အခန်း (၁၂၅၈-၁၂၆၀)
Vol. 84 Ch. 1258-1260
အခန်း ၁၂၅၈: ကယ်ဆယ်ရေးမလို!
မာတလင်မျက်နှာတည်သွားသည်။
ရေငုပ်နေရင်း ကြီးကြီးမားမားတစ်ခုနှင့်တိုက်မိရင် အလွန်အန္တရာယ်များကြောင်း သူကောင်းကောင်းသိသည်။
နောက်ပြီး ရေနက်တွင်အလင်းရောင်နည်းသောကြောင့် သူ့ဆီပြေးလာတာဘာမှန်းသေချာမမြင်ရ။
သို့ရာတွင် ထိုမည်းမည်းများက သူ့ကိုသတိထားမိပုံပေါ်ပြီးမြန်မြန်ချီတက်လာနေသည်။
မကြာခင် ထိုမည်းမည်းများကို မာတလင်ရှင်းရှင်းလင်းလင်းမြင်ရပြီး မယုံနိုင်ပုံပေါက်သွားသည်။
အားလုံး ပိုင်ကျီတွေ!
ဒီမျိုးတုံးနိုင်ငံ့ရတနာငါးက အုပ်စုလိုက်ကြီးသူ့ရှေ့ရောက်လာသည်။ အရေအတွက်က လန့်လောက်စရာ။
သို့သော် မကြာမီ သူရင်တလှပ်လှပ်ဖြစ်လာသည်။ ပိုင်ကျီများက သူ့ဆီတိုက်ရိုက်လာနေသောကြောင့်ပင်။
အမှောင်ထဲတွင်လင်းနေသောသူ့ကိုစိတ်ဝင်စားပြီး ပြေးလာပုံရသည်။
နောက်ပြီး အမှောင်ထဲမှာရုတ်တရက်အလင်းမြင်လိုက်ရင် ခဏတော့မျက်စိမဖွင့်နိုင်။
လူတွေအတိုင်း ငါးတွေလည်းဒီလိုဖြစ်မည်။
ဒီတော့ ပိုင်ကျီတွေကအလင်းကြောင့်မမြင်ရဘဲ
သူ့ဆီလာနေတာဖြစ်မည်။
အဓိကက သူ့မှာမီးပိတ်ချိန်မရ။
နောက်ခဏတွင် ဝင်တိုက်ခံရသည်။ သူကြောင်သွား၏။ ဒုတိယအကြိမ်ဝင်တိုက်မှု၊ တတိယအကြိမ်ဝင်တိုက်မှု...
နောက်ဆုံး သူမူးသွားပြီး သူ့ခန္ဓာကိုယ်ကဖြည်းဖြည်းချင်းမြစ်ကြမ်းပြင်ရောက်အောင်မြှုပ်သွားလေသည်။
ကမ်းပေါ်တွင်_
ချီခိုင်ရုံနှင့်ချန်လီက ဖန်သားပြင်ကြည့်ရင်း မျက်နှာထားပြောင်းသွားသည်။
ဗီဒီယိုဝါးသွား၍ ဘာမှန်းမမြင်ရ။
အခုလုံးဝမှောင်မဲပြီးကင်းထောက်ကိရိယာပျက်စီးသွားသည်။
"မြန်မြန် မြန်မြန်.. သူ့ကိုကယ်''
ချန်လီကစကားပြောစက်နှင့် သူခေါ်လာသောရုံချန်းမင်မြစ်လက်တက်ကယ်ဆယ်ရေးအဖွဲ့ကိုလှမ်းအော်သည်။
သူနည်းနည်းစိတ်ပူသွားသည်။
ရုံချန်းမှာမြေအောက်မြစ်တွေ့တာကောင်းသောကိစ္စဖြစ်သည်။ မြေအောက်မြစ်မှပိုင်ရွှင်နှင့်ပိုင်ကျီရောက်လာသည်။
သို့သော် ဒီအတောအတွင်းလူသေခဲ့ရင် ဒါမှမဟုတ် မြေအောက်မြစ်တိရစ္ဆာန်က လူကိုထိခိုက်စေခဲ့ရင် အခြေအနေမကောင်း။
ဒီကိစ္စကိုအာရုံစိုက်နေသူများ၍ အုတ်အော်သောင်းတင်းဖြစ်နိုင်သည်။
ရုံချန်းမင်မြစ်လက်တက်ကယ်ဆယ်ရေးအဖွဲ့က ဝတ်စုံများဝတ်ပြီးအသင့်စောင့်နေကြသည်။
ချန်လီညွှန်ကြားချက်ရသည်နှင့် လှေကချက်ချင်းမြစ်အလယ်ရောက်လာသည်။ တချိန်တည်းမှာ ကယ်ဆယ်ရေးအဖွဲ့ကင်မရာနှင့် ကမ်းပေါ်မှဖန်သားပြင်ကိုချိတ်ဆက်လိုက်သည်။
အသက်ကယ်သူများက ရေထဲဆင်းဆယ်ရန်ပြင်သည်။ ရေငုပ်သိပ်မကျွမ်းသော်လည်း ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်ကြသည်။
ကယ်လာသူက သေသည်နှင့်ရှင်သည်သာကွာ၏။
တဗွမ်းဗွမ်းအသံနှင့်အတူ ကယ်ဆယ်ရေးသမားအားလုံးရေထဲဆင်းလိုက်ကြသည်။ သို့ရာတွင် ရေထဲ ၁၀ မီတာရောက်အောင်မငုပ်ရသေးခင် အကောင်ကြီးအုပ်စုလိုက်မြင်ပြီးလန့်သွားသည်။
သူတို့ကထိုအုပ်စုကိုမယုံနိုင်ပုံနှင့်ကြည့်လိုက်သည်။
ရုံချန်းရေကယ်ဆယ်ရေးအဖွဲ့ဖြစ်၍ ပိုင်ရွှင်နှင့်ပိုင်ကျီလိုမျိုးတုံးငါးများကိုလေ့လာဖူးသည်။
ထို့ကြောင့် ပိုင်ကျီကိုမှတ်မိပြီး ထူးထူးခြားခြားများနေသည်ကိုတွေ့ရသည်။
သူတို့ကြောင်နေစဉ် ပိုင်ကျီကသူတို့ဆီကူးခတ်လာသည်။ ထို့နောက် ပိုင်ကျီကသူတို့ကိုမတင်ပြီး ရေပေါ်မြှောက်လိုက်သောကြောင့်လန့်သွား၏။
အသက်ကယ်သူများကြောင်သွားသည်။
ဘာလဲဟ?
