← Chapters

ယိုဝေနတ်ဆိုးဧကရာဇ်၏ သေဆုံးခြင်း

Vol. 36 Ch. 352

ယိုဝေနတ်ဆိုးဧကရာဇ်၏ သေဆုံးခြင်း

Vol. 36 Ch. 352

ပြင်းထန်သော ဟိန်းဟောက်သံများကြားတွင်...

ယွီချောင်အန်းသည် လန့်ဖျပ်သွားပြီး လေထဲ၌တွဲလောင်းဖြစ်ကာ ခေတ္တမျှ ကြောင်အသွားမိ၏။

သူ၏ လက်လှုပ်ရှားမှုများပင် တိတ်တဆိတ် ရပ်တန့်သွားလေသည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ဂူအမှတ် ၄၀မှ နတ်ဆိုးဧကရာဇ်ထံမှ အမှန်ပင် ဟုတ်ပါသေးသည်လော။

ထို့အတူ တစ်ဖက်လူမှာ လူမှားတိုက်ခိုက်နေခြင်းလော။

ထိုစဉ်မှာပင် ခြင်္သေ့ကြီးက သူ့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်ကို သူ သတိပြုမိလိုက်၏။

"ရှူး..."

...

ယွီချောင်အန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

သူသည် အစီအရင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တောင်ငယ်နှစ်လုံးကို ဆင့်ခေါ်ကာ ရေနဂါးကြီး ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။

အခြေအနေကို ဂရုစိုက်မနေတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ယိုဝေနတ်ဆိုးဧကရာဇ်ကို ဦးစွာဖြိုခွင်းခြင်းသည် ဘယ်သောအခါမျှ မှားယွင်းသော လုပ်ရပ်မဟုတ်ပေ။

ဘုန်း ဘုန်း

တောင်ငယ်များ ပြိုကျသွားပြီး ကျောက်တုံးမိုးများအဖြစ် ပြောင်းလဲသွား၏။

ယိုဝေနတ်ဆိုးဧကရာဇ်သည် ပြင်းထန်သော တိုက်ခိုက်မှုနှစ်ချက်ကို ခံလိုက်ရပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး လူးလိမ့်သွားသည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကြီးသည် ရုတ်တရက်ပါးစပ်ကို ဟကာ အော်ဟစ်လိုက်သည်။

"မင်း ရူးနေတာလားကွ"

ရှန်းယီသည် လေပြင်းများနှင့်အတူ နောက်တစ်ကြိမ် ခုန်ပျံတက်လိုက်သည်။

ရေနဂါးအိုကြီး ပါးစပ်မပိတ်နိုင်မီမှာပင် ကြီးမားသောစွမ်းအားများ ပြည့်နှက်နေသည့် လက်သီးတစ်ချက်သည် ၎င်း၏မေးရိုးကို တည့်တည့်ထိမှန်သွားလေ၏။

၎င်းတစ်ကိုယ်လုံးလွင့်စင်သွားပြီး မြေပြင်ပေါ်တွင် မရပ်မနား လိမ့်သွားသော်လည်း၊ မီးတိုင်လေးတိုင်က ၎င်းကိုနေရာဟောင်းသို့ ပြန်လည် ဆွဲယူထားလိုက်ပြန်သည်။

"ရှူး... ရှူး..."

ပါးစပ်မှ သွေးများအမြှုပ်ထွက်နေသော ယိုဝေနတ်ဆိုးဧကရာဇ်သည် ခြင်္သေ့၌ကျန်းရွှမ်ယန်ကို ယှဉ်ပြိုင်နိုင်သည့် အင်အား အဘယ်ကြောင့် ရှိနေသည်ကို နောက်ဆုံးတွင် နားလည်သွားသော်လည်း၊ ၎င်း၏လက်သည်းများက မိမိဘက်သို့ အဘယ်ကြောင့် လှည့်လာသည်ကိုမူ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။

နတ်ဆိုးတစ်ထောင်ဂူအတွင်း၌ မည်မျှပင် ပြဿနာကြီးမားပါစေ။ လူသားကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် တုံ့ပြန်မှုသည် တညီတညွတ်တည်း ဖြစ်သင့်သည် မဟုတ်ပါလော။

"..."

