ရဲရဲနီမိစ္ဆာအင်ပါယာအား သတ်ဖြတ်ခြင်း
Vol. 20 Ch. 273
အန်လင်း၏ သိုလှောင်လက်စွပ် အရောင်လက်လာပြီး ငွေရောင်ပြောင်လက်နေသည့် ဂမ်ဒမ် နှစ်ရုပ် ထွက်ပေါ်လာသည်။
ပေလျန်သည် သူမ၏အရှေ့ရှိ စက်ရုပ် နှစ်ရုပ်အား တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။ “ဒါတွေက ရှင်ပြောနေတဲ့ ဝှက်ဖဲ ဆိုတာလား။”
အန်လင်း ခေါင်းညိတ်လိုက်သည်။ “ဒီဂမ်ဒမ် နှစ်ရုပ်က တစ်ရုပ်ချင်းစီကို ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်။ သူတို့ရဲ့ အော်ရာတွေအရတော့ ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ပင်လယ်မိစ္ဆာ ၃ ကောင်နဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်က ၂ ကောင်ပဲ။”
“အံ့ဖွယ်လေမိစ္ဆာဧကရာဇ်နဲ့ အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာက ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်မှာရှိတဲ့ ပင်လယ်မိစ္ဆာတွေပဲ။ ခင်ဗျားက သူတို့ကို တတ်နိုင်သလောက် အချိန်ဆွဲထားလိုက်။ ကျန်တဲ့ သုံးကောင်ကိုတော့ ကျွန်တော်နဲ့ လွှဲထားခဲ့။ အဲဒီကောင်တွေကို ရင်ဆိုင်ပြီးရင် လာကူမယ်။”
ပေလျန်သည် အန်လင်းအား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။
အဝေးတွင် ပင်လယ်မိစ္ဆာတပ်မသည် ကြမ်းတမ်းသည့် လှိုင်းလုံးများသဖွယ်ဖြင့် ဦးတည်လာနေပြီး တိုက်ပွဲခေါ်ရန် အချက်ပြနေလေသည်။
နွားဦးခေါင်းနှင့် နီနီရဲရဲ ဦးချိုတစ်စုံ ပါရှိသည့် သတ္တဝါကြီး တစ်ကောင်သည် သွေးလှိုင်းများအား စီးနင်းကာဖြင့် သူတို့ထံ ပျံသန်းလာနေလေသည်။
ဦးခေါင်းထက်တွင် အနက်ရောင်မြူခိုးများ အုပ်မိုးထားသော ပေရာကျော်ခန့် ရှည်လျားမည့် ဧရာမဝေလငါးကြီးတစ်ကောင်သည် လေပေါ်တွင် ပျံဝဲကာဖြင့် ပေါ်လန်မြို့ထံသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။ ယင်း၏ မျက်ဆံများသည် ခရမ်းရောင်တောက်ပနေပြီး ကြည့်နေကြကြသူများအား ဖမ်းစားထားလေသည်။
နောက်ခြေထောက်များဖြင့် မတ်တတ်ရပ်နေသော ပင်လယ်မိစ္ဆာတစ်ကောင်သည် ခန္ဓာကိုယ်တစ်ခုလုံးအား အစိမ်းရောင်သန္တာကျောက်များ ဖုံးလွှမ်းထားပြီး ဓားမော့သဏ္ဌာန် လက်နှစ်ဖက်ဖြင့် သူတို့ထံ လျှောက်လှမ်းလာနေသည်။ ယင်း၏ ခြေလှမ်းတိုင်းမှာ ပေတစ်ရာခန့် ကျယ်ပြန့်လေသည်။ သေဆုံးခြင်းအော်ရာများ ထုတ်ဖော်ထားသည့်အတွက် သူလာရာလမ်းတစ်လျှောက်ရှိ အရာအားလုံးအား တိုက်စားသွားလေသည်။
“ရဲရဲနီမိစ္ဆာအင်ပါယာ၊ ဝေလငါးရှင်ကြီး၊ သန္တာကျောက်နတ်ဆိုး..” ပေလျန်သည် သူတို့၏ အမည်များကို ရွတ်ဆိုလိုက်သည်။ ထိုအမည်နာမများသည် အရှေ့ပင်လယ်ရှိ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာများထဲတွင် အလွန်ထင်ရှား ကျော်ကြားလှသည်။