သူတို့လူကယ်ရဦးမယ်လေ။
နည်းနည်းနောက်ကျတာနဲ့ အောက်စီဂျင်ပြတ်ပြီးဒုက္ခရောက်နိုင်သည်။ ပြီးမှအလောင်းကောက်နေရဦးမည်။
သို့သော် လုံးဝခုခံနိုင်စွမ်းမရှိ။ ပိုင်ကျီက ရေထဲမှာအားကောင်းလွန်းသည်။
သူတို့ရေမျက်နှာပြင်ပေါ်မြောက်တက်သွား၏။
အချင်းချင်းမတတ်သာပုံနှင့်သာကြည့်နေရသည်။
တချို့က လက်ကာပြပြီးမတတ်နိုင်ဟုပြောသည်။
ရေပေါ်လှေတွင် ကယ်ဆယ်ရန်စောင့်နေသူများလည်းရှိသည်။ ပြုစုကုသရန်အသင့်စောင့်နေကြ၏။
သို့သော် ထိုအချိန် ရေမျက်နှာပြင်ပေါ်တွင်လှိုင်းထလာသည်ကိုတွေ့ရသည်။ တစ်ယောက်ယောက် ရေပေါ်ရောက်လာတော့မည်။
“မြန်လှချည်လား?”
တစ်ယောက်က အံ့ဩသံနှင့်ပြောသည်။
"စောစောကမှဆင်းသွားတာ... မဖြစ်နိုင်ဘူး''
နောက်တစ်ယောက်ကပြောသည်။
တခြားသူများလည်း အချင်းချင်းကြည့်လိုက်ကြသည်။
အသက်ကယ်သူတွေကဆင်းသွားပြီး ပြန်တက်အချိန်ဖြုန်းမှာမှမဟုတ်တာ။ သူတို့ကပညာရှင်မဆန်သူမဟုတ်။
ဘာပဲဖြစ်ဖြစ် ရေအောက်အသက်ကယ်ရေးမှာ အချိန်လုရသည်။
တစ်ယောက်တလေကိရိယာပြဿနာတက်ရင်နားလည်ပေးနိုင်သော်လည်း အခုကတစ်ယောက်တည်းမဟုတ်။ လူတိုင်းတက်လာသည်။
ဗွမ်း!
ဗွမ်း!
ရေသံများကြားရသည်။
အသက်ကယ်သူများမှာ တစ်ယောက်ချင်းရေပေါ်ရောက်လာ၏။
လှေပေါ်ရှိလုပ်ဖော်ကိုင်ဖက်များက ဆဲချင်သွားသည်။
အသက်ကယ်ရမှာကို အချိန်ဖြုန်းနေတာလား?
သို့သော် မဆဲရသေးခင် သူတို့အောက်တွင်တစ်ခုခုတွေ့လိုက်သောကြောင့် လန့်သွား၏။
အသက်ကယ်သူများမြောက်တက်လာပြီးနောက်တွင် ပိုင်ကျီမြူးတူးသံကြားရသည်။
အားလုံးကြောင်သွား၏။
ပိုင်ကျီလူကယ်တတ်မှန်း သူတို့အားလုံးသိသည်။
ပိုင်ကျီက အသက်ကယ်သူတွေကိုပြန်ကယ်နေတာလား?
ဒါ...
ခပ်လှမ်းလှမ်း ကမ်းပေါ်တွင်_
ချန်လီနှင့်ချီခိုင်ရုံကလည်း ကယ်ဆယ်ရေးမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
ဒီလိုဖြစ်လာမယ်လို့ဘယ်ထင်မှာလဲ?
ဒါဆို မာတလင်ကိုဘယ်လိုလုပ်ကယ်မလဲ?
