ဒီကိစ္စက အတော်လေးရယ်စရာကောင်းသား
Vol. 36 Ch. 353
ဂုဏ်သတင်းကျော်ကြားမှုအတွက် တိုက်ပွဲတစ်ခုသည် နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်များ၏အတွင်းစစ်ပွဲအား ကူညီပေးသကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
ယွီချောင်အန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခြင်္သေ့အား ခဏကြာတစ်ချက်လှမ်းကြည့်ကာ အစီအရင်ကိုအလျင်အမြန် သိမ်းဆည်း၍ တိမ်တိုက်များထဲသို့ ထွက်ပြေးတိမ်းရှောင်သွားလေ၏။
ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် ယိုဝေနတ်ဆိုးဧကရာဇ်လောက် မပြင်းထန်သော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြောင့် ရင်ဆိုင်တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားစေခဲ့သည်။
ထို့အပြင် ၎င်းသည် သာမန်ကာလျှံကာဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထူးဆန်းသော နည်းလမ်းများစွာကို ပိုင်ဆိုင်ထားပုံရလေသည်။
အမြီးရိုးဆုံးရှုံးသွားသည့် ယိုဝေနတ်ဆိုးဧကရာဇ်နှင့် ယှဉ်လျှင် ယွီချောင်အန်းသည် ဤခြင်္သေ့ထံမှ ပိုမို၍ဖိအားများကြောင်း ခံစားလိုက်ရသည်။
...
ကံကောင်းထောက်မစွာပင် ခြင်္သေ့သည် ရည်မှန်းချက်ကြီးကြီးမားမား ရှိပုံရပြီး နတ်ဆိုးတစ်ထောင်ဂူအတွင်း၌ နေရာတစ်ခုရရန် ဆန္ဒရှိနေလေသည်။
ယခုအချိန်ထိတွင် ကျင့်ကြံသူများအပေါ် အားအင်ဖြုန်းတီးရန် ရည်ရွယ်ချက် မရှိပေ။
"ဒါ အခြေအနေ လုံးဝမကောင်းတော့ဘူး"
ယွီချောင်အန်းသည် တိမ်တိုက်ပေါ်၌ ပျံသန်းနေရင်း စိုးရိမ်ပူပန်မှု အချို့ကို မခံစားဘဲ မနေနိုင်တော့ချေ။
နတ်ဆိုးတစ်ထောင်ဂူအတွင်းမှ နတ်ဆိုးဧကရာဇ်များသည် မိုးနှင့်မြေ၏ အကောင်းဆုံးအရာများကို ခံစားပြီး ရတနာများကို ပိုင်ဆိုင်ထားကြသဖြင့် အများစုမှာ ပျင်းရိပြီး လေးတွဲ့ကြလေသည်။
ယခုတော့ ဘယ်နေရာမှန်းမသိ ရည်မှန်းချက်ကြီးသည့်ကောင် ရောက်လာခဲ့၏။
စွမ်းအားများစွာ တိုးတက်လာသည်နှင့်အမျှ...
ဤအရာက ကပ်ဘေးတစ်ခုခု ဖြစ်လာနိုင်သလော။
ထိုအတွေးနှင့်အတူ ယွီချောင်အန်းသည် ဝူထုံတောင်သို့ အမြန်ဆုံးပြန်သွားပြီး တုံ့ဆိုင်းနေခြင်း မရှိဘဲ ဒုတိယမြောက် အိမ်ကလေးဆီသို့ သွားလိုက်လေသည်။
"အစ်ကိုနီ ကျွန်တော်ပြန်ရောက်ပြီ"
ယွီချောင်အန်း တံခါးခေါက်လိုက်၏။
အိမ်ထဲမှ လူများဘာမှမလုပ်နိုင်ခင်မှာပင် သူ့နောက်မှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။
ထုံရှင်းချွမ်းသည် သူ၏ကျောပြင်ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်နေလေသည်။
'ငါ့ဆီက အစီအရင်ငှားသွားပြီး ပြန်ရောက်တော့ အစ်ကိုနီဆီ အရင်သွားတယ် မင်းတကယ်သတ္တိရှိတာပဲ ယွီချောင်အန်း။'
"အဲဒါ ငါ့ကို ပြန်ပေး"
ထုံရှင်းချွမ်းက လက်ကို ဆန့်ထုတ်ပြီး အေးစက်စွာ ပြောလိုက်၏။
"..."
