အခန်း (၁၉၂၉)
Vol. 138 Ch. 1929
အချိန်ရပ်တန့်နေသည့် သံသရာစက်ကွင်း ပြိုကွဲသွားပြီးနောက် အီလီစီယမ် အသေးစား ဟင်းလင်းပြင်သင်္ဘောသည် လူပေါင်းငါးထောင်၏ အစောင့်အရှောက်ဖြင့် အစိမ်းရောင်ဇုန်ဆီသို့ ဆက်လက်ခရီးနှင်ခဲ့သည်။ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများက အစောင့်အရှောက်အဖြစ် လိုက်ပါလာသူများကို အစွန်းကုန် သတိရှိသွားစေခဲ့သည်။ သူတို့သည် သင်္ဘော ဘေးကင်းစေရန် အရင်ကထက် နှစ်ဆပိုမို၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်လာကြသည်။
သို့သော်လည်း... သူတို့၏ ရင်ထဲတွင်မူ တစ်မျိုးတစ်ဖုံ စိတ်အေးသွားကြရ၏။ အကြောင်းကား ထိုလူစိမ်း လောက အဂ္ဂိရတ် ရှန့်ထို မည်မျှ အစွမ်းထက်ကြောင်း မြင်တွေ့ခဲ့ရပြီးဖြစ်သလို၊ ဤခရီးစဉ်မှာ သူ၏ လှပသော ဇနီးသည်များအတွက် အပျော်ခရီးသက်သက်သာဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်သွားကြသောကြောင့် ဖြစ်သည်။
ထိုအဖွဲ့ကို လိုက်ပါပို့ဆောင်ပေးရုံမျှဖြင့် သူတို့သည် အလွန် ကြီးမားသည့် အခွင့်အရေးကြီးကို ရရှိခဲ့ကြပြီး ဖြစ်သည်။ စင်ကြယ်သော အချိန်စွမ်းအင်များ သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခြင်းကြောင့် အချိန်နှင့်ပတ်သက်သည့် အရာရာအပေါ် အာရုံခံနိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းအဆင့်အတန်းတို့မှာ မြင့်တက်လာခဲ့သည်။
စတုတ္ထမြောက် လျှို့ဝှက် ခြေချခြင်းကို ရင်ဆိုင်ကြမည့် သေမျိုး တစ်ပိုင်း အရှင် အဆင့်များ အတွက်မူ အချိန်အမျိုးအစား လျှို့ဝှက်သင်္ကေတကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်မှာ သေချာသလောက် ရှိသွားလေပြီ ဖြစ်သည်။ ဤအကျိုးအမြတ်သည် နှစ်ပေါင်းရာနှင့်ချီ၍ အားထုတ်ရမည့် ကြိုးပမ်းမှုများကို ကျော်လွှားပေးလိုက်ခြင်းပင်။
အဖြူရောင် အဘိဿဲလ်သည် အန္တရာယ်ကြီးမားမှုနှင့် သေဆုံးနှုန်း မြင့်မားမှုကြောင့် အလွန်ပင် ကျော်ကြားလှသော်လည်း၊ ဝေ့ဝူယင်၏ ကြားဝင်စွက်ဖက်မှုက ထိုကြီးမားသော ဘေးအန္တရာယ်နှစ်ခုလုံးကို ကလေးကစားစရာ တစ်ခုကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ဤသည်ကို မြင်တွေ့ရသူများအဖို့ သူ့အပေါ် ရိုသေကိုးကွယ်စိတ် သို့မဟုတ် မနာလိုစိတ်များ မဖြစ်ဘဲ မနေနိုင်ကြချေ။ မနာလိုစိတ်များကတော့ ဝေ့ဝူယင်၏ ဇနီးသည်များအပေါ်သို့သာ ဦးတည်နေခြင်း ဖြစ်ပေသည်။
ခရမ်းရောင် ပင်လယ်၊ နတ်မိမယ် တိတ်ဆိတ်ခြင်း၊ သွေးရောင်ဓားနှင့် မီးခိုးရောင် နှင်းဆီတို့သည် အီလီစီယမ် အသေးစားပေါ်ရှိ သူများနှင့် ပြန်လည်စကားပြောဆိုကြပြီး၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ သမိုင်းကြောင်းနှင့် ဖြစ်ရပ်အမျိုးမျိုးကို ရှင်းပြကြသည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက အဓိက ဦးဆောင်ပြောကြားပြီး မေးခွန်းများကို ဖြေကြားပေးနေသော်လည်း၊ မီးခိုးရောင် နှင်းဆီကမူ ဝေ့ဝူယင်တစ်ဦးတည်းကိုသာ အာရုံစိုက်ကာ အသေးစိတ်အချက်အလက်များကို ဖြည့်စွက်ပြောပြနေသည်။ သူမသည် ဗဟုသုတအရှိဆုံး မဟုတ်သော်လည်း သိမ်မွေ့သည့် အချက်အလက်များကို ရှင်းပြရာတွင်မူ အတော်လေး ကျွမ်းကျင်လှသည်။ ဤသည်ကို အားလုံးက သတိထားမိကြပြီး သွေးရောင်ဓားမှာမူ မကြာခဏဆိုသလို မကျေမနပ် နှာမှုတ်နေတော့သည်။