ခြင်္သေ့ကြီး သူ့ထံသို့ထပ်မံ ပြေးဝင်လာသည်ကို ကြည့်ရင်း ယိုဝေနတ်ဆိုးဧကရာဇ်၏ မျက်လုံးများထဲတွင် အလွန်အမင်းပြင်းထန်သောဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ဆူပွက်လာကာ စူးရှစွာ အော်ဟစ်လိုက်၏။

"မင်းက ငါ့လိုဏ်ဂူကို လိုချင်တာလား၊ ငါ့နေရာကို ယူချင်နေတာလား... မျိုးမစစ်ကောင် ရည်မှန်းချက်ကြီးလှချည်လား"

တစ်ဖက်လူသည် မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်၏ နေရာကို အစားထိုးရုံဖြင့် ကျေနပ်မည့်ပုံ မပေါ်ချေ။

၎င်း အမှန်တကယ် လိုချင်သည်မှာ ဂူအမှတ် ၁၆ ပင်။

ယခုအချိန်တွင် ယွီချောင်အန်းနှင့် ယှဉ်လျှင် ယိုဝေနတ်ဆိုးဧကရာဇ်သည် ခြင်္သေ့နတ်ဆိုးကို ဦးစွာ သတ်ဖြတ်ရန် ပို၍ ဆန္ဒပြင်းပြနေသည်။

၎င်းသည် လက်သည်းဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။

ပြင်းထန်သော မီးတိုင်ကြီးများသည် ချက်ချင်း ပျက်စီးသွားသည်။

ထက်မြက်သော နဂါးလက်သည်းများသည် လျင်မြန်စွာ ကြီးထွားလာပြီး မှောင်မိုက်သော အငွေ့အသက်များ ပြည့်နှက်ကာ ခြင်္သေ့ကြီးဆီသို့ အကြမ်းပတမ်း ဝင်ရောက်လာသည်။

ဒေါသတကြီးဖြင့် သေရေးရှင်ရေး တိုက်ခိုက်လာသောစွမ်းအားကြီး နတ်ဆိုးတစ်ကောင်၏ တိုက်ခိုက်မှုကြောင့်၊ ရှန်းယီသည် သူတို့နှစ်ဦးကြားရှိ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကို ချက်ချင်း သိလိုက်ရသည်။

၎င်းသည် လွှမ်းမိုးထားသော ဖိနှိပ်မှုတစ်ခုတည်း မဟုတ်ဘဲ၊ ရှောင်တိမ်းရန် အခွင့်အရေး လုံးဝမရှိခြင်းလည်း ဖြစ်သည်။

ဘုန်း

သူသည် ထိုလက်သည်းချက်ကို တည့်တည့် ခံယူလိုက်၏။

ရှန်းယီသည် ဘာမှမဖြစ်သကဲ့သို့ မြေပြင်ပေါ်၌ ကိုက်ပေါင်းများစွာ နောက်ဆုတ်သွားသည်။

ဒဏ်ရာအပြင်းအထန် ရဖို့မပြောနှင့်၊ ပွန်းပဲ့ရာလေး တစ်ခုပင် မရှိချေ။

"..."

ယိုဝေနတ်ဆိုးဧကရာဇ်သည် ခြင်္သေ့ကို ကြည့်လိုက်၊ မိမိ၏လက်သည်းများကို ပြန်ကြည့်လိုက် လုပ်နေမိ၏။

ဤမျှအန္တရာယ်များသော အခြေအနေမျိုးတွင် ၎င်းသည် ခေတ္တမျှကြောင်အသွားသည်။

အလားတူ နားမလည်နိုင် ဖြစ်နေသော ယွီချောင်အန်းသည်လည်း ထိုမြင်ကွင်းကို စိုက်ကြည့်နေမိသည်။

ဒါက သူ့ကို ပြသဖို့စီစဉ်ထားတဲ့ ပြဇာတ်တစ်ခုလား။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ လိုလို့လား။

သူ နားမလည်နိုင်မီမှာပင် ခြင်္သေ့က သူ့ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။

"ဆောရီး... ငါ မှားသွားတယ်"

ယွီချောင်အန်းသည် အနည်းငယ်ရှက်ရွံ့သွားပြီး လက်ကာပြလိုက်သော်လည်း စကားမဆုံးမီမှာပင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