သူဘာကိုဆိုလိုမှန်း သဘောပေါက်လိုက်ပြီး ယွီချောင်အန်းသည် နူးညံ့သိမ်မွေ့ပုံရသော အစီအရင်ပြားကို အမြန်ပေးလိုက်ပြီး ရှင်းပြလိုက်၏။
"ကျွန်တော် မေ့လုနီးပါးပဲ အစ်ကိုထုံစိတ်မရှိပါနဲ့ ဒါပေမဲ့ ကျွန်တော်ကြုံတွေ့ခဲ့ရတာက အရမ်းအရေးကြီးလွန်းလို့ အစ်ကိုနဲ့ ဆွေးနွေးနေရင် အလကားဖြစ်နေမှာစိုးလို့ပါ"
ထုံရှင်းချွမ်းသည် အစီအရင်ပြားကို ယူပြီး ထွက်သွားရန် ပြင်လိုက်၏။
ရုတ်တရက် သူထိုစကားကိုကြားလိုက်ရလေသည်။
သူ့မျက်ခုံးများ နှစ်ကြိမ် လှုပ်သွားပြီး လက်ချောင်းများ ဖြည်းဖြည်းချင်းဆုပ်ကာ လှောင်ပြုံးက ပိုပီပြင်လာ၏။
"ငါနဲ့ဆွေးနွေးရင် အလကားဖြစ်မယ်ဆိုတဲ့ကိစ္စက ဘာလဲဆိုတာ ငါ နားထောင်ချင်ပါသေးတယ်"
ထုံရှင်းချွမ်းသည် ဘာမှဆက်မပြောဘဲ တံခါးကိုတွန်း၍ ဝင်သွားလေသည်။
နီကျွင်းသည် ကုတင်ပေါ်တွင် ထိုင်နေပြီး မျက်ခုံးများအနည်းငယ်တွန့်နေကာ မျက်နှာမှာ တည်တင်းလျက်ဒေါသထွက်နေသည့်ပုံစံ ရှိလေသည်။
"မင်းတို့နှစ်ယောက်မှာ တကယ်ကိုအရေးကြီးတဲ့ကိစ္စ ရှိပါစေ"
"အာ"
ယွီချောင်အန်းသည် အိမ်ထဲသို့ ရှက်ရွံ့စွာ ဝင်သွားပြီး အကျယ်ချုပ်ကျနေသည့် အစ်ကိုနီ၏ သည်းခံနိုင်စွမ်း ကုန်ခါနီးဖြစ်နေကြောင်း သတိထားမိလိုက်၏။
သူသည် ခေါင်းလှည့်၍ ထုံရှင်းချွမ်းကို ကြည့်လိုက်ရာကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ပြီး တခြားတစ်နေရာကို တိတ်တဆိတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"ကျွန်တော် ပြောမယ့်အရာကို အစ်ကို ယုံချင်မှ ယုံလိမ့်မယ်"
"ဒီခရီးစဉ်မှာ ကျွန်တော်က နတ်ဆိုးတစ်ကောင်အတွက် လူမိုက်လုပ်ပေးသလို ဖြစ်သွားတယ်"
ယွီချောင်အန်းသည် သူ၏ စီနီယာနှစ်ယောက်၏ အာရုံစိုက်မှုကို မည်သို့ရယူရမည်ကို ကောင်းစွာသိရှိပြီး ထိုစကားကိုကြားလိုက်ရသည့်အခါ သူတို့နှစ်ယောက်လုံးက စူးစမ်းသည့်အကြည့်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
"ဂူအမှတ် လေးဆယ်က နတ်ဆိုးဧကရာဇ်တစ်ပါး ယိုဝေနတ်ဆိုးဧကရာဇ်ကို ပြိုင်ဘက်ကင်းတဲ့ ခွန်အားနဲ့ အနိုင်ယူသွားတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်"
"အဲဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားတိုးတက်မှုက အရင်တုန်းက အစ်ကိုနီကို သွားသတိရစေတယ်"
ယွီချောင်အန်း ပြောပြီးသွားသည့်တိုင် တုန်လှုပ်နေဆဲပင်။
နီကျွင်းသည် နောက်ဆုံးတွင်မျက်လုံးကို အပြည့်အဝ ဖွင့်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်၏။
"ဂူအမှတ် လေးဆယ် ဘယ်သူလဲ"
ထုံရှင်းချွမ်းက ခြေချိတ်ထားသည်ကို ချလိုက်ပြီး ပြန်ဖြေလေသည်။
"ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်"
ဂူအမှတ် လေးဆယ်မှ တစ်ဆယ့်ခြောက်အထိ ကွာခြားချက်မှာ ဂူအနည်းငယ်သာ ကွာသလို ထင်ရသော်လည်း...
တကယ်တမ်းတွင် နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့်နှင့် နောက်ဆုံးအဆင့်ကဲ့သို့ ကွာဟချက် ကြီးမားလှပေသည်။
ဝူထုံတောင်တွင်သာဆိုလျှင် ၎င်းမှာ ထန်ယွမ်က ရုတ်တရက်ထောင်ထလာပြီး ယွီချောင်အန်းကို သတ်လိုက်သကဲ့သို့ပင် ပြောပြလျှင်ဟာသလို ဖြစ်နေလောက်အောင် ယုတ္တိမရှိချေ။
"နားလည်ပြီ"
နီကျွင်းက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သိပ်မထူးခြားသည့်ပုံပင်။
သို့သော် ယွီချောင်အန်း စိတ်သက်သာရာ ရသွားခဲ့သည်၊သူသည် သူ့စီနီယာအစ်ကိုအကြောင်း ကောင်းစွာသိပြီး စကားသုံးလုံးတည်း ပြောလိုက်ခြင်းက ခြင်္သေ့အကြောင်း သူ့မှတ်ဉာဏ်ထဲ ရောက်သွားပြီဖြစ်ကြောင်း ပြသနေလေသည်။
ဤအရာက လုံလောက်လေပြီ။
ထုံရှင်းချွမ်းသည် မာနကြီးပြီးအေးစက်သည့်ပုံစံဖြင့်သာ ရှိနေပြီး ရုတ်တရက် တံခါးဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်းက ဘာလို့အဲဒီမှာ ခိုးထောင်နေတာလဲ ဘေးဖက်သွားပြီး မင်းရဲ့အကျယ်ချုပ်နေရာမှာ သွားနေစမ်း"
အိမ်တံခါးဝ၌...
ချောင်းနားထောင်နေသည့် အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် ရှက်ရွံ့စွာ မတ်တပ်ရပ်လိုက်လေသည်။
ထို့နောက် သူ့နောက်မှ ထန်ယွမ်ဘက်လှည့်ပြီး ဆူလိုက်၏။
"အဲဒါပဲ မင်းကိုပြောတာ အမြဲတမ်းအရာအားလုံးကို စူးစမ်းချင်နေတယ်"
"ကျွန်တော်"
ထန်ယွမ်က မျက်လုံးပြူးပြီး ပြောစရာစကား မရှိဘဲလက်ကာပြလေ၏၊ သူ့မှာ ထိုသို့လိုလုပ်ရဲသည့် သတ္တိမရှိပါ၊ ထို့အပြင် သူ ဘာမှလည်း မကြားလိုက်ရပေ။
...
