ပုတ်နေသောငါးနှင့် နံစော်နေသောပုစွန်များ
Vol. 36 Ch. 355
နဂါးစွယ်တောင်တန်း
၎င်းသည် ရွှီမိသားစုထံမှ မဟာချန်သို့ သွားနိုင်သည့် အလျှို့ဝှက်ဆုံးလမ်းကြောင်း ဖြစ်ချေသည်။
ယခုအချိန်၌ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဤနေရာဝယ်နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေ၏။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ၁၂ ခုသည် ကောင်းကင်ယံ၌နေမင်းကြီးများသဖွယ် လွင့်မျှောနေပြီး ၎င်းတို့၏အမူအရာများသည် တည်ကြည်လေးနက်ကာ တစ်ဖက်ခြမ်းကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။
တစ်ယောက် ပင်ပန်းနွမ်းနယ်သွားတိုင်း နောက်ထပ် ယင်ဝိညာဉ်ကျင့်ကြံသူ တစ်ယောက်က ချက်ချင်းပင် အစားထိုးတာဝန်ယူလေ၏။
...
ကျူးကျွယ်သည် အရှေ့ဆုံး၌ အားနည်းစွာ ရပ်နေ၏။
သူသည် မြို့တော်မှ နှစ်ထောင်ပေါင်းများစွာ မခွာဖူးသည့် ဘဏ္ဍာတိုက်၏အစောင့်အရှောက် ဖြစ်သည်။
သို့သော် ယခုအခါ၌မူ သူတစ်ဦးတည်းသာလျှင် တစ်ဖက်လူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။
ပြင်းထန်သောဒဏ်ရာများ ရရှိထားသော်လည်း နောင်တရစိတ် အနည်းငယ်မျှ မရှိချေ။
ရွှီမိသားစုကို ဂျုနီယာညီလေးရှန်းယီက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ရာ ကျူးကျွယ်အနေဖြင့် အရာမထင်လျှင်ပင် မဟာချန်၏ရပ်တည်ချက်ကို ရွှီမိသားစု သိရှိစေရန် လှုပ်ရှားပြရမည်။
"တာအိုမိတ်ဆွေမြောင် ခင်ဗျားမြင်လား"
ဝတ်ရုံနက်ဝတ်အဘိုးအိုက သူ့ဘေးသို့ ကြည့်ရင်း အားပါးတရ ရယ်မောလိုက်၏။
"ဒါ ကျုပ်တို့ရဲ့မဟာမိတ်ပဲ။ စိတ်ပျက်လက်ပျက် တိုက်ခိုက်ဖို့ကြိုးစားရင်း သူတို့ရဲ့သံတိုသံစတွေကို အကုန်ထုတ်ပြနေကြတာ"
သူ့ဘေးတွင်မူ နူးညံ့သိမ်မွေ့ပုံရသော ပုံရိပ်တစ်ခု ရပ်နေ၏။
ပပြည်ပျက်စေလောက်အောင် မလှပသော်လည်း အတော်လေးချစ်စရာကောင်းလှသည်။ သို့သော် သူမမျက်နှာပေါ်မှ အေးစက်သော အမူအရာနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမအပေါ်မှ ပြစ်ချက်အရိပ်အယောင်များကို ပျောက်ကွယ်သွားစေသည်။
မြောင်ချင်းဟွေ့သည်လည်း တိမ်တိုက်တစ်ခုပေါ်၌ ရပ်နေ၏။
သူမ စကားမပြောချေ။
သို့သော် သူမ၏နေရာယူပုံကို ကြည့်ရုံဖြင့် ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားလွန်းလှသည်။
