အခန်း (၂၄၉)
Vol. 25 Ch. 249
ကျောက်လင်းးသည် သူမကိုယ်သူမ ခုခံကာကွယ်ရန်ထက် အသက်ကိုပဓာနမထားဘဲ တိုက်စစ်ဆင်လာသည်ကို မြင်လိုက်ရသောအခါ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ လက်ထဲရှိဓားကို ချက်ချင်းမြှောက်ကာ ကျောက်လင်းး၏ ပြင်းထန်သော ပိုင်းချက်ကို အသည်းအသန် ခုခံလိုက်ရသည်။
ချွန်း…
နားကွဲမတတ် စူးရှလှသော သတ္တုချင်းရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာသော တန်ပြန်အားကြောင့် နှစ်ဦးစလုံးမှာ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။
"ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့... သေပေတော့"
အဆင့် ၃ ဆင့်ကဲပြောင်းလဲသူသည် ဒေါသအိုးပေါက်ကွဲသွားပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ ပြောပြီးသည်နှင့် သူ၏ကိုယ်ပေါ်တွင် အလင်းနက်များ ဝင်းလက်လာပြီး ကျောက်လင်းဆီသို့ တစ်ဟုန်ထိုး ပြန်လည်ပြေးဝင်လာတော့သည်။
"ငါရှိနေသရွေ့တော့ ချီချီလေးအနားကို တစ်လှမ်းတောင် မတိုးစေရဘူး"
ကျောက်လင်းး၏ မျက်နှာတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ အထင်အရှား ပေါ်လွင်နေပြီး လက်ထဲရှိ သံမဏိဓားကို အားကုန်လွှဲကာ ပြန်လည်ပိုင်းချလိုက်သည်။
ဝုန်း...
နောက်တစ်ခဏတွင် နှစ်ဖက်လုံးသည် ပြင်းထန်သော တိုက်ပွဲအတွင်းသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားကြပြန်သည်။ ထက်မြက်လှသော ဓားအလင်းတန်းများသည် လေထဲတွင် မရပ်မနား ကခုန်နေပြီး သတ္တုချင်း ရိုက်ခတ်မိသော ပေါက်ကွဲသံများမှာလည်း မပြတ်ထွက်ပေါ်နေသည်။ သူတို့နှစ်ဦးသည် မိနစ်အတော်ကြာအောင် တိုက်ခိုက်နေကြသော်လည်း အခြေအနေမှာ တစ်ဖက်နှင့်တစ်ဖက် အသာစီးမရဘဲ တူညီနေခဲ့သည်။
အဓိကအားဖြင့် ကျောက်လင်းး၏ ရန်သူရှစ်ရာသေလျှင် ကိုယ့်ဘက်က တစ်ထောင်ပေးဆပ်
မည်ဟူသော အသက်စွန့်တိုက်ခိုက်သည့် ဗျူဟာမှာ အလွန်ပင် ရူးသွပ်လွန်းလှသဖြင့် ရန်သူကို အတော်လေး အခက်တွေ့စေခဲ့သည်။ ရန်သူသည် အလွန်အမင်း မြန်ဆန်သော အရှိန်ဟူသည့် စွမ်းရည်ရှိသော်လည်း ကျောက်လင်းး၏ အဆက်မပြတ်သော တိုက်စစ်များကြောင့် သူ၏စွမ်းရည်ကို အပြည့်အဝ အသုံးမချနိုင်ဖြစ်နေရသည်။
အမှန်စင်စစ် အသက်ကိုပဓာနမထားဘဲ တိုက်ခိုက်နေသူနှင့် ရင်ဆိုင်ရပါက မိမိ၏စွမ်းအားမှာ အပြတ်အသတ် သာလွန်မနေလျှင် အထိအခိုက်မရှိ အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ထိုကဲ့သို့သော အန္တရာယ်များလှသည့် တိုက်ခိုက်မှုကို အရူးများသာ လုပ်ဆောင်ကြမည်ဖြစ်ရာ ဤအဆင့် ၃ ဆင့်ကဲပြောင်းလဲသူမှာမူ ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိပေ။