လွန်ခဲ့သည့် သုံးနာရီကျော် အချိန်ကနှင့် ခြားနားစွာပင်... အစိမ်းရောင်ဇုန်ကြီးမှာ တဖြည်းဖြည်း ကြီးမားလာပြီး သင်္ဘောနှင့် အကွာအဝေးမှာလည်း ကျုံ့ဝင်လာသည်။ သူတို့၏ အသားအရေပေါ်တွင် စိမ်းမြမြအလင်းတန်းများ ပိုမိုတောက်ပလာခြင်းက အမှန်တကယ် နီးကပ်လာနေပြီဖြစ်ကြောင်း သက်သေပြနေ၏။ သူတို့သည် မိုင်ပေါင်း သန်းနှင့်ချီ၍ ခရီးနှင်ခဲ့ပြီးဖြစ်သော်လည်း အလှမ်းကွာနေဆဲဟု ခံစားနေရသည်။ အကွာအဝေးမှာ မယုံနိုင်စောက်အောင် ဝေးကွာလွန်းလှသော်လည်း သူတို့သည် တဖြည်းဖြည်းချင်း နီးကပ်လာနေပြီ ဖြစ်သည်။
“အစိမ်းရောင်ဇုန်ရဲ့ ပတ်ဝန်းကျင်ကတော့ အတော်လေး ငြိမ်သက်ပါတယ်... အဲဒီနယ်မြေထဲမှာဆိုရင် ရုတ်တရက် အပြောင်းအလဲတွေ မရှိတတ်ဘူး... ဒါပေမဲ့ အန္တရာယ် လုံးဝမရှိဘူးလို့တော့ ပြောလို့မရပါဘူး”
နတ်မိမယ် တိတ်ဆိတ်ခြင်းသည် ဇုန်တစ်ခုချင်းစီ၏ သိထားသမျှ သဘာဝများကို ရှင်းပြနေရင်း၊ စတုတ္ထမြောက် အရောင်ဇုန် ဟုခေါ်သော အစိမ်းရောင်ဇုန်သို့ ရောက်ရှိလာသည်။ အစိမ်းရောင်ဇုန်သည် တစ်ခုတည်းလား သို့မဟုတ် ထောင်နှင့်ချီ ရှိသလားဟူသော အငြင်းပွားမှုမှာ အဖြေမထွက်သေးဘဲ ရှိနေဆဲ ဖြစ်သော်လည်း၊ ဝေ့ဝူယင်ကမူ ထိုမေးခွန်းကို တိုက်ရိုက်မဖြေကြားပေ။
ယင်းအစား သူက ပခုံးတွန့်လျက် “နှစ်မျိုးလုံးပဲ... ဘယ်ဟာမှလည်း မဟုတ်ဘူး” ဟုသာ ဆိုခဲ့သည်။
ထိုစကားက သူတို့၏ ကွဲပြားသော အယူအဆများကို ပိုမို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ မည်သို့ အဓိပ္ပာယ်မျိုး ဖြစ်နိုင်မည်နည်းဟု အငြင်းပွားလာကြသည်။ အရာတစ်ခုသည် တစ်ခုတည်းလည်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီ၍လည်း မည်သို့ ရှိနေနိုင်မည်နည်း။ ပြီးတော့ နှစ်မျိုးလုံးလည်း မဟုတ်ပြန်ဘူးဆိုသည်မှာ မည်သို့နည်း။ သို့သော် အဖြေတစ်ခုခုသာ ရှိခဲ့လျှင် ဝေ့ဝူယင်သည် ထိုအဖြေနှင့် အကြောင်းရင်းကို သိရှိထားသည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း သူတို့အားလုံး နားလည်နေကြသည်။ ချင်ချူးမူနှင့် ယွီစွန်းလီတို့မှာမူ ဤအကြောင်းအရာအပေါ် အားတက်သရော ငြင်းခုံနေကြဆဲ ဖြစ်သည်။
ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာလည်း အခြားသော ကိစ္စရပ်များတွင် ပါဝင် ဆွေးနွေးနေကြပြီး၊ သခင်လေးရှန့်ကမူ အေးအေးလူလူ အရက်သောက်နေခဲ့သည်။ အချိန်ရပ်တန့် သံသရာစက်ကွင်းကို ကြုံတွေ့ခဲ့ပြီးနောက် သူ၏ ကြောက်ရွံ့စိတ်များမှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ အချိန်ဥပဒေသအပေါ် သူ၏ သာမည အာဏာကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်လော သခင်လေးရှန့်အဖို့ လုံခြုံသည်ဟု ခံစားနေရသည်။
“ဒီနေရာက ဘာကြီးလဲဆိုတာ နင် သိသွားပြီလား...”
ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။ သူမသည် စစ်ပွဲနှင့် ပတ်သက်သော တာအိုဝိညာဉ်ဖြစ်ရာ၊ ကျင့်ကြံခြင်းနှင့် အထွေထွေ ဗဟုသုတများတွင် နားလည်မှု မြင့်မားသော်လည်း၊ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ ကဲ့သို့သော နက္ခတ္တဗေဒဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ပတ်သက်၍မူ စစ်ဗျူဟာလောက် မကျွမ်းကျင်ပေ။ သို့သော်လည်း... ဝေ့ဝူယင်၏ အသိစိတ်ပင်လယ်နှင့် ဧဒင်နန်းတော်တို့သည် ပုံမှန်ထက် များစွာ ပိုမိုသည့် လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ကို သူမ သတိထားမိထားသည်။
“အချိန်နဲ့ အာကာသရဲ့ သက်ရှိလေပွေ၊ အကြွင်းမဲ့ ဟင်းလင်းပြင် လေဝဲနဲ့ ရုတ်တရက် ဖြစ်ပေါ်တတ်တဲ့ အချိန်ရပ်တန့်နေတဲ့ သံသရာစက်ကွင်း... ဒါတွေအားလုံးဟာ ဟင်းလင်းပြင် ထူးခြားဖြစ်စဉ်တွေရဲ့ အမှတ်အသားတွေပဲ... အရင်ကတော့ ငါတို့ဟာ ဒီဖြစ်ရပ်တွေကို ဆွဲဆောင်နေတဲ့ သံလိုက်တွေလို ဖြစ်နေခဲ့တာ၊ ဒါပေမဲ့ အခု ငါ တစ်ဖွဲ့လုံးရဲ့ အချိန်နဲ့ အာကာသ တုန်ခါမှုတွေကို ပိတ်ဆို့လိုက်ပြီ”
ဝေ့ဝူယင်က ရှင်းပြလိုက်သည်။ သူသည် အချိန်နှင့် အာကာသ အပေါ် သာမည အာဏာကို အသုံးချကာ သူ၏ ဆန္ဒကို ပတ်ဝန်းကျင်၌ သက်ရောက်စေပြီး၊ ပိုမိုကြီးမားသော အပြောင်းအလဲများ မဖြစ်ပေါ်အောင် တားဆီးထားခြင်း ဖြစ်သည်။
ကောင်းကင် စစ်ဝိညာဉ်ကလည်း ထိုအတိုင်းပင် ခန့်မှန်းမိပြီးသား ဖြစ်သည်။
“ငါ အဖြူရောင် အဘိဿဲလ်က ဘာလဲ၊ အထဲမှာ ဘယ်လိုရတနာ ရှိလဲဆိုတာကို အတော်လေး သိထားပြီးပြီ... ဒါပေမဲ့ အခုပဲ လှုပ်ရှားရမလား၊ ဒါမှမဟုတ် နောက်ထပ် လေ့လာစူးစမ်းပြီးမှ လုပ်မလားဆိုတာ စဉ်းစားနေတုန်းပဲ... ယွီစွန်းလီ၊ ချင်ချူးမူ၊ ချောင်စွေ့ဖုန်း၊ လျူစုယင်နဲ့ မူလ အာဏာရှင်တွေကို အမြင်ကျယ်စေချင်ပေမဲ့၊ အဲဒါက တကယ်လိုအပ်ရဲ့လားဆိုတာ ငါ မသေချာသေးဘူး”
ဝေ့ဝူယင်က ဆက်လက်၍ ပြောလိုက်၏။
“ဟ...”