ပုလဲဘုရင်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေလေသည်။ “ဘာလို့များ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာတွေ အများကြီး ရောက်လာကြတာလဲ။ ကောင်းကင်ဘံက ပေါ်လန်မြို့ကို ပစ်ပယ်ဖို့ ကြိုးစားနေတာများလား။”
ပုလဲဘုရင်သာမက မြို့ရိုးပေါ်ရှိ ပုလဲစစ်သည်များသည်လည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြလေသည်။ အင်ပါယာအဆင့်ရှိ ပင်လယ်မိစ္ဆာတစ်ကောင်သည် မြို့ပေါင်းများစွာအား ဖျက်ဆီးရန် လုံလောက်ပေသည်။ ယခုအခါတွင်မူ ပေါ်လန်မြို့အား ပင်လယ်မိစ္ဆာ ငါးကောင်မှ ကျူးကျော်လာခြင်းဖြစ်ရာ မည်သည်ကို ရည်ရွယ်သနည်း။
“ယစ်ပူဇော်ဖို့အတွက် ပုလဲလူမျိုး ၁၀၀၀၀ ကို ဖမ်းဆီးပြီး ကျန်တာကို သတ်ပစ်လိုက်။”
ရဲရဲနီမိစ္ဆာအင်ပါယာသည် လေထုအလယ်တွင် ဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်နေပြီး မြေကြီးကွဲကြေမတတ်အသံဖြင့် အမိန့်ပေးလေသည်။
စစ်ပွဲကြေညာသံ မဟုတ်ချေ။ ရှောင်လွှဲမရနိုင်သည့် ရလဒ်တစ်ခုအား ကြေညာခြင်း သာလျှင် ဖြစ်သည်။
ဝုန်း
ပင်လယ်မိစ္ဆာတပ်မ စတင်ရွေ့လျားလာပြီး ကောင်းကင်နှင့်မြေပြင်အနှံ့ တိုက်ပွဲအော်သံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာအဆင့်ရှိ ပင်လယ်မိစ္ဆာ ၅ ကောင်သည်လည်း စတင် လှုပ်ရှားလာလေသည်။ သူတို့သည် အေးစက်သည့် အမူအရာများနှင့်ဖြစ်ကာ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်အား နင်းခြေပစ်ရန် ပြင်ဆင်နေသကဲ့သို့ပင်။
ကြီးမားသည့် ငွေရောင်သိမ်ငှက်ကြီးတစ်ကောင် ဆင်းသက်လာပြီး အဖြူရောင်လျှပ်စီးကြောင်းများသည် ထက်မြိနေသည့် ဓားများသဖွယ် ဖြစ်ပေါ်လာကာ မြို့ရိုးအား ပစ်ခတ်လေသည်။
“မသေရဘူးနော်။” ပေလျန်၏ မျက်လုံးများ ရွှေရောင်သို့ ပြောင်းလဲသွးပြီး အန်လင်းအား နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမထံမှ များပြားလှသည့် လျှပ်စီးကြောင်းများ စတင်ထွက်ပေါ်လာပြီး အံဖွယ်လေမိစ္ဆာဧကရာဇ်ထံသို့ ပြေးဝင်သွားလေသည်။ သူတို့၏ ရင်ဆိုင်မှုမှ လျှပ်စီးပစ်ခတ်မှုများ ဖြစ်ပေါ်လာစေသည်။
ဘုန်း
လျှပ်စီး၏ ဆန့်ကျင်ဘက် အဖျက်စွမ်းအားနှစ်ခု ထိတွေ့မိသည့်အခါ ညကောင်းကင်ယံ တစ်ခုလုံး လင်းချင်းသွားပြီး တစ်ကီလိုမီတာ ကျော်သည့်တိုင်အောင် ပြင်းထန်သည့် ပေါက်ကွဲလှိုင်းများ ထွက်ပေါ်လာလေသည်။