ဝူထုံတောင်၏အမြင်အရ ရင်းနှီးမှု သို့မဟုတ် အကွာအဝေးကို ဖယ်ထားလျှင်ပင် မဟာချန်၏ လုပ်ရပ်များ၌ တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သေချာလှသည်။
ရွှီမိသားစုနှင့် ရွှမ်ကွမ်းဂူကြားမှ ရန်ငြိုးမှာ မကြာသေးခင် နှစ်များအတွင်းမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။
မဟာချန် လုံးဝ မသိရှိပါဟု ပြောဆိုခြင်းမှာ ယုတ္တိမရှိလွန်းလှချေ။
ဤကဲ့သို့ ဗြောင်ကျကျသဘောတူညီချက် ဖောက်ဖျက်မှုကို သိုင်းဘုံကျောင်းက လုပ်ဆောင်ခဲ့ရုံသာမက မည်သူ့ကိုမျှလည်း အသိပေးခဲ့ခြင်း မရှိပေ။
ရွှမ်ကွမ်းဂူနှင့် ရွှီမိသားစုကြားတွင် မည်သူက လူဆိုးဖြစ်သည်ကို ကြည့်တတ်သူတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
သို့သော် သဘောတူညီချက်သည် သဘောတူညီချက်သာ ဖြစ်သည်။
တစ်ခါ သဘောတူပြီးပါက စည်းကမ်းအတိုင်း လိုက်နာရမည် ဖြစ်သည်။
"ကျွန်မအမြင်အရတော့ ဒါက အကျပ်အတည်း ဖြစ်နေတဲ့ အချိန်ပဲ"
မြောင်ချင်းဟွေ့သည် နောက်ဆုံး၌ ရှေ့သို့ တက်လာလေသည်။
"ကျွန်မတို့ အချင်းချင်း မတိုက်ခိုက်ကြစို့နဲ့။ နှစ်ဖက်စလုံး နောက်ဆုတ်ကြပါ။ ရွှမ်ကွမ်းဂူရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးက ကျွန်မတို့နဲ့ မဆိုင်ပါဘူး။ ဒီကိစ္စပြီးရင် ရွှမ်ကွမ်းဂူအနေနဲ့ ဒါကို အကြောင်းပြပြီး မဟာချန်ကို ထပ်ပြီး ဒုက္ခမပေးရဘူး"
"ရှင်တို့ ဘယ်လိုသဘောရလဲ"
မြောင်ချင်းဟွေ့က ရှိနေသည့် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
ဝတ်ရုံနက်ဝတ် အမျိုးသားက ရယ်မောလိုက်လေ၏။
"ကျုပ်က အခြေအနေမှန်ကို မသိတဲ့လူမဟုတ်ပါဘူး။ မဟာချန်ဘက်က တောင်းပန်စရာ မလိုပါဘူး။ တာအိုမိတ်ဆွေမြောင်ကို လေးစားတဲ့အနေနဲ့ ဒီကိစ္စ ပြီးပြီလို့ သတ်မှတ်လိုက်ပါ"
စုဝေးနေသော လူအုပ်ကြီး၏ အောက်ဘက်တွင်မူ...
ခိုင်ခံ့သော အလင်းတန်း အစီအရင်သည် ရွှီမိသားစုဝင် အားလုံးကိုလွှမ်းခြုံထား၏။
လူငယ်မျိုးဆက်များသည် ကောင်းကင်ယံကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြသည်။
၎င်းတို့သည် ပျဉ်ပြားပေါ်တင်ထားသည့် ငါးကဲ့သို့ သူတစ်ပါးလက်ခုပ်ထဲမှ ရေဖြစ်နေသည့် အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးကြပေ။
ကောင်းကင်ပေါ်မှ ပုံရိပ်များသည် နတ်ဘုရားများနှင့် တူလှ၏။
သူတို့၏စကားသည် ဥပဒေဖြစ်ပြီး သေခြင်းရှင်ခြင်းအချုပ်အခြာအာဏာကို လက်ထဲ၌ ဆုပ်ကိုင်ထားကြသည်။
လူအုပ်ကြီး၏ အရှေ့ဆုံးတွင်မူ...