ထိုအခိုက် ရေထဲမှနောက်ထပ်ပုံရိပ်တစ်ခုထွက်လာသောကြောင့် အားလုံးအံ့ဩသွားသည်။ ထွက်လာသူက ရေငုပ်ဝတ်စုံနှင့်မာတလင်!
ပိုင်ကျီကသူ့ကိုရေပေါ်သယ်လာသည်။
ထိုမြင်ကွင်းကြောင့် အံ့လည်းအံ့ဩ၊ သက်ပြင်းလည်းချမိသည်။
ကယ်လာပြီဆိုတော့ တော်သေးတာပေါ့။
ပိုင်ကျီက အလွန်ဉာဏ်ကောင်းသည်။ မာတလင်ကိုလှေရှိရာဆွဲလာပြီး လှေပေါ်မှလူများကိုပေးရန်ပြင်သည်။
ကယ်ဆယ်ရေးခေါင်းဆောင်ပိုအံ့ဩသွားပြီး မာတလင်ကိုလှေပေါ်အမြန်ဆွဲတင်ခိုင်းသည်။
နောက်တွင် ပိုင်ကျီကသူ့ကိုမျက်လုံးအဝိုင်းသားနှင့်စိုက်ကြည့်နေသောကြောင့် အံ့ဩရပြန်သည်။ ပြူးကြောင်ကြောင်နှင့်ချစ်စရာကောင်းသောကြောင့် သူလက်လှမ်းထိလိုက်သည်။
လူနှင့်အနေနီးသောပိုင်ကျီက အလိုက်သင့်နေပြီး သူ့ခေါင်းကိုရှေ့တိုးပေးသည်။ ထို့ကြောင့် ကယ်ဆယ်ရေးခေါင်းဆောင်က ပိုသဘောကျသွား၏။
အခန်း ၁၂၅၉: ကယ်ဆယ်ရေးမလို! ၂
ခဏအကြာ ပိုင်ကျီလည်းကူးသွားပြီး တခြားပိုင်ကျီများနှင့်သွားကစားသည်။
ကယ်ဆယ်ရေးခေါင်းဆောင်လည်း ပိုင်ကျီကိုကြည့်ရင်း ရုတ်တရက်အတွေးဝင်သွားသည်။ မင်မြစ်မှာဒီပိုင်ကျီတွေရှိရင် ကယ်ဆယ်ရေးအဖွဲ့လိုပါဦးမလား?
လူကယ်တဲ့နေရာမှာ ဒီကောင်တွေကပိုမြန်ပြီးဆရာကျနေသည်။
အထူးသဖြင့် မင်မြစ်မှာ ပိုင်ကျီသာမက ပိုင်ရွှင်လည်းရှိသည်။
ငါက? အလုပ်ပြောင်းရမှာလား?
စီရင်စုက သဘာဝကိုထိန်းသိမ်းဖို့ခန့်ထားတာမလား? ရှေ့လျှောက် ဒီမျိုးတုံးငါးတွေကို သူဂရုစိုက်ရမည်။
မာတလင်ကိုကယ်ပြီးနောက် ကမ်းပေါ်ရှိချီခိုင်ရုံနှင့်ချန်လီလည်းသက်ပြင်းချလိုက်သည်။
သူတို့နိုင်ငံမှာ ဘာပဲလုပ်လုပ်၊ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ အသက်တစ်ချောင်းဆုံးးရှုံးသည်နှင့် အခြေအနေမကောင်း။
“အာ!”
ချန်လီကဇဝေဇဝါနှင့် ရုတ်တရက်ဖန်သားပြင်ကိုကြည့်လိုက်သည်။
ချီခိုင်ရုံလည်း စိတ်ဝင်စားသွားသည်။
ဗီဒီယိုထဲတွင် ပိုင်ကျီတစ်ကောင်ပြီးတစ်ကောင် ရေမျက်နှာပြင်ပေါ်တက်လာပြီး အရေအတွက်ကဆက်တက်နေဆဲ။
မြစ်အလယ်တွင် ကယ်ဆယ်ရေးအဖွဲ့လည်းကြောင်နေသည်။
သူတို့နားတွင်ပိုင်ကျီပိုများလာသောကြောင့်ပင်။ အရေအတွက်ကလန့်လောက်စရာဖြစ်ပြီး ရေတောင်မရေနိုင်တော့။
"ဘာလို့ဒီလောက်များတာလဲ?''
အသက်ကယ်သူတစ်ဦးက ပိုင်ကျီအုပ်လိုက်ကိုကြည့်ရင်းရေရွတ်လိုက်သည်။
ပိုင်ကျီဖြစ်၍သာ အနားကပ်လာသောအကောင်များကိုထိရဲသည်။ ငါးမန်းသာဖြစ်နေရင် တွေးတောင်မတွေးဝံ့။
"ဒါမျိုးတုံးငါးတွေတဲ့လား?''
နောက်တစ်ယောက်ကလည်း မယုံနိုင်။
ဘယ်မျိုးတုံးငါးက ဒီလိုအုပ်လိုက်ကြီးပေါ်လာလို့လဲ?
