← Chapters

အခန်း (၂၄၁)

Vol. 25 Ch. 241

အခန်း (၂၄၁)

Vol. 25 Ch. 241

ကျန်းဟိုင် အခြေစိုက်စခန်း၏ အတွင်းပိုင်း မြို့တော်ရှိ အစည်းအဝေးခန်းမအတွင်း၌ တင်းမာမှုများ ဖုံးလွှမ်းနေသည်။

အလယ်ရှိ အစည်းအဝေး စားပွဲကြီးတွင် လူများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။ ဤဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်မှာ အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေသော ဇွန်ဘီဘုရင်ပင်။

ကိစ္စရပ်၏ အရေးကြီးပုံကြောင့် အခြေစိုက်စခန်း၏ ထိပ်တန်းအရာရှိကြီးများအားလုံး တက်ရောက်ကြသလို ဤစစ်ဆင်ရေး၏ အဓိက အဆုံးအဖြတ်ပေးမည့်သူများ ဖြစ်သော ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ဝင် ခုနစ်ဦးစလုံးကိုလည်း အထူးဖိတ်ကြားထားသည်။

"ကပ္ပတိန်လင်း... ဒါကတော့ ကျန်းနန်မြို့ခရိုင်ထဲမှာရှိတဲ့ ဇွန်ဘီဘုရင်နဲ့ ပတ်သက်သမျှ အချက်အလက်တွေ အားလုံးပါပဲ။ ကျုပ်တို့ အခြေစိုက်စခန်းက ဇွန်ဘီဘုရင်ကို နှိမ်နင်းဖို့ ကြိုးစားရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဖြစ်စဉ်တွေအပြင် အရင်က ပေးပို့ထားတာထက် ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။

အခြေအနေကို အကြမ်းဖျင်း သဘောပေါက်အောင် အရင်ကြည့်ထားလိုက်ပါ။ ဒါက ရှေ့ဆက်လုပ်မယ့် စစ်ဆင်ရေးတွေအတွက် အများကြီး အထောက်အကူဖြစ်မှာပါ"

ဗိုလ်ချုပ်သည် သူ၏ ညာဘက်ဘေးတွင် ထိုင်နေသော ကပ္ပတိန်လင်းထံသို့ ထူထဲသော စာရွက်စာတမ်းပုံကြီးကို လေးစားစွာဖြင့် ကမ်းပေးလိုက်သည်။

ဇွန်ဘီဘုရင်ကို အောင်မြင်စွာ သုတ်သင်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ ကောင်းကင်ယံအထူးတပ်ဖွဲ့ အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။ ထို့ကြောင့်လည်း အခြေစိုက်စခန်းဘက်မှ စုဆောင်းထားသော သတင်းအချက်အလက်များမှာ အလွန်ပင် စေ့စပ်သေချာလှပြီး ယခုကာလအတွင်း ကျန်းနန်မြို့ခရိုင်၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များအားလုံးကို မှတ်တမ်းတင်ထားသည်။

"ကောင်းပါပြီ ဗိုလ်ချုပ်။ ကျုပ်ကို အချိန်နည်းနည်းလောက် ပေးပါ"

ကပ္ပတိန်လင်းသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့ရှိ စာရွက်စာတမ်းများကို ဆွဲယူကာ လျင်မြန်စွာ ဖတ်ရှုစစ်ဆေးတော့သည်။

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းသည် ကပ္ပတိန်လင်း ဖတ်ရှုပြီးဆုံးမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုနေရင်း ကပ္ပတိန်လင်း၏ မျက်နှာပေးမှာ အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ရာကို အံ့ဩသွားသည့်အလားပင်

ထို့နောက် မထင်မှတ်ထားဘဲ သူ၏ မျက်မှောင်များ ကြုတ်သွားကာ မျက်နှာမှာ အလွန်တည်ကြည်လေးနက်သွားသည်။

ဆယ်မိနစ်ခန့်အကြာတွင် အချက်အလက်များကို ဖတ်ရှုပြီးစီးသွားသော ကပ္ပတိန်လင်းသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ရှိ လူအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ဤအချိန်တွင် အခြားသူများမှာလည်း ကပ္ပတိန်လင်း၏ ရုတ်တရက် ပြောင်းလဲသွားသော စိတ်ခံစားချက်ကြောင့် ဇဝေဇဝါ ဖြစ်နေကြရသည်။