ရွှီဟုန်တဲသည် လက်သီးကို တင်းတင်းဆုပ်ထားလွန်းသဖြင့် အရိုးများပင်ကြေမွသွားမတတ် ဖြစ်နေသည်။
ရွှီမိသားစု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် တစ်ခါမျှမှားယွင်းသော ဆုံးဖြတ်ချက် မချဖူးသော်လည်း ဤတစ်ကြိမ်၌မူ ကြီးမားသော ပေးဆပ်မှုကြီးကို ပေးဆပ်လိုက်ရလေ၏။
"ဘာတွေ လောနေတာလဲ"
အဘွားအို၏ မျက်နှာထားမှာ ဂရုမစိုက်သကဲ့သို့ ရှိနေသည်။
"အဆိုးဆုံး အခြေအနေ ရောက်လာရင်တောင် လူအနည်းငယ်ကို အလဲအလှယ် လုပ်လို့ရသေးတာပဲ"
မည်သူမျှ ထာဝရအမှားကင်းနိုင်မည် မဟုတ်ပေ။
ယခုအခြေအနေမှာ ဤအထိ ရောက်လာပြီဖြစ်၍ လုပ်ဆောင်ရမည့်အရာမှာ ရင်ဆိုင်ဖြေရှင်းရန်သာ ဖြစ်သည်။
ထိုသို့ ပြောပြီးနောက် သူမသည် လူငယ်အုပ်စုဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒါ ရွှီမိသားစုအနေနဲ့ ဒီလို ကပ်ဘေးမျိုး ပထမဆုံးအကြိမ်ကြုံရတာ မဟုတ်ဘူး။ အရမ်းစိတ်မပူနဲ့။ အစီအရင် ပျက်သွားတာနဲ့ လူတိုင်းကိုယ်လွတ်ရုန်းပြေးကြ။ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းလေး ကျန်ခဲ့ရင်တောင် ရတယ်။ နှစ်ထောင်ပေါင်းများစွာကြာတဲ့ထိ ရွှီမိသားစုက ရွှီမိသားစု ဖြစ်နေဦးမှာပါ"
အခြားသော အကြီးအကဲများက ခါးသီးသည့် အပြုံးများဖြင့် ပြန်လည် ဖြေကြားကြသည်။
ဤအဘွားအိုသည် နောင်တအရဆုံး ဖြစ်နေသည်မှာ သိသာသော်လည်း အခြားသူများကို နှစ်သိမ့်ရန် ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"ဘာကြည့်နေတာလဲ"
အဘွားအိုက အခြားသူများကို တစ်ချက်ကြည့်ပြီး ပြန်လည် မော့ကြည့်လိုက်၏။
သူမ၏တစ်သက်တာတွင် လူတစ်ဦးကို မည်သည့်အခါမျှ အကဲဖြတ် မမှားခဲ့ဖူးပေ။
သို့သော် ဤအချိန်အထိ သူမ၏ လက်ဆောင်ကို လက်ခံခဲ့သည့် လူငယ်လေးမှာ ပေါ်မလာသေးချေ။
၎င်းကို တွေးတောမိပြီး သူမသည် အားကိုးရာမဲ့စွာ ပြုံးလိုက်မိသည်။
သူ မကူညီနိုင်လျှင်ပင် တမင်တကာ ရှောင်နေရန် မလိုအပ်ပေ။
ရွှီမိသားစု၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌...
ဧရာမရွှေရောင်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ကျူးကျွယ်သည် နောက်တစ်ကြိမ် ပြန်လည် တက်လာလေသည်။
မြောင်ချင်းဟွေ့ဘက်သို့ ကြည့်ကာ လေးလေးစားစား ဦးညွှတ်လိုက်၏။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲမြောင်။ ဒါပေမဲ့ သိုင်းဘုံကျောင်းအနေနဲ့ မဟာချန်ရဲ့ ငြိမ်းချမ်းရေးအတွက် မဟာမိတ်တွေကို အပေးအယူမလုပ်ချင်တော့ဘူး"
သူ့စကားများသည် လေးနက်ပြီး ညှိနှိုင်းစရာ နေရာမပေးသည့် ပြတ်သားခိုင်မာမှုတို့ ပါဝင်နေ၏။
၎င်းကို ကြားလိုက်ရသည့်အခါ...
