အခန်း (၂၅၀)
Vol. 25 Ch. 250
"အန်တီကျောက်လင်း"
ကျိရုရွှယ်မှာ အသိပြန်ဝင်လာသည်နှင့် ချက်ချင်းပင် ရှေ့သို့တိုးကာ ကျောက်လင်းး၏ ဒဏ်ရာများကို စစ်ဆေးရန် ပြင်ဆင်လိုက်သော်လည်း ကျောက်လင်းးက သူမအား လက်ဖြင့် ဟန့်တားလိုက်သည်။
"ချီချီလေး... အန်တီ သမီးကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်မလား။ မြန်မြန်... မြန်မြန်သွားတော့။ အန်တီ သူတို့ကို တားထားပေးမယ်"
ကျောက်လင်းးသည် တုန်ရီနေသော သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ကျိရုရွှယ်ကို နောက်သို့ ပို့လိုက်သည်။ ညာဘက်လက်ကမူ သံမဏိဓားကို အားပြုလျက် မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ကြိုးစားနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ဟန်ချက်မညီဘဲ ယိမ်းထိုးနေဆဲပင်။
ဖူးးးး…
နောက်ဆုံးတွင်မူ ကျောက်လင်းးသည် သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ အားမဲ့စွာ ပြိုလဲကျသွားတော့သည်။ သူမ၏ အသက်ရှူသံများမှာလည်း တစ်စထက်တစ်စ ပိုမိုအားနည်းလာခဲ့ပြီ ဖြစ်သည်။
"..."
ကျိရုရွှယ်မှာ ဆွံ့အလျက် ဘာပြောရမှန်းပင် မသိတော့ပေ။
သူမ တကယ်ပင် ဆဲရေးတိုင်းထွာချင်စိတ် ပေါက်နေမိသည်။ မူလက အစီအစဉ်အတိုင်းဆိုလျှင် ချောချောမွေ့မွေ့နှင့် အောင်မြင်တော့မည် ဖြစ်သော်လည်း အခြေအနေမှာ ယခုကဲ့သို့ အလှည့်အပြောင်း ဖြစ်သွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။
သို့သော်လည်း ကျောက်လင်းးက သူမအတွက် အသက်စွန့်ကာကွယ်ပေးနေသည်ကို မြင်ရသောအခါ သူမ၏ ရင်ထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားမှု တစ်ခုမှာ အမှတ်မထင် ဖြစ်ပေါ်လာခဲ့သည်။
ထိုသို့တွေးမိသည်နှင့် ကျိရုရွှယ်၏ မျက်နှာပေးမှာ ထူးဆန်းသွားသည်။ သူမသည် မြေပြင်ပေါ်တွင် အသက်ငင်နေသော ကျောက်လင်းးကို ငုံ့ကြည့်ကာ ခေါင်းကိုသာ သက်ပြင်းချလျက် ခါယမ်းလိုက်မိသည်။
ဟူး... ဒီမိုက်မဲတဲ့ မိန်းမကြီးကတော့... ဘာမဟုတ်တာလေးအတွက်နဲ့ သူ့အသက်ကို အလဟဿ စတေးလိုက်ပြန်ပြီ...