"ဗိုလ်ချုပ်... ဒီအချက်အလက်တွေကို ကျုပ် အသေးစိတ်ကြည့်ပြီးပါပြီ။ ကျုပ်ထင်တာတော့... ကျန်းနန်မြို့ခရိုင်ထဲမှာ ရှိနေတဲ့ အရာက ဇွန်ဘီဘုရင်မဟုတ်နိုင်ဘူး။ ခင်ဗျားတို့ အကဲဖြတ်တာ မှားနေပုံရတယ်"

ကပ္ပတိန်လင်းသည် မျက်မှောင်ကြုတ်လျက် ဗိုလ်ချုပ်ကို စူးစိုက်ကြည့်ကာ သူ၏ သံသယကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဇွန်ဘီဘုရင် မဟုတ်ဘူး ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

အခန်းတစ်ခုလုံး အံ့ဩတုန်လှုပ်မှုများ ပျံ့နှံ့သွားပြီး ထိပ်တန်းအရာရှိကြီးအားလုံးမှာ ကပ္ပတိန်လင်းကို မယုံကြည်နိုင်သကဲ့သို့ ကြည့်နေကြသည်။

ဇွန်ဘီဘုရင် မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ။

ဇွန်ဘီများကို စိတ်ကြိုက်ထိန်းချုပ်နေသည့် ထိုအရာ၏ အပြုအမူမှာ ဒဏ္ဍာရီလာ ဇွန်ဘီဘုရင်

နှင့် လုံးဝ တစ်ထေရာတည်းပင်။

ဗိုလ်ချုပ်ပင်လျှင် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူသည် တည်ငြိမ်မှုကို ချက်ချင်းပြန်လည်ထိန်းသိမ်းကာ ကပ္ပတိန်လင်းကို ကြည့်ပြီး မေးလိုက်သည်။

"ကပ္ပတိန်လင်း... ခင်ဗျားက အင်ပါယာမြို့တော်က လာတာဆိုတော့ ဇွန်ဘီဘုရင်နဲ့ ပတ်သက်ရင် ကျုပ်တို့ထက် ပိုပြီး ရင်းနှီးကျွမ်းကျင်မှာပါ။ ခင်ဗျားမှာ သံသယရှိနေတယ်ဆိုမှတော့ ကျုပ်တို့အားလုံး နားထောင်ဖို့ အသင့်ပါပဲ။ ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါဦး"

ဗိုလ်ချုပ်၏ စကားအဆုံးတွင် ဆူညံနေသော အရာရှိကြီးများမှာ ချက်ချင်းပင် ငြိမ်သက်သွားကြပြီး ကပ္ပတိန်လင်း၏ ရှင်းလင်းချက်ကို စိတ်ဝင်တစား စောင့်ဆိုင်းနေကြတော့သည်။

ကပ္ပတိန်လင်း၏ ခွဲခြမ်းစိတ်ဖြာချက်က အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံးကို အံ့အားသင့်သွားစေသည်။ ဇွန်ဘီဘုရင်ဟု သူတို့ထင်မှတ်ထားသော အရာမှာ တကယ်တော့ ထူးခြားသော စွမ်းရည်နိုးထလာသည့် "လူသားဆင့်ကဲပြောင်းလဲသူ" တစ်ဦး ဖြစ်နိုင်သည်ဟူသော အချက်မှာ အလွန်ပင် ယုတ္တိရှိနေသည်။

"ဗိုလ်ချုပ်... ကျုပ် ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ ဥပမာအားဖြင့် အင်ပါယာမြို့တော်မှာရှိတဲ့ ဇွန်ဘီဘုရင်တွေဟာ သေရမှာကို အရမ်းကြောက်ကြတယ်။ သူတို့က လူမြင်ကွင်းကို ဘယ်တော့မှ ထွက်မလာဘဲ အမှောင်ထဲမှာပဲ ပုန်းအောင်းနေတတ်ကြတာပါ။

ပြီးတော့ ဇွန်ဘီဘုရင်တွေမှာ အသိဉာဏ်ရှိတယ်ဆိုပေမဲ့ ကားမောင်းတာ၊ ပစ္စည်းသယ်တာ၊ လယ်စိုက်တာစတဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်မျိုးတွေကို သူတို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် ကျန်းနန်မြို့ခရိုင်ထဲမှာ ရှိနေတဲ့အရာက ဇွန်ဘီဘုရင် မဟုတ်နိုင်ပါဘူး။