မဟာချန်မင်းဆက် ချင်ကျိုးမြို့တွင်...
စည်ကားနေသော လမ်းများပေါ်၌ရှန်းယီသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေလေသည်။
နတ်ဆိုးတစ်ထောင်ဂူ၌ အချိန်အတော်ကြာ နေခဲ့ပြီးနောက် သူ့ရှေ့မှအေးချမ်းပြီး မင်္ဂလာရှိသော မြင်ကွင်းနှင့် သူ အသားမကျသလို ခံစားနေရ၏။
မြို့ထဲမှ တစ်နေရာတွင် တစ်ဝက်တစ်ပျက် ဆောက်လက်စ အဆောက်အအုံကြီးရှေ့၌ သူ ရပ်လိုက်လေသည်။
ထိုနေရာတွင် လူများ ပြည့်နှက်နေဆဲဖြစ်ပြီး အားတက်သရော ဆွေးနွေးနေကြ၏။
"ဒါက မြို့ကို ကာကွယ်ပေးမယ့် အစီအရင်ကြီးလား"
"ဘာလို့ ဆောက်လက်စနဲ့ ရပ်သွားတာလဲ"
"ဘယ်သူသိမှာလဲ"
ရှန်းယီ ရှေ့ကိုကြည့်လိုက်ရာ လေ့လာရေးစင်တာနှင့်တူသော အဆောက်အအုံအောက်တွင် အစောင့် တပ်မှူး လေးငါးယောက်လောက်သာ ရှိသည်ကို တွေ့လိုက်ရ၏။
သူ့စိတ်ထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
ယိုဝေနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ရေနဂါးအိုကြီးက ရက်ရက်ရောရောပင် နတ်ဆိုးသက်တမ်း ၄၁၀၀၀ တိတိ ပေးခဲ့သည်။
ဤမျှများပြားသော သက်တမ်းနှင့်...
သူက နတ်ဆိုးတစ်ထောင်ဂူကို တန်းမပြန်ရန် ရွေးချယ်လိုက်သည်၊ ထွက်သွားပြီး ချက်ချင်းပြန်လာလျှင် အရမ်းသိသာလွန်းပေသည်။
ဤအခွင့်အရေးကို အသုံးချပြီး သူ၏ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ပိုမိုမြှင့်တင်ရန်နှင့် ရွှီမိသားစု ပြောင်းရွှေ့ခြင်းကိစ္စ မည်ကဲ့သို့ရှိနေကြောင်း စစ်ဆေးရန် မဟာချန်သို့ ပြန်လာခြင်း ဖြစ်သည်။
"..."
လေးနက်နေပုံရသော တပ်မှူးအနည်းငယ်ကို မနှောင့်ယှက်ဘဲ...