ကျောက်လင်းး၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုမှာ မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူနှင့် အခြားသူများကိုပင် အံ့အားသင့်သွားစေသည်။
"ဟင်း... ဒီမိန်းမကတော့ တကယ့်ကို ရူးနေတာပဲ။ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ"
မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူသည် သတိပြန်ဝင်လာပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ကျောက်လင်းးကို တစ်ချက်လှမ်းကြည့်ကာ လှောင်ပြောင်လိုက်သည်။
ထို့နောက် မြေလျှိုးစွမ်းရည်ဆင့်ကဲပြောင်းလဲသူသည် သူ၏အကြည့်ကို ကျိရုရွှယ်ထံသို့ ရွှေ့လိုက်ပြီး လက်ထဲမှ စစ်သုံးဓားကို ဝှေ့ယမ်းကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အသင့်ပြင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူနှင့် ယခင်က ကျောက်လင်းးနှင့် တိုက်ခိုက်ခဲ့သော အဆင့် ၃ ဆင့်ကဲပြောင်းလဲသူတို့သည်လည်း ပြတင်းပေါက်အပြင်ဘက်သို့ ရောက်ရှိလာကြပြီး ကျိရုရွှယ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
ကျိရုရွှယ်သည် ကြည့်ရသည်မှာ အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးနှင့် တူသော်လည်း သူမ၏ အန္တရာယ်ရှိမှုကို သိရှိထားကြသော ထိုသူသုံးဦးမှာ အထင်မသေးရဲဘဲ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ဝုန်း….
သုံးဦးစလုံးသည် တစ်ပြိုင်နက်တည်း အရှိန်ဖြင့် ပြေးဝင်လာကြပြီး ထက်မြက်လှသော ဓားအလင်းတန်းများသည် ကျိရုရွှယ်၏ သေးငယ်သော ကိုယ်ထည်လေးဆီသို့ ဦးတည်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ကျောက်လင်းး၏ သေဆုံးမှုကြောင့် အမျက်ထွက်နေသော ကျိရုရွှယ်၏ မျက်ဝန်းများမှာ အေးစက်စွာ ဝင်းလက်လာသည်။ မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခုသည် ထိုသူသုံးဦးလုံးကို လွှမ်းခြုံသွားပြီး သူတို့အားလုံးကို လှုပ်ရှား၍မရအောင် နေရာမှာတင် ချက်ချင်းပင် ရပ်တန့်စေခဲ့သည်။
ရွှပ်... ရွှပ်... ရွှပ်
အခန်းတွင်း၌ လေထုကို တိုးဝှေ့သွားသော သိမ်မွေ့သည့် အသံသုံးသံနှင့်အတူ အပ်ချည်ထိုးအပ် သုံးချောင်းသည် ထိုသူသုံးဦး၏ နဖူးတည့်တည့်သို့ တိုးဝင်သွားခဲ့ပြီး လတ်ဆတ်သော သွေးစက်အချို့ကို ထွက်ပေါ်စေခဲ့သည်။
ထို့နောက်တွင် ကျိရုရွှယ်သည် သူမ၏ အချိန်ထိန်းချုပ်မှုစွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင်…
ဘုန်း... ဘုန်း... ဘုန်းး
လေထဲတွင် တန့်နေသော ရုပ်အလောင်းသုံးခုမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားပြီး လေးလံသော မြည်ဟီးသံများ ထွက်ပေါ်လာတော့သည်။
ကြက်သူငယ်တစ်ကောင်ကို သတ်ရသလောက်ပင် လွယ်ကူစွာ သုတ်သင်ပြီးနောက် ကျိရုရွှယ်မှာ အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်းမရှိပေ။ သူမသည် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်လင်းးမှာ အသက်ပျောက်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူမ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
စိတ်ချပါ... အန်တီ့အတွက် ဒီလူတွေအားလုံးကို သူတို့အသက်နဲ့ ပြန်ပေးဆပ်စေရမယ်။
ကျိရုရွှယ်သည် အနောက်သို့လှည့်ကာ ပြင်ပရှိ တိုက်ပွဲအခြေအနေကို လှမ်းကြည့်လိုက်သည်။ ကျောက်လင်းး သေဆုံးသွားသည့်အတွက် သူမ အလွန်အမင်း ဝမ်းနည်းပူဆွေးမနေပေ။ အကြောင်းမှာ ကျောက်လင်းးသည် နောက်တစ်ကြိမ် ပြန်လည်ရှင်သန်နိုင်မည်ဖြစ်ကြောင်း သူမ သိရှိထားသောကြောင့်ပင်။
သို့သော်လည်း ကျောက်လင်းးအတွက်မူ အသက်တစ်ချောင်းမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ ယခုကဲ့သို့ အဓိပ္ပာယ်မဲ့စွာ စတေးလိုက်ရခြင်းမှာ တကယ့်ကို နှမြောစရာကောင်းလှပေသည်။
ဤအခိုက်အတန့်တွင် လူနေအိမ်ဧရိယာ၏ အပြင်ဘက်၌ လုချွမ်းသည်လည်း အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ သူသည် အောက်သို့ ထိုးဆင်းရန် ကြိုးစားနေကြသော အဆင့် ၃ ဆင့်ကဲပြောင်းလဲသူများကို ဟန့်တားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ၏။
မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော မီးကွန်ယက်ကို ထိန်းချုပ်ထားရုံမျှမက တစ်ကောင်လျှင် ၅ ကိုက်၊ ၆ ကိုက်ခန့် ရှည်လျားသော မီးလျှံမြွေများကိုလည်း ဖန်တီးလိုက်ကြသည်။
ဝုန်း... ဝုန်း...