ရွှီမိသားစုဝင်တို့၏ မျက်နှာထားများ အကုန်လုံး ပြောင်းလဲသွားကြသည်။
အဘွားအိုက ပြုံးပြီး ခေါင်းခါလိုက်၏။
"အနည်းဆုံးတော့ ရှင်တို့ဆွေးနွေးခဲ့ကြတာ ယုတ်ညံ့မှုမျိုးမဟုတ်ဘဲ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်နေတာပဲ။ ဒါက တော်တော်လေးကောင်းတဲ့ သတင်းပါ"
"စောစောကတည်းက မဟာမိတ်ဖွဲ့ခဲ့ရင် ဒီလောက်နှစ်တွေအများကြီး ပုန်းအောင်းနေစရာ မလိုလောက်ဘူး"
အခြားသော မျိုးနွယ်စု အကြီးအကဲများလည်း ပိုမို တည်ငြိမ်လာကြသည်။
အစီအရင်ပြားများသည် သူတို့လက်ဝါးထဲသို့ တိတ်တဆိတ် ရောက်ရှိလာ၏။
ရွှီဟုန်တဲ၏ မျက်လုံးများ၌လည်း နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာပြီး နောက်ဆုံး တိုက်ပွဲတစ်ခုအတွက် အသင့်ပြင်ထားလေသည်။
"..."
မြောင်ချင်းဟွေ့သည် ကွင်းလယ်၌ရပ်နေပြီး ကျူးကျွယ်ကို တည်ငြိမ်စွာကြည့်နေသည်။
ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်၌ နူးညံ့သော အပြုံးရိပ်တစ်ခု ပေါ်လာလေ၏။
"ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ရှင်သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူပြောသလိုပဲ ရှင်တို့ရဲ့ ကျန်ရှိနေတဲ့ ရွှေရောင်ခန္ဓာကိုယ်အပိုင်းအစတွေက သူ့မျက်လုံးထဲမှာ ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး"
"ဒါဆို စီနီယာက ဘာကို ဆိုလိုချင်တာလဲ"
ကျူးကျွယ်က သူ့လက်များကို ဖြည်းညှင်းစွာ လျှော့ချလိုက်၏။
"ဝူထုံတောင်တပည့်တွေက ပြင်ပလူတွေကို ကူညီပြီး ရွှမ်ကွမ်းဂူကိုတိုက်ခိုက်ပေးမယ်လို့ ခင်ဗျား ပြောချင်တာတော့ မဟုတ်ဘူးနော်။ ဒါက နည်းနည်းများလွန်းတယ် မဟုတ်လား"
မြောင်ချင်းဟွေ့သည် ပုံမှန်မဟုတ်သော သည်းခံမှုမျိုးကို ပြသနေ၏။
သူမ ခေါင်းခါလိုက်သည်။
"ရှင်တို့မှာ အင်အားမလုံလောက်ရင် သည်းခံရမှာပဲ"
ကျူးကျွယ်က ပြုံးလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်၊ ကျုပ် သည်းမခံနိုင်ဘူး"
၎င်းကိုမြင်သော် ဝတ်ရုံနက်ဝတ် ကျင့်ကြံသူက နောက်ဆုံး၌ ပြုံးလိုက်လေ၏။
"မင်းမှာ စိတ်မရှည်ဖို့အခွင့်အရေးရော ရှိလို့လား။ ဒီသံတိုသံစပုံနဲ့ မင်း ဘာလုပ်နိုင်မှာမို့လို့လဲ"
"ခင်ဗျားကို သတ်နိုင်တယ်"
ဤကဲ့သို့ ဂရုမစိုက်သောတုံ့ပြန်မှုကို ကြားလိုက်ရသဖြင့် ဝတ်ရုံနက်ဝတ်ကျင့်ကြံသူမှာ ခေတ္တမျှ အံ့အားသင့်သွားပြီး တစ်ဖက်မှ ကျူးကျွယ်လည်း ခေတ္တမျှ ကြောင်အသွားသည်ကို တွေ့လိုက်ရသည်။
စကားသံတို့သည် ကောင်းကင်ယံအနှံ့ ပျံ့လွင့်သွားလေ၏။