ကောင်းကင် စစ်ဝိညာဉ်မှာ အံ့အားသင့်သွားခဲ့၏။ ဝေ့ဝူယင်မှာ ဤနေရာကို ခွဲခြားနိုင်ရုံတင်မကဘဲ၊ ဂလက်ဆီ၏ နှလုံးသားဟု သတ်မှတ်ခံထားရသော ဤထူးဆန်းသည့် နယ်မြေအတွင်းရှိ ကံကောင်းခြင်း ရတနာများကိုပါ အတိအကျ သိရှိနေပြီဟု ဆိုသည်။
“နင် လိုအပ်တယ်လို့ ထင်ရင် လိုအပ်တာပဲ၊ မလိုအပ်ဘူးလို့ ထင်ရင်လည်း မလိုအပ်တာပဲပေါ့... နင် မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်မှာပါ... ဒါနဲ့... ဒီနေရာက ဘာကြီးလဲ”
ဝေ့ဝူယင် ပြုံးလိုက်၏။
“မင်း ကြယ်တာရာ ဝါးမြိုသူ အလောင်းကို မှတ်မိသေးလား”
ကောင်းကင် စစ်ဝိညာဉ်မှာ ချက်ချင်းပင် စိတ်ဝင်စားသွား၏။
“အင်း... မှတ်မိတာပေါ့... သူ့ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေကြောင့် ဖြစ်လာတဲ့ ဧရာမ ကြယ်တာရာ ဟင်းလင်းပြင် အရည်ကန်ကြီး မလား... ဘာလို့လဲ... အဖြူရောင် အဘိဿဲလ်က ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်ရဲ့ အလောင်းကြီးလား”
ဝေ့ဝူယင်က စိတ်ထဲမှနေ၍ ခေါင်းခါယမ်းလိုက်၏။ ထိုတုန့်ပြန်မှုက ကောင်းကင် စစ်ဝိညာဉ်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။ ဝေ့ဝူယင်က စကားတစ်ခွန်းမှ မဆိုတော့ပဲ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အားဖြည့်ထားသည့် နဂါးမျက်လုံးကို အသုံးပြုကာ၊ မြင်တွေ့နေရသမျှကို သူ၏ အသိစိတ် ပင်လယ်အတွင်းသို့ ပုံရိပ်ယောင်အဖြစ် ထုတ်လွှင့်ပြသလိုက်သည်။ ထိုအခါ ကောင်းကင် စစ်ဝိညာဉ်မှာလည်း ဝေ့ဝူယင် မြင်သမျှကို အကုန်မြင်တွေ့လိုက်ရလေတော့သည်။
ထူးခြားသည့် မြင်ကွင်းများကို ကြည့်ရင်း ရွှေရောင် အစုအဝေးကြီးမှာ တဖြည်းဖြည်း လှုပ်ခါ လာခဲ့၏။
“ဒါ... ဒါကြီးက...”
ကောင်းကင် စစ်ဝိညာဉ်၏ နုပျိုလှပသော အသံလေးမှာ မယုံကြည်နိုင်မှုတို့ဖြင့် တုန်ရင်နေသည်။
တစ်ချိန်တည်းတွင်ပင် ယွီစွန်းလီနှင့် အခြားသူများသည် အဖြူရောင် အဘိဿဲလ်၏ နံရံကြီးများက လှိုင်းလုံးကြီးများနှယ် တက်လိုက်ကျလိုက်ဖြစ်ကာ တစ်ခုနှင့်တစ်ခု တိုက်မိနေပုံ၊ မြူခိုးမြူထုများက ရင်သပ်ရှုမောဖွယ် ကခုန်နေပုံတို့ကို အံ့ဩတကြီး ငေးမောနေကြသည်။
ပတ်ဝန်းကျင်မှာ တိမ်တိုက်ကြီးများနှင့် တူလှသည်။ တစ်ခါတစ်ရံတွင် သူတို့သည် လည်ပတ်နေသည့် လူသားပုံသဏ္ဌာန်များကို မြင်တွေ့ရတတ်သည်။ ၎င်းတို့မှာ အလွန်သေးငယ်သလို၊ အလွန်လည်း ကြီးမားကြသည်။ လက်လေးဖက်ပါသူ၊ မျက်လုံးတစ်လုံးတည်းပါသူ၊ လက်မပါသူနှင့် မျက်လုံးအများအပြားပါသူ စသည်ဖြင့် အမျိုးမျိုး ရှိကြ၏။
တစ်ခါတစ်ရံတွင်မူ ရှေးဟောင်း သားရဲကြီးများ တိုက်ခိုက်နေကြသကဲ့သို့ မြူထုကြီးများ အချင်းချင်း ပွတ်တိုက်နေသည်ကို မြင်ရပြန်သည်။ အချို့သော အချိန်များတွင်မူ အဖြူရောင်အလင်းတန်းများသည် စူးရှပူပြင်းသော နေမင်းတစ်စင်းနှယ် လုံးဝန်းသော အလင်းလုံးကြီးအဖြစ် ပြောင်းလဲသွားပြီးနောက်၊ ငြိမ်သက်စွာဖြင့် ပေါက်ကွဲကာ ပျောက်ကွယ်သွားတတ်သည်။
“အဘိဿဲလ်ရဲ့ အရိပ်တွေ...”