နောက်ပြီး ဇွန်ဘီဘုရင်လို့ သံသယရှိခံထားရတဲ့ အဲဒီမိန်းကလေးလေးက ထူးခြားတဲ့ ဇွန်ဘီထိန်းချုပ်ခြင်းစွမ်းရည်နိုးထလာသူ ဖြစ်နိုင်ပါတယ်။ သူမကဇွန်ဘီဘုရင်တွေလိုပဲ အခြားဇွန်ဘီတွေကို အမိန့်ပေးနိုင်စွမ်း ရှိတာပါ။ သူမရဲ့ တကယ့်အထောက်အထားက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း သူမရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဇွန်ဘီတွေက လူသားတွေလို ပြုမူနေကြတာပေါ့"

ကပ္ပတိန်လင်းသည် သူ၏အမြင်ကို ဗိုလ်ချုပ်ထံ သေချာစွာ ရှင်းပြလိုက်သည်။

"ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဟုတ်လား ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပေါ့..."

ဗိုလ်ချုပ်၏ မျက်နှာမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဤအချက်မှာ ဖြစ်နိုင်ခြေ အလွန်များကြောင်း စဉ်းစားလိုက်မိသည်။ အကယ်၍သာ ဇွန်ဘီဘုရင် မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ခဲ့လျှင် ကျန်းဟိုင်စခန်းအတွက် အခွင့်အရေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အခြားအရာရှိကြီးများမှာလည်း ကပ္ပတိန်လင်း၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် အလွန်ပင် တိကျလှသည်ဟု လက်ခံသွားကြသည်။ ဤအချိန်တွင် ကပ္ပတိန်လင်း၏ မျက်ဝန်းများမှာ အရောင်တောက်လာပြီး အကြံပြုချက်တစ်ခု ပေးလိုက်သည်။

"ဗိုလ်ချုပ်... ဒီမိန်းကလေးကို နှိမ်နင်းမယ့် စစ်ဆင်ရေးမှာ ကျုပ်တို့သူမကို အရှင်ဖမ်းဖို့ ကြိုးစားသင့်တယ်လို့ ကျုပ်ယူဆပါတယ်။ သူမရဲ့ စွမ်းရည်က အလွန်ကို ထူးခြားလွန်းတယ်။ အကယ်၍ ကျုပ်တို့ သူမကို လက်အောက်ခံဖြစ်အောင် လုပ်နိုင်ခဲ့ရင် ဇွန်ဘီဘုရင်တွေရဲ့ လျှို့ဝှက်ချက်တွေကို သုတေသနလုပ်နိုင်မှာတင်မကဘဲ နောင်တစ်ချိန်မှာ အခြားဇွန်ဘီဘုရင်တွေကို တိုက်ခိုက်တဲ့အခါ သူမဟာ ကျုပ်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အားသာချက်တစ်ခု ဖြစ်လာမှာပါ"

ကပ္ပတိန်လင်းသည် လူသားအသိဉာဏ်ရှိပြီး ဇွန်ဘီများကို ထိန်းချုပ်နိုင်သည့် ထိုမိန်းကလေးကို အလွန်ပင် စိတ်ဝင်စားသွားခဲ့သည်။

အကယ်၍သာ သူမကို လက်အောက်ခံဖြစ်အောင် လုပ်နိုင်ခဲ့လျှင် အနာဂတ်တွင် လူသားများသည် ဇွန်ဘီဒီရေလှိုင်းကိုပင် ဖန်တီးကာ အခြားဇွန်ဘီဘုရင်များကို တိုက်ခိုက်ခိုင်းပြီး ဇွန်ဘီအင်အားစုများကို အချင်းချင်း အားနည်းသွားအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

ဤစကားကို ကြားသောအခါ ဗိုလ်ချုပ်က အမြန်ပင် သတိပေးလိုက်သည်။

"ကပ္ပတိန်လင်း... ဒီမိန်းကလေးက တကယ့်ကို ကြောက်စရာကောင်းတာပါ။ ခင်ဗျားတို့အဖွဲ့အနေနဲ့ သူမကို လျှော့မတွက်ဖို့ လိုလိမ့်မယ်။ သူမကို အရှင်ဖမ်းဖို့ဆိုတာ အလွန်ကို စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စတစ်ခုပဲ"

ထိုမိန်းကလေးထံတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသော ဗိုလ်ချုပ်သည် သူမကို လုံးဝ လျှော့မတွက်ရဲတော့ပေ။ သူမ၏ အပြင်ပန်းအင်အားမှာပင် ကျန်းဟိုင်စခန်းက တောင့်ခံနိုင်သည့်အဆင့်ထက် ကျော်လွန်နေပြီး အမှောင်ထဲတွင်လည်း မည်သည့်လျှို့ဝှက်ချက်များ ရှိနေဦးမည်ကို မည်သူမျှ မသိနိုင်ပေ။