ရှန်းယီ နေရာမှာတင် ပျောက်ကွယ်သွားလေသည်။
သူ ပြန်ပေါ်လာချိန်၌ ချင်ကျိုး နတ်ဆိုးနှိမ်နင်းရေးဌာနရုံးတော်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် စစ်သူကြီး၏ ခြံဝန်းငယ်လေးထဲ ဝင်သွားလိုက်၏။
ယိုလုံထောင်သည် ခန္ဓာကိုယ်ပြင်ပသို့ ဝိညာဉ်ခွဲထွက်နေသည်ကို တွေ့လိုက်ရပြီး ပိုင်ကျစ်မင်က သူ့ဘေးတွင် ရှိနေလေသည်။
"ရှန်း... အရာရှိရှန်း"
ရှန်းယီကို မြင်လိုက်ရသဖြင့် ပိုင်ကျစ်မင် လန့်သွားပြီး သူ့မျက်လုံးထဲတွင် ရှက်ရွံ့မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။
သူသည် သူ့စီနီယာအစ်ကိုကို ပြန်ခေါ်ရန် ဂါထာတစ်ခု အမြန်ရွတ်လိုက်၏။
"ခဏလောက် စောင့်ပေးပါ"
"ကောင်းပြီ"
ရှန်းယီ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အားချင်းကို မတွေ့ရပေ။
သူသည် ယိုလုံထောင် မျက်လုံးပွင့်လာသည်အထိ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေလိုက်လေသည်။
"ညီလေးရှန်း မင်းပြန်ရောက်ပြီပဲ"
ယိုလုံထောင်သည် ရှန်းယီနှင့် အတန်အသင့် ရင်းနှီးနေပြီဖြစ်၍ စကားအပိုတွေ မပြောဘဲ လိုရင်းကို တန်းပြောလိုက်သည်။
"ပြဿနာတက်နေပြီ မိန်းကလေး အားချင်းကို သိုင်းဘုံကျောင်းက မင်းဆက်မြို့တော်ကို ပြန်ခေါ်သွားပြီ ဒါပေမဲ့ သူလောလောဆယ်တော့ အန္တရာယ်မရှိပါဘူး"
ရှန်းယီ၏မျက်နှာပေါ်တွင် အပြစ်တင်သည့် အရိပ်အယောင် မပြဘဲ ခေါင်းအနည်းငယ်ညိတ်ပြီး ဆက်ပြောရန် အချက်ပြလိုက်၏။
ချင်ကျိုးမှ လာသူဖြစ်သည့်အတွက် နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး အနည်းငယ်အပေါ် သူ အတော်လေး ယုံကြည်မှုရှိလေသည်။
ယိုလုံထောင်က အသံနှိမ့်ပြီး ပြောလိုက်၏။
"မိန်းကလေးရွှီက ကူညီဖို့ မဟာချန်ကို လာတဲ့ကိစ္စ ဘယ်လိုပေါက်ကြားသွားလဲ မသိဘူး ရွှမ်ကွမ်းဂူက လူတွေရောက်လာပြီး တာဝန်ခံခိုင်းတယ် မင်းဆက်မြို့တော်မှာ ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး သိုင်းဘုံကျောင်းက ဘိုးဘေးကြီးတောင် ဝင်ပါခဲ့ရတယ်လို့ ကြားတယ်"
"သိုင်းဘုံကျောင်းက စီနီယာဝူ ချင်ကျိုးကို လာပြီး မိန်းကလေးရွှီကို ခေါ်သွားတယ် အသေးစိတ်ကိုတော့ ငါ သိပ်မရှင်းဘူး"
"ပြီးတော့... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ယိုလုံထောင် ရုတ်တရက် တစ်ခုခုကို သတိရသွား၏။
"မင်းသိတဲ့ ချန်ကျိဆိုတဲ့ လူငယ်လေးလေ သူ့ညီမလေးကို ကျီအိမ်တော်က အမိန့်ပြန်တမ်းနဲ့ မင်းဆက်မြို့တော်ကို ပြန်ခေါ်သွားတယ် ငါ သံသယဖြစ်လို့ ဆရာချန်ကို ချန်ကျိကိုစောင့်ကြည့်ခိုင်းထားတာ ဒါပေမဲ့သူခိုးထွက်သွားလို့ ငါ ဆရာချန်ကို လိုက်ရှာခိုင်းထားပြီးပြီ"
သူသိသမျှ အကုန်ပြောပြပြီးနောက် ယိုလုံထောင်သည် ရှန်းယီကို ဆက်မနှောင့်ယှက်တော့ဘဲ စကားရပ်လိုက်လေ၏။
"ခင်ဗျား ပင်ပန်းသွားပါပြီ"
ရှန်းယီသည် မျက်လုံးများကိုဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မတ်တပ်ရပ်ကာ နေရာမှာတင် တိတ်တဆိတ် ပျောက်ကွယ်သွားလေတော့သည်။