ကြည့်ရတာ ဒီပိုင်ကျီတွေက ဒီလိုမြစ်ပြင်ကျယ်မျိုး၊ အဆုံးအစမဲ့မြင်ကွင်းမျိုးကိုမြင်ဖူးတာ ဒါပထမဆုံးဖြစ်မည်။ သူတို့ကအလွန်မြူးတူးနေပြီး အော်သံများလည်းကြားရသည်။
ပိုင်ကျီတချို့ကအုပ်စုဖွဲ့ပြီး မြစ်ရေပြင်ပေါ်စဖြတ်သွားကြသည်။ လေထဲတွင်သက်တန့်လိုအကွေးမျိုးဖြစ်အောင်ခုန်ပြီး ရေထဲပြန်ဆင်းကြ၏။
နောက်ပြီး ပိုင်ကျီအုပ်စုလိုက်က မျက်စိပြာလောက်အောင်၊ အံ့ဩစရာကောင်းလောက်အောင် သက်တန့်ကွေးနှင့်တူလာသည်။
လှေပေါ်နှင့်ရေထဲမှအသက်ကယ်သမားအားလုံးက ထိုမြင်ကွင်းကိုပါးစပ်အဟောင်းသားနှင့်ကြည့်နေကြသည်။
ခပ်လှမ်းလှမ်းရှိကမ်းပေါ်တွင် ချီခိုင်ရုံနှင့်ချန်လီက ကယ်ဆယ်ရေးအဖွဲ့ကင်မရာမှတဆင့် ထိုမြင်ကွင်းကိုမြင်ရသည်။ ဗီဒီယိုထဲမှကြည့်ရတာတောင် အံ့ဩစရာကောင်းသေးသည်။
"ဘာလို့ဒီလောက်များတာလဲ?''
ချန်လီ ရေရွတ်လိုက်သည်။
"မြေအောက်မြစ်ကဖြစ်မယ်... ရုံချန်းရာသီဥတုပြောင်းပြီးထွက်လာတဲ့အကောင်တွေက အနီးအနားမှာအချိတ်အဆက်ရှိရမယ်... အခုဒီကောင်တွေက မြေအောက်မြစ်တခြားနေရာကထွက်လာတာ... သွားကြည့်ရအောင်''
ချီခိုင်ရုံစိတ်လှုပ်ရှားနေသည်။ သူ့ခန့်မှန်းချက်ကိုအတည်ပြုနိုင်ပြီဟုဆိုရမည်။
သူကကမ်းခြေမှလှေကိုလောလိုက်သည်_
"မြန်မြန်လေး မြစ်အလယ်လိုက်ပို့ပေး''
ချန်လီလည်းလှေပေါ်လိုက်တက်ပြီးနောက် လှေကမြစ်ထဲအမြန်သွားသည်။
သို့သော် သိပ်ဝေးဝေးမရောက်သေးခင် လှေကရပ်သွားကြောင်း ချီခိုင်ရုံနှင့်ချန်လီသိလိုက်သည်။
သူတို့ကိုပိုင်ကျီအများကြီးဝန်းရံထားသောကြောင့်ပင်။ ရေပေါ်ခေါင်းပြူပြီး မျက်လုံးဝိုင်းဝိုင်းများနှင့်သူတို့ကိုစိုက်ကြည့်နေ၏။
ထိုပိုင်ကျီများကိုမြင်ပြီး ချီခိုင်ရုံစိတ်လှုပ်ရှားသွားသည်။
ဒီနယ်ပယ်တွင်ပညာရှင်ဖြစ်၍ ဒီမျိုးတုံးငါးများကိုသဘောကျသည်။ မဟုတ်ရင် သူ့တစ်ဘဝလုံး ရှားပါးတိရစ္ဆာန်ကာကွယ်ရေးလုပ်မှာမဟုတ်။
နှစ် ၃၀ ကျော်မျိုးတုံးနေသောပိုင်ကျီများက အများကြီးပေါ်လာသောကြောင့် မနေနိုင်ဘဲအင်္ကျီချွတ်ပြီးရေထဲခုန်ချလိုက်၏။
ပိုင်ကျီတစ်ကောင်က ချက်ချင်းကူးလာသည်။ တစ်ယောက်ယောက်ရေထဲကျပြီအထင်နှင့် ချီခိုင်ရုံကိုလာတင်သည်။
"တော်လိုက်တဲ့ကောင်မလေး ဟား ဟား!''