တောက်လောင်နေသော မီးလျှံများကို သယ်ဆောင်လာသည့် ဧရာမ မီးလျှံမြွေကြီး အကောင်ပေါင်းများစွာသည် လေထဲရှိ ဆင့်ကဲပြောင်းလဲသူများကို အဆက်မပြတ် ဝိုင်းရံပိတ်ဆို့လျက် ရှိသည်။ ထိုမြွေကြီးများ၏ ဟဟထားသော မီးလျှံပါးစပ်ကြီးများမှာ ရန်သူများကို အကြိမ်ကြိမ် ကိုက်ခဲရန် ကြိုးစားနေကြသည်။
တာ့ဖန်းနှင့် အားဖန်းတို့မှာမူ ဒိုင်းသဖွယ် အကာအကွယ်ပေးထားပြီး မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့ ဒဏ်ရာမရစေရန် ကာကွယ်ပေးထားသည်။ လျှပ်စီး ၁ သည် ချီချီလေးကို ကာကွယ်ရန် အမှောင်ထဲတွင် ပုန်းကွယ်နေပြီး အဆင့် ၄ မြေလျှိုး ၁ နှင့် ဧရာမဇွန်ဘီ ၁ တို့မှာမူ လုချွမ်း၏ အမိန့်အရ ဆင့်ကဲပြောင်းလဲသူများကို တိုက်ခိုက်ရန် စတင်လှုပ်ရှားလာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမဇွန်ဘီ ၁ နှင့် မြေလျှိုး ၁ တို့သည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားကြသည်။
ကောင်းကင်ယံတွင်မူ လင်းယုန်နက်ကြီးအဖြစ် အသွင်ပြောင်းထားသော ကတုံးဆံပင်နှင့်လူငယ်သည် မီးကွန်ယက်ကြားရှိ လစ်ဟာသော နေရာလွတ်များမှတစ်ဆင့် ဖောက်ထွက်ရန် အဆက်မပြတ် ကြိုးစားနေသည်။ မီးလျှံများ၏ ပြင်းထန်သော အပူရှိန်ကြောင့် သူ၏ တောင်ပံမွေးများမှာ လောင်ကျွမ်းပြီး စူးရှသော အနံ့များပင် ထွက်ပေါ်နေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နာကျင်မှုကို အံတုလျက် မီးကွန်ယက်ကို ဖောက်ထွက်တော့မည့် လင်းယုန်နက်ကြီးအား …
ရွှပ်...
အောက်ဘက်မှနေ၍ လေထုကို ပိုင်းဖြတ်လိုက်သော အသံအချို့ ထွက်ပေါ်လာသည်။ မီးကွန်ယက်၏ အောက်ခြေမှနေ၍ ဧရာမဇွန်ဘီ ၁ သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ သူ၏လက်သည်းဓားသွားများသည် နက်မှောင်သော အလင်းတန်း ၅ ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မီးကွန်ယက်ကို ဖောက်ထွက်ရန် ပြင်နေသော လင်းယုန်နက်ကြီးထံသို့ ပစ်မှတ်ထားကာ ထိုးတက်သွားတော့သည်။
ဗြန်း...