ဤသို့ဖြင့် မိနစ်အနည်းငယ်အတွင်းမှာပင် နောက်ထပ် ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ အဆင့် ၃ ဇွန်ဘီရုပ်သေးနှင့် ကျိရုရွှယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်ဆုံးရှုံးသွားခဲ့ရပြန်သည်။ ကောင်းကင်ယံ၌ ဝဲပျံနေသော ကပ္ပတိန်လင်းသည် သူ၏ရဲဘော်များ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေသည်ကို မြင်တွေ့နေရသဖြင့် စိတ်ဓာတ်များ အလွန်အမင်း ညှိုးမှိန်လျက်ရှိသည်။ ဤအတိုင်းသာ ဆက်သွားပါက ပေးအပ်ထားသော တာဝန်အောင်မြင်ရန် ဝေးစွ အထက်မှ စေလွှတ်လိုက်သော လက်ရွေးစင်တပ်ဖွဲ့ သုံးဖွဲ့လုံး အမြစ်ပြတ်သွားမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
အကယ်၍ ဤစစ်ဆင်ရေးသာ ကျရှုံးခဲ့ပြီး ကျန်းဟိုင်အခြေစိုက်စခန်းသို့ ပြန်သွားခဲ့လျှင် အထက်လူကြီးများထံ ဘယ်လိုမျက်နှာပြပြီး အစီရင်ခံရမလဲ
ကပ္ပတိန်လင်းသည် တစ်စုံတစ်ရာကို အသည်းအသန် စဉ်းစားနေပုံရပြီး သူ၏မျက်နှာထားမှာလည်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။ နောက်ဆုံးတွင်မူ သူသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။
တိုက်ပွဲအခြေအနေမှာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာနေပြီး ထိုမိန်းကလေးငယ်ကို အကောင်းပကတိအတိုင်း ပြန်လည်ခေါ်ဆောင်သွားနိုင်ရန် မျှော်လင့်ချက်မှာ မရှိသလောက်ပင်။ ထို့ကြောင့် မိန်းကလေး၏ ဘေးကင်းလုံခြုံမှုကို ထည့်မတွက်တော့ဘဲ ရန်သူ့ခေါင်းဆောင်ကို တိုက်ရိုက်သုတ်သင်မည့် ခေါင်းဖြတ်စစ်ဆင်ရေးကိုသာ လုပ်ဆောင်ရန် သူ ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူတို့အဖွဲ့သားအားလုံး ဤနေရာတွင်ပင် အသက်ပျောက်ကြရတော့မည်ပင်။
ဝုန်း…
ထိုသို့ အာရုံများနေသည့်ခဏ၌ပင် အရှိန်ပြင်းလှသော မီးကွန်ယက်မှာ သူနှင့် တည့်တည့်တိုးမိသွားသည်။ ကပ္ပတိန်လင်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။
မကောင်းတော့ဘူး။
နောက်တစ်စက္ကန့်တွင် ကပ္ပတိန်လင်းသည် သူ၏တောင်ပံများကို အစွမ်းကုန်ခတ်ထုတ်ကာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ မီးကွန်ယက်နှင့် ပွတ်တိုက်မိသွားသည်။
ဝုန်း…..