ထို့နောက်တွင် အခြားသောအင်ပါယာအဆင့် ပင်လယ်မိစ္ဆာများ၏ တုန်လှုပ်နေသည့် အကြည့်များအောက်မှာပင် အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် စွမ်းအားကြီး နဂါးမင်းသမီးကြောင့် မီတာရာကျော်ခန့် လွင့်ထွက်သွားလေသည်။
“သူမက နဂါးမင်းပိုင်နက်ကပဲ။” ရဲရဲနီမိစ္ဆာအင်ပါယာသည် အခြေအနေအား ချက်ချင်းဆိုသလို တုံ့ပြန်လိုက်သည်။
“စိတ်လျှော့စမ်းပါ သူမက တစ်ယောက်တည်းလေ။ ငါတို့ပေါင်းပြီး သတ်လိုက်လို့ရတယ်။” ဝေလငါးရှင်ကြီးသည် သူ၏ ဧရာမခန္ဓာကိုယ်ကြီးအား လှည့်လိုက်ပြီးနောက် မျက်လုံးအတွင်းရှိ ခရမ်းရောင်မှာလည်း ပိုမိုတောက်ပလာလေသည်။
သို့သော်လည်း ထိုအခိုက်အတံ့မှာပင် ကောင်းကင်မှ ငွေရောင်ဂမ်ဒမ်တစ်ကောင် ဆင်းသက်လာပြီး ဝေလငါးရှင်ကြီး၏ တောင်တစ်လုံးတစ်မျှ ကြီးမားသည့် ခန္ဓာကိုယ်အား လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
အဝေးမှ ကြည့်မည်ဆိုလျှင် သေးငယ်သည့် ငွေရောင်အမှုန်လေးတစ်ခု အမှောင်ထုထဲမှ ကျဆင်းလာပြီး တောင်တန်းတမျှရှိသည့် အနက်ရောင်ခန္ဓာကိုယ်ကြီး အတွင်းသို့ တိုးဝင်သွားသည်နှင့် တူလှသည်။
ဝေလငါးရှင်ကြီး မချိတင်ကဲဖြစ်စွာ အော်ဟစ်ကာဖြင့် ကောင်းကင်မှ ပြုတ်ကျလာလေသည်။
သန္တာကျောက်နတ်ဆိုး၏ အမူအရာ အလျင်အမြန် ပြောင်းလဲသွားပြီး ဝေလငါးရှင်ကြီးအား ကူညီရန် ကြိုးစားလိုက်သော်လည်း နောက်ထပ် ငွေရောင်အရုပ် တစ်ရုပ်နှင့် တွေ့ဆုံလိုက်ရသည်။ ငွေရောင်အရုပ်သည် သန္တာကျောက်နတ်ဆိုးအား အလင်းဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ယင်း၏ဓားမှာ အပြာရောင်လျှပ်စီးကြောင်းနှင့်တူပြိး လေထုအား ရှည်လျားစွာ ပိုင်းဖြတ်လိုက်လေသည်။
“တပ်ကူတွေ ထပ်ရှိနေတာလား။” သန္တာကျောက်နတ်ဆိုးသည် ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်ပြီးနောက် ယင်း၏ခန္ဓာကိုယ်မှ အစိမ်းရောင်မြူခိုးများ ထုတ်လွှတ်လိုက်သည်။ များမကြာမီတွင် ငွေရောင်ဂမ်ဒမ်သည် မှော်လက်နက်များပင်လျှင် အရည်ပျော်ကျနိုင်လောက်အောင် အလွန်ပြင်းထန်သည့် အဆိပ်မြူခိုးများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
ဂမ်ဒမ်သည် သန္တာကျောက်နတ်ဆိုးအား နောက်သို့ဆုတ်သွားစေရန် ယင်း၏ အလင်းဓားကို အဆက်မပြတ် ခုတ်လွှဲနေလေသည်။ အဆိပ်မြူခိုးများသည် ဂမ်ဒမ်၏ ချောမွေ့ကာ ကြေးမုံနှင့်တူသည့် သံချပ်ကာနှင့် ထိတွေ့မိသော်လည်း ထိခိုက်ပျက်စီးခြင်း မပြုနိုင်ချေ။
“ဝသဖ အဲဒီ စက်ရုပ်တွေက ဘယ်ကရောက်လာကြတာလဲ။” ရဲရဲနီမိစ္ဆာအင်ပါယာသည် စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲပြင်အား စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