ချီခိုင်ရုံက ပိုင်ကျီကိုဝမ်းသာအားရထိလိုက်သည်။
ပိုင်ကျီကလည်း တုံ့ပြန်အသံပေးသည်။ ထို့နောက် သူ့အမြီးကိုတဖျတ်ဖျတ်ယမ်းပြ၏။
ပိုင်ကျီကလူနှင့်အနေနီးသောကြောင့် လူသဘောကောင်းရင်ကောင်းသလောက် သဘာဝနှင့်သဟဇာတဖြစ်နိုင်သည်။
ချန်လီကသူတို့ကိုကြည့်ရင်း ပိုင်ကျီစီးကြည့်ချင်လာသည်။
သဘာဝဘေးမဲ့တောလုံခြုံရေးအားကောင်းအောင် စီရင်စုကိုလျှောက်ရမည်ဟုသူတွေးမိသည်။
တခြားမပြောနှင့်၊ ဒီနေရာရပြီးနောက်ပိုင်း သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းကောင်းလာသည်။
ထိုအချိန် ထိုသဟဇာတဖြစ်မှုနှင့်ပျော်စရာမြင်ကွင်းကြောင့် သူတို့တောင်ဒီလိုအတွေးဖြစ်လာသည်။ သာမန်လူတွေရေထဲတမင်ဆင်းပြီး ပိုင်ကျီစီးချင်လည်းစီးလောက်စရာ။
မကောင်းသောရည်ရွယ်ချက်မရှိရင် အဆင်ပြေသော်လည်း ရှိပါကဒုက္ခရောက်နိုင်သည်။
နောက်ပြီး သူတို့လုံခြုံရေးမတိုးရင် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ အကြိမ်ကြိမ်ရှိလာမည်။ ဒါဆို ပြဿနာတက်မည်။
ထိုအချိန်တွင် အံ့ဩပြီးအော်သံကြားရသည်_
"ရေအောက်မှာအများကြီးရှိသေးတယ်... ပိုင်ရွှင်တွေ!''
"ပိုင်ရွှင်တွေကွ!''
"ပိုင်ရွှင်တွေ အများကြီးပဲ''
ထင်တဲ့အတိုင်း ရေထဲမှပုံရိပ်အများကြီးတက်လာသည်။ နှုတ်သီးရှည်ရှည်၊ကိုယ်လုံးဖြူဖြူတွေက ပိုင်ရွှင်မဟုတ်ရင်ဘာလဲ?
နောက်ပြီး ပိုင်ရွှင်အရေအတွက်က ပိုင်ကျီထက်မလျော့။
နိုင်ငံ့ရတနာငါးနှစ်မျိုးပေါင်းပြီး အလှဆုံး၊အခမ်းနားဆုံးမြင်ကွင်းဖြစ်နေသည်။
လှေပေါ်တွင် ကယ်ဆယ်ရေးခေါင်းဆောင်က ပိုင်ရွှင်ငါးအုပ်စုကိုကြည့်ရင်း အတွေးများသွားပြန်သည်။
ဒီပိုင်ရွှင်တွေကလည်း လူကယ်တတ်တာသူသိသည်။
သူကတွေးတောပြီး ရေထဲခုန်ချလိုက်၏။ တခဏချင်း ပိုင်ရွှင်နှင့်ပိုင်ကျီက သူ့နားပတ်လည်ဝိုင်းလာသည်ကိုတွေ့ရသည်။
အနီးဆုံးအကောင်ကသူ့ကိုတင်ပြီးနောက် တခြားကောင်များက လှေနားသွားဝိုင်းပြန်သည်။
ကယ်ဆယ်ရေးခေါင်းဆောင်က ပိုင်ရွှင်ကိုကြည့်ပြီး ပိုသေချာသွားသည်။ ရုံချန်းမင်မြစ်ကယ်ဆယ်ရေးအဖွဲ့မှာ အနာဂတ်မရှိတော့။
ချန်လီကရေထဲမဆင်းသော်လည်း သူ့အတွေးမှာသဘာဝဘေးမဲ့တောအကြောင်းပြည့်နေသည်။
ရုံချန်းမင်မြစ်လက်တက်က သဘာဝဘေးမဲ့တောဖြစ်လာရင်တောင် ပိုင်ရွှင်နှင့်ပိုင်ကျီအရေအတွက်ကိုကန့်သတ်ထားရမည်။
ဘာပဲဖြစ်ဖြစ် ရုံချန်းမင်မြစ်လက်တက်တစ်ခုလုံးအတွက်နည်းလွန်းသည်။ သဘာဝဘေးမဲ့တောလာရင်တောင် မြင်ရမှာမဟုတ်။
ကြည့်နိုင်သောနေရာတစ်နေရာသာရှိပြီး ထိုနေရာက ချင်းလင်စံအိမ်ရေပေါ်တံတားဖြစ်သည်။
သို့သော် ချင်းလင်စံအိမ်သွားကြည့်မှရမည်။ ချင်းလင်စံအိမ်ရေပေါ်တံတားမှာလက်ခံနိုင်သောလူဦးရေက အကန့်အသတ်ရှိနေသည်။
ဒီတော့ ဒီငါးတွေမမြင်ရရင် သဘာဝဘေးမဲ့တောကိုခရီးသည်တွေသိပ်စိတ်ဝင်စားမှာမဟုတ်။
ဒါပေမဲ့အခု ပိုင်ရွှင်နဲ့ပိုင်ကျီအများကြီးရှိလာပြီ။
ဒါမြစ်ရေပြင်ပေါ်တက်လာတဲ့အကောင်တွေသာရှိသေးသည်။
မြစ်ထဲမှာဘယ်လောက်ရှိမှန်း ဘယ်သူသိမလဲ?
ဒီတော့ လမ်းပေါ်မှာသွားနေရင်းတောင် ပိုင်ကျီတွေပျံနေတာ ကားပြတင်းပေါက်ကနေမြင်ရနိုင်တယ်မလား?
ဘယ်လောက်လှလိုက်မလဲ?