ဖူးးး
ကပ္ပတိန်လင်း၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူသည် ပေပေါင်းရာချီသော အကွာအဝေးသို့ လွင့်စင်သွားတော့သည်။ သူ၏ကိုယ်ပေါ်ရှိ နက်မှောင်သော အကြေးခွံချပ်ဝတ်များမှာ ပြင်းထန်သော အပူရှိန်အောက်တွင် ပေါက်ကွဲပျက်စီးသွားပြီး ဒဏ်ရာများမှာ ကြည့်မကောင်းအောင်ပင် ဆိုးရွားလှသည်။ သူ၏ တောင်ပံတစ်ဖက်မှာလည်း မီးကျွမ်းသွားသဖြင့် မီးသွေးတုံးတစ်ခုအလား ဖြစ်သွားခဲ့ရသည်။
"အဟွတ်... အဟွတ်"
ဤအချိန်တွင် ကပ္ပတိန်လင်းမှာ ပန်းပဲဖိုမှ လေမှုတ်တံအလား အသက်ကို လုရှူနေရပြီး သွေးများ ထပ်မံအန်ထုတ်လိုက်ရသည်။ သူ၏ စွမ်းအင်များမှာလည်း သိသိသာသာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။
"ကပ္ပတိန်"
ဘေးပတ်ဝန်းကျင်ရှိ အဖွဲ့ဝင်များသည် ကပ္ပတိန်လင်း၏ အခြေအနေကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူ့အနားသို့ အပြေးအလွှား စုရုံးလာကြသည်။ အဖြစ်အပျက်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်ပြီး သူတို့ သတိထားမိချိန်တွင် ကပ္ပတိန်လင်းမှာ မီးကွန်ယက်ကြောင့် လွင့်စင်သွားခဲ့ပြီဖြစ်သည်။
"အားလုံး... အနောက်မှာပဲ နေကြစမ်း"
ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သွားမတတ် ခံစားနေရသော နာကျင်မှုကို အံကြိတ်အောင့်အီးရင်း ကပ္ပတိန်လင်းသည် သတိပြန်ဝင်လာကာ လူတိုင်းကို လက်ပြတားဆီးလိုက်သည်။
ထို့နောက်တွင် ကပ္ပတိန်လင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ရှိသော တင်းမာသည့်မျက်နှာထားဖြင့် "အားလုံး အခုချက်ချင်း ခေါင်းဖြတ်စစ်ဆင်ရေးကို အကောင်အထည်ဖော်ကြ။ အသေအပျောက်ကို ဂရုမစိုက်နဲ့တော့ ပစ်မှတ်ကို အရှင်ရရ အသေရရ အပြတ်ရှင်းပစ်" ဟု ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။
ယခုအချိန်တွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ ဆင့်ကဲဇွန်ဘီများကို ထိန်းချုပ်နိုင်သည့် ထိုမိန်းကလေးငယ်ပင်။ သူမကိုသာ ဖမ်းဆီးနိုင်လျှင် သို့မဟုတ် သတ်ဖြတ်နိုင်လျှင် သူတို့ရင်ဆိုင်နေရသော အကျပ်အတည်းမှာ အလိုအလျောက် ပြေလည်သွားမည်ပင်။
"ဟုတ်ကဲ့ပါ"
အမိန့်ရသည်နှင့် ကောင်းကင်ယံရှိ ကောင်းကင်ယံအထူးတပ်ဖွဲ့အဖွဲ့ဝင်များသည် လွှမ်းမိုးထားသော မီးကွန်ယက်ကို နည်းလမ်းမျိုးစုံဖြင့် ဖြတ်ကျော်ရန် စတင်လှုပ်ရှားကြတော့သည်။
ဧရာမ လင်းယုန်နက်ကြီးအဖြစ် အသွင်ပြောင်းထားသော ကတုံးဆံပင်နှင့်လူငယ်မှာ ခန္ဓာကိုယ်ကို လက်ဖဝါးခန့်သာရှိသော အရွယ်အစားသို့ ရုတ်တရက် ကျုံ့လိုက်ပြီးနောက် မီးကွန်ယက်၏ လောင်မြဲမှုကို အံတုလျက် မီးတောက်ကြားရှိ လစ်ဟာသော နေရာလွတ်များမှ တစ်ဆင့် တိုးဝင်သွားခဲ့သည်။ မီးလျှံဆင့်ကဲပြောင်းလဲသူမှာမူ မီးလျှံစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ အံ့မခန်းသော အရှိန်အဟုန်ဖြင့် မီးကွန်ယက်ကို ပတ်၍ ရှောင်ကွင်းရန် ကြိုးစားသည်။ လေဒြပ်စင်ကို ထိန်းချုပ်နိုင်သူမှာမူ သူ၏ခန္ဓာကိုယ်ကို