ချက်ချင်းပင် ထိုအလင်းတန်းများသည် လင်းယုန်နက်ကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး တောင်ပံမွေးများနှင့် သွေးစများစွာကို မြေပြင်ပေါ်သို့ ဖွာခနဲ ကျဆင်းလာစေခဲ့သည်။ ထို့နောက်တွင် ပစ်လွှတ်လိုက်သော အလင်းတန်း ၅ ခုသည် ဧရာမဇွန်ဘီ ၁ ၏ ထိန်းချုပ်မှုအောက်တွင် သူ၏ညာဘက်လက်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာသည်။
ကွိ... ကွိ...
ကောင်းကင်ယံတွင် လင်းယုန်နက်ကြီးသည် နာကျင်စွာ အော်ဟစ်လျက် တောင်ပံများကို အသည်းအသန် ခတ်ထုတ်နေသော်လည်း အရှိန်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဦးခေါင်းဖြင့် စိုက်ကျလာကာ မူလလူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။
ကတုံးဆံပင်နှင့် လူငယ်သည် သွေးများ အဆက်မပြတ် အန်ထုတ်လျက် သွေးအိုင်ထဲတွင် လဲကျနေပြီး သေအံ့မူးမူး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ထိုစဉ်မှာပင် ဧရာမဇွန်ဘီ ၁ သည် ခြေတစ်လှမ်းချင်း နှေးကွေးစွာ တိုးကပ်လာပြီး မြေပြင်မှာလည်း တုန်ဟည်းသွားတော့သည်။
ဝုန်း...
ကတုံးဆံပင်နှင့် လူငယ်၏ဦးခေါင်းမှာ တစ်ခဏချင်းမှာပင် ပွင့်ထွက်သွားပြီး ခြေလက်များ အချည်းနှီးယမ်းခါသွားကာ နောက်ဆုံး၌ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားခဲ့သည်။
ကောင်းကင်ယံထက်တွင်မူ...
"အား..."
မီးတောက်နဂါး ကိုးကောင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည့် မီးတောက်စွမ်းအင်သုံး ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ အနည်းငယ် အာရုံလွတ်သွားသည့် ခဏ၌ပင် နဂါးတစ်ကောင်၏ အမြီးဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ နာကျင်စွာ အော်ဟစ်လိုက်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ အနီးနားရှိ မီးကွန်ရက်ထဲသို့ လွင့်စင်သွားတော့သည်။
ဒုန်း...
မီးလောင်ကျွမ်းသွားသည့် ထိုဆင့်ကဲပြောင်းလဲသူမှာ တစ်ဖန်ပြန်၍ အော်ဟစ်လိုက်ရပြန်ပြီး ခန္ဓာကိုယ်မှာလည်း မထိန်းချုပ်နိုင်ဘဲ အောက်သို့ အရှိန်အဟုန်နှင့် ကျဆင်းသွားလေသည်။
ဝှူး...
မြေပြင်နှင့် မထိတထိ အရေးကြီးသည့်အချိန်တွင် ထိုဆင့်ကဲပြောင်းလဲသူသည် နာကျင်မှုကို အံတုကာ သူ၏မီးတောက်စွမ်းအင်ကို ပြန်လည်အသုံးပြုလိုက်သည်။ မီးလျှံတစ်ခုအသွင် ပြောင်းလဲသွားပြီးမှသာ မြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တော့သည်။
ရှပ်...