စကားသံများ ဆုံးသွားသည်နှင့်အမျှ မြင့်မားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်တစ်ခု ပေါ်ထွက်လာပေသည်။
၁၈ ပေမြင့်မားသော ပုံရိပ်ကြီးသည် နတ်ဘုရား သို့မဟုတ် ဗုဒ္ဓတစ်ဆူကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ ခမ်းနားထည်ဝါပြီး မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
၎င်းသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ၁၂ ခု၏ အရှေ့၌ ရပ်နေလေသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။
ခဏတာ အံ့သြသွားပြီးနောက်...
သူတို့အားလုံးသည် တပြိုင်နက်တည်းမှာပင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ ပခုံးထက်သို့ လှမ်းကြည့်လိုက်ကြသည်။
သက်ဝင်နေသကဲ့သို့သော ရွှေရောင်သင်္ကေတများဖြင့်အလှဆင်ထားသော လက်ရာမြောက်ပြီးဖော်ပြမပြနိုင်သည့် အနက်ရောင်ဝတ်ရုံမှာ ညင်သာစွာ လှုပ်ရှားနေပြီး လူငယ်လေး၏ဖြူဖျော့ချောမောသော မျက်နှာတွင် မည်သည့်ခံစားမှုမျှ ရှိမနေပေ။
သူသည် လက်နှစ်ဖက်ကိုဘေး၌ချ၍ ရပ်နေကာ ရွှမ်ကွမ်းဂူမှ လူများကို တိတ်တဆိတ် ကြည့်နေလေ၏။
ခဏအကြာ၌ သူ၏ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာသည်။
"နံစော်နေတဲ့ငါးပုပ်နဲ့ ပုစွန်ပုပ်တွေ"
စကားလုံးများ၌ ရန်စလိုသည့် အရိပ်အယောင် မပါရှိဘဲ အမှန်တရားကို ပြောပြနေသကဲ့သို့ တည်ငြိမ်နေ၏။
သူ စကားပြောပြီးသည်နှင့် ဘေးလူများတင်မကဘဲ...
မြောင်ချင်းဟွေ့၏ မျက်နှာပင်လျှင် အနည်းငယ် ပြောင်းလဲသွားရ၏။
သူမ မှတ်မိသည်မှာ မှန်ကန်ပါက သူမနှင့် ယီတောက်ဟုန်သည် အဆင့်တူကျင့်ကြံသူများ ဖြစ်ကြသည်။
"မင်း"
ယီတောက်ဟုန်က ဒေါသတကြီးဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ ဤဝတ်ရုံကို ဝတ်ဆင်ပြီးကတည်းက မည်သူမျှ သူ့ကို ဤကဲ့သို့ စကားမျိုး မပြောရဲခဲ့ဖူးပေ။
မဟာချန်က မည်သည့်အချိန်က ၁၀ ပေမြင့်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ထုတ်လုပ်နိုင်ခဲ့သနည်း။
၎င်းအပြင် အဆင့်တူကျင့်ကြံသူပင် စကားမပြောရသေးမီ သူ၏ပခုံးထက်မှ ဂျူနီယာက ဆူညံနေခြင်းလော။
"အခု ရှင်တို့ ရွှီမိသားစု လူတွေကို ခေါ်သွားဖို့ အခွင့်အရေး ရှိသွားပြီ"
မြောင်ချင်းဟွေ့က ရွှေရောင်ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲမှ အံ့သြမှုများမှာ လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးပေ။
တစ်ဖက်လူ၏ကျင့်ကြံခြင်းကို ထိပ်လန့်ခြင်းကြောင့် မဟုတ်ဘဲ...