ချန်လီကထိုလှပသောမြင်ကွင်းအကြောင်းတွေးတောနေစဉ် ပိုင်ရွှင်နှင့်ပိုင်ကျီလည်း ဖြည်းဖြည်းချင်းအုပ်စုကွဲပြီး နေရာအနှံ့ရောက်သွား၏။
မာတလင်လည်း အသက်ကယ်သမားများနှင့်ကမ်းပေါ်ရောက်လာသည်။
ရေငုပ်ဝတ်စုံကြောင့် သူအဆင်ပြေသည်။ ပိုင်ကျီများအတိုက်ခံရပြီးမူးခြင်းသာ။
သတိရလာသောအခါ ရေငုပ်ဝတ်စုံမပါဘဲခုန်ပေါက်နိုင်သေးသည်။
စိတ်ချရအောင် ချန်လီကရုံချန်းဆေးရုံပို့ပြီးစစ်ဆေးခိုင်းသည်။ အမှန်တကယ်အဆင်ပြေကြောင်းအတည်ပြုပြီးမှသာ စိတ်သက်သာရာရသွားသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီဒီလောက်အများကြီးထွက်လာခြင်းက ကြည်နူးအံ့ဩစရာဖြစ်ပြီး တချိန်တည်းမှာ မင်မြစ်နှင့်မြေအောက်မြစ်ဆက်စပ်နေသောနေရာဖြစ်ကြောင်း ချီခိုင်ရုံပိုသေချာသွားသည်။
ထို့ကြောင့် ဆက်လက်ရှာဖွေ၏။ မြေအောက်မြစ်ကဘယ်လိုပုံစံလဲအဖြေရှာရမည်။
နောက်တစ်နေ့_
ထို့ကြောင့် ချီခိုင်ရုံက စူးစမ်းရှာဖွေရေးအဖွဲ့ပြန်ဖွဲ့သည်။
ရေငုပ်သူက မာတလင်ပင်။ ဘာပဲဖြစ်ဖြစ် ဒီလိုရှာဖွေမှုမျိုးက ရေငုပ်ကျွမ်းကျင်သည့်အပြင် အကြောင်းသိဖို့လည်းလိုသည်။
မာတလင်လည်းတစ်ရက်နားပြီး အဆင်ပြေသွားသည်။
ဒီနေ့တော့ ပိုင်ကျီတွေက သူ့ကိုမူးမေ့သွားအောင်ဝင်မတိုက်လောက်ဘူးမလား?
မြစ်လယ်ပြန်ရောက်သောအခါ ကူးခတ်နေသောပိုင်ရွှင်နှင့်ပိုင်ကျီများရှိနေဆဲပင်။ လှေရောက်လာသည်နှင့် သူတို့ကဝိုင်းလာသည်။ လူနှင့်အနေနီးသောစိတ်သာရှိသည်။ လှေပေါ်မှာလူဆိုးပါမည်လည်းမကြောက်ကြ။
မာတလင်က အားလုံးပြင်ဆင်ပြီးနောက် ရေထဲခုန်ချပြီးရေငုပ်သည်။
ကမ်းပေါ်တွင် ချီခိုင်ရုံနှင့်ချန်လီက သူ့ကင်မရာမှလွှင့်သောပုံရိပ်ကိုကြည့်နေသည်။
သို့ရာတွင် မာတလင်ရေနက်ထိမငုပ်ရသေးခင် ပိုင်ရွှင်နှင့်ပိုင်ကျီတချို့ သူ့ဆီကူးလာသည်။
အင်တိုက်အားတိုက်လာနေသလိုပင်။
ခဏအကြာ ပိုင်ကျီကသူ့အောက်ရောက်လာပြီး သူ့ကိုရေပြင်ပေါ်မြောက်တင်လိုက်သည်။
“???”
မာတလင် ကြောင်သွားသည်။
သူက အောက်ဆင်းချင်တာလေ၊
အပေါ်မဟုတ်ဘူး!
အခန်း ၁၂၆၀: ပြန်ပို့!
ခဏအကြာ မာတလင်ရေပေါ်ရောက်သွားသည်။
သူ့ကိုနှုတ်ဆက်နေသလိုပိုင်ကျီကအသံပေးပြီး ရေပေါ်တင်လိုက်၏။
"ကျေးဇူး ဟင်း ဟင်း ကျေးဇူး!''
မာတလင်ကအောင့်သီးအောင့်သက်နှင့် ပိုင်ကျီခေါင်းကိုထိလိုက်သည်။
တခြားသူများကလည်း ထိုမြင်ကွင်းကိုတအံ့တဩကြည့်နေသည်။
ချီခိုင်ရုံနှင့်ချန်လီက ကင်မရာကြည့်ရင်း အချင်းချင်းကြည့်လိုက်ကြသည်။
ကိုးရိုးကားရားဖြစ်ကုန်ပြီ!
မာတလင်က ပိုင်ကျီပေါ်မှခုန်ချပြီး ရေထဲပြန်ဆင်း၏။ မြစ်ကြမ်းပြင်အထိဆင်းကာ သူ့တာဝန်ဆက်လုပ်သည်။
ဒါပေမဲ့ ဒီတစ်ခါရေနက်ထိမငုပ်ရသေးခင် ပိုင်ကျီတချို့ကူးလာသည်။
သူတို့ဘာလုပ်မလဲသဘောပေါက်သောကြောင့် အားကုန်သုံးပြီး ရေအောက်အမြန်ဆင်းလိုက်သည်။
သူတို့မိသွားလို့မဖြစ်ဘူး၊ အပေါ်ပို့ခံရလိမ့်မယ်!