နေပါဦး... သူက ဘာကိစ္စ နတ်ဆိုးတစ်ကောင်ကို ရှင်းပြနေရတာလဲ။

ဒါက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲ ဖြစ်လာဖို့ သေချာနေတာကို၊ ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ။

သူ ခေါင်းခါလိုက်ပြီး ရေနဂါးအိုကြီးကို ဖမ်းချုပ်ရန် အစီအရင်ကို အလျင်အမြန် ထိန်းချုပ်လိုက်ကာ၊ ဂါထာအမျိုးမျိုးကို မမောနိုင်မပန်းနိုင် ရွတ်ဆိုလိုက်သည်။

ယွီချောင်အန်း၏ထိန်းချုပ်မှုအောက်တွင်...

ပြန့်ပြူးနေသော မြေပြင်သည် ဧရာမ သတ္တဝါကြီးတစ်ကောင်၏ပါးစပ်သဖွယ် ရုတ်တရက် တွန့်လိမ်လာပြီး ယိုဝေနတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ရုတ်တရက် မျိုချလိုက်သည်။

မီးတိုင်လေးတိုင်သည် ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းကို တင်းကျပ်စွာ ချည်နှောင်ထားပြီး၊ မီးတောက်များသည် ၎င်း၏ အကြေးခွံများနှင့် အသားများကို အဆက်မပြတ် လောင်ကျွမ်းနေစေ၏။

"ငါ အရှုံးပေးပြီ။ လိုဏ်ဂူ ၁၆ က မင်းအပိုင်ပဲ ယူလိုက်တော့"

ယိုဝေနတ်ဆိုးဧကရာဇ်သည် မြေပြင်ကို ဖြိုခွင်းရန် ရူးသွပ်စွာရုန်းကန်နေပြီး လေထဲတွင် လူးလိမ့်နေသော်လည်း အစီအရင်၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ချေ။

၎င်းကို ပြန်လည်ဖြေကြားလိုက်သည်မှာ ပြင်းထန်သော လက်သီးမိုးများသာ ဖြစ်သည်။

ရွှေမျက်လုံး ခြင်္သေ့ကြီးသည် မမောမပန်းနိုင်ဘဲ နဂါးကြီးအပေါ်သို့ ခုန်အုပ်လိုက်ပြီး၊ ကိုယ်ပေါ်တွင် မမြင်ရသော မီးတောက်များ လှုပ်ရှားနေ၏။

ယခင်က ယိုဝေအကြေးခွံများကို အက်ကွဲရုံသာ စွမ်းဆောင်နိုင်သော ထုနှက်မှုများသည် ယခုအခါ ရေနဂါးကြီးထံမှ ရုတ်တရက် နာကျင်စွာ အော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။

ယွီချောင်အန်း မမြင်ရသော နေရာတစ်ခုတွင်...

ရှန်းယီ၏လက်ဝါး၌ မီးတောက်အမှတ်အသားတစ်ခု ပေါ်လာပြီး သူ၏ ဖိနှိပ်မှုနှင့်အတူ အမှတ်အသားသည် ယိုဝေနတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော် ဝင်ရောက်သွားသည်။

"ဒီလောက်တောင် နာနေတာလား"

ယွီချောင်အန်းသည် လက်ကို ဝှေ့ယမ်းကာ ကျောက်တုံးကြီးတစ်ခုကို ဆင့်ခေါ်၍ ထုချလိုက်၏။

ယိုဝေနတ်ဆိုးဧကရာဇ် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေသည်ကို ကြည့်ရင်း၊ ကြည့်လေလေ သူ ပို၍ ထိတ်လန့်လေလေ ဖြစ်လာသည်။

"လွှတ်ပေးစမ်း... ဒီဧကရာဇ်ကို လွှတ်ပေး"

ယိုဝေနဂါးအိုကြီးသည် အသိစိတ် လွတ်သွားသကဲ့သို့ လေထဲသို့ ထပ်မံ ပျံတက်လာပြီး ရမ်းကားစွာ ဝင်ဆောင့်လေသည်။

တစ်ဖက်လူက သူ့ထံ ပြေးဝင်လာသည်ကို မြင်သောအခါ ယွီချောင်အန်းသည် အလျင်အမြန် ဂါထာရွတ်လိုက်ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သန်မာသည့် လူဘီလူး ပုံရိပ်များစွာကို သူ့ရှေ့တွင် ဖန်တီးလိုက်၏။

