမြင်ရအောင် Live လွှင့်ကိရိယာတပ်မည်။

မာတလင်လည်း ပြင်ဆင်ပြီးနောက်_

"မစ္စတာချီ လက်ထောက်ချန်.. ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ... ရေထဲဆင်းလို့ရပြီ''

ချီခိုင်ရုံကခေါင်းညိမ့်ပြီး ချက်ချင်းညွှန်ကြားသည်_

"အားလုံး ပူးပေါင်းမယ်... ရေထဲဆင်းမယ်နော်''

အနားရှိလူများ စလှုပ်ရှားကြသည်။ မာတလင်လည်း မော်တော်ဘုတ်ပေါ်ဆင်းသည်။ မြေအောက်မြစ်နှင့်ဆက်စပ်နေသောအက်ကြောင်းက ရေအလယ်တွင်ရှိသည်။

မော်တော်ဘုတ်က ထိုနေရာရောက်သောအခါ မာတလင်လည်းရေထဲခုန်ချသည်။ ထို့နောက် ချီခိုင်ရုံတို့သတ်မှတ်ထားသောနေရာသို့အမြန်ရွေ့သွား၏။

တချိန်တည်းမှာ ကမ်းပေါ်မှချီခိုင်ရုံတို့ကလည်း ဖန်သားပြင်မှတဆင့်ကြည့်နေသည်။ မာတလင်၏ Live လွှင့်ကိရိယာမှထွက်သောပုံရိပ်ပင်။

မာတလင်မြစ်ကြမ်းပြင်နားကပ်သွားလေ ပုံရိပ်ကဝါးသွားလေပင်။

"အဲဒါဘာတွေလဲ?''

ချီခိုင်ရုံကဖန်သားပြင်ကြည့်ပြီး လန့်သွားသည်။

မှုန်မှုန်ဝါးဝါးအလင်းရောင်အောက်တွင် မာတလင်ဆီပြေးလာသောမည်းမည်းအရိပ်များရှိနေသည်။

ထိုအချိန်ရေထဲရောက်နေသောမာတလင်ကလည်း သူ့ဆီချီတက်လာသောမည်းမည်းအရိပ်များကိုသတိထားမိပြီး အလန့်တကြားထအော်သည်_

"သေစမ်း.. အဲဒါဘာတွေလဲ?''

All Chapters