သို့သော် သူရေထဲရောက်နေကြောင်းမေ့သွားသည်။
သူ့အရှိန်က ပိုင်ကျီလိုအကောင်ကြီးတွေလောက်ဘယ်မြန်မလဲ?
ရေလှိုင်းကြီးလာထိပြီး သူ့ခန္ဓာကိုယ်ရေပြင်ပေါ်တက်သွားပြန်သည်။
သူ့အောက်မှာနောက်ထပ်ပိုင်ကျီတစ်ကောင်။
ခဏအကြာ မာတလင်ရေမျက်နှာပြင်ပေါ်ပေါ်လာသည်။ ပိုင်ကျီကလည်းမြူးတူးပြီး အမြီးတယမ်းယမ်းနှင့်အသံပေးနေဆဲ။
လူနှင့်အနေနီးသောကြောင့် လူကယ်ရတာပျော်နေသည်။
ဒါကြောင့်လည်း မာတလင်အောင့်သက်သက်ဖြစ်ရသည်။
ရေငုပ်ရတာ အားကုန်သည်။ ဒီလိုဆက်လုပ်နေရင် သူ့တာဝန်ဘယ်တော့မှပြီးမည်မသိ?
မာတလင်အောင့်သက်သက်ဖြစ်နေစဉ် ပိုင်ရွှင်နှင့်ပိုင်ကျီတချို့လည်းတွေ့ရသည်။ သူတို့အာရုံတဖက်ရောက်နေတုန်း မာတလင်ကရေထဲပြန်ငုပ်ပြီးအမြန်ဆင်းသည်။
ဒီတစ်ခါ ပိုင်ရွှင်နှင့်ပိုင်ကျီ သူ့ကိုသတိမထားမိ။
သူဝမ်းသာသွားသည်။
သို့သော် နောက်ခဏတွင် အောက်မှာပိုင်ကျီတချို့ကိုတွေ့ရသည်။ သူ့ကိုမြင်ပြီးနောက် အမြန်ကူးလာ၏။
"သော*က် သော*က် မလာနဲ့!''
မာတလင် တန်းအော်လိုက်သည်။
တစ်ခါတလေ အော်လည်းအသုံးမဝင်။ အော်လေ စိတ်လှုပ်ရှားလေပင်။
ပိုင်ကျီတချို့က ဒီလိုဖြစ်နေသည်။ ပိုမြန်မြန်တောင်ပြေးလာပြီး မာတလင်ခန္ဓာကိုယ်ရေပေါ်မြောက်တက်သွားပြန်သည်။
နောက်တစ်ကြိမ်အကယ်ခံရပြီးနောက် မာတလင်ခြေကုန်လက်ပမ်းကျသွားသည်။ ပိုင်ကျီပေါ်ထိုင်ပြီးမလှုပ်ချင်တော့။
"မစ္စတာချီ လက်ထောက်ချန်.. ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး''
မာတလင်ကသက်ပြင်းချပြီး အစီရင်ခံသည်။
ချီခိုင်ရုံ: ''...''
ချန်လီ: ''...''
ကမ်းပေါ်တွင် နှစ်ယောက်သားအချင်းချင်းကြည့်လိုက်ကြသည်။
ဒါမျိုးဖြစ်မယ်လို့ ဘယ်ထင်မလဲ?
"အခုဘယ်လိုလုပ်ကြမလဲ?''
တစ်ယောက်ကမေးသည်။
ချီခိုင်ရုံကငြိမ်ပြီး ပြုံးနေသည်။
အင်းလေ...
သူအခုဘာလုပ်ရမလဲ?