သို့သော် ထိုပုံရိပ်များသည် ရေနဂါးအိုကြီးကြောင့် ပျက်စီးသွားလေသည်။

ထူထဲသန်မာသော အမြီးကြီးသည် ကောင်းကင်ကို ထောက်ထားသော တိုင်ကြီးသဖွယ် သူတို့ထံသို့ ရိုက်ခတ်လာသည်။

၎င်းသည် ယွီချောင်အန်းအပေါ် ရုတ်တရက် ရိုက်ချလိုက်၏။

"ဖွဟ်..."

ခြင်္သေ့ကြီးပျော်မြူးနေသည်ကို ကြည့်ပြီး ယွီချောင်အန်း သတိပေါ့ဆသွားခြင်း ဖြစ်နိုင်သည်။

အားကြီးသော နတ်ဆိုးခန္ဓာကိုယ် သူ့အပေါ် ကျရောက်လာမှသာ ဤငါးရှဉ့် သည် အသက်လုတိုက်ခိုက်ချိန်တွင် မည်မျှ စွမ်းအားကြီးကြောင်း ချက်ချင်း သဘောပေါက်လိုက်၏။

သူ့ဝတ်ရုံပေါ်မှ အစီအရင်သည် အသက်ရှူချိန် တစ်ခဏမျှပင် မခံလိုက်ဘဲပျက်စီးသွားသည်။

သူသည် နောက်သို့လွင့်စင်သွားပြီး ရွှေရောင်တိမ်တိုက်တစ်ခုက သီသီလေး ဖမ်းထိန်းထားနိုင်ခဲ့သည်။

ထို့နောက် အနံ့ဆိုးများထွက်နေသော နဂါးပါးစပ်ကြီးသည် ကောင်းကင်မှနေ၍ ရူးသွပ်စွာ ကိုက်ခဲရန် ဆင်းသက်လာသည်။

ထိုအချိန်တွင်...

ယိုဝေနတ်ဆိုးဧကရာဇ်သည် ထိန်းချုပ်မရဘဲ နောက်သို့ လွင့်ပါသွား၏။

ယွီချောင်အန်း အကာအကွယ်ဂါထာကို ဖန်တီးလိုက်ချိန်မှာပင်၊ ခြင်္သေ့ကြီးသည် အမြီးကို ဆွဲကိုင်လျက်နဂါးအိုကြီးကို မြေကြီးပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်သည်ကို သူ မျက်လုံးပြူးကာ ကြည့်နေမိသည်။

ထို့နောက် ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ယိုဝေနတ်ဆိုးဧကရာဇ်၏ အမြီးသည် ခြင်္သေ့ပေါ်သို့ ပြင်းထန်စွာရိုက်ခတ်လိုက်သော်လည်း၊ ခြင်္သေ့၏ ခန္ဓာကိုယ်ကို အနည်းငယ် ကွေးသွားရုံမျှသာ စွမ်းဆောင်နိုင်ခဲ့သည်။

ယွီချောင်အန်းမှာ ကြည့်ရင်းနှင့် ချွေးစေးများ ပြန်လာသည်။

လိုဏ်ဂူအမှတ် ၁၆ နတ်ဆိုးဧကရာဇ်၏ အစွမ်းကုန် ရိုက်နှက်မှုကို ခံနိုင်ရည်ရှိရန် ထိုခန္ဓာကိုယ်ကို မည်သည့်အရာနှင့် ပြုလုပ်ထားသနည်း။

"..."