ထို့နောက်တွင် အနက်ရောင်မီးတောက်များ လွှမ်းခြုံထားသည့် မျောက်တစ်ကောင်နှင့်အတူ အဖြူရောင်ခွေးတစ်ကောင်အား စီးနင်းထားသည့် လူတစ်ဦး သူ့ထံသို့ ဦးတည်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
ပုလဲစစ်သည်များသည်လည်း ပင်လယ်မိစ္ဆာတပ်မအား ခုခံတိုက်ခိုက်ရန် စိတ်အားထက်သန်လာကြသည်။
သူတို့အားလုံး မျှော်လင့်ချက်ပျောက်ဆုံးနေစည်မှာပင် အန်လင်းနှင့် နဂါးမင်းသမီးတို့ ဝင်ရောက်လာကာ အင်ပါယာအဆင့်ရှိ ပင်လယ်မိစ္ဆာများအား ကမ်းခြေတွင် ထိန်းထားလိုက်နိုင်သည်ကြောင့် တိုက်ပွဲဝင်လိုစိတ်များ နိုးကြားလာကြသည်။
“အားလုံးပဲ တောင့်ထားကြ။ ငါတို့ မရှုံးသေးဘူး။” ပုလဲဘုရင်သည် သူ၏ဓားအား ဝှေ့ယမ်းကာဖြင့် ဟိန်းဟောက်လိုက်သည်။
မြို့ကာကွယ်ရေးအစီအရင် အသက်ဝင်လာပြီး ပင်လယ်မိစ္ဆာများထံသို့ မရေမတွက်နိုင်သည့် မန္တန်များစွာသည် မိုးပေါက်များသဖွယ် ကျဆင်းလာကြပြီး မြေပြင်ပေါ်ရှိ ပင်လယ်မိစ္ဆာများအား အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်လေသည်။ သို့သော်လည်း ပင်လယ်မိစ္ဆာအရေအတွက်မှာ လွန်စွာများပြားလှသည်ကြောင့် ယင်းတို့၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် မြို့ရိုးစတင်တုန်ခါလာပြီး ပြိုကျဖို့ရန် နီးကပ်လာလေသည်။
လေထုထဲတွင် ပေလျန်သည် အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာနှင့် အံ့ဖွယ်လေမိစ္ဆာဧကရာဇ်တို့အား တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေလေသည်။
ထိုပင်လယ်မိစ္ဆာ နှစ်ကောင်မှာ အတွေ့အကြုံပြည့်ဝသည့် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့် သားရဲများဖြစ်ကြသည်။ သို့သော်လည်း သူမမှာမူ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်သို့ တက်လှမ်းပြီးကာစသာလျှင် ရှိနေသေးသည်။ သူမသည် အလွန်အစွမ်းထက်သည့် နဂါးသွေးမျိုးဆက်အား ပိုင်ဆိုင်ထားသော်ငြား ရန်သူနှစ်ဦး၏ စုပေါင်းတိုက်ခိုက်မှုသည် သူမအား ရှုံးနိမ့်သည့်အခြေအနေသို့ ရောက်ရှိလာစေသည်။
လျှို့ဝှက်စွမ်းအားကို အသုံးပြုရတော့မှာလား။
လျှို့ဝှက်စွမ်းအားသည် သူမ၏ တိုက်ခိုက်စွမ်းရည်အား လွန်စွာတိုးမြင့်စေနိုင်ပီး သူမ၏ သွေးမျိုးဆက် သန့်စင်မှုအား လျော့ကျစေလေသည်။ လျှို့ဝှက်စွမ်းအားကို အသုံးပြုလိုက်မည်ဆိုလျှင် သူမအနေဖြင့် ပျက်ပြယ်ခြင်းအဆင်သို့ တက်လှမ်းရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
သို့သော်လည်း လျှို့ဝှက်စွမ်းအားကို အသုံးမပြုဘဲ နေမည်ဆိုပါက များမကြာမီတွင် အန်လင်း သေဆုံးသွားပေလိမ့်မည်။