စိမ်းပြာရောင် အရှိန်မြှင့်စွမ်းအင်များဖြင့် ဝန်းရံကာ၊ ပြင်းထန်စွာ လည်ပတ်နေသော လေဓားများဖြင့် လမ်းဖွင့်လျက် တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အောက်ခြေ၌ အဆင့် ၃ ဇွန်ဘီရုပ်သေးများနှင့် လုံးထွေးနေသော အခြားဆင့်ကဲပြောင်းလဲသူများသည်လည်း အမိန့်ကို နားလည်သဘောပေါက်သည်နှင့် ပြတ်သားသော မျက်နှာထားများဖြင့် တုံ့ပြန်ကြတော့သည်။ အချိန်ဆွဲနေပါက သေရမည်မှာ သေချာလှသဖြင့် သူတို့သည် သူတို့၏ စွမ်းရည်များကို အသုံးပြုကာ ဇွန်ဘီရုပ်သေးများ၏ ပိတ်ဆို့မှုကို ဖောက်ထွက်၍ လူနေအိမ်ဆီသို့ ဦးတည်ချီတက်ကြသည်။
ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ သူ၏ကိုယ်ပေါ်တွင် ညိုဝါရောင် စွမ်းအင်များ ဝင်းလက်လာပြီးနောက် မြေပြင်အတွင်းသို့ ချက်ချင်းပင် ငုပ်လျှိုးပျောက်ကွယ်သွားကာ မြေအောက်မှတစ်ဆင့် လျင်မြန်စွာ ရွေ့လျားသွားသည်။ အခြားတစ်ဦးမှာမူ သူ၏ပုံရိပ်ကို ဝေဝါးသွားစေပြီး မမြင်နိုင်သော အခြေအနေဖြင့် ဇွန်ဘီရုပ်သေးများကို ဖြတ်ကျော်သွားခဲ့သည်။
သို့သော် ကျန်ရှိနေသော ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်မှာမူ အသံတိတ် လှုပ်ရှားရန် မသင့်တော်သဖြင့် သူတို့သည် ဇွန်ဘီရုပ်သေးများကို အတင်းအဓမ္မ တိုးဝှေ့ဖောက်ထွက်ရန်သာ ကြိုးစားကြရတော့သည်။
ဘုန်းးး…
ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် သတ္တုရောင်လက်နေသော ကျောက်သားဒိုင်းများကို သူ၏ကိုယ်
ပတ်လည်တွင် စုစည်းလိုက်ပြီး ရှေ့ဘက်တွင် အထက်သို့ မြင့်တက်သွားသော ကျောက်လှေကားထစ်များကို ဖန်တီးလိုက်သည်။ ထိုလှေကားထစ်များပေါ်သို့ အရှိန်ဖြင့် နင်းတက်ကာ အဆင့် ၃ ဇွန်ဘီရုပ်သေး၏ ဦးခေါင်းပေါ်မှ ကျော်ဖြတ်ရန် ကြိုးစားသည်။ သူ အောက်သို့ ပြန်အဆင်းတွင်မူ တင့်ကားအမျိုးအစားဇွန်ဘီရုပ်သေးက နောက်သို့ လှည့်ကာ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။
ဝုန်း…
ဆင့်ကဲပြောင်းလဲသူ၏ ရှေ့မှ ကျောက်သားဒိုင်းမှာ တင့်ကားဇွန်ဘီ၏ လက်သီးချက်အောက်တွင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပြီး ထိုဆင့်ကဲပြောင်းလဲသူမှာလည်း သွေးများ အန်ထုတ်လျက် လူနေအိမ်ဆီသို့ မထိန်းချုပ်နိုင်သော အရှိန်ဖြင့် လွင့်စင်သွားတော့သည်။
ပါးစပ်မှ သွေးများ တရစပ် အန်ထုတ်နေသော်လည်း ထိုဆင့်ကဲပြောင်းလဲသူ၏ မျက်နှာတွင် နာကျင်မှုနှင့်အတူ ခါးသီးသော အပြုံးတစ်ခု ပေါ်လွင်နေသည်။ သူသည် အချိန်ဆွဲမနေဝံ့ဘဲ အနောက်မှ လိုက်ပါလာသော အဆင့် ၃ ဇွန်ဘီရုပ်သေး လက်မမှီမီ လူနေအိမ်ဆီသို့ အသည်းအသန် ပြေးဝင်သွားတော့သည်။