မဟာချန်သည် တိတ်တဆိတ် ပြန်လည် အင်အားကြီးမားလာသည်ကို အံ့သြနေခြင်း ဖြစ်သည်။
ဝူထုံတောင်မှာ ဤသတင်းကိုနည်းနည်းလေးမျှ မကြားခဲ့ရချေ။
၎င်းကိုကြားသော် ကျူးကျွယ်၏ မျက်နှာ၌ အံ့သြမှုများပေါ်ပေါက်လာပြီး ကိစ္စရပ်မှာ ဤမျှလွယ်ကူစွာ ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် နောက်တစ်ခဏ၌ တစ်ဦးတစ်ယောက်က သူ့အပေါ် ရေအေးနှင့် ပက်လိုက်လေသည်။
"ခဏနေဦး၊ ကိစ္စတွေ မပြီးသေးဘူးလို့ ငါ ခံစားနေရတယ်"
ဝူတောက်အန်းသည် အားချင်းနှင့် ရွှီဝမ်ယွင်တို့နှင့်အတူ ကျူးကျွယ်၏ ဘေး၌ ဆင်းသက်လာသည်။ သူ၏ စိုးရိမ်ပူပန်မှုမှာ ပိုမို ပြင်းထန်လာ၏။ ရှန်းယီ ဤကဲ့သို့ စကားမျိုးပြောသည်ကို တစ်ခါမျှ မကြားဖူးပေ။
ကျန်ရှိသော ရွှေရောင်ခန္ဓာကိုယ်များနှင့် ယင်ဝိညာဉ်ကျင့်ကြံသူများ အကုန်လုံးမှာ ကြောင်အသွားကြသည်။
သူတို့သည် တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းနေကြသည်မှာ မှန်ကန်ပါသည်။ ရောက်ရှိလာသည်မှာလည်း အရာရှိရှန်းပင် ဖြစ်သည်။ သို့သော် ဤရွှေရောင်ခန္ဓာကိုယ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု ထူးဆန်းနေသကဲ့သို့ပင်။
သူတို့သည် နေ့စဉ် သိုင်းဘုံကျောင်း၌ နေထိုင်နေကြခြင်း ဖြစ်သည်။ မဟာချန်၌နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ရွှေရောင်ခန္ဓာကိုယ် ကျင့်ကြံသူ ရှိသည်ဟု မကြားဖူးချေ။
"အကြီးအကဲတို့၊ ကျွန်တော်တို့ အသက်ရှင်နိုင်သေးတယ်လား"
ခေတ္တမျှတုန်လှုပ်သွားပြီးနောက် ရွှီမိသားစု၏ လူငယ်အဖွဲ့ဝင်များမှာ ရုတ်တရက် စိတ်လှုပ်ရှားလာကြ၏။
"ငါ... ငါ မသိဘူး"
အဘွားအိုသည် ယခင်က တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး ရွှေရောင်ခန္ဓာကိုယ်ထက်မှ လူငယ်လေးကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူမ၏ ရည်ရွယ်ချက်များကို မသေချာတော့ပေ။
လူတိုင်း၏ မြင်ကွင်းအောက်၌...
ရှန်းယီသည် နောက်ဆုံး၌လေထဲသို့ မီတာအနည်းငယ် ပျံတက်သွားပြီး ရွှမ်ကွမ်းဂူမှ လူများထံမှ အကြည့်လွှဲကာ ပေါ့ပေါ့ပါးပါးပြောလိုက်လေ၏။
"သူတို့ကို သတ်ပစ်လိုက်"