"စိတ်ချပါ ဗိုလ်ချုပ် ကျုပ်တို့ ကောင်းကင်ယံအထူးတပ်ဖွဲ့ ရှိနေသရွေ့ အဲဒီမိန်းကလေးကအခြေစိုက်စခန်းရဲ့ လက်ခုပ်ထဲက ရေပါပဲ။ ဘယ်မှ ထွက်ပြေးလို့ မလွတ်စေရဘူး"

ကပ္ပတိန်လင်းက ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် ပြောလိုက်သည်။ သူ၏အမြင်တွင်မူ ကောင်းကင်ယံအထူးတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံအရ သာမန်ဆင့်ကဲပြောင်းလဲသူတစ်ဦးကို ဖမ်းဆီးခြင်းမှာ လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်နေသည်။

"မှန်ပါတယ် ဗိုလ်ချုပ်။ ကျုပ်တို့အဖွဲ့က အားလုံး ပျံသန်းနိုင်စွမ်းရှိတဲ့ ဆင့်ကဲပြောင်းလဲသူတွေချည်းပဲဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

"ဟုတ်တယ် အဲဒီမိန်းကလေးမှာ ဇွန်ဘီထိန်းချုပ်နိုင်စွမ်းနဲ့ တခြားနည်းလမ်းတွေ ရှိနေပါစေဦးတော့ ကျုပ်တို့ကိုတော့ သူမ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

"ဟို မီးမှုတ်တဲ့ဇွန်ဘီကတော့ နည်းနည်း ပြဿနာရှိနိုင်ပေမဲ့ အင်ပါယာမြို့တော်ကနေ အထူးထုတ်လုပ်ထားတဲ့ မီးဒဏ်ခံတိုက်ပွဲဝင်ဝတ်စုံတွေ ကျုပ်တို့မှာ ရှိပါတယ်။ မီးမှုတ်တဲ့ဇွန်ဘီရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးတာနဲ့ အဲဒီမိန်းကလေးက သတ်ဖို့စောင့်နေတဲ့ သိုးငယ်လေးတစ်ကောင်လို ဖြစ်သွားမှာပါ"

"ဟဲဟဲ... ဒီတစ်ခါတော့ ကျုပ်တို့ သေချာပေါက် အောင်မြင်မှာပါ"

ကောင်းကင်ယံအထူးတပ်ဖွဲ့ဝင်များမှာ တစ်ယောက်တစ်ပေါက်နှင့် ယုံကြည်မှုများ ပေါက်ကွဲနေကြသည်။ သူတို့အားလုံးမှာ ပျံသန်းနိုင်သူများဖြစ်သဖြင့် အလိုအလျောက် အသာစီးရထားသည်ဟု ခံစားနေရ၏။ မိန်းကလေးထိန်းချုပ်ထားသော ဆင့်ကဲဇွန်ဘီများဖြစ်စေ လျှို့ဝှက်

ဆန်းကြယ်သော သွေးဆာနေသည့် နွယ်ပင်ဖြစ်စေ ကောင်းကင်ပေါ်သို့ လိုက်ပါတိုက်ခိုက်နိုင်

လိမ့်မည်မဟုတ်ဘူးဟု သူတို့ တွေးထင်ထားကြသည်။

ဒီလို သဘာဝအရ အားသာချက်ရှိနေမှတော့ ဘာကို စိုးရိမ်နေရဦးမှာလဲ။

ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ဝင်များ ဤမျှ ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ ဗိုလ်ချုပ်ကလည်း စိတ်ဓာတ်ကျစေမည့် စကားများကို ဆက်မပြောတော့ပေ။

"ဒါဆိုရင်တော့ ကျန်းဟိုင်အခြေစိုက်စခန်းရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖယ်ရှားမယ့် ဒီစစ်ဆင်ရေးကြီး အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"

ဗိုလ်ချုပ်က ပြုံးလျက် ခေါင်းညိတ်ကာ ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ကို အားပေးစကား ဆိုလိုက်သည်။

"စိတ်ချပါ ဗိုလ်ချုပ် ကောင်းကင်ယံအထူးတပ်ဖွဲ့ က တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မယ်လို့ အာမခံပါတယ်"

အထူးတပ်ဖွဲ့ဝင်အားလုံးသည် မတ်တပ်ရပ်ကာ ယုံကြည်ချက်အပြည့်ဖြင့် အလေးပြုရင်း တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြတော့သည်။

All Chapters