ရှန်းယီ၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ကြမ်းတမ်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

သူ၏လက်ဝါးသည် နောက်ဆုံးသော လီမီးတောက်အမှတ်အသားကို ကိုင်ဆောင်ထားပြီး၊ သူ့လက်မောင်းပေါ်တွင် နတ်ဆိုးပုံရိပ်ယောင် ကိုးခု တောက်ပနေလျက် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ကွပ်

ယိုဝေနတ်ဆိုးဧကရာဇ်၏မျက်ခုံးရိုးသည် မမြင်သာသော အက်ကွဲကြောင်းများစွာဖြင့် ကွဲအက်သွားသည်။

ဤဒဏ်ရာမျိုးသည် ပြင်းထန်သော ဒဏ်ရာဟု သတ်မှတ်၍ မရနိုင်ချေ။

သို့သော် ရေနဂါးအိုကြီး၏မြင့်မားသော မောက်မာသော ဦးခေါင်းသည် လေထဲတွင် ရပ်တန့်သွားပြီး၊ နာကြည်းမှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံသည် တဖြည်းဖြည်းအရောင်မှိန်သွားလေ၏။

၎င်းသည် ရှေ့မှရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်ကို စိုက်ကြည့်ရင်း တစ်စုံတစ်ခု ပြောချင်နေသော်လည်း၊ကျဆင်းနေသော ဦးခေါင်းကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ဘုန်း ဘုန်း ဘုန်း

၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီး မြေပြင်နက်ရှိုင်းရာသို့ ထိုးကျလုနီးပါး ဖြစ်နေချိန်တွင်...

ရှန်းယီသည် လက်လှမ်းလိုက်ပြီး နဂါးနှုတ်ခမ်းမွေးများကို ဆွဲကာပြန်ဆွဲထုတ်လိုက်သည်။

သူ့လက်ဝါးသည် နဂါးပါးစပ်ထဲသို့ ဝင်ရောက်သွား၏။

မှိန်ဖျော့သော အလင်းတန်းတစ်ခုသည် အတွင်းသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားသည်။

လီမီးတောက် လောင်ကျွမ်းမှုကြောင့် ကယောင်ကတမ်း ဖြစ်နေပြီဖြစ်သော ယိုဝေနတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ မျက်လုံးအိမ်များ ပြူးကျယ်သွား၏။

ရုန်းကန်နေရင်း ၎င်းသည် ဘေးနားရှိ ခြင်္သေ့ကို လှည့်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

"..."

ရှန်းယီသည် လျစ်လျူရှုစွာပြန်ကြည့်လိုက်၏။

ယိုဝေနတ်ဆိုးဧကရာဇ်၏ အတွင်းပိုင်းတစ်ခုလုံး ယိုဝေလှံဖြင့် လုံးဝ မွှေနှောက်ဖျက်ဆီးခံလိုက်ရပြီးမှသာ ထိုမှိန်ဖျော့သော အလင်းတန်းကို သူ ပြန်လည် ရုပ်သိမ်းလိုက်သည်။

သူသည် ရေနဂါးအိုကြီးကို မြေကြီးပေါ်သို့ ဂရုမစိုက်စွာ ပစ်ချလိုက်၏။

"ငါ... မင်း..."

ယွီချောင်အန်းသည် ရွှေရောင်တိမ်တိုက်ပေါ်တွင် လဲလျောင်းနေမိသည်။ ယနေ့ သူသည် မှော်ရတနာ အစုံအလင်ယူဆောင်လာခဲ့ပြီး ပြင်ဆင်မှုအမျိုးမျိုး ပြုလုပ်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူ ၎င်းတို့ကို အသုံးပြုခွင့်ပင် မရလိုက်ချေ။

အကယ်၍ ထိုခြင်္သေ့သာ ဝင်မပါခဲ့လျှင် သူ၏ ပေါ့ဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရလုနီးပါး ဖြစ်ခဲ့ရသည်။

သူ့အတွက် ဂုဏ်ယူစရာ အခိုက်အတန့်လေးသည် ဤအတိုင်းသာ ပျောက်ဆုံးသွားခဲ့လေ၏။

ရှန်းယီသည် ဝူထုံတောင်မှ တပည့်များရှေ့တွင် သူ၏အထောက်အထားကို ထုတ်ဖော်ရန် ဆန္ဒမရှိသဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။

သူ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး "ထွက်သွား"

"အို..."

ဤစကားကို ကြားသောအခါ ယွီချောင်အန်း၏ မျက်နှာသည် ခါးသက်သွားလေသည်။

တစ်ဖက်လူသည် နဂါးကိုသတ်ဖြတ်သည့် ကုသိုလ်ကောင်းမှုကို သူ့အားအနည်းငယ်မျှပင် ခွဲဝေပေးလိုခြင်း မရှိပုံရသည်။

All Chapters