ဒီမှာပိုင်ရွှင်နဲ့ပိုင်ကျီရှိနေရင် မြေအောက်မြစ်ထဲဝင်မယ့်သူတို့အစီအစဉ်က အလုပ်ဖြစ်မှာမဟုတ်။
သူတို့ဆင်းသွားရင် အပေါ်ပြန်ပို့ခံရမည်။ ဒီပိုင်ရွှင်၊ပိုင်ကျီတွေနဲ့ ဘာမှလုပ်မရ။
"အိမ်း''
ချီခိုင်ရုံက လေးလေးလံလံသက်ပြင်းချပြီး_
"တခြားနေရာရှာကြတာပေါ့... ဒီနားမှာမဖြစ်ဘူး''
ချန်လီက ကယ်ဆယ်ရေးအတွက်တာဝန်ခံသာဖြစ်သည်။
မြေအောက်မြစ်ထဲဝင်ရမည့်နေရာကို သူရှာစရာမလို။
ထို့ကြောင့် ချီခိုင်ရုံတို့နေရာအသစ်ရှာရန်ထွက်သွားသောအခါ သူလည်းစီရင်စုမှလူတချို့ကိုဖုန်းဆက်လိုက်သည်။
ထိုလူများက ကားနှစ်စီးမောင်းလာသည်။ အောက်ရောက်သောအခါ ကိရိယာတချို့ရွှေ့ပြီး စတင်တပ်ဆင်သည်။
Live လွှင့်သောကိရိယာများပင်။
အခုမြို့အတော်များများက Live လွှင့်ကြော်ငြာကြသည်။
ဒါကိုအကိုးအကားလိုအသုံးချလို့ရမလား သူစဉ်းစားကြည့်သည်။
သဘာဝဘေးမဲ့တောကြော်ငြာရန် ပိုင်ရွှင်နှင့်ပိုင်ကျီလိုမျိုးတုံးငါးများကို Live လွှင့်မည်ဟုစီစဉ်လိုက်သည်။ ဒါသဘာဝဘေးမဲ့တောအတွက်အများကြီးအထောက်အကူဖြစ်မည်။
အရင်ကပိုင်ရွှင်နှင့်ပိုင်ကျီအရေအတွက်နည်းသော်လည်း အခုမဟုတ်တော့။ အကောင်အများကြီးရှိသောကြောင့် တစ်ယောက်ယောက် Live လွှင့်လျှင် ပိုင်ရွှင်နှင့်ပိုင်ကျီရောက်လာမည်။ Live လွှင့်တာအတော်ထိရောက်မည်။
ပိုင်ရွှင်နှင့်ပိုင်ကျီကိုတစ်နေရာမှာစုပြီး ချင်းလင်စံအိမ်လိုရေပေါ်တံတား ဒါမှမဟုတ် အလှဆင်တံတားတစ်စင်းဆောက်ဖို့တောင်စိတ်ကူးကြည့်သည်။
ဒီလိုဆို ခရီးသည်တွေတစ်နေရာတည်းစုပြီး ဒီနိုင်ငံ့ရတနာတွေကိုရှုစားနိုင်မည်။
ဒီကိစ္စမှာ အတော်များများကအရေးကြီး၍ အသေးစိတ်လုပ်ရမည်။
ဒီပိုင်ရွှင်၊ပိုင်ကျီတွေကို သူဘာမှမဖြစ်စေချင်။
ဒီကိစ္စတာဝန်ခံဖြစ်၍ သူတတ်နိုင်သမျှအားလုံးလုပ်ရမည်။
Live လွှင့်ကိရိယာများတပ်ဆင်ပြီးနောက် ချန်လီက ရုံချန်းတရားဝင်အကောင့်ဖွင့်ခိုင်းသည်။
အခုခေတ် မြို့အတော်များများ၊ အစိုးရဌာနများမှာ Tiktok တရားဝင်အကောင့်ရှိကြသည်။ တချို့ဌာနများအတွက်ကြော်ငြာရန် Tiktok ကအကောင်းဆုံးပလက်ဖောင်းဖြစ်သည်ဟုဆိုရမည်။ မြို့အတော်များများကြော်ငြာရန်အတွက်လည်းကောင်းသည်။
ချန်လီလည်း Live နာမည်ကို 'ရုံချန်းကနိုင်ငံ့ရတနာပြမယ်!' ဟုပြောင်းခိုင်းသည်။
ရုံချန်းတရားဝင်အကောင့်တွင် ပရိသတ်အများကြီးရှိသည်။
ချန်လီပထမဆုံး Live လွှင့်ပြီး ပစ္စည်းကြော်ငြာကတည်းကပင်။ သူပြင်ဆင်ထားသောပစ္စည်းက ကြောင်အမ်းအမ်းသူ့မျက်နှာနှင့်အတူ တခါတည်းပေါက်သွားပြီး ရုံချန်းတရားဝင်အကောင့်ကိုစိတ်ဝင်စားသူများလာခဲ့သည်။
အဲဒီတုန်းက ချန်လီမှာ ခရီးသွားဌာနညွှန်မှူးတစ်ယောက်သာရှိသေးသည်။ သူလည်း အချိန်တစ်ခုအထိနာမည်ကြီးခဲ့သည်။
အထူးသဖြင့် ပစ္စည်းအားလုံးရောင်းထွက်သွားချိန် ချန်လီဖြစ်သွားသောကြောင်အမ်းအမ်းမျက်နှာက ခဏရေပန်းစားခဲ့ပြီး အခုတစ်ခါတလေလိုင်းပေါ်တက်တက်လာသည်။
နောက်ပိုင်း ချင်းလင်စံအိမ်ကြော်ငြာတိုင်း 'ရုံချန်း' ဆိုသောနာမည်ပါလာသည့်အပြင် ရုံချန်းယာဉ်လမ်းကြောင်းပြဿနာမှာခဏခဏဝေဖန်ခံရသောကြောင့် တရားဝင်အကောင့်တွင်ပရိသတ်များဆက်တက်လာသည်။
အနည်းဆုံး ပရိသတ်သန်းဆယ်ချီရှိသည်။
ထို့အပြင် Tiktok မှန်မှန်ကန်ကန်ရပ်တည်ရေးအတွက် တရားဝင် Live များမှာ စည်းမျဉ်းမဖောက်ဖျက်သရွေ့ လူဝင်ကြည့်နှုန်းတက်လာမည်။
ထို့ကြောင့် ရုံချန်းတရားဝင်အကောင့်မှ Live လွှင့်သည်နှင့် စတွန်းတော့သည်။