ဆင့်ကဲပြောင်းလဲသူအုပ်စုမှာ အသက်ကိုပဓာနမထားဘဲ အတင်းတိုးဝင်လာသည်ကို မြင်လိုက်ရသောအခါ ပြတင်းပေါက်မှ အခြေအနေကို စောင့်ကြည့်နေသည့် ကျိရုရွှယ်မှာ မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် ကျိရုရွှယ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူမ၏ အကြည့်မှာ မြေပြင်နှင့် ပြတင်းပေါက်နှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာနှစ်ခုမှာ ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူနှင့် မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူတို့ ရှိနေသည့် နေရာများပင် ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူနှစ်ဦးမှာ သူမ၏အနားသို့ ချဉ်းကပ်လာသည်ကို သိရှိသော်လည်း ကျိရုရွှယ်သည် အေးဆေးတည်ငြိမ်စွာဖြင့် သူမ၏ အဆိပ်အပ်များကို အသင့်ပြင်ထားလိုက်သည်။
သူမတွင် အချိန်ထိန်းချုပ်ခြင်းစွမ်းရည်ရှိနေသဖြင့် ဤလူများက သူမကို လာရောက်လုပ်ကြံရန် ကြိုးစားခြင်းမှာ အလွန်ပင် ကလေးကလားဆန်လွန်းလှသည်။ ထိုသူနှစ်ဦး လှုပ်ရှားလိုက်သည်နှင့် သူမ၏ အဆိပ်အပ်များမှာ ချက်ချင်းပင် ထွက်ပေါ်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာမရှိစေရန် တစ်ချက်တည်းနှင့် အသက်ပျောက်အောင် သုတ်သင်မည်ဟု သူမ ဆုံးဖြတ်ထားသည်။
ဝုန်း….
ရုတ်တရက် မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူမှာ မြေအောက်မှ ဝုန်းခနဲ ထွက်ပေါ်လာပြီး အခန်းအတွင်းသို့ ရောက်ရှိလာသည်။ သူသည် ပြတင်းပေါက်နားတွင် ရပ်နေသော ကျိရုရွှယ်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်ကာ သူမ၏ ရင်ဘတ်တည့်တည့်သို့ ဓားဖြင့် အားကုန် ထိုးနှက်လိုက်သည်။
"ချီချီလေး"
ပြတင်းပေါက်ရှေ့တွင် ရန်သူများကို ပိတ်ဆို့ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းနီနေသော ကျောက်လင်းးသည် မျက်နှာပျက်သွားကာ သူမ၏ ပြိုင်ဘက်ကို ဓားဖြင့် တွန်းထုတ်လိုက်ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ခုန်ဝင်လာကာ ချီချီလေး၏ ရှေ့တွင် ဒိုင်းသဖွယ် ကာကွယ်ပေးလိုက်သည်။
ဖလပ်…
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူ၏ ဓားမှာ ကျောက်လင်းး၏ ဝမ်းဗိုက်အတွင်းသို့ တည့်တည့် စိုက်ဝင်သွားတော့သည်။ ကျောက်လင်းး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး နာကျင်လှသော ညည်းတွားသံနှင့်အတူ ပါးစပ်ထောင့်များမှ သွေးများ စိမ့်ထွက်လာသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ ခွန်အားများ ဆုတ်ယုတ်သွားသည်ကို ခံစားရသော်လည်း ကျောက်လင်းးသည် ပြင်းထန်သော နာကျင်မှုကို အံတုကာ မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူအား သူမ၏ ဓားဖြင့် ဝှေ့ယမ်းကာ နောက်သို့ ဆုတ်သွားအောင် လုပ်လိုက်သည်။
ဝုန်း…
နောက်တစ်စက္ကန့်တွင် ဖြူဖျော့နေသော မျက်နှာဖြင့် ကျောက်လင်းးမှာ မြေပြင်ပေါ်သို့ အားမဲ့စွာ ဒူးထောက်ကျသွားပြီး ညာဘက်လက်ဖြင့် သံမဏိဓားကို အားပြုကာ ကိုယ်ကို ထိန်းထားရသည်။
ကျိရုရွှယ်: "……"
ကျောက်လင်းးကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း ကျိရုရွှယ်မှာ လုံးဝပင် ဆွံ့အသွားရသည်။
ငါက သူ့ကို သတ်နိုင်ပါတယ်ဆိုမှ... နင်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် အပ်ပြီး လာအသေခံနေရတာလဲ။