ပေလျန်သည် ခေါင်းလှည့်ကာဖြင့် အန်လင်း၏ အခြေအနေအား စူးစမ်းလိုက်သည်။
သူမအား ဆီးကြိုနှုတ်ဆက်နေသည့် မြင်ကွင်းမှာ ကောင်းကင်မှပြုတ်ကျလာသည့် ရဲရဲနီမိစ္ဆာအင်ပါယာ၏ ဦးခေါင်းသာလျှင် ဖြစ်လေသည်။
အဖြူရောင်လေတောင်ပံများနှင့် အမျိုးသားတစ်ဦးသည် လေမြူခိုးများ ရစ်ဝဲနေသည့် ဓားတစ်လက်အား ကိုင်ဆောင်ကာဖြင့် လေထုအလယ်တွင် ပျံသန်းနေလေသည်။ စူးရှသည့် အဖြူရောင်မျက်လုံးများသည်လည်း ပုံရိပ်ယောင်များ အားလုံးကို ထိုးဖောက်နိုင်သကဲ့သို့ပင်။
“အဲဒါက... အန်လင်းလား။ သူက တကယ်ကြီး ရဲရဲနီမိစ္ဆာအင်ပါယာကို သတ်လိုက်နိုင်တာလား။”
“ဒါပေမဲ့ သူက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ပဲ ရှိနေသေးတာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ပေလျန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အန်လင်းအား ကြည့်နေမိသည်။ သူမ၏ နူးညံ့သည့် သွင်ပြင်တွင်လည်း တုန်လှုပ်မှုများ ထင်ဟပ်နေလေသည်။
အခြားသော အင်ပါယာအဆင့် ပင်လယ်မိစ္ဆာများသည်လည်း ရဲရဲနီမိစ္ဆာအင်ပါယာ၏ အော်ရာ ပျောက်ကွယ်သွားမှုကြောင့် ကြောက်ရွံ့သွားကြလေသည်။ သူတို့အားလုံး သိလိုက်ရသည်မှာ ရဲရဲနီမိစ္ဆာအင်ပါယာအား သတ်ဖြတ်လိုက်သူသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သာလျှင် ရှိနေသေးသဖြင့် တုန်လှုပ်မှုကြောင့် တိတ်ဆိတ်သွားကြသည်။
“လာနောက်နေတာလား။ ရဲရဲနီမိစ္ဆာအင်ပါယာက အဲဒီစိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် လူသားကျင့်ကြံသူကြောင့် သေသွားတယ်ပေါ့။ ဟိုခွေးကြီးနဲ့ မျောက်က ကူတိုက်တယ် ဆိုဦးတော့ အခုလို မြန်မြန်ဆန်ဆန် သေမသွားသင့်ဘူး။” အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ ကျောရိုးတစ်လျှောက် အေးစက်မှုတို့ စီးဆင်းသွားလေသည်။
“အဲဒီ လူသားကျင့်ကြံသူကို အရင်ဆုံးသတ်မှဖြစ်မယ်။” အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာသည် သန္ဓေပြောင်းသားရဲများအား ဦးဆောင်ကာဖြင့် အန်လင်းထံသို့ ပျံသန်းသွားလေသည်။
အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် ယင်း၏ ငွေရောင်တောင်ပံများအား ဖြန့်ကာဖြင့် လျှပ်စီးကြောင်းများအား ဆင့်ခေါ်လိုက်ကာ လေထုအား ဆုတ်ဖြဲပြီး အသံ၏ အမြန်နှုန်းထက် ကျော်လွန်သည့်အရှိန်နှုန်းဖြင့် အန်လင်းထံသို့ ပျံသန်းသွားလေသည်။
ပေလျန်သည် အံတင်းတင်းကြိတ်လိုက်ပြီးနောက် အန်လင်း၏အရှေ့တွင် ခံစစ်သဖွယ် ရပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင်လည်း လျှပ်စီးများ တလက်လက် တောက်ပလျက်ရှိသည်။