သို့သော် သူသက်ပြင်းချရန်ပင် အချိန်မရလိုက်မီ မြေအောက်မှ အညိုရောင်သန်းသည့် ဝိညာဉ်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ခြေထောက်နှစ်ဖက်လုံးကို ရစ်ပတ်ကာ နှောင်ဖွဲ့လိုက်သည်။ ထိတ်လန့်သွားသည့် ဆင့်ကဲပြောင်းလဲသူမှာ ဘာမှပင် သတိမမူမိလိုက်ခင်မှာပင် ထိုဝိညာဉ်အလင်းတန်း၏ ဆွဲခေါ်မှုကြောင့် မြေကြီးထဲသို့ အတင်းအဓမ္မ ဆွဲနှစ်ခြင်း ခံလိုက်ရလေသည်။
မြေအောက်တွင်မူ မြေလျှိုး ၁ က ထိုသူ၏ခြေထောက်များကို ခိုင်မြဲစွာ ချုပ်ကိုင်ထားသည်။ ဆင့်ကဲပြောင်းလဲသူက ရုန်းကန်နေပြီး မီးတောက်စွမ်းအင်ဖြင့် အတင်းထွက်ပြေးရန် ကြိုးစားနေသော်လည်း မြေလျှိုး ၁ ၏ လက်မှ မမြင်နိုင်သော စွမ်းအားများ ထွက်ပေါ်လာကာ ထိုသူရှိရာသို့ လျင်မြန်စွာ ရိုက်ခတ်သွားသည်။
ချက်ချင်းဆိုသလိုပင် ဆင့်ကဲပြောင်းလဲသူ၏ ပတ်ဝန်းကျင်ရှိ မြေကြီးများသည် ကျောက်တုံးများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံး၌ သူသည် ကျောက်တုံးကြီးတစ်ခုအတွင်း ထာဝရပိတ်မိသွားတော့သည်။ အသက်ရှူရန် လမ်းစမရှိတော့သဖြင့် ခဏချင်းမှာပင် ထိုဆင့်ကဲပြောင်းလဲသူ၏ ဘဝဇာတ်သိမ်းသွားခဲ့သည်။
မြေပြင်ပေါ်တွင်လည်း ကျိရုရွှယ်၏ အချိန်ထိန်းချုပ်မှုအောက်တွင် အိမ်နှင့်မလှမ်းမကမ်းသို့ ရောက်ရှိလာသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ ရုတ်တရက် လှုပ်ရှား၍မရတော့ဘဲ နောက်မှလိုက်ပါလာသည့် ဇွန်ဘီရုပ်သေး၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဤရှုပ်ထွေးလှသော တိုက်ပွဲကြားတွင် လုချွမ်းပင်လျှင် ဤထူးဆန်းသည့် ဖြစ်ရပ်များကို သတိမထားမိလိုက်ပေ။ ယခုအချိန်၌ သူသည် ဇွန်ဘီရုပ်သေးကို ထိန်းချုပ်ကာ ကျန်ရှိနေသည့် ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ဝင်များကို အာရုံစိုက်ကာ တိုက်ခိုက်နေရသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲသူများဘက်မှ အကျအဆုံးများပြားလာပြီး အထူးအဖွဲ့သုံးဖွဲ့အနက် ဆင့်ကဲပြောင်းလဲသူ သုံးဦးသာ ကြွင်းကျန်တော့သည်။ ကောင်းကင်ယံရှိ ကောင်းကင်ယံအထူးတပ်ဖွဲ့တွင်လည်း ကပ္ပတိန်လင်းအပါအဝင် သုံးဦးသာ အသက်ရှင်ကျန်ရစ်သော်လည်း အားလုံးမှာ ဒဏ်ရာကိုယ်စီ ရရှိထားကြသည်။
"မင်းတို့ ငါ့စိုက်ခင်းကို ဖျက်ဆီးခဲ့တာ... တစ်ယောက်မှ အလွတ်မပေးဘူး"
ကျန်ရှိနေသည့် ဆင့်ကဲပြောင်းလဲသူအနည်းငယ်ကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပနေသည်။ စားစရာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ မရှိတော့မည့်အရေးကို တွေးမိကာ သူမ၏ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။