သူမ၏ သွယ်လျလျ လက်များအား လေဟုန်စီးနေသည့် ငှက်သဖွယ် လျင်မြန်စွာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်သည်။ ရုတ်တရက်ဆိုသလို ကောင်းကင်တွင် အပြာရောင် လျှပ်စီးနဂါးကိုးကောင် ပျံသန်းရောက်ရှိလာကာ ကြီးမားသည့် အစီအရင်တစ်ခု ဖန်တီးလိုက်ပြီးနောက် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာနှစ်ကောင်၏ တိုက်ခိုက်မှုအား ခုခံလိုက်လေသည်။
ရဲရဲနီမိစ္ဆာအင်ပါယာအား အောင်မြင်စွာ သတ်ဖြတ်ပြီးသည့်နောက်တွင် အန်လင်း၏ စိတ်ထဲ၌ “တင်းတောင်” ဟူသည့်အသံ ထွက်ပေါ်လာသည်။
“တာဝန်ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ်။”
မရှေးမနှောင်မှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခု ချိုးဖြတ်နေသည်ကို ခံစားလိုက်ရပြန်သည်။
“ရှောင်ချိုး.. တပိုင်.. ငါ့ကို ကာကွယ်ပေးထား။ ငါ့အဆင့်တက်လိုက်ဦးမယ်။”
အန်လင်းသည် အော်ဟစ်ကာဖြင့် မြို့ရိုးထံသို့ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် တရားထိုင်လိုက်သည်။
“အခုက စနောက်ရမယ့်အချိန် မဟုတ်ဘူးနော် အန်ကော.. သိပ်မကြာခင်ကပဲ အဆင့်တက်ထားတယ်လေ။ ဝုတ်” တပိုင်သည် အန်လင်းထံသို့ ပျံသန်းသွားပြီးနောက် သူ၏ အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်ပတ်လည်တွင် စုဆုံလာသည့် ချီစွမ်းအင်လေဝဲအား မြင်တွေ့လိုက်ရသည်။
တပိုင် : “…”
ရှောင်ချိုးသည် ခပ်တည်တည်ဖြင့် နှာခေါင်းနှိုက်နေလေသည်။ “အန်ကော ကျင့်ကြံတဲ့ နည်းစနစ်တွေကို လျှောက်တွေးမနေသင့်ပါဘူး ပိုင်ကောရေ”
တပိုင် တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ငါမှားသွားတယ်ကွာ။”
တစ်စုံတစ်ယောက် အဆင့်တက်နေခြင်းများလား။ ကျန်ရှိနေသည့် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ လေးကောင်သည် ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြင်းထန်စွာ စုဆုံလာသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။
သူတို့အားလုံးတို့ အန်လင်းအား ကြည့်လိုက်ကြပြီးနောက် မျက်ခုံးများ တွန့်ကွေးသွားကြသည်။ ဒီကောင်ပဲလား။
ထိုအကောင်သည် ရဲရဲနီမိစ္ဆာအင်ပါယာအား သက်ဖြတ်ပြီးနောက်တွင် အဆင့်တက်ခြင်းဖြင့် အောင်ပွဲခံနေသည်လား။
ပေလျန်သည်လည်း မယုံကြည်နိုင်မှုများဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ထိုလူသားကျင့်ကြံသူအား မည်ကဲ့သို့ အကဲဖြတ်ရမည်ကို မသိနိုင်တော့ပေ။ သူမ၏ နှလုံးသားထဲတွင်မူ အန်လင်းအား “အံ့ဖွယ်လူသား” ဟူသည့် ဂုဏ်ပုဒ်တစ်ခု ထပ်ပေါင်းထည့်ပြီး ဖြစ်သည်။
***